← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း ၆၁ - ဝူလီ အိမ်မှ ထွက်ခွာခြင်း

“အဘိုး… ဝူလီကိုပါ တကယ်ပဲ ပေးထွက်သွားတော့မှာလား”

ဝူမိသားစု အိမ်တော်အတွင်း၌ ၊

ဝူဟောက်သည် ဝူဝမ်ကူနှင့် သူ၏ဇနီးတို့ကို ခေါ်ယူတွေ့ဆုံခဲ့ရာ ဝူဝမ်ကူက မျက်နှာမကောင်းစွာဖြင့် မေးမြန်းလိုက်သည်။

သို့သော် ဝူဟောက်က ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ရှင်းပြလေ၏။

“ဝူလီ၊ ယီဖန်နဲ့ ယီတောက်တို့အားလုံးက ရွေးချယ်ခံရသူတွေပဲ… ရွေးချယ်ခံရသူ ဆိုတာက အခက်အခဲ အကျပ်အတည်းတွေကို ဖြတ်ကျော်ပြီးမှ ကြီးပြင်းလာရတာမျိုး… သူတို့ကို ဝူမိသားစုထဲမှာပဲ ဆက်ထားထားရင် သူတို့ရဲ့ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်”

“စိတ်မပူနဲ့… သူတို့ရဲ့ ကံတရားက ထူးခြားပါတယ်… ဘာမှ မဖြစ်နိုင်ဘူး”

အဘိုးဖြစ်သူ၏ စကားကို ကြားသောအခါ ဝူဝမ်ကူနှင့် ဇနီးဖြစ်သူ ယွီရီရန်တို့မှာ သဘောတူစွာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

“ဒါပေမဲ့ ဝူလီကို ဒီတိုင်းကြီးတော့ ပေးမထွက်ပါဘူး… သူ့ရဲ့ ဝိညာဉ်အမြစ်ကို အဆင့်မြင့် ဝိညာဉ်အမြစ် ဖြစ်အောင် အရင်မြှင့်တင်ပေးရမယ်”

ဝူဟောက်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပြောလိုက်သည်။

ဝူလီသည် ရွေးချယ်ခံရသူ ဖြစ်သည့်အတွက် ဝူလီ၏ ဝိညာဉ်အမြစ်ကို အဆင့်မြင့် ဝိညာဉ်အမြစ်အဖြစ် မြှင့်တင်ပေးလိုက်ပါက ၊ စနစ်မှ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့် ဝိညာဉ်အမြစ် တစ်သန်းကို ဆုချီးမြှင့်မည် ဖြစ်ပေသည်။

ထိုစကားကို ကြားလျှင် ဝူဝမ်ကူက ခေါင်းညိတ်လိုက်၏။

“ကျွန်တော် နားလည်ပါပြီ အဘိုး”

ဝူဝမ်ကူသည် လျင်မြန်စွာပင် သဘောတူလိုက်ပြီး ဝူလီအတွက် ဝိညာဉ်အမြစ် မြှင့်တင်ခြင်း အစီအစဉ်ကို စတင်လေတော့သည်။

[ဒင်… ဂုဏ်ယူပါတယ် ပိုင်ရှင် ၊ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ရွေးချယ်ခံရသူ၏ မျိုးဆက်တွင် ရင်းနှီးမြှုပ်နှံသည့်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် တစ်သန်းကို တုံ့ပြန်မှုအဖြစ် ရရှိပါသည်… ၎င်းတို့ကို လိုလားသူများထံ လက်ဆောင်ပေးနိုင်ပါပြီ ]

[ဒင်… ဂုဏ်ယူပါတယ် ပိုင်ရှင် ၊ သာလွန်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ရွေးချယ်ခံရသူ၏ မျိုးဆက်တွင် ရင်းနှီးမြှုပ်နှံသည့်အတွက် သာလွန်အဆင့် ဝိညာဉ်အမြစ် တစ်သန်းကို ဆုချီးမြှင့်လိုက်ပါသည်…၎င်းတို့ကို အကျိုးရှိစေလိုသော သူများထံ လက်ဆောင်ပေးနိုင်ပါပြီ]

မျက်စိတစ်မှိတ်အတွင်း၌ပင် တစ်လတာ ကုန်ဆုံးသွားခဲ့လေပြီ။ ထိုတစ်လအတွင်း ဝူဝမ်ကူနှင့် အခြားသူများ၏ အကူအညီဖြင့် ဝူလီ၏ အဆင့်နိမ့် ဝိညာဉ်အမြစ်ကို အဆင့်မြင့် ဝိညာဉ်အမြစ်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။

အထွတ်အထိပ် ဝိညာဉ်အမြစ် အဆင့်ထိ တက်လှမ်းရန်မှာမူ ၊ ဝူမိသားစုသည် လက်ရှိတွင် ရွှမ်ထျန်းကမ္ဘာ၌ အချမ်းသာဆုံး အင်အားစု ဖြစ်နေသော်လည်း အရင်းအမြစ် မလုံလောက်သေးပေ။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း၌ပင် နောက်ထပ် ဆယ်နှစ်တာ ကြာမြင့်သွားခဲ့ပြန်သည်။ ထိုဆယ်နှစ်အတွင်း ဝူလီသည် သူ၏ ပါရမီ ကန့်သတ်ချက်များကြောင့် ဝိညာဉ်ပင်လယ်အဆင့်သို့သာ ရောက်ရှိခဲ့ပြီး ဝူယီဖန်နှင့် ဝူရိတောက်တို့ထက် များစွာ နိမ့်ကျနေခဲ့သည်။

ဆယ်နှစ် ကြာပြီးနောက် ၊ ဝူလီသည် အရွယ်ရောက်လာပြီ ဖြစ်သဖြင့် ဝူမိသားစုမှ ထွက်ခွာရန် အချိန်တန်ခဲ့ပြီ ဖြစ်သည်။

“အဖေ၊ အမေ… သား တကယ်ပဲ သွားရတော့မှာလား”

သားကို ခွဲခွာရမည်ဖြစ်၍ ဝမ်းနည်းနေသော မိဘနှစ်ပါးကို ကြည့်ရင်း ဝူလီက နူးညံ့စွာပြုံးကာ မေးလိုက်သည်။

ဝူဝမ်ကူက ပြုံးရုံသာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။ သူ၏ မျက်ဝန်းများသည် တည်ငြိမ်ပြတ်သားပေသည်။

“သား… ဒါတွေက မင်း မဖြစ်မနေ ဖြတ်ကျော်ရမယ့် အရာတွေပဲ… ဒါတွေကို ကြုံတွေ့ခံစားကြည့်မှသာ စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ… ပြီးတော့ ရွှမ်ထျန်းကမ္ဘာကြီးက ကျယ်ပြောတယ် ဆိုပေမယ့် အခုခေတ်က ဆက်သွယ်ရေးတွေ ကောင်းနေပြီဆိုတော့ အဆက်အသွယ် လုပ်ရတာ လွယ်ကူလာပြီလေ”

ထိုစကားကို ကြားသောအခါ ဝူလီသည် တုံ့ဆိုင်းမနေတော့ဘဲ ဝူမိသားစု အိမ်တော်ဝင်းအတွင်းမှ ပြတ်သားစွာ လှည့်ထွက်လာခဲ့သည်။ သို့သော် ဝူဝမ်ကူနှင့် အခြားသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်တော့မည့်ဆဲဆဲတွင် သူသည် ပြန်လှည့်ကြည့်လိုက်ပြီး လေးလေးပင်ပင် လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားလေ၏။

ဝူဟောက်မှာမူ ၊ ဝူမိသားစု တောင်ထိပ်ပေါ်တွင် ရပ်လျက် ဝူလီ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ စုချောင်ရန်သည်လည်း ဝူဟောက်ဘေးတွင် ရပ်နေခဲ့ပြီး မျက်ဝန်းများထဲတွင် ဝမ်းနည်းရိပ်များဖြင့် ဝူလီကို ငေးကြည့်နေရှာသည်။

ဝူလီကို စုချောင်ရန် ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ရာ သံယောဇဉ် မကြီးမားဘူးဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော် ဤသည်မှာ သူမခင်ပွန်း၏ ဆုံးဖြတ်ချက် ဖြစ်နေသဖြင့် စုချောင်ရန်အနေဖြင့် မလိုလားသော်လည်း သဘောတူရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

ဤဆယ်နှစ်တာ ကာလအတွင်း စုချောင်ရန်သည် သူတော်စင်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဝူဟောက်သည် ရွှေအင်မော်တယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကာ သက်တမ်းမှာလည်း နှစ်သန်းပေါင်းများစွာ ရှိလာခဲ့ပြီ ဖြစ်သည်။

ရွေးချယ်ခံရသူ သုံးဦးထံမှ မူလထက် အဆတစ်သန်း သာလွန်သော တုံ့ပြန်မှုများ နှင့် ဝူမိသားစုဝင် ရာပေါင်းများစွာထံမှ စုဆောင်းရရှိသော တုံ့ပြန်မှုများကြောင့် ဝူဟောက်သည် ကျင့်ကြံစရာပင် မလိုလိုက်ဘဲ အလိုအလျောက် သူ၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ကာ အဆင့်တက်သွားတတ်သည်။

“ယောက်ျား… နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ”

စုချောင်ရန်က ဝူဟောက်ကို ကြည့်လိုက်သည်။ ဤကာလအတွင်း ဝူဟောက်၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် ဝူဟောက်သည် တစ်စုံတစ်ခုကို ကြံစည်နေကြောင်း စုချောင်ရန် ရိပ်မိသည်။

ဝူဟောက်က ခေါင်းခါလိုက်ပြီးနောက် စုချောင်ရန်ကို ကြည့်ကာ ပြောလိုက်လေ၏။

“ကိုယ် ဧကရာဇ်တပ်မတော် တစ်ခု တည်ထောင်ဖို့ စဉ်းစားနေတယ်”

ဝူဟောက်၏စကားကို ကြားလိုက်ရသောအခါ စုချောင်ရန်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။ သူမသည် ကြောင်အမ်းအမ်းဖြင့် အချိန်အတော်ကြာ ရပ်နေပြီးနောက် ၊ သံသယနှင့် ထိတ်လန့်မှုများ ရောပြွမ်းနေသော လေသံဖြင့် မေးလိုက်သည်။

“ယောက်ျား… ဘယ်လို အဖွဲ့အစည်းမျိုးကို တည်ထောင်ချင်တာလဲ”

“ဧကရာဇ်တပ်မတော်လေ… ဘာဖြစ်လို့လဲ”

ဝူဟောက်သည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

စုချောင်ရန်သည် ရှင်းရှင်းလင်းလင်း နားလည်သွားပြီး ပို၍ပင် ထိတ်လန့်သွားတော့သည်။

“ယောက်ျား… နောက်နေတာ မဟုတ်ပါဘူးနော်… အဲ့တာတွေက ဧကရာဇ်အဆင့်တွေနော်”

ရွှမ်ထျန်းကမ္ဘာ၏ ဒေသခံတစ်ဦး ဖြစ်သလို ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မလောင်း တစ်ဦး ဖြစ်ခဲ့ဖူးသည့် စုချောင်ရန်သည် လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် မဟာဧကရာဇ်ဟူ၍ မရှိကြောင်း ကောင်းစွာ သိရှိထားသည်။ အခြားတစ်ဖက်မှ တွေးကြည့်လျှင် တစ်စုံတစ်ယောက်သာ မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက ၊ ထိုသူသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး၏ ဘုရင်၊ အရှင်သခင် ဖြစ်လာပေလိမ့်မည်။

မြင့်မြတ်နယ်မြေ လေးခု ပူးပေါင်းလျှင်ပင် မဟာဧကရာဇ် တစ်ပါးကို ယှဉ်နိုင်မည် မဟုတ်ချေ။

ဝူဟောက်က ပြုံးလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ သွေးဧကရာဇ်ဆေးလုံး တစ်လုံးကို လျှို့ဝှက်ဆန်းကြယ်စွာ ထုတ်ယူလိုက်ကာ ရှင်းပြလေတော့သည်။

“ပုံမှန် အခြေအနေမှာ ဆိုရင်တော့ ကိုယ်လည်း ဧကရာဇ်တပ်မတော် ဖွဲ့ဖို့ ဘယ်ပြောရဲပါ့မလဲ… ဒါပေမဲ့ မင်း ဒီဆေးလုံးကို အရင် စမ်းကြည့်ပါဦး”

တကယ်တမ်းတွင်လည်း ဝူဟောက်သည် သွေးဧကရာဇ်ဆေးလုံးကို ထုတ်လိုက်သည့်အချိန်၌ စုချောင်ရန်သည် ဆေးလုံးအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ဆေးစွမ်းအာနိသင်ကို ချက်ချင်း အာရုံခံမိလိုက်သည်။

သူမသာ ဤဆေးလုံးကို သောက်သုံးလိုက်ပါက မဟာဧကရာဇ်အဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်ဟု ပြောလျှင် ပိုလွန်းရာ မကျပေ။

စုချောင်ရန် ဘာတွေးနေသည်ကို သိသည့်အလား ဝူဟောက်က ခေါင်းခါ၍ ပြောလိုက်သည်။

“ဒီဆေးလုံးက သာမန်လူတွေကို အချိန်တိုအတွင်း မဟာဧကရာဇ်အဆင့် ရောက်အောင် ကူညီပေးနိုင်ပေမယ့် ကျင့်ကြံသူရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိတယ်… တစ်နည်းပြောရရင် ရှေ့ဆက်ရမယ့်လမ်းကို ဖြတ်တောက်လိုက်သလို ဖြစ်သွားမှာ”

ထိုစကားကို ကြားသောအခါ စုချောင်ရန်သည် ဆေးလုံးကို မျိုချချင်စိတ်ကို ထိန်းချုပ်လိုက်သော်လည်း ၊ အလျင်အမြန်ပင် တစ်စုံတစ်ခုကို သတိရသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါဆို… ယောက်ျား… ဒီဆေးလုံးကို ဘယ်က ရတာလဲ”

ဝူဟောက်က မျက်ခုံးပင့်လိုက်ပြီး ပြန်မေးလေ၏။

“လွန်ခဲ့တဲ့ ၁၁ နှစ်က ကိုယ်တို့ အတူတူ ပြန်လာတုန်းက ဖြစ်ခဲ့တာကို မှတ်မိလား”

ထိုအခါမှ စုချောင်ရန်လည်း အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားပြီး ခေါင်းညိတ်လိုက်သည်။

ဝူဟောက်က ဆက်ပြောလေသည်။

“ဒီဆေးလုံးကို ဂိုဏ်းတစ်ခုကို ဝင်တိုက်ခိုက်တဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက် က ချန်ထားခဲ့တာ… ကိုယ်က အဲဒီဆေးလုံးကို ယူပြီး နည်းနည်း ပြန်မွမ်းမံထားရုံပါပဲ”

“အခု ကိုယ့်လက်ထဲမှာ ဒီလို သွေးဧကရာဇ်ဆေးလုံးမျိုး အလုံး တစ်ရာလောက် ရှိတယ်”

ဝူဟောက်၏လက်ထဲတွင် သွေးဧကရာဇ်ဆေးလုံး အများအပြား ရှိနေကြောင်း ကြားလိုက်ရချိန်တွင် စုချောင်ရန်မှာ ကြောင်အမ်းသွားသော်လည်း ၊ သူမ၏ မျက်ဝန်းများက လျင်မြန်စွာပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။

ဆိုလိုသည်မှာ သူတို့သည် ဝူမိသားစုအတွက် မဟာဧကရာဇ်အဆင့် စွမ်းအားရှင် အယောက်တစ်ရာကို မွေးထုတ်ပေးနိုင်တော့မည် ဖြစ်သည်။

မဟာဧကရာဇ် တစ်ပါးတည်းနှင့်ပင် ဝူမိသားစုသည် ရွှမ်ထျန်းကမ္ဘာ၏ ငြင်းမရသော အရှင်သခင် ဖြစ်လာနိုင်ပေသည်။ အကယ်၍ အပါးတစ်ရာသာ ရှိခဲ့ပါလျှင်ဖြင့် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးသည် ယနေ့မှစ၍ ဝူ ဟူသော အမည်နာမအောက်သို့ ရောက်ရှိသွားပေတော့မည်။

စုချောင်ရန် မသိသောအချက်မှာ ဝူဟောက်၏လက်ထဲတွင် သွေးဧကရာဇ်ဆေးလုံး တစ်ရာ မဟုတ်ဘဲ တစ်သန်းခန့် ရှိနေခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှု မဖြစ်စေရန် ထိုမျှလောက်သာ ထုတ်ပြခြင်း ဖြစ်လေသည်။

လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် မဟာဧကရာဇ်များ ရှားပါးနေသေးသည်။ အကယ်၍ မဟာဧကရာဇ်များ ရုတ်တရက် အများအပြား ပေါ်ထွက်လာပါက တန်ဖိုးမဲ့သွားပေလိမ့်မည်။

သူ မွေးထုတ်ပေးလိုက်သော မဟာဧကရာဇ်များကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာမူ စုချောင်ရန်၏ အစီအစဉ်ထဲတွင် မပါဝင်ပေ။ ဝူဟောက်အကြောင်း သူမ နားလည်ထားသလောက် ဝူဟောက်သည် ယုံကြည်မှု အပြည့်အဝ မရှိဘဲနှင့် ဧကရာဇ်တပ်မတော် တစ်ခု တည်ထောင်ရန် စိတ်ကူးမည် မဟုတ်ချေ။

ဝူဟောက်၏ စွမ်းအားသည် မဟာဧကရာဇ်အဆင့်ကို ကျော်လွန်သွားပြီ ဖြစ်မည်ဟု တွေးမိရင်း ၊ စုချောင်ရန်မှာ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်မိသွားသည်။ သူမအနေဖြင့် ပိုမို ကြိုးစားအားထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။ တစ်နေ့နေ့တွင် သူမ၏ ခင်ပွန်းဖြစ်သူမှာ သူမ၏ အားနည်းသောကျင့်ကြံမှုကို မနှစ်သက်ခဲ့လျှင်ဖြင့် မည်သို့လုပ်မည်နည်း။

စုချောင်ရန်သည် ဤမျှထိ တွေးတောနေမည်ဟု ဝူဟောက်လည်း ထင်မှတ်မထားခဲ့ပေ။ ယခုအချိန်တွင် သူသည် ဧကရာဇ်တပ်မတော် ကိစ္စကို မည်သို့ လုပ်ဆောင်ရမည်ကိုသာ စဉ်းစားနေလေသည်။

သွေးဧကရာဇ်ဆေးလုံးသည် သာမန်လူများကို မဟာဧကရာဇ်အဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သည့်အတွက် ဝူဟောက်သည် ဝိညာဉ်အမြစ် ရှိသူများကို ရွေးချယ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် နောက်ပိုင်းတွင် ကျေးဇူးကမ်းကာ ဝူဟောက်သည် သူတို့၏ လမ်းခရီးကို ဖြတ်တောက်ခဲ့သည်ဟု စွပ်စွဲလာလျှင်ဖြင့် မည်သို့ လုပ်မည်နည်း။

နောက်ထပ် အရေးကြီးသည့် အချက်မှာ ပကတိ သစ္စာရှိမှုပင် ဖြစ်သည်။ ဉာဏ်ပညာနှင့် ရုပ်ရည်သွင်ပြင်သည် ဒုတိယ အဆင့်သာ ဖြစ်ပြီး ၊ သစ္စာရှိသူများကိုသာ ပြုစုပျိုးထောင်ရန် ထိုက်တန်ပေသည်။

အခန်း ၆၂ - မက်မွန်ပွင့်များ ဝိုင်းရံနေသော ဝူယီဖန်နှင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်

“အစ်မရာ… ကျွန်တော် တကယ် မရည်ရွယ်ပါဘူးလို့ ပြောထားသားပဲ… ဘာလို့ အဲ့ကိစ္စကိုပဲ စွဲလမ်းနေရတာလဲ”

ထိုအချိန်၌ ရွှမ်ထျန်းကမ္ဘာ၏ မြောက်ပိုင်းဒေသတွင် ဝူယီဖန်သည် သူ့နောက်သို့ တကောက်ကောက် လိုက်နေသော အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်ကာ အကျပ်ရိုက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော် အတွက် ဝမ်းနည်းပေးရန် အချိန်ပင် မရလိုက်ချေ။ ယခု ဝူယီဖန်ကို လိုက်လံ ဖမ်းဆီးနေသူမှာ ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မလေး၊ နှစ်သန်းပေါင်းများစွာအတွင်း တစ်ခါသာ ပေါ်ထွက်လေ့ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင် ဟု သတ်မှတ်ခံထားရသူ သူတော်စင်မ လင်းဇီရှင်းသာ ဖြစ်သည်။

လင်းဇီရှင်းသည် အသက် ငါးရာသာ ရှိသေးသော်လည်း အာဏာရှင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ရေမြင့်မြတ်နယ်မြေ တစ်ခုလုံးတွင် နှစ်သန်းပေါင်းများစွာ အတွင်း မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာ အရှိဆုံးသူအဖြစ် ချီးကျူးခံထားရသူ ဖြစ်သည်။

သူမ ရေချိုးနေစဉ် ဝူယီဖန်သည် ချောင်းမြောင်း ကြည့်ရှုခဲ့သည်ဟု ဆိုကာ လင်းဇီရှင်း၏ တာအိုနှလုံးသားမှာ မတည်မငြိမ် ဖြစ်ခဲ့ရပြီး ၊ ဧကရာဇ်တပိုင်းအဆင့်သို့ မတက်လှမ်းနိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဝူယီဖန် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိလိုက်ရသောအခါ လင်းဇီရှင်းသည် လင်းရွှေရိုထံ ခွင့်တောင်း၍ ဝူယီဖန်ကို ကိုယ်တိုင် လိုက်လံ ဖမ်းဆီးရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဝူယီဖန် အသက်ရှင်နေသရွေ့ လင်းဇီရှင်းသည် ဧကရာဇ်တပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စကို သိပြီးနောက် လင်းရွှေရိုသည် သဘောတူလိုက်ပြီး ဝူယီဖန်၏ လက်ချက်ဖြင့် အရှုံးမပေါ်စေရန် လင်းဇီရှင်းကို နည်းလမ်းများစွာ သင်ကြားပေးလိုက်သည်။

ဝူယီဖန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်မှာ သူတော်စင်ဘုရင် အထွတ်အထိပ်၌သာ ရှိသေးသည်။ သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ စွမ်းအားကို အားပြု၍ လင်းဇီရှင်းနှင့် အကွာအဝေး တစ်ခုကို ထိန်းထားနိုင်ရုံသာ တတ်နိုင်လေသည်။ လင်းဇီရှင်းက သူ့ကို မီအောင် မလိုက်နိုင်သော်လည်း ၊ ရေတိုအတွင်း သူမကို ဖျောက်ဖျက် ပစ်ရန်မှာမူ ဝူယီဖန်အတွက် အလွန် ခက်ခဲပေလိမ့်မည်။

“မဖြစ်ဘူး… သူမ ငါ့နောက်ကနေ ဆက်မလိုက်မှ ဖြစ်မယ်… မဟုတ်ရင် သူမ ငါ့ကို အနှောင့်အယှက် ပေးနေတာနဲ့ ငါ အာဏာရှင်အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်တော့ဘူး”

ဝူယီဖန်သည် မူလက အာဏာရှင်အဆင့်သို့ တက်လှမ်းရန် စီစဉ်ထားသော်လည်း လင်းဇီရှင်းက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသဖြင့် မလုပ်ဆောင်နိုင် ဖြစ်နေသည်။

အာဏာရှင်အဆင့်သို့ တက်လှမ်းရန်မှာ အလွန်တရာ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် လိုအပ်သည်။ သို့မဟုတ်ပါက အနှောင့်အယှက် တစ်စုံတစ်ရာ ကြုံတွေ့ရလျှင် မိစ္ဆာလမ်းစဉ်သို့ ရောက်ရှိသွားနိုင်သည်။

လင်းဇီရှင်း၏ ရန်မှ မည်သို့ လွတ်မြောက်ရမည်ကို စဉ်းစားနေရင်း ၊ ဝူယီဖန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကာ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေနေလေသည်။

သို့သော်လည်း လင်းဇီရှင်းသည် အာဏာရှင် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ ထို့အပြင် သူမ၏ ခိုင်မာသော အခြေခံနှင့် သာလွန်ကောင်းမွန်သော လက်နက်များကြောင့် အားနည်းသော ဧကရာဇ်တပိုင်း အချို့ပင် သူမကို နိုင်ချင်မှ နိုင်ပေလိမ့်မည်။

အချိန်များ ကုန်ဆုံးသွားသည်ကိုပင် သတိမထားမိလိုက်ဘဲ ဝူယီဖန်နှင့် လင်းဇီရှင်းတို့သည် အနောက်ပိုင်းဒေသသို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။

ထိုအချိန်၌ အနောက်ပိုင်းဒေသရှိ အင်အားစု တစ်ခုတွင် ခြေလက်အင်္ဂါများနှင့် အလောင်းများ ပြန့်ကျဲနေပြီး လူပေါင်းများစွာ၏ သွေးများ မြေပြင်ပေါ်တွင် စီးဆင်းကာ နီရဲသော သွေးမြစ်တစ်စင်းသဖွယ် ဖြစ်ပေါ်နေသည်။

“အဟွတ် အဟွတ်… သောက်ကျိုးနည်း… မင်းက ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးရဲလောက်အောင် သတ္တိကောင်းလှချည်လား… မြင့်မြတ်နယ်မြေ လေးခုက မင်းတို့ မိစ္ဆာကျင့်ကြံသူတွေကို နောက်တစ်ကြိမ် စာရင်းရှင်းမှာကို မကြောက်ဘူးလား”

ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ကျိုးပဲ့နေသော ဓားတစ်လက်ကို ကိုင်ကာ မြေပြင်ကို ထောက်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးသည် သူ့ရှေ့ရှိ သွေးနီရောင် ဝတ်ရုံနှင့် လူကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ထိုသူမှာ အလယ်ပိုင်းဒေသတွင် ဝူယီဖန်၏ နှောင့်ယှက်မှုကြောင့် သွေးဧကရာဇ်ဆေးလုံး ဖော်စပ်မည့် အစီအစဉ် ကျရှုံးခဲ့ရသည့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်ပင် ဖြစ်သည်။

အစီအစဉ် ပျက်ပြားသွားပြီးနောက် သွေးဝိညာဉ်ဂိုဏ်း တမန်တော်များသည် အနောက်ပိုင်းဒေသသို့ ရောက်ရှိလာကြသည်။ မျှော်လင့်မထားသော အခြေအနေကြောင့် အလယ်ပိုင်းဒေသ တစ်ခုလုံးသည် မိစ္ဆာကျင့်ကြံသူများကို တိုက်ခိုက်ချေမှုန်းရန် စစ်ဆင်နွှဲကြတော့မည် ဖြစ်သည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော် ခန့်မှန်းခဲ့သည့်အတိုင်းပင် သူ အလယ်ပိုင်းဒေသမှ ထွက်ခွာလာပြီး မကြာမီမှာပင် အလယ်ပိုင်းဒေသ တစ်ခုလုံးရှိ ဧကရာဇ်တပိုင်းအဆင့် ကျွမ်းကျင်သူ အားလုံးသည် သူ့ကို ရှာဖွေရန် အလုံးအရင်းနှင့် ထွက်လာခဲ့ကြသည်။

သူ့အနေဖြင့် တူညီသော အဆင့်ရှိသူ မည်သူ့ကိုမဆို ယှဉ်နိုင်သည်ဟု ယုံကြည်သော်လည်း ထိုအချက်သည် သခင်မြတ် အဆင့်ရှိသူများ ဝင်မပါသည့် အခြေအနေမျိုး၌သာ ဖြစ်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ တည်နေရာကိုသာ သိသွားကြလျှင်ဖြင့် သခင်မြတ် လေးဦး ပူးပေါင်းတိုက်ခိုက်မှုကို သူ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

အနောက်ပိုင်းဒေသသို့ ရောက်ရှိပြီး မကြာမီမှာပင် သူသည် ဒုတိယတန်းစား အင်အားစု တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းကို ဖျက်ဆီးကာ ထိုအင်အားစု တစ်ခုလုံး၏ သွေးအဆီအနှစ်များကို အသုံးပြု၍ သွေးဧကရာဇ်ဆေးလုံးကို ဖော်စပ်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် သူ မအောင်မြင်ခဲ့သည်မှာ ထင်ရှားသည်။ ဤသွေးစွမ်းအင် ပမာဏသည် သူ့ကို စစ်မှန်သော ဧကရာဇ်အဆင့်နှင့် အနည်းငယ် ပိုနီးစပ်သွားစေရုံမှလွဲ၍ ဘာမျှ အသုံးမဝင်ခဲ့ပေ။

သွေးဧကရာဇ်ဆေးလုံးကို ဖော်စပ်ရန်အတွက် ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ရှိသူ တစ်ဦးကို ဓာတ်ကူပစ္စည်း အဖြစ် လိုအပ်ပြီး၊ ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ငါးဦးနှင့် အထူးခန္ဓာကိုယ် ပိုင်ရှင် တစ်ဦးတို့ လိုအပ်ပေသည်။ သူ ဖျက်ဆီးခဲ့သော အင်အားစုများမှာမူ ထိုလိုအပ်ချက်များကို မပြည့်မီခဲ့ချေ။

“ဆူညံလိုက်တာ…”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်က မျက်မှောင်ကြုတ်လိုက်ပြီး ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူကို လက်ဝါးဖြင့် ရိုက်သတ်လိုက်လေသည်။

ထိုသူကို သတ်ဖြတ်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ထွက်ခွာရန် ပြင်လိုက်သည်။ သွေးဝိညာဉ်ဂိုဏ်း၏ ကြီးမားသော စီမံကိန်းအတွက် သူသည် မဟာဧကရာဇ်အဆင့်သို့ အမြန်ဆုံး တက်လှမ်းရန် လိုအပ်နေသည်။

ထွက်ခွာတော့မည့် ဆဲဆဲတွင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်လုံးများ အရောင်လက်သွားလေ၏။

“အထူးခန္ဓာကိုယ် ပိုင်ရှင် နှစ်ယောက်ပါလား…”

ထိုသို့ တွေးမိသည်နှင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် တုံ့ဆိုင်းမနေတော့ဘဲ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

အခြားတစ်ဖက်တွင် ဝူယီဖန်သည် လင်းဇီရှင်း၏ လက်မှ လွတ်မြောက်ရန် နည်းလမ်းကို စဉ်းစားနေဆဲ ဖြစ်ပြီး လင်းဇီရှင်းမှာလည်း ဤကာမဂုဏ်လိုက်စားသော လူယုတ်မာ ဝူယီဖန်ကို အမြန်ဆုံး သတ်ဖြတ်ကာ ဧကရာဇ်တပိုင်းအဆင့်သို့ တက်လှမ်းရန် ကြံစည်နေသည်။

သို့သော် ထိုအချိန်၌ ဝူယီဖန်သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစု တစ်ခု၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ကျောချမ်းသွားပြီး အလိုအလျောက်ပင် ရှေ့သို့ အားကုန်ထုတ်၍ လက်သီးဖြင့် ထိုးလိုက်မိသည်။

“ကောင်းကင်ဧကရာဇ် လက်သီး…”

ဝူယီဖန်၏ လက်သီးချက် ကျရောက်မည့် ဆဲဆဲတွင် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် သူ့ရှေ့၌ ပေါ်လာလေသည်။

ဝူယီဖန်၏ တိုက်ခိုက်ရေး အာရုံခံစားမှုမှာ အလွန်တရာ ထက်မြက်လှပြီး သွေးဝိညာဉ်ဂိုဏ်း တမန်တော် ပေါ်လာမည့် နေရာကိုပင် ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် လန့်သွားသော်လည်း အခြေအနေကို သဘောပေါက်လိုက်သည်နှင့် ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ဝူယီဖန်၏ စွမ်းအား တိုးတက်လာခြင်းသည် မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် သူ့အတွက် အကျိုးကျေးဇူး ပိုများစေလိမ့်မည်။ ဝူယီဖန် အားကုန်သုံး၍ ထိုးလိုက်သော လက်သီးချက်ကိုမူ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် လုံးဝမှ ဂရုမစိုက်ခဲ့ပေ။

ဝူယီဖန်၏ အခြေခံအုတ်မြစ်မှာ အလွန် ခိုင်မာလှသည်ဟု ဆိုရမည်။ သူသည် သူတော်စင်ဘုရင် တစ်ပါးသာ ဖြစ်သော်လည်း သူ၏ စွမ်းအားကြီးမားသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် ကောင်းသော ကျင့်စဉ်များကြောင့် သာမန် ဧကရာဇ်တပိုင်း ကနဦးအဆင့် ကျင့်ကြံသူ ဆိုလျှင်ပင် သူ၏ အားကုန်ထုတ် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

သို့သော် သူ့ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်း တမန်တော်မှာ ဧကရာဇ်တပိုင်း အထွတ်အထိပ် နယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သဖြင့် လေတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ဝူယီဖန်၏ လက်သီးချက်ကို တားဆီးလိုက်လေသည်။

“ဘာ…”

ဝူယီဖန်၏ မျက်ဝန်းအိမ်များမှာ ကျဉ်းမြောင်းသွားသည်။ သူ အလွန် ဂုဏ်ယူခဲ့သော အားကုန်ထုတ် လက်သီးချက်ကို သွေးဝိညာဉ်ဂိုဏ်း တမန်တော်က ဤမျှ လွယ်ကူစွာ ပိတ်ဆို့နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ချက်ချင်းပင် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် သူ့လက်ကို ဆန့်ထုတ်၍ ပေါ့ပါးစွာ လှုပ်ရှားလိုက်သည်။ တစ်ခဏချင်းတွင် ဝူယီဖန်သည် ကြီးမားသော ဘေးအန္တရာယ်ကြီး တစ်ခုက သူ့ထံသို့ ကျရောက်လာတော့မည်ကို ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူ၏ခန္ဓာကိုယ်သည် အသိစိတ်ထက်ပင် ဦးစွာ တုံ့ပြန်လိုက်ပြီး ဝူယီဖန်၏ ရှေ့တွင် ဝိညာဉ်ဒိုင်း အကာအကွယ်များစွာ ပေါ်ထွက်လာသည်။

သို့သော်လည်း ဧကရာဇ်တပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူ၏ မျက်လုံးထဲတွင် ထိုအရာအားလုံးသည် အချည်းနှီးသာ ဖြစ်လေ၏။ ဝူယီဖန်မှ ချက်ချင်း ဖန်တီးလိုက်သော ဝိညာဉ်ဒိုင်း ၉၉ ခုသည် သွေးဝိညာဉ်ဂိုဏ်း တမန်တော်မှ ထုတ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့မိချိန်တွင် တို့ဖူးကို ကျည်ဆန် ဖောက်ထွက်သွားသကဲ့သို့ ပျက်စီးသွားလေသည်။ တစ်ခဏလေးပင် တောင့်ခံထားနိုင်ခြင်း မရှိခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်း သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ တိုက်ခိုက်မှုသည် ဝူယီဖန်၏ ရှေ့သို့ ရောက်ရှိလာရာ ဝူယီဖန်မှာ ကြောင်တတ်တတ်ဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဤသည်မှာ ဝူယီဖန်အတွက် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့ခြင်းကို ခံစားခဲ့ရခြင်း ဖြစ်သည်။ သူတော်စင်နယ်ပယ်၌ သူတော်စင်ဘုရင် သုံးပါးနှင့် ရင်ဆိုင်ခဲ့စဉ်က သူသည် အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ပြီး ၊ သို့သော် ယခုအချိန်တွင်မူ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်ကို မတွေ့မြင်ရတော့ချေ။

သို့သော် ထိုအချိန်၌ပင် လှပသော ပုံရိပ်တစ်ခုက ဝူယီဖန်၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

All Chapters