အခန်း (၃၃၇-၃၃၉)
Vol. 23 Ch. 337-339
အခန်း (၃၃၇) မှတ်ဉာဏ်ပုံရိပ်ယောင်၊ ကုန်းချင်းချိုး၏ မျှော်စင် စိန်ခေါ်မှု
~လန်တယ်သည် ဝိညာဉ်စမ်းရေ၏ ဝိညာဉ်စွမ်းအင်များကို အရှိန်အဟုန်ဖြင့် စုပ်ယူနေလေ၏။
ယဲ့ဖုန်းသည် ဝိညာဉ်စွမ်းအင် လုံလောက်မှု ရှိစေရန်အတွက် သစ်သားစည်ပိုင်းထဲသို့ ဝိညာဉ်စမ်းရေများ ဆက်တိုက် ဖြည့်တင်းပေးနေပြီး သူ၏ မျက်နှာထားသည် လေးနက်တည်ကြည်နေကာ အနည်းငယ်မျှ မပေါ့ဆရဲပေ။
စည်ပိုင်းပေါ်တွင် ရေးထွင်းထားသော ဝင်္ကပါပုံစံများကို စနစ်က ပေးထားခြင်းတည်း။
အစပိုင်းတွင် ဤဝင်္ကပါပုံစံများသည် လန်တယ်၏ ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်တည်ရှိနေခဲ့သော်လည်း ယဲ့ဖုန်းသည် ဂုဏ်သတင်း အမှတ် (၁၀၀၀) သုံးစွဲပြီး ချက်ချင်း သင်ယူခဲ့ခြင်း ဖြစ်၏။
“ဂိုဏ်းချုပ်... ဘာလုပ်နေတာလဲဟင်...”
မင်းသမီးလေးသည် အဖြူရောင် တုတ်တိုလေး တစ်ချောင်းကို ကိုင်ဆောင်လျက် လျှောက်လာပြီး စည်ပိုင်းထဲမှ လန်တယ်ကို ခါးထောက်ကြည့်ကာ ပြောလိုက်သည်။
“သမီးလည်း ရေချိုးချင်တယ်...”
“ငါ အရေးကြီးကိစ္စ လုပ်နေတာ...”
ယဲ့ဖုန်းက မျက်စောင်းထိုးလိုက်သည်။
“ဟွန်း...”
မင်းသမီးလေးသည် မာနကြီးစွာဖြင့် သူမ၏ မြေခွေးအမြီးထဲသို့ လက်နှိုက်လိုက်ပြီး သစ်သားစည်ပိုင်း တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဝိညာဉ်စမ်းရေ ဖြည့်လိုက်ပြီး သူမပါ ဝင်ရောက် ရေချိုးလိုက်လေတော့သည်။
လန်တယ်သည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး အာရုံခံစားမှုများကို ပိတ်ပင်ထားသဖြင့် မင်းသမီးလေး ရောက်ရှိလာသည်ကို မသိရှိပေ။ သူမသည် ဝိညာဉ်စမ်းရေ၏ စွမ်းအားနှင့် သန့်စင်ခြင်း ကြာစိမ်းမှ ထွက်ပေါ်လာသော သန့်စင်ခြင်း စွမ်းအားများကို မရပ်မနား စုပ်ယူနေလေ၏။
“ဘွမ်း…”
နာရီဝက် ကြာသောအခါ လန်တယ်၏ ပတ်လည်တွင် ရေများ လှုပ်ခါသွားပြီး ဝိညာဉ်စွမ်းအင် ဝဲကတော့ တစ်ခုသည် သူမ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားကာ မာကျောသော အခွံတစ်ခုကို ဖောက်ထွက်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာကို အပြည့်အဝ နှိုးဆွလိုက်လေတော့သည်။
သူမ ခုန်တက်လိုက်ပြီး မြေကြီးပေါ်သို့ ဆင်းသက်လိုက်ရာ တစ်ကိုယ်လုံး ရေများ ရွှဲနစ်နေလေ၏။
သာမန်မျက်စိဖြင့် ကြည့်လျှင် လန်တယ်၏ မျက်ခုံးနှစ်ခုကြားတွင် အရောင်စုံ အစက်အပြောက်များ ပါရှိသော အပြာရောင်ဖျော့ဖျော့ ဝိညာဉ်လိပ်ပြာ အမှတ်အသား တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့မြင်ရပြီး သူမ၏ အရှိန်အဝါ တစ်ခုလုံးသည် ယခင်ကထက် ပိုမို ထူးခြားဆန်းကြယ်လာ၏။
တောသူမလေး ဘဝမှ ဧကရီ ဘုရင်မ အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
“ဝိုး... အံ့သြစရာကောင်းလိုက်တဲ့ စွမ်းအား...”
လန်တယ် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ လက်ဝါးထဲတွင် အပြာရောင်ဖျော့ဖျော့ အလင်းတန်းများကို တွေ့လိုက်ရသည်။
သာမန်လူတစ်ယောက်၏ မျက်ခုံးပေါ်တွင် လက်တင်လိုက်ရုံဖြင့် သူတို့၏ မှတ်ဉာဏ်များကို စိတ်ကြိုက် ရှာဖွေနိုင်မည်ဟု သူမ ခံစားလိုက်ရသည်။
“ဟူး... နောက်ဆုံးတော့ အောင်မြင်စွာ နှိုးဆွနိုင်ခဲ့ပြီ...”
ယဲ့ဖုန်းသည် နဖူးမှ ရေစက်များကို သုတ်လိုက်ပြီး ဘေးနားရှိ စည်ပိုင်းထဲတွင် ရေချိုးနေဆဲ ဖြစ်သော မင်းသမီးလေးကို ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
“မင်းက သန့်ရှင်းနေပြီးသားကို ဘာလို့ ရေချိုးနေသေးတာလဲ...”
“သမီး ကြိုက်လို့လေ...”
မင်းသမီးလေး မတ်တတ်ရပ်လိုက်ပြီး ခါးထောက်ကာ သူမ၏ ပွရောင်းနေသော မြေခွေးအမြီးကို ယမ်းလိုက်ရာ ရေစက်များ ယဲ့ဖုန်း၏ မျက်နှာပေါ်သို့ စင်သွားတော့၏။
“မြေခွေး... နတ်ဆိုး...”
လန်တယ် မင်းသမီးလေးကို သတိထားမိသွားပြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။
“ဒါက ငါတို့ မြူခိုးဂိုဏ်းရဲ့ စောင့်ရှောက်သူ မင်းသမီးလေးပဲ... ဝိညာဉ်ပင်လယ်အဆင့် စွမ်းအား ရှိတယ်...” ယဲ့ဖုန်း က ရှင်းပြလိုက်သည်။
“ဝိညာဉ်ပင်လယ်အဆင့်...”
လန်တယ်၏ အကြည့်များ စူးရှသွားသည်။
“ဒါဆို ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းနဲ့ အတူတူပဲပေါ့...”
“ဂိုဏ်းချုပ်ဟောင်း ဟုတ်လား... မင်း ဆိုလိုတာက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ပိုစွမ်းအားကြီးတဲ့ သူ ရှိသေးတယ် ဆိုတဲ့ သဘောလား...” ယဲ့ဖုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
“ဟုတ်ပါတယ်...” လန်တယ် ခေါင်းညိတ်လိုက်သည်။
သူမသည် လက်နှစ်ဖက်ကို နားထင်ပေါ် တင်လိုက်ပြီး မျက်ခုံးနှစ်ခုကြားမှ အလင်းတန်း တစ်ချက် ထွက်ပေါ်လာကာ လေထဲတွင် သုံးဖက်မြင် ရုပ်ပုံလွှာ တစ်ခု ဖန်တီးလာ၏။
ပုံရိပ်ထဲတွင်...
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၊ စောင့်ရှောက်သူနှင့် အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲများသည် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု၏ ရှေ့တွင် ဒူးထောက်နေကြပြီး အလွန် ရိုသေလေးစားဟန် ရှိနေကြသည်။
ထိုပုဂ္ဂိုလ်၏ အရှိန်အဝါသည် ဝိညာဉ်ပင်လယ်အဆင့် အမှန်ပင် ဖြစ်၏။
ကျင့်ကြံဆင့် အတိအကျကိုမူ လန်တယ်၏ ထိုအချိန်က မှတ်ဉာဏ်တွင် မပါရှိသဖြင့် တိကျစွာ မဖော်ပြနိုင်ပေ။
ထိုအချိန်က အရှိန်အဝါကို အခြေခံပြီး ယဲ့ဖုန်း ဆုံးဖြတ်လိုက်သည်မှာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းသည် သေချာပေါက် ဝိညာဉ်ပင်လယ် အဆင့်မြင့် ဖြစ်ရပေမည်။
အလွန် စွမ်းအားကြီးမားလှပေသည်။
“ကြည့်ရတာ နတ်ဆိုးချုပ်နှောင်မျှော်စင်ရဲ့ နောက်ကွယ်က အကြောင်းအရာတွေက တကယ် ရှုပ်ထွေးတာပဲ...”
ယဲ့ဖုန်းသည် သူ သတိထားပြီး လှုပ်ရှားခဲ့ခြင်းကို ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာ တဇွတ်ထိုး လုပ်ဆောင်ခဲ့မည် ဆိုလျှင် ရန်သူက အမှောင်ထဲတွင် ရှိနေပြီး သူက အလင်းရောင်ထဲတွင် ရှိနေသဖြင့် အားနည်းချက် ဖြစ်သွားနိုင်ပေသည်။
“အို... ဒါ ဘာကြီးလဲ...”
မင်းသမီးလေးသည် လန်တယ် ထုတ်လွှတ်လိုက်သော မှတ်ဉာဏ်ပုံရိပ်ယောင်ကို လက်ညှိုးထိုးပြပြီး စည်ပိုင်းထဲမှ ချက်ချင်း ခုန်ထွက်လာကာ မျက်လုံးဝိုင်းကြီးများဖြင့် စိတ်ဝင်တစား ကြည့်ရှုနေလေ၏။
“မှတ်ဉာဏ် ပြန်လည် ဖော်ထုတ်ခြင်းပဲ...” ယဲ့ဖုန်း ပြောလိုက်သည်။
သူသည် လန်တယ်၏ ပခုံးကို ပုတ်လိုက်ရာ သူမ လက်ကို ချက်ချင်း ဖယ်ရှားလိုက်ပြီး မှတ်ဉာဏ်ပုံရိပ်ယောင် ပျောက်ကွယ်သွားလေတော့သည်။
“ပင်ပန်းလိုက်တာ...”
မှတ်ဉာဏ်ကို ထုတ်လွှတ်ပြီးနောက် လန်တယ် ယိုင်နဲ့သွားပြီး ယဲ့ဖုန်းသာ မထိန်းထားလျှင် မြေကြီးပေါ်သို့ လဲကျသွားလောက်ပေသည်။
ယဲ့ဖုန်းက တိုက်တွန်းလိုက်သည်။
“မင်းက တရားဝင် ကျင့်ကြံခြင်း မစတင်ရသေးဘူး... အခြေခံ အုတ်မြစ်က အားနည်းနေသေးတယ်... မွေးရာပါ စွမ်းရည်ကို အသုံးပြုတာက စွမ်းအင် အများကြီး ကုန်ခမ်းစေတယ်... ဒီနေ့ကစပြီး ငါနဲ့အတူ ခဏလောက် လိုက်ပါ ကျင့်ကြံရမယ်...”
“ဟုတ်ကဲ့...” လန်တယ် အသာအယာ ခေါင်းညိတ်လိုက်ပါသည်။
...
*
နာရီဝက် ကြာပြီးနောက်... ဖေးလိုင်တောင်ထိပ်တွင်...
“တပည့်သစ် တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်... လန်တယ် တဲ့...”
ယဲ့ဖုန်းသည် သူ့ဘေးရှိ လန်တယ်ကို ညွှန်ပြပြီး ကုန်းချင်းချိုးနှင့် ရှိနေသော ဒုတိယမျိုးဆက် တပည့်များကို မိတ်ဆက်ပေးလိုက်သည်။
“ဪ... တပည့်သစ် တစ်ယောက်ပါလား...”
“ချောမောလှပတဲ့ ဂျူနီယာ ညီမလေး တစ်ယောက်ပဲ...”
ထိုအချိန်တွင် အဝေးမှ အသံများ ကြားလိုက်ရသည်။
အားလုံး မော့ကြည့်လိုက်ရာ ယန်ရူယွီနှင့် ကျားယွိလန်တို့သည် ပန်းရောင် ငှက်ပျံကြီးများကို စီးနင်းလျက် ရောက်ရှိလာပြီး ဖေးလိုင်တောင်ထိပ်သို့ ဆင်းသက်လိုက်ကြသည်ကို တွေ့လိုက်ရသည်။
“စီနီယာအစ်မကြီး နှစ်ယောက်ကို ဂါရဝပြုပါတယ်...”
ဒုတိယမျိုးဆက် တပည့်များသည် အလျင်အမြန် လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ယဉ်ကျေးနေစရာ မလိုပါဘူး... တို့တွေက ဂိုဏ်းတူ မောင်နှမတွေပဲဟာ...” ကျားယွိလန်သည် လက်ဝှေ့ယမ်းလိုက်ပြီး လှပသော လန်တယ်ကို ကြည့်လိုက်သည်။
ယဲ့ဖုန်းသည် ကျားယွိလန်နှင့် ယန်ရူယွီတို့၏ ရည်ရွယ်ချက်ကို ခန့်မှန်းလိုက်သည်။
“မင်းတို့တွေ လေ့ကျင့်ရေး ခရီးစဉ် ထွက်ခွာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ချိုးဖောက်ဖို့ ပြင်ဆင်နေကြတာလား...”
“ဟုတ်ပါတယ်...”
သူမတို့နှစ်ဦး ပြိုင်တူ ဖြေလိုက်ကြသည်။
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး ကြေညာလိုက်သည်။ “မင်းတို့က အခု ချီကျင့်ကြံခြင်း အထွတ်အထိပ်ကို ရောက်နေပြီ ဆိုတော့... နောက်တစ်ဆင့်ကို တက်လှမ်းဖို့ စိန်ခေါ်သင့်တဲ့ အချိန် ရောက်ပါပြီ...”
ကျားယွိလန်နှင့် ယန်ရူယွီတို့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို စိန်ခေါ်ရန် ပြင်ဆင်နေကြသည်ကို ကြားသောအခါ ဒုတိယမျိုးဆက် တပည့်များ၏ မျက်နှာပေါ်တွင် အားကျမှုများ ထင်ဟပ်လာ၏။
လန်တယ် ကိုယ်တိုင်လည်း အံ့သြသွားမိသည်။
ကျားယွိလန်နှင့် ယန်ရူယွီကို ကြည့်ပြီး ဤစီနီယာအစ်မကြီး နှစ်ယောက်သည် သူမထက် အနည်းငယ်သာ အသက်ကြီးပုံ ရ၏။ သို့သော်လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို စိန်ခေါ်ရန် အဆင်သင့် ဖြစ်နေပြီ ဆိုသည်မှာ တကယ်ကို အံ့မခန်းပင် မဟုတ်ပါလော။
ကျားယွိလန်က မေးလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်မတို့အတွက် အကြံပေးစရာ ရှိပါသလား...”
ထိုစဉ်..
“လေ့ကျင့်ရေး ခရီးစဉ်အတွက် ဆိုရင်... ငါ လိုက်ခဲ့မယ်...” နူးညံ့သော အသံတစ်သံ အဝေးမှ ပျံ့လွင့်လာသည်။
လူအုပ်ကြီးသည် အသံလာရာသို့ ကြည့်လိုက်ရာ မိုယင်သည် ဓားပျံစီးပြီး ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အလွန် ခိုင်မာတည်ငြိမ်နေလေ၏။
သူမ၏ ရုပ်ရည် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သော်လည်း မိုယင်သည် အနက်ရောင် မျက်နှာဖုံးနှင့် ဦးထုပ်ကို ဆက်လက် ဝတ်ဆင်ထားဆဲဖြစ်၏။
“ဒါက မင်းတို့ရဲ့ လေးယောက်မြောက် စီနီယာအစ်မကြီး မိုယင် ပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် ရောက်နေပြီ... ပထမမျိုးဆက် တပည့် တစ်ယောက် ဖြစ်ပြီး လက်ရှိ ငါတို့ မြူခိုးဂိုဏ်းရဲ့ ကျင့်ကြံဆင့် အမြင့်ဆုံး တပည့်ပဲ...” ဟု ယဲ့ဖုန်းက လန်တယ်ကို မိတ်ဆက်ပေးလိုက်သည်။
“စွမ်းလိုက်တာ...”
လန်တယ်ခမျာ ပို၍ပင် အံ့အားသင့်သွားရပြန်သည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တစ်ခုလုံးတွင် ကျင့်ကြံဆင့် အမြင့်ဆုံး တပည့်သည် လီမိုဟွမ် အဆင့်သာ ရှိပြီး ချီကျင့်ကြံခြင်း အထွတ်အထိပ်သာ ရှိသေးသည်။
သို့သော် ယခု မြူခိုးဂိုဏ်းတွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်သို့ ရောက်ရှိနေသော ထိပ်တန်း ပါရမီရှင် တစ်ယောက် ရှိနေသည်မှာ တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။
‘ဂိုဏ်းချုပ်က ငါ့ရဲ့ အတိတ်ကို လက်ဖျစ်တစ်ချက် တီးရုံနဲ့ သိနိုင်တယ် ဆိုမှတော့... စီနီယာအစ်မကြီးမိုလို ပါရမီရှင်မျိုး ရှိနေတာ သိပ်မဆန်းပါဘူးလေ…’လန်တယ် ကောက်ချက်ချလိုက်မိသည်။
ထို့နောက်၊ ယဲ့ဖုန်းက သတိပေးလိုက်သည်။
“မိုယင်က ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် ရောက်နေတဲ့အပြင် အလယ်အလတ်အဆင့် ဝိညာဉ်ဓားနဲ့ အထောက်အကူပြု ကျင့်စဉ် အများအပြား ပိုင်ဆိုင်ထားတော့ တိုက်ခိုက်ရေးစွမ်းအား အလွန် မြင့်မားတယ်... သူ ပါသွားရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့် ရန်သူတွေနဲ့ တွေ့ရင်တောင် ကြောက်စရာ မလိုဘူး... မင်းတို့ ခရီးစဉ်က လုံခြုံမှာပါ... ဒါပေမဲ့ ဒါက လေ့ကျင့်ရေး ခရီးစဉ် ဖြစ်တဲ့အတွက် မိုယင်... တတ်နိုင်သမျှ ဝင်မပါဖို့ ကြိုးစားပါ...”
“ဟုတ်ကဲ့...”
မိုယင် ခေါင်းညိတ်လိုက်သည်။
ခဏအကြာတွင် မိန်းကလေး သုံးဦးသည် မြောက်ဘက်သို့ ဓားပျံစီးပြီး ထွက်ခွာသွားကြ၏။
သူမတို့၏ ကျက်သရေရှိသော ကျောပြင်များကို ကြည့်ရင်း လန်တယ် စိတ်အားထက်သန်သွားမိသည်။
“အနာဂတ်မှာ မင်းလည်း လုပ်နိုင်မှာပါ...”
ယဲ့ဖုန်းသည် သူမ၏ အတွေးများကို ရိပ်မိသဖြင့် အားပေးစကား ပြောလိုက်ပြီး လန်တယ်ကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီးသို့ ခေါ်ဆောင်သွားကာ ‘ချီငါးပါး ပေါင်းစည်းခြင်း’ကျင့်စဉ်ကို ကိုယ်တိုင် သင်ကြားပေးလိုက်၏။
ကျင့်ကြံခြင်း အသစ်စတင်မည့် တပည့်သစ် တစ်ယောက် အနေဖြင့် လန်တယ်သည် ဒုတိယမျိုးဆက် တပည့်များကို ချက်ချင်း လိုက်မီနိုင်ဦးမည် မဟုတ်သဖြင့် ထပ်ဆောင်း သင်ကြားမှု အနည်းငယ် လိုအပ်၏။
*
ဖေးလိုင်တောင်ထိပ်ဝယ်၊...
ဒုတိယမျိုးဆက် တပည့်များကို သင်ကြားပေးပြီးနောက် ကုန်းချင်းချိုးသည် ကျင့်ကြံရေးမျှော်စင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြီး အဆ (၂၀) ဆွဲငင်အားနယ်မြေထဲသို့ တန်းဝင်သွားတော့၏။
“အကြီးအကဲ ဆိုတဲ့အတိုင်းပဲ... ရောက်တာနဲ့ အဆ (၂၀) နယ်မြေထဲ တန်းဝင်တာပဲ...”
ရှီလေ့၊ ရွှီတာလေ့နှင့် အခြား တပည့်များသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကုန်းချင်းချိုးသည် အင်အား အများကြီး မကုန်ခမ်းဘဲ နာရီဝက် ကြာအောင် တောင့်ခံနိုင်ခဲ့ပြီးနောက် တတိယထပ်ရှိ ဉာဏ်အလင်းပွင့်နယ်မြေထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ ရွှေယန်မြို့တော် လျှို့ဝှက်သိုင်း ကို ဆင်ခြင်သုံးသပ်လေတော့သည်။
သူမတွင် ကြွယ်ဝသော အတွေ့အကြုံ ရှိပြီး ဉာဏ်ရည်ဉာဏ်သွေးလည်း မဆိုးလှပေ။
အစပိုင်းတွင် သူမသည် ရွှေယန်မြို့တော် လျှို့ဝှက်သိုင်း ပထမအဆင့်ကို အပြည့်အဝ အောင်မြင်ထားပြီး ဖြစ်သည်။ နောက်ပိုင်းတွင် ယဲ့ဖုန်း၏ လမ်းညွှန်မှုဖြင့် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ယခုအခါ တတိယအဆင့်ကို သဘောပေါက် နားလည်ရန် ကြိုးစားနေခြင်းဖြစ်၏။
အကယ်၍ အောင်မြင်သွားပါက သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် တစ်ဆ တိုးလာမည် ဖြစ်သည်။ သို့မဟုတ် အဆင့် (၁၀) ဆင့် အပြည့် တိုးလာမည်တည်း။
"ဝီး...."
ကုန်းချင်းချိုး တရားထိုင်နေစဉ် ရေနှင့် မီး အရှိန်အဝါများသည် သူမ၏ ပတ်လည်တွင် လှည့်ပတ်နေသည်။ တဖြည်းဖြည်း မြန်ဆန်လာကာ နောက်ဆုံးတွင် တောက်ပသော အလင်းရောင် တစ်ခု အဖြစ် ပေါင်းစပ်သွားပြီး သူမကို တတိယအဆင့် အထွတ်အထိပ်သို့ တွန်းပို့ပေးလိုက်၏။
“နောက်ဆုံးတော့ အောင်မြင်ပြီ...”
ကုန်းချင်းချိုး အသက်ပြင်းပြင်း ရှူလိုက်ပြီး စတုတ္ထထပ်ရှိ တိုက်ခိုက်ရေးနယ်မြေထဲသို့ ဝင်ရောက်သွားတော့၏။
သူမသည် အမြင့်ဆုံး အခက်အခဲ အဆင့်ကို ရွေးချယ်လိုက်ပြီး ဝင်ရောက်သည်နှင့် တပြိုင်နက် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အဆင့် ကျောက်တုံးဝိညာဉ်နှင့် အကြမ်းပတမ်း တိုက်ခိုက်လေတော့သည်။
ရွှေယန်မြို့တော် လျှို့ဝှက်သိုင်း၏ (၁၀) ဆ မြှင့်တင်မှုဖြင့် သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားပြီး ပြိုင်ဘက်များကို အလွယ်တကူ ရှင်းလင်းပစ်လာ၏။
“ဘုန်း…”
ဒသမမြောက် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ပေါက်ကွဲသွားပြီး စင်မြင့်ပေါ်ရှိ “ဆယ်” ဂဏန်းသည် ပိုမို ကြီးမားသော အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားကာ ကုန်းချင်းချိုးဆီသို့ ပြေးဝင်လာ၏။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် ကုန်းချင်းချိုး ရှုံးနိမ့်သွားပြီး တိုက်ခိုက်ရေးနယ်မြေမှ ထွက်ခွာလာခဲ့ရသည်။
“ငါ့စွမ်းအား မလုံလောက်သေးဘူး...”
အင်အား ပြန်လည် ပြည့်ဝလာပြီးနောက် ကုန်းချင်းချိုးသည် အမြင့်ဆုံး အခက်အခဲ အဆင့်ကို ဆက်လက် စိန်ခေါ်လိုက်သည်။
ယခုတစ်ကြိမ်တွင် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် (၁၀) ကောင်ကို သတ်ဖြတ်ပြီးနောက် သူမသည် ကြည်လင်ကျောက်တုံးကို အလျင်အမြန် ဖျက်ဆီးလိုက်ပြီး အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
ကျင့်ကြံရေးမျှော်စင် ပဉ္စမထပ်၊ စိတ်ကူးယဉ်ကမ္ဘာနယ်မြေ...
ကုန်းချင်းချိုးသည် ဂိတ်ပေါက်ကို ဖြတ်ကျော်ဝင်ရောက်သွားသည်။
သူမ၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရေပေါ်ဖြူမြို့တော်၏ အပျက်အစီးများ၊ နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းကောင်များနှင့် သောင်းကျန်းနေသော နတ်ဆိုးစစ်တပ်ကြီးကို တွေ့လိုက်ရသည်။
“ဒါ မြေခွေးမျိုးနွယ်စုက ရွှေယန် မြို့တော်ကို တိုက်ခိုက်တဲ့နေ့က မြင်ကွင်းပဲ...”
ကုန်းချင်းချိုးသည် ပုံရိပ်ယောင်၏ အကြောင်းအရာကို မှတ်မိလိုက်ပြီး သူမ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
အခန်း (၃၃၈) အဖွဲ့လေးဖွဲ့ မမျှော်လင့်ဘဲ ဆုံစည်းခြင်း
~ဤမြင်ကွင်းကို ကုန်းချင်းချိုး တစ်ဘဝလုံး မေ့နိုင်မည် မဟုတ်ပေ။
မြေခွေးမျိုးနွယ်စုကြီးက စစ်တပ်ကို ဦးဆောင်ပြီး ရွှေယန်မြို့တော်ကို တိုက်ခိုက်ခဲ့ကြသည်။ သူမ၏ အစ်ကိုကြီးသည် နတ်ဆိုးဘုရင်၏ လက်ချက်ဖြင့် တစ်စစီ ဖြစ်သွားပြီး သူ၏ တည်ရှိမှုနှင့် လမ်းစဉ်တို့ပါ ပျောက်ကွယ်သွားခဲ့ရသည်။
မရေမတွက်နိုင်သော ရဲရင့်သည့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့ကြသည်။
အကြီးအကဲ အများအပြားသည် သူမ လွတ်မြောက်ရန် အခွင့်အရေး ရရှိစေဖို့ မိမိကိုယ်ကို ဖောက်ခွဲခဲ့ကြသည်။
မျက်စိရှေ့တွင် လင်းလက်သွားသော ပုံရိပ်များကို ကြည့်ရင်း ကုန်းချင်းချိုးသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်။ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များနှင့် ဒေါသများ ပြည့်နှက်နေပြီး ကိုယ်ခန္ဓာမှ အရှိန်အဝါများသည် လျင်မြန်စွာ မြင့်တက်လာ၏။
“ဝုန်း…”
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ကို တစ်ဟုန်ထိုး ချိုးဖောက်လိုက်ပြီး ရေပေါ်ဖြူမြို့တော် တိုက်ပွဲမဖြစ်မီက ရှိခဲ့သော မူလကျင့်ကြံဆင့်ကို ဒေါသတကြီး ပြန်လည် ရယူလိုက်၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်...
ဒါက သူမရဲ့ မူလ ကျင့်ကြံဆင့်ပဲ...
“ဟူး...”
ကုန်းချင်းချိုးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဂိတ်ပေါက်အတွင်းရှိ စိတ်ကူးယဉ်ကမ္ဘာမှ ထွက်ခွာလာခဲ့သည်။ သူမ၏ မျက်လုံးများသည် ရှေ့တွင် ပေါ်လာသော ရွှေရောင် စာတန်းတန်းကို စိုက်ကြည့်နေပြီး အံ့သြသော အမူအရာကို ဖော်ပြနေ၏။
“စွဲလမ်းမှုများကို စွန့်လွှတ်ပြီး ရဲရင့်စွာ ရှေ့ဆက်..ချီတက်ပါ...”
စာတန်းများသည် မကြာမီ ပျောက်ကွယ်သွားလေသည်။
သို့သော် ကုန်းချင်းချိုး၏ စိတ်နှလုံးသည် အလွယ်တကူ ငြိမ်သက်မသွားခဲ့ပေ။
စွန့်လွှတ်ရမည်ကို သူမ သိသော်လည်း ၊ ဘာကြောင့်မှန်းမသိ ထိုကြေကွဲဖွယ် မြင်ကွင်းများကို အမြဲတမ်း အိပ်မက်မက်နေပြီး လုံးဝ စွန့်လွှတ်နိုင်ခြင်း မရှိခဲ့ပေ။
“ဒါက ငါ့စိတ်ထဲက နတ်ဆိုး ဖြစ်မယ်...”
ကုန်းချင်းချိုးသည် စိတ်ကူးယဉ်ကမ္ဘာနယ်မြေမှ ထွက်ခွာလာခဲ့သည်။
ဤခရီးစဉ်သည် သူမ၏ စိတ်ထဲရှိ စွဲလမ်းမှုကို မဖျက်ဆီးနိုင်ခဲ့သော်လည်း အနည်းဆုံးတော့ သူမ၏ မူလကျင့်ကြံဆင့်ကို ပြန်လည် ရရှိခဲ့ခြင်းသည် ကြီးမားသော အကျိုးအမြတ် တစ်ခု ဖြစ်ပါ၏။
*
မြူခိုးတောင်ထိပ်၌၊...
“မဆိုးဘူး... တစ်ရက်တောင် မပြည့်သေးဘူး... ချီကျင့်ကြံခြင်း တတိယအဆင့်ကို ရောက်သွားပြီ... တကယ် အံ့သြစရာပဲ...”
ယဲ့ဖုန်းသည် လန်တယ်ကို ပြုံးပြီး ပြောလိုက်ခြင်းပါ။
လန်တယ်၏ ပါရမီသည် မမြင့်မားလှပေ။ အဆင့်နိမ့် ပါရမီသာ ရှိသော်လည်း ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာကို နှိုးဆွလိုက်သောအခါ ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူပြီး ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားနိုင်ခဲ့သည်။
ယခုအခါ ‘ချီငါးပါး ပေါင်းစည်းခြင်း’ ကျင့်စဉ်ကို တရားဝင် စတင် ကျင့်ကြံလိုက်သောအခါ ထိုစွမ်းအင်များကို တဖြည်းဖြည်း ထုတ်လွှတ်ပြီး ကျင့်ကြံဆင့် အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်၏။
သို့သော် ချီကျင့်ကြံခြင်း တတိယအဆင့်သို့ တန်းရောက်သွားခြင်းသည် သူမ၏ ကန့်သတ်ချက်ပင်။
ဒီနောက်ပိုင်းမှာတော့ သူမရဲ့ ကျင့်ကြံနှုန်း သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”
လန်တယ်သည် ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
ထိုအချိန်တွင် ကုန်းချင်းချိုး ရောက်ရှိလာသည်။
သေချာ စဉ်းစားပြီးနောက် သူမသည် ရွှေယန်မြို့တော် အပျက်အစီး နယ်မြေဆီသို့ သွားရောက်ပြီး သူမ၏ စွဲလမ်းမှုကို နောက်ဆုံးတွင် စွန့်လွှတ်နိုင်မလား ဆိုသည်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူမ ယဲ့ဖုန်းထံ ခွင့်လာပန်ခြင်းဖြစ်၏။
“ဂိုဏ်းချုပ်... ကျွန်မ ရွှေယန်မြို့တော် အပျက်အစီးတွေဆီ သွားပြီး စိတ်ကို ရှင်းလင်းချင်လို့ပါ...” ကုန်းချင်းချိုး တိုးညှင်းစွာ ပြောလိုက်သည်။
ယဲ့ဖုန်းသည် သူ၏ ရုပ်ခန္ဓာ ခွန်အား သိသိသာသာ တိုးတက်လာသည်ကို သတိထားမိလိုက်သည်။ ထိုအခိုက်၊ ကုန်းချင်းချိုး၏ အသံကို ကြားလိုက်ရသောအခါ သူမသည် မူလ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်သို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“ကြည့်ရတာ အကြီးအကဲကုန်းရဲ့ ကျင့်ကြံရေးမျှော်စင် ခရီးစဉ်က အကျိုးရှိပုံ ရတယ်...” ယဲ့ဖုန်း ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်... လက်ရှိမှာ ကျွန်မ ပဉ္စမထပ်က စိတ်ကူးယဉ်ကမ္ဘာမှာ ပိတ်မိနေတယ်... ရေပေါ်ဖြူမြို့တော်ကို ပြန်သွားပြီး စိတ်ကို ရှင်းလင်းဖို့ စီစဉ်ထားပါတယ်...” ကုန်းချင်းချိုး ခေါင်းညိတ်လိုက်သည်။
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ လန်တယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ရှောင်တယ်... မင်းရော ရွှေယန်မြို့တော် အပျက်အစီးတွေဆီ လိုက်သွားပြီး အတွေ့အကြုံ ယူချင်လား...”
“ရှင်...” လန်တယ် ဇဝေဇဝါ ဖြစ်သွားသည်။
ကုန်းချင်းချိုးလည်း လန်တယ်ကို အံ့သြစွာ ကြည့်လိုက်ပြီး ယဲ့ဖုန်းက သူမကိုပါ ဘာလို့ ခေါ်သွားချင်ရတာလဲ ဆိုတာ နားမလည်နိုင် ဖြစ်သွားသည်။
“လန်တယ်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက ကျွန်တော်တို့ မြူခိုးဂိုဏ်းထဲကို သူလျှိုတစ်ယောက် လွှတ်လိုက်တယ်... ဒါပေမဲ့ သူက နာမည်ခံ သူလျှိုပါ... တကယ်တမ်းကျတော့ ငါတို့လူပဲ...”
ယဲ့ဖုန်းသည် လန်တယ်ကို လက်ညှိုးထိုးပြပြီး ကုန်းချင်းချိုးအား အလေးအနက် မိတ်ဆက်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကုန်းချင်းချိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက သူလျှိုတဲ့လား...
သူမ၏ ကြွယ်ဝသော အတွေ့အကြုံဖြင့် အခြေအနေကို လျင်မြန်စွာ သဘောပေါက်လိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင် ဂိုဏ်းချုပ်က ဒီတပည့်ကို ကျွန်မတို့ဘက် ပါလာအောင် စည်းရုံးလိုက်တာလား...”
“စည်းရုံးတယ်လို့တော့ မပြောပါဘူး... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက ရှောင်တယ်ရဲ့ ရန်သူ ဖြစ်နေပြီးသားပါ...” ယဲ့ဖုန်း ရှင်းပြလိုက်သည်။
“ဪ... သဘောပေါက်ပါပြီ...” ကုန်းချင်းချိုး နားလည်သွားရသည်။
ယဲ့ဖုန်းက ဒီအရေးကြီးသော သတင်းအချက်အလက်ကို ပြောပြသည် ဆိုကတည်းက လန်တယ်နှင့် ပူးပေါင်းပြီး ဟန်ဆောင်ခိုင်းချင်၍ ဖြစ်ပါမည်..။
“ဒါဆို မင်းက လန်တယ် ပေါ့... တို့က ကုန်းချင်းချိုး ပါ... အပြင်စည်း အကြီးအကဲ တစ်ယောက်ပါ... ဒုတိယမျိုးဆက် တပည့်တွေကို ကျင့်ကြံခြင်း သင်ခန်းစာတွေ သင်ကြားပေးဖို့ တာဝန်ယူထားတယ်... နောက်ပိုင်းကျရင် မင်း တို့ရဲ့ လမ်းညွှန်မှုအောက်မှာ ကျင့်ကြံရလိမ့်မယ်...” ဟု ကုန်းချင်းချိုး သူမကိုယ်သူမ.. မိတ်ဆက်ပေးလိုက်သည်။
“တပည့်က အကြီးအကဲကို ဂါရဝပြုပါတယ်...” လန်တယ်က လေးစားသမှုဖြင့် ခါးကိုင်း ဦးညွှတ်လိုက်တော့သည်။
“ကဲ... ဒါဆိုရင် ဒီအတိုင်းပဲ လုပ်ကြတာပေါ့... အကြီးအကဲကုန်း... ရှောင်တယ်ကို ခေါ်ပြီး ကမ္ဘာကြီးကို လိုက်ပြလိုက်ပါဦး... ပြီးတော့ လမ်းကြုံရင် ကျင့်ကြံခြင်း အကြောင်းတွေပါ သင်ပေးလိုက်ပါ... လွတ်သွားတဲ့ သင်ခန်းစာတွေ ပြန်လိုက်မီအောင်လို့ပေါ့...”
ယဲ့ဖုန်းက ထိုသို့.. နိဂုံးချုပ်လိုက်ပြီး ကြိမ်ကုလားထိုင်ပေါ်တွင် လှဲချလိုက်လေသည်။
သူသည် နေ့စဉ် မနော အလိုကျ..ဆုတောင်းခြင်း တစ်ခု ပြုလုပ်လိုက်ရာ အမြှုပ်များ ထနေသော ပျော်ရွှင်ခြင်း ရေစင် ပုံးကြီး တစ်ပုံး ဘေးနားတွင် ပေါ်လာ၏။ သူသည် ပိုက်ဖြင့် တစ်ဝကြီး စုပ်သောက်လိုက်ပြီး ကျေနပ်စွာ လေတက်လိုက်၏။
“ဟုတ်ကဲ့ပါ...”
ကုန်းချင်းချိုးသည် လန်တယ်ကို ခေါ်ဆောင်ပြီး ကောင်းကင်ယံသို့ ပျံတက်ကာ ရေပေါ်ဖြူမြို့တော်ဆီသို့ ဦးတည်သွားလေတော့သည်။
*
ကောင်းကင်ယံ၌...
“ရှောင်တယ်... ဂိုဏ်းချုပ်ရဲ့ လမ်းညွှန်မှုအောက်မှာ မင်းက တစ်ရက်တည်းနဲ့ ဒီလို ကျင့်ကြံဆင့်ကို ရောက်လာတယ် ဆိုတော့... ပါရမီ တော်တော် ကောင်းပုံရတယ်...”
ကုန်းချင်းချိုးသည် လန်တယ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အစစ်အမှန်ယွမ် တစ်စွန်းတစ်စကို ထည့်သွင်း စစ်ဆေးလိုက်သည်။
ထို့နောက် သူမ အံ့သြသွားသည်။
“မင်းမှာ အဆင့်နိမ့် ပါရမီပဲ ရှိတာလား...”
“ဟုတ်ပါတယ်... ကျွန်မရဲ့ ပါရမီက မမြင့်ပါဘူး... တစ်ရက်တည်းနဲ့ ချီကျင့်ကြံခြင်း တတိယအဆင့်ကို ရောက်လာရတာက ကျွန်မရဲ့ ကိုယ်ခန္ဓာ အလားအလာကြောင့်ပါ...”
လန်တယ် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့နေလေ၏။
“မင်းမှာလည်း အထူး ကိုယ်ခန္ဓာ ရှိတာလား... လုံထျန်းရှင်းရဲ့ နဂါးသွေးမျိုးဆက် ဒါမှမဟုတ် ချောင်ကျားရှီးရဲ့ ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးမျိုးဆက်နဲ့ တူတာလား...” ကုန်းချင်းချိုး စိတ်ဝင်စားသွားသည်။
“နှစ်ခုစလုံး မဟုတ်ပါဘူး...” လန်တယ် ခေါင်းခါလိုက်သည်။ “ဂိုဏ်းချုပ် ပြောတာတော့ ကျွန်မရဲ့ ကိုယ်ခန္ဓာက ဝိညာဉ်လိပ်ပြာ ဝင်စားသော ကိုယ်ခန္ဓာ တဲ့... ပုံရိပ်ယောင်တွေ၊ အိပ်မက်ကမ္ဘာတွေ ဖန်တီးနိုင်ပြီး တခြား သက်ရှိတွေရဲ့ မှတ်ဉာဏ်တွေကို ဖတ်ရှုနိုင်တယ် တဲ့...”
“မှတ်ဉာဏ်တွေကို ဖတ်နိုင်တယ် ဟုတ်လား...” ကုန်းချင်းချိုး အံ့သြသွားသည်။
ဒီပါရမီက တကယ်ကို ထူးခြားဆန်းကြယ်လွန်းတယ်...
သူတို့နှစ်ဦး စကားစမြည် ပြောဆိုရင်း မိုင်တစ်ထောင်ကျော် ဝေးကွာသော ရေပေါ်ဖြူမြို့တော်ဆီသို့ ပျံသန်းသွားကြ၏။
*
ထိုစဉ်၊ မိုင်ရာချီ အကွာအဝေး...
တောင်ကြားတစ်ခု အတွင်း၌...
"ရွှစ်..."
ကျားယွိလန်သည် ‘ဝိညာဉ်ပြား ဓားပျံ’မန္တန်ကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်သော အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့် နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်ဖြတ်နေလေ၏။
ကျားယွိလန် ညည်းတွားလိုက်သည်။
“ဟူး... ဒီရက်ပိုင်း အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့် နတ်ဆိုးသားရဲတွေက တို့တွေကို ဖိအား သိပ်မပေးနိုင်တော့ဘူး... တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်လောက် ရှာမှ စိန်ခေါ်မှု ရှိလိမ့်မယ်...”
ယန်ရူယွီလည်း သူမစကားအား ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... ‘ဒုတိယ ချီပင်လယ်’၊ ‘ရွှေယန် ကျင့်စဉ်’ နဲ့ ‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’ တို့လို အထောက်အကူပြု ကျင့်စဉ်တွေရဲ့ အားဖြည့်မှုကြောင့် တို့တွေရဲ့ စွမ်းအားက အရမ်း မြင့်မားနေပြီ... တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲလောက်မှ တို့တွေနဲ့ ယှဉ်တိုက်နိုင်မှာ...”
ထိုအခါ၊ မိုယင်က စပ်စုလိုက်သည်။
“နင်တို့ ဘာလို့ ကျင့်ကြံရေးမျှော်စင်ရဲ့ ဆွဲငင်အားနယ်မြေမှာ ဆက်မနေကြတာလဲ... အဆ (၂၀) ဧရိယာထဲ ဝင်လိုက်ရင် အဟန့်အတားတွေကို ချိုးဖျက်ဖို့ အထောက်အကူ ဖြစ်မှာပဲကို...”
“တို့တွေ စမ်းကြည့်ပြီးပြီ... (၁၀) ဆ ဧရိယာက ဖိအား မလုံလောက်ဘူး... (၂၀) ဆ ကျတော့ များလွန်းတယ်... (၁၅) ဆ လောက်ဆို အတော်ပဲ... ဒါပေမဲ့ ကံဆိုးတာက အဲ့ဒီလို မရှိဘူးလေ...” ဟု ကျားယွိလန်က ရှင်းပြလိုက်သည်။
ထိုစဉ်၊
ယန်ရူယွီက အကြံပြုလိုက်သည်။
“ရွှေယန်မြို့တော် အပျက်အစီးတွေက ဒီနားမှာလို့ ကြားတယ်... သွားကြည့်ကြမလား... တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲနဲ့ တွေ့ချင်တွေ့နိုင်တယ်...”
“ကောင်းပြီလေ...” မိုယင် ခေါင်းညိတ်လိုက်သည်။
...
လူနှစ်စုသည် တချိန်တည်းလိုလို ရွှေယန်မြို့တော် အပျက်အစီး နယ်မြေဆီသို့ ဦးတည်သွားနေကြ၏။
တစ်ဖက်နှင့်တစ်ဖက် ရည်ရွယ်ချက်များကို မသိရှိကြပေ။
ရွှေယန်မြို့တော် အပျက်အစီး နယ်မြေ...။
ဤနေရာသည် လူသူကင်းမဲ့ပြီး ခြောက်သွေ့နေသည်မှာ ကြာလေပြီ။
စစ်ပွဲကြီးများ အပြီးတွင် မြေကြီးပေါ် ပြုတ်ကျခဲ့သော ဝိညာဉ်ဆေးပင် မျိုးစေ့များသည် အချိန်ကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ၏ သွေးများကို စုပ်ယူခဲ့ပြီး ယခုအခါ စိမ်းလန်းစိုပြေသော အပင်များ အဖြစ် ရှင်သန်ကြီးထွားလာကြပြီ ဖြစ်၏။
နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် ရွှေယန်မြို့တော် အပျက်အစီး နယ်မြေသည် ဆေးဖက်ဝင် အပင်များ ရှာဖွေရန် နေရာကောင်း တစ်ခု ဖြစ်လာလိမ့်မည်ဟု အချို့က ဟောကိန်းထုတ်ကြသည်။
တုန်းချန်သည် အပျက်အစီးများ၏ အလယ်ဗဟိုတွင် ရပ်နေလေ၏။
သူ၏ စိတ်ထဲတွင် တုန်းတုန်းချန် နှင့် ဟူယွမ် တို့၏ အသံများ ငြင်းခုံနေကြသည်။
“ငါ ပြောတာ နားထောင်စမ်း... ဝိညာဉ်သန့်စင် မြက်ပင်ကို အရင်သုံးပြီး ဝိညာဉ်စွမ်းအားကို အားဖြည့်... ပြီးမှ အဆင့် ချိုးဖြတ်...”
“ဟိတ်၊ သူ့စကား နားမထောင်နဲ့... သူက အရူး... ငါ ပြောတာ နားထောင်... အရိုးသန်မာဆေးလုံးကို အရင်သုံးပြီး ကိုယ်ခန္ဓာကို အားဖြည့်...”
တုန်းတုန်းချန်နှင့် ဟူယွမ် စကားများနေကြသည်။
တုန်းချန် ဘာလုပ်ရမှန်း မသိ ဖြစ်နေရ၏။
‘ဒါက ငါ့ခန္ဓာကိုယ်လေ... ဒါပေမဲ့ ငါ့စိတ်ထဲမှာ ငြင်းခုံပြီး စီမံကိန်း ချနေကြတဲ့ ဒီရှေ့လူဟောင်းကြီး နှစ်ယောက်ရဲ့ စကားကို နားထောင်နေရတယ်၊ ဟူး…’
“နှစ်ခုလုံး တပြိုင်တည်း သုံးလိုက်ရင်ရော...” တုန်းချန် သက်ပြင်းချလိုက်သည်။
“မဖြစ်ဘူး... တပြိုင်တည်း သုံးရင် မင်းခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်...” တုန်းချန်၏ ဆုံးဖြတ်ချက်ကို အစွမ်းထက် ပုဂ္ဂိုလ်ကြီး နှစ်ဦးက ချက်ချင်း ကန့်ကွက်လိုက်ကြ၏။
“ဟူး...”
တုန်းချန်.. တို့ဖူးတုံးနှင့် ခေါင်းဆောင့်ပြီး သေချင်စိတ် ပေါက်သွားသည်။
သူ့အကြံပြုချက်တွေကို ခေါင်းမာသည့် လူကြီးနှစ်ယောက်က ဘယ်တော့မှ လက်မခံကြပေ။
‘စိတ်ပျက်စရာ အခြေအနေပါပဲ…’
"ဝူး...."
အဝေးမှ လူတစ်ယောက် ပျံသန်းလာပြီး လေပြင်းများ တိုက်ခတ်သွားစေသည်။
“မြန်မြန် ပုန်းလိုက်...”
တုန်းတုန်းချန်နှင့် ဟူယွမ် ပြိုင်တူ ပြောလိုက်ကြ၏။
တုန်းချန် ‘မြေလျှိုး နည်းစနစ်’ အား အလျင်အမြန် အသုံးပြုပြီး မြေကြီးအောက်သို့ ငုပ်လျှိုးသွားတော့သည်။ တပြိုင်နက်တည်ပင်၊ ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးရန် ဝိညာဉ်အာရုံကို တိတ်တဆိတ် ထုတ်လွှတ်ထား၏။
ပုံရိပ်တစ်ခု မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
ဝတ်ရုံလွှမ်းထားပြီး ပြင်းထန်သော ဝိညာဉ်အာရုံခံနိုင်စွမ်း လှိုင်းများ ထုတ်လွှတ်နေကာ ပတ်ဝန်းကျင်ကို လျင်မြန်စွာ စစ်ဆေးးလိုက်သည်။ သူသည် နတ်ဘုရား မျိုးနွယ်စု၏ ခရိုင်ဘုရင်မြို့တော်မှ သူလျှို ဟန်အာ ပင် ဖြစ်ချေသည်။
“ရွှေယန်မြို့တော် အပျက်အစီးတွေက ဝိညာဉ်ဆေးပင် စိုက်ဖို့ ကောင်းတယ်လို့ ကြားတယ်... ဒီနေ့ကစပြီး ဒီနေရာကို ငါတို့ နတ်ဘုရား မျိုးနွယ်စုရဲ့ လျှို့ဝှက် နတ်ဘုရား ဟင်းသီးဟင်းရွက် စိုက်ခင်း အဖြစ် သတ်မှတ်လိုက်မယ်... ဟားဟား... မိုက်တယ်ကွာ...”
ဟန်အာသည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး မည်သူမျှ မရှိကြောင်း သေချာစေကာ ဝင်္ကပါ တစ်ခု စတင် တည်ဆောက်လိုက်သည်။ ဝင်္ကပါ အတွင်း၌ ဟင်းသီးဟင်းရွက်ခင်း တစ်ခု ပြုလုပ်ရန် ရည်ရွယ်ထား၏။
သို့သော် ထိုအချိန်တွင် နောက်ထပ် လူများ ရောက်ရှိလာကြသည်။
“လခွမ်း... ငါ မြေတောင် မဆွရသေးဘူး... လူလာနေပြီလားဟ...”
ဟန်အာသည် မြေကြီးထဲတွင် တွင်းတစ်တွင်း တူးပြီး အလျင်အမြန် ပုန်းအောင်းလိုက်၏။
အနီးနားရှိ မြေကြီးထဲတွင်...
တုန်းချန်လည်း ပုန်းအောင်းနေပြီး အသက်အောင့်ထားကာ အသံမထွက်ရဲဘဲ နေနေရသည်။
“ဒီဝတ်ရုံနဲ့လူက ခိုးကြောင်ခိုးဝှက် လုပ်နေတာ... ကြည့်တာနဲ့ လူကောင်း မဟုတ်မှန်း သိသာတယ်... သွားပြီး ဒုက္ခပေးလိုက်ရအောင်...”
“အရူး... နောက်ထပ် လူတွေ လာနေလား ဆိုတာ အရင် ကြည့်စမ်းပါဟ...”
ဟူယွမ်နှင့် တုန်းတုန်းချန် ပြန်လည် ငြင်းခုံနေကြပြန်သည်။
တုန်းချန်ကတော့ တိတ်ဆိတ်နေလိုက်၏။
မကြာမီ ပုံရိပ် (၃) ခု မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
မိုယင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ရွှေယန်မြို့တော် အပျက်အစီး နယ်မြေ အတွင်းတွင် အထူးသဖြင့် စွမ်းအားကြီးမားသော နတ်ဆိုးသားရဲများ မရှိကြောင်း တွေ့ရှိလိုက်ရ၏။ သို့သော် မြေပြင်တွင် ဝိညာဉ်ဆေးပင်များ စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေလေ၏။
သက်တမ်း နုနယ်လွန်းသဖြင့် လောလောဆယ် အသုံးမဝင်သေးခြင်းပင်။
“စီနီယာအစ်မကြီးမို... ဒီနားမှာ တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ ရှိမယ့်ပုံ မပေါ်ဘူးနော်...” ယန်ရူယွီက လေသံနှင့် ကပ်ပြောလိုက်သည်။
“မသေချာဘူး...”
မိုယင် လက်ထောင်ပြလိုက်ပြီး ယန်ရူယွီနှင့် ကျားယွိလန်ကို တိတ်ဆိတ်နေရန် အချက်ပြကာ အဝေးသို့ လက်ညှိုးထိုးပြလိုက်၏။
ထိုနေရာတွင် ဖုန်မှုန့်လုံးကြီး တစ်လုံးသည် သူတို့ဆီသို့ လှိမ့်ဝင်လာတော့သည်။
အခန်း (၃၃၉) ရွှေယန်မြို့တော် အပျက်အစီး နယ်မြေ၊ မိစ္ဆာကောင်များ၏ အာဏာလုပွဲ
~“နတ်ဆိုးသားရဲ အုပ်စုကြီးပါလား...”
ကျားယွိလန်သည် ပန်းရောင် ငှက်ပျံကြီးဖြင့် အမြင့်သို့ ပျံတက်လိုက်ပြီး ဝိညာဉ်မျက်လုံးကို အသုံးပြုကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ အုပ်စုကို ဦးဆောင်လာသော ရွှေရောင်အရေပြားနှင့် ရှေ့သွားခေါနေသည့် ဝက်ကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုဝက်ကြီးသည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် ရှိကြောင်း သတိထားမိလိုက်သည်။
ဝက်နတ်ဆိုးကြီး၏ နောက်တွင် ရှေ့သွားခေါ ဝက်ကောင်ရေ ရာပေါင်းများစွာ ပါလာသည်။ သူတို့၏ အရေပြားနှင့် အသားများသည် အလွန် မာကျောပြီး လူများကို ဝင်ဆောင့်ကာ လွင့်စဉ်သွားအောင် တိုက်ခိုက်ရာတွင် ကျွမ်းကျင်လှသည်။
“ဘုန်း... ဘုန်း... ဘုန်း…”
အခြား မျက်နှာစာများမှလည်း နောက်ထပ် နတ်ဆိုးသားရဲ အုပ်စုများ တိုက်ခိုက်လာကြသည်။
နွားရိုင်းများ... ဒေါသကြီးသော သိုးများ... ယုတ်မာသော ဖွတ်များ...
စုစုပေါင်း နတ်ဆိုးသားရဲ မျိုးစိတ် (၆) မျိုး ရှိပြီး အားလုံးသည် ရက်စက်ကြမ်းကြုတ်စွာ ချီတက်လာကြသည်။
“တို့တွေ အချိန်ကိုက် ရောက်လာတာပဲ... နတ်ဆိုးသားရဲ စစ်တပ် (၆) ခု နယ်မြေလုနေတဲ့ အချိန်နဲ့ ကွက်တိပဲ...”
မိုယင်သည် ယန်ရူယွီနှင့် ကျားယွိလန်ကို ခေါ်ဆောင်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။ လောလောဆယ် ဝင်မပါချင်သေးပေ။
မကြာမီ ရှေ့သွားခေါ ဝက်များ၊ နွားရိုင်းများနှင့် အခြား နတ်ဆိုးသားရဲ စစ်တပ် (၄) ခုသည် ရွှေယန်မြို့တော် အပျက်အစီး နယ်မြေဆီသို့ ရောက်ရှိလာကြသော်လည်း ဝင်ရောက်တိုက်ခိုက်ခြင်း မရှိကြပေ။
အကြောင်းရင်းမှာ ဤနေရာတွင် ဝိညာဉ်ဆေးပင်များ အလွန် ပေါများနေသောကြောင့်ဖြစ်၏။
တောဝက်တွေတောင် သိတယ်လေ... သူတို့ ဝင်တိုက်လိုက်ရင် ဒီအဖိုးတန် ဝိညာဉ်ဆေးပင်တွေ ပျက်စီးကုန်မှာပေါ့...
“အွတ်... အွတ်...”
“အူး...”
“ရှူး...”
နတ်ဆိုးဗိုလ်ချုပ်များ ဦးဆောင်သော နတ်ဆိုးသားရဲ စစ်တပ် (၆) ခုသည် လေထဲတွင် တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက် တွေ့ကြသည်။ သူတို့၏ ဟိန်းဟောက်သံများတွင် ဒေါသများ ပါဝင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် လေပြင်းမုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်လာကာ အခြား နတ်ဆိုးသားရဲ စစ်တပ်များကို ခြိမ်းခြောက်နေကြ၏။
သို့သော် သူတို့၏ အရှိန်အဝါများသည် တူညီနီးပါး ဖြစ်နေကြသည်။
ခေတ္တမျှ ယှဉ်ပြိုင်ပြီးနောက် အနိုင်အရှုံး မပေါ်ခဲ့ပေ။
မီတာရာချီ မြင့်မားသော ကောင်းကင်ယံ၌...
မိုယင်၊ ယန်ရူယွီနှင့် ကျားယွိလန်တို့သည် ဓားပျံစီးပြီး စောင့်ကြည့်နေကြသည်၏။
“စီနီယာအစ်မကြီးမို... ဘယ်လို လုပ်ကြမလဲ...”
“အောက်မှာ တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲတွေ အများကြီးပဲ... ဒါပေမဲ့ သူတို့က နယ်မြေလုနေကြတာ... တို့တွေ အခု ဝင်ပါလိုက်ရင် ဝိုင်းတိုက်ခံရပြီး အကြီးအကျယ် ဒဏ်ရာရတာ၊ သေဆုံးတာတွေ ဖြစ်ကုန်လိမ့်မယ်...”
ယန်ရူယွီနှင့် ကျားယွိလန်တို့က စိုးရိမ်တကြီး ပြောလိုက်ကြသည်။
မိုယင် တိုးညှင်းစွာ နှစ်သိမ့်လိုက်သည်။
“မပူပါနဲ့... ငါ ရှိတယ်...”
သူမသည် ဝိညာဉ်အာရုံဖြင့် ဧရိယာ တစ်ခုလုံးကို စေ့စေ့စပ်စပ် စစ်ဆေးပြီး ဖြစ်၏။
ဦးဆောင်လာသော နတ်ဆိုးဗိုလ်ချုပ်များသည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်များ ဖြစ်ကြပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အထွတ်အထိပ်နှင့် ညီမျှသည်။
(၆) ကောင် ရှိသော်လည်း သူတို့ ပူးပေါင်းတိုက်ခိုက်လျှင်တောင် မိုယင် ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ထားပါသည်။
“ဝေါ...”
အောက်ဘက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီး (၆) ကောင်သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ သူတို့၏ ကြီးမားသော နတ်ဆိုးသားရဲ စစ်တပ်များကို အပျက်အစီးများ အပြင်ဘက်ရှိ ကွင်းပြင်တွင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်ကြသည်။
သူတို့ကိုယ်တိုင်ကမူ တိုက်ပွဲထဲ မဝင်ဘဲ နေလောက်အောင် ပါးနပ်ကြသည်၏။
နတ်ဆိုးဗိုလ်ချုပ်ကြီး (၆) ကောင်သည် ပြိုင်တူ မော့ကြည့်လိုက်ကြရာ မျက်လုံး (၁၂) လုံးသည် သူမကို စိုက်ကြည့်နေပြီး ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
“ဝှီး...”
နတ်ဆိုးဗိုလ်ချုပ်ကြီး (၆) ကောင်သည် ပြိုင်တူ တိုက်ခိုက်လိုက်ကြပြီး မိုယင်ကို ပစ်မှတ်ထားလိုက်ကြသည်၏။
လူသားများကို အရင် ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်၏။
“နင်တို့ သွားတိုက်ကြ... ဒီနေရာကို ငါ့တာဝန်ထား...”
မိုယင်၏ အရှိန်အဝါ လှုပ်ခါသွားပြီး ယန်ရူယွီနှင့် ကျားယွိလန်ကို မီတာရာချီ အဝေးသို့ တွန်းပို့လိုက်သည်။ ထို့နောက် လေညှင်းစီး ဓားပျံကို ဆွဲထုတ်လိုက်ပြီး နတ်ဆိုးဗိုလ်ချုပ်ကြီး (၆) ကောင်ဆီသို့ ပြေးဝင်ကာ အသက်စွန့် တိုက်ခိုက်လေတော့သည်။
“ကိုယ့်ပြိုင်ဘက် ကိုယ်ရွေးကြတာပေါ့...”
(၁၀) မီတာခန့် ကွာဝေးသွားသောအခါ ကျားယွိလန်နှင့် ယန်ရူယွီတို့သည် တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်စီကို ရွေးချယ် တိုက်ခိုက်လိုက်ကြပြီး ချက်ချင်းပင် အရေးနိမ့်သွားကြ၏။
*
မြေကြီးအောက် နက်ရှိုင်းသော နေရာတွင်မူ...
“ကောင်းကောင်း တိုက်ကြစမ်း... မြူခိုးဂိုဏ်းက တပည့်တွေက နတ်ဆိုးသားရဲ စစ်တပ်ကို အာရုံလွှဲထားပေးလိမ့်မယ်... ပြီးရင် တို့တွေ ခိုးဝင်တိုက်ခိုက်ပြီး သူတို့ကို သတ်ပစ်ကြမယ်...”ဟု ဟူယွမ်က မထီမဲ့မြင် ပြောလိုက်သည်။
သူသည် မိုယင်နှင့် အခြား မိန်းကလေး နှစ်ဦးကို မမှတ်မိသော်လည်း တုန်းချန်ကမူ မှတ်မိ၏။
“တကယ် အဆင်ပြေပါ့မလား... ကျွန်တော်က ဂိုဏ်းချုပ်ယဲ့နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး...” တုန်းချန်သည် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေပြီး ငြင်းဆန်ရန် ကြိုးစားလိုက်သည်။
“ဟွန်း... မြူခိုးဂိုဏ်းက လူတွေ အကုန် သေသင့်တယ်...” ဟူယွမ်သည် သူ့အမြင်ကို စွဲကိုင်ထားပြီး တုန်းချန်ကို လှုပ်ရှားရန် ဆက်လက် တိုက်တွန်းနေသည်။
“ကျွန်တော် မသွားဘူး...” တုန်းချန်က နေရာမှာတင် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်၏။
“ဟဲ... အားနည်းပြီး အသုံးမကျတဲ့ ခွေးကောင်...” ဟူယွမ် စိတ်ပျက်သွားပြီး ဘာမှ ဆက်မပြောတော့ပေ။
“ခစ် ခစ် ခစ်... နတ်ဆိုးလေး... အပြောခံလိုက်ရပြီ မဟုတ်လား...” တုန်းတုန်းချန်က အခွင့်ကောင်းယူပြီး လှောင်ပြောင်လိုက်ရာ ဟူယွမ် ဒေါသထွက်ပြီး မုတ်ဆိတ်မွေးများ ထောင်ထလာသည်။
တုန်းတုန်းချန်က ဆက်ပြောလိုက်သည်။
“တုန်းချန်... မြေအောက်မှာ ပုန်းနေတဲ့ ဟိုလူကို သတိထား... ဒီဘိုးဘေးကြီး အာရုံခံမိတာတော့ သူ့အရှိန်အဝါက ထူးဆန်းတယ်... သာမန် ကျင့်ကြံသူ မဟုတ်ဘဲ စိတ်စွမ်းအား အသုံးပြုရာမှာ ကျွမ်းကျင်တဲ့သူနဲ့ တူတယ်... ဒီဘိုးဘေးကြီး ထင်တာ မမှားဘူး ဆိုရင် သူက နတ်ဘုရား မျိုးနွယ်စုက ဖြစ်မယ်...”
“နတ်ဘုရား မျိုးနွယ်စု ဟုတ်လား...” တုန်းချန်နှင့် ဟူယွမ် နှစ်ဦးစလုံး စိတ်ဝင်စားသွားကြသည်။
“နတ်ဘုရား မျိုးနွယ်စု ဆိုတာ သူတို့ဘာသာ လျှောက်ပြောနေတာပါကွာ... တကယ်တမ်းကျတော့ သူတို့က မျိုးနွယ်ခြား မျိုးနွယ်စုတွေပဲ... ရှန်ကျိုးတိုက်ကြီးကို ကျူးကျော်ဖို့နဲ့ အခွင့်အရေး ရှာဖို့ အမြဲ ကြိုးစားနေကြတာ... သူ့ကို အရင် ရှင်းပစ်ပြီး သူ့ရဲ့ ကျင့်စဉ်တွေကို ခိုးယူကြရအောင်...”
တုန်းတုန်းချန်က လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်ရာ တုန်းချန်နှင့် ဟူယွမ်တို့ အလွန် တုန်လှုပ်သွားကြသည်။
‘မျိုးနွယ်ခြား မျိုးနွယ်စုက ရှန်ကျိုးကို ကျူးကျော်မယ် ဟုတ်လား...
တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ...
ရှန်ကျိုးတိုက်ကြီးမှာ မြင့်မြတ်သော နယ်မြေတွေ အများကြီး ရှိတယ်... ရှေးဟောင်း သူတော်စင်တွေက စောင့်ရှောက်နေကြတာ... နတ်ဘုရား မျိုးနွယ်စုက ရှန်ကျိုးကို ကျူးကျော်ရဲတယ် ဆိုတော့... သူတို့မှာရော ရှေးဟောင်း သူတော်စင်တွေ ရှိနေလို့များလား…’
တုန်းတုန်းချန်သည် သူတို့နှစ်ဦး၏ စိုးရိမ်မှုကို ခန့်မှန်းမိပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
“အပိုတွေ တွေးမနေနဲ့... နတ်ဘုရား မျိုးနွယ်စုက အဲဒီလောက် မစွမ်းပါဘူး...”
“ဟိုတုန်းက ဒီဘိုးဘေးကြီးက နတ်ဘုရား မျိုးနွယ်စုက နတ်ဘုရားတွေနဲ့ စစ်ပွဲကြီး ဆင်နွှဲခဲ့ဖူးတယ်... သုံးယောက်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်... ငါ့ရဲ့ စစ်မှုထမ်း မှတ်တမ်းတွေက တကယ်ကို ဂုဏ်ယူစရာ ကောင်းပါတယ်...”
“ငါ သိသလောက် ဆိုရင် နတ်ဘုရား မျိုးနွယ်စုရဲ့ နတ်ဘုရားသခင်တွေက မူလနတ်ဘုရား အထွတ်အထိပ် အဆင့်လောက်ပဲ ရှိတာ...”
“ဒါကြောင့် နတ်ဘုရား မျိုးနွယ်စုက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်လို ကြယ်သုံးပွင့် အင်အားစုလောက်ကိုပဲ ကျူးကျော်ရဲတာပါ...”
ထိုစကားကို ကြားသောအခါမှ၊ ဟူယွမ်နှင့် တုန်းချန်တို့ သက်ပြင်းချလိုက်ကြသည်။
ကောင်းကင်ယံ၌...
မိုယင်သည် နတ်ဆိုးကြီး (၆) ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေ၏။
သူမသည် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်နှင့် ယှဉ်ပြိုင်နိုင်သော်လည်း ယခု နတ်ဆိုးကြီး (၆) ကောင် ဝိုင်းရံထားသဖြင့် သူမ၏ သိုင်းကွက် အများအပြားကို မထုတ်ဖော်နိုင်ပေ။
သို့သော် ပြိုင်ဘက် (၆) ဦးကို တစ်ယောက်တည်း ရင်ဆိုင်ပြီး ဤမျှအထိ တောင့်ခံနိုင်ခြင်းသည်ပင် ချီးကျူးစရာ ကောင်းနေလေပြီ။
“တကယ့် ဒုက္ခပဲ...”
မိုယင်သည် ‘ကျောဘက်မှ ဓားထိုးခြင်း’ကို ဆက်တိုက် အသုံးပြုပြီး ပြိုင်ဘက်များ၏ နောက်ကျောဘက်သို့ ရောက်ရှိသွား၏။ ရွှေရောင်အရေပြား ရှေ့သွားခေါ ဝက်ကြီးကို ဓားဖြင့် ဒဏ်ရာရအောင် လုပ်လိုက်သည်။ သို့သော် ဝက်ကြီးကို သေစေနိုင်လောက်သော ဒဏ်ရာ မပေးနိုင်မီ ကျန်နတ်ဆိုး (၅) ကောင်က ဝိုင်းရံလာကြပြန်သည်၏။
သူမသည် ကျောဘက်ရှိ အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို မကြည့်ဘဲ မနေနိုင်တော့ပေ။
အကယ်၍ ဒီဝိညာဉ်ဓားကို သုံးလိုက်လျှင် သူမ၏ တိုက်ခိုက်ရေးစွမ်းအားက ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်ကို တန်းရောက်သွားမည်...။ ‘ရွှေယန် ကျင့်စဉ်’ နှင့်ပါ ပေါင်းစပ်လိုက်လျှင် ပဉ္စမအဆင့်ကို ရောက်ဖို့ မခက်ခဲတော့ပါ။
ထိုအချိန်ကျလျှင်၊ နတ်ဆိုးကြီး (၆) ကောင်ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်…။
သို့တိုင်၊ ဘာကြောင့်မှန်းမသိ မိုယင်သည် အင်အားကို ထိန်းထားရမည်ဟု ခံစားနေရသည်။ အရိပ်ထဲတွင် စွမ်းအားကြီးမားသော ရန်သူတစ်ဦး ပုန်းအောင်းနေသလိုပင်။
မြေပြင်ပေါ်၌...၊
ကျားယွိလန်သည် ‘ကိုယ်ဖော့ပညာ’ကို အသုံးပြုနေပြီး သူမ၏ နောက်တွင် ‘ပန်းပွင့်ကြွေ မိုးစက်များ’မှ ဖြစ်ပေါ်လာသော ပန်းရောင် ငှက်ကလေး တစ်ကောင်က ကျောဘက်ကို ကာကွယ်ပေးထား၏။
တစ်ချိန်တည်းမှာပင် သူမသည် ချင်းဖုန်းဓား ကို အဆက်မပြတ် ဝှေ့ယမ်းနေရ၏။ ထက်ရှသော ဓားအရှိန်အဝါများကို ထုတ်လွှတ်ကာ တစ်ဝက်တစ်ပျက် အသွင်ပြောင်း နွားနတ်ဆိုး၏ တိုက်ခိုက်မှုများကို ကာကွယ်နေရသည်။
ပြိုင်ဘက်သည် (၂) မီတာ မြင့်မားပြီး လူကိုယ်ခန္ဓာ၊ နွားခေါင်းနှင့် ရူးသွပ်ဓား ကို ကိုင်ဆောင်ထားကာ မရပ်မနား ခုတ်ပိုင်းနေသဖြင့် ခုတ်လိုက်တိုင်း မြေကြီးပေါ်တွင် ကြောက်မက်ဖွယ် ကတုတ်ကျင်းများ ဖြစ်ပေါ်စေကာ ကျားယွိလန်ကို နောက်ဆုတ်သွားစေသည်။
သူမနှင့် ယှဉ်လျှင် ယန်ရူယွီ၏ တိုက်ပွဲသည် ပိုမို လွယ်ကူ၏။
သူမသည် ‘ကိုယ်ဖော့ပညာ’ ကို အသုံးပြု၍ ရှောင်တိမ်းပြီး သူမကို လိုက်ဖမ်းနေသော တစ်ဝက်တစ်ပျက် အသွင်ပြောင်း ဝက်နတ်ဆိုးကို ‘အသက်စွမ်းအင် ကျည်ဆန်’ဖြင့် ရံဖန်ရံခါ ပစ်ခတ်နေလေ၏။
“ဝှစ်”
မိန်းကလေး နှစ်ဦး ကျောချင်းကပ် ရပ်လိုက်ကြသည်။
“ပြိုင်ဘက် လဲကြရအောင်...”
“ကောင်းပြီ...”
သူမတို့နှစ်ဦး နေရာချင်း လဲလိုက်ကြသည်။ တစ်ယောက်က နွားနတ်ဆိုးဆီသို့ ပြေးဝင်သွားပြီး ကျန်တစ်ယောက်က ဝက်နတ်ဆိုးဆီသို့ ပြေးဝင်သွားသည်။
တစ်ယောက်ချင်း တိုက်ခိုက်ရာတွင် အစွမ်းကုန် မသုံးဘဲ တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲကို သတ်ဖြတ်ရန်မှာ သူတို့အတွက် ခက်ခဲလှသည်။
သို့သော် ရန်သူကို ထိန်းချုပ်ထားပြီး မိမိကိုယ်ကို မထိခိုက်အောင် ကာကွယ်ရန်မှာမူ သိပ်မခက်ခဲလှပေ။
ဒါက လေ့ကျင့်ရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြည့်မီဖို့ လုံလောက်ပေ၏။
*
မြေကြီးအောက် နက်ရှိုင်းသော နေရာတွင်...
ဟန်အာသည် ဆက်လက် ပုန်းအောင်းနေသည်။
သူသည် မိုယင်နှင့် အခြား မိန်းကလေး နှစ်ဦးကို မြူခိုးဂိုဏ်း၏ တပည့်များ ဖြစ်ကြောင်း မှတ်မိလိုက်ပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာ၏။
“မြူခိုးဂိုဏ်းက တပည့်တွေ တော်တော် စွမ်းတာပဲ...”
“ဒီနားမှာ တခြား စွမ်းအားကြီးတဲ့ သူတွေ ရှိပုံ မရဘူး... လူသားတွေရဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်နဲ့ ညီမျှတဲ့ ပဉ္စမအဆင့် ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ် နဲ့ ဆိုရင် ငါ့ရဲ့ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ သူတို့ကို ရှင်းလင်းပစ်နိုင်မှာ သေချာတယ်...”
‘ယဲ့ဖုန်း... တပည့်တွေ ဆုံးရှုံးရတဲ့ နာကျင်မှုကို မင်း မြည်းစမ်းစေရမယ်... ဟဲဟဲဟဲ…’
ထိုသို့ တွေးတောရင်း ဟန်အာသည် လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် မြေကြီးသည် ပြင်းထန်သော ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး ရှိသမျှ ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများ၏ အာရုံကို ဖမ်းစားလာ၏။
“ဘုန်း... ဘုန်း... ဘုန်း…”
အဝေးမှ မြေကြီးသည် ကော်ဇောအောက်တွင် ဧရာမ ပွေးကောင်ကြီး တစ်ကောင် ပြေးလွှားနေသကဲ့သို့ ဖောင်းပွလာပြီး ရွှံ့နွံလှိုင်းလုံးကြီး တစ်ခု ပါလာ၏။
“ဘာလို့ ငါတို့ဆီ လာနေတာလဲ...”
မြေအောက်တွင် ဟန်အာနှင့် တုန်းချန်တို့သည် ကြောက်မက်ဖွယ် ရွှံ့နွံလှိုင်းလုံးကြီး ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရပြီး သူတို့ ရှိနေသော နေရာကို ပစ်မှတ်ထားနေကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။
“ဂျွတ်…”
နောက်တစ်ခဏတွင် ဧရာမ ပုံရိပ်ကြီး တစ်ခုသည် မြေကြီးထဲမှ ဖောက်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ မြေဆီလွှာများ ပေါက်ကွဲထွက်ကာ တုန်းချန်နှင့် ဟန်အာတို့ကို လေထဲသို့ လွင့်စဉ်သွားစေခဲ့သည်။
လှုပ်ရှားမှုကို အာရုံခံမိသော မိုယင်နှင့် နတ်ဆိုးကြီး (၆) ကောင်သည် မီတာရာချီ နောက်ဆုတ်သွားကြပြီး အဝေးမှ စောင့်ကြည့်နေကြသည်။
“ဂါး...”
နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ နားစည်များ ပြင်းထန်စွာ တုန်ခါသွားကာ ကွဲထွက်လုနီးပါး ဖြစ်သွားသည်။ သူတို့သည် အသံလာရာသို့ အလျင်အမြန် ကြည့်လိုက်ကြသည်။
မြေပြင်ပေါ်တွင် တီကောင်ပုံစံ သတ္တဝါဆန်းကြီး တစ်ကောင် ထွက်ပေါ်လာ၏။
အရှည် (၁၀၀) မီတာ၊ အချင်း (၁၀) မီတာ ရှိပြီး ပါးစပ်ထဲတွင် ထက်ရှသော လွှသွားကဲ့သို့ သွားများ ပြည့်နှက်နေသည်။ ၎င်းသည် ခေါင်းကို မော့ထားပြီး ရှိသမျှ သက်ရှိသတ္တဝါ အားလုံးကို စူးစမ်းကြည့်ရှုနေသကဲ့သို့ ရှိနေလေ၏။
ထိုအကောင်ကြီးက အားလုံးကို သားကောင်တွေ အဖြစ် သတ်မှတ်လာ၏။