အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
အပိုင်း ( 679 )
ကြယ်တာရာ T-Rex နတ်ဘုရား၏ ကြောက်မက်ဖွယ်ရာ ရုပ်ခန္ဓာ
“ ခိုးမှာလား “
တိကျွမ်း၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထို့နောက်တွင် သူသည် ခေါင်းတခါခါဖြင့် ပြန်ပြောလာခဲ့သည် “ ငါတို့က ဘယ်မှာ သွားခိုးကြမှာလဲ။ အန္တိမနယ်မြေမှာက အစွမ်းထက် ပညာရှင်တွေနဲ့ ပြည့်နေတာလေ၊ ငါသိရသလောက်အရဆိုရင် သားရဲတစ်သောင်းဂိုဏ်းမှာတင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ငါးယောက်ထပ်မနည်း ရှိတယ် “
“ ငါတို့နှစ်ယောက်တည်းရဲ့ အင်အားနဲ့ လိုက်ဖမ်းတာကို ခံရမယ်ဆိုရင်၊ ငါတို့က ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူး “
အန္တိမနယ်မြေအတွင်းသို့ ရောက်လာခဲ့ပြီးသည့်နောက်၌ တိကျွမ်းကပင် ပိုမိုသတိကြီးကာ၊ ဂရုတစိုက် ဖြစ်လာခဲ့သည်။
သူ၏ခွန်အားက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကြားတွင် အတော်လေး ဖြုံလောက်သော်လည်း၊ သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ မော့မူ၏ ခွန်အားကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍၊ သူသည် ဤဂိုဏ်း၏ အခြေခံအုတ်မြစ်က လွန်စွာနက်ရှိုင်းကြောင်း နားလည်သွားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကြယ်ပြာဂြိုဟ်၏ အခြေခံအုတ်မြစ်ကမူ အလွန်တရာ တိမ်ကော၊ ယိုင်နဲ့နေခဲ့သည်။
သို့သော် တိကျွမ်း၏ စကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် ပြုံးမိသွားကာ၊ ပြန်ပြောလိုက်သည်။
“ စိတ်ပူစရာမလိုပါဘူး၊ အန္တိမအဆင့်နဲ့ မတွေ့သရွေ့တော့ အန္တရာယ်ရှိမှာ မဟုတ်ဘူး “
“ ဟမ် “
တိကျွမ်းသည် ကြောင်အမ်းအမ်းဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လာခဲ့သည်။
မင်းက ဘယ်လိုခွန်အားမျိုးကို ပိုင်ဆိုင်ထားလို့ ဒီလိုစကားမျိုးတွေ ပြောရဲနေရတာလဲဟ
တိကျွမ်းသည် လေသံတိုးတိုးလေးဖြင့် စကားထပ်ပြောလာခဲ့သည် “ ငါ့ရဲ့ စွမ်းအားက တော်တော်လေး အားကောင်းပင်မဲ့၊ အန္တိမ အထွတ်အထိပ် ပညာရှင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့၊ ပြေးတာကလွဲပြီးတော့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ စီနီယာပြေးချင်ပြေးပေါ့၊ ကျွန်တော်ကတော့ ပြေးဖို့ မလိုပါဘူး “
“ ဟမ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းမှာ လုံးဝကြောင်အသွားခဲ့သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ကို ထပ်မံ၍ ကြည့်ရှုလာခဲ့ကာ၊ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည် “ မင်းက အဲ့တာ ….. “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြုံးပြလိုက်သည် “ ဟုတ်တယ်၊ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာက အန္တိမ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ၊ အန္တိမ အထွတ်အထိပ် ပညာရှင်ရဲ့ အင်အားအပြည့် တိုက်ခိုက်မှုကို ခုခံနေနိုင်ပြီ “
ထို့နောက်တွင် သူသည် စနစ်၏ မျက်နှာပြင်ကို ငေးကြည့်နေတော့သည်။
အဆင့် : တေရသမ ( ၁၀% )
အသားတင် အလေးချိန် : ကီလိုဂရမ် သန်း ၂၅၀
…
လဝက်မျှ ကြိုးစားအားထုတ်ခဲ့ပြီးသည့်နောက်တွင်
ကြယ်တာရာ T-Rex နတ်ဘုရားမှာ တေရသမအဆင့်/အဆင့်၁၃သို့ အောင်မြင်စွာ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ယခင်က တွက်ချက်မှုများအပေါ် အခြေခံခြင်းအားဖြင့်
ဒသမအဆင့်မှာ အဆင့်နိမ့် အထွတ်အထိပ်
ဧကာဒသမအဆင့်မှာ အလယ်အလတ် အထွတ်အထိပ်
ဒွါဒသမအဆင့်မှာ အဆင့်မြင့် အထွတ်အထိပ်
တေရသမအဆင့်မှာ အန္တိမ အထွတ်အထိပ်နှင့် သက်ဆိုင်နေခဲ့သည်။
အချိန်အကန့်အသတ်ကြောင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုပ်ခန္ဓာမှာ အန္တိမ အထွတ်အထိပ်၏ အကန့်အသတ်သို့ မရောက်ရှိခဲ့ပေ။
၎င်းမှာ သူက လာမည့်ရက်များအတွင်းတွင် ဆက်လက်၍ တိုးတက်နိုင်သေးသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ယခုတွင် သူ့ရုပ်ခန္ဓာ၏ စွမ်းအားမှာ အထွတ်အထိပ် ပညာရှင်အများစုကို လွှမ်းမိုးထားနိုင်ပြီဖြစ်သည်။
အထွတ်အထိပ် ပညာရှင် အများစု၏ ရုပ်ခန္ဓာများက သူတို့၏ ကျင့်ကြံရေးနယ်ပယ်ထပ် နိမ့်ကျပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် ချွင်းချက်မဟုတ်ဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။
ထိုစဥ်
ကြယ်တာရာ T-Rex နတ်ဘုရား၏ စကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူမသွင်းဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့ကာ၊ သူ့အား အံ့ဩတကြီး ကြည့်ရှုလာခဲ့သည်။
သူသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေခဲ့သည် “ မင်းရဲ့ နိယာမနယ်ပယ်က အဆင့်၉ အထွတ်အထိပ်မှာပဲ ရှိနေသေးတယ်လေ၊ အဲ့တာကို မင်းရဲ့ ရုပ်ခန္ဓာက အန္တိမ အထွတ်အထိပ်ကို ရောက်သွားတာလား “
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
စကြာဝဠာရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာတောင် အဲ့လိုကိစ္စမျိုး မပေါ်လာခဲ့ဖူးဘူးလေ
အကယ်၍ သူတို့ရှိနေသည့် နေရာကသာ ကြယ်ပြာဂြိုဟ်ဖြစ်နေမည်ဆိုပါက၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် လက်ရည်ယှဥ်ပြီး၊ သူ၏ ရုပ်ခန္ဓာက သူပြောသလို အစွမ်းထက်နေမလားဆိုသည်ကို သေချာပေါက် စမ်းသပ်ကြည့်လိုက်မည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြုံးပြလိုက်သည် “ မှန်လား၊ မမှန်ဘူးလားဆိုတာက တကယ့် အန္တိမ အထွတ်အထိပ် ပညာရှင်နဲ့ ရင်ဆိုင်ရရင်၊ သိလာရမှာပေါ့ဗျာ “
အမှန်တိုင်းပြောရမည်ဆိုပါက သူကိုယ်တိုင်မှာလည်း ထိုကိစ္စကို အလွန်တရာ သိချင်နေခြင်း ဖြစ်သည်။
ငါ့ရဲ့ အခုလက်ရှိ စွမ်းအားက တကယ့် အန္တိမ အထွတ်အထိပ် ပညာရှင်ကို ယှဥ်နိုင်မှာလား
ကွာဟချက်က ဘယ်လောက်ကြီးနေမလဲ
၎င်းတို့အားလုံးမှာ အမှန်တကယ် တိုက်ခိုက်သည့် အချိန်မှသာလျှင် အဖြေရလာမည် ဖြစ်သည်။
သို့သော် သူက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကို အမှောက်သိပ်နိုင်သည်ဆိုသည်ကိုတော့ သံသယဝင်ရန် မလိုအပ်ပေ။
ဥပမာအားဖြင့် တိကျွမ်းကဲ့သို့သော တည်ရှိမှုမျိုးကပင် သူ၏ပြိုင်ဘက်ဖြစ်နေလိမ့်မည် မဟုတ်ပေ။
သူ၏ရုပ်ခန္ဓာက နဝမအဆင့် အထွတ်အထိပ်တွင် ရှိနေခဲ့စဥ်အချိန်မှာပင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် မျက်လုံးသုံးလုံးဘုရင်ကို သတ်ဖြတ်နိုင်ခဲ့သောကြောင့်၊ ယခုလက်ရှိ သူ၏စွမ်းအားနှင့်သာဆိုပါက ……….
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ စိတ်ပူမနေပါနဲ့ စီနီယာရာ “ ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ပြုံးနေတော့သည်။
အကယ်၍ ယုံကြည်ချက် မရှိဘူးဆိုပါက၊ သူသည် အလျင်စလို ထွက်ခွာလာခဲ့မည် မဟုတ်ပေ။
တိကျွမ်းမှ လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ မင်းက ငါ့ကို ….. တာအိုရောင်းရင်းလို့ ခေါ်လို့ရတယ် “
အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားကသာ ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိနေမည်ဆိုပါက၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မှ သူ့ကို စီနီယာဟု ခေါ်ဆိုနေခြင်းမှာ သူ၏သက်တမ်းကို တိုတောင်းသွားစေမည် ဖြစ်သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် တိကျွမ်းမှာလည်း မျက်လုံးများ တောက်ပသွားခဲ့သည်။
“ တာအိုရောင်းရင်း၊ ငါတို့က တောင်ဆီ တိုက်ရိုက်သွားပြီးတော့ လုကြမှာလား “
အစပိုင်းတွင် သူ၏ခွန်အား မလုံလောက်မှုကြောင့် သတိတကြီး ဖြစ်နေခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားက အန္တိမ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့်၊ မည်သည့်အရာကို ကြောက်လန့်နေရတော့မည်နည်း
မထင်မှတ်ထားစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ခေါင်းတခါခါဖြင့် ပြန်ပြောလာခဲ့သည် “ အခု ရန်သူက အလင်းထဲမှာ ရှိနေပြီးတော့ ကျွန်တော်တို့က အမှောင်ထဲကို ရောက်နေကြတာ၊ ရန်သူ့အင်အားကိုလည်း မသိရသေးဘူးဆိုတော့၊ ရုပ်ဖျက်ပြီးတော့ ရန်သူ့တပ်စခန်းထဲကို အရင်ဦးဆုံး စိမ့်ဝင်သွားတာက ပိုကောင်းတယ် “
“ ရုပ်ဖျက်တာလား “
တိကျွမ်း၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ်က ရုတ်တရက် ပြောင်းလဲသွားသည်ကို သူမြင်တွေ့လိုက်ရသည်။
“ ဗွီ “
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သားရဲပုံစံအဖြစ်မှ လူသားပုံစံအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
သူသည် မူလကိုယ်အဖြစ် ပြန်ပြောင်းလိုက်ခြင်း မဟုတ်ဘဲ၊ သားရဲတစ်သောင်း တုပခြင်းစွမ်းရည်ကို အသုံးပြုကာ ယခင်က ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် သူမြင်တွေ့ခဲ့ရသည့် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
သားရဲတစ်သောင်းတုပခြင်း စွမ်းရည်ကြောင့်၊ သူသည် ထိုလူနှင့် တူနေရုံတင် မဟုတ်ဘဲ၊ သူ၏ အရှိန်အဝါကပင် ထိုလူ့၏ အရှိန်အဝါနှင့် တစ်ထပ်တည်းကျသွားခဲ့သည်။
သို့သော် အထွတ်အထိပ်နယ်ပယ် ပညာရှင်များသည် လူများကို အသွင်အပြင်နှင့် အရှိန်အဝါတို့ဖြင့်သာ ခွဲခြားသိမြင်ခြင်း မဟုတ်ဘဲ၊ သူတို့၏ မူလအရင်းအမြစ်နှင့်သာ တိုက်ရိုက်ခွဲခြားခြင်း ဖြစ်သည်။
( လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အရာတစ်ခုခုပေါ့၊ ဒါမှမဟုတ် အသက်ရှူသံ၊ နှလုံးခုန်သံလိုမျိုးနဲ့ပေါ့၊ လူတွေရဲ့ နှလုံးခုန်နှုန်းတွေ အသက်ရှုနှုန်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး )
သို့သော် တိကျွမ်းကို အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည့် အရာမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ မူလအရင်းအမြစ်ကပါ ပြောင်းလဲသွားပြီး၊ အန္တိမနယ်မြေမှ ပညာရှင်တစ်ဦးကဲ့သို့ လုံးဝပြောင်းလဲခြင်း ဖြစ်သည်။
“ မင်း ဘယ်လိုလုပ်လိုက်တာလဲ “
တိကျွမ်းသည် အလွန်တရာ အံ့ဩသွားခဲ့သည်၊ သူကိုယ်တိုင်ကပင် ဤကဲ့သို့သော ရုပ်ဖျက်မှုမျိုးကို မခွဲခြားနိုင်ခဲ့ပေ။
အဆိုပါ စွမ်းရည်က တစ်ခြားလူများထံသို့ လွှဲပြောင်းမပေးနိုင်သည့် အရာတစ်ခုဖြစ်နေသောကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတာစဥ်းစားနေခဲ့သည်။
သို့ရာ၌ ယခုတွင် သူ၏ ဖန်တီးခြင်း နိယာမက ပြည့်ဝအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သောကြောင့်၊ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဖန်တီးရခြင်းမှာ ခက်ခဲသော အလုပ်တစ်ခု ဟုတ်မနေတော့ပေ။
ဖန်တီးခြင်း နိယာမဆိုသည်မှာ ကမ္ဘာကိုသာလျှင် ဖန်တီးခြင်း မဟုတ်ဘဲ၊ ကမ္ဘာပေါ်တွင် ရှိသမျှ အရာအားလုံးကို ဖန်တီးနိုင်သည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။
၎င်းတို့ထဲတွင် သိုင်းပညာနှင့် နည်းစနစ်များပင် ပါဝင်နေခဲ့သည်။
ထို့အပြင် သူ၏ ပြည့်ဝအဆင့် နိယာမကိုးခုဖြင့် နည်းစနစ်တစ်ခု ဖန်တီးခြင်းဆိုသည်မှာ အလွန်တရာ လွယ်ကူသော အလုပ်ဖြစ်သည်။
“ ခဏစောင့် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး၊ ၎င်းအား နိယာမ နတ်စွမ်းအားဖြင့် ရောစပ်ကာ၊ နည်းစနစ်တစ်ခုကို စတင်၍ ဖန်တီးနေတော့သည်။
သူသည် အလွန်တရာ မြန်ဆန်နေခဲ့သည်။
တစ်ခဏအကြာတွင် ကျောက်စိမ်းပြားမှာ အနည်းငယ် တုန်ခါလာခဲ့ပြီး၊ ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်နေသကဲ့သို့ နဂါးဟိန်းသံများ ထုတ်လွှတ်လာခဲ့သည်။
……………………………………………………………………………………………………………………….
အပိုင်း ( 680 )
ကြယ်တာရာ T-Rex နတ်ဘုရား၏ ကြောက်မက်ဖွယ်ရာ ရုပ်ခန္ဓာ ၂
တိကျွမ်းသည် ထိုမြင်ကွင်းကို ကြည့်ရှုနေရင်းဖြင့် တအံ့တဩဖြစ်သွားခဲ့သည် “ ကျင့်ကြံရေး နည်းစနစ်က ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နဲ့ ပဲ့တင်ထပ်နေတယ်၊ ဒီလူဖန်တီးနေတဲ့ နည်းစနစ်က အဆင့်မြင့် အထွတ်အထိပ်အဆင့်ကိုရောက်နေပြီပဲ “
“ မဟုတ်ဘူး၊ ပိုပြီးတော့တောင် မြင့်နေနိုင်တယ်၊ အန္တိမ အထွတ်အထိပ်အဆင့်လား “
အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားမည်ဆိုပါက၊ အန္တိမ အထွတ်အထိပ်အဆင့် ကျင့်ကြံရေး နည်းစနစ်တစ်ခုမှာ များပြားလွန်းလှသော လူများက အသေအလဲလိုချင်နေကြသည့် ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုကဲ့သို့သော ကျင့်ကြံရေး နည်းစနစ်တစ်ခုကို အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ဖန်တီးခဲ့သည်။
“ ရပြီ “
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျောက်စိမ်းပြားကို တိကျွမ်းထံသို့ ပစ်ပေးလာခဲ့သည်။
တိကျွမ်းသည် ၎င်းကို ယူလိုက်ပြီး၊ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ရှုကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
” ဒီရုပ်ဖျက် နည်းစနစ်က တကယ်ကို ဆန်းကြယ်လွန်းတာပဲ “
” ဒီနည်းစနစ်ကို သုံးလိုက်မယ်ဆိုရင်၊ အန္တိမနယ်မြေရဲ့ ကျင့်ကြံသူအဖြစ် ရုပ်ဖျက်နိုင်ရုံတင် မဟုတ်ဘဲ၊ အမှောင်နယ်မြေရဲ့ ကျင့်ကြံသူအဖြစ်ပါ ရုပ်ဖျက်နိုင်တာလား “
တိကျွမ်းသည် အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ သီအိုရီအရဆိုရင်တော့ အဲ့လိုပါပဲ “
ထိုနည်းစနစ်သည် သူ၏ သားရဲတစ်သောင်း တုပခြင်း စွမ်းရည်ကို အခြေခံထားခြင်းဖြစ်သောကြောင့် တူညီသော အကျိုးသက်ရောက်မှု အာနိသင်များ ရှိနေခဲ့သည်။
“ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
တိကျွမ်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ သူသည် ထိုကဲ့သို့သော နည်းစနစ်မျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
အထွတ်အထိပ် ပညာရှင်၏ သင်ယူနိုင်စွမ်းနှင့်ဆိုပါက၊ မျက်စိတစ်မှိတ်အတွင်းမှာပင် စကားလုံးပေါင်း သန်းနှင့်ချီ၍ သင်ယူနိုင်ပေသည်။
တစ်ခဏအကြာတွင် တိကျွမ်းသည် ကျောက်စိမ်းပြားကို ဘေးဖယ်ထားလိုက်ပြီး၊ ကျင့်ကြံရေး နည်းစနစ်ကို စတင်၍ လည်ပတ်လိုက်သည်။
“ ဗွီ “
စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှေရောင်ဆံသားပိုင်ရှင် လူအိုကြီးတစ်ဦးသည် ထိုနေရာမှာပင် မတ်တပ်ရပ်နေခဲ့သည်။
၎င်းမှာ ရွှေဖယောင်းအဖြစ် အသွင်ပြောင်းထားသည့် တိကျွမ်းပင် ဖြစ်သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဘေးနားတွင် ရပ်နေခဲ့ကာ၊ မေးမြန်းလာခဲ့သည် “ ဘယ်လိုလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို နှစ်ချက်မျှ ငေးကြည့်ကာ၊ ခေါင်းငြိမ့်ပြလိုက်သည် “ အရမ်းကောင်းတယ် “
ရွှေဖယောင်းနှင့် ချန်ခွန်းဟု အမည်ရသည့် အဖြူရောင်ဝတ်စုံပိုင်ရှင် လူအိုကြီးတို့မှာ ဆရာ-တပည့်ဆက်ဆံရေးရှိသောကြောင့် ယခုကဲ့သို့ လမ်းအတူလျှောက်နေခြင်းမှာ မည်သို့မျှ ထူးခြားနေလိမ့်မည် မဟုတ်ပေ။
“ ဒါဆိုရင်လည်း တောင်ပေါ်ကို တက်လိုက်ကြတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာပြုံးကာ၊ သားရဲတစ်သောင်းဂိုဏ်း၏ တောင်တံခါးဝဆီသို့ တိကျွမ်းနှင့်အတူ လမ်းလျှောက်သွားတော့သည်။
မြေပုံအရ သားရဲတစ်သောင်းဂိုဏ်းသည် အန္တိမနယ်မြေ၏ ထိပ်တန်းဂိုဏ်းကြီးဆယ်ခုအနက်မှ တစ်ခုဖြစ်ပြီး၊ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်နေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်းတစ်ခုလုံးသည် မိုင်သိန်းနှင့်ချီသော တောင်တန်းများတွင် အခြေချနေထိုင်လျက်ရှိသည်။
သားရဲတစ်သောင်းဂိုဏ်း၏ ဌာနချုပ်မှာ သူတို့အရှေ့တွင် ရှိနေသည့် မီတာထောင်နှင့်ချီ၍ မြင့်မားသော ခံ့ညားထည်ဝါသည့် တောင်ထိပ်ပေါ်တွင် တည်ရှိသည်။
နီးကပ်လာသည်နှင့်အမျှ ကြယ်တာရာ T-Rex နတ်ဘုရားတို့သည် ကြောက်မက်ဖွယ်ရာ သားရဲဟိန်းသံ အများအပြားကို ကြားလာခဲ့ရသည်။
“ နှုတ်ဆက်ပါတယ်၊ အကြီးအကဲကျင်း “
တောင်တံခါးဝရှေ့တွင် ရပ်နေသည့် ကြီးမားသော ထောင်းထျဲ့သားရဲကြီးသည် တိကျွမ်းကို ဦးညွတ်လာခဲ့သည်။
“ အဆင့်နိမ့် အထွတ်အထိပ်လား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်းသည် အလွန်ကြွယ်ဝချမ်းသာကာ၊ အစွမ်းထက်နေခဲ့ပြီး၊ တံခါးစောင့်ကပင် အဆင့်နိမ့် အထွတ်အထိပ်နယ်ပယ်မှ နတ်သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။
တိကျွမ်းကမူ တည်ငြိမ်နေသည့် အမူအရာကို ထိန်းသိမ်းထားပြီး၊ သားရဲကြီးကို အသာအယာ ခေါင်းငြိမ့်ပြလိုက်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို တောင်ပေါ်သို့ ခေါ်သွားတော့သည်။
သူတို့ပျံသန်းထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက်
ထောင်းထျဲ့သားရဲသည် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် သူ၏ဦးခေါင်းကို ကုတ်နေတော့သည် “ အကြီးအကဲကျင်းနဲ့ ချန်ခွန်းက မူလနယ်မြေကို သွားနေတာ မဟုတ်ဘူးလား။ သူတို့က ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် ပြန်ရောက်လာရတာလဲ “
ထိုအကြောင်းကို စဥ်းစားနေရင်းဖြင့်၊ သူသည် ရွှေဖယောင်းက ညွှန်ကြားထားခဲ့သည့် ကိစ္စကို အမှတ်ရသွားခဲ့သည်။
“ ဒီကာလအတွင်းမှာ မူလနယ်မြေက သက်ရှိနှစ်ကောင်က ငါတို့ဂိုဏ်းကို ရောက်လာကြမှာ၊ သူတို့ကို သေချာစောင့်ကြည့်ထားမှ ဖြစ်မယ် “
ထို့နောက်၌ ထောင်းထျဲ့သားရဲ၏ မျက်လုံးများထဲတွင် နတ်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို စစ်ဆေးကြည့်ရှုနေတော့သည်။
…
သားရဲတစ်သောင်းဂိုဏ်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်ဖူးခြင်းဖြစ်သောကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့မှာ မည်သည့်ဘက်သို့ သွားရမလဲဆိုသည်ကို မရေရာ မသေချာဖြစ်နေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပုံ၏ အကူအညီဖြင့် သူ၏ပစ်မှတ်ကို သတ်မှတ်နိုင်ခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းထံသို့ အသံပို့လွှတ်လိုက်သည် “ သားရဲတစ်သောင်းဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို သွားကြတာပေါ့ “
“ ဘဏ္ဍာတိုက်လား “
တိကျွမ်းသည် မြေပြင်ကို ဖြန့်လိုက်သည်။
ထိုမြေပုံသည် ရွှေဖယောင်းမှ ပြင်ဆင်ထားခြင်း ဖြစ်သောကြောင့် ဘဏ္ဍာတိုက်၏ တည်နေရာကို ရှင်းရှင်းလင်းလင်း မဖော်ပြထားခဲ့ပေ။
သို့ရာ၌ မြေပုံသည် သားရဲတစ်သောင်းဂိုဏ်းအတွင်း သူတို့ ဝင်ရောက်သွားလာနိုင်သည့် နေရာများနှင့် တားမြစ်နယ်မြေများကို ဖော်ပြထားခဲ့သည်။
ဘဏ္ဍာတိုက်မှာ ထိုတားမြစ်နေရာများအနက်မှ တစ်နေရာရာတွင် ရှိနေမည် ဖြစ်သည်။
၎င်းကိုတွေးမိသွားသောအခါတွင် တိကျွမ်းသည် အရပ်မျက်နှာတစ်ဖက်သို့ လက်ညှိုးထိုးပြလိုက်သည် “ ဒီဘက်ကို အရင်သွားကြည့်ကြစို့ “
ထိုလူနှစ်ဦးသည် ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
…
မိနစ်ပိုင်းမျှအကြာတွင်
သူတို့သည် မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ကူရာကယ်ရာမဲ့နေသော အမူအရာများဖြင့် အကြည့်များ ဖလှယ်လိုက်ကြသည်။
“ သားရဲတစ်သောင်းဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုးဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။ နေရာအများကြီးကို ရှာပြီးသွားတာတောင်မှ ဘာကိုမှ မတွေ့ခဲ့ရဘူး “
“ ငါတို့က အရှိန်မြှင့်ဖို့လိုနေပြီ။ ငါတို့ကို စောင့်ကြည့်နေတဲ့ အကြည့်တွေက ပိုပိုများလာနေပြီ “
တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ အသံပို့လွှတ်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်။
သားရဲတစ်သောင်းဂိုဏ်းအတွင်း၌ ကျင့်ကြံသူ အများစုနှင့် သားရဲမျိုးနွယ်စုမှာ တိတ်တဆိတ် တရားထိုင်နေကြပြီး၊ ထိုကဲ့သို့ ရှေ့တိုးနောက်ဆုတ် ပြုလုပ်နေခြင်းက အတော်လေး ပုံမှန်မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အမြန်နှုန်းနှင့်သာဆိုပါက၊ သာမန် အန္တိမ အထွတ်အထိပ် ပညာရှင်မှာ သူ့ကို အလွယ်တကူ ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သားရဲတစ်သောင်းဂိုဏ်းအတွင်းတွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များနှင့် အန္တိမ အထွတ်အထိပ် ပညာရှင်များ ရှိနေသည်ကို သိကြရမည် ဖြစ်သည်။
အကယ်၍ ထိုကဲ့သို့သော တည်ရှိမှုများကသာ သူတို့ကို တွေ့သွားမည်ဆိုပါက၊ သူတို့သည် အမှား/ချို့ယွင်းချက် တစ်ခုခု ချန်ထားမိနိုင်ပေသည်။
“ ဘဏ္ဍာတိုက်က ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် ခံစားနေရတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပုံပေါ်ရှိ နေရာတစ်ခုကို ကြည့်ကာ၊ အသံပို့လွှတ်၍ ဆက်သွယ်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတို့နှစ်ဦးစလုံးမှာ ထိုနေရာဘက်သို့ ပျံသန်းသွားကြသည်။
တစ်ခဏအကြာတွင်
လူနှစ်ဦးသည် နန်းတော်တစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
“အဲ့တာက ဒီမှာရှိသင့်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ခမ်းနားထည်ဝါသော နန်းတော်ကြီးကို ကြည့်နေရင်းဖြင့် မျက်လုံးများ တောက်ပသွားခဲ့သည်။
သို့သော် သူရှေ့တက်ရန် ပြင်လိုက်သည့် အချိန်၌၊ နန်းတော် အပေါက်ဝတွင် ရှိနေသည့် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင် ကျားဖြူသားရဲမှာ ရှေ့ထွက်၍ စကားပြောလာခဲ့သည် “ ဒါက တားမြစ်နယ်မြေပါ၊ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်ကို ပြပေးပါ “
“ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်ကို လိုအပ်တာလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်၊ အကြီးအကဲ တစ်ယောက်ကတောင် တိုက်ရိုက်ဝင်လို့မရဘဲ၊ ဂိုဏ်းခေါင်းဆောင်ရဲ့ ခွင့်ပြုချက်ကို လိုအပ်နေသေးတာလားဟ
သူသည် ဤနန်းတော်ထဲတွင် သားရဲတစ်သောင်းဂိုဏ်း၏ ဘဏ္ဍာတိုက်ရှိနေမည်ဟု ပိုမိုသေချာသွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင်၏ အမိန့်အတွက်မူ …..
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းကို ငေးကြည့်နေတော့သည်။
သူသည် တိကျွမ်းက အေးအေးလူလူ စကားပြန်ပြောလိုက်သည်ကိုသာ ကြားလိုက်ရသည် “ ခေါင်းဆောင်က တံခါးပိတ်ကျင့်ကြံနေတယ်၊ ငါမနှောင့်ယှက်ရဲဘူး။ ဒီတစ်ခါတော့ ချွင်းချက်ထားပေးလိုက်ပါ၊ တကယ်လို့ ပြဿနာတစ်ခုခု ရှိလာမယ်ဆိုရင် ငါတာဝန်ယူတယ် “
ပြောနေရင်းဖြင့် သူသည် အဆင့်မြင့် အထွတ်အထိပ်အဆင့် မှော်ရတနာတစ်ခုကို ပစ်ပေးလိုက်သည်။
ကျားဖြူသည် ရတနာကို လက်ခံလိုက်ပြီး၊ တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ ဒါပင်မဲ့ မြန်မြန်တော့လုပ်ကြ “
သူသည် ဝင်ခွင့်ပြုလာခဲ့သည်။
တိကျွမ်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ဦးဆောင်၍ နန်းတော်အတွင်းသို့ ဝင်သွားတော့သည်။
အမှန်တိုင်း ပြောရမည်ဆိုပါက တိကျွမ်း၏ နှလုံးသားမှာ နာကျင်ကိုက်ခဲနေလေသည်၊ သူ၏ အဆင့်မြင့် အထွတ်အထိပ် ရတနာအနည်းစုထဲမှ တစ်ခုမှာ ထိုကဲ့သို့ပင် ပျောက်ကွယ်သွာခဲ့သည်။
“ ဒီဆုံးရှုံးမှုကို ပြန်ကာမိဖို့အတွက် ရတနာတွေ လုံလုံလောက်လောက် ရှိနေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် “
…
နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်
သူတို့၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
နန်းတော်သည် အပြင်ဘက်မှ ကြည့်ရှုမည်ဆိုပါက သေးငယ်ပုံရသော်လည်း၊ အတွင်းပိုင်းတွင် အလွန်တရာ ကျယ်ဝန်းနေခဲ့ပြီး၊ အမြင့်မှာ မီတာရာနှင့်ချီနေခဲ့ကာ၊ အလျားနှင့် အနံတို့ကမူ အဆုံးမရှိ ကျယ်ဝန်းနေသည့်အလား ဖြစ်နေခဲ့သည်။
အလွန်တရာ ကျယ်ဝန်းသော နန်းတော်အတွင်း၌
တောင်တန်းများကဲ့သို့ စုပြုံနေသည့် ရတနာအပုံကြီးများစွာ ရှိနေခဲ့သည်။
တလက်လက် တောက်နေသည့် ရွှေရောင်အလင်းတန်းတို့မှာလည်း မျက်လုံးများကို ကျိန်းသွားစေလောက်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပစ္စည်းတစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ကြည့်လိုက်ရာ၊ ၎င်းသည် သတ္တမအဆင့်(သို့) ၎င်း၏အထက်တွင် ရှိနေသည့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေစိတ်ဝိညာဥ် ရတနာတစ်ခု ဖြစ်နေခဲ့သည်။
“ ဒါ .. ဒါက .. သားရဲတစ်သောင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်လား “
တိကျွမ်းကပင် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေခဲ့ရသည်။
သတ္တမအဆင့် ရတနာများမှာ ကြယ်ပြာဂြိုဟ်ပေါ်တွင် ရှားပါးမနေခဲ့သော်လည်း၊ ၎င်းတို့မှာ အလွန်တရာ အဖိုးတန်နေသေးသည်။
ယခုတွင်ကား ၎င်းတို့မှာ တောင်များကဲ့သို့ စုပြုံနေခဲ့ကာ နန်းတော်တစ်ခုလုံး ပြည့်နှက်နေခဲ့ပြီး၊ လျှံထွက်လုမတတ်ပင် ဖြစ်နေခဲ့သည်။
အကယ်၍ ဤရတနာ အကုန်လုံးကို ကြယ်ပြာဂြိုဟ်သို့ ပြန်ယူသွားမည်ဆိုပါက၊ သတ္တမအဆင့် ပညာရှင်တစ်ဦးချင်းစီတိုင်းက ပစ္စည်းဆယ်ခု ယူမည်ဆိုလျှင်တောင်မှ၊ အရင်းအမြစ် ပြတ်လပ်သွားမည် မဟုတ်ပေ။
ဤအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့သည် “ ဒီနန်းတော်မှာ ဒုတိယအထပ် ရှိနေတယ် “
သူတို့နှစ်ဦးစလုံးသည် နန်းတော်၏ ဒုတိယအထပ်သို့ ချက်ချင်း ပျံသန်းသွားကြသည်။
ဒုတိယအထပ်သို့ ရောက်လာခဲ့ပြီးသည့်နောက်၌
သူတို့နှစ်ဦးစလုံးမှာ ထပ်မံ၍ မိန်းမောသွားခဲ့ရပြန်သည်။
ဒုတိယအထပ်တွင်လည်း အဌမအဆင့်နှင့် ၎င်း၏အထက်အဆင့် ရတနာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ပထမအထပ်ကလောက် ရတနာများ များပြားမနေခဲ့သော်လည်း၊ ၎င်းတို့သည် ဆယ်မီတာမြင့်သည့် တောင်ကုန်းငယ်တစ်ခုအဖြစ် စုပြုံနေသေးသည်။
“ သားရဲတစ်သောင်းဂိုဏ်းရဲ့ ဘဝက တကယ်ကို ခမ်းနားလွန်းတာပဲ “
တိကျွမ်းကပင် သက်ပြင်းတချချဖြင့် မနာလိုအားကျဖြစ်သွားခဲ့သည်။
အန္တိမနယ်မြေမှ ကြယ်ပြာဂြိုဟ်သို့ ရောက်ရှိလာခဲ့သည့် သားရဲတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူများက ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့ကို အထင်တသေးဖြစ်နေခဲ့သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ၊ သူတို့အတွက် ကြယ်ပြာဂြိုဟ်ဆိုသည်မှာ ရွာငယ်တစ်ရွာကဲ့သို့သာ ဖြစ်နေပုံရသည်။
“ တတိယအထပ် ရှိတာလား။ တတိယအထပ်မှာက အဆင့်၉ ရတနာတွေနဲ့ ပြည့်နေတာများလား “
ထိုအတွေးနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့မှာ အပေါ်သို့ ဆက်တက်သွားကြသည်။
သူတို့မျှော်မှန်းထားခဲ့သည့်အတိုင်းပင် တတိယအထပ်တွင်လည်း နဝမအဆင့် ရတနာများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့ရာ၌ ပထမထပ်နှင့် ဒုတိယထပ်တို့ထပ် ပမာဏ များစွာ လျော့နည်းနေခဲ့သည်။
သို့သော် ကြယ်ပြာဂြိုဟ်၏ ရတနာများထပ် အဆပေါင်းများစွာ သာလွန်နေသေးသည်၊ ကြယ်ပြာဂြိုဟ်ပေါ်တွင် ရှိနေသည့် နဝမအဆင့် ရတနာတစ်ခုချင်းစီတိုင်းမှာ အထွတ်အထိပ် ပညာရှင်များကပင် လိုချင်နေကြသည့် အထွတ်အထိပ် ရတနာများ ဖြစ်နေခဲ့သည်။
ဤနေရာတွင်မူ အနည်းဆုံးအနေဖြင့် နဝမအဆင့် ရတနာ အခုတစ်ရာရှိနေခဲ့သည်။
“ စတုတ္ထအထပ် ရှိနေသေးတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အပေါ်ဘက်သို့ ငေးကြည့်ကာ၊ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။
တတိယအထပ်တွင် နဝမအဆင့် ရတနာများ ရှိနေသောကြောင့် စတုတ္ထအထပ်တွင် ပကတိ အထွတ်အထိပ်အဆင့် ရတနာများ ရှိနေသင့်ပေသည်။
နိယာမ အဆင့်တက်သွားအောင် လုပ်ပေးနိုင်မဲ့ အခွင့်အလမ်းတွေ ရှိနေမှာလား
၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အနည်းငယ် စိတ်မရှည်တော့ပေ။
သူ၏ပုံရိပ် လှုပ်ရှားသွားကာ နန်းတော်၏ စတုတ္ထအထပ်သို့ ရောက်ရှိသွားခဲ့သည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 681 )
ပကတိ အထွတ်အထိပ် ပညာရှင်များကို လမ်းဘေးခွေးများကဲ့သို့ သတ်ဖြတ်ခြင်း
နန်းတော်အတွင်းပိုင်း၊ စတုတ္ထအထပ်
သူတို့နှစ်ယောက် ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်း အတက်အကျများကို ခံစားလိုက်ရသည်။
“ အဲ့တာက …… “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အရှေ့ဘက်သို့ ကြည့်လိုက်ရာ၊ မျောလွင့်နေသည့် အလင်းတန်းများကို မြင်တွေ့သွားခဲ့သည်။
ထူးဆန်းသော စွမ်းအင်လှိုင်းများသည် အဆိုပါ အလင်းတန်းများထံမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
“ အထွတ်အထိပ်အဆင့် ရတနာတွေ “
ထိုအလင်းတန်းများကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ဦးစလုံးသည် ထိုရတနာများ၏ အဆင့်ကို ချက်ချင်း သိရှိသွားခဲ့သည်။
ဤအချိန်၌ တိကျွမ်း၏ မျက်လုံးများကပင် လောဘတို့ဖြင့် တောက်လောင်သွားခဲ့သည်။
ဤသားရဲတစ်သောင်းဂိုဏ်းသည် အန္တိမနယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ခုဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်ပင် ထိုက်တန်နေခဲ့သည်၊ သူတို့သည် အထွတ်အထိပ်အဆင့် ရတနာ ဆယ်ခုထပ်မနည်း ပိုင်ဆိုင်ထားခဲ့သည်။
ကြယ်ပြာဂြိုဟ်တစ်ခုလုံးမှာပင် အထွတ်အထိပ်အဆင့် ရတနာသုံးခုထပ် မပိုဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။
နှစ်ဖက်ကြားရှိ ကွာဟချက်မှာ ချောက်နက်တစ်ခုအလား ကြီးမားကျယ်ဝန်းနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေခဲ့သည်။
“ ကြည့်ရတာတော့ ဒီစတုတ္ထအထပ်က အမြင့်ဆုံးပဲထင်တယ် “
သူသည် လျင်မြန်စွာ အတည်ပြုနိုင်ခဲ့သည်။
၎င်းမှာ သားရဲတစ်သောင်းဂိုဏ်း၏ အဆင့်မြင့်ဆုံး ရတနာက အထွတ်အထိပ်အဆင့်ဆိုသည်ကိုပါ ပြသနေခဲ့သည်။
ထို့နောက်တွင် သူသည် အလင်းတန်း ဆယ်ခုကို ငေးကြည့်ကာ၊ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။
တစ်ချိန်က သူအိမ်မက်သာ မက်ခဲ့ရသည့် ရတနာများမှာ သူ့မျက်လုံးများ ရှေ့သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူသည် စစ်ဆေးကြည့်ရှုရန်အတွက် လျင်မြန်စွာ ရှေ့တက်သွားခဲ့သည်။
တစ်ခဏအကြာတွင် သူသည် ထိုရတနာဆယ်ခုအနက်မှ သုံးခုက သူ၏နိယာမများကို အဆင့်သွားအောင် ကူညီနိုင်သည်ကို သိရှိသွားခဲ့သည်။
“ အထွတ်အထိပ် ရတနာသုံးခုက ငါ့ရဲ့နိယာမ သုံးခုကိုပဲ ပြီးပြည့်စုံသွားစေဖို့ လုံလောက်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများသည် ပြိုင်ဘက်ကင်းသော လောဘတို့ဖြင့် တောက်ပနေခဲ့သည်။
သူ့ဘေးနားရှိ တိကျွမ်းမှ စကားစပြောလာခဲ့သည် “ မင်းက အားလုံးကို ယူမလို့လား။ တကယ်လို့ အဲ့လိုလုပ်လိုက်မယ်ဆိုရင်၊ သားရဲတစ်သောင်းဂိုဏ်းက ချက်ချင်းသိသွားမှာပဲ “
သူသည် ထိုရတနာများအကြားတွင် ပုန်းကွယ်နေသည့် အရာများကို ရှင်းရှင်းလင်းလင်း အာရုံခံမိနေခဲ့သည်။
( တားမြစ်ချက်၊ ဒါမှမဟုတ် ချိတ်ပိတ်ထားတာမျိုးပေါ့ )
ထိုအလင်းတန်းများကို ယူဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် သားရဲတစ်သောင်းဂိုဏ်းမှာ ၎င်းကို ချက်ချင်းသိရှိသွားကြမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလိုက်သည် “ ဒီအထိ ရောက်လာခဲ့ပြီးတော့မှ၊ ဘာမှ မယူသွားဘူးဆိုရင် ဒီခရီးစဥ်ကို သစ္စာဖောက်ရာကျသွားလိမ့်မယ် “
တိကျွမ်းသည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလာခဲ့သည် “ အဲ့လိုလုပ်လိုက်မယ်ဆိုရင် ငါတို့က ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်တော့မှာ မဟုတ်ဘူး “
သူတို့သည် သားရဲတစ်သောင်းဂိုဏ်း၏ ပိုင်နက်အတွင်းတွင် ရှိနေစဲဖြစ်သည်။
တိကျွမ်းက သူ၏ စိတ်စွမ်းအားကို မသုံးထားခဲ့သော်လည်း သားရဲတစ်သောင်း ဂိုဏ်း၏ အနက်ပိုင်းတွင် အစွမ်းထက် တည်ရှိမှုများစွာ ရှိနေသေးသည်ကို ခံစားနေနိုင်စဲပင် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ ပြောလိုက်သည် “ တကယ်လို့ ကျွန်တော်တို့က ရတနာတစ်ခုတည်းကို ယူလိုက်မယ်ဆိုရင်တောင်မှ၊ ချက်ချင်း သံသယဝင်သွားကြမှာပဲ “
“ တစ်ခုလေးယူရင်တောင်မှ သံသယအဝင်ခံရမယ်ဆိုရင်၊ နှစ်ခု၊ သုံး၊ လေးခု …. အားလုံးပဲ ယူလိုက်တော့မှာပေါ့ “
“ တကယ်လို့ သူတို့က ကျွန်တော်တို့ကို တားရဲနေမယ်ဆိုရင်တော့ ……. တိုက်ခိုက်ပေးလိုက်ကြတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
တိကျွမ်းသည် သူ၏ ပြတ်သားသော သဘောထားကို ကြည့်ကာ၊ သက်ပြင်းချနေတော့သည်၊ သို့သော် သူ၏ အကြည့်မှာလည်း ချက်ချင်း ခိုင်မာပြတ်သားသွားခဲ့သည်။
ဤအခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်သောကြောင့်၊ ပြန်ဆုတ်စရာ လမ်းမရှိတော့ပေ။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည် “ ငါတို့က မြန်မြန်လုပ်မှ ရမယ်၊ ဒီရတနာ ဆယ်ခုကိုယူပြီးတော့ ချက်ချင်းထွက်သွားမှဖြစ်မယ်၊ အောက်သုံးထပ်က ဟာတွေကို ယူဖို့ကတော့ အချိန်မမှီလောက်ဘူး၊ အဲ့လိုမှ မဟုတ်ဘဲ နည်းနည်းလေး နောက်ကျသွားမယ်၊ သူတို့မှာ ကာကွယ်ရေး အစီအရင် ရှိနေတယ်ဆိုရင်၊ ပြဿနာတက်သွားလိမ့်မယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ထိုကိစ္စကို ကောင်းစွာနားလည်နေခဲ့သည်။
ကြယ်ပြာဂြိုဟ်၏ ရှေးဟောင်းစာအုပ်များအတွင်း၌ ရှေးဟောင်းဂိုဏ်း အားလုံးတွင် ဂိုဏ်းကာကွယ်ရေး အစီအရင်များ ပိုင်ဆိုင်ထားကြသည်ဟု မှတ်တမ်းတင်ထားခဲ့သည်။
အဆိုပါ အစီအရင်များသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး၊ အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် အထွတ်အထိပ် ပညာရှင်ကပင် ကျဆုံးသွားရမည် ဖြစ်သည်။
ဥပမာအားဖြင့် ယခင်က ကမ္ဘာ့ကြယ်၏ ရှေးဟောင်း အပျက်အစီးနယ်မြေတွင် မြင်တွေ့ခဲ့ရသည့် အထွတ်အထိပ်တစ်ပိုင်း တားမြစ်ချက်များမှာလည်း ဂိုဏ်းကာကွယ်ရေး အစီအရင် အမျိုးအစားတစ်ခု ဖြစ်သည်။
၎င်းတို့က ယိုယွင်းပျက်စီးနေခဲ့သော်လည်း အထွတ်အထိပ်တစ်ပိုင်းအဆင့် စွမ်းအားကို ထုတ်လွှတ်နေနိုင်ခဲ့သည်။
အမွေအနှစ်များကို လက်ဆင့်ကမ်းခဲ့သည့် သားရဲတစ်သောင်းဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကမူ အကောင်းအတိုင်း ကျန်ရှိနေဖို့သာ များသည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို ဝေ့ရမ်းလိုက်သည်။
“ ဗွီ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အထွတ်အထိပ်အဆင့် ရတနာဆယ်ခုကို သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
“ ဆုတ်ဖြဲ “
ထို့နောက်တွင် သူသည် ဟင်းလင်းပြင်ကို ချက်ချင်းဖွင့်လှစ်ကာ၊ ဤနေရာမှ လျင်မြန်စွာ ထွက်သွားတော့သည်။
သူတို့ထွက်သွားသည့် အချိန်မှာပင်၊ သားရဲတစ်သောင်းဂိုဏ်းအတွင်းတွင် ကျယ်လောင်သော အချက်ပေးသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဝီးးးးးး “
ထိုအသံပေါ်ထွက်လာမှုနှင့်အတူ သားရဲတစ်သောင်းဂိုဏ်း တစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။
ကောင်းကင်ထက်သို့ ဓားပျံစီးနေသော ပုံရိပ်များနှင့် သားရဲများကို စီးနင်းနေသည့် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပျံတက်လာခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ။ တစ်ယောက်ယောက်က လာတိုက်တာလား “
“ အဲ့တာက ရတနာစံအိမ်ဘက်က အချက်ပေးသံပဲ “
“ မြန်မြန်၊ သွားစစ်ဆေးကြည့်ကြ “
သားရဲတစ်သောင်းဂိုဏ်း၏ တပည့်တပန်းတော်တော်များများသည် ရတနာစံအိမ်ရှိရာဘက်သို့ ပြေးတက်သွားကြသည်။
ထိုအချိန်၌ အားကောင်းသော စိတ်စွမ်းအားတစ်ခုမှာ ဂိုဏ်းအတွင်းပိုင်းမှ ပျံ့လွင့်လာခဲ့ပြီး၊ ဂိုဏ်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
ထိုစိတ်စွမ်းအားကို ခံစားလိုက်ရသောအခါတွင်၊ သားရဲတစ်သောင်းဂိုဏ်း၏ တပည့်အားလုံးမှာ အမူအရာများ ပြောင်းလဲသွားပြီး၊ အလောတကြီး ဒူးထောက်လိုက်ကြသည်။
“ အန္တိမ အကြီးအကဲကို နှုတ်ဆက်ပါတယ် “
“ အကြီးအကဲကို နှုတ်ဆက်ပါတယ် “
တပည့်တပန်း အများစုသည် ဒူးထောက်ကာ အရိုအသေပေးလာခဲ့သည်။
ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ထိုစိတ်စွမ်းအား၏ ပိုင်ရှင်က သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲ၊ တစ်နည်းဆိုရသော် သားရဲတစ်သောင်းဂိုဏ်း၏ အစွမ်းအထက်ဆုံး စစ်သည်တော် ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုလူမှာ ရှေးခေတ်ကာလမှ ယခုလက်ရှိ အချိန်အထိ နှစ်သောင်းနှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့သော လူဖြစ်သည်ဟု ဆိုကြသည်။
နေရာတိုင်းတွင် ရှိနေကာ၊ အရာအားလုံးကို သိမြင်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ……
ချက်ချင်းဆိုသလိုပင် သူသည် အဖြစ်အပျက်တစ်ခုလုံးကို နားလည်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အေးစက်စက် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ ရတနာစံအိမ် အဖောက်ခံလိုက်ရပြီ၊ အထွတ်အထိပ် ရတနာ ဆယ်ခု ပျောက်နေတယ် “
“ ကျူးကျော်သူထဲမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်ပါတယ်၊ မင်းတို့ထွက်လာပြီးတော့ သူခိုးတွေကို မိအောင်ဖမ်းကြ “
ထိုစကားလုံးများသည် သားရဲတစ်သောင်းဂိုဏ်း၏ တပည့်တပန်းများကို ပြောဆိုခြင်း မဟုတ်ဘဲ၊ ဂိုဏ်းအတွင်းရှိ အကြီးအကဲများကို စေခိုင်းလိုက်သည်။
ထိုအသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်
“ ဘုမ်း ဝုန်း အုမ်းး “
သားရဲတစ်သောင်းဂိုဏ်း၏ တောင်ထိပ် အမျိုးမျိုးမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။
အဆိုပါ အရှိန်အဝါတစ်ခုချင်းစီတိုင်းမှာ အဆင့်မြင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဖိအားသည် အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ ပုံရိပ်များသည် ဟင်းလင်းပြင်ကို ချက်ချင်း ဆုတ်ဖြဲကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ ထွက်ပြေးသွားရာဘက်သို့ ပြေးလိုက်သွားကြသည်။
ထိုစဥ် သားရဲတစ်သောင်းဂိုဏ်း၏ တပည့်များကမူ ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် တအံ့တဩ ဖြစ်သွားကြသည်။