← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း ၅၃ - ပျက်သုဉ်းခြင်း တားမြစ်နယ်မြေ

“ကောင်းလိုက်တာ… နဂါးကိုးကောင် ဦးခိုက်ခြင်း မြေအနေအထားပဲ”

ထိုအချိန်တွင် ဝူဟောက်သည် တောင်ပိုင်းဒေသရှိ ပျက်သုဉ်းခြင်း တားမြစ်နယ်မြေသို့ ရောက်ရှိနေပြီး ၊ သူ့ရှေ့မှ တောင်တန်းကြီးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဝူဟောက်၏ ရှေ့တွင် မိုင်ထောင်ချီ ရှည်လျားသော တောင်တန်း ကိုးခု ရှိနေပြီး ၊ ထိုတောင်တန်း ကိုးခု၏ အဆုံးတွင် မီတာသန်းချီ မြင့်မားသော တောင်ကြီးတစ်လုံး တည်ရှိနေသည်။ အဝေးမှ ကြည့်လျှင် တောင်တန်းကိုးခုသည် မြေပြင်ပေါ်၌ ဝပ်စင်းနေသော နတ်နဂါး ကိုးကောင်နှင့် တူနေ၏။

မီတာသန်းချီ မြင့်မားသော တောင်ကြီးသည် နတ်နဂါး ကိုးကောင်၏ ဦးခိုက် ပူဇော်မှုကို လက်ခံရယူနေသကဲ့သို့ လွန်စွာ ခမ်းနားထည်ဝါနေသည်။ ဤမြေအနေအထားကို မြင်လိုက်ရသောအခါ ဝူဟောက်သည် စိတ်လှုပ်ရှားသွားပြီး သူ၏ အရှိန်အဝါကိုပင် မတော်တဆ အနည်းငယ် ထုတ်လွှတ်မိသွားသည်။

ထိုအခိုက်အတန့်၌ ကြီးမားသော ပုံရိပ်တစ်ခုသည် ဝူဟောက်၏ နောက်ကျောဘက်တွင် တိတ်တဆိတ် ပေါ်လာပြီး ၊ ၎င်း၏သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးကို ဖွင့်ကာ ဝူဟောက်ကို ကိုက်ဝါးရန်ဟန်ပြင်လိုက်သည်။

အကယ်၍ သာမန် အာဏာရှင်အဆင့် တစ်ဦးသာ ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်ခံရပါက ၊ တုံ့ပြန်ချိန် ရလိုက်မည် မဟုတ်ဘဲ တစ်စစီ စုတ်ဖြဲခံရပေလိမ့်မည်။

သို့သော် ဝူဟောက်မှာ မလှုပ်မယှက်ပင် ရှိနေသေး၏။ အတွေးတစ်ချက်တည်းဖြင့် စူးရှသော အလင်းတန်း တစ်ခုသည် ဝူဟောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ၊ နေဝင်မြို့တော် တစ်ခုလုံးကိုပင် တစ်လုပ်တည်း ဝါးမျိုနိုင်စွမ်းရှိသည့် သူ၏ နောက်မှ သားရဲကြီးကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်သည်။

သေဆုံးသွားချိန်၌ပင် ထိုသားရဲ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ သေးငယ်သော လူသားတစ်ဦးသည် ဤမျှကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ့နောက်တွင် လဲကျသွားသော သားရဲကြီးကို ကြည့်ရင်း ဝူဟောက်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

အမှန်အားဖြင့် သူသည် ပျက်သုဉ်းခြင်း တားမြစ်နယ်မြေနှင့် ပတ်သက်၍ အနည်းငယ် သိထားသည်။ ဒေသတိုင်းတွင် တားမြစ်နယ်မြေ တစ်ခုစီ ရှိကြသည်။

မြောက်ပိုင်းဒေသတွင် ရေခဲမျို တားမြစ်နယ်မြေ၊ အနောက်ပိုင်းဒေသတွင် နေဝင်ဆည်းဆာ တားမြစ်နယ်မြေ၊ အလယ်ပိုင်းဒေသတွင် ထာဝရည တားမြစ်နယ်မြေ၊ အရှေ့ပိုင်းဒေသတွင် ဝိညာဉ်စား တားမြစ်နယ်မြေ နှင့် တောင်ပိုင်းဒေသတွင် ပျက်သုဉ်းခြင်း တားမြစ်နယ်မြေ ဟု ခေါ်ဆိုကြသည်။ တားမြစ်နယ်မြေ ဟု ခေါ်သော နေရာများသို့ သခင်မြတ် အဆင့်ရှိ ပုဂ္ဂိုလ်များပင် အလွယ်တကူ မဝင်ရဲကြဟု ဆိုကြသည်။

ဝူဟောက်သည် လူသားအင်မော်တယ် အဆင့်သို့ တက်လှမ်းပြီးမှသာ ဤအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။ လူသားအင်မော်တယ် အဆင့်သို့ ရောက်ပြီးနောက် ၊ ဝူဟောက်သည် တားမြစ်နယ်မြေ ငါးခုစလုံး၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

ဧကရာဇ်တပိုင်းများပင် မဆိုနှင့် ၊ မဟာဧကရာဇ်များပင်လျှင် ထိုနေရာများသို့ ဝင်ရောက်ပါက သေဘေးနှင့် ရင်ဆိုင်ရနိုင်ခြေ များသည်။

သို့သော် ဝူဟောက်အတွက်မူ ၊ ထိုအရာသည် ကိစ္စကြီး မဟုတ်ပေ။ တားမြစ်နယ်မြေ ငါးခု၏ ကိစ္စသည် ရွှမ်ထျန်းကမ္ဘာရှိ သတ္တဝါအားလုံးအတွက် လွန်စွာ ဒုက္ခရောက်စေနိုင်သော သို့မဟုတ် ဖြေရှင်း၍ မရနိုင်သော ပြဿနာကြီးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဝူဟောက်အတွက်မူ ၊ အနည်းငယ် ရှုပ်ထွေးရုံသာ ရှိသည်။

အကယ်၍ ဝူမိသားစုကို ရွှေ့ပြောင်းရန် သင့်တော်သော နေရာကို ရှာဖွေရန်မလိုအပ်ပါက၊ ဝူဟောက်သည် ပျက်သုဉ်းခြင်း တားမြစ်နယ်မြေသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

“ထားလိုက်ပါတော့… ပျက်သုဉ်းခြင်း တားမြစ်နယ်မြေထဲက ပြဿနာတွေကို အရင် ဖြေရှင်းရမယ်… ဒီမြေအနေအထားက ဝူမိသားစုအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ… ငါ့ရဲ့ ခင်းကျင်းအစီအရင်နဲ့ ဆိုရင် ဝူမိသားစုရဲ့ ထာဝရ တိုးတက်ကြီးပွားမှုကို အာမခံနိုင်လောက်တယ်”

ထိုသို့ တွေးပြီးနောက် ဝူဟောက်သည် စတင် လှုပ်ရှားလိုက်သည်။ ဝူဟောက်၏ စွမ်းအားများသည် လက်ရှိ ရွှမ်ထျန်းကမ္ဘာ၌ လွတ်လပ်စွာ သွားလာနိုင်သည်။ အကယ်၍ ဝူဟောက်သာ ပုန်းအောင်းနေလိုပါက လူသားအင်မော်တယ် အဆင့်တူများပင်လျှင် သူ့ကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ပေ။

စောစောက သူသည် နဂါးကိုးကောင် ဦးခိုက်ခြင်း မြေအနေအထားကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားကာ အရှိန်အဝါကို မတော်တဆ ထုတ်လွှတ်မိသောကြောင့် တားမြစ်နယ်မြေထဲမှ သားရဲများက သတိထားမိသွားခြင်း ဖြစ်သည်။

ဝူဟောက်သည် အချိန်ဆွဲမနေဘဲ ပျက်သုဉ်းခြင်း တားမြစ်နယ်မြေအတွင်း လှည့်လည်သွားလာပြီး မကြာမီပင် တားမြစ်နယ်မြေ၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။

ပျက်သုဉ်းခြင်း တားမြစ်နယ်မြေ၏ အလယ်ဗဟိုတွင် ကြီးမားသော တောင်ကြီးတစ်လုံး တည်ရှိပြီး ၎င်း၏ ထိပ်မှ မရေမတွက်နိုင်သော အနက်ရောင်မြူခိုးများ ဖြည်းညင်းစွာ ဆင်းသက်လာပြီး တားမြစ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုအနက်ရောင်မြူခိုးများကို အာရုံခံမိသောအခါ ဝူဟောက်၏ မျက်နှာထားမှာ လွန်စွာ လေးနက်သွားသည်။ သူ၏ အာရုံခံစားမှုအရ ၊ ဤအနက်ရောင်မြူခိုးများသည် မိုင်သန်းပေါင်းများစွာ အထိ ပျံ့နှံ့နေသောကြောင့် ဤနေရာသည် တားမြစ်နယ်မြေ ဖြစ်လာခြင်း ဖြစ်သည်။

သာမန် သတ္တဝါများသာ ဤအနက်ရောင်မြူခိုးများကို ရှူရှိုက်မိပါက ၊ အသိစိတ်သည် လျင်မြန်စွာ ပျောက်ဆုံးသွားပြီး မြင်တွေ့သမျှ သက်ရှိများကို သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာမည် ဖြစ်သည်။ စောစောက ဝူဟောက်ကို တိုက်ခိုက်ခဲ့သော သတ္တဝါသည် ဤအမည်မသိ အနက်ရောင်မြူခိုးများဖြင့် ညစ်ညမ်းနေသော သတ္တဝါ ဖြစ်သည်။

ဝူဟောက်၏ အာရုံခံစားမှုအရ ၊ ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့် ကျင့်ကြံသူပင်လျှင် ဤအနက်ရောင်မြူခိုးထဲ၌ တစ်ရက်ထက် ပို၍ အသက်ရှင်နိုင်မည် မဟုတ်။ သူတော်စင်အဆင့် ကျင့်ကြံသူပင်လျှင် ညစ်ညမ်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

သို့သော် ဝူဟောက်အတွက်မူ ဘာမျှ မဟုတ်ပေ။ ထိုအနက်ရောင်မြူခိုးများသည် သူ့အနား တစ်မီတာ အကွာအဝေးသို့ပင် ကပ်နိုင်စွမ်း မရှိချေ။

ထို့နောက် ဝူဟောက်သည် ဆန်းကြယ်သော အနက်ရောင်မြူခိုးများကို အန်တု၍ တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ကြီးမားသော တွင်းနက်ကြီး တစ်ခုကို တွေ့လိုက်ရ၏။

ဝူဟောက်သည် တုံ့ဆိုင်းမနေဘဲ တွင်းထဲသို့ ခုန်ဆင်းလိုက်သည်။ သူ မဝင်ခင်ကပင် ၊ အတွင်းမှ အခြေအနေကို သိရှိပြီး ဖြစ်သဖြင့် မဖြေရှင်းနိုင်မည်ကို စိုးရိမ်စရာမလိုချေ။

မကြာမီ ဝူဟောက်သည် တွင်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာပြီး ၊ မြေပေါ်မကျ ပျံဝဲနေသော အနက်ရောင် ပုတီးစေ့တစ်လုံးကို တွေ့လိုက်ရသည်။ အနက်ရောင်မြူခိုးများသည် ထိုပုတီးစေ့မှ ထွက်ပေါ်လာပြီး တားမြစ်နယ်မြေ တစ်ခုလုံးကို ညစ်ညမ်းစေခြင်း ဖြစ်သည်။

ထိုအရာကို မြင်သောအခါ ဝူဟောက်သည် ရှေ့သို့တိုး၍ အနက်ရောင် ပုတီးစေ့ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ရန် ပြင်လိုက်သော်လည်း ၊ သူ လုပ်ဆောင်တော့မည့် ဆဲဆဲတွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။

【ဒင်… သင့်ရှေ့မှ ပုတီးစေ့သည် ရွေးချယ်ခံရသူအတွက် ကံတရားတစ်ခု ဖြစ်ကြောင်း တွေ့ရှိရသည်။ ပိုင်ရှင် အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုပါနှင့်】

အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသော စနစ်သည် ရုတ်တရက် ပြန်လည် အသက်ဝင်လာခဲ့သည်။ စနစ်၏ စကားကို ကြားသောအခါ ဝူဟောက်သည် တစ်ခဏမျှ ကြောင်သွားပြီးနောက် ၊ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“စနစ်… ဒီပုတီးစေ့က ရွေးချယ်ခံရသူရဲ့ ကံတရားလို့ မင်း ပြောလိုက်တာလား… ဘာသဘောလဲ…”

【ဒင်… စာသားအတိုင်းပါပဲ】

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မံ ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ့ရှေ့မှ ပုတီးစေ့ကို ကိုင်တွယ် ဖြေရှင်းနိုင်သော်လည်း နောက်ပိုင်းတွင် မည်သို့ ကြုံတွေ့ရနိုင်သနည်း။

အကယ်၍ ထိုအရာက မိမိမျိုးဆက်များ၏ လမ်းကြောင်းကို ထိခိုက်စေပါက ၊ အဆုံးသတ်တွင် ခံစားရမည့်သူမှာ သူပင် ဖြစ်သည်။ ဤကိစ္စကို ရွေးချယ်ခံရသူများ ဖြစ်ကြသော မိမိ၏နောက်မျိုးဆက်များကို ကိုင်တွယ်ခိုင်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထို့အပြင် တားမြစ်နယ်မြေ ငါးခုလုံးသည် ဤပုတီးစေ့ ပေါ်လာခြင်းကြောင့် တားမြစ်နယ်မြေများ ဖြစ်လာကြပြီး ၊ မဟာဧကရာဇ်ပင်လျှင် ဤနေရာသို့ ဝင်ရောက်လာပါက အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့နိုင်ကြောင်းကို ဝူဟောက် အာရုံခံမိသည်။

“ကောင်းပြီလေ… ဒီလိုဆိုမှတော့ ဒီကိစ္စကို ငါ့မျိုးဆက်တွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့မယ်… ဘယ်မျိုးဆက်က ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာတော့ ငါလည်း မသိဘူး”

ဝူဟောက်သည် ခေါင်းခါလိုက်ပြီးနောက် တားမြစ်နယ်မြေထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ဝူမိသားစု၏ အိမ်သစ် ကိစ္စနှင့် ပတ်သက်၍ ဝူဟောက်သည် ပျက်သုဉ်းခြင်း တားမြစ်နယ်မြေရှိ နဂါးကိုးကောင် ဦးခိုက်ခြင်း မြေအနေအထားလောက် မကြီးကျယ်သော်လည်း ကောင်းမွန်သော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။

မကြာမီ ဝူဟောက်သည် ဝူမိသားစု အိမ်တော်သို့ ပြန်ရောက်လာပြီး ၊ ဝူရူလုံကို သူ ရှာဖွေတွေ့ရှိထားသော နေရာသို့ ခေါ်ဆောငိသွားခဲ့သည်။ ဝူမိသားစု၏ အိမ်သစ် တည်ဆောက်ခြင်းကို အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ရန် ဝူရူလုံကို ညွှန်ကြားလိုက်၏။

သူ့ရှေ့မှ ခမ်းနားထည်ဝါသော တောင်ကြီးကို မြင်လိုက်ရပြီးနောက် ဝူရူလုံသည် ခေါင်းညိတ် သဘောတူလိုက်သည်။

လက်ရှိ ဝူမိသားစု ကုန်သည်အသင်း၏ အင်အားဖြင့် မြင့်မြတ်နယ်မြေ အသစ်တစ်ခုကို ဖန်တီးရန်မှာ မခဲယဉ်းလှပေ။ ဝူဟောက်သည် ဧကရာဇ်လက်နက်များကို ဖန်တီးနိုင်စွမ်း ရှိသဖြင့် ဝူရူလုံသည် ဤနှစ်များအတွင်း ဧကရာဇ်လက်နက်ကို ဖန်တီးနိုင်ရန် လိုအပ်သော ပစ္စည်းများကို ရှာဖွေနေခဲ့သည်။ ဝူမိသားစုအနေဖြင့် ကိုယ်ပိုင် ဧကရာဇ်လက်နက်ကို အမြန်ဆုံး ပိုင်ဆိုင်နိုင်စေရန် သူ ဆန္ဒရှိသည်။

ဝူရူလုံသည် ဝူမိသားစု အနေဖြင့် ပြဿနာများကို ဖြေရှင်းရန် ဖခင်ဖြစ်သူအပေါ် အမြဲတမ်း အားကိုးနေရသည်ကို မလိုလားပေ။ ဧကရာဇ်လက်နက်သာ ရှိပါက ၊ ဝူဟောက် မရှိလျှင်တောင်မှ သူတို့ ဝူမိသားစု အနေဖြင့် မည်သည့် မြင့်မြတ်နယ်မြေ အင်အားစုကိုမျှ စိုးရိမ်နေစရာ မလိုချေ။

ဝူမိသားစုသို့ ပြန်ရောက်ပြီးနောက် ဝူဟောက်သည် စုချောင်ရန်ကို မိသားစု ဂရုချတ်ထဲသို့ ထည့်သွင်းလိုက်သည်။ လက်ရှိတွင် စတုတ္ထမျိုးဆက်နှင့် အထက် မျိုးဆက်များသာ မိသားစု ဂရုထဲသို့ ဝင်ရောက်နိုင်ပြီး ၊ ပဉ္စမမျိုးဆက်နှင့် အောက် မျိုးဆက်များမှာ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။

ဝူဟောက်သည် စုချောင်ရန်ကို ဆွဲထည့်လိုက်ပြီးနောက်၊ အပြင်ဘက်တွင် လေ့ကျင့်နေဆဲ ဖြစ်သော ဝူယီဖန်နှင့် ထိပ်တန်း အင်အားကြီး ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ထားသော ဝူယိတောက်တို့သည် သိချင်စိတ်ဖြင့် စာများ ပေးပို့လာကြသည်။

ဝူယီဖန် - “ဂရုချတ်ထဲကနေ ကြိုဆိုပါတယ်… ဒါပေမဲ့ ကျွန်တော် အခု လိုက်လံတိုက်ခိုက်ခံနေရလို့ ကျွန်တော့်ကို ခဏဘေးဖယ်ထားလိုက်ဦး”

ဝူယိတောက် - “မင်္ဂလာပါ အဘွား… ကျွန်တော်က ဝူယိတောက် ပါ… လက်ရှိ ထျန်းဝူတောင်မှာ ကျင့်ကြံနေပါတယ်… စောင့်နေနော် အဘွား… မကြာခင် အဘွားကို လာတွေ့မယ်”

ဝူရွှန်း - “အဘွား ဂရုထဲကို ဝင်လာတာ ကြိုဆိုပါတယ်”

စုချောင်ရန် - “အားလုံးပဲ မင်္ဂလာပါ… အဘွားက စုချောင်ရန် ပါ… မင်းတို့ဘိုးဘေး ဝူဟောက်ရဲ့ ဇနီးပါ “

အခန်း ၅၄ - သွေးဝိညာဉ်ဂိုဏ်း လှုပ်ရှားပြီ

ထျန်းဝူတောင်ပေါ်တွင် ဝူယိတောက်သည် သူ၏ ကျင့်ကြံခြင်း ဂူအတွင်း၌ ကျင့်ကြံအားထုတ်နေ၏။ ဝူမိသားစုမှ နှင်ထုတ်ခံလိုက်ရပြီးနောက် ဝူယိတောက်သည် အတွေ့အကြုံများ ရှာဖွေရင်း အလယ်ပိုင်းဒေသသို့ ဦးတည်လာခဲ့သည်။

ကံကောင်းခြင်းလား သို့မဟုတ် စွမ်းအားကြီးမားခြင်းကြောင့်လား မသိနိုင်သော်လည်း ဝူယိတောက်သည် ဤလမ်းခရီးတစ်လျှောက် မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရဘဲ အလယ်ပိုင်းဒေသသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး ထိပ်တန်း အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်သော ထျန်းဝူတောင်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ထျန်းဝူတောင်သည် ပန်းတစ်သောင်း မြင့်မြတ်နယ်မြေလောက် အင်အားမကြီးသော်လည်း ၊ ဧကရာဇ်လက်နက် မရှိခြင်းက တစ်ခုတည်းသော အားနည်းချက်သာ ဖြစ်သည်။

ပန်းတစ်သောင်း မြင့်မြတ်နယ်မြေတွင် ဧကရာဇ်လက်နက်သာ မရှိပါက ၊ သူတို့သည် ထျန်းဝူတောင်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

အထူးသဖြင့် ထျန်းဝူတောင်၏ ဂိုဏ်းချုပ် ဝူရှန်းနသည် မဟာဧကရာဇ်အောက်တွင် နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် ကျော်ကြားသည်။ သူသည် ဧကရာဇ်တပိုင်းများကြားတွင် ပြိုင်ဘက်ကင်းသူ ဖြစ်ပြီး၊ ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်ရှိ ပုဂ္ဂိုလ်နှစ်ဦးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရာတွင် အသာစီးရခဲ့သော ကြောက်မက်ဖွယ်ရာ မှတ်တမ်းကို ပိုင်ဆိုင်ထားသည်။

မဟာမြင့်မြတ်နယ်မြေ လေးခုထဲသို့ အဘယ့်ကြောင့် မဝင်ရောက်ခဲ့သနည်း ဟူသော မေးခွန်းအတွက် သူသည် ဤသို့ဖြေ‌ဆိုရပေလိမ့်မည်။ ထိုမဟာမြင့်မြတ်နယ်မြေများသည် ဆယ်နှစ်လျှင် တစ်ကြိမ်သာ တပည့်လက်ခံလေ့ရှိပြီး ၊ ဝူယိတောကိသည် ထိုအခွင့်အရေးကို လွဲချော်ခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် မတတ်သာဘဲ သူသည် ထျန်းဝူတောင်သို့သာ ဝင်ရောက်ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဧကရာဇ်လက်နက်မှလွဲ၍ ထျန်းဝူတောင်သည် ပန်းတစ်သောင်း မြင့်မြတ်နယ်မြေထက် များစွာ ပိုမို အားကောင်းသည်။

သူ၏ ကမ္ဘာဦးဖရိုဖရဲခန္ဓာ နှင့် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်တို့ကြောင့် ဝူယိတောက်သည် ထျန်းဝူတောင်သို့ တပည့်ခံယူပွဲ လာရောက် ဖြေဆိုချိန်တွင် ဂိုဏ်းရှိ အစွမ်းထက် ပုဂ္ဂိုလ်များကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ သူ့ကို သိုင်းသူတော်စင်ကြီး ကိုယ်တိုင် ခေါ်ဆောင်သွားပြီး ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့သည်။

ဝူယိတောက်သည် ဝူရှန်းနကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။ ထျန်းဝူတောင်သို့ မဝင်ရောက်မီက ၊ သူသည် ခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ် အဆင့်၌ ရှိနေပြီး ဖြစ်သည်။ ဆယ်နှစ် အတွင်း၌ သူသည် ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့ပြီး မဟာသူတော်စင် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိပြီးနောက် ၊ ဝူယိတောက်သည် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး ရေရွတ်လိုက်၏။

“အခု ငါက သူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ… သူတော်စင်ဘုရင် အဆင့်ကို ရောက်ဖို့ နယ်ပယ်ကြီး နှစ်ခုပဲ လိုတော့တယ်… အဲဒီအချိန်ကျရင် ကမ္ဘာဦးဧကရာဇ်ရဲ့ ကမ္ဘာဦးကျမ်းစာက ငါ့အတွက် လုံလောက်တော့မှာ မဟုတ်ဘူး… အိမ်ပြန်ပြီး ဘိုးဘေးဆီမှာ အကူအညီ သွားတောင်းမှ ဖြစ်မယ်”

ထိုသို့ တွေးပြီးနောက် ဝူယိတောက်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ၊ သူ၏ပုံရိပ်သည် လေ့ကျင့်ရေးကွင်းထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဝူရှန်းန၏ အဆောင်‌ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

“ဆရာ… တပည့် ဂါရဝပြုပါတယ်”

ဝူယိတောက်၏ စကားဆုံးသည်နှင့် တင်းကျပ်စွာ ပိတ်ထားသော တံခါးများ၏ နောက်ကွယ်မှ အနည်းငယ် အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဝင်လာခဲ့ ဝူယိတောက်”

စကားသံ ဆုံးသည်နှင့် တံခါးများသည် ဖြည်းညင်းစွာ ပွင့်သွားပြီး ဆံပင်ဖြူများဖြင့် အဖိုးအိုတစ်ဦး ပေါ်လာသည်။ သို့သော် ၎င်းထံမှ ဖြာထွက်နေသော ထူးကဲသော အရှိန်အဝါများကို ကြည့်လိုက်ရုံဖြင့် တန်းသိနိုင်သည်။ ဤပုဂ္ဂိုလ်သည် ထျန်းဝူတောင်၏ ဂိုဏ်းချုပ် ဝူရှန်းန ပင် ဖြစ်သည်။

အထဲသို့ ရောက်သောအခါ ဝူယိတောက်သည် တုံ့ဆိုင်းမနေဘဲ လိုရင်းကိုသာ ပြောလိုက်သည်။

“ဆရာ… ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိလို့ အိမ်ပြန်ချင်လို့ပါ “

ထိုစကားကို ကြားသောအခါ ဝူရှန်းနသည် မျက်မှောင်ကြုတ်သွားပြီး အချိန်အတန်ကြာမှ ပြောလိုက်သည်။

“မင်း ထျန်းဝူတောင်မှာ ကျင့်ကြံနေတာ ကြာပြီ… အောက်ဆင်းပြီး လေ့လာကြည့်ရှုဖို့ အချိန်တန်ပြီ… သင့်လျော်တဲ့ အပန်းဖြေမှုက အကောင်းဆုံး ကျင့်ကြံနည်းပဲ… ဒါပေမဲ့ မင်း ထျန်းဝူတောင်ကို ဝင်လာတုန်းက ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုက အရမ်း ကြီးကျယ်လွန်းတယ်… မင်းသာ ရုတ်တရက် တောင်အောက် ဆင်းသွားရင် ရန်ဘက် အင်အားစုတွေရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်”

ဝူရှန်းန၏ စကားကို ကြားသောအခါ ဝူယိတောက်၏ မျက်နှာထားသည် လေးနက်သွားသည်။ ဝူရှန်းန ပြောသည်ကို သူ ကောင်းစွာ နားလည်သော်လည်း ၊ သူ့တွင် ပြန်ရမည့် ခိုင်လုံသော အကြောင်းပြချက် ရှိနေသည်။ ထို့ကြောင့် ဝူယိတောက်သည် သက်ပြင်းချလိုက်ပြီး လေးနက်သော မျက်နှာထား၊ ခိုင်မာသော လေသံဖြင့် ပြောလိုက်၏။

“ဆရာ… ကျွန်တော် ပြန်ရမယ့် အကြောင်းရင်း ရှိပါတယ်… မပြန်ရင် ကျွန်တော့်ရဲ့ ကျင့်ကြံမှု လမ်းကြောင်းကို ထိခိုက်လာနိုင်တယ်”

ဝူယိတောက်ဘက်မှ ထိုသို့ ပြောလာသဖြင့် ဝူရှန်းန အနေဖြင့် မည်သို့ ငြင်းပယ်နိုင်မည်နည်း။ သူသည် သဘောတူလိုက်ရပြီး ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့်ကိုပင် ခုခံနိုင်သော အသက်ကယ် ပစ္စည်းများစွာ ထည့်ပေးလိုက်သည်။ ထို့အပြင် ဝူယိတောက် ထွက်ခွာသွားပြီးနောက်၊ ချက်ချင်းပင် ဝူရှန်းနသည် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ဘိုးဘေးတစ်ဦးကို ဝူယိတောက်အား လျှို့ဝှက် ကာကွယ်ရန် စေလွှတ်လိုက်သည်။

ဝူယိတောကိသည် ထျန်းဝူတောင်၏ ပါရမီ အရှိဆုံး တပည့် ဖြစ်ရာ ၊ ဝူယိတောက် ကြီးပြင်းလာပါက ထျန်းဝူတောင်၏ အဆင့်အတန်းလည်း မြင့်တက်လာမည် ဖြစ်သည်။

ဝူရှန်းန ခန့်မှန်းထားသည့်အတိုင်းပင် ဝူယိတောက် တောင်အောက်ဆင်းလာသည့် သတင်းမှာ ပျံ့နှံ့သွားပြီးနောက် ၊ ထျန်းဝူတောင်၏ ရန်ဘက် အင်အားစုများသည် သတင်းရရှိသွားပြီး ပထမဆုံးအကြိမ်အဖြစ် စုဝေးခဲ့ကြသည်။ ဝူယိတောက် တပည့်ဖြစ်လာစဉ်က ၊ သူ၏ ပါရမီသည် အလယ်ပိုင်းဒေသရှိ အင်အားစုများစွာကို တုန်လှုပ်စေခဲ့သည် မဟုတ်လော။

ဝူရှန်းန၏ ကာကွယ်ပေးမှုအောက်တွင် ရှိမနေပါက ၊ ဝူယိတောက်သည် အနာဂတ် ပြဿနာများကို ရှင်းလင်းလိုသော အခြား အင်အားစုများ၏ ဖမ်းဆီးခြင်းကို ခံရသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။

သို့သော် သူတို့သည် ယခုအချိန်ထိ ယုတ်မာသော ရည်ရွယ်ချက်များကို လက်မလျှော့ကြသေးပေ။

“ပြောစမ်း… ဘာအစီအစဉ် ရှိလဲ”

ဝူယိတောက် တောင်အောက်သို့ မဆင်းမီ တစ်ရက်အလိုတွင် ထျန်းဝူတောင်၏ ရန်ဘက် အင်အားစု ဖြစ်သော နတ်ဆိုးဖြိုခွင်း တောင်ကြားသည် ထျန်းဝူတောင်၏ ရန်ဘက် အင်အားစုများ အားလုံးကို ဦးဆောင် စုစည်း၍ ဆွေးနွေးခဲ့ကြသည်။ ဝူယိတောက်သည် သဘာဝကျစွာပင် လူတိုင်း၏ပစ်မှတ် ဖြစ်လာခဲ့သည်။

အကယ်၍ ဝူယိတောက်ကို အထိန်းအကွပ်မရှိ ရှင်သန်ကြီးထွားခွင့် ပေးလိုက်ပါက သူတို့အပေါ် အသာစီးရနေပြီးဖြစ်သော ထျန်းဝူတောင်သည် ပို၍ အားကောင်းလာမည် ဖြစ်ပြီး၊ သူတို့သည် ခေါင်းထောင်နိုင်မည့် အခွင့်အရေး ရတော့မည် မဟုတ်ပေ။

“ဟွန့်… ဘာတတ်နိုင်မှာလဲ… ထျန်းဝူတောင်မှာ သိုင်းသူတော်စင်ကြီး ကာကွယ်ပေးထားသရွေ့ ငါတို့ အဲဒီကောင်လေးကို ဘာမှ လုပ်လို့မရဘူး… ဒါပေမဲ့ အဲဒီကောင်လေး ထျန်းဝူတောင်က ထွက်လာရင်.. ငါတို့ လက်ပိုက် ကြည့်နေရမှာလား”

ကိုယ်အထက်ပိုင်း ဗလာကျင်းထားပြီး ကျောပြင်တွင် အမာရွတ်များဖြင့် ပြည့်နှက်နေသော လူသန်ကြီးတစ်ဦးက ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူ့နောက်တွင် ရွှေရောင် ဓားရှည်နှစ်လက် ရှိသည်။ ထိုသူမှာ ထိပ်တန်း အင်အားစုများထဲမှ တစ်ခုဖြစ်သော ရွှေဓားဂိုဏ်း၏ ဂိုဏ်းချုပ် တာအိုဟောက်ဟွမ် ပင်ဖြစ်သည်။

ထိုစကားကို ကြားသောအခါ အခြားသူများကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ ဝူယိတောက်ကို ရှင်းပစ်နိုင်ပါက ၊ သူတို့လည်း ဝမ်းသာမိပေမည်။

ထျန်းဝူတောင် အတွင်းရှိ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း၏ ကာကွယ်မှုအောက်တွင် သူတို့ အားလုံး အတူတကွ တိုက်ခိုက်လျှင်ပင် ဖောက်ထွက်နိုင်မည် မဟုတ် ။ ဝူယိတောက်ကို သတ်ရန်မှာ အလှမ်းဝေးလွန်းသည်။

ယခု အခွင့်အရေး ရလာပြီ ဖြစ်ရာ သေစေလောက်သော တိုက်ခိုက်မှုမျိုးဖြင့် လုပ်ဆောင်ရပေမည်။ သို့မဟုတ်ပါက ဝူယိတောက်သည် သတိထားမိကာ နောင်တွင် ဤမျှ လွယ်လွယ်ကူကူ ထွက်လာတော့မည် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် နတ်ဆိုးဖြိုခွင်း တောင်ကြား၏ အရှင်သခင် မိုချန်ရန်က ဝင်ပြောလိုက်သည်။

“မင်းတို့ တွေးမိတာကို ဟိုအဘိုးကြီး ဝူရှန်းနလည်း တွေးမိမှာပဲ… ဒါကြောင့် ဒီတစ်ခါ ဝူယိတောက်ကို အစွမ်းထက်တဲ့ လူတွေ အများကြီး ဝန်းရံ ကာကွယ်ပေးထားလိမ့်မယ်… အဘိုးကြီး ဝူရှန်းန ကိုယ်တိုင်တောင် လိုက်ပါ ကာကွယ်ပေးနိုင်တယ်”

“မဖြစ်နိုင်ဘူး… ထျန်းဝူတောင် တစ်ခုလုံးမှာ ဝူရှန်းန တစ်ယောက်တည်းပဲ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသက်သွင်းနိုင်တာ… ဒါ့အပြင် ငါသိသလောက်ဆိုရင် ဝူရှန်းနက ထျန်းဝူတောင်ကနေ ထွက်ခွာလို့ မရဘူး… ဒါကြောင့် ဝူရှန်းနက ဝူယိတောက်နဲ့အတူ ထျန်းဝူတောင်ကနေ ထွက်လာမှာ မဟုတ်ဘူး”

မြွေစိမ်းဂိုဏ်း၏ ဂိုဏ်းချုပ် ရှဲ့ဝူရှင်းက ပြတ်သားစွာ ခေါင်းခါလိုက်သည်။

ထိုစကားကို ကြားသောအခါ အားလုံး တစ်စုံတစ်ခုကို သဘောပေါက်သွားကြပြီး မျက်လုံးများ အရောင်တောက်လာသည်။ ဤထိပ်တန်း အင်အားစုများတွင် ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့် ရှိ ကျွမ်းကျင်သူ တစ်ဦးသာ ရှိသည်။

အကယ်၍ ဝူရှန်းနသည် ထျန်းဝူတောင်မှ မထွက်ခွာနိုင်ပါက ၊ ဝူယိတောက်ကို ကာကွယ်ပေးမည့်သူမှာ အများဆုံး ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့်ရှိ ကျွမ်းကျင်သူသာ ဖြစ်မည်မဟုတ်လော။

ထိုသို့ တွေးမိပြီးနောက် မိုချန်ရန်သည် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ထျန်းဝူတောင်ရဲ့ သူတော်စင်သားတော်ကို သတ်ဖို့အတွက် ငါ့ရဲ့ နတ်ဆိုးဖြိုခွင်း တောင်ကြားက ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ဘိုးဘေးတစ်ယောက် စေလွှတ်ဖို့ ဆန္ဒရှိတယ်”

“ငါ့ရဲ့ ရွှေဓားဂိုဏ်းကလည်း ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ဘိုးဘေးတစ်ယောက် စေလွှတ်မယ်”

“မြွေစိမ်းဂိုဏ်းလည်း ပါမယ်”

မကြာမီ ရှိနေကြသော ထိပ်တန်း အင်အားစု ငါးခုမှ ခေါင်းဆောင်များသည် သူတို့၏ အင်အားစု တစ်ခုစီမှ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့်ရှိ ဘိုးဘေး တစ်ဦးစီ စေလွှတ်ရန် သဘောတူလိုက်ကြသဖြင့် ဝူယိတောက်ကို သတ်ဖြတ်ရန် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ရှိ ဘိုးဘေး စုစုပေါင်း ငါးဦးထိ ရှိလာခဲ့သည်။

အကယ်၍ ဝူယိတောက်သာ ဤမျှ ခမ်းနားသော လူစာရင်းကို သိရှိသွားပါက ၊ အံ့အားသင့်သွားပြီး ထျန်းဝူတောင်၌သာ နေကာ သူ၏ဘိုးဘေးအား ကိုယ်တိုင် လာရောက်ပေးရန် တောင်းဆိုနိုင်သည်။

ကံဆိုးစွာဖြင့် ၊ ဝူယိတောက် အနေဖြင့် ပြန်မသွား၍ မဖြစ်ချေ။ အကြောင်းမှာ သူသည် ကမ္ဘာဦးကျမ်းစာ၏ ပိတ်ဆို့မှုကို ရောက်ရှိတော့မည် ဖြစ်ပြီး ၊ သူတော်စင်ဘုရင် အဆင့်သို့ တက်လှမ်းရမည် ဖြစ်သောကြောင့် ဖြစ်သည်။

နောက်အကြောင်းရင်း တစ်ခုမှာ ဝူမိသားစုသို့ ပြန်၍ ဘိုးဘေးကို တွေ့ဆုံရန် ဖြစ်ပြီး ၊ နောက်တစ်ချက်မှာ ကျန်ရှိသော ကမ္ဘာဦးကျမ်းစာ၏ ခြေရာကို ဘိုးဘေးဖြစ်သူအား မေးမြန်းရဦးမည် ဖြစ်သည်။

ဝူယိတောက်ကို တိုက်ခိုက်မည့် အစီအစဉ်ကို ရေးဆွဲပြီးနောက် ၊ အခြားသော အင်အားစုကြီးမှ ခေါင်းဆောင်လေးဦးသည် သူတို့၏ နယ်မြေများသို့ အသီးသီး ပြန်သွားကြသည်။

မိုချန်ရန် အနေဖြင့် ၊ သူသည် နောက်လှည့်ကာ နတ်ဆိုးဖြိုခွင်း တောင်ကြား၏ တားမြစ်နယ်မြေသို့ သွားရောက်ခဲ့သည်။ နတ်ဆိုးဖြိုခွင်း တောင်ကြား၏ တားမြစ်နယ်မြေ အတွင်း၌ ဝတ်ရုံနက် ကျင့်ကြံသူတစ်ဦး ရပ်နေသည်။

အကယ်၍ ဝူယီဖန်သာ ဤနေရာ၌ ရှိနေပါက ၊ သူ့ရှေ့မှ ဝတ်စုံသည် သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ အမှတ်အသား ဖြစ်ကြောင်း သေချာပေါက် မှတ်မိပေလိမ့်မည်။ သို့သော် မိုချန်ရန်၏ ရှေ့တွင် ရပ်နေသော ဤသွေးဝိညာဉ်ဂိုဏ်း၏တမန်တော်မှာ ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်သာ ရောက်ရှိသေးသည်။

သူ့ရှေ့မှ တမန်တော်ကို ကြည့်ရင်း မိုချန်ရန်၏ မျက်နှာထားမှာ လေးနက်သွားပြီး ပြောလိုက်သည်။

“အကယ်၍ ငါက ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးယောက်ကို ယဇ်ပူဇော်ပြီး ကမ္ဘာဦးဖရိုဖရဲခန္ဓာတစ်ခုကို ထပ်ပေါင်းထည့်လိုက်ရင်… ငါ့ကို မဟာဧကရာဇ် အဆင့်အထိ တက်လှမ်းအောင် တကယ် ကူညီပေးနိုင်မှာလား”

“ဟားး… ဒါပေါ့… ခင်ဗျားသာ ကျုပ်တို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အဖွဲ့ဝင် ဖြစ်နေသရွေ့ မဟာဧကရာဇ် ဖြစ်ဖို့ မပြောနဲ့… လူသားအင်မော်တယ် အဆင့်အထိ တက်လှမ်းရမယ်‌ဆိုတောင် ဘာများ ခက်လို့လဲ”

သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်ထံမှ အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ကျင့်ကြံဆင့် တူညီကြသော်လည်း ၊ သို့သော် အမည်မသိ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် မိုချန်ရန်သည် ထိုလူထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေမိသည်။ အကယ်၍ သူတို့ နှစ်ဦးသည် အချင်းချင်း ရင်‌ဆိုင်တွေ့ကြမည်ဆိုပါက ၊ သူသည် ထိုလူ၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း ကောင်းကောင်းကြီး သိထားသည်။

All Chapters