← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅ - ခင်ဗျား မလုပ်ရင် လုပ်မယ့်သူတွေ အများကြီးပဲ

မိုချန်ရန်သည် ယခုအခါ အသက် ၅၀၀,၀၀၀ ရှိနေပြီ ဖြစ်သည်။ အကယ်၍ မကြာမီအတွင်း သူသည် မဟာဧကရာဇ် အဆင့်သို့ မတက်လှမ်းနိုင်ပါက ၊ နောက်ထပ် နှစ်ပေါင်း ၁၀၀,၀၀၀ အတွင်း သက်တမ်းကုန်ဆုံး၍ သေဆုံးရပေလိမ့်မည်။

ထိုအချိန်မှာပင် သူ့ကိုယ်သူ သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်ဟု ပြောဆိုလာသော လူတစ်ယောက်သည် သူ့ဆီသို့ ရောက်ရှိလာပြီး မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီမည်ဟု ကတိပေးခဲ့သည်။

သို့သော် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးယောက်နှင့် ထူးခြားသော ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက်ကို မျှားခေါ်ပေးရမည် ဟူသော အပေးအယူဖြင့် ဖြစ်သည်။

“ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ရမယ်”

မိုချန်ရန်သည် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး အနည်းငယ်ကိုပင် လက်လွှတ်ခံမည် မဟုတ်သဖြင့် သဘောတူရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။

ထို့ကြောင့် မိုချန်ရန်ကိုယ်တိုင် အရာအားလုံးကို စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် စောစောက ဖြစ်ပျက်ခဲ့သမျှကို ကြားသိထားပြီး ဖြစ်သည်။

“နေပါဦး... ငါ သဘောတူမယ်ဆိုတာ မင်း ဘာလို့ အဲဒီလောက် သေချာနေတာလဲ”

တစ်စုံတစ်ခုကို သတိရသွားပြီး မိုချန်ရန်သည် သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို ကြည့်ကာ အဖြေတစ်ခု လိုချင်နေခဲ့သည်။ သူတို့ စတွေ့စဉ်ကတည်းက တစ်ဖက်လူတွင် ယုံကြည်ချက် အပြည့်ရှိနေခဲ့ပြီး၊ ငြင်းပယ်ခံရမည်ကို စိတ်မပူပုံ‌ရသည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်က မဲ့ပြုံး ပြုံးလိုက်၏။

“ဟားး... ခင်ဗျားရဲ့ သက်တမ်းက ကုန်တော့မယ်လေ... မဟာဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ဘယ်လောက်ပဲ နည်းနည်း ခင်ဗျား လက်လွှတ်ခံမှာ မဟုတ်ဘူး... ကျုပ်တို့ သွေးဝိညာဉ်ဂိုဏ်းက မဆင်မခြင် မလုပ်ဘူး... ခင်ဗျားဆီ မလာခင်ကတည်းက စုံစမ်းပြီးသား”

“ပြီးတော့ ခင်ဗျား ငြင်းရင်လည်း ကိစ္စမရှိဘူး... မဟာဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ လွန်စွာ ဆန္ဒပြင်းပြနေတဲ့ ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်တွေ အများကြီး ရှိတယ်... ခင်ဗျား မလုပ်ရင် လုပ်မယ့်သူတွေ အများကြီးပဲ”

တစ်ဖက်လူ၏ စကားကို ကြားသောအခါ မိုချန်ရန်၏ မျက်နှာထားမှာ ကြည့်ရဆိုးသွားပြီး ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့ပေ။ အမှန်စင်စစ် သူ သိထားသော အခြား ဧကရာဇ်တပိုင်း အထွတ်အထိပ်များသည်လည်း မဟာဧကရာဇ် အဆင့်သို့ တတ်လှမ်းခွင့်သာ ရမည်ဆိုပါက ၊ သူတို့၏ ဂိုဏ်းသားများ သို့မဟုတ် ဆွေမျိုးများကို စတေးရလျှင်ပင် ငြင်းဆန်ကြမည် မဟုတ်ပေ။

“ဒါနဲ့ သတိပေးလိုက်ဦးမယ်... အခုက ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးယောက် မဟုတ်တော့ဘူး... ခြောက်ယောက် ဖြစ်သွားပြီ”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သတိပေးလိုက်သည်။

“ဘာ... မင်းက ငါ့ရဲ့ နတ်ဆိုးဖြိုခွင်း တောင်ကြားက လူတွေကိုပါ ပစ်မှတ်ထားနေတာလား”

မိုချန်ရန်၏ မျက်နှာထားမှာ ကြည့်၍ မကောင်းတော့ပေ။ နတ်ဆိုးဖြိုခွင်း တောင်ကြားမှ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် တစ်ဦးဖြစ်သော သူ့လူကိုပင် ပစ်မှတ်ထားလာမည်ဟု ထင်မှတ်မထားခဲ့ပေ။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် မိုချန်ရန်အနားသို့ တိုးကပ်လာပြီး ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။

“ကိစ္စ မရှိပါဘူး... ခင်ဗျားသာ မဟာဧကရာဇ် ဖြစ်သွားရင် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတွေ ရှားတော့မှာ မဟုတ်ဘူး... ဒါ့အပြင် ခင်ဗျားမှာ အခု ငြင်းပယ်ခွင့် ရှိလို့လား”

“ဟူး...”

မိုချန်ရန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ အတင်းအဓမ္မ စိတ်ငြိမ်အောင် ထားလိုက်သည်။ အမှန်ပင်၊ သူသည် မဟာဧကရာဇ် ဖြစ်သွားသည်နှင့် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော သွေးဝိညာဉ်ဂိုဏ်းမှလွဲ၍ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူ ရှိတော့မည် မဟုတ်ပေ။

ထိုသို့ တွေးမိပြီးနောက် မိုချန်ရန်သည် သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို ကြည့်ကာ စိုးရွံ့စိတ် အနည်းငယ် ခံစားလိုက်ရသည်။

သို့သော် ဤအရာများက အစီအစဉ်၏ တိုးတက်မှုကို မထိခိုက်စေခဲ့ပေ။ မကြာမီပင် ဝူယိတောက်သည် အိမ်ပြန်ရန် ထျန်းဝူတောင်မှ ဆင်းလာမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

“မပူပါနဲ့ ဘိုးဘေး... သူတော်စင်ကို ကျွန်တော် သေချာပေါက် ကာကွယ်ပေးပါ့မယ်... ကျွန်တော် အသက်ရှင်နေသရွေ့ သူတော်စင်သားတော် ဘေးကင်းစေရမယ်”

ဝူရှန်းန၏ အမိန့်အရ ချန်ဝူရွှမ် အမည်ရှိ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့်ရှိ ဘိုးဘေးတစ်ဦးသည် ဝူယိတောက်နောက်သို့ တိတ်တဆိတ် လိုက်ပါသွားသည်။ ထျန်းဝူတောင်ထိပ်တွင် ရပ်ရင်း ဝူရှန်းနသည် ဝူယိတောက် ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

အကြောင်းရင်း တစ်စုံတစ်ရာ မရှိဘဲ စိုးရိမ်ပူပန်မှု တစ်ခုကို ခံစားနေရပြီး ၊ ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်ပျက်တော့မည့်အလား ခံစားနေရသည်။

“ဒီတစ်ခေါက် ချောမွေ့ပါစေလို့ မျှော်လင့်ပါတယ်... ငါ့ရဲ့ နည်းလမ်းတွေနဲ့ အကြီးအကဲ ဝူရွှမ်ရဲ့ ကာကွယ်မှု ရှိရင် ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်တောင်မှ ဝူယိတောက်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

အခြားတစ်ဖက်ရှိ ဝူမိသားစုတွင် သူတော်စင်အဆင့်သို့ တက်လှမ်းရန် သီးသန့် ကျင့်ကြံနေသော ဝူရွှမ်ယွမ်သည် စိုးရိမ်စိတ် တစ်ခုကို ခံစားလိုက်ရပြီး ကျင့်ကြံရာမှ အလျင်အမြန် ထွက်လိုက်ရသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ... ဘာလို့ ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်တော့မယ်လို့ ခံစားနေရတာလဲ”

ဝူရွှမ်ယွမ်သည် ကြောက်ရွံ့ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ဤခံစားချက်သည် လွန်စွာ ဖိစီးနှိပ်စက်နေပြီး သူ့ကို နေရခက်စေသည်။ ဝူရွှမ်ယွမ်သည် မကြာမီ သီးသန့်ခန်းမှ ထွက်လာပြီး ၊ ဇနီးဖြစ်သူ လီယွီလုံသည် ဂူဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် လီယွီလုံ၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည်။ ဝူရွှမ်ယွမ်ကို မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်မှုသည် ပိုမို ပြင်းထန်လာပြီး ၊ ဝူရွှမ်ယွမ် ရှေ့ရောက်သည်နှင့် မနေနိုင်ဘဲ ပြောလိုက်သည်။

“ယောက်ျား... ကျွန်မ အရမ်း စိုးရိမ်နေတယ်... ဆိုးရွားတာ တစ်ခုခု ဖြစ်တော့မလိုပဲ”

ဇနီးသည်၏ စကားကို ကြားပြီးနောက် ၊ ဝူရွှမ်ယွမ်နှင့် လီယွီလုံတို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တုံ့ဆိုင်းမနေဘဲ သူတို့၏ ဘိုးဘေး ဝူဟောက် ရှိရာသို့ ဦးတည်သွားကြသည်။

မကြာမီ သူတို့နှစ်ဦးသည် ဝူဟောက်၏ ခြံဝင်းထဲသို့ ရောက်ရှိလာပြီး ၊ ဝူဟောက်သည် မြစ်ဖြစ်သူ ဝူလိကို ချစ်စနိုးဖြင့် စနောက်နေသော စုချောင်ရန်ကို ကြည့်ရှုရင်း အလုပ်များနေသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ဦးသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဝူဟောက်ထံသို့ သွားရောက်ကာ အခြေအနေကို ပြောပြလိုက်သည်။ ထိုစကားကို ကြားသောအခါ ဝူဟောက်၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားသည်။

ဝူယိတောက်သည် ရွေးချယ်ခံရသူ ဖြစ်ပြီး၊ သူ့ဘဝတွင် ကပ်ဘေးအချို့ ကြုံတွေ့ရခြင်းမှာ သဘာဝ ဖြစ်သော်လည်း ပုံမှန် အခြေအနေအရ သူ့ကို ဆိုးဆိုးရွားရွား ထိခိုက်စေမည့် အရာမျိုး ဖြစ်လာမည် မဟုတ်ပေ။ သို့သော် ဝူရွှမ်ယွမ်နှင့် လီယွီလုံတို့သည် ဤအချက်ကို မသိရှိကြပေ။

လက်ရှိတွင် သူတို့သည် သားသမီး၏ လုံခြုံရေးကို စိတ်ပူနေသော မိဘများသာ ဖြစ်သည်။ ထိုသို့ တွေးမိပြီးနောက် ဝူဟောက်သည် သက်ပြင်းချကာ ပြောလိုက်သည်။

“ကိစ္စ မရှိဘူး... ငါ သွားကြည့်လိုက်မယ်”

ဘိုးဘေးသည် ကူညီမည်ဟု ပြောလာသဖြင့် ဝူရွှမ်ယွမ်နှင့် လီယွီလုံတို့မှာ သက်ပြင်းချနိုင်သွားပြီး စိုးရိမ်မှုများ လျော့ပါးသွားသည်။ ဘိုးဘေးကိုယ်တိုင် ဝင်ပါမည် ဖြစ်ရာ ၊ မိမိတို့၏ သားသည်လည်း အဆင်ပြေနိုင်လောက်မည် မဟုတ်လော။

ဝူယိတောက်သည် အလယ်ပိုင်းဒေသတွင် ရှိစဉ်ကတည်းက ထျန်းဝူတောင်၌ ကျင့်ကြံနေကြောင်းကို ဝူဟောက်လည်း သိထားသည်။ ဤသည်မှာ ဝူဟောက်အနေဖြင့် သူ့ကို အထူးတလည် အာရုံစိုက်နေခြင်းကြောင့် မဟုတ်။

ဝူဟောက်သည် လက်ရှိတွင် လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်၌ ရှိနေပြီး အစစ်အမှန်အင်မော်တယ် အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထို့ကြောင့် သူ၏ဝိညာဉ်အာရုံသည် လွန်စွာ ကျယ်ပြန့်သော အတိုင်းအတာ ရှိပြီး ၊ အနည်းငယ် စူးစမ်းလိုက်ရုံဖြင့် သိရှိနိုင်သည်။

ထို့ကြောင့် ဝူယိတောက်သည် အန္တရာယ် ကြုံတွေ့နိုင်ကြောင်း သိလိုက်ရပြီးနောက် ၊ ဝူဟောက်သည် ထျန်းဝူတောင်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ အခြားတစ်ဖက်၌ ဝူယိတောက်သည် နတ်ဆိုးဖြိုခွင်း တောင်ကြားမှ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးဦးနှင့် ရင်ဆိုင်နေရသည်။ သူ့ရှေ့၌ ပေါ်လာသော မသမာသည့် ရည်ရွယ်ချက်များ ရှိနေသည့် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးဦးကို ကြည့်ရင်း ဝူယိတောက်၏ မျက်နှာထားမှာ အတော်လေး ကြည့်ရဆိုးနေသည်။

တောင်အောက် ဆင်းလာရုံမျှဖြင့် ၊ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးဦးသည် သူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်၌သာ ရှိသေးသော သူ့ကို အာရုံစိုက်လာလိမ့်မည်ဟု လုံးဝမှ ထင်မထားခဲ့ပေ။

ဝူယိတောက်သည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ဟု စဉ်းစားနေစဉ် လူတစ်ယောက်သည် သူ့ရှေ့၌ ထွက်ပေါ်လာပြီး အော်ပြောလိုက်သည်။

“ မင်း... မြန်မြန် သွား... ဒီနေရာကို ငါနဲ့လွဲထားခဲ့...”

“ဘိုးဘေး ဝူရွှမ်... ဘိုးဘေး ဘာလို့ ဒီရောက်နေတာလဲ”

ထိုအနှီပုဂ္ဂိုလ်၏ ထွက်ပေါ်လာမှုကြောင့် ၊ ဝူယိတောက်မှာ အံ့အားသင့်သွားကာ မေးမြန်းလိုက်၏။

သို့သော် ချန်ဝူရွှမ်သည် ယခုအချိန်တွင် စကားများများ မပြောနိုင်ပေ။ ရှင်းပြရန် အချိန်မရှိကြောင်းနှင့် အရင် သွားနှင့်ရန်သာ ပြောဆိုပြီးနောက် ၊ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ ငါးဦးနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။

ထိုအခြေအနေကို မြင်သောအခါ ဝူယိတောက်သည် အံကြိတ်လိုက်ပြီး နောက်လှည့်ကာ ထျန်းဝူတောင်ဘက်သို့ ထွက်ပြေးလေတော့သည်။ သူ ဆက်နေပါက အကြီးအကဲ ဝူရွှမ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ကို သိထားသည်။ သူ လွတ်မြောက်သွားမှသာလျှင် ၊ အကြီးအကဲ ဝူရွှမ် အနေဖြင့် အသက်ရှင်ရန် အခွင့်အရေး ရနိုင်ပေလိမ့်မည်။

သို့သော် ဝူယိတောက်သည် လှည့်ပြေးရန် ပြင်လိုက်စဉ်မှာပင် သွေးရောင် အလင်းတန်းများစွာ မြေကြီးထဲမှ ထိုးထွက်လာပြီး ချက်ချင်းပင် သူတို့ကို ဝိုင်းရံထားသော သွေးရောင် လှောင်အိမ်တစ်ခု ဖြစ်ပေါ်လာလေတော့သည်။

အခန်း ၅၆ - ဝူယီဖန်၏ တောက်ပသော ပွဲထွက်မှု

“သောက်ကျိုးနည်း... ခင်ဗျားတို့ ဒါကို ကြိုစီစဉ်ထားတာလား”

ချန်ဝူရွှမ်သည် သူ့ရှေ့မှ မြင်ကွင်းကို မြင်ပြီးနောက် ၊ သူ့ရှေ့တွင် ပိတ်ရပ်ထားသော ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ ငါးဦးကို ပြန်ကြည့်ရင်း သူ၏ မျက်နှာထားမှာ အတော်လေး ကြည့်ရဆိုးနေခဲ့သည်။

သို့သော် ချန်ဝူရွှမ်ကို အံ့အားသင့်စေခဲ့သည်မှာ တစ်ဖက်ရှိ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ ငါးဦးသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြောင်အမ်းနေကြခြင်း ဖြစ်ပေသည်။

နေပါဦး... ဒီမြင်ကွင်းက ဇာတ်ညွှန်းထဲမှာ မပါပါဘူးလေ...

သို့သော် သူတို့ ငါးဦးစလုံးသည် ဤအရာမှာ ရန်ဘက်အင်အားစုများ၏ လက်ချက် ဖြစ်ရမည်ဟု တိတ်တဆိတ် သဘောတူလိုက်ကြသည်။ ထျန်းဝူတောင်၏ သူတော်စင်သားတော်ကို ဤနေရာ၌ အောင်မြင်စွာ ဖယ်ရှားနိုင်ရေးအတွက် မည်သည့် အမှားအယွင်းမျှ မရှိစေရန် စီစဉ်ထားခြင်း ဖြစ်နိုင်သည်။

မကြာမီပင် သူတို့အားလုံး၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။ တစ်စုံတစ်ခု မှားယွင်းနေခဲ့သည်။ ဝူယိတောက်ကို သတ်ဖြတ်ရန် ဖြစ်ပါက ၊ သူတို့၏ အသက်စွမ်းအားများသည် အဘယ့်ကြောင့် တစ်စတစ်စ စုပ်ယူခံနေရသနည်း။

“တစ်ခုခုတော့ မှားနေပြီ... ဘာလို့ ငါ့အသက်စွမ်းအားတွေပါ စုပ်ယူခံနေရတာလဲ... ဒီအစီအရင်ကို ဘယ်သူ ဆင်ထားတာလဲ”

ရွှေဓားဂိုဏ်း၏ ဘိုးဘေးကြီးသည် လွန်စွာ ကြည့်ရဆိုးသော မျက်နှာထားဖြင့် ဒေါသတကြီး ပြောလိုက်၏။

အခြားသူများလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်ကြသည်။

“ဒါ ငါ့ မြွေစိမ်းဂိုဏ်းရဲ့ လက်ချက် မဟုတ်ဘူး”

“ငါ့ ဟယ်ဟွမ်ဂိုဏ်းက ဘယ်လိုလုပ် ဒါမျိုး လုပ်မှာလဲ... သေချာကြည့်ကြစမ်းပါ... ငါ့စွမ်းအားတွေလည်း စုပ်ယူခံနေရတာ”

“ငါ့ သံရုပ်သေးဂိုဏ်း လုပ်တာလည်း မဟုတ်ဘူး”

လူတိုင်း၏ အကြည့်များသည် နတ်ဆိုးဖြိုခွင်း တောင်ကြား၏ ဘိုးဘေးကြီး မိုလျန်ရှင်းထံသို့ အလိုအလျောက် ရောက်သွားကြသည်။ သို့သော် ထိုအချိန်၌ မိုလျန်ရှင်း၏ မျက်နှာထားမှာလည်း ကြည့်မကောင်း ဖြစ်နေ၏။

စဉ်းစားစရာပင် မလိုဘဲ ကျန်လေးဦးသည် သူတို့ လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။

ထိုအချိန်မှာပင် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် အရိပ်ထဲမှ ထွက်ပေါ်လာပြီး လက်ခုပ်တီးလိုက်သည်။

“ဟားး... မဆိုးဘူး... မဆိုးဘူး... နောက်ဆုံးတော့ ငါးစာမိသွားကြပြီပဲ”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ရွှေဓားဂိုဏ်း ဘိုးဘေးနှင့် အခြားသူများသည် လက်ရှိ အခြေအနေမှာ တစ်ဖက်လူ၏ လက်ချက် ဖြစ်ကြောင်း လျင်မြန်စွာ ခန့်မှန်းမိလိုက်ကြသည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ ဘေးတွင် ရပ်နေသော မိုချန်ရန်ကို မြင်လိုက်ရသောအခါ မိုလျန်ရှင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“တောင်ကြားသခင်... မင်း ဘာလုပ်တာလဲ”

မိုချန်ရန်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး ရှင်းပြလိုစိတ် မရှိပုံရသည်။ သို့မဟုတ် သူသည် အကြီးအကဲများ ရှေ့တွင် စကားပြောရန် အပြစ်ရှိစိတ် ဖြစ်နေပုံရသည်။

သို့သော် ဘေးတွင် ရပ်နေသော သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကမူ ၊ စိတ်အားထက်သန်စွာဖြင့် မဲ့ပြုံးပြုံးကာ ဝင်ပြောလိုက်သည်။

“ဟားး... မမြင်ဘူးလား... မင်းတို့ တောင်ကြားသခင်က မင်းတို့ကို ရောင်းစားလိုက်ပြီလေ... မဟာဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး တစ်ခုတည်း အတွက်နဲ့ပေါ့”

ထိုစကားကို ကြားသောအခါ မိုလျန်ရှင်းနှင့် အခြားသူများ၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

ထိုစဉ် ချန်ဝူရွှမ်က မထိန်းချုပ်နိုင်သော လှောင်ပြောင်သံဖြင့် ပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ... မူလက သူတော်စင်သားတော်ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တဲ့ ခင်ဗျားတို့က အခုတော့ သူများလက်ချက်နဲ့ သစ္စာဖောက် ခံလိုက်ရပြီပေါ့”

ချန်ဝူရွှမ် စကားပြောနေစဉ် ဟယ်ဟွမ်ဂိုဏ်း၏ ဘိုးဘေး လီရွှီဟွမ်က လေသံပြောင်း၍ ပြောလိုက်သည်။

“ငါတို့ လက်တွဲကြရအောင်... မဟုတ်ရင် နောက်ကျ ငါတို့ တကယ် ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”

ထိုစကားကို ကြားသောအခါ ချန်ဝူရွှမ်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။

“ကောင်းပြီ... ကျုပ် ခင်ဗျားတို့နဲ့ လက်တွဲနိုင်တယ်... ဒါပေမဲ့ ခင်ဗျားတို့ ကောင်းကင်တာအိုကို တိုင်တည်ပြီး ကျိန်ဆိုရမယ်... ဒီနေ့ကစပြီး ငါ့ကိုရော၊ သူတော်စင်သားတော်ကိုရော မထိခိုက်စေရဘူး လို့... မဟုတ်ရင်တော့ အားလုံး အတူတူ သေဖို့သာ ပြင်ထားလိုက်”

ချန်ဝူရွှမ်၏ စကားကို ကြားသောအခါ မိုလျန်ရှင်းနှင့် အခြားသူများသည် ဒေါသတကြီး အံကြိတ်လိုက်ကြပြီး ၊ ချန်ဝူရွှမ်သည် သူတို့ ဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူသည်ဟု အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း သူတို့သည် ချန်ဝူရွှမ်နှင့် ပူးပေါင်းရုံမှတပါး အခြား ရွေးချယ်စရာ မရှိ‌ပေ။

ချန်ဝူရွှမ်သည် သူတို့နှင့်တန်းတူ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ဖြစ်သော်လည်း ၊ သူ၏ စွမ်းအားမှာ သူတို့ထက် များစွာ သာလွန်ပြီး အနည်းဆုံး ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် နှစ်ဦးနှင့် ညီမျှသည်။

ချန်ဝူရွှမ်ကိုယ်တိုင် ပါဝင်လာပါက သူတို့သည် အသက်ရှင် လွတ်မြောက်နိုင်ခြေ ပိုများပေလိမ့်မည်။ မိုလျန်ရှင်း အနေဖြင့်မူ ၊ ကိုယ်ပိုင် တောင်ကြားသခင်၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသဖြင့် နတ်ဆိုးဖြိုခွင်း တောင်ကြားအပေါ် စိတ်ပျက်သွားကာ တွန့်ဆုတ်မနေဘဲ ကောင်းကင်တာအို ကျိန်စာကို ကျိန်ဆိုလိုက်သည်။

အားလုံး ကျိန်ဆိုပြီးသည်ကို မြင်သောအခါ ချန်ဝူရွှမ်သည် တုံ့ဆိုင်းမနေတော့ဘဲ သူတို့နှင့် ပူးပေါင်းကာ သွေးဝိညာဉ်ဂိုဏ်း တမန်တော်နှင့် မိုချန်ရန်တို့ကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

သို့သော် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ထိုမြင်ကွင်းကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ပြီး “ပျော်စရာကောင်းလိုက်တာ” ဟု ရေရွတ်ကာ လက်ဖျစ်တစ်ချက် တီးလိုက်သည်။

တစ်ခဏချင်းပင် အစီအရင်၏ စွမ်းအားသည် မြင့်တက်လာပြီး ချန်ဝူရွှမ်နှင့် အခြားသူများကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဖိချလိုက်၏။

“ဘာ... အစီအရင်က ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ”

မြွေစိမ်းဂိုဏ်း၏ ဘိုးဘေးသည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

အစီအရင် တစ်ခုတည်းနှင့်ပင် သူတို့ကို ဖိနှိပ်ထားနိုင်ပြီး ၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော်နှင့် မိုချန်ရန်တို့ မပါသေးချေ။ သူ၏ ဘိုးဘေးနှင့် အခြားသူများ ဖိနှိပ်ခံထားရသည်ကို ကြည့်ရင်း ၊ မိုချန်ရန်သည် သတိပေးလိုက်သည်။

“ ကျုပ် တောင်ကြားသခင်ကို ပေးထားတဲ့ ကတိ မမေ့နဲ့နော်”

သူသည် ဤအရာအားလုံးကို ပြုလုပ်ခဲ့သည်မှာ မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် အတွက်သာ ဖြစ်သည်။ အကယ်၍ မဟာဧကရာဇ် အဆင့်သို့ မတက်လှမ်းနိုင်ပါက ၊ သူသည် အမှန်တကယ်ပင် ရူးသွပ်သွားနိုင်သည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်က မဲ့ပြုံးပြုံးလိုက်၏။

“မပူပါနဲ့... ဒီကိစ္စကို ငါ သေချာပေါက် မှတ်မိပါတယ်”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ စကားကို ကြားသောအခါ မိုချန်ရန်သည် ခေါင်းညိတ်လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ၊ နောက်တစ်စက္ကန့်၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ ငုံ့ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

မှောင်မိုက်၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် လက်တစ်ဖက်သည် သူ၏ ရင်ဘတ်ကို ဖောက်ထွက်နေသည်။

“ဘာလို့လဲ... ဘာလို့လဲ”

မိုချန်ရန်သည် မယုံကြည်နိုင်စွာဖြင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို လှည့်ကြည့်လိုက်သည်။ တမန်တော်၏ မျက်နှာကို သေချာ မမြင်ရသော်လည်း ထိုသူ၏ မျက်နှာထားမှာ လွန်စွာ ပျော်ရွှင်နေမည်ကို သူ ခန့်မှန်းနိုင်သည်။

“ဟားး... မင်း မဟာဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ ငါ ကူညီမယ်လို့ တကယ်ကြီး ထင်နေတာလား... မရိုးစမ်းပါနဲ့... ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ခြောက်ယောက်ရဲ့ သွေးစွမ်းအင်လောက်နဲ့ မဟာဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်မယ် မထင်နဲ့... အရေးအကြီးဆုံးက ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်မှာ ရှိတဲ့ မင်းရဲ့ သွေးအဆီအနှစ်ပဲ”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ စကားကို ကြားလိုက်ရသောအခါ မိုချန်ရန်၏ မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်သွားပြီး ဟိန်းဟောက်လိုက်၏။

“သောက်ကျိုးနည်း... မင်းက ဒီတောင်ကြားသခင်ကို လိမ်ရဲတယ်ပေါ့လေ... ဒီလိုဆိုမှတော့ အားလုံး....”

မိုချန်ရန် စကားမဆုံးမီမှာပင် ၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် သူ့ကို တစ်စစီ ဆွဲဖြဲပစ်လိုက်သည်။ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် သွေးစွမ်းအင်များသည် အစီအရင်၏ ဆွဲငင်မှုကို ခံလိုက်ရပြီး ၊ အစီအရင်၏ အလယ်ဗဟို လေဟာနယ်ထဲတွင် စုဝေးသွားကာ သွေးနီရောင် ဆေးလုံးတစ်လုံးအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း မိုလျန်ရှင်းနှင့် အခြားသူများသည် မယုံကြည်နိုင် ဖြစ်နေကြသည်။ မိုချန်ရန်ကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသည် လျှပ်တပြက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ ထို့အပြင် မိုချန်ရန်သည် စစ်မှန်သော ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ရှိသူတစ်ယောက် ဖြစ်သည်။

ထိုအချိန်တွင် သူတို့သည် မျှော်လင့်ချက်များ ပျောက်‌ဆုံးသွားခဲ့သည်။ ဖြတ်သွားဖြတ်လာ စွမ်းအားရှင် တစ်ဦးဦးက ဤနေရာမှ လျှို့ဝှက်ချက်များကို တွေ့ရှိပြီး ဝင်ရောက် ကူညီခြင်း မရှိပါက ၊ သူတို့ အနေဖြင့် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် မတော်တဆ ဖြတ်သန်းသွားသော စွမ်းအားရှင် ဝူဟောက်သည် အစီအရင်အခင်းအကျင်း၏ အပြင်ဘက်တွင် ပေါ်ထွက်လာသည်။ ထိုအစီအရင်ကို ကြည့်ရင်း ဝူဟောက်သည် အတွေးများနေခဲ့သည်။

အတွင်း၌ ဖြစ်ပျက်နေသည်များကို သူသည် ရှင်းလင်းစွာ မြင်နေရသော်လည်း ၊ အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။ သူသည် အဆမတန် အစွမ်းထက်သော စနစ်ကို ပိုင်ဆိုင်ထားသည့် ကူးပြောင်းသူ တစ်ဦး ဖြစ်သောကြောင့် ၊ သီအိုရီအရ ကောင်းကင်တာအို၏ လှည့်စားခြင်းကို ခံရရန် မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် ရွေးချယ်ခံရသူ ဝူယိတောက်သည် မည်သို့ အသက်ရှင် လွတ်မြောက်နိုင်မည်နည်း။

ဝူဟောက် စဉ်းစားနေစဉ်မှာပင် မလှမ်းမကမ်းမှ လူတစ်ယောက် လာနေသည်ကို သတိထားမိလိုက်သည်။ ထိုသူ၏ နောက်တွင် ဧကရာဇ်တပိုင်း အဆင့် ကျွမ်းကျင်သူ သုံးဦးက ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေကြ၏။ ထိုထွက်ပြေးနေသူမှာ ဝူယီဖန်မှတပါး အခြားသူ မဟုတ်ချေ။

All Chapters