← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း ၆၉ - လင်းရွှေရို၏ ထက်မြက်သော ဆဌမအာရုံနှင့် ဧကရာဇ်အသွင်အပြင်

“အဟွတ် အဟွတ်... အမေ... သမီး ဘာမှ မဖြစ်ပါဘူး... ဝင်ခဲ့ပါ”

လင်းရွှေရို၏ အသံကို ကြားလိုက်ရသောအခါ လင်းဇီရှင်းသည် စိတ်ထဲရှိ ယုတ္တိမတန်သော အတွေးများကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး ကုတင်စွန်းတွင် ထိုင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လင်းရွှေရိုသည် အထဲသို့ ဝင်ရောက်လာပြီး လင်းဇီရှင်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ကြင်နာမှုများဖြင့် ပြည့်နှက်နေပြီး လင်းဇီရှင်းကို ကြည့်ကာ ပြောလိုက်လေသည်။

“သမီး... ပြီးခဲ့တဲ့တစ်ခါ ဖြစ်ခဲ့တဲ့ ကိစ္စက သမီးစိတ်ထဲမှာ ဒဏ်ရာတွေ အများကြီး ကျန်ခဲ့လို့လား”

ထိုစကားကို ကြားသောအခါ လင်းဇီရှင်းသည် အစပိုင်း၌ ကြောင်အမ်းသွားသော်လည်း ၊ လင်းရွှေရို ပြောနေသည်မှာ သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ လိုက်လံ ဖမ်းဆီးခြင်း ခံရသည့် ကိစ္စ ဖြစ်မည်ကို လျင်မြန်စွာ သတိရလိုက်သည်။ ထို့ကြောင့် သူမသည် ခေါင်းခါလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“အမေ... ဟိုတစ်ခါက ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သမီးစိတ်ထဲ ဘာဒဏ်ရာမှ မကျန်ခဲ့ပါဘူး”

“ဒါဆို သမီး ဘာဖြစ်နေတာလဲ... အမေ့ကို မလိမ်နဲ့နော်... ဒီကာလအတွင်း သမီးရဲ့ ပြောင်းလဲမှုကို ရေမြင့်မြတ်နယ်မြေ တစ်ခုလုံးက လူတိုင်း မြင်နေရတယ်”

လင်းရွှေရိုသည် စိုးရိမ်သော မျက်လုံးများဖြင့် လင်းဇီရှင်းကို ကြည့်လိုက်သည်။ သူမ၏ သမီးလေးသည် သူမ၏ အဖိုးတန် ရတနာလေး ဖြစ်ရာ ၊ သမီးဖြစ်သူ ဒုက္ခရောက်နေသည်ကို မိခင်တစ်ယောက်အနေဖြင့် လက်ပိုက် ကြည့်မနေနိုင်ပေ။

မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသောအခါ လင်းဇီရှင်းသည် ပျော်ရွှင်စရာ တစ်ခုခုကို တွေးမိလိုက်သကဲ့သို့ ပြုံးလိုက်မိသော်လည်း လျင်မြန်စွာပင် ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“အမေ... သမီး တကယ် ဘာမှ မဖြစ်ဘူး... စိတ်ဒဏ်ရာ ဘာညာတွေလည်း မရှိဘူး”

သမီးဖြစ်သူက ထိုသို့ ပြောလာသဖြင့် လင်းရွှေရိုသည် ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထားလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ထို့နောက်သူမသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ဒါနဲ့ သမီး... လေကျင်းကျန့် ကို မှတ်မိသေးလား”

လေကျင်းကျန့်၏ အမည်ကို ကြားလိုက်ရသောအခါ ၊ လင်းဇီရှင်းသည် ငယ်စဉ်က မိခင်ဖြစ်သူနှင့်အတူ မိုးကြိုးမြင့်မြတ်နယ်မြေ ရှိ ဦးလေး လေ၏ အိမ်သို့ မကြာခဏ သွားလည်စဉ်က တွေ့ခဲ့ဖူးသော ကလေးငယ်လေးကို ပြန်လည် သတိရသွားသည်။

“မှတ်မိတယ်... ဘာဖြစ်လို့လဲ”

“ဒီလိုလေ... ကျင်းကျန့်ကို ဘယ်လိုမြင်လဲ... သင့်တော်မယ် ထင်ရင် သမီး ကြိုးစားပြီး လေ့လာကြည့်ပါလား”

လင်းရွှေရိုက ပြုံး၍ ပြောလိုက်သည်။

သို့သော် လင်းဇီရှင်းသည် နေရာတွင်ပင် အချိန်အတော်ကြာ တောင့်ခဲသွားပြီးမှ ပြန်လည် ငြင်းဆန်လိုက်သည်။

“အမေ... သမီး အချစ်ရေး ကိစ္စတွေကို စိတ်မဝင်စားဘူး ဆိုတာ အမေ သိသားနဲ့... သမီးက ကျင့်ကြံဖို့နဲ့ ရေမြင့်မြတ်နယ်မြေကို ဂုဏ်ကျက်သရေ တိုးတက်အောင် ဦးဆောင်ဖို့ပဲ ဆန္ဒရှိတာ”

သို့သော် ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချစ်လည်းချစ် မုန်းလည်းမုန်းမိသော ဝူယီဖန်၏ မျက်နှာသည် သူမ၏ စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာသောကြောင့် စိတ်ရှုပ်ထွေးသွားသည်။

ထိုစကားကို ကြားသောအခါ လင်းရွှေရိုသည် ဘာမျှ ဆက်မပြောတော့ပေ။ သူမသည် အကျဉ်းချုပ် ပြောပြရုံသာ ဖြစ်ပြီး သမီးဖြစ်သူ၌ ဆန္ဒမရှိလျှင် အတင်းအကျပ် တိုက်တွန်းမည် မဟုတ်ချေ။

လေကျင်းကျန့်၏ တစ်ဖက်သတ် အချစ်ကတော့ ကျရှုံးခြင်းနှင့်သာ အဆုံးသတ်ရပေတော့မည်။

“ကဲပါ အမေ... သမီး ကျင့်ကြံရမယ့်အချိန် ရောက်ပြီ... အမေ ထွက်သွားလို့ ရပြီ... ဪ ဒါနဲ့... နောက်ရက်နည်းနည်းလောက်နေရင် သမီး ဧကရာဇ်တပိုင်း အဆင့်ကို ချိုးဖျက်နိုင်တော့မယ်လို့ ခံစားနေရတယ်... သမီးကို မနှောင့်ယှက်နဲ့နော်”

ထိုသို့ပြောပြီးသည်နှင့် လင်းဇီရှင်းသည် ထရပ်လိုက်ပြီး လင်းရွှေရိုကို အပြင်သို့ တွန်းထုတ်လိုက်သည်။ လင်းရွှေရိုမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သမီးဖြစ်သူ သည် ဧကရာဇ်တပိုင်း အဆင့်သို့ ရောက်ရှိတော့မည်ကို သိလိုက်ရချိန်တွင် သူမသည် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှား‌နေမိသည်။

သူမ၏သမီးသည် အသက် ၅၀၀ ကျော်သာ ရှိသေးကြောင်း သင် သိထားရမည်။ အသက် ၅၀၀ ကျော်နှင့် ဧကရာဇ်တပိုင်း အဆင့်သို့ ရောက်ရှိနိုင်ပါက ၊ တစ်နည်းအားဖြင့် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက် ရှိနေပြီ ဖြစ်သည်။

သူမသည် ဧကရာဇ်တပိုင်း အဆင့်သို့ ရောက်ရှိစဉ်ကပင် အသက် တစ်သောင်း ရှိနေပြီ ဖြစ်သည်။ ယခု သူမသည် နှစ်သုံးသိန်း သက်တမ်းရှိသော စုန်းမကြီးတစ်ယောက် ဖြစ်နေပြီဟု ဆိုနိုင်သော်လည်း သို့သော် မဟာဧကရာဇ် အဆင့်နှင့် ဝေးကွာနေဆဲပင်။

“ဟူး... ဇီရှင်းကများ မဟာဧကရာဇ် နယ်ပယ်ကို ရောက်ရှိပြီး ရွှမ်ထျန်းကမ္ဘာမှာ ဧကရာဇ် ဖြစ်မလာနိုင်တဲ့ ကျိန်စာကို ချိုးဖျက်နိုင်မလား မသိဘူး”

လင်းရွှေရို သည် ထိုသို့တွေးလိုက်မိပြီး သူမ၏ မျက်နှာပေါ်တွင် ဆွေးမြေ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ မည်သို့ပင်ဖြစ်စေ သူမအတွက်တော့ အခွင့်အရေး မရှိတော့ပေ။

သို့သော် လင်းရွှေရို ထွက်ခွာတော့မည့် ဆဲဆဲတွင် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

“နေပါဦး... အဲဒီကောင်လေးကို မသတ်ရရင် ဧကရာဇ်တပိုင်း အဆင့်ကို မတက်နိုင်ဘူးလို့ ပြောထားတယ် မဟုတ်လား... ဒါဆို အဲဒီကောင်လေး အသတ်ခံလိုက်ရပြီ ဆိုတဲ့ သဘောလား... အဲ့လိုလည်း မဖြစ်နိုင်ပါဘူး”

“ဒါမှမဟုတ် ငါ မသိတဲ့ ကိစ္စ တစ်ခုခု ဖြစ်သွားတာလား”

လင်းရွှေရိုသည် များများစားစား မတွေးခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ဧကရာဇ်တပိုင်း အဆင့်သို့ တက်ရောက်ခြင်းသည် ကောင်းမွန်သော ကိစ္စပင် ဖြစ်သည်။

လင်းဇီရှင်းသည် ဧကရာဇ်တပိုင်း နယ်ပယ်သို့ တက်ရောက်တော့မည်ဟု ပြောလိုက်ခြင်းသည် လင်းရွှေရိုကို နှစ်သိမ့်ခြင်း မဟုတ်ဘဲ အမှန်တကယ် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူမသည် အာဏာရှင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သလို ဝူယီဖန်နှင့် အတူတူ ကျင့်ကြံခြင်းကလည်း သူမအား ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးခဲ့သည်။ တစ်ယောက်က ရွှမ်ယင်မြင့်မြတ်ခန္ဓာ၊ နောက်တစ်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ပြီး နှစ်ဦးစလုံးသည် စွမ်းအားကြီးမားသော ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ကြသည်။ အတူတူ ကျင့်ကြံခြင်းသည် သူမတို့နှစ်ဦးစလုံးကို အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။

ခေါင်းကို ခါယမ်းလိုက်ရင်း လင်းဇီရှင်းသည် ဝူယီဖန်၏ ကိစ္စကို စိတ်ထဲမှ ထုတ်ပစ်လိုက်ပြီး ဧကရာဇ်တပိုင်း ဖြစ်လာရန် သီးသန့်ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။

အခြားတစ်ဖက်တွင် ဝူယီဖန်သည် စိတ်ကို ငြိမ်သက်စေပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သော လင်းဇီရှင်း၏စွမ်းအားများကို သန့်စင်ပြီး ဖြစ်ရာ ၊ သူသည် အာဏာရှင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဧကရာဇ်တပိုင်း နယ်ပယ်သို့ တက်လှမ်းရန် ခြေတစ်လှမ်း လိုတော့သည်။

“နောက်တစ်ဆင့်က ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ကိုးခုမြောက် အလွှာ ကန့်သတ်ချက်ကို ဖွင့်ဖို့အတွက် ရှားပါးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရှာဖို့ပဲ... ငါ မှတ်မိသလောက်ဆိုရင် ကိုးမျိုး လိုအပ်တယ် - ဧကရာဇ်တပိုင်း အဆင့်ရှိတဲ့ အဆိပ်လက်သည်းပြာ ပင့်ကူရဲ့ အဆိပ်အိတ်၊ နှစ်တစ်သိန်း သက်တမ်းရှိတဲ့ မိုးကြိုးပစ် မိုးမခသစ်သား ၊ နှစ်တစ်သိန်း သက်တမ်းရှိတဲ့ နေမင်းပူပြင်းသီး ၊ နှစ်တစ်သိန်း သက်တမ်းရှိတဲ့ ငွေပြာရောင် ဧကရာဇ်မြက်ပင် ၊ ဧကရာဇ်တပိုင်း အဆင့်ရှိတဲ့ လရိပ်ဝံပုလွေ ရဲ့ အစွယ်၊ မြေကမ္ဘာစမ်းရေ နဲ့ ယန်ဓာတ်သဘာဝရှိတဲ့ အာဏာရှင်အဆင့် ရှားပါးပစ္စည်း သုံးမျိုး...”

ဝူယီဖန် သည် တွေးလိုက်သည်။ သူ့တွင် ယန်ဓာတ်သဘာဝရှိသော အာဏာရှင်အဆင့် ရတနာ သုံးမျိုးအပြင် နေမင်းပူပြင်းသီး၊ ငွေပြာရောင် ဧကရာဇ်မြက်ပင်နှင့် မြေကမ္ဘာစမ်းရေတို့ ရှိနှင့်ပြီး ဖြစ်သည်။ ယခု သူ လိုအပ်သည်မှာ ဧကရာဇ်တပိုင်း အဆင့်ရှိ အဆိပ်လက်သည်းပြာပင့်ကူ၏ အဆိပ်အိတ်၊ လရိပ်ဝံပုလွေ၏ အစွယ်နှင့် မိုးကြိုးပစ် မိုးမခသစ်သား တို့သာ ဖြစ်သည်။

ဝူယီဖန် နားလည်ထားသလောက် ဤအရာ သုံးမျိုးသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် အလွန် ရှားပါးလှသည်။ ရွှမ်ထျန်းကမ္ဘာတွင် ဧကရာဇ်တပိုင်း အဆင့် ကျွမ်းကျင်သူမှာ အလွန်ပင် နည်းပါးလှပြီး ဧကရာဇ်တပိုင်း အဆင့်သို့ ရောက်ရှိသော အဆိပ်လက်သည်းပြာ ပင့်ကူနှင့် လရိပ်ဝံပုလွေ ဆိုလျှင် ပို၍ပင် ရှားပါးပေတော့မည်။

နှစ်တစ်သိန်း သက်တမ်းရှိ မိုးကြိုးပစ် မိုးမခသစ်သား ဆိုသည်မှာ နှစ်ပေါင်း တစ်သိန်း အသက်ရှင်ပြီး မိုးကြိုးပစ်ခံရပြီးနောက် အသက်ရှင် ကျန်ရစ်သော မိုးမခပင် ဖြစ်သည်။ ၎င်းသည် အလွန် ရှားပါးသော်လည်း တန်ဖိုးပေးဆပ်ရန် ဆန္ဒရှိပါက ရရှိနိုင်မည့် အရာ ဖြစ်သည်။

“ထားလိုက်ပါတော့... တစ်ဆင့်ချင်းပဲ သွားကြတာပေါ့”

ဝူယီဖန် သည် သက်ပြင်းချလိုက်ပြီးနောက် ကျယ်ပြောလှသော ရွှမ်ထျန်းကမ္ဘာအတွင်း ရှာဖွေရန် ထွက်ခွာလာခဲ့သည်။

သွေးဝိညာဉ်ဂိုဏ်း ၏ ခြိမ်းခြောက်မှုလည်း ရှိနေသေးသည် မဟုတ်လော။ သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်များ အားလုံးသည် ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သွေးဝိညာဉ်ဂိုဏ်းတွင် အနည်းဆုံး စစ်မှန်သော မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ရှိနေပြီ ဖြစ်သည်။

မဟာဧကရာဇ်တင်မကဘဲ အခြားအရာများလည်း ရှိကောင်း ရှိနိုင်ပေသည်။

သွေးဝိညာဉ်ဂိုဏ်းသည် ရွှမ်ထျန်းကမ္ဘာကို ကျူးကျော်ရန် ဧကရာဇ် တစ်ပါးကို အဘယ်ကြောင့် မစေလွှတ်သေးသည်ကို မသိရသော်လည်း ၊ သို့သော် သွေးဝိညာဉ်ဂိုဏ်းသည် ကန့်သတ်ချက် တစ်စုံတစ်ရာအောက်တွင် ရှိနေပြီး နတ်သင်္ချိုင်းတောင်ကြားမှ ထွက်ခွာနိုင်ခြင်း မရှိသေးသောကြောင်း ဖြစ်မည်ဟု ဝူယီဖန်သည် အကြမ်းဖျင်း ခန့်မှန်းထားသည်။

ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်း ထွက်ပေါ်မလာမီ ဝူယီဖန်သည် တတ်နိုင်သမျှ စွမ်းအားကြီးလာရန် လိုအပ်သည်။ သို့မှသာ သွေးဝိညာဉ်ဂိုဏ်း၏ ကျွမ်းကျင်သူများကို ခုခံနိုင်မည် ဖြစ်သည်။

“ဆရာ”

ဝူယိတောက်သည် သူ၏ ဘေးသို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ဝူရှန်းနသည် မတ်တတ်ထရပ်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ ဝူယိတောက်၏ ကျင့်ကြံမှု အဆင့်ကို အာရုံခံမိပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုမှာ ပိုမို ပြင်းထန်လာသည်။

“ယိတောက်... မင်းက မဟာပညာရှိ အထွတ်အထိပ် အဆင့်ကို ရောက်သွားပြီလား”

“ဟုတ်ကဲ့... ကျွန်တော် ကံကောင်းပြီး ဉာဏ်အလင်းတချို့ ရခဲ့လို့ မဟာသူတော်စင် အထွတ်အထိပ်ကို ရောက်သွားပြီ”

ဝူယိတောက်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာထားမှာ အလွန် တည်ငြိမ်နေသည်။ သူ၏ ဘိုးဘေးဖြစ်သူ ဝူဟောက်ထံမှ လမ်းညွှန်မှုကို ရရှိပြီးနောက် ဝူယိတောက်သည် နှိမ့်ချစွာ နေထိုင်ခြင်း၏ အရေးပါပုံကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သဖြင့် မလိုအပ်လျှင် လူလုံးထွက်ပြမည် မဟုတ်ချေ။

ထိုစကားကို ကြားသောအခါ ဝူရှန်းနသည် အားပါးတရ ရယ်မောလိုက်တော့သည်။

“ဟားဟားဟား... ငါ့တပည့်မှာ ဧကရာဇ် ဖြစ်လာမယ့် အလားအလာ ရှိနေပြီကွ...”

ဝူယိတောက်သည် အသက် တစ်ရာ မပြည့်မီမှာပင် မဟာသူတော်စင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနှုန်းထားအတိုင်း ဆိုလျှင် သူသည် နှစ်တစ်ထောင် မပြည့်မီ အာဏာရှင် အဆင့်သို့ ရောက်ရှိမည် ဖြစ်ပြီး နှစ်တစ်သောင်း မပြည့်မီ ဧကရာဇ်တပိုင်း အဆင့်သို့ သေချာပေါက် ရောက်ရှိပေလိမ့်မည်။ ဤအခြေအနေအရ မဟာဧကရာဇ် အဆင့် ဆိုသည်မှာလည်း လက်လှမ်းမမီနိုင်သော အရာ မဟုတ်တော့ပေ။

အခန်း ၇၀ - သူတော်စင်လေးပါး ပြိုင်ပွဲနှင့် ဝူရူလုံ၏ ဧကရာဇ်လက်နက်

“ဆရာ... တခြားကိစ္စ မရှိတော့ရင် ကျွန်တော် သွားပြီး ကျင့်ကြံလိုက်ဦးမယ်”

ဝူယိတောက်သည် အချိန်အတန်ကြာ လှည့်လည်သွားလာခဲ့ပြီး အရာများစွာကို နားလည်ထားသော်လည်း ပြန်လည် ဆင်ခြင်သုံးသပ်ရန် လိုအပ်နေသေးသည်။

ဝူယိတောက် လှည့်ထွက်သွားသည်ကို မြင်သောအခါ ဝူရှန်းနသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါနဲ့... မင်း အားလပ်ချိန် ရှိတယ်မလား သူတော်စင်လေးပါး ပြိုင်ပွဲ စတော့မယ်... မင်းက ထျန်းဝူတောင် ကို ကိုယ်စားပြုပြီး ပြိုင်ပွဲ ဝင်ရမယ်”

“သူတော်စင်လေးပါး ပြိုင်ပွဲ ဟုတ်လား”

ဝူယိတောက်၏ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဝူရှန်းနသည် ဝူယိတောက်မှာ ဤအကြောင်းကို မသိသေးကြောင်း သဘောပေါက်သွားသဖြင့် စတင် ရှင်းပြလိုက်သည်။

“ဟုတ်တယ်... သူတော်စင်လေးပါး မဟာပြိုင်ပွဲလေ... သူတော်စင်လေးပါး မဟာပြိုင်ပွဲ ဆိုတာ မြင့်မြတ်နယ်မြေ လေးခုက ဦးစီးကျင်းပတဲ့ မဟာပြိုင်ပွဲကြီးပဲ... နှစ်တစ်ထောင်မှာ တစ်ကြိမ် ကျင်းပတယ်... ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးမှာရှိတဲ့ အသက် တစ်ထောင်အောက် ကျင့်ကြံသူတိုင်း ဝင်ပြိုင်လို့ရတယ်... အဆင့်မြင့်တဲ့သူတွေက မြင့်မြတ်နယ်မြေ လေးခုဆီ‌ကနေ ဆုလာဘ်တွေ ရလိမ့်မယ်”

“ငါတို့ ထျန်းဝူတောင်မှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ နေရာတစ်နေရာ ရထားတယ်... နောက်ထပ် သူတော်စင်လေးပါး ပြိုင်ပွဲက ဆယ်နှစ်နေရင် ကျင်းပတော့မှာ... အဲဒီကျရင် မင်းက ထျန်းဝူတောင် ကိုယ်စားလှယ် အနေနဲ့ ယှဉ်ပြိုင်ရမယ်”

ထိုစကားကို ကြားသောအခါ ဝူယိတောက်သည် လက်သီးဆုပ်၍ ဦးညွှတ်ကာ သဘောတူလိုက်သည်။

“ဆရာ့ရဲ့ အမိန့်တိုင်း နာခံပါ့မယ်”

ထိုသို့ ပြောပြီးနောက် ဝူယိတောက်သည် လှည့်ထွက်သွားပြီး သူတော်စင်ဘုရင် နယ်ပယ်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ဝူမိသားစုထံသို့ ပြန်ရောက်နေသော စုချောင်ရန်သည် ဝူဟောက်၏ နှစ်ပါးသွား ကျင့်ကြံမှု အကူအညီဖြင့် သူတော်စင်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး သူတော်စင်ဘုရင် ဖြစ်လာခဲ့သည်။

ဝူဟောက်သည် စုချောင်ရန်နှင့် ကြည်နူးဖွယ် အခိုက်အတန့်တွင် နစ်မွန်းနေစဉ် ဝူရူလုံသည် တံခါးဝမှနေ၍ အချိန်အခါမဟုတ် ချောင်းဟန့်လိုက်သည်။

ထိုအခါမှ ဝူဟောက်နှင့် စုချောင်ရန်တို့သည် အခြေအနေကို သဘောပေါက်သွားကြသည်။

“ဘာကိစ္စလဲ”

ဝူဟောက်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ဝူရူလုံကို စူးစိုက်ကြည့်လိုက်သည်။ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက် မပေးနိုင်ပါက ၊ ဝူရူလုံကို အထူးလေ့ကျင့်ခန်း ဆင်းခိုင်းတော့မည့်ဟန်ပေါ်သည်။

ဝူရူလုံသည် သူ လာရသည့် ရည်ရွယ်ချက်ကို သတိရသွားပြီး ဖိတ်ကြားလွှာ တစ်စောင်ကို ထုတ်၍ စတင် ရှင်းပြလေသည်။

“ဒါက မြင့်မြတ်နယ်မြေ လေးခုကနေ ကျွန်တော်တို့ ဝူမိသားစုဆီ ပို့လိုက်တဲ့ ဖိတ်စာပါ... သူတော်စင်လေးပါး မဟာပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားထားတာပါ... ထိပ်ဆုံးရောက်တဲ့သူတွေက မြင့်မြတ်နယ်မြေ လေးခုဆီက ဆုလာဘ်တွေ ရလိမ့်မယ်”

“သူတော်စင်လေးပါး ပြိုင်ပွဲ ဟုတ်လား”

ဝူဟောက်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဤပြိုင်ပွဲသည် နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ကျင်းပပြီး မကျင်းပမီ အချိန်ကျမှသာ သတင်းထုတ်ပြန်လေ့ရှိသဖြင့် သူ့အနေဖြင့် သိရှိမထားသည်မှာ အံသြစရာ မဟုတ်ပေ။

စုချောင်ရန်၏ မျက်လုံးများမှာ အရောင်လက်သွားသည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မဟောင်း တစ်ဦးအနေဖြင့် သူမသည် သူတော်စင်လေးပါး ပြိုင်ပွဲအကြောင်း ကောင်းစွာ သိရှိထားသဖြင့် သေချာ ရှင်းပြလိုက်သည်။

ဇနီးဖြစ်သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ဝူဟောက်သည် သူတော်စင်လေးပါး ပြိုင်ပွဲ အကြောင်းကို နောက်ဆုံးတွင် နားလည်သွားသည်။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါတို့ ဝူမိသားစုအတွက် နေရာ ဘယ်နှစ်နေရာ ရလဲ”

“ငါးနေရာပါ”

ဝူရူလုံက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ခေတ္တ တွေးတောလိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် ယီဖန်ကို တစ်နေရာ ပေးလိုက်မယ်... ကျန်တဲ့ လေးနေရာကိုတော့ မင်းပဲ ဆုံးဖြတ်လိုက်တော့”

ဝူဟောက် ပြောပြီးသည်နှင့် တစ်ပြိုင်နက် စုချောင်ရန်က တစ်စုံတစ်ခုကို အလျင်အမြန် ပြောလိုက်သည်။

“ယောက်ျား... ကျွန်မ သွားလို့ ရမလား... သူတော်စင်လေးပါး ပြိုင်ပွဲရဲ့ ခမ်းနားမှုကို သွားကြည့်ချင်လို့”

ဝူဟောက်သည် စုချောင်ရန်၏ တောင်းဆိုမှုကို ငြင်းဆန်မည် မဟုတ်ပေ။ သူသည် စုချောင်ရန်၏ နှာခေါင်းကို ချစ်စနိုးဖြင့် ဆွဲညှစ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ... သွားချင်ရင် သွားလေ.. ဒါနဲ့ ရူလုံ ဘယ်လို ဖြစ်နေလဲ ဆိုတာလည်း သွားကြည့်သင့်တယ်”

ရွှမ်ထျန်းကမ္ဘာတွင် အသက် တစ်ထောင်အောက်နှင့် သူတော်စင်ဘုရင် အဆင့်သို့ ရောက်ရှိနေသူ တော်တော်များများ ရှိနေသေးကြောင်း ဝူဟောက် သိထားသည်။ ဝူရူလုံမှာမူ မဟာသူတော်စင် ကနဦးအဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် ဝူရူလုံကို ကမ္ဘာကြီးအား လေ့လာနိုင်ရန် သူတော်စင်လေးပါး ပြိုင်ပွဲသို့ စေလွှတ်ခြင်းသည် သူ့အတွက် များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။

ဝူရူလုံသည် မငြင်းဆန်ခဲ့သော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးများ အရောင်လက်သွားသည်။ သူသည် စမ်းသပ်လိုသည့် လေသံဖြင့် မေးလိုက်၏။

“အဖေ... အဖေ ဧကရာဇ်လက်နက်ကို သွန်းလုပ်နိုင်တယ်လို့ ပြောဖူးတယ်မလား”

“ဟုတ်တယ်... မင်း ပစ္စည်းတွေ စုံပြီလား’

ဝူဟောက်သည် ဝူရူလုံကို ကြည့်လိုက်ရာ ဝူရူလုံသည် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

“ကောင်းလိုက်တာ... ကျွန်တော် ပစ္စည်းတွေ အကုန် စုပြီးပြီ... အဖေ ကျွန်တော့်အတွက် ဧကရာဇ်လက်နက် ဘယ်တော့လောက် လုပ်ပေးနိုင်မလဲ”

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ခေတ္တ စဉ်းစားလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။

“အခုပဲ လုပ်လိုက်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် အချိန် သိပ်ကြာမှာမှ မဟုတ်တာ”

ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ဝူရူလုံ၏ မျက်လုံးများသည် အရောင်လက်သွားသည်။ ထို့နောက် သူသည် ဝူမိသားစု ကုန်သည်အသင်း၏ အရင်းအမြစ်များကို အသုံးပြု၍ ရွှမ်ထျန်းကမ္ဘာ တစ်ခွင်မှ စုဆောင်းထားသော သွန်းလုပ်ရေး ပစ္စည်းများ ပါဝင်သည့် သိုလှောင်လက်စွပ် တစ်ခုကို အလျင်အမြန် ထုတ်ပေးလိုက်သည်။

အတွင်းရှိ ပစ္စည်းများကို စစ်ဆေးကြည့်ရှုပြီးနောက် ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။ ၎င်းတို့သည် ဧကရာဇ်လက်နက် သွန်းလုပ်ရန် အမှန်တကယ်ပင် လုံလောက်ပေသည်။

ဘယ်လို ဧကရာဇ်လက်နက်မျိုး လိုချင်တာလဲ...

“ဓား... ကျွန်တော် ဓားရှည်တစ်လက် လိုချင်တယ်”

ဖခင်၏ မေးခွန်းကို ကြားသောအခါ ဝူရူလုံသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။

“ဓား”

ဓားကျင့်ကြံသူ မဖြစ်ချင်သောသူ မည်သူများ ရှိမည်နည်း။ ဓားကျင့်ကြံသူများသည် အလွန် ခန့်ညားလှသည်။ ဓားတစ်ချက်တည်းဖြင့် မိုင်ပေါင်း ၃၀,၀၀၀ ခရီးကို ဖြတ်ကျော်နိုင်ပြီး လောကရှိ စွမ်းအားကြီးသူ အားလုံး ဦးညွှတ်ရပေမည်။

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ဝူဟောက်၏ ထိန်းချုပ်မှုအောက်၌ သိုလှောင်လက်စွပ် အတွင်းရှိ ပစ္စည်းများသည် တစ်ခုပြီးတစ်ခု ပျံဝဲထွက်လာကြသည်။ အားလုံးသည် ဧကရာဇ်အဆင့် သွန်းလုပ်ရေး ပစ္စည်းများ ဖြစ်ကြသည်။

ဝူရူလုံ၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ခရမ်းရောင် မီးတောက်တစ်ခုသည် ဝူဟောက်၏ လက်ဖဝါးတွင် ပေါ်ထွက်လာသည်။ ထိုမီးတောက်ကို မြင်လိုက်ရချိန်တွင် ဝူရူလုံမှာ အံ့သြမှင်သက်သွားမိသည်။

“ဒါက... ဧကရာဇ်မီးတောက်ပဲ”

လောကရှိ အရာရာတိုင်းတွင် အဆင့်အတန်း ရှိကြသည်။ ကျောက်တုံးများမှပင် စွန်းဝူခုန်းထွက်ပေါ်လာနိုင်လျှင် မီးတောက်များတွင်လည်း အဆင့်အတန်း ရှိခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ရွှမ်ထျန်းကမ္ဘာတွင် မီးတောက်များကို ကောင်းကင်၊ မြေကြီး၊ နက်နဲ၊ အဝါရောင် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ ထိုအဆင့်လေးဆင့်ကို ဝိညာဉ်မီးတောက် ဟု ခေါ်ဆိုကြသည်။ ဝိညာဉ်မီးတောက် အထက်တွင် အာဏာရှင်မီးတောက် ရှိပြီး အာဏာရှင်မီးတောက် အထက်တွင် ဧကရာဇ်မီးတောက် ရှိလေသည်။

သို့သော် ဝူရူလုံ နားလည်ထားသလောက် ဧကရာဇ်တပိုင်း ကျင့်ကြံသူများပင် ဧကရာဇ်မီးတောက်ဟု ခေါ်ဆိုသော အရာကို မထိန်းချုပ်နိုင်ကြပေ။ ဧကရာဇ်များသာ ထိန်းချုပ်နိုင်ကြသည်။

ထို့ကြောင့် သူသည် ယခင်က ဖခင်ဖြစ်သူ၏ ကျင့်ကြံမှု အဆင့်ကို သံသယ ဖြစ်ခဲ့ဖူးသော်လည်း ဧကရာဇ်မီးတောက် ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် ဝူရူလုံသည် သူ၏ဖခင်မှာ အနည်းဆုံး မဟာဧကရာဇ် တစ်ပါး ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

သို့သော် ဝူဟောက်သည် ဝူရူလုံနှင့် အခြားသူများ၏ တုံ့ပြန်မှုကို လျစ်လျူရှုထားလိုက်သည်။ ဝူဟောက်၏ ထိန်းချုပ်မှုအောက်တွင် သွန်းလုပ်ရေး ပစ္စည်းများ အားလုံးသည် ဧကရာဇ်မီးတောက် အတွင်းသို့ တန်းတန်းမတ်မတ် ပျံဝဲဝင်ရောက်သွားကြသည်။ ထို့နောက် ဧကရာဇ်မီးတောက်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် အရည်ပျော်ကာ တစ်သားတည်း ပေါင်းစပ်သွားကြပြီး ဝူဟောက်၏ ကြောက်မက်ဖွယ် စိတ်စွမ်းအားအောက်တွင် ပုံဖော်ခြင်း ခံရကာ ဓားရှည်တစ်လက် ပုံသဏ္ဌာန်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

နှစ်မိနစ်ခွဲခန့် ကြာပြီးနောက် ဓားရှည်သည် နောက်ဆုံးတွင် ပုံပေါ်လာလေသည်။ ဝူဟောက်သည် သူ၏ ဧကရာဇ်မီးတောက်ကို ပြန်လည် သိမ်းဆည်းလိုက်သည်နှင့် သူ သွန်းလုပ်လိုက်သော ဓားရှည်ထံမှ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ပေါက်ကွဲထွက်လာသော်လည်း ၊ ဝူဟောက်သည် ထိုအရာကို ဖိနှိပ်ထားလိုက်သည်။

ထိုဓားရှည်အတွင်းရှိ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားလိုက်ရချိန်တွင် ဝူရူလုံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ မဟာသူတော်စင် ကနဦးအဆင့်သာ ရှိသေးသော သူသည် ကိုယ်ပိုင် ဧကရာဇ်လက်နက် တစ်လက်ကို ပိုင်ဆိုင်ရန် ကံကောင်းလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ရှိသူများပင် ကိုယ်ပိုင် ဧကရာဇ်လက်နက် ရှိချင်မှ ရှိကြလိမ့်မည်။

ဝူရူလုံသည် စိတ်လှုပ်ရှားစွာဖြင့် ဝူဟောက်၏လက်ထဲမှ ဧကရာဇ်လက်နက်ကို ယူရန် ပြင်လိုက်စဉ်မှာပင် ၊ ဝူဟောက်သည် ဧကရာဇ်လက်နက်နှင့်အတူ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

“ခဏလေး... ဧကရာဇ်လက်နက်ကို ဧကရာဇ်လက်နက်လို့ ခေါ်နိုင်ဖို့ ပြီးမြောက်အောင် လုပ်ရမယ့် အဆင့်တချို့ ကျန်သေးတယ်... ငါ ခဏနေရင် ပြန်လာခဲ့မယ်”

ဝူရူလုံခမျာ ဖခင်ဖြစ်သူသည် သူ၏ ဧကရာဇ်လက်နက်ကို ယူဆောင်ကာ ဝေးရာသို့ ထွက်ခွာသွားပြီး သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို မျှော်လင့်ချက်မဲ့စွာဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်လေတော့သည်။

All Chapters