အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း ၆၇ - ကိုယ်ပိုင်အသုံးပြုရန် စုဆောင်းခြင်း
ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်မှသာ ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်း၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝူဟောက်သည် နောင်တ အနည်းငယ် ရသွားသည်။ သူသည် ယခုလက်ငင်း အသုံးပြုနိုင်ရန်အတွက် သန့်စင်ပုလင်း အချို့ကို ချန်ထားခဲ့သင့်သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်လမ်းစဉ် ထိန်းချုပ်ပုလင်းကို စွမ်းရည်အပြည့် ထုတ်သုံးရန် အင်မော်တယ်ဧကရာဇ် အဆင့်သို့ ရောက်ရှိရန် လိုအပ်သော်လည်း ၊ သန့်စင်ပုလင်းသည် ယခုချက်ချင်းပင် စွမ်းရည်အပြည့် ထုတ်သုံးနိုင်သောကြောင့် ဖြစ်သည်။
သို့သော် စနစ်တွင် လုပ်ဆောင်ပြီးသော အရာများကို ပြန်လည် ပြင်ဆင်၍ မရနိုင်သည့် အလွန်တုံးအသော လုပ်ဆောင်ချက် တစ်ခု ပါရှိနေသဖြင့် ဝူဟောက်သည် အံကိုကြိတ်၍ ထိုရလဒ်ကို လက်ခံလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
ဤကိစ္စကြောင့် ဝူဟောက်သည် စိတ်ဓာတ်ကျမသွားခဲ့ပေ။ နောက်တစ်နေ့ နိုးထလာသောအခါ ဝူဟောက်သည် သူ၏ဇနီး စုချောင်ရန်နှင့်အတူ ရွှမ်ထျန်းကမ္ဘာအတွင်း ဧကရာဇ်တပ်မတော် တည်ထောင်ရန် သင့်လျော်သော ပစ်မှတ်များကို ဆက်လက် ရှာဖွေခဲ့သည်။
“ယောက်ျား... တကယ်ပဲ သင့်တော်တဲ့သူကို ရှာမတွေ့သေးဘူးလား”
လမ်းခရီးတွင် စုချောင်ရန်သည် ဝူဟောက်၏ လေးနက်သော မျက်နှာထားကို ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
အဓိက ပြဿနာမှာ သူတို့ ရှာဖွေနေသည်မှာ တစ်လခန့် ရှိပြီ ဖြစ်သော်လည်း ပစ်မှတ် တစ်ဦးတစ်ယောက်မျှ ရှာမတွေ့သေးခြင်း ဖြစ်သည်။ ဝူဟောက်၏ ရည်မှန်းချက်သည် မြင့်လွန်းနေသလား၊ သို့မဟုတ် ထိုသို့သောသူမျိုးကို ရှာဖွေရန် မဖြစ်နိုင်လေသလား မသိ။
ထိုစကားကို ကြားသောအခါ ဝူဟောက်၏ မျက်နှာထားသည် အနည်းငယ် လေးနက်သွားပြီး အချိန်အတော်ကြာမှ သက်ပြင်းချ၍ ပြောလိုက်သည်။
“ကိုယ့်ရဲ့ မျှော်လင့်ချက်တွေက အရမ်း များနေတာလည်း ဖြစ်နိုင်တယ်... ပြောင်းလဲရုံပေါ့ “
ဝူဟောက် လိုအပ်နေသည်မှာ သူ့အပေါ် သို့ လုံးဝ သစ္စာရှိမည့်သူ၊ သူ ကျရှုံးသွားလျှင်ပင် သစ္စာဖောက်ခြင်း မရှိဘဲ သေဆို သေရဲမည့် အမိန့်ကို ခြွင်းချက်မရှိ နာခံမည့်သူမျိုး ဖြစ်သည်။
ထိုအချက်များနှင့် ကိုက်ညီပုံရသော သူများကို တွေ့ရှိပြီးနောက် ၊ ဝူဟောက်သည် အလွန် သဘာဝကျသော ပုံရိပ်ယောင် ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ပြီး ထိုအထဲတွင် သူတို့အား ဧကရာဇ်အဆင့် တိုက်ခိုက်ရေး စွမ်းရည်များကို ပေးအပ်လိုက်သည်။ ထို့နောက် သူကိုယ်တိုင် ကျရှုံးသွားဟန် ဆောင်လိုက်ပြီး သူတို့ မည်သို့ ရွေးချယ်ပြုမူကြမည်ကို စောင့်ကြည့်ခဲ့သည်။
လူတိုင်းက ဝူဟောက် ကျရှုံးသွားသည်နှင့် ချက်ချင်းပင် သစ္စာဖောက်၍ ထွက်ခွာသွားကြသည် ။ သို့မဟုတ်ပါက သူသည် ဧကရာဇ်တပ်မတော်၏ ခေါင်းဆောင်နေရာတွင် လူစားထိုးမည့်သူကို အရင်ကတည်းက ရှာတွေ့ပြီး ဖြစ်သည်။
ဝူဟောက်သည် သူ၏ မျှော်လင့်ချက်များကို လျှော့ချသင့် မသင့်၊ သူ ကျရှုံးချိန်တွင် မယိမ်းယိုင်သော သစ္စာတရားကို မတောင်းဆိုတော့ဘဲ သူ စွမ်းအားကြီးနေချိန်တွင်သာ နာခံမှုကို တောင်းဆိုသင့် မသင့် စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏မျက်လုံးများမှာ အရောင်လက်သွားသည်။
“မိန်းမ... သွားရအောင်... စိတ်ဝင်စားစရာကောင်းတာ တစ်ခု တွေ့တယ်”
ထိုသို့ ပြောပြီးနောက် ဝူဟောက်နှင့် စုချောင်ရန်တို့သည် ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။ မျက်စိတမှိတ်အတွင်းမှာပင် ၊ သူတို့သည် အပျက်အစီးများ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဘာလို့လဲ... ဘာလို့လဲ... ဘာလို့ ငါ မြတ်နိုးတန်ဖိုးထားရတဲ့ အရာတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတာလဲ”
အပျက်အစီးများ၏ အလယ်ဗဟိုတွင် ဆံပင်စုတ်ဖွာနှင့် မိန်းကလေး တစ်ဦးသည် မြေပြင်ပေါ်သို့ လဲကျနေပြီး သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းများ အထင်းသား ပေါ်လွင်နေသည်။
ထိုအချိန်တွင် မိုးစက်များ ရွာသွန်းလာရာ မြင်ကွင်းနှင့် အလွန် လိုက်ဖက်နေပြီး မိန်းကလေး၏ ပုံရိပ်ကို ပိုမို အထီးကျန် ဆွေးမြေ့ဖွယ် ဖြစ်သွားစေသည်။
ထိုအရာကို မြင်သောအခါ စုချောင်ရန်သည် ဝူဟောက်ဘေးတွင် ရပ်နေလိုက်သည်။ ဝူဟောက်သည် သူမကို ဤနေရာသို့ ခေါ်လာရခြင်းမှာ အကြောင်းပြချက်တစ်ခု ရှိပေလိမ့်မည်။ သူမ လုပ်ရမည်မှာ စောင့်ကြည့်ရန်သာ ဖြစ်သည်။
ထိုမိန်းကလေးသည် သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ နေရာတွင်ပင် တောင့်ခဲသွားသည်။ ဝူဟောက်သည် လှုပ်ရှားလိုက်ပြီ ဖြစ်ရာ ၊ သူမကို သူ ဖန်တီးထားသော ပုံရိပ်ယောင် ကမ္ဘာထဲသို့ ဆွဲထည့်လိုက်ခြင်း ဖြစ်သည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် ဝူဟောက်သည် တစ်ဖက်လူ၏ အမည်ကို သိရှိလိုက်ရသည်။ သူမတွင် အမည်ရော မျိုးရိုးပါ မရှိချေ။ သူမကို ချန်မိသားစုမှ ခေါ်ယူ မွေးစားခဲ့ခြင်း ဖြစ်ပြီး ထို့နောက် ချန်မိသားစုသည် ပျက်စီးသွားခဲ့သည်။ သူမမှာ အမည်ပေးခံရမည့် အခွင့်အရေးပင် မရလိုက်ပေ။
သူမ အသက်ရှင်ကျန်ရစ်ခဲ့သည့် အကြောင်းရင်းမှာ သူမသည် အပြင်သို့ ထွက်လည်နေခဲ့သောကြောင့် ဖြစ်သည်။
ယင်းမတိုင်မီက သူမကို မိသားစု တစ်ဒါဇင်ကျော်က ခေါ်ယူ စောင့်ရှောက်ခဲ့ဖူးသော်လည်း ၊ ခြွင်းချက်မရှိဘဲ သူမကို ခေါ်ယူခဲ့သော မိသားစုတိုင်း မျိုးပြုန်း သတ်ဖြတ်ခံခဲ့ရသည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် ဝူဟောက်သည် မိန်းကလေးကို ခေါ်ယူလိုက်ပြီး သွေးဧကရာဇ်ဆေးလုံးကို အသုံးပြုကာ အဆင့်မြင့် ဝိညာဉ်အမြစ်ကို ပေးသနား၍ သူ့အတွက် အလုပ်လုပ်စေခဲ့သည်။
ထို့နောက် တိုက်ဆိုင်မှုများကြောင့် ဝူဟောက်သည် မသန်စွမ်းသူ တစ်ဦး ဖြစ်သွားသော်လည်း ၊ မိန်းကလေးသည် သူ့ကို စွန့်ပစ်မသွားခဲ့ပေ။ ထို့အစား သူမသည် သူ့ဘေးတွင် နေရစ်ရန် ရွေးချယ်ခဲ့သည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် ဝူဟောက်သည် သူ့ရှေ့ရှိ မိန်းကလေးကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်သည်။
“ငါက အခု မသန်မစွမ်း ဖြစ်နေပြီ... ဘယ်တော့မှ ပြန်မကျင့်ကြံနိုင်တော့ဘူး... မင်း ငါ့ဘေးမှာ ဆက်နေချင်သေးတာ သေချာလို့လား “
မိန်းကလေးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သခင်က ကျွန်မအပေါ် စေတနာ အပြည့်ထားခဲ့တာပါ... သခင် လိုအပ်နေတဲ့အချိန်မှာ ကျွန်မ ဘယ်လိုလုပ် ထွက်သွားရက်မှာလဲ... ကျွန်မရဲ့ အသက်က သခင့်အပိုင်ပါ... သခင် တစ်ခုခု ဖြစ်သွားရင် ကျွန်မလည်း သခင့်နောက် လိုက်ခဲ့ပါ့မယ်”
မိန်းကလေး၏ စကားကို ကြားသောအခါ ဝူဟောက်သည် အစပိုင်း၌ အံ့သြသွားသော်လည်း လျင်မြန်စွာပင် အားပါးတရ ရယ်မောလိုက်လေသည်။
“ဟားဟားဟား... တွေ့ပြီ... နောက်ဆုံးတော့ တွေ့ပြီ”
ဝူဟောက်၏ ရယ်မောမှုကြောင့် မိန်းကလေးမှာ ကြောင်အမ်းသွားသော်လည်း၊ သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရေပူဖောင်းများသဖွယ် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ဝူဟောက်နှင့် စုချောင်ရန်တို့သည် သူမ၏ ရှေ့တွင် ရပ်နေနှင့်ပြီး ဖြစ်လေသည်။
သူမရှေ့ရှိ ဝူဟောက်နှင့် စုချောင်ရန်ကို ကြည့်ကာ မိန်းကလေးသည် တစ်ခဏမျှ မှင်သက်နေပြီးနောက် မျက်လုံးများ အရောင်လက်သွားသည်။
“သခင်...”
“အေး... ထတော့... စောစောက အရာတွေက မင်းကို စမ်းသပ်လိုက်တာပဲ... အခု မင်း အောင်မြင်သွားပြီ... ဒီနေ့ကစပြီး မင်းက ငါ့လူ ဖြစ်သွားပြီ”
ဝူဟောက် က ခေါင်းညိတ်လိုက်ပြီး ကျေနပ်အားရစွာ ပြောလိုက်သည်။
ဝူဟောက်ကြောင့် စုချောင်ရန်သည်လည်း ပုံရိပ်ယောင် ကမ္ဘာထဲမှ အကြောင်းအရာများကို သိရှိလိုက်ရပြီး၊ သူမရှေ့ရှိ မိန်းကလေးကို ပိုမို အထင်ကြီး လေးစားသွားမိသည်။
ယနေ့ခေတ် ရွှမ်ထျန်းကမ္ဘာတွင် မိမိ၏ မူလရည်မှန်းချက်ကို ထိန်းသိမ်းထားနိုင်သူမှာ နည်းပါးလှပြီး စွမ်းအားကြီးလာပြီးနောက် မူလစိတ်ထားကို ဆက်လက် ထိန်းသိမ်းထားနိုင်သူမှာ ပို၍ပင် ရှားပါးလှသည်။
“ဒါကို မျိုချလိုက်... ဒါက မင်းအတွက် သွေးဧကရာဇ်ဆေးလုံးပဲ... ပြီးတော့ ဒါက မင်းအတွက် ဝိညာဉ်အမြစ််”
ပြောပြီးသည်နှင့် ဝူဟောက်သည် သွေးဧကရာဇ်ဆေးလုံး တစ်လုံးကို မိန်းကလေး၏ ပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် အဆင့်မြင့် ဝိညာဉ်အမြစ် တစ်ခုကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ကာ သူမ၏ လမ်းခရီး ပြတ်တောက်မသွားစေရန် အာမခံလိုက်သည်။
မိန်းကလေးသည် သူမ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး ၊ အချိန်အတော်ကြာမှ မော့ကြည့်ကာ ဝူဟောက်ကို ဦးခိုက်၍ အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သခင်... ကျေးဇူးပြုပြီး ကျွန်မကို နာမည်တစ်ခု ပေးသနားပါ”
“မင်းမှာ နာမည်ရော မျိုးရိုးပါ မရှိဘူးဆိုတော့ ငါ့မျိုးရိုး ဝူ ကို ယူလိုက်... နာမည်ကိုတော့ မုန့်တျယ် လို့ ပေးမယ်... အိပ်မက်လိပ်ပြာ လို့ အဓိပ္ပာယ်ရတယ်... လိပ်ပြာလေး တစ်ကောင် အိပ်မက်ကမ္ဘာထဲ ကူးပြောင်းသွားသလို မင်းမှာလည်း တောက်ပတဲ့ အနာဂတ်တစ်ခု ရှိလာလိမ့်မယ် “
ဝူဟောက်သည် တစ်ခဏမျှ စဉ်းစားပြီးနောက် ကောင်းမည်ဟု ထင်ရသော နာမည်တစ်ခုကို ရွေးချယ်ပေးလိုက်သည်။
ယခုမှစ၍ ဝူမုန့်တျယ် ဟု အမည်တွင်တော့မည့် မြေပြင်ပေါ်မှ မိန်းကလေး၏ မျက်ဝန်းများထဲတွင် အလင်းရောင်များ ပြန်လည် ရောက်ရှိလာပြီး ၊ ကိုယ့်ကိုယ်ကိုယ် တီးတိုး ရေရွတ်လိုက်သည်။
“ဒီနေ့ကစပြီး ငါ့မှာလည်း နာမည် ရှိသွားပြီ “
ထိုအချိန်၌ မိုးတိတ်သွားပြီး ပထမဆုံးသော အရုဏ်ဦးရောင်ခြည်သည် ဝူမုန့်တျယ်အပေါ်သို့ ကျရောက်လာရာ သူမ၏ ပုံရိပ်ကို တောက်ပသွားစေသည်။
သွေးဧကရာဇ်ဆေးလုံး၏ အကူအညီဖြင့် ဝူမုန့်တျယ်သည် မဟာဧကရာဇ် ကနဦးအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့သည်။ ဝူဟောက်သည် ထိုရောင်ဝါကို ဖုံးကွယ်ပေးထားသဖြင့် ရွှမ်ထျန်းကမ္ဘာတွင် တစ်စုံတစ်ယောက်က မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းသွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။
မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက် ဝူမုန့်တျယ်သည် ဝူဟောက်ကို တစ်ချက်ကြည့်လိုက်ပြီး အံကြိတ်ကာ တောင်းဆိုလိုက်သည်။
“သခင်... ကျွန်မ ပြောစရာ ရှိလို့ပါ”
“ငါ သိတယ်... သွားပါ... အပြင်လောကနဲ့ မင်းရဲ့ အငြိုးအတေးတွေကို သွားရှင်းလိုက်ပါ... ပြီးရင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးမှာ ငါ့အတွက် လုံးဝ သစ္စာရှိမယ့် လူ ၉၉ ယောက်ကို ရှာဖွေပြီး ငါ့ရှေ့ကို ခေါ်လာခဲ့”
ဝူမုန့်တျယ် ဘာလုပ်ချင်နေသည်ကို ဝူဟောက် နားလည်သည်။ မိသားစု တစ်ဒါဇင်ကျော်က သူမကို ခေတ္တခဏမျှသာ ခေါ်ယူ စောင့်ရှောက်ခဲ့သော်လည်း ၊ ဝူမုန့်တျယ်သည် သူတို့၏ ကျေးဇူးကို အမှတ်ရနေဆဲပင် ဖြစ်သည်။ ယခု သူမတွင် မတရား သေဆုံးသွားရသူများအတွက် ကလဲ့စားချေပေးနိုင်သော စွမ်းအား ရှိလာပြီ ဖြစ်ရာ ကလဲ့စားချေချင်သည်မှာ သဘာဝပင် ဖြစ်သည်။
ဝူမုန့်တျယ်သည် ဝူဟောက်ကို ကြည့်ကာ အထပ်ထပ် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ၊ လှည့်ထွက်သွားလေသည်။
စုချောင်ရန်သည် ဝူဟောက်ရှေ့တွင် ရပ်လျက် သက်ပြင်းချလိုက်သည်။
“သနားစရာကောင်းတဲ့ ကလေးလေးပါလား ယောက်ျားရယ်... သူ့ရဲ့ နောက်ခံက ဘာဖြစ်မယ် ထင်လဲ”
အခန်း ၆၈ - ကပ်ဘေးခန္ဓာ
ဝူမုန့်တျယ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝူဟောက်သည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အချိန်အတော်ကြာမှ ပြောလိုက်သည်။
“ကပ်ဘေးခန္ဓာပဲ “
ဝူဟောက်၏စကားကို ကြားလိုက်ရချိန်တွင် စုချောင်ရန်မှာ အံ့သြမှင်သက်သွားသည်။
ကပ်ဘေးခန္ဓာ အကြောင်းကို သူမ ကောင်းကောင်း သိသည်။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ နှင့် ကမ္ဘာဦးဖရိုဖရဲခန္ဓတို့ကဲ့သို့ ပုံမှန်မဟုတ်လောက်အောင် စွမ်းအားကြီးမားခြင်းမျိုး မဟုတ်ဘဲ ကပ်ဘေးခန္ဓာသည် နှိပ်စက်ညှဉ်းပန်းမှု၊ ကျိန်စာ တစ်ခုနှင့် ပိုတူလေသည်။
ကံဆိုးမိုးမှောင်ကျစေမည့် ခန္ဓာကိုယ်နှင့် မွေးဖွားလာသူ မည်သူမဆို မွေးကတည်းက ကပ်ဘေးများနှင့် ဆင်းရဲဒုက္ခများ၏ နှောင့်ယှက်ခြင်းကို ခံရမည် ဖြစ်ပြီး ထိုခန္ဓာကိုယ် ပိုင်ရှင်နှင့် နီးစပ်ရန် ကြိုးစားသူ မည်သူမဆို ကံဆိုးမိုးမှောင်ကျမှုများနှင့် မလွဲမသွေ ကြုံတွေ့ရပေမည်။
ထို့ကြောင့်ပင် ဝူမုန့်တျယ်ကို ခေါ်ယူ စောင့်ရှောက်ခဲ့သော မိသားစုတိုင်း မျိုးပြုန်းခဲ့ရခြင်း ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ ကပ်ဘေးခန္ဓာနှင့် နီးစပ်သူများ ကံဆိုးမိုးမှောင်ကျခြင်းကို ခံစားရမည် ဖြစ်သော်လည်း ၊ ကပ်ဘေးခန္ဓာ ပိုင်ရှင် ကိုယ်တိုင်မှာမူ သူ၏ ကိုယ်ပိုင် ဖွဲ့စည်းပုံကြောင့် ထိခိုက်မှု ရှိမည် မဟုတ်၊ သို့မဟုတ် သေဆုံးသွားမည် မဟုတ်ပေ။
တစ်ခါက ဧကရာဇ်တပိုင်း ကျင့်ကြံသူ တစ်ဦးသည် ကပ်ဘေးခန္ဓာ ပိုင်ရှင် တစ်ဦးကို တိုက်ခိုက်ခဲ့ရာ ကောင်းကင်ပေါ်မှ ကျလာသော အပိုင်းအစ တစ်ခု ထိမှန်ပြီး သေဆုံးသွားခဲ့ဖူးသည်။ ထိုအပိုင်းအစသည် အထက်ဘုံမှ ကျဆင်းလာသော ကောင်းကင်လက်နက် တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။
ထို့ပြင် ကပ်ဘေးခန္ဓာ ပိုင်ရှင်များသည် ဝိညာဉ်အမြစ် မရှိကြသဖြင့် ကျင့်ကြံ၍ မရနိုင်ပေ။ နောက်ပိုင်းတွင် ဝိညာဉ်အမြစ်ကို ထုတ်လုပ်နိုင်သော နည်းလမ်းများကို အသုံးပြုခဲ့မည်ဆိုတောင် ရနိုင်မည်မဟုတ်။ ဝူဟောက်၏ စနစ်ကသာ ဝူမုန့်တျယ်၏ ခန္ဓာကိုယ်တွင် ဝိညာဉ်အမြစ်ကို လက်ခံနိုင်အောင် ပြုလုပ်ပေးနိုင်လောက်သည့် အစွမ်းထက်သော အရာ ဖြစ်သည်။
“ယောက်ျား... ကပ်ဘေးခန္ဓာ ပိုင်ရှင်ကို ခေါ်ထားတာ ရှင့်အတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်မလား”
စုချောင်ရန်က စိုးရိမ်သော မျက်နှာထားဖြင့် ဝူဟောက်ကို ကြည့်ကာ မေးလိုက်သည်။
ဝူဟောက်က ရိုးရှင်းစွာ ခေါင်းခါလိုက်ပြီး သူ၏ လေသံတွင် မာန်မာနများဖြင့် ပြည့်နှက်နေသည်။
“စိတ်မပူနဲ့... ကပ်ဘေးခန္ဓာလောက်က ကိုယ့်ကို ဘာမှ မလုပ်နိုင်ပါဘူး”
ဤသည်မှာ ဝူဟောက် ပေါက်ကရ ပြောနေခြင်း မဟုတ်ပေ။ ကပ်ဘေးခန္ဓာသည် မည်မျှပင် စွမ်းအားကြီးပါစေ စနစ်ထက် ပိုမို စွမ်းအားကြီးနိုင်လေမလော။
ထို့ပြင် ကပ်ဘေးခန္ဓာသည် ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည် ဟု ဆိုသော်လည်း ၊ ကျင့်ကြံမှု နိမ့်ပါးသူများကိုသာ ထိခိုက်စေနိုင်သည်။
ရွှေအင်မော်တယ်အဆင့် ရောက်နေသော ဝူဟောက်ကဲ့သို့ လူမျိုးသည် လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူသည် သုံးနယ်ပယ် ကို ကျော်လွန်သွားနိုင်မည် ဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး၏ ပြင်ပ၌ ရှိနေပေလိမ့်မည်။ ယခုမှစ၍ သူသည် ကပ်ဘေးခန္ဓာ မဆိုထားနှင့်၊ အချိန်နှင့် ဟင်းလင်းပြင် မြစ်ရေအလျဉ်၏ သက်ရောက်မှုကိုပင် ခံရတော့မည် မဟုတ်ချေ။
ဝူမုန့်တျယ်၏ ကပ်ဘေးခန္ဓာသည် ကမ္ဘာပျက်ကပ်ကို ဖြစ်ပေါ်စေနိုင်လောက်သည့် အဆင့်သို့ ရောက်ရှိမလာမချင်း ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင် ဝူဟောက်ထံမှ ထွက်ခွာလာပြီးနောက် ဝူမုန့်တျယ်သည် ရန်သူ အင်အားစုကို ရှာဖွေတွေ့ရှိခဲ့ပြီး တုံ့ဆိုင်းခြင်းမရှိ သုတ်သင်ရှင်းလင်းခဲ့သည်။ အပိုစကားတစ်ခွန်းမှ မပြောဘဲ သူမသည် လက်ဝါးဖြင့် ရိုက်ချကာ အင်အားစု တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
လူအများအပြားသည် ထိုအစီအစဉ်တွင် မပါဝင်ခဲ့သော်လည်း ဝူမုန့်တျယ်၏ အမြင်တွင်မူ ၊ ဤအင်အားစုသို့ ဝင်ရောက်လိုက်သည့် အချိန်မှစ၍ သူတို့သည် ယင်း၏ ယုတ်မာမှုများတွင် ကြံရာပါ ဖြစ်နေပြီ ဖြစ်သဖြင့် အပြစ်ကင်းသည်၊ မကင်းသည် ဆိုသော မေးခွန်း ထုတ်စရာ မလိုတော့ပေ။
နေ့ဝက်အတွင်းမှာပင် ဝူမုန့်တျယ်သည် အင်အားစု ၁၅ ခုကို ဖျက်ဆီးပစ်ခဲ့ပြီး လူတစ်သန်းကို သတ်ဖြတ်ခဲ့သော စွမ်းဆောင်ရည်ကို ရရှိခဲ့သည်။
ရန်သူ အားလုံးကို သုတ်သင်ပြီးနောက် ဝူမုန့်တျယ်သည် မည်သည့် ခံစားချက်၊ မည်သည့် ပျော်ရွှင်မှုကိုမျှ မခံစားရပေ။ ၎င်းသည် သူမ လုပ်သင့်သော အရာတစ်ခုသာ ဖြစ်ပြီး ယခု ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။
ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူမုန့်တျယ်သည် ဝူဟောက်ထံသို့ ချက်ချင်း ပြန်မသွားခဲ့ပေ။ ထို့အစား သူမသည် မိသားစု ၁၅ စု၏ အပျက်အစီးများ ရှိရာသို့ သွားရောက်ကာ ဦးတည်ရာ တစ်ဖက်သို့ သုံးကြိမ် ဦးခိုက်ခဲ့ပြီးနောက် မတ်တတ်ထရပ်ကာ လှည့်ထွက်လာခဲ့သည်။
“သခင်...”
ဝူမုန့်တျယ် ပြန်ရောက်လာသည်ကို မြင်သောအခါ ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။
“ကိစ္စတွေ အားလုံး ပြီးပြီလား”
“အားလုံး ရှင်းပြီးပါပြီ”
“ဒီနေ့ကစပြီး မင်းက ဝူမိသားစုဝင် တစ်ယောက် ဖြစ်သွားပြီ... သွား... မင်း လုပ်သင့်တာကို သွားလုပ်တော့”
ဝူဟောက်က လက်ဝှေ့ယမ်းလိုက်ရာ ဝူမုန့်တျယ်သည် သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သဘောပေါက်သွားကာ လှည့်ထွက်သွားလေသည်။
နောက်တစ်ဆင့် အနေဖြင့် သူမသည် ကိုယ်ပိုင် အသုံးပြုရန်အတွက် သင့်တော်သော လူ ၉၉ ဦးကို ရှာဖွေ စုဆောင်းရမည် ဖြစ်ပြီး ထို့နောက် ဝူဟောက်ထံသို့ ပြန်လာရမည်။ ဝူဟောက် အကူအညီဖြင့် သူမသည် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းကာ ဝူမိသားစု၏ ဓားလက်နက် ဖြစ်လာပေလိမ့်မည်။
“မိန်းမ... ပြန်ကြစို့... ကျန်တာကို သူ့ကို လွှဲထားလိုက်လို့ ရပြီ”
ဝူဟောက် ပြောပြီးသည်နှင့် စုချောင်ရန်သည် ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးသည် ဝူမိသားစု တည်ရှိရာ နေရာသို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
ထိုအချိန်၌ ဝူလီသည် အချိန်အတန်ကြာ လေ့လာစမ်းသပ်ပြီးနောက် သူ့လက်ထဲမှ သန့်စင်ပုလင်း၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
“ဒီမှော်ရတနာက ရှားပါးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကြီးထွားစေနိုင်မယ့် ဝိညာဉ်အရည်တွေကို ထုတ်ပေးနိုင်မယ်မှန်း ငါ လုံးဝ ထင်မထားခဲ့ဘူး... ဒါဆိုရင် ဒီနေ့ကစပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပြတ်လပ်တော့မှာ မဟုတ်ဘူး”
ဝူလီသည် သူ၏ လက်ထဲရှိ ဆယ်နှစ် သက်တမ်းရှိသော ဝိညာဉ်ဆေးဖက်ဝင်အပင် တစ်ပင်ပေါ်သို့ ဝိညာဉ်အရည် တစ်စက် ချလိုက်ပြီးနောက် ၊ တစ်မိနစ်အတွင်းမှာပင် ထိုဝိညာဉ်ဆေးဖက်ဝင် အပင်သည် နှစ်တစ်ရာ သက်တမ်းအဖြစ်သို့ လျင်မြန်စွာ ကြီးထွားလာသည်ကို စိုက်ကြည့်နေလိုက်သည်။
ဆယ်နှစ် သက်တမ်းကို အဝါရောင်အဆင့် ကောင်းကင်ရတနာ၊ နှစ်တစ်ရာ သက်တမ်းကို နက်နဲအဆင့်၊ နှစ်တစ်ထောင် သက်တမ်းကို မြေကမ္ဘာအဆင့်၊ နှစ်တစ်သောင်း သက်တမ်းကို ကောင်းကင်အဆင့်၊ နှစ်တစ်သိန်း သက်တမ်းကို အာဏာရှင်အဆင့်နှင့် နှစ်ငါးသောင်း သက်တမ်းကို ဧကရာဇ်အဆင့် ကောင်းကင်ရတနာ ဟု ခေါ်ဆိုကြောင်း သင် သိထားရမည်။
လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် ဧကရာဇ်အဆင့် ကောင်းကင်ရတနာပင် မဆိုနှင့်၊ အာဏာရှင်အဆင့်ရှိ ရတနာများပင် အလွန်ကို ရှားပါးလှသည်။ သို့သော် သူ၏ လက်ထဲရှိ မှော်လက်နက်၏ အကူအညီဖြင့် ဝူလီသည် အချိန်တိုအတွင်း သူတော်စင်နယ်ပယ် သို့မဟုတ် အာဏာရှင်နယ်ပယ်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်မှု ရှိနေသည်။ မဟာဧကရာဇ်နယ်ပယ် ဆိုသည်မှာလည်း လက်လှမ်းမမီနိုင်သော အရာ မဟုတ်တော့ပေ။
ထိုအချိန်၌ ရေမြင့်မြတ်နယ်မြေ အတွင်းတွင် လင်းရွှေရိုသည် ရေမြင့်မြတ်နယ်မြေ၏ အကြီးအကဲများ အားလုံးကို စုရုံးလိုက်ပြီး မေးခွန်းတစ်ခု မေးလိုက်သည်။
“လူတိုင်းပဲ... သူတော်စင်မလေး ဘာဖြစ်နေတယ်လို့ ထင်လဲ”
လင်းရွှေရို၏ စကားကို ကြားသောအခါ ရောက်ရှိနေကြသော အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပထမအကြီးအကဲက ရှေ့သို့ တက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“သခင်မြတ်... ဘာဖြစ်လို့လဲ”
“ဘာမှ မဟုတ်ပါဘူး... ဒီရက်ပိုင်း သူတော်စင်မလေးရဲ့ အပြုအမူက နည်းနည်း ထူးဆန်းနေလို့ပါ”
လင်းရွှေရိုက ဘာဖြစ်မှန်း မသိသကဲ့သို့ မျက်မှောင် အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။
ထိုအခါမှသာ အကြီးအကဲများသည် လင်းရွှေရိုသည် သူတို့ကို အဘယ်ကြောင့် စုဝေးခိုင်းခဲ့မှန်း နားလည်သွားကြသည်။ သူတို့အနက် တစ်ဦးသည် ဤကာလအတွင်း လင်းဇီရှင်း၏ အပြုအမူကို အနည်းငယ် သတိပြုမိပြီး စိတ်ထဲတွင် ခန့်မှန်းမိသော်လည်း ထိုခန့်မှန်းချက်မှာ အနည်းငယ် ယုတ္တိမတန်သဖြင့် ထုတ်မပြောခဲ့ပေ။
“သခင်မြတ်... သူတော်စင်မလေးရဲ့ အခြေအနေက... ဟိုတုန်းက မိစ္ဆာကျင့်ကြံသူတွေ လိုက်ဖမ်းတာ ခံခဲ့ရတဲ့ အကြောက်တရားတွေထဲကနေ ရုန်းမထွက်နိုင်တာများလား.. သူတော်စင်မလေးက အသက်လည်း သိပ်မကြီးသေးတော့ သေဘေးနဲ့ ဒီလောက် နီးနီးကပ်ကပ် ကြုံခဲ့ရတာ သူမအတွက်တော့ ဒါ ပထမဆုံးအကြိမ်ပဲလေ...ကြောက်နေတာက သဘာဝကျပါတယ် “
ဒုတိယအကြီးအကဲက ရှေ့သို့ တက်လာပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းရွှေရိုသည် ခေါင်းညိတ်လိုက်သည်။ သူမအနေဖြင့် ထိုသို့ မထင်သော်လည်း လောလောဆယ်တွင် အခြား ရှင်းပြချက် ရှိမနေချေ။
သူမသမီးက တစ်စုံတစ်ယောက်ကိုများ သဘောကျနေတာတော့ မဖြစ်နိုင်ဘူးမလား ။
သမီးဖြစ်သူ၏ စံပြလက်တွဲဖော်နှင့် ပတ်သက်၍ လင်းရွှေရို၏ စိတ်ထဲတွင် သင့်လျော်သော ကိုယ်စားလှယ်လောင်း တစ်ဦး ရှိနေပြီး ဖြစ်သည်။ နောက်မှ သမီးဖြစ်သူနှင့် ဤအကြောင်းကို ဆွေးနွေးရန် ကြံစည်ထားခဲ့သည်။
ထိုအချိန်တွင် လင်းဇီရှင်းသည် ကုတင်ပေါ်တွင် လှဲလျက် မျက်နှာကြက်ကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ အချိန်အတော်ကြာမှ သူမသည် သက်ပြင်းချလိုက်သည်။
သူမသည် ဝူယီဖန်နှင့် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို မေ့ပစ်ရန် ရည်ရွယ်ထားသော်လည်း၊ မြင့်မြတ်နယ်မြေသို့ ပြန်ရောက်လာသည့် အချိန်မှစ၍ နေ့တိုင်း ဝူယီဖန်ကိုသာ အိပ်မက်မက်နေမိသည်။ အရှက်ရဆုံး အချက်မှာ ဝူယီဖန်အကြောင်း အိပ်မက်မက်သည့်အခါ သူတို့နှစ်ဦးသည် ထိုကိစ္စကို လုပ်နေကြပြီး ၊ သူမက စတင် လှုံ့ဆော်သူ ဖြစ်နေခြင်းပင်။
“အား... လင်းဇီရှင်း... နင် ဘာလုပ်နေတာလဲ... နင်က ရေမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေ... ရေမြင့်မြတ်နယ်မြေ တစ်ခုလုံးကို အထွတ်အထိပ် ရောက်အောင် ဦးဆောင်ရမယ့်သူ... ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား နှိမ့်ချနေရတာလဲ”
လင်းဇီရှင်းသည် ခေါင်းအုံးဖြင့် မျက်နှာကို အုပ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
သို့သော် ထိုအချိန်၌ပင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး လင်းရွှေရို၏ အသံကို ကြားလိုက်ရသည်။
“သမီး... အခု အားလား... အမေ ပြောစရာ ရှိလို့”