← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း ၆၅ - ဝူယီဖန်၏ စိတ်ပျက်အားငယ်မှု၊ ဝူလီ ဂိုဏ်းဝင်ခြင်းနှင့် တုံ့ပြန်မှု ပေါင်းစပ်ခြင်း လုပ်ဆောင်ချက်

“ထူးဆန်းလိုက်တာ… ဘာတွေ ဖြစ်သွားတာလဲ”

ဝူယီဖန် နိုးလာသောအခါ သူသည် အမည်မသိသော ဂူတစ်ခုထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာထားမှာ တည်ကြည်လေးနက် သွားသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် သူသည် လင်းဇီရှင်းအတွက် လက်ဝါးချက်ကို ဝင်ခံပေးလိုက်သည့် အချိန်၌သာ ရပ်တန့်နေခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ တိုက်ခိုက်မှုကို ခံယူလိုက်ရပြီးနောက်တွင် သူသည် သတိလစ်သွားခဲ့ပြီး ၊ ကြားထဲတွင် ဘာဖြစ်သွားသည်ကို သဘာဝကျစွာပင် ဘာမျှမသိရှိလိုက်ပေ။

ယခုအခါတွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဘေးထွက်ဆိုးကျိုးများသည် ပျောက်ကွယ်သွားပြီး ၊ သူ၏ ကျင့်ကြံမှုနယ်ပယ်သည် အာဏာရှင်နယ်ပယ် အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်ကို သိလိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်‌နေမိသည်။

“အဲဒီအချိန်တုန်းက ဘာတွေ အတိအကျ ဖြစ်ခဲ့တာလဲ… ငါ မသိတဲ့ ကိစ္စ တစ်ခုခုတော့ သေချာပေါက် ဖြစ်ခဲ့မှာပဲ”

ဝူယီဖန်သည် သက်ပြင်းချလိုက်ပြီး လေးလေးနက်နက် တွေးတောနေမိသည်။

ခေါင်းကွဲမတတ် စဉ်းစားသော်လည်း ၊ လင်းဇီရှင်းသည် သူ့ကို ကယ်တင်ရန်အတွက် ဤမျှ ကြီးမားသော ပေးဆပ်မှုကြီးကို ပြုလုပ်ခဲ့လိမ့်မည်ဟု တွေးမိမည် မဟုတ်ပေ။ ဝူယီဖန်၏ အမြင်တွင်မူ လင်းဇီရှင်းသည် သူ့ကို သတ်ချင်နေခဲ့သည် မဟုတ်လော.. ဘာအတွက်ကြောင့် သူ့ကို ကယ်တင်မည်နည်း။

“အဖြေကို ငါ့ဘာသာ ရှာမှပဲ ရတော့မယ် ထင်တယ်… လင်းဇီရှင်းရော ဘယ်လိုနေလဲ မသိဘူး… ငါ့ လုံခြုံရေးအတွက် သူ့ကိုယ်သူ စတေးလိုက်တာများလား”

ဝူယီဖန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ သူ၏ မျက်နှာအမူအယာမှာ အနည်းငယ် ပျက်သွားသည်။

ထိုသို့ တွေးမိသည်နှင့် ဝူယီဖန်သည် မတ်တတ်ထရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ပြတ်သားသော မျက်ဝန်းများဖြင့် ကိုယ့်ကိုယ်ကိုယ် တွေးလိုက်သည်။

“စိတ်မပူပါနဲ့ လင်းဇီရှင်း… ငါ မင်းအတွက် ကလဲ့စားချေပေးမယ် “

(လင်းဇီရှင်း: ? ? ?)

“ဝူလီ… ငါ့ရဲ့ ကျန့်ထျန်းဂိုဏ်း ကို ဝင်ပြီး ငါ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် ခံယူချင်လား”

ထိုအချိန်တွင် အဖြူရောင် ဆံပင်များနှင့် သက်ကြီးရွယ်အို တစ်ဦးသည် ဝူလီ၏ ရှေ့၌ ရပ်လျက် ကြင်နာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ဝူလီသည် တစ်ခဏမျှသာ တုံ့ဆိုင်းနေပြီး ခေါင်းညိတ် သဘောတူလိုက်လေ၏။

“တပည့် ဝူလီ ..ဆရာသခင်ကို ဂါရဝပြုပါတယ်”

ဝူမိသားစုမှ ထွက်ခွာလာပြီးနောက် ဝူလီသည် တောင်ပိုင်းဒေသ၏ ဧကရာဇ်လေးပါးနှင့် ဂိုဏ်းခြောက်ဂိုဏ်း အနက် တစ်ခုဖြစ်သော ကျန့်ထျန်းဂိုဏ်းသို့ ဝင်ရောက်ကာ ဂိုဏ်းသားအဖြစ် ခံယူခဲ့သည်။

ဝူမိသားစုမှ ထွက်လာခဲ့စဉ်က ၊ မိဘများနှင့် အခြားသူများသည် သူသည် ဝူမိသားစုဝင် ဖြစ်ကြောင်း အပြင်လောကတွင် ထုတ်ဖော်မပြောရန် အကြိမ်ကြိမ် မှာကြားခဲ့ကြသည်။ ဝူလီသည် အဘယ့်ကြောင့် ထုတ်ဖော်ခွင့်မရှိသည်ကို မေးမြန်းခဲ့ပြီး ၊ ဝူဝမ်ကူက သက်ပြင်းချ၍ လေးနက်စွာ ပြောခဲ့သည်။

“သား… မင်း နားလည်ထားရမှာက မင်းက ဝူမိသားစုဝင် တစ်ယောက်ဆိုတဲ့ အမှတ်အသားကို ထုတ်ပြလိုက်ရင် တခြားသူတွေက မင်းကို လေးစားကြလိမ့်မယ်… ဒါပေမဲ့ အဲ့တာက မင်းနောက်က ဝူမိသားစုကြောင့် ဖြစ်ပြီး မင်းကြောင့် မဟုတ်ဘူး”

“အောင်မြင်နေတဲ့အချိန်မှာ ရလာတဲ့ ဘုန်းကံဆိုတာ အောင်မြင်မှုကြောင့် ရတာ… ဒါပေမဲ့ ကျဆင်းနေတဲ့အချိန်မှာတောင် ဘုန်းကံကို ရယူနိုင်သေးရင် အဲဒီဘုန်းကံက မင်းပိုင်တာပဲ… မင်းအဖေက မင်း ကိုယ်တိုင် ရှာဖွေထားတဲ့ ဘုန်းကံကို မြင်ချင်တာ “

ဖခင်ဖြစ်သူ၏ စကားကို ကြားပြီးနောက် ဝူလီသည် ကမ္ဘာသစ်တစ်ခု ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ၊ ဖခင်၏ စကားကို ရင်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်သည်။

ဝူလီသည် ကျန့်ထျန်းဂိုဏ်းတွင် စာရင်းသွင်းသောအခါ အကြီးအကဲများက သူ့နောက်ခံကို မေးမြန်းကြသော်လည်း ၊ သူသည် အမည်မသိ လေလွင့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန့်ထျန်းဂိုဏ်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ဝူလီသည် ကျန့်ထျန်းဂိုဏ်း၏ တောင်ထွတ်ရှစ်ခုအနက် တစ်ခုဖြစ်သော ၊ ရှောင်ယောက်တောင်ထွတ်၏သခင် ချန်ဖျင်အန်း၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရသည်။

ထိုအခြေအနေကို မြင်သောအခါ ဝူလီသည် ငြင်းဆန်ရန် အကြောင်းမရှိသဖြင့် သဘောတူလိုက်လေသည်။

ဝူလီ သဘောတူသည်ကို မြင်သောအခါ ချန်ဖျင်အန်းသည် ကျေနပ်အားရသွားပြီး ခေါင်းညိတ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ချန်ဖျင်အန်းသည် ဝူလီကို မြင်လိုက်သည့် ခဏ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဝူလီသည် သူ၏ တပည့် ဖြစ်လာရန် ရေစက်ပါလာသကဲ့သို့ ဖြစ်နေပြီး ၊ ဝူလီ၏ ပါရမီမှာလည်း အတော်အတန် မြင့်မားသဖြင့် ချန်ဖျင်အန်းသည် သူ့ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ချန်ဖျင်အန်းကို သူ့တပည့်အဖြစ် လက်ခံချင်မှ လက်ခံပေလိမ့်မည်။

ရှောင်ယောက်တောင်ထွတ် သခင်သည် သာမန် အဆင့်မြင့်ဝိညာဉ်အမြစ် ပိုင်ရှင် တစ်ဦးကို သူ၏ ကိုယ်ပိုင် တပည့်အဖြစ် လက်ခံလိုက်သည်ကို မြင်ပြီးနောက် ၊ ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ လွန်စွာ အံ့အားသင့်နေကြသည်။

အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ ကျန့်ထျန်းဂိုဏ်းရှိ တောင်ထွတ်ရှစ်ခု၏ သခင်များ အားလုံးသည် ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့်ရှိ စွမ်းအားကြီး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ၎င်းတို့အနက် ရှောင်ယောက်တောင်ထွတ်သခင် ချန်ဖျင်အန်းသည် ပိုမို စွမ်းအားကြီးမားပြီး ၊ ဧကရာဇ်တပိုင်း အထွတ်အထိပ်သို့ ရောက်ရှိထားကာ ဂိုဏ်းချုပ်နှင့် တန်းတူ ဖြစ်တည်မှု တစ်ခု ဖြစ်လေသည်။

ထို့ကြောင့်ပင် ကျန့်ထျန်းဂိုဏ်းသည် ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

“အဟမ်း… တောင်သခင်ချန်… ကျွန်တော့် ပါရမီကလည်း မဆိုးပါဘူး… တောင်သခင် သဘောကျမလား မသိဘူး”

ထိုစဉ် သာလွန်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သော အခြား ပါရမီရှင် တစ်ဦးသည် ချန်ဖျင်အန်းထံ ရောက်ရှိလာပြီး မျှော်လင့်တကြီး မေးလိုက်သည်။

သို့သော် ချန်ဖျင်အန်းက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ၊ စာရင်းရေးသွင်းသူ အကြီးအကဲကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ငါ ဒီလူကို လုံးဝ မကြိုက်ဘူး… မင်း သိတယ်မလား”

ချန်ဖျင်အန်း၏ စကားကို ကြားသောအခါ စာရင်းရေးသွင်းသူ အကြီးအကဲမှာ ချွေးစေးများ ပြန်လာပြီး ၊ ထိုပါရမီရှင်ကို အေးစက်စွာ အော်ဟစ်လိုက်သည်။

“ထွက်သွားစမ်း… မင်းကို ငါတို့ ကျန့်ထျန်းဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီ… မင်းက ဘာကောင်မို့လို့ တောင်သခင်ချန်ရဲ့ တပည့် ဖြစ်ဖို့ ထိုက်တန်ရမှာလဲ”

စာရင်းရေးသွင်းသူ အကြီးအကဲ၏ စကားအဆုံးတွင် ၊ အစောင့်တပည့်များက ကြောင်အမ်းနေသော ထိုပါရမီရှင်ကို ခေါ်ထုတ်သွားလေတော့သည်။ ထိုပါရမီရှင်မှာ အသနားခံရန်ပင် အခွင့်အရေး မရလိုက်ဘဲ ပျောက်ကွယ်သွားလေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားဂိုဏ်းသားများသည် ချန်ဖျင်အန်း၏ အမျက်ထွက်မှုကို ခံရပြီး ကျန့်ထျန်းဂိုဏ်းမှ ထုတ်ပယ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ထားလေ၏။ ကျန့်ထျန်းဂိုဏ်းသို့ ဝင်ရောက်ခွင့် ရခြင်းသည်ပင် သူတို့အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း သူတို့ သိထားကြသည်။

သို့သော် ကျန့်ထျန်းဂိုဏ်းမှ ထုတ်ပယ်ခံရပါက ၊ ကျန့်ထျန်းဂိုဏ်း၏ အထင်အမြင်လွဲခြင်း ခံရမည်ကို စိုးရိမ်သဖြင့် အခြားအင်အားစုများကလည်း သူတို့ကို လက်ခံမည် မဟုတ်ချေ။

ထို့ကြောင့် ကျန့်ထျန်းဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် တိတ်တဆိတ် ကျင့်ကြံလိုသော ဝူလီသည် ချန်ဖျင်အန်း၏ ကိုယ်ပိုင်တပည့် ဖြစ်လာရန် ဖိအားပေးခံလိုက်ရသည်။ အကယ်၍ သူသာ ငြင်းဆန်ခဲ့လျှင်ဖြင့် ၊ အသံတိတ် နေလိုသော ဝူလီအတွက် ပိုမို ခက်ခဲသွားပေလိမ့်မည်။

ချန်ဖျင်အန်း၏ တပည့် ဖြစ်လာခြင်းက ချန်ဖျင်အန်း၏ အမည်နာမကို အသုံးပြု၍ အေးချမ်းစွာ ကျင့်ကြံနိုင်မည် ဖြစ်သော်လည်း ၊ ငြင်းဆန်လိုက်ပါက နေ့စဉ်နှင့်အမျှ ပြဿနာ လာရှာသူများ ရှိလာပေလိမ့်မည်။

ထိုအချိန်တွင် ဝူမိသားစုမှ ထွက်ခွာလာပြီးနောက် ဝူဟောက်သည် သူ၏ ဇနီးသည်ကို ခေါ်ဆောင်ကာ ရွှမ်ထျန်းကမ္ဘာ အနှံ့အပြားသို့ ဟန်းနီးမွန်း ခရီးထွက်သယောင် လှည့်လည်သွားလာနေသည်။ စုချောင်ရန်သည် ဟန်းနီးမွန်း ဆိုသည်မှာ ဘာမှန်းမသိသော်လည်း ခင်ပွန်းသည်၏ ဘေးတွင် ရှိနေရသဖြင့် ကျေနပ်နေရှာသည်။

ဟန်းနီးမွန်း ခရီးထွက်နေစဉ် ဝူဟောက်သည် အားမနေခဲ့ပေ။ သူသည် ရွှမ်ထျန်းကမ္ဘာအတွင်း သူ၏ ဧကရာဇ်တပ်မတော်ကို တည်ထောင်ရန် သင့်တော်သော ပစ်မှတ်များကို ရှာဖွေနေခဲ့သည်။

ရှာဖွေနေစဉ် အတော်အတွင်း ၊ ဝူဟောက်သည် ခေတ္တမျှ ရပ်တန့်သွားသည်။

[ဒင်း… စနစ် ချိတ်ဆက်မှု နှစ် ၁၀၀ ပြည့်မြောက်သွားကြောင်း တွေ့ရှိရပါသည်၊ လုပ်ဆောင်ချက် အသစ် ဖွင့်လှစ်လိုက်ပါပြီ ၊ ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ ]

စနစ်သည် နေ့တိုင်း အသံမြည်တမ်းနေသဖြင့် ဝူဟောက်သည် စနစ်၏ တုံ့ပြန်မှုအသိပေးချက်များကို ပိတ်ထားခဲ့ရာ ၊ ယခု စနစ်၏ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဝူဟောက်သည် လန့်ဖျပ်သွားသည်။

ဤသည်မှာ တားမြစ်နယ်မြေမှ ထွက်လာပြီးနောက်ပိုင်း ၊ စနစ်မှ ပထမဆုံးအကြိမ် စကားပြောလာခြင်း ဖြစ်သည်။

“ဘာ လုပ်ဆောင်ချက် အသစ်လဲ”

ဝူဟောက်သည် စူးစမ်းလိုစိတ်ဖြင့် စနစ်ဘောင်ကွက်ကို ဖွင့်ကြည့်လိုက်ရာ လုပ်ဆောင်ချက် အသစ်များကို မြင်လိုက်ရသဖြင့် အံ့သြဝမ်းသာ ဖြစ်သွားလေသည်။

[လုပ်ဆောင်ချက် အသစ် ဖွင့်လှစ်ခြင်း - တုံ့ပြန်မှု ပေါင်းစပ်ခြင်း ၊ ပိုင်ရှင်သည် တုံ့ပြန်မှု တောင်းဆိုမှု တစ်ခုစီတွင် ရရှိသော ပစ္စည်းများကို ပေါင်းစပ်ခြင်း ပြုလုပ်မည်၊ မပြုလုပ်မည်ကို ရွေးချယ်နိုင်သည် ၊ ပစ္စည်း အခု ၁၀၀ ကို ပိုမိုမြင့်မားသော အဆင့်ရှိ ပစ္စည်း တစ်ခုအဖြစ် ပေါင်းစပ်နိုင်သည်]

ဆိုလိုသည်မှာ အဝါရောင်အဆင့် လက်နက် အခု ၁၀၀ ကို နက်နဲအဆင့် လက်နက် တစ်ခုအဖြစ် ပေါင်းစပ်နိုင်ပြီး နက်နဲအဆင့် လက်နက် အခု ၁၀၀ ကို မြေကမ္ဘာအဆင့် လက်နက် တစ်ခုအဖြစ် ပေါင်းစပ်နိုင်သည်။ ကျင့်စဉ်များနှင့် ဆေးလုံးများအတွက်လည်း ထိုနည်းလမ်းအတိုင်းပင် ဖြစ်သည်။

ကျင့်ကြံမှု တုံ့ပြန်ခြင်းအတွက်မူ ၊ ဤလုပ်ဆောင်ချက် အသစ် ဖွင့်လှစ်မှုသည် ၎င်းအပေါ်ကို သက်ရောက်မှု မရှိပေ။ ကျင့်ကြံခြင်းသည် ကျင့်ကြံခြင်းသာ ဖြစ်ပြီး ပေါင်းစပ်ပြီးနောက်တွင်လည်း ကျင့်ကြံခြင်းသာ ဖြစ်နေမည် ဖြစ်သည်။ မည်သည့် သက်ရောက်မှုမျှ ရှိမည် မဟုတ်ချေ။

သို့သော် ဝူဟောက်သည် အောက်ပါ သတိပေးချက်ကို မကြာမီ တွေ့ရှိလိုက်ပြီး ဂရုတစိုက် ဖတ်ရှုလိုက်သည်။

[ဒင်! ပေါင်းစပ်ပြီးသား ပစ္စည်းများကို ထပ်မံ ပေါင်းစပ်၍ မရနိုင်ပါ]

“အော်… ဟုတ်လား… ယီဖန်နဲ့ တခြားသူတွေကို ဧကရာဇ်လက်နက် ပေးပြီး အကန့်အသတ်မရှိ ပေါင်းစပ်ပစ်မယ်လို့ စိတ်ကူးထားတာ”

“ဝူယီဖန်နဲ့ တခြားသူတွေကို ဧကရာဇ်လက်နက် တစ်လက် ပေးလိုက်ရင် ငါက တုံ့ပြန်မှုအနေနဲ့ ဧကရာဇ်လက်နက် တစ်သန်း ပြန်ရမယ်… ဧကရာဇ်လက်နက် တစ်သန်းကို အကန့်အသတ်မရှိ ပေါင်းစပ်လို့ရရင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အဆင့်ရှိတဲ့ လက်နက်တွေကို ဖန်တီးနိုင်လိမ့်မလဲ”

ဝူဟောက်သည် အနည်းငယ် စိတ်ပျက်စွာဖြင့် တွေးလိုက်မိသည်။

သို့သော်လည်း ဤလုပ်ဆောင်ချက်သည် မဆိုးဘူးဟု ဆိုရမည်။ သူသည် ပိုမို စွမ်းအားကြီးမားလာပြီးနောက်တွင် အချို့သော အင်အားကြီး အဖွဲ့အစည်းများထံမှ အရင်းအမြစ်များကို ငှားရမ်းနိုင်မည် မဟုတ်လော။

အခန်း ၆၆ - သန့်စင်ပုလင်း

“ဝူလီ... ဒါက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး... ဒါကတော့ မင်းရဲ့ ဒုတိယ ဂိုဏ်းတူအစ်မ... မင်းအပါအဝင်ဆိုမှ ငါ့မှာ တပည့် သုံးယောက်ပဲ ရှိတာ... ငါ့မျက်နှာ မပျက်စေနဲ့”

မကြာမီအချိန်အတွင်း၌ပင် ချန်ဖျင်အန်းသည် ဝူလီကို ရှောင်ယောက်တောင်ထွတ်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ တောင်ထွတ်တစ်ခုဟု ခေါ်ဆိုသော်လည်း ၊ ၎င်း၏ အရွယ်အစားမှာမူ ဝူလီ၏ စိတ်ကူးယဉ်မှုကို ကျော်လွန်နေပြီး သူ၏ အိမ်တော်ဝင်းနီးပါးခန့် ကြီးမားကျယ်ဝန်းလှသည်။

ရှောင်ယောက်တောင်ထွတ်သို့ ရောက်ရှိပြီးနောက် ၊ ချန်ဖျင်အန်းသည် ဝူလီအား သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချိုက်ထျန်းကွန်းနှင့် ဒုတိယ ဂိုဏ်းတူအစ်မ နန်ကုန်းယာတို့နှင့် မိတ်ဆက်ပေးလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ဝူလီထက် များစွာ အသက်ကြီးကြပြီး နှစ်ရာပေါင်းများစွာ အသက်ရှင်နေထိုင်လာကြသူများ ဖြစ်ကြကာ သူတို့၏ ကျင့်ကြံမှု အဆင့်များသည် နိမ့်ပါးခြင်း မရှိဘဲ သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“မင်္ဂလာပါ ဂျူနီယာလေး... မင်း ကျင့်ကြံခြင်းလမ်းစဉ်မှာ ကြိုးစားဖို့ လိုလိမ့်မယ်... မဟုတ်ရင် ဆရာက မင်းကို ကန်ထုတ်ပစ်လိမ့်မယ်”

ခရမ်းရောင် ဆံနွယ်များနှင့် နန်ကုန်းယာက ဝူလီကို ကြည့်ကာ စနောက်လိုက်သည်။ ဝူလီသည် ရွှေအမြုတေအဆင့်မျှသာ ရှိသေးကြောင်း သူမ သတိပြုမိလိုက်သည်။ သာမန်လူတစ်ဦးအတွက် ဤအဆင့်သည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ချန်ဖျင်အန်း၏ တပည့်ဟု ခံယူထားသူအတွက်မူ ၊ ဤကျင့်ကြံမှုအဆင့်သည် လှောင်ပြောင်စရာ ဖြစ်နေပေလိမ့်မည်။

ထိုစကားကို ကြားသောအခါ ဝူလီသည် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ဦးညွှတ်၍ ပြန်လည် ဖြေကြားလိုက်သည်။

“ကျွန်တော် ကြိုးစားပြီး ကျင့်ကြံပါ့မယ် ဒုတိယအစ်မ...”

“အဟမ်း... ကဲ... နောက်ကျနေပြီ... မင်းတို့ ဝူလီကို အခြေချဖို့ တောင်တစ်လုံးဆီ ခေါ်သွားလိုက်ကြဦး... ဝူလီ... မင်း ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာ ရှိရင် မင်းရဲ့အစ်ကိုကြီးနဲ့ အစ်မကို မေးလို့ရတယ်... သူတို့ ဖြေရှင်းမပေးနိုင်မှ ဆရာ့ဆီ လာခဲ့”

ထိုအချိန်၌ ချန်ဖျင်အန်းသည် ချောင်းဟန့်လိုက်ပြီး ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့ကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

ဆရာဖြစ်သူ၏ စကားကို ကြားသောအခါ ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့က ခေါင်းညိတ်လိုက်ကြပြီး ဝူလီကို ကြည့်ကာ ပင်မတောင်ထွတ်မှ ခေါ်ထုတ်သွားကြလေသည်။

“သူ့ကို တပည့်အဖြစ် လက်ခံလိုက်လို့ ဘယ်လို အကျိုးကျေးဇူးတွေ ရလာမလဲ ဆိုတာတော့ မသိဘူး... ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ တွေးလို့တောင် မရနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ ခံစားနေရတယ်”

ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့သည် ဝူလီကို ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း ၊ ချန်ဖျင်အန်း တစ်ယောက် တွေးတောနေမိသည်။

အမှန်စင်စစ်အားဖြင့် ၊ ချန်ဖျင်အန်းသည် ဤမျှ တိုတောင်းသော ကာလအတွင်း ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာနိုင်ခြင်းမှာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီ အပြင် သူ၏ စိတ်အာရုံခံစားမှုကို ပြင်းပြစွာ ယုံကြည်ထားခြင်း‌ကြောင့် ဖြစ်သည်။

ထိုအာရုံခံစားမှုကပင် သူ့အား သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်စေခဲ့ပြီး ကြီးမားသော အခွင့်အရေးများကို ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။

စဉ်းစားပြီးနောက် ချန်ဖျင်အန်းသည် ထိုကိစ္စကို ဆက်လက် တွေးတောမနေတော့ဘဲ ကျင့်ကြံခြင်းသို့ ပြန်လည် အာရုံစိုက်လိုက်သည်။

သူသည် ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်တွင် ရပ်တန့်နေသည်မှာ နှစ်ပေါင်း ၅၀,၀၀၀ ခန့် ရှိနေပြီ ဖြစ်သော်လည်း မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ယုံကြည်မှု မရှိသလို မည်သည့်အချိန်တွင် တက်လှမ်းနိုင်မည်ကိုလည်း မသိရှိပေ။

“ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုကြီးနဲ့ အစ်မ”

ပင်မတောင်ထွတ်မှ ထွက်ခွာလာပြီးနောက် နန်ကုန်းယာက ဝူလီကို ကြည့်ကာ မေးလိုက်သည်။

“ဂျူနီယာလေး... မင်းကြိုက်တဲ့ တောင်ထွတ်ခွဲ တစ်ခုခုကို ရွေးလိုက်... ဒါပေမဲ့ ဟိုနှစ်ခုကိုတော့ ရွေးလို့မရဘူး... အဲဒါက ငါနဲ့ မင်းအစ်ကိုကြီးရဲ့ ကျင့်ကြံရာနေရာတွေ ဖြစ်နေလို့ပဲ “

နန်ကုန်းယာက အကာအကွယ် အစီအရင်များ ရှိနေသော အခြား မြင့်မားသည့် တောင်နှစ်လုံးကို ကြည့်ကာ ပြောလိုက်သည်။ ဝူလီက ခေါင်းညိတ်လိုက်ပြီး ရှောင်ယောက်တောင်ထွတ်၏ နယ်မြေအတွင်း ဆက်လက် ရှာဖွေကြည့်ရှုလိုက်သည်။ မကြာမီတွင် ဝူလီ၏ မျက်လုံးများသည် အရောင်လက်သွားပြီး မလှမ်းမကမ်းရှိ တောင်ထွတ်တစ်ခုကို လက်ညှိုးထိုးကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

“ဒုတိယအစ်မ... ကျွန်တော် ဟိုတောင်ထွတ်ကို ရွေးမယ်”

“သေချာရဲ့လား”

နန်ကုန်းယာက သေချာစေရန် ထပ်မေးလိုက်သည်။

ဝူလီက စူးစမ်းလိုစိတ်ဖြင့် ပြန်မေးလိုက်၏။

“ဆုံးဖြတ်ပြီးသွားရင် ပြန်ပြောင်းလို့ မရတော့လို့လား”

“မဟုတ်ပါဘူး... အဲဒီလို မဟုတ်ဘူး... ငါတို့က မင်းကို အဲဒီနေရာကို တစ်ခေါက်ပဲ လိုက်ပို့မှာ... နောက်တစ်ခေါက်ကျရင် မင်းဘာသာ သွားရတော့မှာ... ရှောင်ယောက်တောင်ထွတ်က တပည့် အရမ်းနည်းတယ် ဆိုတာ မင်းလည်း သိသားပဲ... အဲဒီတော့ ဟိုမှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး”

နန်ကုန်းယာက ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

ဝူလီမှာ ပြောစရာ စကားမရှိ ဖြစ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။

“ရပါတယ်... အဲဒီနေရာပဲ”

အကြောင်းတစ်ခုခုကြောင့် ဝူလီသည် ထိုတောင်ထွတ်နှင့် ရေစက်ပါနေသကဲ့သို့ နက်ရှိုင်းစွာ ခံစားနေရသည်။

နန်ကုန်းယာနှင့် ချိုက်ထျန်းကွန်းတို့သည် ဝူလီကို တောင်ထိပ်သို့ လိုက်ပါပို့ဆောင်ပြီးနောက် ပြောလိုက်ကြသည်။

“ကဲ... ဂျူနီယာလေး... ကျန်တာတော့ မင်းသဘောပဲ... ငါနဲ့ မင်းအစ်ကိုကြီးက ဟိုဘက်မှာ နေကြတာ... မင်းမှာ မေးစရာရှိရင် ငါတို့ကို လာမေးလို့ ရတယ်... ဒါနဲ့ မင်းအစ်ကိုကြီးက ဓားသိုင်းအထူးပြု ဖြစ်ပြီး ငါကတော့ လှံသိုင်း အထူးပြုပဲ...”

ထိုစကားကို ကြားသောအခါ ဝူလီ၏ မျက်လုံးများမှာ အရောင်လက်သွားသည်။ သူသည်လည်း ဓားလမ်းစဉ်ကို ကျင့်ကြံသူ ဖြစ်သဖြင့် နောင်တွင် သူ၏ အစ်ကိုကြီးနှင့် ယှဉ်ပြိုင် လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။

ကိစ္စအဝဝ ပြီးဆုံးသွားသောအခါ ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့သည် ထွက်ခွာရန် ပြင်လိုက်ကြသော်လည်း ၊ မထွက်ခွာမီ သူတို့၏ ဖုန်းများကို ထုတ်၍ ဝူလီကို အဖွဲ့လိုက် စကားပြောခန်းထဲသို့ ထည့်သွင်းပေးခဲ့သည်။ ယခုခေတ် ကျင့်ကြံခြင်းသည် သိပ္ပံနည်းကျ ဖြစ်လာပြီ ဖြစ်ရာ ၊ မေးစရာရှိပါက ဖုန်းဆက်မေးနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

ဤသည်မှာ ဝူလီအနေဖြင့် မိမိတို့ မိသားစု၏ စီးပွားရေးလုပ်ငန်းသည် ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးအပေါ် မည်မျှကြီးမားသော လွှမ်းမိုးမှု ရှိနေသည်ကို ပထမဆုံးအကြိမ် မျက်မြင်တွေ့ရှိလိုက်ရခြင်းလည်း ဖြစ်သည်။

အစ်ကိုကြီးနှင့် အစ်မကြီးတို့ ထွက်ခွာသွားပြီးနောက် ၊ ဝူလီသည် တောင်ထိပ်ရှိ ပစ္စည်းများကို ရှင်းလင်းလိုက်ပြီး အနားယူရန် ပြင်ဆင်လိုက်သည်။

တောင်ထိပ်ပေါ်တွင် စံအိမ်တစ်လုံးမှလွဲ၍ များများစားစား မရှိလှပေ။ ကျန်ရှိသော ကိစ္စများကို တပည့်ဖြစ်သူ ကိုယ်တိုင် စီစဉ်ရမည် ဖြစ်သည်။

ဝူလီသည် အစီအရင်များနှင့် ပတ်သက်၍ အနည်းငယ် နားလည်သော်လည်း ၊ ကျွမ်းကျင်သူ မဟုတ်သဖြင့် မနက်ဖြန်မှ ဆရာဖြစ်သူနှင့် အခြားသူများကို အကူအညီတောင်း၍ အစီအရင်များ ခင်းကျင်းရန် စိတ်ကူးလိုက်သည်။

သို့သော် ဝူလီ အနားယူရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏ မျက်လုံးအိမ်သည် အနည်းငယ် ကျဉ်းမြောင်းသွားကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

မှုန်ဝါးဝါး မြင်ကွင်းထဲတွင် အစိမ်းရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသော်လည်း ၊ ထိုဘက်သို့ သေချာ ပြန်ကြည့်လိုက်သည့်အခါ အစိမ်းရောင် အလင်းတန်းမှာ ပျောက်ကွယ်သွားလေပြီ။

ငါ့စိတ်ထင်တာများလား...

ဝူလီသည် တစ်ခဏမျှ တွေးတောလိုက်သော်လည်း လျင်မြန်စွာပင် ခေါင်းခါလိုက်သည်။ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ သွားကြည့်လိုက်လျှင် သိရမည်သာ။ မည်သို့ပင်ဖြစ်စေ ထိုအရာက သူ့ကို ထိခိုက်စေမည် မဟုတ်ချေ။

ဝူလီသည် စောစောက မြင်လိုက်ရသော အစိမ်းရောင် အလင်းတန်း ရှိရာဘက်သို့ လျင်မြန်စွာ လျောက်သွားလိုက်သည်။ ထိုနေရာသို့ ရောက်သောအခါ သူ၏ မျက်လုံးများသည် မြေကြီးထဲမှ တစ်ဝက်ခန့် ပေါ်နေသော ပုလင်းငယ်လေး တစ်လုံးထံသို့ ရောက်ရှိသွားသည်။

ထိုပုလင်းငယ်လေးသည် မြစိမ်းရောင် ကနုတ်ပန်းများနှင့် ဖုံးလွှမ်းနေပြီး ၊ မှိန်ဖျဖျ အစိမ်းရောင် အလင်းတန်းကို ထုတ်လွှတ်နေသည်။

“ဒါ ဘာကြီးလဲ”

ပုလင်းငယ်လေးကို မြင်လိုက်သည့် ခဏမှာပင် ဤအရာသည် ရိုးရှင်းသော အရာမဟုတ်ကြောင်း ဝူလီ ခံစားလိုက်ရသည်။ ထို့ကြောင့် ဝူလီသည် ရှေ့သို့ တိုးသွားပြီး ပုလင်းကို တူးဖော်ကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

ဝူလီသည် ထိုအစိမ်းရောင် ပုလင်းငယ်လေးကို ရရှိပြီးသည်နှင့် တစ်ချိန်တည်းမှာပင် စုချောင်ရန်ကို နှစ်သိမ့်ပေးပြီးနောက် အနားယူနေသော ဝူဟောက်ထံသို့ စနစ်၏ အသိပေးချက် ရောက်ရှိလာခဲ့သည်။

[ဒင်... ဂုဏ်ယူပါတယ်... ပိုင်ရှင်၏ မျိုးဆက် ဝူလီသည် သန့်စင်ပုလင်းကို ရရှိသွားပါပြီ ၊ သင့်အား သန့်စင်ပုလင်း တစ်သန်းကို ဆုချီးမြှင့်လိုက်ပါသည်၊ ပိုင်ရှင်အနေဖြင့် ၎င်းတို့ကို ပေါင်းစပ်လိုပါသလား ]

“အို... သူ့ရဲ့ မွေးရာပါ လက်နက်ကို ဒီလောက်မြန်မြန် ရှာတွေ့သွားတာလား... သူ့ကို ဝူမိသားစုထဲမှာ ဆက်ထားထားတာက ရွေးချယ်ခံရသူရဲ့ ကြီးထွားမှုကို နှောင့်နှေးစေရုံပဲ ရှိတာပေါ့”

ဝူဟောက်သည် အံ့သြစွာဖြင့် တွေးလိုက်မိသည်။

သို့သော် သူသည် လျင်မြန်စွာပင် ခေါင်းညိတ်လိုက်ပြီး ပေါင်းစပ်မည် ဟူသော ခလုတ်ကို နှိပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သာမန် သန့်စင်ပုလင်း တစ်လုံးသည် သူ့အတွက် အသုံးမဝင်သလောက် ဖြစ်ပြီး ၊ ပေါင်းစပ်လိုက်မည်ဆိုတောင် သူသည် အရေအတွက် တစ်သောင်းခန့် ရှိသော ကြောက်မက်ဖွယ် ပမာဏကို ရရှိနေဦးမည် ဖြစ်သည်။

[ဒင်း... သန့်စင်ပုလင်း တစ်သန်းကို အောင်မြင်စွာ ပေါင်းစပ်လိုက်ပါပြီ ၊ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်း ၁၀,၀၀၀ ကို ပိုင်ဆိုင်ထားပါသည် ]

[ ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်း - ၎င်းသည် တာအိုတရား အားလုံး၏ စွမ်းအားကို စုပ်ယူနိုင်ပြီး ၊မိမိကိုယ်ကျိုးအတွက် အသုံးပြုနိုင်သည်။ သို့သော် လိုအပ်ချက်မှာ တာအိုတရား အားလုံး၏ စွမ်းအားနှင့် ထိတွေ့ရန် လိုအပ်သည် ]

ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်း၏ ဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ဝူဟောက်သည် အံ့အားသင့်သွားမိသည်။ ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်းသည် တာအိုတရား အားလုံး၏ စွမ်းအားကို မိမိအသုံးပြုရန်အတွက် သန့်စင်ပေးနိုင်သည်အထိ ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ရိုးရှင်းစွာ ပြောရလျှင်ဖြင့် ၊ ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်းသည် ၎င်းနှင့် ထိတွေ့သော မဟာတာအို၏ စွမ်းအားကို အသွင်ပြောင်းလဲပေးနိုင်ပြီး ပုလင်းအတွင်း၌ သက်ဆိုင်ရာ မဟာတာအို တစ်ခုကို ဖန်တီးပေးနိုင်သည်။ လိုအပ်သည့်အချိန်တွင် ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်းကို အသုံးပြု၍ သက်ဆိုင်ရာ မဟာတာအို စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

တစ်နည်းအားဖြင့်ဆိုရသော် ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်းသည် ၎င်း၏ ပြီးပြည့်စုံသော ပုံစံသို့ ပြောင်းလဲသွားသည်နှင့် မဟာတာအို၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။ သို့သော် ဤအရာကို အသုံးပြုရန်အတွက် အသုံးပြုသူထံမှ အလွန်တရာမျှ ကြီးမားသော စွမ်းအားပမာဏကို လိုအပ်ပေသည်။

လက်ရှိ ဝူဟောက်ပင်လျှင် ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်း၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ရန် ယုံကြည်မှု အပြည့်အဝ မရှိသေးချေ။ အနည်းဆုံးတော့ ၎င်း၏ စွမ်းရည်အပြည့်အဝကို ထုတ်သုံးနိုင်ရန်အတွက် သူ အင်မော်တယ်ဧကရာဇ်ဖြစ်လာမည့် အချိန်အထိ စောင့်ဆိုင်းရပေဦးမည်။

All Chapters