အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ၅၇ - သူများဓား ငှားပြီး လူသတ်ခြင်း
“သောက်ကျိုးနည်း... ခင်ဗျားတို့ သူတော်စင်မလေး ရေချိုးနေတာကို မတော်တဆ ချောင်းကြည့်မိရုံလေးပါဗျာ... ဒီလောက်အထိ လိုက်သတ်ဖို့ လိုလို့လား”
ဝူယီဖန်သည် သူ့နောက်မှ မရပ်မနား လိုက်လံတိုက်ခိုက်နေသော ဧကရာဇ်တပိုင်း ကနဦးအဆင့် ကျွမ်းကျင်သူ သုံးဦးကို ကြည့်ရင်း၊ အားကိုးရာမဲ့သည့် အမူအရာဖြင့် ရှိနေသည်။
ဝူယီဖန်၏ စကားကို ကြားပြီးနောက် နောက်မှ လိုက်ပါလာသော ဧကရာဇ်တပိုင်း သုံးဦးမှာ ဒေါသများကို မထိန်းချုပ်နိုင်တော့ပေ။
“ကောင်လေး... အခု ရပ်လိုက်စမ်း... ငါတို့နဲ့ လိုက်ခဲ့ပြီး သူတော်စင်မလေးကို တောင်းပန်လိုက်... ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်”
“ရပ်စမ်း... မရပ်ရင် ငါတို့ တကယ် သတ်ပစ်မှာနော်”
သူတို့၏ စကားကို ကြားသောအခါ ဝူယီဖန်၏ အတွေးများသည် လွန်ခဲ့သော ကာလတစ်ခုဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုစဉ်က သူသည် မြောက်ပိုင်းဒေသတွင် ခရီးသွားနေရင်း တောင်ကြီးတစ်လုံးကို ဖြတ်ကျော်ရာ၌ ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မ လင်းဇီရှင်းသည် တောထဲတွင် ရေချိုးနေသည်ကို မတော်တဆ တွေ့လိုက်ရသည်။
မြင့်မြတ်နယ်မြေတစ်ခုမှ သူတော်စင်မ တစ်ယောက်သည် အဘယ့်ကြောင့် တောထဲတွင် ရေချိုးနေရသနည်း။ ဤကဲ့သို့ နေရာတွင် ရေချိုးရန် ကြံစည်ထားသည်ဆိုတောင် ၊ အခြေခံ လုံခြုံရေး အစီအမံများ ပြုလုပ်ထားသင့်သည် မဟုတ်လော။
အမှန်အားဖြင့် ဝူယီဖန်သည် နားလည်မှု လွဲနေခြင်း ဖြစ်သည်။ ထိုနေရာသည် ရေမြင့်မြတ်နယ်မြေ၏ ပိုင်နက်ဖြစ်ပြီး သာမန်လူများ ဝင်ရောက်နိုင်ခြင်း မရှိပေ။ ဝူယီဖန် ဝင်ရောက်နိုင်ခဲ့ခြင်းမှာ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်ရပ်အနေဖြင့် ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မသည် ဝူယီဖန်ကို တွေ့ရှိသွားပြီး “နှာဘူးကောင်... သေစမ်း” ဟု အော်ဟစ်ခံလိုက်ရခြင်းသာ ဖြစ်တော့သည်။
ဝူယီဖန်သည် မိမိ၏အမှားကို သိသဖြင့် ထွက်ပြေးခဲ့ရာ နောက်ဆုံးတွင် ဧကရာဇ်တပိုင်း ကနဦးအဆင့် ကျွမ်းကျင်သူ သုံးဦး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရလေတော့သည်။
ဝူယီဖန်သည် ယခုအခါ အာဏာရှင်အဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်နေပြီဟု ဆိုနိုင်သော်လည်း ဧကရာဇ်တပိုင်းနှင့် ယှဉ်လျှင် အားနည်းနေသေးသဖြင့် ထွက်ပြေးရန်သာ တတ်နိုင်ပြီး မြောက်ပိုင်းဒေသမှ အလယ်ပိုင်းဒေသ အထိ လိုက်လံတိုက်ခိုက်ခံခဲ့ရသည်။
ဤရှုပ်ထွေးမှုမှ မည်သို့ ရုန်းထွက်ရမည်ကို ဝူယီဖန် တစ်ယောက် စဉ်းစားနေစဉ် ၊ သူ၏ ဘိုးဘေးဆီမှ အသံလွှင့် စကားတစ်ခွန်းကို ကြားလိုက်ရသည်။
“ယီဖန်...”
“ဘိုးဘေး... ဘိုးဘေးလား”
ဝူဟောက်၏ အသံကို ကြားလိုက်ရသည်နှင့် ဝူယီဖန်၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ ဘိုးဘေး ရှိနေမှတော့ သူသည် ဘေးကင်းပြီ ဖြစ်သည်။
“ဟုတ်တယ်... ဘိုးဘေးပဲ... အခု ဘိုးဘေးမှာ မင်း လွတ်မြောက်ဖို့ နည်းလမ်းတစ်ခု ရှိတယ်... ဟိုဘက်ကို ဦးတည်သွားလိုက်... မင်းရဲ့ ဝမ်းကွဲအစ်ကို အန္တရာယ် ကြုံနေရပြီး နတ်ဆိုးကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်... အဲဒီ နတ်ဆိုး သုံးကောင်ကို မင်းအစ်ကို ရှိတဲ့နေရာဆီ မျှားခေါ်သွားလိုက်တာနဲ့ သူတို့က မင်းကို လက်လျှော့ပြီး အဲဒီ နတ်ဆိုးကျင့်ကြံသူ သုံးကောင်ကို တိုက်ခိုက်ကြလိမ့်မယ်”
ထိုစကားကို ကြားသည်နှင့် ဝူယီဖန်၏ မျက်လုံးများသည် အရောင်တောက်လာပြီး ဝူဟောက် ညွှန်ပြသော လမ်းကြောင်းအတိုင်း လျင်မြန်စွာ ဦးတည်သွားလိုက်သည်။
ဝူဟောက်သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ထိုမြင်ကွင်းကို ကြည့်နေ၏။ ရွှမ်ထျန်းကမ္ဘာမှ ကျင့်ကြံသူများသည် ဖြောင့်မတ်သော လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ် နှစ်ခုစလုံးအပေါ် လွန်စွာ ရန်လိုကြကြောင်း သူ သိထားသည်။ ထို့အပြင် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ကြံစည်နေသည် မဟုတ်လော။
အကယ်၍ ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲ သုံးဦးသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို မလွဲမသွေ တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအချိန်တွင် မိုလျန်ရှင်းနှင့် အခြားသူများ ပေါင်းစည်းလိုက်ပါက သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် အရှက်တကွဲ ထွက်ပြေးရုံမှတပါး ရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။
မကြာမီ ဝူယီဖန်သည် ဘိုးဘေးဖြစ်သူ ဝူဟောက်၏ လမ်းညွှန်မှုဖြင့် အစီအရင်အနားသို့ ရောက်ရှိလာခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန် ရုပ်ဖျက်ထားသော်လည်း သို့သော် ဧကရာဇ်တပိုင်း တစ်ဦး အနေဖြင့် သေချာစွာ စစ်ဆေးပါက အစီအရင်အခင်းအကျင်းတစ်ခု ရှိနေကြောင်း သိရှိနိုင်သည်။
ရွေးချယ်ခံရသူ ဖြစ်သည့်အတွက် ဝူယီဖန်သည် အဆင့်တူ ကျင့်ကြံသူများထက် များစွာ သာလွန်သည်။ အနည်းငယ် စုံစမ်းစစ်ဆေးပြီးနောက် ၊ ဤနေရာ၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ပြီး အနီးအနားတွင် လျင်မြန်စွာ ပုန်းအောင်းလိုက်သည်။
ဝူယီဖန် ပုန်းအောင်းလိုက်သည့် အချိန်မှာပင် ရေမြင့်မြတ်နယ်မြေမှ ဧကရာဇ်တပိုင်း ကနဦးအဆင့် အကြီးအကဲ သုံးဦး ရောက်ရှိလာကြသည်။ ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် ဝူယီဖန်၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် သူတို့သည် မျက်မှောင်ကြုတ်လိုက်ကြသည်။
အကယ်၍ ဝူယီဖန်ကို ဖမ်းမခေါ်သွားနိုင်ပါက၊ သူတော်စင်မလေးသည် သူတို့အပေါ်သို့ ဒေါသပုံချပေတော့မည်။
သူတို့သည် ရေမြင့်မြတ်နယ်မြေတွင် မြင့်မားသော အဆင့်အတန်း ရှိသည့် ဧကရာဇ်တပိုင်း ကနဦးအဆင့် အကြီးအကဲများ ဖြစ်ကြသော်လည်း သခင်မြတ် လင်းရွှေရို၏ သမီးဖြစ်သူ သူတော်စင်မ လင်းဇီရှင်းကို ပြစ်မှားရန် မတတ်နိုင်ကြပေ။
သေချာစွာ စစ်ဆေးပြီးနောက် နောက်ဆုံးတွင် ဤနေရာ၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့ တွေ့ရှိသွားကြသည်။
“ဟွန့်... ကောင်စုတ်လေး... ဒီမှာ အစီအရင်တစ်ခု ဆင်ပြီး ငါတို့ လိုက်လာတာကို ရှောင်လို့ ရမယ် ထင်နေလား... ထွက်ခဲ့စမ်း”
ဧကရာဇ်တပိုင်း ကျွမ်းကျင်သူ သုံးဦးသည် ရုတ်တရက် တိုက်ခိုက်လာကြပြီး အစီအရင်ကို ဗုံးကြဲလေတော့သည်။
အစီအရင်အတွင်းမှ ချန်ဝူရွှမ်နှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူဖျော့နေကြသည်။ ဤအတိုင်း ဆက်သွားပါက ၊ သူတို့သည် မိနစ်ပိုင်း အတွင်း အရည်ကျိုခံရတော့မည်ကို အာရုံခံမိနေကြသည်။ဝူယိတောက်မှာ သတိလစ်နေပြီ ဖြစ်ပြီး သူ၏ စွမ်းအားများမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
အစီအရင်၏ အထက်တွင် ဆေးလုံးတစ်လုံးကို ဖြည်းညင်းစွာ ဖန်တီးနေပြီး မကြာမီ ပြီးစီးတော့မည့်ပုံ ပေါက်နေသည်။
“ဟားး... သွေးဧကရာဇ်ဆေးလုံးကို ပြီးတာနဲ့ ငါ မဟာဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ပြီ... အဲဒီအချိန်ကျရင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး ငါ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အမိန့်အောက် ရောက်သွားစေရမယ်”
သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ရွှမ်ထျန်းကမ္ဘာကို အုပ်စိုးနေသည့် သွေးဝိညာဉ်ဂိုဏ်း၏ ကြီးကျယ်သော မြင်ကွင်းကို စိတ်ကူးယဉ် အိပ်မက်ထဲတွင် နစ်မြောနေစဉ် အစီအရင် အပြင်ဘက်မှ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျ တစ်ခုကို အာရုံခံလိုက်မိသည်။
“ ဒါဘာဖြစ်တာလဲ”
သွေးဝိညာဉ်ဂိုဏ်း တမန်တော်မှ တုံ့ပြန်ချိန် မရလိုက်မီ နောက်တစ်စက္ကန့်၌ အစီအရင်သည် ကျိုးပျက်သွားသည်။
“ဘာ...”
သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ မျက်နှာထားမှာ မည်းမှောင်သွား၏။ သူ့အစီအစဉ်ကို တစ်စုံတစ်ယောက် လာဖျက်ဆီးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အရာအားလုံး ပြင်ဆင်ထားပြီး ဖြစ်ပါလျက် အဘယ်ကြောင့် မဟာဧကရာဇ် အဆင့်သို့ မတက်လှမ်းနိုင်ရသနည်း။
ရေမြင့်မြတ်နယ်မြေမှ ဧကရာဇ်တပိုင်း အကြီးအကဲ သုံးဦးသည် သူတို့၏ရှေ့မှ မြင်ကွင်းကြောင့် အနည်းငယ် ကြောင်အမ်းနေကြသည်။
နေပါဦး... သူတို့က ဝူယီဖန်ကို လိုက်နေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး နားမလည်နိုင်တဲ့ ရှုပ်ထွေးမှု တစ်ခုထဲ ရောက်ချသွားတာတုန်း ...
ဘာဖြစ်နေမှန်း သူတို့ကိုယ်တိုင် နားမလည်ခင်မှာပင် မြေပြင်ပေါ်သို့ လဲကျနေသော မိုလျန်ရှင်းနှင့် အခြားသူများသည် မတ်တတ်ထရပ်လိုက်ကြပြီး ၊ ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲများကို ကြည့်ကာ ပြောလိုက်ကြသည်။
“ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့... ကျုပ်တို့ရှေ့က ဒီလူက နတ်ဆိုးကျင့်ကြံသူပါ... သူ့ကို သုတ်သင်ဖို့ ဝိုင်းကူပေးကြပါဦး”
“ဘာ... နတ်ဆိုးကျင့်ကြံသူ ဟုတ်လား”
မိုလျန်ရှင်းနှင့် အခြားသူများ၏ စကားကို ကြားလိုက်ရချိန်တွင် ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲများ၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားသည်။
အကြည့်ချင်း ဖလှယ်ပြီးနောက် ၊ သူတို့သည် ရှေ့မှ သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို အရင်ဆုံး ပူးပေါင်းဖြေရှင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ဝူယီဖန် ကိစ္စကိုမူ ၊ နောက်မှ ဆက်လက် ဖြေရှင်းမည်။ သူတို့၏ သူတော်စင်မလေးသည် သဘောထားကြီးသူ ဖြစ်ပြီး ၊ သူတို့ကို နားလည်ပေးမည်မှာ သေချာသည်။
လူကိုးယောက်သည် သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်ပြီး သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ မျက်နှာထားမှာ အတော်လေး ကြည့်ရဆိုးနေခဲ့သည်။ အချိန်သာ ရမည်ဆိုပါက၊ သူ့ရှေ့မှ လူကိုးယောက်ကို သေချာပေါက် သတ်ဖြတ်ပစ်မည် ဖြစ်သည်။
သို့သော် အရေးအကြီးဆုံးမှာ သူ့တွင် အချိန်မရှိတော့ခြင်း ဖြစ်သည်။ ရွှေဓားဂိုဏ်းနှင့် အခြား အင်အားစုများမှ ခေါင်းဆောင်များသည် မလှမ်းမကမ်းမှ သူ့ဆီသို့ ဦးတည်ကာ လာရောက်နေသည်ကို အာရုံခံမိလိုက်သည်။
အစီအရင် ကျိုးပျက်သွားပြီးနောက်၊ ရွှေဓားဂိုဏ်းမှ အကြီးအကဲများနှင့် အခြားသူများသည် သူတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များကို ဆက်သွယ်ခဲ့ကြသည်။
ဆိုလိုသည်မှာ သူ့အနေဖြင့် ဆက်လက် အချိန်ဆွဲနေပါက၊ သူသည် ဤနေရာ၌ အမှန်တကယ်ပင် သေဆုံးသွားနိုင်ချေရှိသည်။
မလှမ်းမကမ်းရှိ တစ်ဝက်တစ်ပျက် ပြီးစီးနေသော သွေးဧကရာဇ်ဆေးလုံးကို ကြည့်ရင်း သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် အံကြိတ်လိုက်သည်။ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူသည် အရင် ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
“စောင့်နေကြ... တစ်နေ့ကျရင် ငါ သေချာပေါက် ပြန်လာပြီး လက်စားချေမယ်”
စကားဆုံးသည်နှင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် လွန်စွာ သိပ်သည်းသော သွေးမြူများကို ထုတ်လွှတ်လိုက်ပြီး ၊ ချန်ဝူရွှမ်နှင့် အခြားသူများကို အမြင်ဝါးအောင် ပြုလုပ်လိုက်သည်။
သွေးမြူများ ပျောက်ကွယ်သွားသည်နှင့် သွေးဝိညာဉ်ဂိုဏ်းတမန်တော်နှင့် မပြီးပြတ်သွားခဲ့သော သွေးဧကရာဇ်ဆေးလုံးတို့သည်လည်း တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
အခန်း ၅၈ - သွေးဧကရာဇ်ဆေးလုံး တစ်လုံး ပေးလိုက်ရုံနဲ့ အလုံးတစ်သန်း ပြန်ရခြင်း
“ဟေ... ငါ့ရဲ့ သူတော်စင်သားတော် ဘယ်ရောက်သွားလဲ “
သွေးဝိညာဉ်ဂိုဏ်း တမန်တော် ထွက်ပြေးသွားသဖြင့် ချန်ဝူရွှမ်တစ်ယောက် ဒေါသထွက်နေသော်လည်း ၊ သူ၏ သူတော်စင်သားတော် ပျောက်ဆုံးနေကြောင်း လျင်မြန်စွာ သတိပြုမိလိုက်သည်။
ချန်ဝူရွှမ်သည် မိုလျန်ရှင်းနှင့် အခြားသူများကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဝူဟောက်၏ အသံလွှင့်ပေးပို့မှုသည် သူ့ခေါင်းထဲသို့ ရောက်ရှိလာသည်။
“မပူပါနဲ့... ရိတောက် အိမ်ပြန်ရောက်နေပါပြီ... ငါက သူ့ရဲ့ ဘိုးဘေးပါ”
ဝူဟောက်၏ စိတ်ချင်းဆက်သွယ်သော သတင်းစကားကို ကြားလိုက်ရမှသာ ချန်ဝူရွှမ်မှာ သက်ပြင်းချနိုင်တော့သည်။ သူသည် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ဖြစ်ပါလျက်နဲ့ အခြားသော စွမ်းအားရှင်များ၏ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ပေ။ သူတော်စင်သားတော်၏ ဘိုးဘေးသည် မည်မျှ စွမ်းအားကြီးမားလေသနည်း။
ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီဖြင့် သူတော်စင်သားတော်၏ နောက်ကွယ်မှ မိသားစုသည် သာမန် မည်သို့ဖြစ်နိုင်မည်နည်း။
လက်ရှိ အခြေအနေအရ သူတော်စင်သားတော်၏ ဘိုးဘေးသည် သူတို့ ထျန်းဝူတောင်၏ ဘိုးဘေးထက်ပင် ပိုမို စွမ်းအားကြီးမားနိုင်ပြီး ၊ မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်နိုင်သည်။
ဝူဟောက် - (တောင်းပန်ပါတယ်... ငါက အစစ်အမှန်အင်မော်တယ် အဆင့်ကို တက်လှမ်းတော့မှာပါ...)
သို့သော် သူတော်စင်သားတော် ဘေးကင်းကြောင်း သိလိုက်ရသဖြင့် ချန်ဝူရွှမ်မှာ သက်ပြင်းချလိုက်ပြီး မိုလျန်ရှင်းနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကိစ္စ ပြီးသွားပြီဆိုတော့... ငါ သွားတော့မယ််”
ရွှေဓားဂိုဏ်း၏ ဘိုးဘေးနှင့် အခြားသူများသည် မိုလျန်ရှင်းကို တစ်ချက်ကြည့်လိုက်ကြပြီး ၊ သူတို့၏ မျက်လုံးများထဲတွင် အဓိပ္ပာယ်များ ရှိနေခဲ့သည်။
ဤကိစ္စသည် နတ်ဆိုးဖြိုခွင်း တောင်ကြားသခင်ကြောင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ၊ နတ်ဆိုးဖြိုခွင်း တောင်ကြား၏ ဘိုးဘေး တစ်ဦး အနေဖြင့် သူ့တွင် တာဝန်မကင်းပေ။ အတိုချုပ် ပြောရလျှင်ဖြင့် ၊ နတ်ဆိုးဖြိုခွင်း တောင်ကြား အနေဖြင့် ဂရုစိုက်ရန် လိုအပ်နေချေပြီ။
မိုလျန်ရှင်းသည် ဤအချက်ကို သဘာဝကျစွာပင် သိရှိသဖြင့် နှုတ်ဆက်ပြီးသည်နှင့် နတ်ဆိုးဖြိုခွင်း တောင်ကြားသို့ အပြေးပြန်လေတော့သည်။ ယခု သူ ဆုတောင်းနေသည်မှာ နတ်ဆိုးဖြိုခွင်း တောင်ကြားတစ်ခုလုံးတွင် ဤကိစ္စကို လုပ်ဆောင်ခဲ့သူမှာ မိုချန်ရန် တစ်ယောက်တည်းသာ ဖြစ်ပါစေ ဟူ၍သာ။
အကယ်၍ အခြားသူများပါ ပါဝင်ပတ်သက်နေမည်ဆိုပါက ၊ နတ်ဆိုးဖြိုခွင်း တောင်ကြားသည် နတ်ဆိုးကျင့်ကြံသူများနှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲခံရနိုင်သည်။
ထိုအချိန်ကျလျှင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးရှိ ဖြောင့်မတ်သော ဂိုဏ်းများ အားလုံးသည် နတ်ဆိုးဖြိုခွင်း တောင်ကြားကို ပူးပေါင်း တိုက်ခိုက်ကြပေလိမ့်မည်။ ထို့ကြောင့် မည်သည့်ကိစ္စမှ မဖြစ်ပွားမီ ၊ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားရပေမည်။
ရွှေဓားဂိုဏ်း ဘိုးဘေးနှင့် အခြားသူများသည် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် တာအိုဟောက်ဟွမ်နှင့် အခြားသူများလည်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြသည်။ သူတို့သည် မိုလျန်ရှင်း ထွက်ခွာသွားပြီး စက္ကန့်ပိုင်း အကြာတွင် ရောက်ရှိလာခဲ့သည်။
ရောက်ရှိလာပြီးနောက် ဘိုးဘေးထံမှ ဖြစ်ပျက်ခဲ့သမျှကို သိရှိလိုက်ရသည်။ သူတို့၏ အမူအရာများမှာ အတော်လေး ကြည့်ရဆိုးနေပြီး ၊ မိုချန်ရန်သည် သူတို့ကို လုပ်ကြံရန် ကြံစည်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အကယ်၍ မိုချန်ရန်သာ သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ လက်ချက်ဖြင့် သေဆုံးမသွားခဲ့ပါက ၊ သူတို့အားလုံးသည် သူ့ကို ဝိုင်းဝန်း တိုက်ခိုက်မိကြပေလိမ့်မည်။
“ဒါနဲ့... ဝူယိတောက်ရော... သူ့ကို ဖမ်းမိလိုက်လား”
တာအိုဟောက်ဟွမ်နှင့် အခြားသူများသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူတို့၏ ဘိုးဘေးကို မေးလိုက်ကြသည်။
ထိုစကားကို ကြားသောအခါ ရွှေဓားဂိုဏ်း ဘိုးဘေးနှင့် အခြားသူများသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်ကြသည်။
ဘိုးဘေး၏ ဆုံးဖြတ်ချက်ကို ကြားပြီးနောက် တာအိုဟောက်ဟွမ်နှင့် အခြားသူများသည် တစ်ခဏမျှသာ ဒေါသထွက်ခဲ့ကြသော်လည်း ပြန်လည် စဉ်းစားကြည့်သောအခါ သဘောတူရန်မှတပါး အခြား ရွေးချယ်စရာ မရှိကြောင်း တွေ့ရှိလိုက်ရသည်။
ထျန်းဝူတောင်သည် အင်အားကြီးမားလာပြီး သူတို့ကို တိုက်ရိုက် ဖျက်ဆီးပစ်မည် မဟုတ်သော်လည်း ၊ နတ်ဆိုးကျင့်ကြံသူများသာ အင်အားကြီးမားလာပါက သူတို့ကို အမှန်တကယ် ဖျက်ဆီးပစ်ပေလိမ့်မည်။
“ကောင်းပြီလေ... ဒီလောက်နဲ့ပဲ ထားလိုက်ကြစို့... နောက်တစ်ခါ... နောက်တစ်ခါကျရင် ဝူယိတောက်ကို လုံးဝ အလွတ်မပေးဘူး”
တာအိုဟောက်ဟွမ်နှင့် အခြားသူများသည် ရက်စက်သော မျက်နှာထားများဖြင့် ပြောလိုက်ကြသည်။
ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲများ အနေဖြင့်မူ ၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော် ထွက်ပြေးသွားသည်ကို မြင်လိုက်ရပြီးနောက် လှည့်ထွက်ကာ ရေမြင့်မြတ်နယ်မြေသို့ အမြန် ပြန်သွားကြသည်။ အလယ်ပိုင်းဒေသတွင် ဧကရာဇ်တပိုင်းအဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦး ပေါ်ပေါက်လာခြင်းသည် မြင့်မြတ်နယ်မြေထံသို့ အမြန်ဆုံး သတင်းပို့ရမည့် ကိစ္စ ဖြစ်သည်။ သို့မဟုတ်ပါက ပြိုင်ဘက်သည် ပိုမို အင်အားကြီးမားလာပါက ၊ အရေးယူရန် နောက်ကျသွားပေလိမ့်မည်။
ထို့အပြင် ဤဖြစ်ရပ်တွင် ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေကြောင်း သူတို့ ဝိုးတဝါး အာရုံခံမိသည်။ ဤနတ်ဆိုးကျင့်ကြံသူသည် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းသွားပါက ၊ ဧကရာဇ်လက်နက်၏ အထောက်အပံ့ ရှိရင်တောင် သူတို့၏ မြင့်မြတ်နယ်မြေသည် မဟာဧကရာဇ် နတ်ဆိုးကျင့်ကြံသူ၏ ပြိုင်ဘက် ဖြစ်လာချင်မှ ဖြစ်လာပေလိမ့်မည်။
ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦးသည် နတ်ဘုရားလက်နက်၏ အကူအညီဖြင့် မဟာဧကရာဇ် ကနဦးအဆင့်ရှိ တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုနိုင်သော်လည်း ၊ သို့သော် တိုက်ခိုက်စွမ်းအား သက်သက်သာ ဖြစ်သည်။ ခံနိုင်ရည် အပိုင်းတွင်မူ ၊ သာမန် မဟာဧကရာဇ်က ပိုမို အားကောင်းနေဆဲ ဖြစ်သည်။
ဆိုလိုသည်မှာ အကယ်၍ မဟာဧကရာဇ် နတ်ဆိုးကျင့်ကြံသူသာ ဆန္ဒရှိပါက၊ သခင်မြတ် အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးကို သေသည်အထိ ဖြည်းဖြည်းချင်း ချေမှုန်းသွားနိုင်သည်။
ထိုအချိန်က ဝူယီဖန်သည် မည်သူမျှ သတိမထားမိစေဘဲ ဝူယိတောက်ကို ခေါ်ထုတ်သွားပြီး သွေးဧကရာဇ်ဆေးလုံးကိုလည်း ယူဆောင်သွားခဲ့သည်။ သွေးဧကရာဇ်ဆေးလုံးမှာ လွန်စွာ ရှားပါးပုံရပြီး မျိုချလိုက်ပါက ၊ သူ့ကို များစွာ အထောက်အကူ ပြုမည်မှာ သေချာသည်။
သို့သော် ဝူယီဖန်သည် သွေးဧကရာဇ်ဆေးလုံးကို ရရှိခဲ့သော်လည်း သူ့မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သွေးဧကရာဇ်ဆေးလုံးတွင် ပါဝင်သော စွမ်းအားများသည် လွန်စွာ ရှုပ်ထွေးပြီး ဖရိုဖရဲ ဖြစ်နေကာ သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများသာ စုပ်ယူနိုင်ကြောင်း သူ ခံစားလိုက်ရသည်။
အကယ်၍ သူသာ စုပ်ယူလိုက်ပါက၊ သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်သည်။ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပေးနိုင်သော်လည်း ၊ အခြေခံအုတ်မြစ်ကို ပျက်စီးစေနိုင်သဖြင့် အတင်းအဓမ္မ ကြီးထွားစေခြင်းနှင့် တူနေသည်။ ဝူယီဖန်သည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်သဖြင့် ဆေးလုံးကို မမျိုချခဲ့ပေ။
ထိုအချိန်တွင် ဝူဟောက်သည် သူတို့ရှေ့၌ ပေါ်လာသည်။
“ဘိုးဘေး”
ဝူယီဖန်သည် ဝူဟောက်ကို နှုတ်ဆက်လိုက်သော်လည်း ၊ ဝူယိတောက်မှာ သူ့ရင်ခွင်ထဲတွင် သတိမေ့နေဆဲ ဖြစ်သဖြင့် ဂါရဝပြုရန် အဆင်မပြေ ဖြစ်နေသည်။
ဝူဟောက် က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“အဲဒီဆေးလုံး ငါ့ကိုပေး”
“ဟုတ်ကဲ့ ဘိုးဘေး”
ဘိုးဘေး ဘာလုပ်မည်ကို သူ မသိသော်လည်း ၊ သူ့အတွက် အသုံးမဝင်ပေရာ ပေးလိုက်ခြင်းက ပိုကောင်းနိုင်သည်။
ဆေးလုံးကို ရရှိပြီးနောက် ဝူဟောက်သည် တစ်ချက်ကြည့်လိုက်ပြီး ဝူယိတောက်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအရာကို မြင်သောအခါ ဝူယီဖန်မှာ ကြောင်အမ်းသွားသည်။ ဘိုးဘေးသည် မည်သည့်စကားမျှ မဆိုဘဲ ဝမ်းကွဲညီကို ဆေးလုံး တိုက်ကျွေးလိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဆေးလုံးထဲမှ ဆေးစွမ်းအားများသည် လွန်စွာ ရောထွေးနေကြောင်းကို သူ မသိလေသလော။
ဝူယီဖန် တွေးနေသည်ကို သိနေသည့်အလား ဝူဟောက်က ပြုံး၍ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး... မင်းညီက ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလေ... ဒါကြောင့် ဒီလို ရောထွေးနေတဲ့ ဆေးစွမ်းအားတွေက သူ့ကို မထိခိုက်စေနိုင်ဘူး... စွမ်းအင် ဖြစ်နေသရွေ့ မင်းညီက စုပ်ယူပြီး သူ့အကျိုးအတွက် အသုံးပြုနိုင်တယ်”
ဘိုးဘေး၏ စကားကို ကြားပြီးနောက် ဝူယီဖန်သည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ သူ၏ ဝမ်းကွဲညီတွင် ကမ္ဘာဦးဖရိုဖရဲခန္ဓာ ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ကမ္ဘာဦးဖရိုဖရဲခန္ဓာသည် သူ ပိုင်ဆိုင်ထားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် ပိုပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သိထားသည်။
“မဖြစ်ဘူး... ငါ ပိုကြိုးစားမှ ဖြစ်မယ်... မဟုတ်ရင် ဝမ်းကွဲညီက ငါ့ကို ကျော်တက်သွားရင် အစ်ကိုကြီး တစ်ယောက် အနေနဲ့ ငါ ဘယ်လိုလုပ် မျက်နှာပြရမလဲ”
အစ်ကိုကြီး ဟူသော မာန်မာနသည် ဝူယီဖန်ကို ပိုမို ကြိုးစားအောင် တွန်းအားပေးလိုက်ပြီး ၊ သူသည် ဝူမိသားစု၏ စတုတ္ထမျိုးဆက်များကြားတွင် နံပါတ်တစ် ဖြစ်လာရန် သန္နိဋ္ဌာန် ချလိုက်သည်။
“ဘိုးဘေး... ကျွန်တော် အိမ်မပြန်သေးဘူး... ဧကရာဇ်တပိုင်း အဆင့်ကို ရောက်မှပဲ အိမ်ပြန်တော့မယ်”
ဝူယီဖန်သည် ဝမ်းကွဲညီကို ဝူဟောက်၏လက်ထဲသို့ လွှဲပေးလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် နောက်လှည့်ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် ၊ တစ်စုံတစ်ခုကို သတိရသွားပြီး သွေးဝိညာဉ်ဂိုဏ်း အကြောင်း မိမိ၏ ဘိုးဘေးဖြစ်သူကို ပြောပြရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
သွေးဝိညာဉ်ဂိုဏ်းသည် မြင့်မြတ်နယ်မြေထက်ပင် ပိုမို အားကောင်းသည် မဟုတ်လော။ ဘိုးဘေးသာ ထိုအကြောင်းသိလျှင်ဖြင့် အနည်းငယ် သတိထားနိုင်လိမ့်မည်။
ဝူဟောက် - ( အေးအေး... )
ဝူဟောက်သည် သွေးဝိညာဉ်ဂိုဏ်း အကြောင်း သိလိုက်ရသည်နှင့် ထိတ်လန့်သွားမည်ဟု ဝူယီဖန် တစ်ယောက် ထင်မှတ်ထားသော်လည်း ၊ သို့သော် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသောကြောင့် ဝူယီဖန်မှာ အနည်းငယ် စိတ်ထိခိုက်သွားသည်။
“ကောင်းပြီ... ဒါက မင်းရဲ့ ပြဿနာပဲ... မင်း ဖြေရှင်းရမယ့် ဒုက္ခတစ်ခုပဲ... ဒါပေမဲ့ မင်းက တောင်းဆိုရင်တော့ သွေးဝိညာဉ်ဂိုဏ်းကို ဖယ်ရှားပေးဖို့ ငါ ကူညီပေးနိုင်တယ်... ဒါပေမဲ့ မင်း တောင်းဆိုမှပေါ့”
ဝူဟောက်သည် ဝူယီဖန်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်ရာ ၊ ဝူဟောက်သည် သူပြောသည့်အတိုင်း အမှန်တကယ်ပင် လုပ်ဆောင်နိုင်သည်ဟု ဝူယီဖန် တစ်ယောက် ယုံကြည်သွားကြသည်။
သို့သော် ဝူယီဖန်သည် ပြတ်သားစွာ ခေါင်းခါလိုက်သည်။
“မလိုဘူး ဘိုးဘေး... ဒီကိစ္စ ကျွန်တော်နဲ့ ထားလိုက်ပါ... သွေးဝိညာဉ်ဂိုဏ်းက ကျွန်တော့်ရဲ့ ပြိုင်ဘက်ကင်း လမ်းစဉ်ပေါ်က ခြေနင်းတုံးတစ်ခုပဲ ဖြစ်လာမှာပါ”
ဝူယီဖန်၏ ကျင့်ကြံမှု အဆင့်မှာ သူတော်စင်ဘုရင် အဆင့်သာ ရှိသေးသော်လည်း၊ ပြိုင်ဘက်ကင်း အရှိန်အဝါကို ပိုင်ဆိုင်ထားပြီ ဖြစ်သဖြင့် ဝူဟောက်သည် သဘောကျစွာဖြင့် ခေါင်းညိတ်နေမိသည်။ ဤကဲ့သို့သော လူမျိုးကသာ ရွေးချယ်ခံရသူ၏ ကံတရားနှင့် ထိုက်တန်ပေသည်။
ထို့နောက် ဝူယီဖန်သည် ထွက်ခွာသွားခဲ့သည်။ ဝူယီဖန် ထွက်သွားပြီးမှသာ ဝူဟောက်သည် စနစ်၏ တုံ့ပြန်မှုကို စစ်ဆေးရန် အချိန်ရတော့သည်။ သို့သော် စနစ်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဝူဟောက်မှာ အသက်ပြင်းပြင်း ရှုသွင်းမိလိုက်သည်။
【ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင် ... သွေးဧကရာဇ်ဆေးလုံး တစ်လုံး လက်ဆောင်ပေးခဲ့သည့်အတွက် လက်ခံရရှိသူကို ရွေးချယ်ခံရသူ အဖြစ် သတ်မှတ်လိုက်ပြီး... သွေးဧကရာဇ်ဆေးလုံး တစ်သန်းကို တုံ့ပြန်မှု အနေဖြင့် ပေးပို့လိုက်ပါသည်】
【သွေးဧကရာဇ်ဆေးလုံး - သုံးစွဲသူအား မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော်လည်း ဤသည်မှာ အတင်းအဓမ္မ တက်လှမ်းခြင်း ဖြစ်ပြီး ပုံမှန်နည်းလမ်းဖြင့် မဟာဧကရာဇ် ဖြစ်လာသူများထက် နောက်ဆက်တွဲ အဆင့်တက်လှမ်းမှုများ ပိုမို ခက်ခဲပါလိမ့်မည် 】