အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း (၃၃၄) တကယ်ကို သည်းမခံနိုင်တော့ဘူး၊ မဟာအကြီးအကဲ၏ စိတ်ပျက်အားငယ်မှု
~“သောက်ကျိုးနည်း... ငါက ချီကျင့်ကြံခြင်း အထွတ်အထိပ် ရောက်နေတာကွ... သူများ မင်္ဂလာဆောင်မှာ ဝေါယာဉ် ထမ်းပေးရမယ် ဟုတ်လား...”
လီမိုဟွမ် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလေ၏။
ယဲ့ဖုန်းအပေါ် ထားရှိသော နာကြည်းချက်များသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
အကယ်၍ နာကြည်းစိတ်ဖြင့် လူသတ်နိုင်မည် ဆိုလျှင် လီမိုဟွမ်သည် ယဲ့ဖုန်းကို အကြိမ်တစ်ရာမက သတ်ပြီးလောက်ပြီ ဖြစ်၏။
ဝေါယာဉ်ထမ်း (၈) ယောက်နှင့်အတူ သတို့သမီးကို သတို့သားအိမ်သို့ ပို့ဆောင်ပြီးနောက် လီမိုဟွမ်သည် တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ လူသူကင်းမဲ့သော နေရာသို့ ရောက်သောအခါ ဝတ်ဆင်ထားသော ရောင်စုံအဝတ်အစားများကို လွှင့်ပစ်လိုက်ပြီး ဓားပျံစီးကာ နောက်ထပ် တာဝန်ထမ်းဆောင်မည့် နေရာသို့ ထွက်ခွာသွားတော့၏။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း လီမိုဟွမ်သည် တာဝန် (၁၀) ခုကျော် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်၏။
သို့သော် တာဝန်ပြီးဆုံးချိန်တွင် သန်းခေါင်ကျော်နေပြီ ဖြစ်ရာ မြူခိုးတောင်ထိပ်သို့ အပြေးအလွှား ပြန်သွားသော်လည်း နေ့သစ်ကူးသွားပြီ ဖြစ်သဖြင့် နောက်ထပ် တာဝန်အသစ်များ ထပ်မံ ရောက်ရှိလာပြန်သည်။ ဤအခြေအနေက သူ့ကို အလွန်အမင်း စိတ်ပျက်အားငယ်စေခဲ့သည်။
“ချီးပဲ...”
လီမိုဟွမ် တီးတိုး ကျိန်ဆဲလိုက်သည်။
ယဲ့ဖုန်းက သူ့ကို တမင်သက်သက် ဒုက္ခပေးနေမှန်း သူ သဘောပေါက်လိုက်သည်။
‘ဒါမှ မဟုတ်ရင် ဘယ်ဂိုဏ်းမှာများ တပည့်သစ် တစ်ယောက်ကို အိပ်ချိန်မပေးဘဲ တစ်နေ့လုံး တာဝန်တွေချည်း ခိုင်းနေတဲ့ ဂိုဏ်းမျိုး ရှိပါ့မလဲ...
ဒါက ရှင်းရှင်းလေးပဲ... မောင်းထုတ်ချင်နေတာ…’
“ငလူး...”
လီမိုဟွမ်သည် စက္ကူကြိုးကြာ စာပို့လုလင် တစ်ကောင်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ဝိညာဉ်စွမ်းအင်ဖြင့် မှတ်တမ်းတင်ကာ လွှတ်တင်လာ၏။
“ဂိုဏ်းချုပ် မြန်မြန် သိပါစေလို့ ဆုတောင်းပါတယ်...”
လီမိုဟွမ် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေရရှာသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ ခွင့်ပြုချက် မရရှိဘဲ သူ မြူခိုးဂိုဏ်းမှ မထွက်ခွာရဲပေ။ မဟုတ်လျှင် ဂိုဏ်းချုပ်၏ ဒေါသအမျက်ကို ခံရပေလိမ့်မည်။
စက္ကူကြိုးကြာ စာပို့လုလင်သည် အလွန် လျင်မြန်လှသည်။
သို့သော် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ဖြစ်သူ၊ မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် လက်ရှိအချိန်တွင် တောင်ပိုင်းဒေသ၏ ဝေးလံခေါင်ဖျားသော နေရာတစ်ခု၌ လှည့်လည်သွားလာနေ၏။
စက္ကူကြိုးကြာ စာပို့လုလင်သည် ပျံသန်းရင်း ပျံသန်းရင်း လမ်းတစ်ဝက်တွင် ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ မီးလောင်ကျွမ်းပြီး ပြာဖြစ်သွားလေတော့သည်။
လီမိုဟွမ် ထိုကိစ္စကို မသိရှိပေ။
ထိုအချိန်တွင် သူသည် ရေပေါ်ဖြူမြို့တော်ရှိ မိသားစု တစ်စုအတွက် အဝတ်လျှော်ပေးနေရ၏။
တောင်ပုံရာပုံ ပုံထားသော အဝတ်အစားများကို ကြည့်လိုက်ရာ အချို့မှာ ဝါထိန်နေပြီး အနံ့အသက် ဆိုးဝါးလှသဖြင့် ဒေါသထွက်လာကာ မီးလုံးတစ်လုံး ပစ်လွှတ်ပြီး ပြာကျအောင် လုပ်ပစ်လိုက်သည်။
“တော်ပြီကွာ... မလုပ်တော့ဘူး...”
ရက်ပေါင်းများစွာ အိပ်ရေးပျက်ခံ၊ ပင်ပန်းခံ လုပ်ကိုင်ခဲ့ရမှုများနှင့် ရင်ထဲရှိ ဒေါသများ ပေါင်းစပ်လိုက်သောအခါ လီမိုဟွမ်၏ စိတ်အခြေအနေသည် အလွန် ဆိုးရွားနေပြီ ဖြစ်ပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေတော့၏။
နောက်ဆုံးတွင် လက်တွေ့ဘဝက လီမိုဟွမ်ကို အနိုင်ယူသွား၏။
သူ ထွက်ပြေးရန် ရွေးချယ်လိုက်သည်။
“ဟွန်း... မလုပ်တော့ဘူးကွာ... ပြီးတာပဲ မဟုတ်လား...”
လီမိုဟွမ်သည် ဓားပျံကို ဝှေ့ယမ်းလိုက်ရာ ခြံဝန်းတံခါးကြီး ကွဲကြေပျက်စီးသွားပြီး ဘေးပတ်လည်ရှိ လူများကို လန့်ဖျပ်သွားစေသည်။
“တာအိုရောင်းရင်းလီ... ခင်ဗျား ဘာလုပ်တာလဲ... ဂိုဏ်းချုပ်ယဲ့ အပြစ်ပေးမှာ မကြောက်ဘူးလား...”
အနီးနားမှ ဖြတ်သွားသော ဒုတိယတပ်မှူး ကျိုးကျားချိုင်က ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အလျင်အမြန် လှမ်းအော်လိုက်သည်။
“အပြစ်ပေးမယ် ဟုတ်လား... ဟားဟား... ဒီသောက်တာဝန်တွေက လူကို တမင်သက်သက် နှိပ်စက်နေတာ... ငါ မလုပ်တော့ဘူး... ငါ လီမိုဟွမ် ဂိုဏ်းက ထွက်ပြီ... ဟားဟားဟား...”
လီမိုဟွမ်သည် သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဓားပျံစီးကာ မြူခိုးဂိုဏ်းဆီသို့ ဦးတည် ပျံသန်းသွားတော့၏။ ရေပေါ်ဖြူမြို့တော်ရှိ လူများအားလုံး အံ့အားသင့် ကျန်ရစ်ခဲ့ကြသည်။
ဒေါသထွက်နေသော လူတစ်ယောက်သည် ဘာကိုမှ မကြောက်တော့ပေ။
လီမိုဟွမ်သည် ယခုအချိန်တွင် ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်နေပြီး ဒေါသများ ပွက်ပွက်ဆူနေလေ၏။
သူသည် အမြန်ဆုံး အရှိန်ဖြင့် မြူခိုးဂိုဏ်းသို့ ပျံသန်းသွားပြီး ဧည့်တွေ့ခေါင်းလောင်းကို တီးလိုက်သည်။ မြေခွေးတာ့ဟုန်၏ ဦးဆောင်မှုဖြင့် တောင်ထိပ်သို့ ရောက်ရှိသွား၏။
ထိုအချိန်တွင် ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် လဲလျောင်းနေလေ၏။
“ငါ လီမိုဟွမ်... ဂိုဏ်းက ထွက်တယ်...”
လီမိုဟွမ်သည် တာဝန်စာအုပ်ငယ်ကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ပြီး အနောက်ဘက်သို့ အမြန်ဆုံး အရှိန်ဖြင့် ထွက်ခွာသွားလေတော့သည်။
ထွက်ခွာသွားသော လီမိုဟွမ်၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာ၏။
“နောက်ဆုံးတော့ မောင်းထုတ်လို့ ရသွားပြီ... အခု နွယ်ပင်ကို လိုက်ပြီး အသီးကို ရှာလို့ ရပြီ... နတ်ဆိုးဂိုဏ်းရဲ့ တည်နေရာ အတိအကျကို သိရတော့မယ်...”
ယဲ့ဖုန်း၏ ပုံရိပ် ဝါးသွားပြီး နန်လုတောင်တန်းတွင် ပြန်ပေါ်လာသည်။ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အဖော်မလေးများနှင့် ကစားနေသည်ကို တွေ့လိုက်ရသည်။
“ဟာ... ဂိုဏ်းချုပ်... ဘာလို့ ဒီကို ရောက်လာပြန်တာလဲ... လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ဆိုတာ မရှိတော့ဘူးလား...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အဝတ်အစားများကို ကပျာကယာ ဝတ်ဆင်လိုက်ရသည်။
ယဲ့ဖုန်းသည် သူ့ကို ဖမ်းဆွဲပြီး တောင်ထိပ်သို့ ခေါ်သွားကာ ပြောလိုက်သည်။
“မင်းအတွက် တာဝန်တစ်ခု ရှိတယ်...”
သူသည် အဝေးမှ လီမိုဟွမ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ဟို ဒေါသထွက်နေတဲ့ ကောင်လေးကို မြင်လား... သူ့နောက်ကို လိုက်သွား... ပြီးတော့ သူ့နောက်ကွယ်က အင်အားစုတွေရဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းခဲ့...”
“ဂိုဏ်းချုပ်... စိတ်ချပါ... ကျွန်တော် သေချာပေါက် ပြီးမြောက်အောင်... အဲ... ဆုလက်ဆောင်ကရော...” မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် လက်ဖြန့်လိုက်သည်။
“ပြောပြရဦးမယ်... သူက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကပဲ...” ယဲ့ဖုန်းသည် နတ်ဆိုးဗိုလ်ချုပ် အဆင့် ဝိညာဉ်သွေး အနည်းငယ်ကို ထုတ်ယူလိုက်ပြီး သတိပေးလိုက်သည်။
“ရှီး...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် နောက်တွန့်သွားပြီး လက်ကာပြလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော် ဒီရက်ပိုင်း အဖော်မလေးတွေနဲ့ ကစားတာ များသွားလို့ ခါးနာနေတယ်... ဒီတာဝန်ကို တခြားလူပဲ ခိုင်းလိုက်ပါဗျာ...”
“စကားမများနဲ့... သွားစမ်း...”
ယဲ့ဖုန်းသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ တင်ပါးကို ကန်လိုက်ရာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ငှက်ဖြူတစ်ကောင် အဖြစ် ပြောင်းလဲကာ အလျင်အမြန် လိုက်ပါသွားရရှာတော့၏။
...
မိုင်ထောင်ချီ ဝေးကွာသော အရပ်၌...
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် တောင်ပိုင်းမြစ်ဝှမ်း ဒေသ၏ နယ်စပ်တွင် ရှိနေပြီး အသစ်ဆောက်လုပ်ထားသော ဧရာမ နတ်ဆိုးချုပ်နှောင်မျှော်စင်ကြီးကို ငုံ့ကြည့်ကာ သဲကန္တာရမှ ဖမ်းဆီးလာသော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကို ကိုယ်တိုင် ချိတ်ပိတ်ထား၏။
“ဟဲဟဲဟဲ... အောင်မြင်မှုနဲ့ ပိုနီးစပ်လာပြီ...”
သူသည် မြူခိုးတောင်ထိပ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေလေ၏။
“ဒီအချိန်လောက် ဆိုရင် လီမိုဟွမ် ဆိုတဲ့ ကောင်လေးက အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရနေလောက်ပြီ... ဂိုဏ်းပြန်ပြီး သွားကြည့်ဖို့ အချိန်တန်ပြီ...”
ထိုအချိန်တွင် ရွှေရောင် စက္ကူကြိုးကြာ တစ်ကောင် အဝေးမှ ပျံသန်းလာ၏။
ရွှေရောင် စက္ကူကြိုးကြာသည် အဆင့်မြင့် စာပို့လုလင် ဖြစ်ပြီး ဝိညာဉ်စွမ်းအင် အလုံအလောက် ထည့်သွင်းထားပါက မိုင်သောင်းချီ ပျံသန်းနိုင်စွမ်း ရှိလေ၏။
“ဟေ... လီမိုဟွမ်က ဂိုဏ်းကို ပြန်ရောက်နေပြီပဲ... ဘာ... ဒီကောင်လေးက ဂိုဏ်းကနေ ထွက်လိုက်ပြီ ဟုတ်လား... နေဦး... ငါ ပြန်ရောက်ရင် မင်း သေပြီမှတ်...”
ဒေါသထွက်နေသည့် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း နယ်မြေဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းသွားလေတော့သည်။
*
ထိုက်ယွဲ့တောင်တန်း၏ အနောက်တောင်ဘက်...
ဤနေရာသည် ကြမ်းတမ်းသော နယ်မြေ တစ်ခုဖြစ်၏။
မိုင်ရာချီ ရှည်လျားသော မီးခိုးရောင် ကျောက်တုံးကြီးများ ဖုံးလွှမ်းနေပြီး လူသူကင်းမဲ့ကာ ခြောက်သွေ့နေသဖြင့် “ကျောက်မဲ ကန္တာရ” ဟု ခေါ်ဝေါ်ကြသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် နှစ်ပါးသည် ဤနေရာတွင် ကြီးမားသော တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ကြ၏။
ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ကောင်းကင်မှ ကျဆင်းလာပြီး ဤဒေသကို ယခုကဲ့သို့ ဖြစ်သွားအောင် လောင်ကျွမ်းစေခဲ့သည်။ မြေပြင်အပူချိန် အလွန် မြင့်မားပြီး ကျောက်တုံးများမှာလည်း ထက်ရှနေသဖြင့် ခွေးတောင် မဝင်ရဲသော နေရာဖြစ်၏။
သို့သော် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် ကျောက်မဲ ကန္တာရသို့ ရောက်ရှိလာခဲ့သည်။
သူသည် ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်တွင် ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်လမ်းကြောင်း တစ်ခု ပွင့်လာပြီး မီတာထောင်ချီ နက်ရှိုင်းသော မြေအောက် လိုဏ်ဂူကြီး တစ်ခုထဲသို့ ရောက်ရှိသွားတော့၏။
ဤနေရာသည် စက်ဝိုင်းပုံသဏ္ဌာန် ရှိပြီး ကီလိုမီတာ ထောင်ချီ ကျယ်ဝန်းကာ ဧရာမ ကျောက်တိုင်ကြီးများက မီတာရာချီ မြင့်မားသော မျက်နှာကြက်ကို ထောက်မထား၏။
ဤနေရာသည် အခြားကမ္ဘာတစ်ခု သဖွယ် ဖြစ်နေသည်။
အတွင်းဘက်တွင် မူလအဆင့် ဝိညာဉ်သွေးကြော (၃) ခုကိုပင် ချိတ်ပိတ်ထား၏။
အပေါ်ဘက်တွင် ဝိညာဉ်စွမ်းအင် လောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာသော နေလုံးတု အများအပြားသည် ဤမြေအောက်ကမ္ဘာကို အလင်းပေးထားကြသည်။
ဤကမ္ဘာ၏ အလယ်ဗဟိုတွင် ရှေးဟောင်း အဆောက်အအုံများစွာ တည်ရှိနေလေ၏။
ဤနေရာသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ ဌာနချုပ်ပင် ဖြစ်ချေသည်။
ခြင်ဖြူတစ်ကောင်သည် ကျောက်တိုင် တစ်ခုပေါ်တွင် နားနေပြီး မီတာရာချီ ဝေးကွာသော ဂိုဏ်းချုပ် ခန်းမဆောင်ကြီးကို ကြည့်ရှုနေကာ အသက်ပင် မရှူရဲဘဲ ဖြစ်နေတော့၏။
၎င်းမှာ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ပင်ဖြစ်သည်။
မကြာသေးမီက လီမိုဟွမ်၏ နောက်သို့ လိုက်ပါလာပြီးနောက် သူသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ မြေအောက် ဌာနချုပ်ထဲသို့ သတိမထားမိစေဘဲ အောင်မြင်စွာ လျှိုဝင်နိုင်ခဲ့ခြင်းဖြစ်၏။
လီမိုဟွမ်မှာမူ ပြန်ရောက်ကတည်းက ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲတွင် ဒူးထောက်နေရပြီး ဂိုဏ်းချုပ်၏ အမိန့်ကို စောင့်ဆိုင်းနေရသည်။
“ကျေးဇူးကန်းတဲ့ကောင်... မင်း ပြန်လာရဲသေးတယ်ပေါ့...”
ထိုအချိန်တွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် ခန်းမဆောင်ကြီး ရှေ့သို့ ဆင်းသက်လာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။
သူသည် မျက်နှာဖုံး စွပ်ထားသဖြင့် မည်သူမှန်း မမြင်ရပေ။
ယဲ့ဖုန်းသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ မျက်လုံးများမှတစ်ဆင့် ကြည့်ရှုနေပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ကို တွေ့လိုက်ရသောအခါ မျက်လုံးများ စူးရှသွားတော့သည်။
“ဒါ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ပဲ...”
ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံကို ကိုင်ထားပြီး သေချာ စိစစ်ကြည့်ရှုနေသော်လည်း ဂိုဏ်းချုပ်က ဘယ်သူလဲ ဆိုတာ မှတ်မိခြင်း မရှိဘဲ အခြားလူတစ်ယောက်ဟုသာ ထင်မှတ်လိုက်မိသည်။
“မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲရော... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ရော... နှစ်ယောက်စလုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင်တွေပဲ... သူတို့ နောက်ကွယ်မှာ ပိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ ရှိမနေဘူးလို့ ဘယ်သူ ပြောနိုင်မလဲ... ငါ သတိထားခဲ့တာ တကယ် မှန်ကန်တဲ့ ရွေးချယ်မှုပဲ...” ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်း၌...
ရုပ်ဖျက်ထားသော မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွား၏။
ယဲ့ဖုန်း၏ ညွှန်ကြားမှုဖြင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဝိညာဉ်သားရဲ အမွှေးအမျှင် တစ်ပင် အဖြစ် ပြောင်းလဲလိုက်ပြီး ခန်းမဆောင်ကြီး အပြင်ဘက်သို့ တိတ်တဆိတ် ဝင်ရောက်ကာ ချောင်းမြောင်း ကြည့်ရှုလိုက်၏။
ယဲ့ဖုန်းလည်း ခန်းမဆောင်ကြီး အတွင်းမှ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် အပြင် အခြားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပညာရှင် အများအပြားလည်း ရှိနေကြပြီး အားလုံးသည် ပုံစံတူ ဝတ်ဆင်ထားကြသည်။
အနက်ရောင် ဝတ်စုံများနှင့် မျက်နှာဖုံးများ...
ထိုအချိန်တွင် လီမိုဟွမ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ငိုကြွေးမြည်တမ်းနေလေ၏။
“ဂိုဏ်းချုပ်... တကယ် ကျွန်တော့်အပြစ် မဟုတ်ပါဘူးဗျာ... အားလုံးက ဟို ယဲ့ဖုန်းကြောင့်ပါ... ဂိုဏ်းချုပ် မသိပါဘူး... သူက ကျွန်တော့်အတွက် မယုံနိုင်စရာ ကောင်းလောက်အောင် ခက်ခဲတဲ့ တာဝန်တွေ စီစဉ်ပေးခဲ့တာ... ကျွန်တော် နေ့တိုင်း ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ မပြီးနိုင်ဘူး... မြူခိုးတောင်ထိပ် နားက တောင်တွေကိုတောင် လှမ်းကြည့်ခွင့် မရခဲ့ဘူး... ဂိုဏ်းချုပ် ပေးတဲ့ တာဝန်ကို ပြီးမြောက်ဖို့ ဆိုတာ ဝေးရော...”
လီမိုဟွမ်သည် ဂိုဏ်းထဲတွင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို အသေးစိတ် ပြန်လည် ပြောပြလာ၏။
ထိုစကားများကို ကြားသောအခါ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှ အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာထားများ တဖြည်းဖြည်း ထူးဆန်းလာ၏။
ရေမြောင်းဆေးတာ... ကြက်ဥကောက်တာ... နွားနို့ညှစ်တာ... ကလေးထိန်းတာ... ဝက်သတ်တာ... ချေးရည်သယ်ပြီး ဟင်းသီးဟင်းရွက် ရေလောင်းတာ...
ဒီတာဝန်တွေက တကယ်ကို ထူးဆန်းလွန်းတယ်...
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲလည်း စိတ်ဓာတ်ကျသွားသည်။
ယဲ့ဖုန်း တမင်သက်သက် လုပ်တာ ဖြစ်မည်ဟု သူ ခံစားလိုက်ရသည်။
ဘယ်သူကများ တပည့်သစ် တစ်ယောက်ကို ဒီလို တာဝန်မျိုးတွေ ပေးမှာလဲ...
“မင်းအဘိုးကိုမှ...”
နောက်ဆုံးတွင် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည်လည်း လီမိုဟွမ် ကဲ့သို့ပင် ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။
အခန်း (၃၃၅) လန်တယ်၊ ဒါကို မယားဆုံး၍ စစ်ရှုံးသည်ဟု ခေါ်သည်
~နောက်ကွယ်မှာ...
ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံကို ကြည့်ပြီး ‘ဖူး’ ခနဲ ရယ်ချလိုက်မိသည်။
“ဟားဟား... ဂိုဏ်းတူတွေ ဆိုတာ သိသာလိုက်တာ... ကျိန်ဆဲတဲ့ ပုံစံချင်းက ထပ်တူနီးပါးပဲ... လခွမ်း...”
ယဲ့ဖုန်းသည် တစ်ဖက်လူ၏ လေယူလေသိမ်းကို အတုခိုးပြီး အရောင်စုံ စကားလုံးအချို့ကို ထုတ်သုံးလိုက်သည်။
*
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ခန်းမဆောင်ကြီးဝယ်...၊
လီမိုဟွမ်သည် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ၏ ခြေထောက်ကို ဖက်တွယ်ထားပြီး အော်ဟစ်ငိုကြွေးနေလေ၏။
“ဂိုဏ်းချုပ်... တပည့် မကြိုးစားတာ မဟုတ်ပါဘူး... ယဲ့ဖုန်း ပေးတဲ့ တာဝန်တွေက ထူးဆန်းလွန်းလို့ပါ...”
“ထွက်သွားစမ်း...”
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် သူ့ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
သူသည် ဂိုဏ်းချုပ်ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး နားထင်ကို ဖိနှိပ်ကာ အဝေးသို့ လှမ်းမျှော်ကြည့်ရင်း စိတ်ဓာတ်ကျမှုများ ပိုမို တိုးပွားလာ၏။
“ဘာကြောင့် ဒီလို ဖြစ်သွားလဲ ဆိုတာ ငါ မသိဘူး... ဒါပေမဲ့ ယဲ့ဖုန်းက တာဝန်တွေကို ဒီလို စီစဉ်တယ် ဆိုကတည်းက သူ တစ်ခုခုကို သေချာပေါက် ရိပ်မိသွားပြီ ဆိုတာ သေချာတယ်...”
“ဒါပေမဲ့ ယဲ့ဖုန်း အနေနဲ့ မင်းက ငါတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက တပည့် ဖြစ်နေမှန်း သိချင်မှ သိမှာပါ... ဖြစ်နိုင်တာက မင်းရဲ့ ကျင့်ကြံဆင့်က မြင့်လွန်းနေလို့ သံသယ ဖြစ်သွားတာ နေမှာပါ... ချင်းယွင်ဂိုဏ်းလို ဂိုဏ်းမျိုးက လွှတ်လိုက်တဲ့ သူလျှိုများလား ဆိုပြီး သတိထားတာ ဖြစ်နိုင်တယ်...”
“ဒါကြောင့် ငါတို့ နောက်တစ်ဆင့် အနေနဲ့... ပါရမီ သာမန်လောက်ပဲ ရှိပြီး ကျင့်ကြံဆင့် နိမ့်တဲ့ တပည့် တစ်ယောက်ကို လွှတ်ရမယ်... အထူးသဖြင့် လှပတဲ့ မိန်းကလေး တစ်ယောက် ဆိုရင် ပိုကောင်းမယ်...”
“ယဲ့ဖုန်း အနေနဲ့ နုနယ်လှပတဲ့ မိန်းကလေး တပည့် တစ်ယောက်ကို ရေမြောင်း ဆေးခိုင်းရဲပါ့မလား ဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ပြောပြီးသည်နှင့် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် အခြား အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲများကို ကြည့်ပြီး မေးလိုက်သည်။
“ငါ့အစီအစဉ်ကို မင်းတို့ ဘယ်လိုမြင်လဲ...”
“ဂိုဏ်းချုပ်ရဲ့ အစီအစဉ်က ပြစ်မျိုးမှဲ့မထင်ပါပဲ... သေချာပေါက် အောင်မြင်မှာပါ...”
အကြီးအကဲများက အလျင်အမြန် မြှောက်ပင့်လိုက်ကြသည်။
ထိုစဉ်၊ မဟာအကြီးအကဲက မထီမဲ့မြင် ပြုံးလိုက်သည်။
“ဟွန်း... လီမိုဟွမ်ကို လွှတ်တုန်းကလည်း မင်းတို့ ဒီလိုပဲ ပြောခဲ့ကြတာပဲ...”
ထိုစကားကို ကြားသောအခါ အကြီးအကဲများမှာ တိတ်တဆိတ် ခေါင်းငုံ့သွားကြသည်။
“ငဖား ကောင်တွေ... ထွက်သွားကြစမ်း...”
မဟာအကြီးအကဲသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားကာ ဂိုဏ်းဝင်းအတွင်း လမ်းလျှောက်နေလေ၏။
ယဲ့ဖုန်းသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် (အမွှေးအမျှင် အဖြစ် အသွင်ပြောင်းထားသူ) ကို အလျင်အမြန် လှုံ့ဆော်ပြီး နောက်မှ လိုက်ပါစေကာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ နယ်မြေ တစ်ခုလုံးကို အပြည့်အဝ မြင်တွေ့နိုင်ရန် စီစဉ်လိုက်သည်။
မဟာအကြီးအကဲသည် ခြံဝန်းတစ်ခုသို့ ရောက်ရှိသွားသည်။
အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေး တစ်ဦး ချက်ပြုတ်နေသည်ကို ကြည့်ပြီး သူ လေးနက်စွာ ပြောလိုက်သည်။
“လန်တယ်... မင်းအတွက် တာဝန် တစ်ခု ရှိတယ်...”
မိန်းမပျိုလေးသည် ချက်ချင်း ဒူးထောက်လိုက်သည်။
“အမိန့်ပေးပါ ဂိုဏ်းချုပ်...”
“ငါ မင်းကို မိုင်ထောင်ချီ ဝေးကွာတဲ့ ကြယ်အဆင့် မြူခိုးဂိုဏ်းဆီ ခေါ်သွားမယ်... အဲဒီမှာ ဂိုဏ်းဝင်ချင်ယောင်ဆောင်ပြီး သူလျှိုလုပ်ကာ သတင်းအချက်အလက်တွေ စုဆောင်းရမယ်... နားလည်လား...”
“တပည့် နားလည်ပါပြီ ဂိုဏ်းချုပ်...”
လန်တယ်သည် မြေကြီးပေါ်တွင် ဒူးထောက်လျက် နဖူးဖြင့် ကြမ်းပြင်ကို ထိကာ အလွန် ရိုသေလေးစားဟန် ပြသလိုက်သည်။
တင်းတင်းစေ့ထားသော သူမ၏ မျက်လုံးများ နောက်ကွယ်တွင် ဒေါသအမျက်များ တောက်လောင်နေသည်ကို မည်သူမျှ မသိရှိကြပေ။
...
“ဟာ... ငါ့အတွက် ပြဿနာတွေ ထပ်ရှာပေးနေပြန်ပြီ...”
ယဲ့ဖုန်းသည် လန်တယ်၏ ပုံရိပ်ကို ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားတော့သည်။
တစ်နာရီ ကြာပြီးနောက်...
မဟာအကြီးအကဲ၏ စောင့်ရှောက်မှုအောက်တွင် လန်တယ်သည် ကျောက်မဲ ကန္တာရမှ ထွက်ခွာလာပြီး ပြင်ပကမ္ဘာကြီးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်... ဒါ ပြင်ပကမ္ဘာလားဟင်...” သူမ စိတ်ဝင်တစား မေးလိုက်သည်။
“ဟွန်း... ဘာတွေ မေးနေတာလဲ... မင်းရဲ့ တာဝန်ကိုပဲ အာရုံစိုက်ထား... ယဲ့ဖုန်း မေးလာရင် မင်းက ငယ်ငယ်ကတည်းက မိဘမဲ့ တစ်ယောက် ဖြစ်ပြီး ဆင်းရဲဒုက္ခတွေ ကြုံခဲ့ရတယ် လို့ ပြော... မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကို ကြားဖူးလို့ လာရောက် လျှောက်ထားတာပါ လို့ ပြော... နားလည်လား...”
မဟာအကြီးအကဲက ညွှန်ကြားလိုက်သည်။
“တပည့် နားလည်ပါပြီ...” လန်တယ်က ခေါင်းငုံ့ပြီး လိမ္မာစွာ ဖြေလိုက်သော်လည်း သူမ၏ မျက်ဝန်းနက်များ အတွင်းတွင် အေးစက်သော အရိပ်အယောင် တစ်ခု ဖြတ်သန်းသွားတော့၏။
သူတို့နှစ်ဦး မြေအောက် လိုဏ်ဂူမှ ထွက်ခွာသွားချိန်တွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အခွင့်ကောင်းယူကာ တိတ်တဆိတ် ထွက်ပြေးပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ သွားရောက်လိုက်သည်။
“ဂိုဏ်းချုပ်... ဟိုကောင်တွေ နောက်ထပ် သူလျှိုတစ်ယောက် ခေါ်လာပြန်ပြီ... ဂိုဏ်းချုပ် သတိထားမှ ဖြစ်မယ်...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် နဖူးကို လက်ဖြင့် ဖိလိုက်ပြီး နတ်ဆိုးသားရဲဆောင် ကို ကြားခံအဖြစ် အသုံးပြုကာ ယဲ့ဖုန်းထံသို့ သတင်းပို့လိုက်သည်။
“သိပြီ... မင်း သွားနားတော့...”
ယဲ့ဖုန်း ပြန်လည် ဖြေကြားလိုက်သည်။ မြူခိုးတောင်ထိပ်တွင် မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်ရှုရင်း သူလျှိုသစ် လန်တယ် ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
နေဝင်ရီတရော အချိန်တွင်...
ဧည့်တွေ့ခေါင်းလောင်းသံသည် တောင်ခြေမှ ပဲ့တင်ထပ်လာ၏။
“မြေခွေးတာ့ဟုန်... လူကို ခေါ်လာခဲ့...” ယဲ့ဖုန်း လှမ်းခေါ်လိုက်သည်။
“ဟုတ်ကဲ့...”
ကြက်ပေါင် ကိုက်ထားသော မြေခွေးတာ့ဟုန်သည် တောင်အောက်သို့ ခုန်ဆင်းသွားသည်။ အဖြူရောင် ခြေဗလာနှင့် အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် မိန်းမပျိုလေး တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသောအခါ မေးလိုက်၏။
“မင်းက ဘယ်သူလဲ... ဘာကိစ္စ ရှိလို့လဲ...”
အနီရောင် အမွှေးပွပွနှင့် မြေခွေးတာ့ဟုန်ကို မြင်လိုက်ရသောအခါ လန်တယ်၏ မျက်လုံးများ အရောင်လက်သွားပြီး ချစ်စရာ ကောင်းလွန်းသဖြင့် ပြေးဖက်ချင်စိတ် ပေါက်သွားသည်။
“ကျွန်မ နာမည် လန်တယ် ပါ... မြူခိုးဂိုဏ်း ဝင်ချင်လို့ပါ...”
လန်တယ်သည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
“လိုက်ခဲ့...”
မြေခွေးတာ့ဟုန်သည် လက်သည်းကို ဝှေ့ယမ်းလိုက်ပြီး လမ်းကြောင်း ဖွင့်ပေးကာ လန်တယ်ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားတော့၏။
သို့သော် လန်တယ်တွင် ကျင့်ကြံဆင့် မရှိသဖြင့် အလွန် နှေးကွေးစွာ တက်နေရသည်။
မြူခိုးတောင်ထိပ်၏ လှေကားထစ် (၃၀၀၀) ကို ကြည့်ပြီး လမ်းခရီးသည် အလွန် ခက်ခဲကြမ်းတမ်းကြောင်း သူမ တွေ့ရှိလိုက်ရသည်။
“မင်းက နှေးလိုက်တာ...”
မြေခွေးတာ့ဟုန်သည် မြူခိုးများကြားမှ ထွက်ပေါ်လာပြီး ပြောလိုက်သည်။ “ငါ (၅) ခေါက်၊ (၆) ခေါက်လောက် တက်လိုက်ဆင်းလိုက် လုပ်ပြီးပြီ... မင်းက ခုထိ ထိပ်မရောက်သေးဘူး...”
“ကျွန်မမှာ ကျင့်ကြံဆင့် မရှိလို့ လမ်းလျှောက်တာ နည်းနည်း နှေးနေတာပါ... ခွင့်လွှတ်ပါနော်...”
လန်တယ်သည် ကျောက်လက်ရန်းကို ကိုင်ထားပြီး မောဟိုက်ကာ ချွေးများ ရွှဲနစ်နေသည်။ သို့သော် သူမ၏ မျက်လုံးများထဲရှိ ဆုံးဖြတ်ချက် ခိုင်မာမှုကို ပင်ပန်းနွမ်းနယ်မှုများက ဖုံးကွယ်မထားနိုင်ပေ။
“ထားလိုက်တော့... ငါ ခေါ်သွားပေးမယ်...”
မြေခွေးတာ့ဟုန်သည် ကြက်ပေါင်ကို လက်ရန်းပေါ် တင်လိုက်ပြီး လက်ဟန်များ ဖော်ဆောင်ကာ မန္တန် ရွတ်ဆိုလိုက်သည်။ လက်ချောင်းကို ဖောက်လိုက်ရာ ပါးစပ်ထဲမှ မီးခိုးငွေ့ တစ်တန်း ထွက်ပေါ်လာပြီး တစ်မီတာခန့် မြင့်မားသော စက္ကူစစ်သည်တော် ဗိုလ်ချုပ်အဖြစ် ပြောင်းလဲသွားတော့၏။
“တက်လိုက်...”
မြေခွေးတာ့ဟုန်သည် ကြက်ပေါင်ကို ကောက်ယူပြီး လှေကားထစ်များအတိုင်း ပြေးတက်သွားတော့၏။
စက္ကူစစ်သည်တော် ဗိုလ်ချုပ်သည် လန်တယ်ကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး တောင်ပေါ်သို့ စတင် တက်လှမ်းလေတော့သည်။
“ဝေါ... ဒါ နတ်ဘုရား မန္တန်လားဟင်...”
လန်တယ်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာပြီး ‘စက္ကူစစ်သည်တော်’ မန္တန်ကို မြင်လိုက်ရသောအခါ သင်ယူချင်စိတ်များ ဖြစ်ပေါ်လာ၏။
“နှေးလိုက်တာ...”
မြူခိုးတောင်ထိပ်တွင် ယဲ့ဖုန်းသည် ငှက်ပျောရွက် ယပ်တောင် အသေးစားလေးဖြင့် ယပ်ခပ်နေပြီး လေပြေညှင်းကို ခံစားရင်း လန်တယ်၏ နှေးကွေးမှုကို တွေးတောနေမိသည်။
“ရောက်ပြီ...”
ထိုအချိန်တွင် မြေခွေးတာ့ဟုန် တောင်ထိပ်သို့ ရောက်ရှိလာပြီး နောက်မှ လန်တယ်ကို ထမ်းထားသော စက္ကူစစ်သည်တော် ဗိုလ်ချုပ် ပါလာ၏။
“ဖလူး…”
ရုတ်တရက် စက္ကူစစ်သည်တော် ဗိုလ်ချုပ်သည် မီးခိုးငွေ့ အဖြစ် ပြောင်းလဲသွားပြီး မြေခွေးတာ့ဟုန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပေါင်းစပ်သွားတော့၏။ မြေခွေးတာ့ဟုန်သည် ကြက်ပေါင်ကြီးကို ကိုင်လျက် အသစ်ဆောက်ထားသော တံတားကို ဖြတ်ကျော်ပြီး နတ်ဆိုးသားရဲစင်မြင့်ဆီသို့ ပြေးထွက်သွားလေတော့သည်။
မြူခိုးတောင်ထိပ်တွင် လန်တယ်နှင့် ယဲ့ဖုန်းသာ ကျန်ရစ်ခဲ့သည်။
ရှေ့ရှိ ချောမောခန့်ညားပြီး ထူးခြားသော လူငယ်လေးကို ကြည့်ပြီး လန်တယ်၏ ပါးပြင်များ ရဲတက်လာကာ နှလုံးခုန်သံများ မြန်ဆန်လာ၏။
ငယ်စဉ်ကတည်းက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြေအောက် လိုဏ်ဂူထဲတွင် နေထိုင်ခဲ့ရသဖြင့် ပြင်ပကမ္ဘာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
လီမိုဟွမ် ကဲ့သို့သော လူငယ် တပည့်များကို တွေ့မြင်ဖူးသော်လည်း သူတို့၏ ရုပ်ရည်ကို သဘောမကျခဲ့ပေ။
သို့သော် ယနေ့ ယဲ့ဖုန်းကို တွေ့လိုက်ရသောအခါ...
သူ၏ ထူးခြားသော ရုပ်ရည်သွင်ပြင်သည် သူမ၏ နှလုံးသားကို ချက်ချင်း ဖမ်းစားလာ၏။
“ငါက ယဲ့ဖုန်း... မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ...”
ယဲ့ဖုန်းသည် ယပ်တောင်ကို ခတ်လိုက်ပြီး နှုတ်ခမ်းထောင့်များတွင် အပြုံးနုနုလေး တစ်ခု ပေါ်လာသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ... ဘာလို့ ဒီကို ရောက်လာတာလဲ...”
သူ၏ အသံသည် တောင်ကျစမ်းရေကဲ့သို့ ကြည်လင်ပြတ်သားလှသည်။
လန်တယ် ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းနီလေးများ အနည်းငယ် ပွင့်ဟကာ ပြန်ဖြေလိုက်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... ကျွန်မ နာမည် လန်တယ် ပါ... ဆင်းရဲတဲ့ တောင်ပေါ်ရွာလေးက လာတာပါ... မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကို ကြားဖူးလို့ နတ်ဘုရား မန္တန်တွေ သင်ယူဖို့ လာရောက် လျှောက်ထားတာပါ...”
“အင်း... ဒီဂိုဏ်းချုပ် မင်းရဲ့ အရိုးတွေကို စစ်ဆေးကြည့်မယ်...”
ယဲ့ဖုန်းသည် လက်ကို ဆန့်တန်းလိုက်ပြီး မိန်းကလေး၏ ဖြူဖွေးနုနယ်သော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ သူမ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာလေး နီရဲသွားတော့၏။
“စနစ်... ဒီလူက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက မဟုတ်ဘူးလား... မြူခိုးဂိုဏ်း ဝင်ဖို့ မသင့်တော်ဘူး မဟုတ်လား...”
လန်တယ်၏ နောက်ခံအကြောင်းအရာကို သိထားသော်လည်း ယဲ့ဖုန်းသည် ထုံးစံအတိုင်း မေးမြန်းလိုက်သည်။
(တီ..တီ.. ဂိုဏ်းဝင်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်...)
စနစ်၏ အချက်ပေးသံကြောင့် ယဲ့ဖုန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လန်တယ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ရာ သူမ ပိုမို ရှက်ရွံ့သွားပြီး မျက်နှာကို ရင်ဘတ်ထဲ မြှုပ်ထားမတတ် ဖြစ်သွားတော့၏။
“မဖြစ်နိုင်ဘူး...”
ယဲ့ဖုန်း မျက်တောင်ခတ်လိုက်သည်။
‘လန်တယ်ရဲ့ ကိုယ်ခန္ဓာက ချောင်စခန်းမှာ ရှိနေပေမယ့် စိတ်နှလုံးက ဟန် ဘက်မှာ ရှိနေတာများလား... အပေါ်ယံမှာတော့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ တပည့်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မဟုတ်ဘူး... အဲ့လိုလား၊ ဒါကြောင့် ဂိုဏ်းဝင်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတာ ဖြစ်မယ်…’
ထိုသို့ တွေးတောပြီးနောက် ယဲ့ဖုန်းသည် အမည်စာရင်း စာအုပ်ကို ထုတ်ယူလိုက်ပြီး လန်တယ်၏ အခြေခံ အချက်အလက်များကို ရေးမှတ်ကာ ဂိုဏ်းချုပ်တံဆိပ်တုံး ထုပေးလာ၏။
(တီ..တီ.. စာရင်းသွင်း တပည့် ‘လန်တယ်’ ကို လက်ခံရရှိပါပြီ.. သာမန်လူသား၊ ဝိညာဉ်မျက်လုံး ပွင့်ပြီး၊ အဆင့်နိမ့် ကျင့်ကြံခြင်း အမြစ်၊ ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာ (အသက်မဝင်လာသေးပါ)၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအပေါ် နက်ရှိုင်းတဲ့ နာကြည်းချက် ရှိပါတယ်...)
“ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာ... အဲဒါ ဘာ ခန္ဓာကိုယ်မျိုးလဲ...” ယဲ့ဖုန်း ဒီခန္ဓာကိုယ်အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သဖြင့် နားမလည်နိုင် ဖြစ်နေရသည်။
စနစ်က ရှင်းပြလာ၏။
"ဝိညာဉ်လိပ်ပြာတွေဆိုတာ သဘာဝအလျောက် မွေးဖွားလာတဲ့ ဝိညာဉ်သားရဲတွေ ဖြစ်ပြီး စွမ်းအားကြီးမားလှတဲ့ စိတ်ကူးယဉ်ကမ္ဘာ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပါတယ်..."
"စိတ်ကူးယဉ်ကမ္ဘာထဲမှာရှိတဲ့ တခြားသက်ရှိတွေရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖတ်ရှုနိုင်စွမ်း ရှိကြတယ်။"
"လွန်ခဲ့တဲ့ ဘဝတုန်းကတော့ မူလနတ်ဘုရား အဆင့်ထိ ရောက်ရှိခဲ့ဖူးပြီး ကြီးမားတဲ့ တိုက်ပွဲတစ်ခုမှာ မျိုးသုဉ်းသွားခဲ့ရတာပါ။"
"သူတို့ရဲ့ မူလဝိညာဉ် အစအနလေးတစ်ခုကနေ ဝင်စားလာပြီး လန်တယ် အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်…”
“မှတ်ဉာဏ်တွေ ဖတ်နိုင်တယ် ဟုတ်လား...”
“ဒီပါရမီက ပြိုင်ဘက်ကင်းပဲ...”
ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လန်တယ်၏ ချစ်စရာကောင်းသော မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ကိုင်ဆောင်ကာ တန်ဖိုးထားသော အကြည့်ဖြင့် ကြည့်ရှုလာ၏။
“ကောင်းပြီ... ဒီနေ့ကစပြီး မင်းက ငါတို့ မြူခိုးဂိုဏ်းရဲ့ (၃၆) ယောက်မြောက် ဒုတိယမျိုးဆက် တပည့် ဖြစ်သွားပြီ...”
ယဲ့ဖုန်းသည် လန်တယ်ကို အတော်လေး ကျေနပ်နေမိသည်။
နတ်ဆိုးဂိုဏ်းချုပ်က ဒီလို ပါရမီရှင်မျိုးရဲ့ တန်ဖိုးကို နားမလည်ဘဲ ပေးလိုက်တာ တော်တော် မိုက်မဲတာပဲ။
ထိုစကားကို သူ .. ပြောချင်နေမိသည်။
‘ဟဲဟဲ... ပါရမီရှင် လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးပါပဲ၊ အဘိုးကြီး…’
ထိုသို့ တွေးတောရင်း ယဲ့ဖုန်း ကျေနပ်စွာ ပြုံးလာ၏။
အခန်း (၃၃၆) ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာ၊ ရုပ်ခန္ဓာ စွမ်းရည်ကို နှိုးဆွခြင်း
~ယဲ့ဖုန်းက သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လိုက်သောအခါ လန်တယ်၏ ပါးပြင်များသည် ရှက်သွေးဖြာမှုကြောင့် ပူနွေးလာပြီး မီးလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။
“ဂိုဏ်း... ဂိုဏ်းချုပ်... ဘာလုပ်တာလဲဟင်...”
သူမ မျက်လုံးများကို အမြန် မှိတ်လိုက်ပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။
သို့သော် နောက်တစ်ခဏတွင် ယဲ့ဖုန်းသည် လက်ကို လွှတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် သူမကို စူးစမ်းကြည့်ရှုကာ ပြောလိုက်သည်။
“မင်းက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက မဟုတ်လား...”
လန်တယ် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုများ၊ ထို့နောက် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့၏။
သူမ ကြောက်လန့်နေမိသည်။
သူမသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအပေါ် မည်သည့် သံယောဇဉ်မှ မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် ထိုနေရာမှ လူများကို အရိုးထဲထိ မုန်းတီးနေသူဖြစ်၏။
ယနေ့တွင် မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းသည် အလွန် ချောမောခန့်ညားသော လူငယ်လေး တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် ဤနေရာတွင် စစ်မှန်သော ဂိုဏ်းသားအဖြစ် ဝင်ရောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
သို့သော် ယဲ့ဖုန်းက သူမ၏ နောက်ခံအကြောင်းအရာကို ချက်ချင်း ရိပ်မိသွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
“ဂိုဏ်းချုပ်... ဒါ အထင်လွဲတာပါ...”
လန်တယ် အလျင်အမြန် ရှင်းပြလိုက်သည်။
“အင်း... အထင်လွဲတာ ဆိုတာ ငါ သိပါတယ်...” ယဲ့ဖုန်းသည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်သည်။
ယဲ့ဖုန်းက ဒေါသထွက်နေခြင်း မရှိဘဲ အခြေအနေကို အပြည့်အဝ နားလည်နေပုံ ရသည်ကို မြင်သောအခါ လန်တယ် အံ့သြသွားသည်။
“ဂိုဏ်းချုပ်... ကျွန်မ ရှင်းပြပါရစေ...” လန်တယ်က တောင်းပန်လိုက်သည်။
“ရှင်းပြလေ...”
ယဲ့ဖုန်းလည်း လန်တယ် ဘာပြောမလဲ ဆိုတာကို သိချင်နေမိသည်။
သူမ၏ နောက်ခံအကြောင်းအရာကို ခန့်မှန်းမိသော်လည်း လန်တယ် ကိုယ်တိုင် ဝန်ခံသည်ကို ကြားချင်နေသေးသည်။
“ကျွန်မ ငယ်ငယ်တုန်းက... ကျွန်မတို့ ရွာကို နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေက သတ်ဖြတ်ခဲ့ကြတယ်... ကျွန်မ တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်ခဲ့တာပါ... ကျွန်မမှာ အဆင့်နိမ့် ပါရမီ ရှိတယ် ဆိုပြီး နတ်ဆိုးဂိုဏ်းကို ဖမ်းခေါ်သွားကြတယ်... အခု နတ်ဆိုးဂိုဏ်းချုပ်က ကျွန်မကို မြူခိုးဂိုဏ်းထဲ ဝင်ပြီး သူလျှိုလုပ်ခိုင်းနေတာပါ...”
လန်တယ် ရှင်းပြလိုက်သည်။
ယဲ့ဖုန်း မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက လူတွေ လက်ချက် ဆိုတာ မင်း သိနေရက်နဲ့ သူတို့က မင်းကို ဘာလို့ အရှင်ထားထားသေးတာလဲ...”
လန်တယ် ခေါင်းခါလိုက်သည်။ “ကျွန်မ သိနေမှန်း သူတို့ မသိကြဘူး...”
“ဟေ...” ယဲ့ဖုန်း အံ့သြသွားသည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... ကျွန်မက ညဘက် အိပ်မက် မက်ခဲတယ်... ဒါပေမဲ့ မက်ရင်တော့ အမြဲတမ်း မှန်ကန်လေ့ ရှိပါတယ်...” လန်တယ် ဆက်ပြောပြ၏။
“ရံဖန်ရံခါ ကျွန်မတို့ ရွာကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်စုက သတ်ဖြတ်နေတာကို အိပ်မက် မက်တတ်ပါတယ်... အိပ်မက် မဆုံးခင်လေးမှာ သူတို့တွေ ရုပ်ဖျက်ထားတာတွေကို ဖယ်ရှားလိုက်ပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသားတွေ ဖြစ်ကြောင်း ထုတ်ဖော်ပြသတာကို မြင်ရတယ်...”
“ဒါကြောင့် ကျွန်မတို့ ရွာသားတွေ အားလုံးကို သတ်ခဲ့တာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက လူတွေ ဆိုတာ သေချာနေတယ်... ဒါပေမဲ့ အဲဒီနေ့တုန်းက ကျွန်မက အသံလှိုင်းကြောင့် သတိမေ့နေခဲ့လို့ သူတို့က ကျွန်မ ဘာမှ မသိဘူးလို့ ထင်ပြီး အသုံးချဖို့ ကြိုးစားနေကြတာပါ...”
ပြောရင်းနှင့်၊ လန်တယ် လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။
သူမ၏ တောက်ပသော မျက်ဝန်းများထဲတွင် အေးစက်သော အပြာရောင် အလင်းတန်းများ ဖြတ်သန်းသွားသည်။
ယဲ့ဖုန်း.. သူမကို ယုံကြည်လိုက်ပါသည်။
လန်တယ်သည် ဝိညာဉ်လိပ်ပြာ ဝင်စားသူ ဖြစ်သဖြင့် မှတ်ဉာဏ်များကို ပေါင်းစပ်နိုင်စွမ်းသည် သူမ၏ မွေးရာပါ ပါရမီ ဖြစ်သည်။ ထိုအဖြစ်အပျက်များကို အိပ်မက်မက်ခြင်းသည် အမှန်တရား ဖြစ်ကြောင်း သက်သေပြနေခြင်းသာဖြစ်၏။
“မင်း ကြုံတွေ့ခဲ့ရတာတွေအတွက် ငါ ကိုယ်ချင်းစာပါတယ်...”
ယဲ့ဖုန်းသည် လက်ကို ဆန့်တန်းလိုက်ပြီး လန်တယ်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်မကို မောင်းထုတ်ဦးမှာလားဟင်...” လန်တယ်သည် မျက်ရည်ဝဲသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ရာ မိုးရေစိုနေသော ကြောင်ပေါက်လေး တစ်ကောင်နှင့် တူနေလေ၏။
တစ်ချိန်က လန်တယ်သည် သူလျှိုအဖြစ် ဟန်ဆောင်ပြီး မြူခိုးဂိုဏ်းတွင် ကျင့်ကြံဆင့် တိုးတက်လာပါက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို လက်စားချေရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ယခုအခါ ယဲ့ဖုန်းက သူမ၏ နောက်ခံကို ချက်ချင်း ရိပ်မိသွားသဖြင့် သူမ အလွန် စိုးရိမ်ပူပန်နေမိသည်။
“ငါ ပြောပြီးပြီလေ... မင်းက ငါတို့ မြူခိုးဂိုဏ်းရဲ့ (၃၆) ယောက်မြောက် ဒုတိယမျိုးဆက် တပည့်ပါလို့... မင်း ဂိုဏ်းကို သစ္စာမဖောက်သရွေ့ ငါ မင်းကို မောင်းမထုတ်ဘူး...”
ယဲ့ဖုန်းက လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်။ “လက်ဖက်ရည် သောက်မလား...”
လန်တယ် ခေါင်းခါလိုက်သည်။
“မင်း ကျင့်ကြံချင်လား...” ယဲ့ဖုန်းက ထပ်မေးလိုက်၏။
“ကျင့်ကြံချင်ပါတယ်...” လန်တယ် ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲ...”
လန်တယ် လက်သီးဆုပ်လိုက်ကာ
“လက်စားချေဖို့ပါ...”
*
ယဲ့ဖုန်းသည် လန်တယ်ကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အပြင်ဘက်သို့ ခေါ်ထုတ်သွားပြီး ကမ်းပါးစွန်းတွင် ရပ်လျက် အဝေးမှ ရှုခင်းများကို ငေးကြည့်နေလိုက်သည်။
“ဝမ်းနည်းစရာပဲ... အဆင့်နိမ့် ပါရမီလောက်နဲ့ မြူခိုးဂိုဏ်းကို ဝင်ရင်တောင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို လှုပ်ခါနိုင်တဲ့ အဆင့် ရောက်ဖို့ ဆိုတာ အချိန်တိုအတွင်း မဖြစ်နိုင်ဘူး...”
ထိုအချိန်တွင် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် သစ်တောအုပ် တစ်ခုထဲတွင် ပုန်းအောင်းနေလေ၏။
မြူခိုးတောင်ထိပ်သည် ဝင်္ကပါ မြူခိုးများ ဖုံးလွှမ်းနေသဖြင့် တောင်ထိပ်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သူ မမြင်ရပေ။
“လန်တယ်က ပါရမီ သာမန်လောက်ပဲ ရှိပေမယ့် ရုပ်အချောလေး... ဒီအဘိုးကြီးတောင် လိုချင်နေတာ... ယဲ့ဖုန်း ငြင်းရဲမယ် မထင်ပါဘူး...” မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် တဟီးဟီး ရယ်မောလိုက်သည်။
ပြောပြီးသည်နှင့် သူ ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်းက ပြောလိုက်သည်။ “မင်း အခု မြူခိုးဂိုဏ်းကို ဝင်ပြီးပြီ ဆိုတော့... နတ်ဆိုးဂိုဏ်းချုပ်ဆီ စာပြန်ပို့ရမယ့် အချိန် ရောက်ပြီ...”
“ဟုတ်ကဲ့...”
လန်တယ်သည် အိတ်ကပ်ထဲမှ ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စက္ကူကြိုးကြာဖြူ တစ်ကောင်ကို ထုတ်ယူလိုက်သည်။ ဝိညာဉ်ကျောက်တုံးကို စက္ကူကြိုးကြာနား ကပ်လိုက်ပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်... တပည့် မြူခိုးဂိုဏ်းထဲကို အောင်မြင်စွာ စိမ့်ဝင်နိုင်ခဲ့ပါပြီ... လက်ရှိမှာ ဒုတိယမျိုးဆက် တပည့် ဖြစ်နေပါပြီ... ရာထူးနိမ့်ကျနေသေးလို့ လျှို့ဝှက်ချက် အများကြီး မသိရသေးပါဘူး... အချိန်ပေးပါဦး...”
ပြောပြီးသည်နှင့် သူမသည် စက္ကူကြိုးကြာကို လွှတ်တင်လိုက်သည်။
"ဝှီး...."
ဝိညာဉ်ကျောက်တုံးသည် စွမ်းအင် ကုန်ဆုံးသွားပြီး စက္ကူကြိုးကြာဖြူသည် လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပျံသန်းသွားတော့၏။ မျက်စိတစ်မှိတ်အတွင်း မီတာ (၁၀) ဂဏန်းခန့် ရောက်ရှိသွားပြီး တောင်ခြေရှိ နေရာတစ်နေရာသို့ ဦးတည်သွားတော့၏။
သစ်တောအုပ်ထဲတွင်...
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် စက္ကူကြိုးကြာဖြူကို လက်ခံရရှိလိုက်သည်။ လန်တယ်၏ အသံကို ကြားလိုက်ရသောအခါ သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားတော့၏။
“ကောင်းတယ်... မိန်းမလှလေးတွေက အလုပ်ဖြစ်တယ်ကွ...”
“သူနဲ့ ယှဉ်ရင် လီမိုဟွမ်က အမှိုက်ပဲ...”
“ငါက သူ့ကို ပါရမီရှင် ဆိုပြီး ချီးကျူးခဲ့မိသေးတယ်...”
“ဒီတစ်ခေါက် ပြန်ရောက်ရင် ဘာမှ မပြောနဲ့... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ ရေမြောင်းတွေကို တစ်လလောက် ဆေးခိုင်းပစ်လိုက်မယ်...”
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် စက္ကူကြိုးကြာဖြူကို မီးရှို့လိုက်သည်။ ထို့နောက် လက်ကို နောက်ပစ်ကာ မျက်နှာထား တင်းမာလျက် ရေရွတ်ရင်း ကျောက်မဲ ကန္တာရဆီသို့ ပျံသန်းသွားလေတော့သည်။
*
မြူခိုးတောင်ထိပ်...
လန်တယ်နှင့် ယဲ့ဖုန်းတို့သည် ကောင်းကင်မေးမြန်းကြေးမုံမှတစ်ဆင့် ထိုမြင်ကွင်းကို ကြည့်ရှုနေကြပြီး မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ၏ ရေရွတ်သံများကိုလည်း ကြားလိုက်ကြရသည်။ သူတို့၏ မျက်နှာထားများ တဖြည်းဖြည်း ထူးဆန်းလာပြီး သနားစရာ ကောင်းသော လီမိုဟွမ်အတွက် တစ်စက္ကန့်လောက် ဝမ်းနည်းပေးလိုက်ကြသည်။
“ဂိုဏ်းချုပ်... ဘာလို့ ကျွန်မကို ဒီလောက် ယုံကြည်ရတာလဲ...”
လန်တယ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး အလျင်အမြန် မေးလိုက်သည်။
ယဲ့ဖုန်း တိတ်ဆိတ်သွားသည်။
‘ဒီကောင်မလေးကို ပြောပြရမလား... လန်တယ်... မင်းက စနစ်က အသိအမှတ်ပြုထားတဲ့ ထူးခြားတဲ့ လူငယ်လေး တစ်ယောက်လေ... ပြီးတော့ မင်းမှာ အထူး ကိုယ်ခန္ဓာ ပါလာတယ်... ဒီလို အလားအလာ ကောင်းတဲ့သူကို ငါ ဘယ်လိုလုပ် မယုံဘဲ နေနိုင်မှာလဲလို့…’
ယဲ့ဖုန်းသည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ နက်ရှိုင်းသွားကာ လန်တယ်ကို လောကုတ္တရာ ပညာရှင် တစ်ပါးနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ ခံစားသွားစေသည်။
“ဒီဂိုဏ်းချုပ်က ဗေဒင်တွက်ကြည့်လို့ မင်းဟာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက လာပြီး ငယ်ငယ်ကတည်းက ဒုက္ခတွေ ခံစားခဲ့ရတယ် ဆိုတာ သိတယ်... အဲဒီအကြောင်းပြချက်နဲ့တင် ငါ မင်းကို လက်ခံဖို့ ဆန္ဒရှိတယ်... မင်းကရော... ငါတို့ မြူခိုးဂိုဏ်းရဲ့ တပည့်တစ်ယောက် အဖြစ် စစ်မှန်တဲ့ စိတ်ရင်းနဲ့ ဝင်ရောက်ချင်ရဲ့လား...”
လန်တယ်သည် ယဲ့ဖုန်း၏ ချောမောသော မျက်နှာကို ငေးကြည့်နေမိသည်။
ခဏတာ သူမ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူမ ရင်ထဲတွင် ထိရှသွားပြီး မျက်ရည်များကို ထိန်းချုပ်ကာ ခိုင်မာစွာ ခေါင်းညိတ်လိုက်၏။
“တပည့် ဆန္ဒရှိပါတယ်...”
“ကောင်းပြီ... ဒါဆိုရင် ဒီဂိုဏ်းချုပ်က မင်းရဲ့ အထူး ကိုယ်ခန္ဓာကို နှိုးဆွပေးမယ်...”
“အထူး ကိုယ်ခန္ဓာ...”
“မင်းရဲ့ အိပ်မက်တွေက ဘာလို့ အမြဲတမ်း မှန်ကန်နေရတာလဲ ဆိုတာ မင်း အခုထိ မသိသေးဘူး မဟုတ်လား... အဲဒါက မင်းရဲ့ အထူး ကိုယ်ခန္ဓာကြောင့်ပဲ... မင်း အိပ်မက်အကြောင်း ပြောပြတုန်းက ငါ တွက်ချက်ကြည့်ပြီး အကြောင်းရင်းကို သိခဲ့တာ...”
“တ... တကယ်လား...”
လန်တယ် ကြောင်သွားသည်။
ဝိညာဉ်စွမ်းအင် အတက်အကျ မရှိသော ဂိုဏ်းချုပ်သည် တွက်ချက်မှုတွင် ကျွမ်းကျင်သော ပြိုင်ဘက်ကင်း ပညာရှင် တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
‘ပိုအရေးကြီးတာက ချောမောခန့်ညားနေတာပဲ...။
နေ့တိုင်း တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့တင် စိတ်ရောကိုယ်ပါ ကြည်နူးသွားစေနိုင်တယ်...။ ခစ်ခစ်’
“ဒါဆို ဂိုဏ်းချုပ်... ကျွန်မရဲ့ အထူး ကိုယ်ခန္ဓာက ဘာလဲဟင်...” လန်တယ် စပ်စုလိုက်သည်။
ယဲ့ဖုန်းက ပြောလိုက်သည်။
“ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာ...”
“ဒီကိုယ်ခန္ဓာကို နှိုးဆွလိုက်ပြီ ဆိုတာနဲ့ အိပ်မက်ကမ္ဘာ တစ်ခုကို ဖန်တီးနိုင်ပြီး တခြား သက်ရှိတွေရဲ့ မှတ်ဉာဏ်တွေကို ဝင်ရောက်ကြည့်ရှုနိုင်လိမ့်မယ်...”
“အဲဒီအခါကျရင် သူတို့ရဲ့ စိတ်ထဲက ကျင့်စဉ်တွေ၊ ရှေးဟောင်း ကျမ်းစာတွေ၊ ဗဟုသုတ အမျိုးမျိုးတွေနဲ့ သတင်းအချက်အလက်တွေကို မင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လိမ့်မယ်... အရမ်း အသုံးဝင်တယ်...”
ထိုစကားကို ကြားသောအခါ လန်တယ် ပို၍ပင် အံ့အားသင့်သွားရသည်။
ဒီနေ့မှသာ သူမမှာ ထိုသို့ ထူးဆန်းသော ကိုယ်ခန္ဓာမျိုး ရှိမှန်း သိလိုက်ရတော့သည်။
သူမ ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ တခြား မိန်းကလေးတွေထက် အနည်းငယ် ပိုဖွံ့ထွားတာက လွဲလျှင် အထူး ကိုယ်ခန္ဓာရဲ့ လက္ခဏာ ဘာမှ မတွေ့ရပါလား...။
ယဲ့ဖုန်းက အပြုံးနုနုဖြင့် ပြောလိုက်သည်။
“ကြည့်မနေနဲ့... မြင်ရမှာ မဟုတ်ဘူး... မဟုတ်ရင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက လူတွေ မင်းကို ဘယ်လိုလုပ် လျစ်လျူရှုထားမှာလဲ...”
လန်တယ်သည် ဝိညာဉ်မျက်လုံး ပွင့်ရုံသာ ရှိသေးပြီး တရားဝင် ကျင့်ကြံခြင်း မစတင်ရသေးပေ။ ဤအချက်က သူမသည် နတ်ဆိုးဂိုဏ်း၏ မျက်နှာသာပေးမှု သို့မဟုတ် အသိအမှတ်ပြုမှုကို မရရှိခဲ့ကြောင်း ဖော်ပြနေ၏။ သို့မဟုတ်ပါက သူမသည် ကျင့်ကြံဆင့် လုံးဝ မရှိဘဲ နေမည် မဟုတ်ပေ။
သို့သော် လန်တယ်၏ ကျင့်ကြံဆင့် မရှိခြင်းသည် ယဲ့ဖုန်း အလိုချင်ဆုံး အချက်ပင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာကို နှိုးဆွရာတွင် ကျင့်ကြံဆင့် နိမ့်လေ၊ ပိုမို လွယ်ကူလေ ဖြစ်သောကြောင့်ပါပင်။
“လိုက်ခဲ့...”
ယဲ့ဖုန်းသည် လန်တယ်ကို ဝိညာဉ်စမ်းရေတွင်း နံဘေးသို့ ခေါ်ဆောင်သွားတော့၏။
ထိုအချိန်တွင် ဝိညာဉ်စမ်းရေတွင်း အနီး၌ မည်သူမျှ မရှိပေ။
သူသည် သစ်သားစည်ပိုင်းကြီး တစ်ခုကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စမ်းရေ ဖြည့်ကာ သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် အပူပေးလိုက်သည်။ ထို့နောက် စည်ပိုင်းပေါ်တွင် ရှုပ်ထွေးသော ဝင်္ကပါပုံစံများ ရေးထွင်းလိုက်ပြီး လန်တယ်ကို ပြောလိုက်သည်။
“ဝင်လိုက်... တစ်ကိုယ်လုံး ဝိညာဉ်စမ်းရေထဲ နှစ်ထား...”
“ကျွန်မ...”
လန်တယ်သည် သူမ၏ အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်သည်။
ယဲ့ဖုန်း ခေါင်းခါလိုက်သည်။
လန်တယ်သည် နွေးထွေးသော ဝိညာဉ်စမ်းရေထဲသို့ ဝင်ရောက်လိုက်ပြီး ချက်ချင်းပင် တုန်ယင်သွားသည်။ ဝိညာဉ်မျက်လုံး ဖွင့်ထားသဖြင့် ထူထပ်သော ဝိညာဉ်စွမ်းအင်များသည် သူမ၏ မျက်ခုံးနှစ်ခုကြားသို့ လျင်မြန်စွာ စုစည်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ထူးခြားသော ခံစားမှုတစ်ခု သဘာဝအလျောက် ပေါ်ပေါက်လာလေတော့သည်။