အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း (၃၃၁) ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ ဆန္ဒတော်၊ မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စုများနှင့် တိုက်ပွဲ
~“ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ အကြီးအကဲများ... ယဉ်ကျေးနေစရာ မလိုပါဘူး...”
မိုယင် လက်ဝှေ့ယမ်းပြလိုက်သည်။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ ကျင့်ကြံသူ တစ်သောင်းကျော်သည် ခါးများကို မတ်လိုက်ကြပြီး လူစုခွဲကာ ကျွန်းပေါ်ရှိ ရှေးဟောင်း အဆောက်အအုံများတွင် ဝိညာဉ်အခြေအနေဖြင့် ဆက်လက် နေထိုင်သွားကြ၏။
သူတို့သည် တိုက်ပွဲတွင် ကျဆုံးခဲ့ကြသော အရှုံးမပေးသည့် သူရဲကောင်း ဝိညာဉ်များ ဖြစ်ကြသည်။
ယေဘုယျအားဖြင့် ဆိုလျှင် လူတစ်ယောက် သေဆုံးသွားသောအခါ ဝိညာဉ်သည် ကွဲကြေသွားခြင်း သို့မဟုတ် သံသရာ လည်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ပိုင်ဆိုင်သော ဤကျွန်းပေါ်တွင်မူ ထိုမျိုးနွယ်စု၏ သွေးသားတော်စပ်သူ မည်သူမဆို ချီကျင့်ကြံခြင်း သတ္တမအဆင့်သို့ ရောက်ရှိပြီးပါက သေဆုံးသွားလျှင်ပင် ဝိညာဉ်အခြေအနေဖြင့် ဆက်လက် ရှင်သန်နိုင်ပေသည်။
ဒါက ထာဝရ နီးပါး တည်တံ့သည့် မျိုးနွယ်စု တစ်ခုပင်...။
ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့သည် မိုင် (၂၀)၊ (၃၀) ခန့်သာ ကျယ်ဝန်းသော ဤကျွန်းမှ ထွက်ခွာ၍ မရနိုင်ခြင်းပင်။ ထို့အပြင် ကျင့်ကြံခြင်း သို့မဟုတ် မျိုးပွားခြင်းများကိုလည်း ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ သူတို့၏ စွမ်းအားသည် ပုံသေ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
“သူတော်စင် မဟာအကြီးအကဲ... ဘာလို့ ဘုရားကျောင်းကို ပြန်မပြင်တာလဲဟင်...”
မိုယင်သည် အပျက်အစီးများကို လက်ညှိုးထိုးပြပြီး စပ်စုလိုက်သည်။
“ဘုရားကျောင်းကို ပြုပြင်ဖို့ အတွက် ပြင်ပလောကက အထူးပစ္စည်းတွေ လိုအပ်တယ်... ပြီးတော့ ဘုရားကျောင်း ပျက်စီးနေတာ ကောင်းပါတယ်... ဒါမှ နောက်မျိုးဆက်သစ်တွေက မြေအောက် လိုဏ်ဂူထဲက မျိုးနွယ်ခြား မျိုးနွယ်စုတွေကို မမေ့လျော့ဘဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင် တိုက်ခိုက်ကြမှာပေါ့...”
အဘွားအိုက ရှင်းပြ၏။
ထိုစကားကို ကြားသောအခါ မိုယင် ခေါင်းညိတ်လိုက်သည်။
“အားယင်... မင်း ဒီအဘွားအိုနဲ့ စကားလာပြောရုံသက်သက် ပြန်လာတာ မဟုတ်ဘူးမလား...”
အဘွားအိုသည် မိုယင်ကို ပြုံးကြည့်လိုက်ပြီး သူမ၏ အတွင်းစိတ်ကို ဖောက်ထွင်းမြင်နေသကဲ့သို့ ပြောလိုက်သည်။
“အဘွား ထင်တာကတော့... မင်း မျက်နှာပေါ်က ကျိန်စာအကြောင်း စိတ်ပူနေတာ ဖြစ်မယ်...”
မိုယင်သည် နှုတ်ခမ်းကို တင်းတင်းစည်းပြီး ခေါင်းညိတ်ပြလိုက်သည်။
“အဘွား.. မင်းကို အရင်က ပြောဖူးပါတယ်... ငါတို့ကျွန်းရဲ့ သူတော်စင် မဟာအကြီးအကဲ ဖြစ်လာပြီ ဆိုတာနဲ့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု တစ်ခုလုံးရဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအင်တွေကို ပိုင်ဆိုင်ရလိမ့်မယ်... အဲဒါက ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးတယ်... ဒါပေမဲ့ ဆိုးကျိုးကတော့ ဒီနေရာကနေ ထွက်သွားလို့ မရတော့တာပဲ...”
“တကယ်လို့ ထွက်သွားခဲ့ရင် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု သူတော်စင် မဟာအကြီးအကဲရဲ့ အမှတ်အသားက မင်းရဲ့ ရုပ်ရည်ကို တိုက်စားသွားလိမ့်မယ်...”
အဘွားအိုက စိတ်ရှည်လက်ရှည် ရှင်းပြ၏။
“ဒါပေမဲ့ တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလားဟင်...” မိုယင်သည် သူမ၏ မျက်နှာကို ထိတွေ့လိုက်ပြီး ချောမွေ့သော အသားအရေကို လက်မလွှတ်နိုင် ဖြစ်နေမိသည်။
“ရှိပါတယ်...” အဘွားအို ခေါင်းညိတ်လိုက်သည်။
“ဘာနည်းလမ်းလဲဟင်...” မိုယင် စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ယဇ်ပလ္လင်ထဲ ဝင်ပြီး ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ ဘိုးဘေးဆန္ဒတော်ဆီကနေ အသိအမှတ်ပြုမှုနဲ့ လမ်းညွှန်မှုကို တောင်းခံရမယ်...” အဘွားအိုသည် ပျက်စီးနေသော ယဇ်ပလ္လင်ဘက်သို့ လှည့်ပြီး လက်ညှိုးထိုးပြလိုက်သည်။
မိုယင်၏ နှလုံးသား တုန်ခါသွားသည်။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ ဘိုးဘေးဆန္ဒတော် ဆိုသည်မှာ ရှေးပဝေသဏီကတည်းက မိမိတို့၏ မသေမျိုးဘဝကို စွန့်လွှတ်ခဲ့ကြသော ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ကျင့်ကြံသူ အားလုံး၏ ကြောက်မက်ဖွယ်ကောင်းသော ဆန္ဒတော်များ ပေါင်းစပ်ထားခြင်း ဖြစ်ပြီး ယဇ်ပလ္လင် အတွင်းရှိ ကမ္ဘာငယ်လေးထဲတွင် ချိတ်ပိတ်ထားခြင်းဖြစ်၏။
ထိုဆန္ဒတော်သည် အလွန် အေးစက်လှသည်။
၎င်း၏ အသိအမှတ်ပြုမှုနှင့် လမ်းညွှန်မှုကို ရရှိရန်မှာ ကောင်းကင်ပေါ် တက်ရသကဲ့သို့ ခက်ခဲလှပေသည်။
“အားယင်... ဒါက အရမ်း အန္တရာယ်များတဲ့ ကိစ္စပဲ... မင်း သူတော်စင် မဟာအကြီးအကဲ ရာထူးကို စွန့်လွှတ်ဖို့ ဆန္ဒရှိရင်တောင် ဘိုးဘေးဆန္ဒတော်ရဲ့ ခွင့်ပြုချက်ကို ရချင်မှ ရမှာ... အဲဒီအစား ပိုပြီး ပြင်းထန်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်...”
ဟု အဘွားအိုက သတိပေးလိုက်သည်။
လူတိုင်း အလှအပကို မြတ်နိုးကြသည်။
သူမ ကိုယ်တိုင်လည်း တစ်ချိန်က အလှဘုရင်မ တစ်ပါး ဖြစ်ခဲ့ဖူးသဖြင့် မိုယင် အနေဖြင့် အပြင်လောကတွင် အမာရွတ်များနှင့် ပြည့်နှက်နေသော မျက်နှာဖြင့် သွားလာရသည်မှာ မည်မျှ ခက်ခဲပြီး စိတ်နှလုံး နာကျင်ရမည်ကို နားလည်၏။
မိုယင်သည် လက်သီးကို ဆုပ်လျက် နေရာမှာပင် ရပ်နေမိသည်။
အခြားသူများ လက်ခံရန် ခက်ခဲသော မျက်နှာဖြင့် လျှောက်သွားရသည်ကို သူမ အသားကျနေပြီ ဖြစ်သော်လည်း ကျင့်ကြံရေးမျှော်စင် ပဉ္စမထပ်ရှိ စိတ်ကူးယဉ်ကမ္ဘာနယ်မြေကို ဖြတ်ကျော်ရန်အတွက် သူမ၏ နှလုံးသားထဲရှိ နတ်ဆိုးကို ဖယ်ရှားပစ်ရမည်ဖြစ်၏။
မျက်နှာကို မူလအတိုင်း ပြန်လည် ကုစားခြင်းသည် နည်းလမ်းတစ်ခု ဖြစ်သည်ဟု မိုယင် ယူဆ၏။
စိတ်ကူးယဉ်ကမ္ဘာနယ်မြေကို ဖြတ်ကျော်နိုင်မည်ဟု အာမခံချက် မရှိသော်လည်း စမ်းသပ်ကြည့်သင့်သည်။
“သူတော်စင် မဟာအကြီးအကဲ... သမီး စမ်းကြည့်ချင်ပါတယ်...”
နောက်ဆုံးတွင် မိုယင် ဆုံးဖြတ်ချက် ချလိုက်သည်။
အဘွားအိုသည် သက်ပြင်းချလိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်နေကာ ပြောလိုက်သည်။
“လိုက်ခဲ့...”
သူမသည် ယဇ်ပလ္လင်ပေါ်သို့ တက်လှမ်းလိုက်သည်။
မိုယင်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
“ဒုန်း…”,
အဘွားအိုသည် သစ်သားတောင်ဝှေးဖြင့် ယဇ်ပလ္လင်၏ နေရာတစ်နေရာကို ရိုက်လိုက်သောအခါ ထူးခြားသော အလင်းလှိုင်းတစ်ခု လေထုတွင်း တွန့်လိမ်သွားပြီး သူတို့နှစ်ဦး ပျောက်ကွယ်သွားကြလေတော့သည်။
မိုင် (၁၀) ဂဏန်း အချင်းဝက် ရှိသော အလယ်အလတ်အဆင့် ကမ္ဘာငယ်လေး တစ်ခု အတွင်း၌...
ပတ်ဝန်းကျင် တစ်ခုလုံးတွင် အဆုံးမဲ့ လေပွေများ တိုက်ခိုက်နေလေ၏။
အလယ်ဗဟိုတွင် ရွှေရောင်ဖျော့ဖျော့ ယဇ်ပလ္လင် တစ်ခု ရှိပြီး ၎င်း၏ အပေါ်တွင် ရှေးဟောင်း ကြေးအိုးကြီး တစ်လုံး တည်ရှိနေသည်။ ကြေးအိုးကြီးထဲတွင် ရွှေရောင်ဖျော့ဖျော့ ဆန္ဒတော်များ ပြည့်နှက်နေပြီး အားနည်းသော ဖိအားများကို ထုတ်လွှတ်နေ၏။
“ဘယ်သူက ငါ့ကို ခေါ်တာလဲ...”
သူတို့နှစ်ဦး ရောက်ရှိလာသောအခါ ကြေးအိုးကြီးထဲရှိ ရွှေရောင် ဆန္ဒတော်များသည် အပေါ်သို့ လှိမ့်တက်လာပြီး လူပုံသဏ္ဌာန် တစ်ခု အဖြစ် ပြောင်းလဲသွားကာ သူတို့ကို လျစ်လျူရှုသော အကြည့်ဖြင့် ကြည့်လာ၏။
“လေးစားအပ်ပါသော ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ ဘိုးဘေးဆန္ဒတော်... ကျွန်မတို့က ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ သူတော်စင် မဟာအကြီးအကဲတွေပါ... အကူအညီ တောင်းခံစရာ ရှိလို့ ရောက်လာတာပါ...”
အဘွားအိုက ဦးညွှတ်ပြီး ပြောလိုက်သည်။
“ဘာကိစ္စလဲ...” ဘိုးဘေးဆန္ဒတော်က အေးစက်စွာ မေးလိုက်သည်။
“ကျွန်မက သူတော်စင် မဟာအကြီးအကဲ တစ်ယောက် အနေနဲ့ ပြင်ပကမ္ဘာမှာ သွားလာလှုပ်ရှားချင်ပါတယ်... ပြီးတော့ ကျိန်စာစွမ်းအားရဲ့ သက်ရောက်မှုကို မခံချင်ပါဘူး...”
မိုယင်က ရှေ့တိုးပြီး ပြောလိုက်သည်။
“ခွပ်...”
ဘိုးဘေးဆန္ဒတော်သည် မျက်လုံး ပြူးကျယ်သွားပြီး လှောင်ပြောင်သကဲ့သို့ ထူးဆန်းသော အသံတစ်သံ ပြုလုပ်လိုက်သည်။
“မဖြစ်နိုင်ဘူးလားဟင်...” မိုယင် မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ကြီးလေးတဲ့ အပြစ်တစ်ခု ကျူးလွန်ထားတာတောင် ကိုယ့်ကိုယ်ကို မသိဘဲ သူတော်စင် မဟာအကြီးအကဲ အနေနဲ့ အပြင်လောကမှာ လျှောက်သွားချင်သေးတယ်ပေါ့... သတိထားနော်... မဟုတ်ရင် မင်းရဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအင် ကို ပြန်ရုပ်သိမ်းလိုက်မယ်...” ဘိုးဘေးဆန္ဒတော်က အေးစက်စွာ ပြောလိုက်သည်။
“အာ...” မိုယင် ကြောင်သွားသည်။
သူရဲကောင်း ဝိညာဉ်စွမ်းအင် ဟုတ်လား... ငါ့မှာ ဘယ်တုန်းက ရှိလို့လဲ...
ရှင် ကြိုက်သလိုသာ ပြန်ယူလိုက်ပါတော့...
သူမ စဉ်းစားပြီး ပြန်ပြောရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် အဘွားအိုက ဦးအောင် ရှင်းပြလိုက်သည်။
“အားယင်က ကျွန်မတို့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပါ... ပြီးတော့ သူက မျိုးနွယ်စု အတွင်းမှာ ကျင့်ကြံခဲ့တာ မဟုတ်ဘဲ ပြင်ပကမ္ဘာက မြူခိုးဂိုဏ်း လို့ ခေါ်တဲ့ ကြယ်အဆင့် ဂိုဏ်းတစ်ခုမှာ ကျင့်ကြံခဲ့တာပါ...”
“ဟေ...”
ဘိုးဘေးဆန္ဒတော် အံ့သြသွားသည်။
“ဆိုလိုတာက... မင်းမှာ သူရဲကောင်း ဝိညာဉ်စွမ်းအင် မရှိဘူး... ဒါပေမဲ့ ပြင်ပကမ္ဘာက ကျင့်ကြံခြင်း စွမ်းအားတွေကို ရရှိထားတယ် ပေါ့... အင်း... အဲဒါဆိုရင်တော့ မင်း အပြင်လောကမှာ လမ်းလျှောက်ဖို့ ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး...”
ထိုစကားကို ကြားသောအခါ မိုယင်နှင့် အဘွားအိုတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အံ့သြသွားကြသည်။
၊’ကြည့်ရတာ အပြင်လောကမှာ ကျင့်ကြံတာက အားသာချက်တွေ ရှိပုံရတယ်...
ဥပမာအားဖြင့်... ကန့်သတ်ချက်တွေ မရှိတာမျိုးပေါ့…’
“ဒါဆိုရင် ကျိန်စာကို ဘယ်လို ချိုးဖျက်ရမလဲ...” မိုယင်က မေးလိုက်သည်။
ဘိုးဘေးဆန္ဒတော်က လေးနက်သော အသံဖြင့် ပြောပြလိုက်သည်။
“မျိုးနွယ်ခြား မျိုးနွယ်စုတွေကို သတ်ဖြတ်တဲ့ စမ်းသပ်မှုကို ဖြတ်ကျော်ပြီး နတ်ဆိုးဗိုလ်ချုပ် အဆင့် နတ်ဆိုးအမြုတေ (၉) ခုကို စုဆောင်းနိုင်ရင်... ငါတို့ မျိုးနွယ်စုရဲ့ အမွေအနှစ်ပုလဲကို အသက်သွင်းနိုင်လိမ့်မယ်... အဲဒီအခါကျရင် ကျိန်စာစွမ်းအားကို လျစ်လျူရှုပြီး အပြင်လောကမှာ လွတ်လပ်စွာ သွားလာနိုင်လိမ့်မယ်...”
“ကျွန်မ စမ်းသပ်မှုကို ခံယူပါ့မယ်...”
မိုယင်သည် လေညှင်းစီး ဓားပျံကို ဆွဲထုတ်လိုက်ရာ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ သူမ၏ အခြေခံအုတ်မြစ် ခိုင်မာမှုကြောင့် ရွယ်တူတန်းတူများကြားတွင် ပြိုင်ဘက်ကင်းသူ ဖြစ်လာခဲ့သည်။
ဤသည်မှာ အထောက်အကူပြု ကျင့်စဉ်များ ဖြစ်သော ‘ဒုတိယ ချီပင်လယ်’၊ ‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’၊ ‘ရွှေယန် ကျင့်စဉ်’ နှင့် လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ တို့ကို လေ့ကျင့်ခဲ့သောကြောင့် ဖြစ်ပေသည်။
“အသက် (၂၀) အောက်နဲ့ ဒီလို ကျင့်ကြံဆင့် ရှိတာ မဆိုးဘူးပဲ...”
ဘိုးဘေးဆန္ဒတော်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများထဲမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ မြေပြင်ပေါ်တွင် ဂိတ်ပေါက်တစ်ခု ဖန်တီးပေးလိုက်သည်။
“ဒါက စမ်းသပ်မှု ဂိတ်တံခါးပဲ... ဝင်သွားလိုက်...”
မိုယင်သည် အဘွားအိုကို ကြည့်လိုက်ရာ အဘွားအိုက ခေါင်းညိတ်ပြသည်။ ထို့ကြောင့် သူမသည် လက်တစ်ဖက်တွင် ဓားကို ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်ဟန်များ ဖော်ဆောင်ကာ ဂိတ်ပေါက်ထဲသို့ ဝင်ရောက်သွားတော့၏။
ဒါက လူသူကင်းမဲ့သော စစ်မြေပြင် တစ်ခုဖြစ်၏။
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော မြေအောက် လိုဏ်ဂူများ ရှိနေပြီး ထူးဆန်း၍ ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါများ တွားသွား ထွက်ပေါ်လာကြကာ ရက်စက်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြ၏။
“မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စုဝင် တစ်ကောင်... မျက်လုံးသုံးလုံး ပင့်ကူ...”
မိုယင်သည် မျိုးနွယ်ခြား သတ္တဝါကို စိုက်ကြည့်ရင်း လေးနက်စွာ ရေရွတ်လိုက်သည်။
အကောင်က (၁၀) မီတာလောက် ရှည်သည်...။
ခန္ဓာကိုယ်က ပင့်ကူနှင့် တူသော်လည်း မျက်လုံးက (၃) လုံးပဲ ပါသည်။ တောခွေးမျက်လုံးတွေနှင့် တူပြီး ရက်စက်သည့် အလင်းရောင်တွေ တောက်နေသည်...။
"ဝှီး...."
မျက်လုံးသုံးလုံး ပင့်ကူသည် စတင် တိုက်ခိုက်လိုက်၏။
၎င်းသည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့် ရှိပြီး စွမ်းအားကြီးမားလှသည်။
"ရွှစ်..."
မိုယင်သည် ကြောက်ရွံ့ခြင်း မရှိပေ။ ‘ကျောဘက်မှ ဓားထိုးခြင်း’သိုင်းကွက်ကို အသုံးပြုပြီး မျက်လုံးသုံးလုံး ပင့်ကူ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားကာ အစွမ်းကုန် အားထုတ်၍ ‘ဓားတိုက်ခိုက်မှု သိုင်း’ ကို အသုံးပြုလိုက်သည်။ ဓားပျံသည် ပင့်ကူ၏ ကျောဘက်မှ ထိုးဖောက်ဝင်ရောက်သွားပြီး ရှေ့ဘက်မှ ပြန်ထွက်လာကာ မျက်လုံးများကို ကန်းသွားစေခဲ့သည်။
“အာ... အာ...”
မျက်လုံးသုံးလုံး ပင့်ကူသည် နာကျင်စွာ အော်ဟစ်ပြီး လဲကျသေဆုံးသွားတော့၏။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ အသက်အငယ်ဆုံးနှင့် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ သူတော်စင် မဟာအကြီးအကဲ အနေဖြင့် မိုယင်သည် မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စုဝင်များ၏ အမည်များနှင့် အားနည်းချက်များကို ကောင်းစွာ သိရှိ၏။
သူတော်စင် မဟာအကြီးအကဲ ရာထူးကြောင့် သူမသည် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အလွန် ဗဟုသုတ ကြွယ်ဝပြီး ဂိမ်းအစပိုင်း ရွာထဲက လမ်းညွှန်ပေးသူ နှင့်ပင် တူနေတော့သည်။
ယဇ်ပလ္လင်၏ ကမ္ဘာငယ်လေးထဲတွင်...
အဘွားအိုနှင့် ဘိုးဘေးဆန္ဒတော် တို့သည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြကာ မိုယင်၏ မြင့်မားသော တိုက်ခိုက်ရေး စွမ်းရည်ကို အသိအမှတ် ပြုလိုက်ကြသည်။
“ဒီကောင်မလေးက ငါတို့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူ တကယ်ပဲလား...”
ဘိုးဘေးဆန္ဒတော်က မေးလိုက်သည်။
“ဟုတ်ပါတယ်...” အဘွားအိုက ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲ...”
“လွန်ခဲ့တဲ့ (၁၀) နှစ်က တိုက်ပွဲမှာ ကျွန်မတို့ မျိုးနွယ်စု တစ်ခုလုံး အသက်ပေးပြီး မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စု ဘုရင်ကို သုတ်သင်ရှင်းလင်းပြီးတော့.. ဝင်ပေါက်ကို ပိတ်ဆို့ခဲ့ရလို့ပါ...”
အဘွားအိုက ရှင်းပြ၏။
“ဒါဆိုရင် ဒီသူတော်စင် အသစ်က ငါတို့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ပြန့်ပွားဖို့နဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည် မွေးဖွားဖို့အတွက် တာဝန်ယူရလိမ့်မယ်...”
ဘိုးဘေးဆန္ဒတော်က ပြောလိုက်သည်။
အဘွားအိုနှင့် အခြားသော သောင်းနှင့်ချီသည့် မျိုးနွယ်စုဝင်များသည် ဝိညာဉ်အခြေအနေတွင် ရှိနေကြသဖြင့် ကျွန်းပေါ်မှ ထွက်ခွာ၍ မရနိုင်သလို မျိုးပွားနိုင်စွမ်းလည်း မရှိကြတော့ပေ။
အနှစ်ချုပ် ပြောရလျှင် မိုယင်သည် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်၏။
သူမသည် မျိုးနွယ်စု တစ်ခုလုံးကို ဖန်တီးပေးရမည့် ကြီးမားသော တာဝန်ကို ထမ်းဆောင်ရပေမည်။
“အားယင်က ဝက်မကြီးမှ မဟုတ်တာ... ဘယ်လိုလုပ် အဲဒီလောက် အများကြီး မွေးနိုင်မှာလဲ...” အဘွားအို၏ မျက်နှာ ရဲခနဲ ဖြစ်သွားသည်။ “ပြီးတော့ သူ့မှာ ချစ်သူတောင် ရှိသေးတဲ့ပုံ မပေါ်ဘူး...”
“မိုက်မဲလိုက်တာ...”
ဘိုးဘေးဆန္ဒတော် စိတ်ပျက်သွားသည်။
“မျိုးနွယ် ပြန့်ပွားတယ် ဆိုတာ ရေရှည် မဟာဗျူဟာပဲ... မျိုးဆက် တစ်ခုတည်းနဲ့ ပြီးရမယ်လို့ ဘယ်သူ ပြောလဲ... မျိုးဆက်ပေါင်းများစွာ... ဆယ်စုနှစ်ပေါင်းများစွာ ကြာရင် ဖြစ်လာမှာပေါ့...”
“ကျွန်မ သေချာ မစဉ်းစားမိလို့ပါ...” အဘွားအို အလျင်အမြန် ခေါင်းငုံ့လိုက်သည်။
ထိုအချိန်တွင် လျှို့ဝှက်နယ်မြေ ဂိတ်ပေါက်၏ နောက်ဘက်၌...
မိုယင်သည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့် မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စုဝင် အများအပြားကို သတ်ဖြတ်ခဲ့ပြီး နတ်ဆိုးအမြုတေ အတော်များများကို စုဆောင်းရရှိထားပြီးဖြစ်၏။
သူမသည် အဝေးရှိ မျှော်စင်ကို လေးနက်သော မျက်နှာထားဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ အမွေအနှစ်ပုလဲက မျှော်စင်ထိပ်မှာ ရှိသည်..။
ထို့အပြင်၊ ဒီလုပ်ငန်းစဉ်က သူမအတွက် ထူးဆန်းစွာ ရင်းနှီးနေသလို ခံစားရစေပါသည်။
အခန်း (၃၃၂) အမွေအနှစ်ပုလဲဖြင့် ကျိန်စာချိုးဖျက်ခြင်း၊ ချိတ်ပိတ်ကျောက်တုံး၊ အပြန်ခရီး
~“ဒီလုပ်ငန်းစဉ်က ဘာလို့ ကျင့်ကြံရေးမျှော်စင် စတုတ္ထထပ်က တိုက်ခိုက်ရေးနယ်မြေ အလယ်အလတ်အဆင့် စမ်းသပ်မှုတွေနဲ့ ဒီလောက် တူနေရတာလဲ...”
မိုယင် တီးတိုး ရေရွတ်လာ၏။
သူမ၏ အသံကို သူမကိုယ်တိုင် ကြားရရုံသာမက နောက်ကွယ်မှ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးဆန္ဒတော်နှင့် သူတော်စင် အဘွားအိုတို့ပါ ရှင်းလင်းပြတ်သားစွာ ကြားလိုက်ကြရလေ၏။
“ကျင့်ကြံရေးမျှော်စင်...”
“တိုက်ခိုက်ရေးနယ်မြေ...”
ဘိုးဘေးဆန္ဒတော်နှင့် အဘွားအိုတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏ မှတ်ဉာဏ်များကို ပြန်လည် ရှာဖွေကြည့်သော်လည်း ထိုအကြောင်းအရာများနှင့် ပတ်သက်သော မှတ်တမ်း တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ပေ။
“ဒီကောင်မလေး ပြင်ပလောကမှာ ဘယ်ဂိုဏ်းကို ဝင်ထားတာလဲ...” ဘိုးဘေးဆန္ဒတော်က မေးလိုက်သည်။
“မြူခိုးဂိုဏ်းပါ...” အဘွားအိုက ပြန်ဖြေလိုက်သည်။
“တောင်ပိုင်းမြစ်ဝှမ်း ဒေသမှာ အဲဒီလို ကြယ်အဆင့်ဂိုဏ်းမျိုး ရှိလို့လား...” ဘိုးဘေးဆန္ဒတော်သည် မျက်မှောင်ကြုတ်လျက် မှတ်ဉာဏ်များကို ရှာဖွေလိုက်သော်လည်း ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့၊ မြင့်မြတ်သော လေဓားဂိုဏ်း၊ ခရိုင်ဘုရင်မြို့တော်၊ ဓားဘုရင်ဂိုဏ်း စသည်တို့၏ မှတ်တမ်းများကိုသာ တွေ့ရှိရ၏။
“တောင်ပိုင်းမြစ်ဝှမ်း ဒေသက ဂိုဏ်း မဟုတ်လောက်ဘူး ထင်တယ်...” အဘွားအိုက ခန့်မှန်းလိုက်သည်။
လွန်ခဲ့သော (၁၀) နှစ်က တိုက်ပွဲအပြီးတွင် မိုယင်မှလွဲ၍ အခြားသော ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုဝင် အားလုံးသည် ဝိညာဉ်အခြေအနေသို့ ရောက်ရှိသွားကြပြီး ထွက်ခွာ၍ မရနိုင်တော့သဖြင့် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု ရှိခဲ့ပြီ ဖြစ်သည်။ သတင်းအချက်အလက်များ အတော်လေး နောက်ကျကျန်နေခဲ့ပြီ ဖြစ်၏။
လျှို့ဝှက်နယ်မြေ အတွင်း၌...၊
မိုယင်သည် ရှေ့သို့ ဆက်လက် တိုးဝင်သွားတော့သည်။
ကျင့်ကြံရေးမျှော်စင် စတုတ္ထထပ်ရှိ တိုက်ခိုက်ရေးနယ်မြေ စမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သဖြင့် ဤနေရာရှိ မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စု မိစ္ဆာကောင်များကို သိပ်ပြီး အထင်ကြီးစရာ မလိုတော့ပေ။
တစ်ယောက်ချင်း ယှဉ်တိုက်လျှင် သူမ အလွယ်တကူ ရှင်းလင်းနိုင်၏။
“ဒါပေမဲ့ ဒီနေရာက တကယ် ရှိနေတဲ့ လျှို့ဝှက်နယ်မြေလေ... ငါ့မှာ အသက်တစ်ချောင်းပဲ ရှိတယ်... တကယ်လို့ ငါ သေသွားရင် ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး ဒီကျွန်းပေါ်မှာ ထာဝရ ပိတ်မိနေတော့မယ်... ဂိုဏ်းချုပ်ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး...”
သတ္တုပုလဲလုံးလေး တစ်လုံး မိုယင်၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။
‘ဒါက ဂိုဏ်းချုပ် ပေးလိုက်တဲ့ အဆောင်လက်ဖွဲ့ပဲ... မရင်ဆိုင်နိုင်လောက်အောင် ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံမှ သုံးရမှာ...
လောလောဆယ်တော့ မလိုသေးပါဘူး…’
“ဂျွတ်…”
ရှေ့ရှိ လိုဏ်ဂူထဲမှ လက်လေးချောင်း ပါသော မိစ္ဆာကောင် တစ်ကောင် ထွက်လာပြီး လေးလံသော အရိုးတုတ်ကြီးကို ဝှေ့ယမ်းကာ သူမကို ရိုက်နှက်ရန် ပြင်လာ၏။
“စီးဆင်းနေသော အလင်းတန်း ဓားအရှိန်အဝါ...”
လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ တစ်စွန်းတစ်စကို အသုံးပြုလိုက်ရာ မိုယင်၏ လက်ထဲမှ ဓားပျံသည် အရှိန်အဟုန်ဖြင့် ပျံသန်းသွားပြီး လက်လေးချောင်း မိစ္ဆာကောင်၏ ခေါင်းကို ချက်ချင်း ထိုးဖောက်သွားတော့၏။
နတ်ဆိုးအမြုတေ +၁
မိုယင် ဆက်လက် တိုးဝင်သွားသည်။
မကြာမီ သူမသည် မြင့်မားသော မျှော်စင်တစ်ခု၏ အောက်ခြေသို့ ရောက်ရှိသွားပြီး မျှော်စင်ထိပ်ရှိ အမွေအနှစ်ပုလဲကို မော့ကြည့်လာ၏။
လက်ထဲရှိ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့် နတ်ဆိုးအမြုတေ (၉) ခုကို ကြည့်ပြီး မိုယင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ... နတ်ဆိုးအမြုတေတွေ လုံလောက်သွားပြီ... အမွေအနှစ်ပုလဲကို နှိုးဆွလို့ ရပြီ...”
မိုယင်သည် တစ်ချက် ခုန်လိုက်ပြီး မျှော်စင်ထိပ်သို့ ရောက်ရှိသွားတော့၏။
လူခေါင်းခန့် ကြီးမားသော အမွေအနှစ်ပုလဲသည် မျှော်စင်ထိပ်ဖျားတွင် တည်ရှိနေပြီး ၎င်း၏ ပတ်လည်တွင် အထစ် (၉) ခု ပါရှိ၏။ ထိုအထစ်များထဲသို့ နတ်ဆိုးအမြုတေ (၉) ခု ထည့်သွင်းလိုက်မှသာ အမွေအနှစ်ပုလဲ ပွင့်လာပြီး ကျိန်စာကို ချိုးဖျက်နိုင်မည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ထွက်ပေါ်လာမည်ဖြစ်၏။
“ဖျတ်... ဖျတ်... ဖျတ်”
မိုယင် လျင်မြန်စွာ လုပ်ဆောင်လိုက်ရာ နတ်ဆိုးအမြုတေ (၉) ခုစလုံး နေရာတကျ ဖြစ်သွားတော့၏။
“ဝုန်း…”
အမွေအနှစ်ပုလဲသည် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများ ဖြာကျလာကာ မိုယင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့၏။ သူမ၏ နဖူးပေါ်ရှိ ငါးရိုးပုံစံ အမှတ်အသားသည် အနီရောင် ကမ်းပါးခြားပန်း ပုံစံ တစ်ခု အဖြစ် ပြောင်းလဲသွားလေတော့သည်။
ကျိန်စာ ပျက်ပြယ်သွားလေပြီ...။
ဒီနေ့ကစပြီး ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးမြေကနေ ထွက်သွားလျှင်တောင် သူ၏ မျက်နှာဟာ နတ်ဆိုးအမှတ်အသားတွေ၏ တိုက်စားခြင်းကို ခံရတော့မှာ မဟုတ်ဘဲ သူမ၏ စစ်မှန်သည့် ရုပ်ရည်ကို ထုတ်ဖော်ပြသနိုင်တော့မည်ဖြစ်၏။
“ဂါး…”
မီတာရာချီ အကွာအဝေးရှိ ကြီးမားသော လိုဏ်ဂူကြီး တစ်ခုထဲမှ နားအူးသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထက်ရှသော သွားများဖြင့် ဖုံးလွှမ်းထားသော တီကောင်ပုံစံ သတ္တဝါကြီး တစ်ကောင် ထွက်ပေါ်လာကာ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် အရှိန်အဝါများကို ထုတ်လွှတ်နေလေ၏။
“အချိန်ဖြုန်းနေလို့ မဖြစ်ဘူး...”
မိုယင်သည် ဓားပျံပေါ် အမြန်တက်လိုက်ပြီး အလျင်မြန်ဆုံး အရှိန်ဖြင့် ဂိတ်ပေါက်ဆီသို့ ပြန်လှည့်ပြေးလိုက်ရာ တီကောင်သတ္တဝါကြီး အနားမရောက်မီ လွတ်မြောက်သွားနိုင်ခဲ့သည်။
“ပေါင်းစပ်မယ်...”
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးဆန္ဒတော်သည် အလင်းတန်း တစ်ချက် ပစ်လွှတ်လိုက်ရာ ဂိတ်ပေါက် ကွဲကြေသွားပြီး လျှို့ဝှက်နယ်မြေသို့ သွားသော လမ်းကြောင်း ပြတ်တောက်သွားလေတော့သည်။
“အားယင်... မင်း လုပ်နိုင်ခဲ့ပြီ...”
မိုယင်၏ နဖူးပေါ်မှ ငါးရိုးပုံစံ အမှတ်အသားသည် မီးတောက်သဖွယ် တောက်ပနေသော ကမ်းပါးခြားပန်း ပုံစံ အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ သူတော်စင် အဘွားအိုသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ကျလာ၏။
“ကောင်မလေး..မင်း တော်တော် မိုက်တာပဲ... အဆင့်တူ မြေအောက် လိုဏ်ဂူ သတ္တဝါတွေကို မြက်ရိတ်သလို ရိတ်သွားတာပဲ... မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက မြင့်မားလွန်းတယ်... ငါတို့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု သမိုင်းမှာတောင် ထိပ်တန်းအဆင့်လို့ ပြောလို့ ရတယ်...”
ဘိုးဘေးဆန္ဒတော်က သူမကို အကြီးအကျယ် ချီးကျူးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲတို့...”
မိုယင်သည် ဘိုးဘေးဆန္ဒတော်ကို အလေးအနက် ဦးညွှတ်လိုက်သည်။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးဆန္ဒတော် ဆိုသည်မှာ မရေမတွက်နိုင်သော ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုဝင်များ၏ ဝိညာဉ်များ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအား မမြင့်မားသော်လည်း ထိုဝိညာဉ်များ၏ မှတ်ဉာဏ်အားလုံး ပါဝင်နေသဖြင့် သက်ရှိ ဗဟုသုတ ဘဏ္ဍာတိုက်ကြီး တစ်ခု သဖွယ် ဖြစ်နေတော့၏။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု အတွင်း၌ ၎င်း၏ အဆင့်အတန်းသည် သူတော်စင် မဟာအကြီးအကဲထက်ပင် မြင့်မား၏။
“ကဲ... အပြင်လောကကို သွားပြီး မျိုးနွယ် ပြန့်ပွားအောင် လုပ်ပေတော့... စည်ပင်ဝပြောတဲ့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဖြစ်လာအောင် အမြန်ဆုံး ကြိုးစားကြ...”
ထိုသို့ ဩဝါဒ ခြွေပြီးနောက်၊ ဘိုးဘေးဆန္ဒတော်သည် ကြေးအိုးကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
နောက်တစ်ခဏတွင် တွန်းကန်အား တစ်ခု ပေါက်ကွဲထွက်လာသည်။
မိုယင်သည် သံသယများဖြင့် ပြည့်နှက်နေသော စိတ်နှင့်အတူ သူတော်စင် အဘွားအိုကို ခေါ်ဆောင်ပြီး ပျက်စီးနေသော ယဇ်ပလ္လင်သို့ ပြန်ရောက်လာကာ “အပြင်လောကကို သွားပြီး မျိုးနွယ် ပြန့်ပွားအောင် လုပ်” ဆိုသော စကား၏ အဓိပ္ပာယ်ကို စဉ်းစားနေမိ၏။
“အားယင်... အခု မင်းရဲ့ ကျိန်စာ ပျက်ပြယ်သွားပြီ ဆိုတော့... နည်းနည်းလောက် ဆက်နေဦးမလား... ဒါမှမဟုတ် အခုပဲ ပြန်တော့မလား...”
အဘွားအိုက မေးလိုက်သည်။
“သမီး မြေအောက် လိုဏ်ဂူ ဝင်ပေါက်ကို သွားကြည့်ချင်တယ်...”
မိုယင်သည် ကျွန်း၏ တစ်ဖက်ခြမ်းကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် မီးတောင်ဝကဲ့သို့ ထိပ်ဝပွင့်နေသော အမည်းရောင် တောင်ထိပ်တစ်ခု ရှိပြီး မြေအောက် လိုဏ်ဂူသို့ သွားရာ လမ်းကြောင်း ဖြစ်၏။
“လိုဏ်ဂူရဲ့ ချိတ်ပိတ်မှုက အရမ်း ခိုင်မာပါတယ်... စိတ်မပူပါနဲ့...”
အဘွားအိုက ပြောလိုက်ပြီး မိုယင်ကို ခေါ်ကာ (၁၀) မိုင်ကျော် ဝေးကွာသော အမည်းရောင် တောင်ထိပ်ဆီသို့ ပျံသန်းသွားတော့၏။
မီတာရာချီ မြင့်မားသော တောင်ထိပ်တွင်...
သူတို့နှစ်ဦးသည် လေထဲတွင် ရပ်တန့်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
အောက်ဘက်တွင် ရေကန်တစ်ခု ရှိပြီး ရေကန်အောက်ခြေတွင် ရှုပ်ထွေးနက်နဲသော ဝင်္ကပါပုံစံများ ရေးထိုးထားသည့် တောက်ပသော ကျောက်တုံးကြီး တစ်တုံး ရှိ၏။ ၎င်းသည် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုဝင် သတ္တဝါတိုင်း မိမိတို့၏ အသွေးအသားများကို စတေးပြီးနောက် ဖြစ်ပေါ်လာသော “ချိတ်ပိတ်ကျောက်တုံး” ဖြစ်ပြီး လိုဏ်ဂူဝင်ပေါက်ကို အလွန် ခိုင်မာစွာ ဖိနှိပ်ထားသည်။
“စိတ်ချပါ... အဲဒါက အဘွားတို့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု တစ်ခုလုံးရဲ့ စွမ်းအားတွေ စုစည်းထားတဲ့ ချိတ်ပိတ်မှုပဲ... မူလနတ်ဘုရား အဆင့် ရှိတဲ့ မျိုးနွယ်ခြား မျိုးနွယ်စု ဘုရင်ကိုတောင် တားဆီးထားနိုင်တာ... တခြား မျိုးနွယ်စုဝင်တွေကို တားဆီးဖို့ ဆိုတာ ပြဿနာ မရှိပါဘူး...”
အဘွားအိုက ထပ်ခါတလဲလဲ အာမခံ၏။
သူမသည် နောက်လှည့်ပြီး မိုယင်ကို အကဲခတ်ကြည့်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
“အားယင်... မင်းက ငါ့အရွယ်တုန်းကထက်တောင် ပိုလှနေပါလား... အနာဂတ်မှာ မင်းရဲ့ မျက်နှာအစစ်ကို ထုတ်ပြလိုက်ရင် လိုက်မယ့်သူတွေ ဝိုင်းနေမှာ စိုးရိမ်ရတယ်...”
မိုယင်သည် ဓားပျံကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
“ယောက်ျားတွေက သမီးရဲ့ ဓားဆွဲထုတ်တဲ့ အမြန်နှုန်းကို နှေးကွေးစေရုံပဲ ရှိမှာပါ...”
“အာ...”
အဘွားအို၏ မျက်နှာထား ထူးဆန်းသွားသည်။
မိုယင်က လက်တွဲဖော် ရှာဖို့ အစီအစဉ် မရှိဘူး ဆိုတဲ့ သဘောလား...
ဒါဆိုရင် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုမှာ မျိုးဆက်ပြတ်သွားမှာပေါ့...
မဖြစ်ဘူး...
ဒီကလေးကို အိမ်ထောင်ပြုအောင် တွန်းအားပေးမှ ဖြစ်မယ်...
အဘွားအို တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် မိုယင်သည် သတ္တုပုလဲလုံး တစ်လုံးကို ထုတ်ယူပြီး ကမ်းပေးလိုက်သည်ကို တွေ့လိုက်ရသည်။
မိုယင်က ယဲ့ဖုန်း၏ စကားများကို ပြန်ပြောပြလိုက်သည်။
“သူတော်စင် မဟာအကြီးအကဲ... ဒါက ဂိုဏ်းချုပ် သမီးကို ပေးလိုက်တဲ့ အသက်ကယ် ပစ္စည်းပါ... တကယ်လို့ မကျော်ဖြတ်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံလာရင် ဒါကို ချေမွပစ်လိုက်ပါတဲ့...”
“အဘွားက ဝိညာဉ်ပင်လယ် အဆင့်မြင့် ပညာရှင် တစ်ယောက်ပါ... ပြီးတော့ သောင်းနဲ့ချီတဲ့ မျိုးနွယ်စုဝင် ဝိညာဉ်တွေရဲ့ စွမ်းအားနဲ့ ဆိုရင် မူလနတ်ဘုရား အဆင့်နဲ့တောင် ယှဉ်တိုက်လို့ ရပါတယ်...” အဘွားအိုက ယုံကြည်မှုရှိစွာ ခေါင်းခါလိုက်သည်။
မိုယင်က ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သမီးရဲ့ ဂိုဏ်းချုပ်က ခန့်မှန်းရ ခက်ပါတယ်... မူလနတ်ဘုရား အဆင့် ဆိုရင်တောင် သူ့ရှေ့မှာ ဒူးထောက်ရနိုင်တယ်...”
မြူခိုးဂိုဏ်းသို့ စတင် ဝင်ရောက်စဉ်က ယဲ့ဖုန်း၏ ကျင့်ကြံဆင့်သည် အများဆုံး ချီကျင့်ကြံခြင်း အထွတ်အထိပ်သာ ရှိမည်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တပည့်များ တိုးတက်လာပြီး ပြင်ပရန်သူများ ပိုမို သန်မာလာသော်လည်း အားလုံးသည် ယဲ့ဖုန်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားကြစမြဲဖြစ်၏။
ယနေ့အချိန်ထိ မိုယင်သည် ယဲ့ဖုန်းသည် မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ဦး ဖြစ်ပြီး အရှိန်အဝါကို တမင် ဖုံးကွယ်ကာ မြူခိုးဂိုဏ်းကို တည်ထောင်ထားခြင်း ဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ထား၏။
“မူလနတ်ဘုရား အဆင့်တောင် သူ့ကို ကြောက်ရတယ် ဟုတ်လား...”
အဘွားအို တုန်လှုပ်သွားပြီး သတ္တုပုလဲလုံးကို အလျင်အမြန် သိမ်းဆည်းလာ၏။
“သူတော်စင် မဟာအကြီးအကဲ... မျိုးနွယ်စုမှာ ဘာပြဿနာမှ မရှိတော့ဘူး ဆိုရင် သမီး အရင် ပြန်လိုက်ပါဦးမယ်... ဂိုဏ်းချုပ်လည်း သမီးကို စိတ်ပူနေလောက်ပြီ...”
ပြောပြီးသည်နှင့် မိုယင်သည် အနက်ရောင် မျက်နှာဖုံးနှင့် ဦးထုပ်ကို ပြန်လည် ဝတ်ဆင်လိုက်သည်။ ထို့နောက် ကမ်းစပ်သို့ သွားရောက်ပြီး လေချွန်လိုက်ရာ ရေဘဝဲကြီး ရောက်ရှိလာ၏။ သူမသည် ရေဘဝဲ၏ ခေါင်းပေါ်သို့ တက်လိုက်ပြီး မြူခိုးများ ဖုံးလွှမ်းနေသော တစ်ဖက်ကမ်းသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။
ကမ်းစပ်သို့ ရောက်သောအခါ သူမသည် မျက်နှာဖုံးကို မလိုက်ပြီး မှန်တစ်ချပ် ထုတ်ကာ ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အမာရွတ်များ မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် အလွန်အမင်း ပျော်ရွှင်သွားမိသည်။
“နောက်ဆုံးတော့ ငါ ပျောက်ကင်းသွားပြီ...”
မိန်းမပျိုလေး တစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် သူမသည် လေညှင်းစီး ဓားပျံပေါ် တက်လိုက်ပြီး မြူခိုးဂိုဏ်းဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပျံသန်း ပြန်သွားလေတော့သည်။
“ဒီခရီးစဉ် ပြီးသွားရင် ငါ့ရဲ့ နှလုံးသားနတ်ဆိုးကို ချိုးဖျက်နိုင်ပြီ ဖြစ်လို့ ကျင့်ကြံရေးမျှော်စင် ဆဋ္ဌမထပ်က အခွင့်အရေးနယ်မြေကို ဝင်လို့ ရလောက်ပြီ ထင်တယ်...”
“အဲဒီမှာ ဘယ်လို အခွင့်အရေးမျိုးတွေ ရှိနေမလဲ မသိဘူးနော်...”
မိုယင်၏ မျှော်လင့်ချက်များ ကြီးထွားလာ၏။
...
*
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးမြေ၌...
အမည်းရောင် တောင်ထိပ် အတွင်းရှိ ချိတ်ပိတ်ကျောက်တုံး အောက်ခြေတွင်...
သန်မာထွားကျိုင်းသော မြေအောက် လိုဏ်ဂူ မျိုးနွယ်ခြား မျိုးနွယ်စုဝင် အများအပြားသည် ကျောက်တုံးကြီးကို ဆက်တိုက် တိုက်ခိုက်နေကြ၏။
“ဂျွတ်…”
ချိတ်ပိတ်ကျောက်တုံးသည် အလွန် ခိုင်မာလှသည်။
မည်သည့် ပျက်စီးမှုမှ မရှိသော်လည်း ၎င်းကို ဝင်ဆောင့်နေသော မျိုးနွယ်ခြား မျိုးနွယ်စုဝင်များသည် သွေးသံရဲရဲ ဖြစ်နေကြပြီး အချို့ဆိုလျှင် နေရာမှာပင် လဲကျသေဆုံးကုန်ကြသည်။
သို့သော် သူတို့၏ နတ်ဆိုးသွေးများသည် ချိတ်ပိတ်ကျောက်တုံးထဲသို့ စိမ့်ဝင်သွားပြီး ၎င်းကို တဖြည်းဖြည်း တိုက်စားကာ စွမ်းအား လျော့နည်းလာစေသည်။
နှေးကွေးသော်လည်း ထိရောက်မှု ရှိနေလေ၏။
အဘွားအို ဒါကို မသိပေ။
မိုယင်လည်း မသိပေ။
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုဝင် ဝိညာဉ်များ အားလုံးလည်း နားမလည်ကြပေ။
မြေအောက် လိုဏ်ဂူ အတွင်းရှိ မျိုးနွယ်ခြား မျိုးနွယ်စုဝင် အများစုပင်လျှင် သူတို့၏ နတ်ဆိုးသွေးသည် ချိတ်ပိတ်ကျောက်တုံးကို တိုက်စားနိုင်စွမ်း ရှိကြောင်း မသိရှိကြပေ။
ကမ္ဘာငယ်လေး အတွင်းရှိ ယဇ်ပလ္လင်ထဲတွင် ပိတ်မိနေသော ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးဆန္ဒတော် အနေဖြင့် ပြင်ပလောကသို့ ထွက်လာနိုင်လျှင် တစ်စုံတစ်ခုကို သတိထားမိကောင်း ထားမိပေလိမ့်မည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ၎င်းသည် ကမ္ဘာငယ်လေးထဲတွင် ပိတ်မိနေပြီး အပြင်သို့ ထွက်ခွာ၍ မရနိုင်ခြင်းပင်။
...
မိုယင်သည် အပြန်ခရီးကို နှင်နေလေ၏။
ကျိန်စာကို ချိုးဖျက်ပြီးကတည်းက သူမ၏ နဖူးပေါ်ရှိ ကမ်းပါးခြားပန်း ပုံစံ မီးတောက်အမှတ်အသား၏ အထောက်အပံ့ကြောင့် သူမ၏ ကျင့်ကြံဆင့်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
“ပြန်ရောက်ရင် အဆင့် တက်နိုင်လောက်တယ်...”
သူမ တီးတိုး ရေရွတ်ရင်း ခရီးဆက်လိုက်လေတော့သည်။
အခန်း (၃၃၃) နောက်ဆုံးနှစ်ထပ်၏ ဆုလက်ဆောင်များ၊ အရှေ့အရပ်မှ ခရမ်းရောင်အလင်း
~မိုယင်အတွက်တော့ မိုင်ထောင်ချီ ခရီးသည် အနည်းငယ် ဝေးကွာနေလေ၏။
ခရီးတစ်လျှောက် နားလိုက်သွားလိုက်ဖြင့် နှစ်ရက်ကြာသောအခါ နောက်ဆုံးတွင် မြူခိုးဂိုဏ်းသို့ ပြန်ရောက်လာခဲ့ပြီး မြူခိုးတောင်ထိပ်တွင် သစ်ပင်စိုက်နေသော ယဲ့ဖုန်းကို တွေ့လိုက်ရ၏။
“ဂိုဏ်းချုပ်... ကျွန်မ ပြန်ရောက်ပါပြီ...” မိုယင်သည် လက်သီးဆုပ် ဂါရဝပြုရင်း နှုတ်ဆက်လိုက်သည်။
“အင်း... ပြန်ရောက်လာတာ ကောင်းတယ်... ငါပေးလိုက်တဲ့ သတ္တုပုလဲလုံးလေးရော...” ယဲ့ဖုန်း မေးလိုက်သည်။
“ကျွန်မ အဘွားလို ချစ်ရတဲ့ ဆွေမျိုးတစ်ယောက်ဆီမှာ ထားခဲ့လိုက်တယ်... တကယ်လို့ အန္တရာယ် ကြုံလာရင် သူ ချေမွပစ်လိုက်ပါလိမ့်မယ်...”
ယဲ့ဖုန်းက ပုလဲလုံးအကြောင်း မေးလိမ့်မည်ဟု မိုယင် ထင်မထားခဲ့သဖြင့် အနည်းငယ် အံ့သြသွားတော့၏။
“ဪ... ဒါဆို မင်းက အိမ်ပြန်ပြီး မိသားစုကို သွားတွေ့တာပေါ့...” ယဲ့ဖုန်း အသာအယာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်...” မိုယင် ဝန်ခံလိုက်သည်။
“ကဲ... မင်း ကိစ္စ ရှိရင် သွားလုပ်တော့...” ယဲ့ဖုန်းသည် ပေါက်ပြားကို ကိုင်ရင်း ဆက်လက် သစ်ပင်စိုက်ရန် ပြင်လိုက်သည်။
“ဂိုဏ်းချုပ်... ဒါတွေက ဘာပင်တွေလဲဟင်...” မိုယင်သည် မြူခိုးတောင်ထိပ် ပတ်လည်တွင် စိုက်ပျိုးထားပြီးသော ထူးဆန်းသည့် ပျိုးပင်များထံ အကြည့်ရောက်သွားသည်။
ထိုအခါ၊ ယဲ့ဖုန်းက သစ်ပင်အမည် ဒါဇင်ချီကို ဆက်တိုက် ရွတ်ပြလိုက်သည်။
“စံပယ်၊ ညမွှေးပန်း၊ သရက်၊ လောင်ဂန် (လေချူသီး)၊ လိုင်ချီး...”
ဒီနေ့ သူ ဆုတောင်းလိုက်သည်လေ...။
ထိုအခါ ၊ သစ်သီးပျိုးပင် (၁၀၀) ရလာသည်။ ... အားနေတာနှင့် သူက တောင်ထိပ်မှာ လိုက်စိုက်ပြီး ဝိညာဉ်စမ်းရေ လောင်းပေးနေခြင်းပင်...။
“ဝိညာဉ်သစ်ပင်တွေလား...”
“မဟုတ်ဘူး...”
ယဲ့ဖုန်းက တိုတိုတုတ်တုတ် ဖြေလိုက်သည်။
“ဒါပေမဲ့ ဝိညာဉ်စမ်းရေ နေ့တိုင်း လောင်းပေးရင် နောက်ကျ ဝိညာဉ်သစ်ပင်တွေ ဖြစ်လာမှာပါ...”
“အင်း...” မိုယင် ခေါင်းညိတ်လိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒါဆို ကျွန်မ ကျင့်ကြံရေးမျှော်စင်ကို သွားလိုက်ပါဦးမယ်... သတ္တမထပ်မှာ ဘာတွေ ရှိမယ် ထင်လဲ...”
“ရောက်ရင် သိမှာပေါ့...” ယဲ့ဖုန်းက ပြောလိုက်သည်။
မိုယင် တိတ်ဆိတ်သွားသည်။
ခဏကြာ စဉ်းစားပြီးနောက် သူမသည် ယဲ့ဖုန်းကို နှုတ်ဆက်ပြီး ကျင့်ကြံရေးမျှော်စင်ဆီသို့ ပျံသန်းသွားတော့၏။
“စီနီယာအစ်မကြီးမို ပြန်ရောက်ပြီ...”
ဂိုဏ်းသားများက သူမကို နှုတ်ဆက်ကြသည်။ သူမသည် အပေါ်ထပ်သို့ တောက်လျှောက် တက်သွားပြီး ပဉ္စမထပ်သို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
ဂိတ်ပေါက် ရှေ့တွင်မူ...
“နှလုံးသားနတ်ဆိုးကို အောင်နိုင်သည့်အတွက် ဂုဏ်ယူပါသည်...”
မိုယင် မော့ကြည့်လိုက်ရာ အရောင်စုံ စာတန်းများ ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့၏။
စာတန်းများ လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း မိုယင်၏ ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုက်တက်လာပြီး ဝက်အူရစ် လှေကားပေါ်သို့ အလျင်အမြန် တက်လှမ်းလာ၏။
ကျင့်ကြံရေးမျှော်စင် ဆဋ္ဌမထပ်...
မိုယင် ရပ်တန့်လိုက်သည်။
ဤနေရာတွင် လူတစ်ပိုင်းခန့် မြင့်သော ကျောက်စင်မြင့် တစ်ခုသာ ရှိပြီး ၎င်း၏ အပေါ်တွင် ရှေးဟောင်း ဝင်္ကပါပုံစံ အမျိုးမျိုး ရေးထိုးထားသော ရွှေရောင် ရတနာသေတ္တာ တစ်လုံး တင်ထား၏။ သေတ္တာသည် ရှေးဟောင်းဆန်ပြီး လေးလံသော အငွေ့အသက်များကို ထုတ်လွှတ်နေလေ၏။
“ရတနာသေတ္တာကို ဖွင့်လိုက်ပါ... သင့်အတွက် အခွင့်အရေး ရရှိပါလိမ့်မယ်...” ကျောက်စင်မြင့်ပေါ်တွင် စာတန်းများ ပေါ်လာသည်။
မိုယင်သည် စိတ်လှုပ်ရှားစွာဖြင့် ရတနာသေတ္တာကို ဖွင့်လိုက်သည်။
အထဲတွင် ဘာမှ မရှိပေ။
“ဘာမှ မရှိဘူး...” မိုယင် အလွန် စိတ်ပျက်သွားသည်။
သို့သော် နောက်တစ်ခဏတွင် သေတ္တာထဲ၌ ဝိညာဉ်အလင်းရောင်များ စုစည်းလာပြီး ကြေးပြားဝိုင်း အရွယ်အစားခန့် ရှိသော ကျောက်စိမ်းကွင်းလေး တစ်ကွင်း အဖြစ် ပြောင်းလဲသွားတော့၏။ ကွင်းလေးတွင် အနီရောင် ကြိုးနှစ်ချောင်း ပါရှိပြီး မိုယင်၏ ရှေ့တွင် ဝဲပျံနေလေ၏။
သူမ လှမ်းယူလိုက်သည်။
“ဒါကို ဝတ်ဆင်လိုက်ရင် သင့်ရဲ့ ရုပ်သွင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်တဲ့ စွမ်းရည် ရရှိပါလိမ့်မယ်...” ထူးခြားသော အသံတစ်သံ မိုယင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး ကျောက်စိမ်းကွင်းလေးကို နဖူးတွင် တပ်ဆင်လိုက်ကာ ပြုတ်မကျစေရန် အနီရောင် ကြိုးများဖြင့် ချည်နှောင်လိုက်သည်။
ထို့နောက် သူမသည် မှန်တစ်ချပ် ထုတ်ကြည့်လိုက်သည်။
မှန်ထဲတွင် မိုယင်၏ မျက်နှာသည် သူမ၏ စိတ်ကူးအတိုင်း ပြောင်းလဲနေလေ၏။ တစ်ခါတစ်ရံ အဘွားအို တစ်ယောက်၊ တစ်ခါတစ်ရံ ချစ်စရာ ကောင်းသော အမျိုးသမီးလေး တစ်ယောက်၊ တစ်ခါတစ်ရံ တော်ဝင်မိဖုရား တစ်ပါး...
အတိုချုပ် ပြောရလျှင် သူမ စိတ်ကူးသမျှ ပုံစံ အားလုံး ပြောင်းလဲနိုင်၏။
“တကယ့် ရတနာပဲ...” မိုယင်၏ နှုတ်ခမ်းများ ကွေးတက်သွားတော့၏။
နောက်တစ်ခဏတွင် သတင်းအချက်အလက် များစွာ သူမ၏ ခေါင်းထဲသို့ ဝင်ရောက်လာပြီး ရွှေရောင် စာတန်းများ အဖြစ် ပုံဖော်လာ၏။ ၎င်းသည် စတုတ္ထအဆင့် မန္တန် “ရုပ်သွင်ပေါင်းစုံ ပြောင်းလဲခြင်း အတတ်”ဖြစ်ပြီး အရပ်အမောင်း၊ အသံနှင့် အရှိန်အဝါများကို ပြောင်းလဲနိုင်စွမ်း ရှိသည်။
ကျောက်စိမ်းကွင်း၏ အသွင်ပြောင်းလဲနိုင်စွမ်းနှင့် ပေါင်းစပ်လိုက်ပါက မည်သူ့အဖြစ်မဆို ဟန်ဆောင်နိုင်မည်ဖြစ်၏။
“ဒါက ငါ့ရဲ့ အခွင့်အရေးပဲ...”
မိုယင် အသက်ပြင်းပြင်း ရှူလိုက်ပြီး အပေါ်ထပ်သို့ တက်သော လှေကားကို မျှော်လင့်တကြီး ကြည့်ကာ တက်လှမ်းလာ၏။
*
ကျင့်ကြံရေးမျှော်စင် သတ္တမထပ်...
ဤနေရာသည် အလွန် ကျယ်ဝန်းလှပြီး ပြတင်းပေါက်များဘေးတွင် ခရမ်းရွှေရောင် ထိုင်ခုံ (၇) လုံးသာ ချထား၏။ ထိုနေရာတွင် ထိုင်ပြီး အဝေးမှ ရှုခင်းများကို ကြည့်ရှုနိုင်ပေသည်။
“ကြိုက်နှစ်သက်ရာ ထိုင်ခုံ တစ်လုံးကို ရွေးချယ် ထိုင်နိုင်ပါသည်...” ရွှေရောင် စာတန်း တစ်တန်း လေထဲတွင် ပေါ်လာသည်။
မိုယင် သေချာ စဉ်းစားပြီးနောက် အရှေ့ဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်နားရှိ ထိုင်ခုံဆီသို့ လျှောက်သွားပြီး တင်ပျဉ်ခွေ ထိုင်လာ၏။
ထိုအချိန်သည် နေထွက်ချိန်တည်း။
မိုယင်သည် အရှေ့ဘက်မှ ထွက်ပေါ်လာသော နေရောင်ခြည် အလင်းတန်းကို ကြည့်ရှုရင်း မနက်ခင်း လေပြေညှင်းကို ခံစားနေမိသည်။ ငယ်စဉ်က ကမ်းစပ်တွင် ရပ်ပြီး လေညှင်းခံခဲ့သော နေ့ရက်များကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်က သူမဘဝရဲ့ အလွတ်လပ်ဆုံး အချိန်ကာလလေးပေါ့...။
နေထွက်ချိန်... ‘အရှေ့အရပ်မှ ခရမ်းရောင်အလင်း’ တစ်စွန်းတစ်စ...
ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော အခိုက်အတန့်တွင် မိုယင်သည် သူမ၏ ကျင့်ကြံဆင့် အဟန့်အတား လျော့ရဲသွားသည်ကို သတိထားမိလိုက်သည်။ ချက်ချင်းပင် ‘ကောင်းကင်သို့ နှလုံးသားငါးပါး ဖွင့်လှစ်ခြင်း’ပုံစံဖြင့် ထိုင်ကာ သဘာဝ ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ကို စတင် တိုက်ခိုက်လာ၏။
သို့သော် စတင်လိုက်သည်နှင့် တပြိုင်နက် အဟန့်အတား ကွဲကြေသွားပြီး သူမ၏ ကျင့်ကြံဆင့်သည် အလိုအလျောက် ဒုတိယအဆင့်သို့ ရောက်ရှိသွားတော့၏။
အရာအားလုံးသည် သဘာဝကျကျ ဖြစ်ပျက်သွားခဲ့သည်။
“မြန်လိုက်တာ...”
မိုယင် အံ့သြဝမ်းသာ ဖြစ်သွားသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။
ကျင့်ကြံရေးတောင်ထိပ် တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် သတ္တမထပ်သို့ စုစည်းလာကြသည်။ မြူခိုးတောင်ထိပ်၊ နတ်ဆိုးသားရဲတောင်ထိပ်နှင့် ဖေးလိုင်တောင်ထိပ်တို့မှ ဝိညာဉ်စွမ်းအင်များ အားလုံးသည်လည်း ကျင့်ကြံရေးမျှော်စင် သတ္တမထပ်ဆီသို့ ဦးတည် စီးဆင်းလာကြပြီး ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခု အဖြစ် ပြောင်းလဲကာ မိုယင်၏ ချီပင်လယ်ထဲသို့ ဝင်ရောက်ပြီး အစစ်အမှန်ယွမ်အဖြစ် ပြောင်းလဲသွားကြ၏။
“ဟေ... မိုယင် သတ္တမထပ်ကို ရောက်သွားပြီပဲ...”
ကောက်ရိုးဦးထုပ် ဆောင်းထားသော ယဲ့ဖုန်းသည် ပေါက်ပြားကို ချထားလိုက်ပြီး ကျင့်ကြံရေးမျှော်စင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျှော်စင်ပတ်လည်တွင် ခရမ်းရောင် အခိုးအငွေ့များ ရစ်ပတ်နေပြီး မိုယင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသည်ကို တွေ့လိုက်ရသည်။
“သတ္တမထပ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ရင် ကျင့်ကြံဆင့် တိုးတက်မယ့် အခွင့်အရေး ရတာကိုး...”
ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားသည်။
“ဘာဖြစ်တာလဲ...”
“ဟိုမှာ ကြည့်... ကျင့်ကြံရေးမျှော်စင်ကို ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး လွှမ်းခြုံထားတယ်...”
“ဒီအရှိန်အဝါအရ ဆိုရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ချိုးဖောက်နေတာနဲ့ တူတယ်...”
“ဘယ် စီနီယာအစ်ကို၊ စီနီယာအစ်မ အဆင့်တက်နေတာလဲ...”
မြူခိုးဂိုဏ်း၏ ဒုတိယမျိုးဆက် တပည့်များသည် အိပ်ရာထကာစ ရှိသေးသော်လည်း ထူးခြားသော ဖြစ်စဉ်ကို သတိထားမိလိုက်ကြပြီး ချက်ချင်းပင် အားကျစိတ်များ ဖြစ်ပေါ်လာကြ၏။
ကျင့်ကြံရေးမျှော်စင် အတွင်း၌...
ရှီလေ့၊ လီကျောက်ကျောက်နှင့် အခြားသူများသည်လည်း ထူးခြားမှုကို ခံစားမိလိုက်ကြပြီး မျှော်စင်၏ ဝိညာဉ်စွမ်းအင်များ အပေါ်သို့ စီးဆင်းသွားသည်ကို တွေ့လိုက်ကြရသည်။
ကျင့်ကြံရေးမျှော်စင် သတ္တမထပ်...
မိုယင်သည် အဆုံးမဲ့သော စွမ်းအားများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး မည်သည့် အဟန့်အတားမျှ မရှိသကဲ့သို့ (၁၅) မိနစ် အတွင်းမှာပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားကာ ကျင့်ကြံဆင့် ခိုင်မာသွားတော့၏။
နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားတော့၏။
သူမ၏ မျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတန်း တစ်ချက် ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။
“ငါ့ရဲ့ ‘လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ’ က အမျှင် (၃) မျှင် တိုးလာတယ်...”
ကျင့်ကြံဆင့် တိုးတက်မှုအပြင် မိုယင်သည် ဤပျော်ရွှင်စရာကောင်းသော အံ့သြဖွယ်ရာကိုလည်း တွေ့ရှိလိုက်ရ တော့သည်။
*
မြူခိုးတောင်ထိပ်...
ကုန်းချင်းချိုးသည် ယဲ့ဖုန်းကို ဂါရဝပြုနေစဉ် ကျင့်ကြံရေးမျှော်စင် သတ္တမထပ်မှ ထူးခြားမှုကို သတိထားမိလိုက်ပြီး ရေရွတ်လိုက်သည်။
“မိုယင်ရဲ့ ပါရမီက အမြင့်ဆုံး မဟုတ်ပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက အတားအဆီးတွေ များခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးတော့ သူ အဆင့်တက်နိုင်ခဲ့ပြီ... တကယ်ကို အံ့မခန်းပါပဲ...”
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“အကြီးအကဲကုန်း... ခင်ဗျားလည်း လုပ်နိုင်မှာပါ... ကျင့်ကြံရေးမျှော်စင် သတ္တမထပ်ကို ပထမဆုံးအကြိမ် ရောက်ရင် သဘာဝ ဝိညာဉ်စွမ်းအင်တွေနဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အဆင့်ငယ် တစ်ဆင့် တက်နိုင်တယ်... ဒါက ခင်ဗျားနဲ့ သင့်တော်ပါတယ်...”
“တကယ်ကြီး အဲဒီလောက် စွမ်းတာလား...” ကုန်းချင်းချိုး အံ့သြလွန်းသဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားသည်။
သူမသည် မကြာမီ မူလ ကျင့်ကြံဆင့် ဖြစ်သော ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်သို့ ပြန်လည် ရောက်ရှိတော့မည် ဖြစ်ပြီး နောက်ထပ် အဆင့်တစ်ဆင့် တက်လိုက်ပါက ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်၏။
ဤကျင့်ကြံဆင့်သည် အတော်လေး မြင့်မားသည်ဟု ဆိုရပေမည်။
“ဒီမနက် ဒုတိယမျိုးဆက် တပည့်တွေရဲ့ ကျင့်ကြံရေး တာဝန်တွေကို အရင် စီစဉ်ပေးလိုက်မယ်... သူတို့ အသားကျသွားပြီ ဆိုရင် ကျွန်မ မျှော်စင်ထဲမှာ အာရုံစိုက်ပြီး သတ္တမထပ်ကို ရောက်အောင် ကြိုးစားပါ့မယ်...” ကုန်းချင်းချိုး လက်သီးဆုပ်ကာ ကတိပြုလိုက်သည်။
ယဲ့ဖုန်း ဘာမှ မပြောပေ။
သူ့အမြင်အရ ဆိုလျှင် ကုန်းချင်းချိုး သတ္တမထပ်သို့ ရောက်ရှိနိုင်ခြေ အလွန် များ၏။ သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ရာ ဆွဲငင်အားနယ်မြေ၊ ဉာဏ်အလင်းပွင့်နယ်မြေ၊ တိုက်ခိုက်ရေးနယ်မြေနှင့် စိတ်ကူးယဉ်ကမ္ဘာနယ်မြေ တို့သည် သူမအတွက် ခက်ခဲမည် မဟုတ်ပေ။
အခွင့်အရေးနယ်မြေသို့ ရောက်ရှိပြီး သူမ၏ အခွင့်အရေးကို ရရှိလိုက်ပါက သတ္တမထပ်သို့ သဘာဝကျကျ တက်လှမ်းနိုင်ပေလိမ့်မည်။
“ဂိုဏ်းချုပ်... ကျွန်မ ဒုတိယမျိုးဆက် တပည့်တွေကို သွားသင်ပေးလိုက်ပါဦးမယ်...”
“သွားပါ... ကြိုးစားမှုက အကျိုးပေးမှာပါ...”
ယဲ့ဖုန်းသည် ပန်းခြံထဲမှ စံပယ်ပန်း တစ်ပွင့်ကို ခူးလိုက်ပြီး ကုန်းချင်းချိုးအား ပေးလိုက်သည်။ ဂိုဏ်းချုပ်က လက်အောက်ငယ်သားကို အားပေးသည့် သဘောဖြင့်ပါ။
သို့သော် သူမ၏ ရင်ထဲတွင်မူ နွေးထွေးသွားတော့၏။ သူမသည် ကျောက်စိမ်းပုလင်း တစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ဝိညာဉ်စမ်းရေ ထည့်ကာ စံပယ်ပန်းလေးကို ထိုးစိုက်လိုက်သည်။ ထို့နောက် လက်ထဲတွင် အမြတ်တနိုး ကိုင်ဆောင်လျက် ဖေးလိုင်တောင်ထိပ်သို့ လျှောက်သွားလေတော့သည်။
ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိသည်။
“ဒီဝတ်စုံနဲ့ ဆိုရင် ဘာလို့ ဗောဓိသတ္တ တစ်ပါးပါးနဲ့ တူနေရတာလဲ...”
ခေါင်းခါလိုက်ပြီး ယဲ့ဖုန်းသည် မိုယင် အဆင့်တက်မှုကြောင့် ရရှိလာသော ရုပ်ခန္ဓာ ခွန်အား တိုးတက်မှုကို ခံစားလိုက်ရကာ နှုတ်ခမ်းထောင့်များ ကွေးတက်သွားတော့၏။
“နည်းလမ်းပေါင်းစုံ သုံးပြီး တပည့်တွေနဲ့ အကြီးအကဲတွေကို အဆင့်တက်အောင် မြှောက်ပေးနေတာ... နောက်ဆုံးတော့ ငါကပဲ အမြတ်ထွက်တာပါကွာ...”
ယဲ့ဖုန်း တဟီးဟီး ရယ်မောလိုက်ပြီး ပန်းပင် ဆက်စိုက်နေလိုက်သည်။
နေ့လယ် ရောက်မှသာ သူလျှို လီမိုဟွမ်၏ တိုးတက်မှုကို စစ်ဆေးရန် ကောင်းကင်မေးမြန်းကြေးမုံကို ထုတ်ယူလာ၏။
ထိုအချိန်တွင် မိုင်ရာချီ ဝေးကွာသော...
လူဦးရေ သောင်းဂဏန်းခန့်သာ ရှိသော မြို့ငယ်လေး တစ်ခုတွင်...
သတို့သမီးတင်ဆောင်လာသော ဝေါယာဉ် တစ်ခုသည် သတို့သားအိမ်သို့ သွားရာလမ်းတွင် ရှိနေလေ၏။
ဝေါယာဉ်ကို လူ (၈) ယောက် ထမ်းထားရသည်။
ထိုအထဲတွင် လီမိုဟွမ်လည်း ပါဝင်နေလေ၏။