← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း ၅၉ - ကျွန်တော်က ကမ္ဘာဦးဖရိုဖရဲခန္ဓာ ပိုင်ရှင်မို့... ကိုယ်ပိုင် ကမ္ဘာဦးလမ်းစဉ်ကို ဖန်တီးမယ်

“ကျွတ်... ကျွတ်... ကျွတ်... ဒီလောက် ကောင်းတဲ့အရာ ရှိလာမယ်လို့ ထင်မထားဘူး”

စနစ်၏ နေရာလွတ်ထဲရှိ သွေးဧကရာဇ်ဆေးလုံးများကို ကြည့်ရင်း ဝူဟောက် တစ်ယောက် အံ့သြမဆုံး ဖြစ်နေသည်။

သူသည် လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်၌ ရှိနေပြီး မဟာဧကရာဇ် တစ်ပါးကို ပျိုးထောင်ပေးရန်မှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်သော်လည်း သို့သော် လျင်မြန်စွာ မဟာဧကရာဇ် ဖြစ်လာစေမည့် ဆေးလုံးများ ရှိနေခြင်းက အကောင်းဆုံးပင် ဖြစ်သညိ။

ထိုအချက်ကို တွေးမိပြီးနောက် ဝူဟောက်သည် ကျင့်ကြံ၍ မရနိုင်သော လူအချို့ကို ရှာဖွေပြီး ဝူမိသားစုကို အမှုထမ်းမည့် မဟာဧကရာဇ်များ အဖြစ် လေ့ကျင့်ပေးရန် ကြံရွယ်လိုက်သည်။

သို့သော် ယခုအချိန်သည် အသင့်တော်ဆုံး အချိန် မဟုတ်သေးပေ။ သူသည် ဝူယိတောက်ကို အရင်ဆုံး အိမ်ပြန်ခေါ်သွားရပေမည်။

ဝူယိတောက် သည် အဘယ့်ကြောင့် အိမ်ပြန်လိုသည့် အကြောင်းရင်းကို ဝူဟောက်သည် အစောကတည်းက ခန့်မှန်းမိပြီး ဖြစ်သည်။ ကျန်ရှိနေသော ကမ္ဘာဦးကျမ်းစာ ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဝူယိတောက်သည် သူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ စောစောက မျိုချလိုက်သော သွေးဧကရာဇ်ဆေးလုံး၏ အကူအညီကြောင့် သူသည် ပြန်နိုးလာသည်နှင့် သူတော်စင်ဘုရင် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

သို့သော် ဝူဟောက်သည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် ကျန်ရှိသော ကမ္ဘာဦးကျမ်းစာကို မတွေ့ရှိခဲ့ပေ။ ကမ္ဘာဦးကျမ်းစာသည် သူတော်စင်ဘုရင် အဆင့်အထိသာ ကျင့်ကြံနိုင်သော အခန်းများ ရှိနေသကဲ့သို့ ဖြစ်နေသည်။

သေချာ စဉ်းစားပြီးနောက် ဝူဟောက်သည် ဝူယိတောက်ကို အိမ်အရင် ခေါ်သွားပြီး ကျန်တာကို နောက်မှ ဖြေရှင်းရန်စဉ်းစားလိုက်သည်။

“ဟူး... ကျွန်တော် ဘယ်ရောက်နေတာလဲ... ကျွန်တော် သေသွားပြီလား”

ဝူယိတောက် သည် အိပ်မက်ဆိုး မက်ရာမှ နိုးလာသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူ မှတ်မိနေသော အိမ်ဖြစ်ကြောင်း တွေ့လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။ တံခါးဝရှိ အစေခံသည် ဝူယိတောက် နိုးလာသည်ကို မြင်သောအခါ ဝူရွှမ်ယွမ်ထံသို့ သတင်းပို့ရန် အမြန်‌ ပြေးသွားလေ၏။

မကြာမီ ဝူဟောက်နှင့် အခြားသူများသည် ဝူယိတောက်၏ ကုတင်ရှေ့၌ ပေါ်လာကြသည်။ မိသားစုဝင်များ၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ ဝူယိတောက် က ပြုံးလိုက်ရင်း ပြောလိုက်၏။

“ဘာလို့ ငိုနေကြတာလဲဗျ... ကျွန်တော် ကောင်းကောင်းကြီး ရှိပါသေးတယ်”

“သားရယ်... ဘာလို့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် လုပ်နေရတာလဲ... မလုပ်ခင် အခြေအနေကို အရင် မစဉ်းစားဘူးလား”

လီယွီလုံသည် ဝူဟောက်ထံမှ ယေဘုယျ အခြေအနေကို သိရှိထားပြီး ဖြစ်ရာ ဝူယိတောက်၏ ပုံစံကို မြင်လိုက်ရသဖြင့် စိတ်မကောင်း ဖြစ်နေမိသည်။

သူမသည် ခြေတည်စိတ်ဝိညာဉ် အဆင့်၌သာ ရှိသေးပြီး သူတော်စင်များကိုပင် မြင်တွေ့ခဲလှရာ ၊ သားဖြစ်သူသည် ဧကရာဇ်တပိုင်း အဆင့် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ခဲ့ရသည့်သတင်းကို ကြားပြီး ရင်ထဲ၌ လေးလံသွားခဲ့ရသည်။

မိခင်ဖြစ်သူ ငိုနေသည်ကို မြင်သောအခါ ဝူယိတောက်မှာ ထိတ်လန့်သွားပြီး ၊ နောက်တစ်ကြိမ် ပိုမို သတိထားပါမည်ဟု ထပ်ခါတလဲလဲ ကတိပေးပြီးမှသာ လီယွီလုံမှာ အငိုတိတ်သွားတော့သည်။

“ဒါနဲ့ ဘိုးဘေး... ဘိုးဘေးက ကျွန်တော့်ကို ပြန်ခေါ်လာတာလား”

ဝူယိတောက်သည် ဝူဟောက်ကို ကြည့်ကာ မေးလိုက်သည်။ ဝူဟောက် က ခေါင်းခါလိုက်သည်။

“မင်းရဲ့ ဝမ်းကွဲအစ်ကိုက မင်းကို ခေါ်ထုတ်သွားတာ... ငါက အဲဒီနား ရောက်နေလို့ မင်းကို ပြန်ခေါ်လာတာ”

“ဒါဆို ဝမ်းကွဲအစ်ကို ယီဖန်ပေါ့”

ဝူယိတောက် ချက်ချင်း သဘောပေါက်သွားသည်။ သူ့ဝမ်းကွဲအစ်ကိုများထဲတွင် သူ့ကို ခေါ်ထုတ်သွားနိုင်သူမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော ဝမ်းကွဲအစ်ကို ယီဖန်သာ ရှိပေလိမ့်မည်။

ဝူယီဖန် အကြောင်း ပြောလိုက်သည်နှင့် ဝူယိတောက်၏ မျက်လုံးများတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားသည်။ ဝူမိသားစုမှ ထွက်ခွာလာစဉ်က ဝူယီဖန်၏ နာမည်ကို အကြိမ်ကြိမ် ကြားဖူးခဲ့ပြီး ၊ ဝူယီဖန်၏ ပါရမီသည် မည်မျှ အံ့မခန်း ဖြစ်သည်ကို သိထားသောကြောင့် ဖြစ်သည်။ ဝူယိတောက်၏ ဆန္ဒမှာ တစ်နေ့တွင် ဝူယီဖန်၏ အဆင့်အတန်းသို့ ရောက်ရှိရန် ဖြစ်သည်။

“ဒါနဲ့ ဘိုးဘေး... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲက အရာကရော”

ဝူယိတောက်သည် တစ်စုံတစ်ခုကို သတိရသွားပြီး ဝူဟောက်ကို အနည်းငယ် တွန့်ဆုတ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဝူဟောက်သည် သွေးဧကရာဇ်ဆေးလုံး အကြောင်း ပြောရန် ဝန်မလေးဘဲ ရှင်းပြလိုက်သည်။

“မင်းရဲ့ ကမ္ဘာဦးဖရိုဖရဲခန္ဓာက လောကကြီးထဲက စွမ်းအား အားလုံးကို မင်းအကျိုးအတွက် အသုံးချနိုင်တယ်... သွေးဧကရာဇ်ဆေးလုံးရဲ့ ဆေးစွမ်းအားတွေက လွန်စွာ ရှုပ်ထွေးနေပေမယ့် မင်းကို ထိခိုက်မှာ မဟုတ်ဘူး... စိတ်ရှည်ရှည်နဲ့ သန့်စင်လိုက်ရုံပဲ”

ထိုစကားကို ကြားသောအခါ ဝူယိတောက်မှာ သက်ပြင်းချနိုင်သွားပြီး ခေါင်းညိတ်လိုက်သည်။

ဝူယိတောက် အဆင်ပြေကြောင်း တွေ့ရှိပြီးနောက် ဝူရွှမ်ယွမ်တို့လင်မယားသည် အခန်းထဲမှ ထွက်ခွာသွားကြပြီး ၊ ဝူရူလုံနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

အခန်းထဲတွင် ဝူယိတောက်နှင့် ဝူဟောက်သာ ကျန်ရှိတော့မှ ဝူယိတောက်သည် နောက်ဆုံးတွင် စကားစလိုက်သည်။

“ဘိုးဘေး... ကျွန်တော့် ကျင့်ကြံမှု အဆင့်က သူတော်စင်ဘုရင် အဆင့်ကို ရောက်တော့မယ်... ကမ္ဘာဦးကျမ်းစာရဲ့ နောက်ဆက်တွဲ အခန်းသာ မရှိရင် ကျွန်တော် ဆက်ပြီး ဖောက်ထွက်နိုင်မှာ မဟုတ်တော့ဘူး”

ဝူယိတောက်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အသက် ၃၀ ပြည့်ရုံသာ ရှိသေးသည်။ သွေးဧကရာဇ်ဆေးလုံး၏ ဆေးစွမ်းအားကို သန့်စင်ပြီးသည်နှင့် သူတော်စင်ဘုရင် အထွတ်အထိပ် အဆင့်သို့ သဘာဝကျကျ တက်လှမ်းနိုင်မည် ဖြစ်သည်။

သို့သော် ကမ္ဘာဦးကျမ်းစာ၏ နောက်ဆက်တွဲ အခန်းများ မရှိပါက ၊ သူသည် သူတော်စင်ဘုရင် အထွတ်အထိပ် အဆင့်၌ ရပ်တန့်သွားပေလိမ့်မည်။ ဝူယိတောက်သည် ထိုမြင်ကွင်းကို မမြင်တွေ့လိုသဖြင့် မေးမြန်းသော လေသံတွင် အလျင်လိုမှုနှင့် စိုးရိမ်မှုများ ပါဝင်နေသည်။

သို့သော် ဝူဟောက်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် နောက်လှည့်ကာ ဝူယိတောက်ကို ကျောပေးလျက် ပြောလိုက်သည်။

“ရိတောက်... မင်းကို ဘာလို့ ဝူယိတောက် လို့ နာမည်ပေးထားလဲ ဆိုတာ သိလား”

ထိုစကားကို ကြားသောအခါ ဝူယိတောက်သည် အချိန်ကြာမြင့်စွာ စဉ်းစားပြီးမှ ခေါင်းမော့လာကာ ပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်၏။

“သိပါတယ်... အဖေ ပြောပြဖူးတယ်... ဘိုးဘေးက ကျွန်တော့်ကို ကိုယ်ပိုင်လမ်းစဉ် ဖောက်လုပ်စေချင်လို့ ဝူယိတောက် လို့ နာမည်ပေးခဲ့တာပါ”

“မဆိုးဘူး... မင်းက အလားအလာရှိတဲ့ ကလေးပဲ... ကဲ... ပုံပြင်တစ်ပုဒ် ပြောပြမယ်”

“အဲဒါက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးရဲ့ ပထမဆုံး ကမ္ဘာဦးဖရိုဖရဲခန္ဓာ အကြောင်းပဲ... အဲဒီတုန်းက ကမ္ဘာဦးကျမ်းစာ ဆိုတာ မရှိသေးဘူး... အဲဒီ ကမ္ဘာဦးဖရိုဖရဲခန္ဓာ ပိုင်ရှင်က အခြား မဟာမိတ်တွေရဲ့ အကူအညီနဲ့ မဟာဧကရာဇ် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်... ဒါပေမဲ့ မဟာဧကရာဇ် အဆင့် ရောက်သွားတဲ့အခါ အဆင့်တူ ကျင့်ကြံသူတွေကြားမှာ သူ့စွမ်းအားက ထူးခြားမနေဘူး ဆိုတာ တွေ့လိုက်ရတယ်”

“ဒါကြောင့် သူက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်စေမယ့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်... သူက သူ့ကျင့်ကြံမှုတွေကို တိုက်ရိုက် ဖျက်သိမ်းပြီး အသစ် ပြန်စတယ်... ကမ္ဘာဦးကျမ်းစာကို ဖန်တီးတယ်... ပြီးတော့ မဟာဧကရာဇ် အထက် အဆင့်ကို အောင်မြင်စွာ တက်လှမ်းပြီး အထက်ဘုံကို တက်သွားခဲ့တယ်”

“ဒါကြောင့် ဘိုးဘေး မင်းကို ပြောချင်တာက... မင်း ကိုယ်ပိုင်လမ်းစဉ် ဖောက်လုပ်ချင်ရင် မင်းရဲ့ ကိုယ်ပိုင် ကမ္ဘာဦးကျမ်းစာကို ဖန်တီးရမယ်... မင်း လက်ရှိ ကျင့်ကြံနေတဲ့ ကမ္ဘာဦးကျမ်းစာက အရင် ကမ္ဘာဦးဧကရာဇ် ကျင့်ကြံခဲ့တဲ့ ကျမ်းစာပဲ”

“ကမ္ဘာဦးဧကရာဇ် ဖန်တီးခဲ့တဲ့ ကမ္ဘာဦးကျမ်းစာကို မင်း ဆက်ကျင့်နေမယ်ဆိုရင် သူ့ရဲ့ ကန့်သတ်ချက်ကိုပဲ ရောက်လိမ့်မယ်... မင်းနဲ့ သက်ဆိုင်တဲ့ ကမ္ဘာဦးလမ်းစဉ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... နားလည်လား”

“ဒါပေါ့... မင်းက အဲဒီ ကမ္ဘာဦးဧကရာဇ်ရဲ့ လမ်းစဉ်အတိုင်း လိုက်ချင်တယ် ဆိုရင်လည်း ဘိုးဘေးက ကမ္ဘာဦးကျမ်းစာရဲ့ ကျန်ရှိနေတဲ့ အပိုင်းတွေကို ရအောင် ယူပေးနိုင်တယ်”

ထိုသို့ပြောရင်း ဝူဟောက်သည် နောက်လှည့်လာကာ ဝူယိတောက်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူ၏ ကြီးမားသော အရှိန်အဝါက သူ ပြောသမျှ အရာအားလုံးကို ယုံကြည်စေသည်။

သို့သော် ဤပုံပြင်သည် ဝူဟောက် လုပ်ကြံဖန်တီးထားခြင်း မဟုတ်ပေ။ ရွှမ်ထျန်းကမ္ဘာ၏ ကျင့်ကြံခြင်း သမိုင်းကြောင်းတွင် မှတ်တမ်းတင်ထားသော အရာဖြစ်သည်။ ဝူယိတောက် စုံစမ်းလျှင်လည်း သူ ပြောသည့်အတိုင်း ရလဒ်ထွက်လာမည်သာ။

ဘိုးဘေး၏ စကားကို ကြားသောအခါ ဝူယိတောက်၏ မျက်နှာထားသည် ပြောင်းလဲသွားပြီး လွန်စွာ စိတ်လှုပ်ရှားကာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။

မှန်၏... သူသည် အဆုံးမဲ့ ဖြစ်နိုင်ခြေများ ရှိသော ကမ္ဘာဦးဖရိုဖရဲခန္ဓာ ပိုင်ရှင် ဖြစ်သည်။ သို့သော် သူတစ်ပါး၏ လမ်းစဉ်ကို လိုက်လျှင် သူတစ်ပါး၏ ပန်းတိုင်ကိုသာ ရောက်ပေလိမ့်မည်။ ဝူယိတောက် လိုချင်သည်မှာ သူ၏ ကိုယ်ပိုင် ပန်းတိုင်သို့ ရောက်ရှိရန် ဖြစ်သည်။

ထိုအတွေးဖြင့် ဝူယိတောက်သည် တုံ့ဆိုင်းမနေတော့ဘဲ လွန်စွာ ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

“ဘိုးဘေး... ကျွန်တော် ဆုံးဖြတ်ပြီးပြီ”

“ကျွန်တော်က ကမ္ဘာဦးဖရိုဖရဲခန္ဓာ ပိုင်ရှင်မို့... ကိုယ်ပိုင် ကမ္ဘာဦးလမ်းစဉ်ကို ဖန်တီးမယ်”

အခန်း ၆၀ - ကျင့်ကြံမှုကို ဖျက်သိမ်းပြီး အသစ်ပြန်စသော ဝူယိတောက်

ဝူယိတောက်၏ စကားကို ကြားသောအခါ ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဝူဟောက်သည် ဝူယိတောက်အား ကိုယ်ပိုင် ကမ္ဘာဦးကျမ်းစာ ဖန်တီးရန် အကြောင်းမဲ့ ပြောဆိုနေခြင်း မဟုတ်ပေ။ ရွေးချယ်ခံရသူ၏ အဆတစ်သန်း ပြန်လည်ရရှိမှုနှင့် ပတ်သက်၍ ဝူဟောက်သည် နောက်ပြောင်နေမည် မဟုတ်ချေ။

အမှန်တကယ်တွင် ကမ္ဘာဦးဖရိုဖရဲခန္ဓာ ပိုင်ရှင် တစ်ဦး အနေဖြင့် ဝူယိတောက်၏ တွေးခေါ်ဆင်ခြင်နိုင်စွမ်းသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည်။ ထို့အပြင် ဝူယိတောက်သည် အသက် ၃၀ အောက်သာ ရှိသေးသဖြင့် ကမ္ဘာဦးကျမ်းစာ ဖန်တီးရန် အချိန်များစွာ ရှိသေးသည်။

ဝူဟောက် တွေးနေစဉ်မှာပင် ဝူယိတောက်၏ အရှိန်အဝါသည် သိသိသာသာ လျော့ကျလာပြီး သူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်မှ နှောင်းပိုင်း၊ အလယ်အလတ်၊ ကနဦး အဆင့်များသို့ တဖြည်းဖြည်း အားနည်း လျော့ကျသွားသည်။

ထို့နောက် ကပ်ဘေးဖြတ်ကျော်ခြင်း၊ ဟင်းလင်းပြင်သန့်စင်ခြင်း၊ နတ်ဘုရားအသွင်ပြောင်းခြင်း၊ ခြေတည်စိတ်ဝိညာဉ်၊ ထို့နောက် ချီစုစည်းမှု အဆင့်သို့ တိုက်ရိုက် ဆင်းသက်သွားပြီး နောက်ဆုံးတွင် သေမျိုးအဆင့်သို့ ပြန်လည် ရောက်ရှိသွားသည်။

“ဘိုးဘေး... ကျွန်တော် နားလည်ပါပြီ... ဒီကာလအတွင်း ကျွန်တော့်ရဲ့ ကိုယ်ပိုင် ကမ္ဘာဦးကျမ်းစာကို စတင် ပုံဖော်ပါတော့မယ်”

ဝူယိတောက်သည် ဝူဟောက်ကို “ကျွန်တော် နောက်ဆုံးတော့ နားလည်သွားပြီ” ဟူသော အကြည့်ဖြင့် ကြည့်နေသောကြောင့် ဝူဟောက်မှာ လွန်စွာ စိတ်ထိခိုက်သွားရသည်။ထို့နောက် သူသည် ဝူယိတောက်ကို အခန်းထဲ၌ ကျင့်ကြံရန် ထားရစ်ခဲ့ပြီး လှည့်ထွက်လာခဲ့သည်။

သွေးဧကရာဇ်ဆေးလုံး၏ အကူအညီဖြင့် ကမ္ဘာဦးကျမ်းစာကို ပုံဖော်ရာတွင် ဝူယိတောက်၏ အမြန်နှုန်းမှာ ပိုမို မြန်ဆန်လာမည် ဖြစ်သော်လည်း တစ်ရက်နှစ်ရက် အတွင်း ပြီးစီးနိုင်မည့် အရာ မဟုတ်ပေ။ ဝူဟောက်သည် အလျင်မလိုပေ။ သူ့တွင် အချိန်များစွာရှိသေး၏။

ဆန့်ကျင်ဘက် အနေဖြင့် ဝူယိတောက်သည် စွမ်းအားများ ပျောက်ဆုံးသွားကြောင်း သိလိုက်ရသောအခါ ဝူရွှမ်ယွမ်နှင့် အခြားသူများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။ တစ်စုံတစ်ခု ပြောလိုသော်လည်း ဝူဟောက်သည် တားမြစ်လိုက်သည်။

“မပူနဲ့... ဒီကောင်လေးက သာမန်လူ မဟုတ်ဘူး... သူ အောင်မြင်မှာပါ”

ဝူဟောက်သည် ပြုံးလိုက်ပြီး သူ့မျက်နှာတွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အမူအရာမျိုး အပြည့်အဝရှိနေသည်။ အခြားသူဆိုလျှင် အောင်မြင်မည်ဟု ဝူဟောက် အာမခံမည် မဟုတ်သော်လည်း ၊ ဤသူကား ရွေးချယ်ခံရသူ ဖြစ်သည်။ တစ်နည်းအားဖြင့် အောင်မြင်မှု အာမခံချက် ရှိပြီးသား ဖြစ်သည်။

ဝူရွှမ်ယွမ်နှင့် အခြားသူများ စိုးရိမ်နေကြသေးသော်လည်း ၊ ဝူဟောက်၏ စကားကို ကြားပြီးနောက် ဘာမျှ ဆက်မပြောကြတော့ပေ။ ဝူယိတောက်အနေဖြင့် အမှန်တကယ် အောင်မြင်ပါစေဟု ဆုတောင်းရုံသာ ရှိတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ကျော် ကုန်ဆုံးသွားသည်။ ထိုတစ်နှစ်တာ ကာလအတွင်း ဝူယိတောက်သည် အခန်းထဲတွင် ပိတ်လှောင်ပြီး သူ၏ ကမ္ဘာဦးကျမ်းစာကို မည်သို့ ကျင့်ကြံရမည်ကို စဉ်းစားနေခဲ့သည်။ သူ့ပုံစံသည် အနည်းငယ် ရူးသွပ်နေသည့်ပုံပေါက်နေခဲ့သည်။

ထိုအရာကို မြင်သောအခါ ဝူဟောက်သည် သက်ပြင်းချလိုက်ပြီး ဝူယိတောက်၏ အခန်းသို့ သွားလိုက်သည်။ ထိုအချိန်တွင် ဝူယိတောက်သည် မုတ်ဆိတ်မရိတ်၊ ဆံပင်ဖရိုဖရဲဖြင့် အနည်းငယ် ပိန်ချုံးနေပုံ ပေါက်နေသည်။

“ဘိုးဘေး... ကိုယ်ပိုင် ကမ္ဘာဦးကျမ်းစာ ဖန်တီးဖို့ ကျွန်တော့်မှာ ပါရမီ မရှိဘူးလို့ ထင်လား... တစ်နှစ်လုံးလုံး စဉ်းစားနေတာတောင် ဘာလို့ ကိုယ်နဲ့ကိုက်ညီတဲ့ လမ်းစဉ်ကို မတွေ့နိုင်သေးတာလဲ”

ဝူဟောက် ပေါ်လာသည်ကို မြင်သောအခါ ဝူယိတောက်သည် မောပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။ ပါရမီရှင် တစ်ဦး ဖြစ်သော သူ့အတွက် ဤအရာက ကြီးမားသော ထိုးနှက်ချက် ဖြစ်ကြောင်း ထင်ရှားသည်။

သူ၏ ပိန်ချုံးနေသော ပုံစံကို မြင်ပြီး ဝူဟောက်သည် အားမလိုအားမရ သက်ပြင်းချလိုက်ပြီး နှစ်သိမ့်စကား ပြောလိုက်သည်။

“ဒါက မင်းရဲ့ ပြဿနာ မဟုတ်ဘူး...တစ်ခါတလေ အရမ်း စွဲလမ်းလွန်းရင်လည်း အကန့်အသတ် ဖြစ်စေတတ်တယ်... အပြင်ထွက်ပြီး ကမ္ဘာလောကကြီးကို ကြည့်လိုက်ပါဦး... တစ်ခါတလေကျရင် စိတ်ကို ဖွင့်ထားတဲ့အခါ ဉာဏ်အလင်းရဖို့ ပိုလွယ်ကူတတ်တယ်... အခု မင်းက ပုံသဏ္ဌာန်တွေအပေါ် အရမ်း တွယ်ကပ်နေတယ်”

ထိုစကားကို ကြားသောအခါ ဝူယိတောက်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး မျက်လုံးများ အရောင်တောက်လာသည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး... ကျွန်တော် နားလည်ပါပြီ”

ထိုသို့ ပြောပြီးနောက် ဝူယိတောက်သည် ဝူရွှမ်ယွမ်နှင့် အခြားသူများ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ အိမ်မှ ပြတ်ပြတ်သားသား ထွက်ခွာသွားသည်။

သေချာပေါက်ပင်၊ ဝူယိတောက်၏ လက်ရှိ သေမျိုးခန္ဓာကိုယ်ဖြင့် တစ်သက်လုံး ခရီးသွားလျှင်တောင်မှ ဝူဟောက်၏ ဝိညာဉ်အာရုံ အကွာအဝေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝူယိတောက်သည် ဝူမိသားစုမှ ထွက်ခွာသွားပြီးကတည်းက ဝူဟောက်သည် သူ့ကို အချိန်တိုင်း စောင့်ကြည့်နေခဲ့သည်။

အိမ်မှ ထွက်ခွာပြီး ဒုတိယနေ့တွင် ဝူယိတောက်သည် ဉာဏ်အလင်းပွင့်သွားပြီး သူ၏ ကိုယ်ပိုင် ကမ္ဘာဦးကျမ်းစာကို ဖန်တီးကာ ချီစုစည်းမှု အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သွေးဧကရာဇ်ဆေးလုံး၏ အကူအညီဖြင့် ချီစုစည်းမှု အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ထို့မျှမကသေးပေ။ သတ္တမမြောက်နေ့တွင် သူသည် အခြေခံတည်ဆောက်ခြင်း အဆင့်ကို တိုက်ရိုက် သဘောပေါက် နားလည်သွားပြီး တစ်လအတွင်း ဝိညာဉ်ပင်လယ် အဆင့်၊ သုံးလအတွင်း ရွှေအမြုတေ အဆင့်သို့ တက်လှမ်းကာ နှစ်ဝက်အတွင်း ခြေတည်စိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိပြီး တစ်နှစ်အတွင်း နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်သို့ ပြန်လည် ရောက်ရှိသွားသည်။

ပဉ္စမမြောက် နှစ်တွင်မူ ၊ သူသည် ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။ထိုအရာကို မြင်သောအခါ ဝူဟောက်သည် အသက်ပြင်းပြင်း ရှုရှိုက်မိလိုက်သည်။

ရွေးချယ်ခံရသူသည် အမှန်တကယ်ပင် ရွေးချယ်ခံရသူ ဖြစ်ကြောင်း ဝန်ခံရပေမည်။ အကယ်၍ သူ့တွင် မသမာသော စနစ်သာ မရှိခဲ့ပါက ၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တက်နှုန်းကို လိုက်မီနိုင်မည် မဟုတ်ပေ။

အားကျမိသော်လည်း ဝူဟောက်သည် ဘာမျှ မပြောခဲ့ပေ။ သူတို့သည် သူ့မျိုးဆက်များ ဖြစ်ကြပြီး သူ့ကို အဆတစ်သန်း ပြန်လည် ပေးဆပ်နေကြသည် မဟုတ်လော။ ဆိုလိုသည်မှာ သူ့မျိုးဆက်များ စွမ်းအားကြီးမားလေလေ ၊ သူသည် ပို၍ စွမ်းအားကြီးလေလေ ဖြစ်သည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေ ဖြစ်သည်။

ငါးနှစ် ကုန်ဆုံးသွားပြီ ဖြစ်ပြီး ဝူဟောက်သည် အစစ်အမှန်အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ရွှေအင်မော်တယ် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ထိုငါးနှစ်တာ ကာလအတွင်း စုချောင်ရန်သည် ဝူလိကို လွန်စွာ ယဉ်ကျေးသိမ်မွေ့သော လူငယ်လေး တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးခဲ့ပြီး ၊ လွန်စွာ ချောမောခန့်ညားသော ကောင်လေးတစ်ယောက် ဖြစ်လာခဲ့သည်။

“ဘိုးဘေး... ဒီနေ့ကစပြီး ကျွန်တော် ကျင့်ကြံလို့ ရပြီလား”

ဝူလိသည် ဝူဟောက်ထံသို့ စိတ်ဝင်တစား တိုးကပ်လာပြီး မေးလိုက်သည်။ အသက်အရွယ် မရွေး ယောက်ျားလေးတိုင်းသည် ဓားစီးပြီး ပျံသန်းရန် အိပ်မက်မက်ကြရာ ၊ ဝူလိလည်း ခြွင်းချက် မဟုတ်ပေ။

ငယ်စဉ်ကတည်းက စုချောင်ရန်၏ ပွေ့ချီခြင်းကို ခံခဲ့ရသော ဝူလိသည် ကိုယ်ပိုင် ကျင့်ကြံပြီး ဓားစီးပျံသန်းရခြင်း၏ စိတ်လှုပ်ရှားမှုကို ခံစားလိုနေသည်မှာ ကြာပြီ ဖြစ်သည်။

ဝူလိ၏ မျှော်လင့်တကြီး ကြည့်နေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ဝူဟောက်သည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး၊ ဝူလိ၏ ခေါင်းကို လှမ်းပုတ်လိုက်သည်။

“ဟုတ်တာပေါ့... ဝူလိလေးက ဒီနေ့ကစပြီး ကျင့်ကြံလို့ ရပြီ”

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် သိုလှောင်လက်စွပ်ထဲမှ ကျင့်စဉ်စာအုပ် တစ်အုပ်ကို ထုတ်လိုက်ရာ ၎င်းတွင် စာလုံးကြီး လေးလုံး ရေးသားထားသည်။

“အာကာသအချိန် ဆင့်ကဲပြောင်းလဲခြင်း ကျမ်းစာ”

ဤသည်မှာ အာကာသအချိန် နတ်ဘုရားခန္ဓာ အတွက် ဝူဟောက် ရှာတွေ့နိုင်သမျှ အသင့်တော်ဆုံး ကျင့်ကြံခြင်း နည်းစနစ် ဖြစ်သည်။ ဝူဟောက်ထံမှ အာကာသအချိန် ဆင့်ကဲပြောင်းလဲခြင်း ကျမ်းစာကို ရရှိပြီးနောက် ၊ ဝူလိ၏ မျက်လုံးများသည် အရောင်တောက်လာသည်။ ယနေ့ကစပြီး သူ ဝူလိသည်လည်း အရည်အချင်း ပြည့်မီသော ကျင့်ကြံသူတစ်ဦး ဖြစ်လာပေတော့မည်။

ထိုသို့ တွေးပြီးနောက် ဝူလိသည် အာကာသအချိန် ဆင့်ကဲပြောင်းလဲခြင်း ကျမ်းစာကို ဖွင့်လိုက်ပြီး ၊ စကားလုံးတိုင်းနှင့် စာကြောင်းတိုင်းကို မှတ်သားလိုက်သည်။ ထို့နောက် ကျမ်းစာထဲတွင် ဖော်ပြထားသော သွေးကြောလှည့်ပတ်မှု လမ်းကြောင်းအတိုင်း ဝိညာဉ်စွမ်းအင်ကို စတင် သဘောပေါက် နားလည်ရန် ကြိုးစားလိုက်သည်။

ထို့နောက် စွမ်းအင်ကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီး ချီစုစည်းမှု အဆင့်သို့ တက်လှမ်းလိုက်သည်။

ကံဆိုးစွာဖြင့် ဝူလိတွင် အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ပါလာသဖြင့် ချီစုစည်းမှု ကနဦးအဆင့်သို့ တက်လှမ်းရန် တစ်ရက်နီးပါး ကြာမြင့်ခဲ့သည်။

“ဘိုးဘေး... ဝူလိရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်သွားလား”

ချီစုစည်းမှု အဆင့်သို့ တက်လှမ်းရန် တစ်ရက်ခန့် ကြာမြင့်ခဲ့သဖြင့် ဝူလိသည် သူ၏ စွမ်းဆောင်ရည်အပေါ် ရှက်ရွံ့နေမိသည်။

သို့သော် ဝူဟောက်သည် ခေါင်းခါလိုက်ပြီး လွန်စွာ လေးနက်သော မျက်နှာထားဖြင့် နှစ်သိမ့်စကား ပြောလိုက်သည်။

“ဝူလိ... မင်း တစ်ခု မှတ်ထားရမယ်... မင်းမှာ အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိနေတယ် ဆိုကတည်းက အင်မော်တယ် ဖြစ်လာဖို့ လက်မှတ် ရပြီးပြီ ဆိုတဲ့ သဘောပဲ... အဆင့်နိမ့် ဝိညာဉ်အမြစ် ဖြစ်နေတော့ရော ဘာဖြစ်လဲ... အင်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံနိုင်သရွေ့ မင်းက တခြားသူတွေ အများကြီးထက် သာလွန်နေပြီပဲ”

“ဒါ့အပြင် မင်းဘိုးဘေး ငါတောင်မှ အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ရှိခဲ့တာ... ဒါပေမဲ့ ဒီလို အစွမ်းထက်တဲ့ အဆင့်အထိ ရောက်အောင် တက်လှမ်းနိုင်ခဲ့တယ် မဟုတ်လား”

ဘိုးဘေး၏ စကားကို ကြားသောအခါ ဝူလိသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး ပိုမို ကြိုးစားရန် သန္နိဋ္ဌာန် ချလိုက်သည်။

ထိုအချိန်တွင် ဝူဟောက်သည် ဝူလိကို ဝူမိသားစုမှ မည်သည့်အချိန်တွင် ကန်ထုတ်ရမည်ကို စဉ်းစားနေသည်။ အကြောင်းမှာ ဝူလိသည် ဝူမိသားစုတွင် ဆက်နေပါက သူ၏ မွေးရာပါ အင်မော်တယ်လက်နက်ကို ရှာတွေ့နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

လွန်ခဲ့သော ရှစ်နှစ်တာ ကာလအတွင်း ဝူလိ၏ မွေးရာပါ အင်မော်တယ်လက်နက်ကို ဝူဟောက်ကိုယ်တိုင် ရှာဖွေခဲ့သော်လည်း လက်နက်၏ လျှို့ဝှက်ချက်များနှင့် အရှိန်အဝါများသည် ဖုံးကွယ်ခံထားရသကဲ့သို့ ဖြစ်နေပြီး လုံးဝမှ ရှာမတွေ့နိုင်ခဲ့ပေ။

သို့သော် ဤသည်မှာ ဖြစ်သင့်ပေသည်။ ဝူလိသည် အင်မော်တယ်ဧကရာဇ် ဝင်စားသူ ဖြစ်သည် မဟုတ်လော။ သူ့တွင် လျှို့ဝှက်လက်နက်အချို့ မရှိပါက ၊ သူ၏ မွေးရာပါ အင်မော်တယ်လက်နက်ကို အခြားသူများ ယူဆောင်သွားလျှင် မည်သို့ လုပ်မည်နည်း။

မွေးရာပါ အင်မော်တယ်လက်နက်ကို ရှာဖွေရန် ဝူလိ အနေဖြင့် ဝူမိသားစုမှ ထွက်ခွာရန် လိုအပ်သည်ဟု ဝူဟောက် ပြောခဲ့သော်လည်း ၊ ဤအတိုင်း လွှတ်လိုက်ရန် ရည်ရွယ်ထားခြင်း မရှိပေ။ ဝူမိသားစုမှ မထွက်ခွာမီ ဝူလိ၏ ဝိညာဉ်အမြစ်ကို အလယ်အလတ် သို့မဟုတ် အထက်တန်း အဆင့်အထိ ရောက်ရှိရန် မြှင့်တင်ပေးရမည် ဖြစ်သည်။

All Chapters