← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀) မြေကမ္ဘာ တီကောင်ဘုရင်၊ နောက်ဆုံးအဖွဲ့ ရောက်ရှိလာခြင်း

~ဒါ မြေကမ္ဘာ တီကောင်ဘုရင်ပင်...။

၎င်းသည် အတွေ့အကြုံရင့်သော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်နှင့် ညီမျှသည်။ ဟန်အာ၏ အရှိန်အဝါပင်လျှင် ဖိနှိပ်ခံလိုက်ရပြီး ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။

“ဂါး...”

မြေကမ္ဘာ တီကောင်ဘုရင်သည် နားကွဲမတတ် ဟိန်းဟောက်လိုက်ရာ ပါးစပ်ထဲမှ အနံ့ဆိုးကြီး တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

“နံလိုက်တာ...”

ကျားယွိလန်၊ မိုယင်နှင့် ယန်ရူယွီတို့သည် အတူတကွ စုရုံးလိုက်ကြပြီး ဝိညာဉ်အကာအကွယ် ဒိုင်းတစ်ခု ဖန်တီးကာ အနံ့ဆိုးကို ကာကွယ်လိုက်ကြသည်။

နတ်ဆိုးကြီး (၆) ကောင်သည်လည်း ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

တုန်းချန်လည်း အလျင်အမြန် နောက်ဆုတ်လိုက်သည်။ မျက်နှာဖုံးစွပ်ထားသဖြင့် သူသည် လျူယွင်ဂိုဏ်း၏ အတွင်းစည်း တပည့်မှန်း မည်သူမျှ မသိရှိကြပေ။

ဝတ်ရုံလွှမ်းထားသော ဟန်အာ၏ မျက်နှာသည်လည်း မျက်နှာဖုံးအောက်တွင် ရှုံ့မဲ့နေလေ၏။

မိုယင်သည် တုန်းချန်နှင့် ဟန်အာကို တစ်ချက် ကြည့်လိုက်သည်။ မြေကြီးအောက်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ (၂) ဦး ပုန်းအောင်းနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ သူမ စိတ်မသန့် ဖြစ်နေရခြင်း၏ အကြောင်းရင်းကို ယခုမှ သဘောပေါက်သွားတော့၏။ ပြဿနာ ရှိနေသည်မှာ အမှန်ပင်။

“ဟိုဝတ်ရုံနဲ့လူကို မြင်လား... သူ့အရှိန်အဝါက ဂျူနီယာ ညီမလေး ဇီလင်းနဲ့ တူနေတယ်လို့ သတိထားမိလား...”

မိုယင်က စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်သည်။

“တူတယ် ဟုတ်လား...” ကျားယွိလန် ကြောင်သွားသည်။

“ဂျူနီယာ ညီမလေး ဇီလင်းရဲ့ ဆွေမျိုးများလား...” ယန်ရူယွီ မျက်လုံးဝိုင်းသွားသည်။

မိုယင် မျက်လုံးလှန်ပြလိုက်သည်။ “ကျင့်စဉ်ကို ပြောတာ...”

ဟန်ဆန်းနှင့် တိုက်ခိုက်ဖူးသော ကျားယွိလန်သည် ချက်ချင်း အာရုံစိုက်လိုက်သည်။

“သဘောပေါက်ပြီ... တစ်ဖက်လူက နတ်ဘုရား မျိုးနွယ်စု ကပဲ... ‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’ ကို ကျင့်ကြံထားတာ... ဒါကြောင့် သူ့ရဲ့ ဝိညာဉ်အာရုံခံနိုင်စွမ်းက ဒီလောက် အားကောင်းနေတာကိုး...”

“ဟုတ်တယ်... ငါလည်း အဲဒီလို ထင်တယ်...” မိုယင် ခေါင်းညိတ်လိုက်သည်။

“နတ်ဘုရား မျိုးနွယ်စု...”

ကျားယွိလန်၏ မျက်လုံးများ စူးရှသွားပြီး ကိစ္စတွေ ပိုမို ကြီးမားလာပြီဟု ခံစားလိုက်ရသည်။

“နည်းဗျူဟာတွေ အားလုံးထဲမှာ ထွက်ပြေးတာက အကောင်းဆုံးပဲ... ငါ သွားပြီ...”

အဝေးမှ တုန်းချန်သည် ရုတ်တရက် အော်ဟစ်လိုက်ပြီး ရင်ဘတ်ကို ရိုက်ကာ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို သွေးရောင်အလင်းတန်းများ လွှမ်းခြုံသွားပြီး မျက်စိတစ်မှိတ်အတွင်း မီတာရာချီ ရွေ့လျားကာ လျင်မြန်စွာ ထွက်ပြေး လွတ်မြောက်သွားတော့၏။

“မြန်လိုက်တဲ့ အရှိန်...”

လူအုပ်ကြီး အံ့သြသွားကြသည်။

မြေကမ္ဘာ တီကောင်ဘုရင်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

၎င်းသည် အတွေ့အကြုံရင့်သော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်သော်လည်း တုန်းချန်၏ အမြန်နှုန်းကြောင့် တုန်လှုပ်သွားရသည်။ သူ့အစွမ်းကုန် အမြန်နှုန်းနှင့် လိုက်လျှင်တောင် တစ်ဖက်လူ၏ တစ်ဝက်လောက်ပင် ရှိမည် မဟုတ်ဟု ခံစားလိုက်ရသည်။

မိုင် (၁၀) ဂဏန်း အကွာ၌...

တုန်းချန်သည် ခွေးတစ်ကောင်လို မောဟိုက်ပြီး လျှာထွက်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့၏။

“ဘိုးဘေးကြီး... ခင်ဗျားရဲ့ ‘သွေးထွက်ပြေးခြင်း နည်းစနစ်’က တကယ် စွမ်းတာပဲ... သူတို့ကို မနိုင်ပေမယ့် ထွက်ပြေးတာတော့ ပြဿနာ မရှိဘူး... ဟားဟား...”

ဘေးအန္တရာယ်မှ လွတ်မြောက်လာသော တုန်းချန်သည် ကုသရေးဆေးလုံးများကို အလျင်အမြန် စားသုံးလိုက်ပြီးနောက် ဆက်လက် ထွက်ပြေးလေတော့သည်။ အမီလိုက်ခံရမည်ကို ကြောက်ရွံ့နေသောကြောင့်ပင်။

*

ရွှေယန်မြို့တော် အပျက်အစီး နယ်မြေဝယ်...

အားလုံးသည် ဇဝေဇဝါ ဖြစ်နေကြဆဲပင်။

“အဲဒီလူက ဘယ်သူလဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ပဲ ရှိသေးတာကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြေးနိုင်ရတာလဲ...”

ဟန်အာ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည်။

ပိုပြီး ဒေါသထွက်စရာ ကောင်းတာက တစ်ဖက်လူဟာ ရွှေယန်မြို့တော် အပျက်အစီး နယ်မြေဆီ သူ့ထက် စောရောက်နေပြီး မြေကြီးအောက်မှာ ပုန်းအောင်းနေခဲ့သည်ပဲ...

မြေကမ္ဘာ တီကောင်ဘုရင်ရဲ့ နှောင့်ယှက်မှုသာ မရှိလျှင် ဒီလောက် ကောက်ကျစ်သည့် ပြိုင်ဘက်က အနီးနားမှာ ပုန်းနေမှန်း သူ သိလိုက်ရမှာ မဟုတ်ချေ...။

“ဂါး...”

ထိုအချိန်တွင် အသိပြန်ဝင်လာသော မြေကမ္ဘာ တီကောင်ဘုရင်သည် နောက်ဆုံးတွင် ဒေါသထွက်လာ၏။

သူ့မျက်စိရှေ့မှာတင် ထွက်ပြေးလွတ်မြောက်သွားတာကို သူ မယုံကြည်နိုင် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ကြီး ရုတ်တရက် လှည့်ပတ်သွားရာ ရှောင်တိမ်းရန် အချိန်မရလိုက်သော နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် ပေါက်ကွဲသွားပြီး အဝါးမြိုခံလိုက်ရ၏။

“ပြေးကြ...”

ကျန်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်များသည် နောက်လှည့်ပြီး ထွက်ပြေးကြ၏။

သို့သော် မြေကမ္ဘာ တီကောင်ဘုရင်သည် ခန္ဓာကိုယ်ကို လေးကိုင်းကဲ့သို့ ကွေးလိုက်ပြီး ‘ဘုန်း’ ခနဲ ပစ်လွှတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းများစွာ ရောက်ရှိသွားပြီး ဂျိုတစ်ချောင်းပါ သမင်ပုံစံ နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကို ဝါးမြိုလာ၏။

“အွတ်...”

ရွှေရောင်အရေပြား ရှေ့သွားခေါ ဝက်ကြီးသည် မြေကြီးကို အရူးအမူး တူးဆွပြီး ရွှေရောင် လျှပ်စီးတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဖုန်မှုန့်များကြားမှ ဒုတိယမြောက် ထွက်ပြေး လွတ်မြောက်သွားတော့၏။

“ငါတို့လည်း သွားကြစို့...”

မိုယင်သည် ဓားပျံစီးပြီး ယန်ရူယွီနှင့် ကျားယွိလန်ကို ခေါ်ဆောင်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ ထိုအချိန်တွင် မြေကမ္ဘာ တီကောင်ဘုရင်သည် သူတို့ကို ပစ်မှတ်ထားလိုက်သည်။

"ဝီ...."

၎င်း၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ကွေးညွတ်သွားပြီး ပြင်းထန်သော တွန်းကန်အားဖြင့် ခုန်တက်ကာ မိန်းကလေး သုံးဦးကို ကိုက်ဝါးရန် ပြင်လာ၏။

“ကောင်းတယ်...”

ထိုမြင်ကွင်းကို ကြည့်ပြီး ဟန်အာ ဝမ်းသာသွားသည်။

သူ့ရန်သူတွေ နတ်ဆိုးသားရဲ၏ ဝါးမြိုတာ ခံရမည့် မြင်ကွင်းကို သူ သိပ်ကြည့်ချင်နေသည်လေ...။

“သွားစမ်း...”

မိုယင်သည် အလျင်အမြန် လှည့်လိုက်ပြီး ကျောပေါ်မှ အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ‘ရွှေယန် ကျင့်စဉ်’ ကို အသုံးပြုလိုက်ရာ သူမ၏ ပတ်လည်ရှိ ရေနှင့် မီး စွမ်းအားများသည် ချက်ချင်း ပေါင်းစပ်သွားပြီး မန္တန်၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။

“မူလပေါင်းစည်း ချီ...”

မိုယင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ ဤသိုင်းကွက်ကို ထုတ်သုံးလိုက်သည်။

အဆင့်နိမ့် အောင်မြင်မှုသာ ရှိသေးသော်လည်း ဝိညာဉ်စွမ်းအင် (၅) မျိုး ပေါင်းစပ်သွားသောအခါ မီးခိုးရောင် အသက်ရှူသံ တစ်ခု ဓားထိပ်ဖျားမှ ပေါက်ကွဲထွက်လာပြီး လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ၏ အားဖြည့်မှုကြောင့် အရှိန်အဟုန် ပြင်းစွာ ထွက်ပေါ်လာ၏။

ဖြစ်စဉ်တစ်ခုလုံးသည် နှေးကွေးသယောင် ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားတော့သည်။

"ရွှစ်..."

မြေကမ္ဘာ တီကောင်ဘုရင်သည် ရှောင်တိမ်းချိန် မရလိုက်ဘဲ ပါးစပ်ကို မီးခိုးရောင် ဓားအရှိန်အဝါဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။ အသားများနှင့် သွားများ ကွဲကြေသွားပြီး ခန္ဓာကိုယ်သည်လည်း လမ်းကြောင်းလွဲသွားကာ မိုယင်တို့ဘေးမှ ကပ်ပြီး ကျော်တက်သွားတော့၏။

“ဂျုန်း…”

မြေကမ္ဘာ တီကောင်ဘုရင်သည် တောင်ကမ်းပါး တစ်ခုကို ဝင်တိုက်မိပြီး မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ကျောက်တုံးကြီးများ ပြုတ်ကျလာပြီး ၎င်းကို ဖုံးလွှမ်းသွားတော့၏။

“သေသွားပြီလား...” ကျားယွိလန်သည် မိုယင်၏ ကြောက်မက်ဖွယ် စွမ်းအားကို အံ့သြသွားပြီး မေးလိုက်သည်။

“အတွေ့အကြုံရင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကို ငါ မယှဉ်နိုင်ပါဘူး...” မိုယင် ခေါင်းခါလိုက်ပြီး ကျားယွိလန်၊ ယန်ရူယွီတို့နှင့်အတူ ဆက်လက် ထွက်ပြေးလာ၏။

ကျင့်ကြံရေးမျှော်စင် တိုက်ခိုက်ရေးနယ်မြေတွင် သူမသည် အလယ်အလတ်အဆင့် ကျောက်တုံးဝိညာဉ်များကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ၎င်းတို့သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်သာ ရှိသေးသည်။

မြေကမ္ဘာ တီကောင်ဘုရင်မှာမူ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ပညာရှင်နှင့် ညီမျှပြီး သတ္တမအဆင့်နှင့်ပင် နီးကပ်နေသော ကြောက်မက်ဖွယ် သတ္တဝါဖြစ်၏။

မိုယင် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ဒဏ်ရာရအောင်သာ လုပ်နိုင်ခဲ့သည်။

“တကယ်လို့ ငါ့ရဲ့ ‘မူလပေါင်းစည်း ချီ’ သာ အထွတ်အထိပ် အောင်မြင်မှု ရောက်နေရင် မြေကမ္ဘာ တီကောင်ဘုရင်ကို နှစ်ပိုင်းပိုင်း ပစ်နိုင်မှာ...” မိုယင် တီးတိုး ရေရွတ်လိုက်သည်။

သို့သော်၊ အထွတ်အထိပ် ရောက်သွားလျှင် ဝိညာဉ်စွမ်းအင် (၅) မျိုး ပေါင်းစပ်သည့် အရှိန်က နှေးသွားမည်... ချက်ချင်း ထုတ်သုံးနိုင်သော စွမ်းရည် ပျောက်သွားမည်ပင်။ ...

ထိုအခါကျလျှင်လည်း မြေကမ္ဘာ တီကောင်ဘုရင်ကို ယှဉ်နိုင်မှာ မဟုတ်ပေ။ ...

“ဒီမိန်းမက ဘာလို့ ဒီလောက် စွမ်းနေရတာလဲ...”

ကောင်းကင်ယံ အဝေးမှ ဟန်အာသည် မိုယင်၏ စွမ်းအားကို မြင်တွေ့လိုက်ရပြီး သတိထားသွားမိသည်။ သူ ကိုယ်တိုင် ဝင်တိုက်ရင်တောင် အနိုင်ယူနိုင်ပါ့မလား မသေချာတော့ပေ။

"ဖလူး...."

သူလည်း ထွက်ပြေးလိုက်သည်။ ပြေးရင်းဖြင့် ဒိုင်ယာရီ ရေးမှတ်လာ၏။

“ဒီနေ့ ရာသီဥတု သာယာပေမယ့် ငါ့စိတ်ထဲမှာတော့ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်... ဘာလို့လဲ ဆိုတော့ မြေကမ္ဘာ တီကောင်ဘုရင်ကြောင့် ထွက်ပြေးနေရလို့ပါ...”

“ပိုပြီး ဒေါသထွက်စရာ ကောင်းတာက မြူခိုးဂိုဏ်းက မိန်းကလေး တပည့်တွေက ငါ့ကို မီတော့မယ်... တကယ် စိတ်ပျက်စရာပဲ...”

“အပျော်အိမ် ကို သွားပြီး စကီလေးတွေနဲ့ စိတ်ဖြေဖျောက်မှ ဖြစ်မယ်...”

ဒိုင်ယာရီ ရေးပြီးနောက် ဟန်အာ၏ အရှိန်အဟုန် မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။

နတ်ဆိုးသားရဲ စစ်တပ် (၆) ခုလည်း ထွက်ပြေးနေကြသည်။

“ဂျွတ်…”

မြေကမ္ဘာ တီကောင်ဘုရင်သည် ဖိထားသော ကျောက်တုံးများကို ဖြိုခွင်းထွက်လာပြီး ဟိန်းဟောက်ကာ မိုယင်တို့ သုံးယောက်ဆီသို့ ပြေးဝင်လာ၏။ သူတို့ကို ဝါးမြိုပြီး အမုန်းဖြေရန် ကြိုးစားနေခြင်းဖြစ်၏။

“တိရစ္ဆာန်ကောင်...မမောက်မာနဲ့...”

တည်ငြိမ်လေးနက်သော အမျိုးသမီး အသံတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့် အရှိန်အဝါများ ပါဝင်နေလေ၏။ အပြည့်အဝ အောင်မြင်ထားသော ‘ရွှေယန် ကျင့်စဉ်’ ၏ အားဖြည့်မှုကြောင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်ထက် မနိမ့်သော စွမ်းအားကို ပေးစွမ်းနေလေ၏။

“ကောင်းကင်လမင်း တိုက်ခိုက်မှု...”

ကုန်းချင်းချိုးသည် လန်တယ်နှင့်အတူ ရောက်ရှိလာတော့သည်။

လက်ချောင်းကို လှုပ်လိုက်ရုံဖြင့် အပြည့်အဝ အောင်မြင်ထားသော တတိယအဆင့် မန္တန်ကို ထုတ်သုံးလိုက်သည်။ တောက်ပသော လပြည့်ဝန်းကြီး တစ်ခု ကောင်းကင်တွင် ပေါ်လာပြီး ဥက္ကာခဲ အများအပြား မိုးကြိုးပစ်သကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းလာ၏။

အချို့သည် မြေကမ္ဘာ တီကောင်ဘုရင်ကို ထိမှန်ပြီး နောက်သို့ လွင့်စဉ်သွားစေသည်။

အများစုသည် ပတ်ဝန်းကျင် ဧရိယာကို ဖုံးလွှမ်းသွားပြီး မပြေးနိုင်သေးသော နတ်ဆိုးသားရဲ စစ်တပ်များကို သတ်ဖြတ်ပစ်လာ၏။

“အကြီးအကဲကုန်းပဲ...”

“ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့် ဟုတ်လား... သူ မူလ ကျင့်ကြံဆင့်ကို ပြန်ရောက်သွားပြီလား...”

“ဝမ်းသာစရာပဲ...”

မိုယင်နှင့် မိန်းကလေး နှစ်ဦးတို့ သက်ပြင်းချနိုင်လိုက်ကြသည်။

ကုန်းချင်းချိုး ရှိနေသမျှ မြေကမ္ဘာ တီကောင်ဘုရင်ကို ကြောက်စရာ မလိုတော့ပေ။ တန်ပြန်တိုက်ခိုက်ရန်ပင် ပြင်ဆင်နိုင်ပြီ ဖြစ်၏။

“ဂါး...”

မြေကမ္ဘာ တီကောင်ဘုရင်သည် ပါးစပ်မှ သွေးများ ယိုစီးလျက် ကုန်းချင်းချိုးကို စိုက်ကြည့်ကာ အလွန် ရက်စက်ကြမ်းကြုတ်သော ပုံစံ ပေါက်နေလေ၏။ ၎င်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးအရှိန်အဝါများ ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် ခုန်အုပ်တိုက်ခိုက်လာ၏။

“လျှို့ဝှက်ဆန်းကြယ် ပန်းချီကားချပ်...”

ကုန်းချင်းချိုးသည် လက်ဟန်များ ဖော်ဆောင်လိုက်ရာ ရှုခင်းပန်းချီကား တစ်ချပ် သူမ၏ နောက်တွင် ပေါ်လာ၏။ ပန်းချီကားထဲမှ နွယ်ပင်များစွာ ထွက်ပေါ်လာပြီး ဝင်လာသော မြေကမ္ဘာ တီကောင်ဘုရင်ကို ရစ်ပတ်လိုက်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုကို ပန်းချီကားထဲသို့ ဆွဲသွင်းလိုက်သည်။

“မူလပေါင်းစည်း ချီ...”

ကုန်းချင်းချိုးသည် အခွင့်ကောင်းယူကာ လေထဲ၌ လက်ဟန်များ ရေးဆွဲလိုက်သည်။

ရုတ်ချည်းပင်၊ အရောင် (၅) မျိုး ပါဝင်သော အရှိန်အဝါများ သူမ၏ ပတ်လည်တွင် ပေါ်လာပြီး မီးခိုးရောင် လေစီးကြောင်း တစ်ခု အဖြစ် ဖွဲ့တည်သွားတော့၏။

"ရွှစ်..."

ပန်းချီကား ကွဲကြေသွားချိန်တွင် မြေကမ္ဘာ တီကောင်ဘုရင် ရုန်းထွက်လာနိုင်ခဲ့သည်။

သို့သော်လည်း ထိုအချိန်၌၊ ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်သော မီးခိုးရောင် ဓားအလင်းတန်း တစ်ချက် ကောင်းကင်မှ သက်ဆင်းလာပြီး ၎င်းကို ဒေါင်လိုက် နှစ်ပိုင်း ပိုင်းဖြတ်ပစ်လာ၏။

မြေကမ္ဘာ တီကောင်ဘုရင်... သေဆုံးသွားလေပြီ…။

အခန်း (၃၄၁) မြေအောက် နတ်ဆိုးချုပ်နှောင်မျှော်စင်၊ မိစ္ဆာချီ ထပ်မံပြောင်းလဲခြင်း

~ဘုန်း...

မြေကမ္ဘာ တီကောင်ဘုရင်သည် မြေကြီးပေါ်သို့ လဲကျသွားပြီး ထူထပ်သော ဖုန်မှုန့်လုံးကြီး တစ်ခု ထွက်ပေါ်လာစေသည်။

လန်တယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကုန်းချင်းချိုး၏ စွမ်းအားကို အသိအမှတ်ပြုလိုက်ကာ သူမ၏ မျက်ဝန်းများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေလေ၏။ ကုန်းချင်းချိုးကဲ့သို့ စွမ်းအားကြီးမားသော အမျိုးသမီး တစ်ဦး ဖြစ်လာရန် ဆုံးဖြတ်ချက် ချလာ၏။

“အကြီးအကဲကုန်း ဆိုတဲ့အတိုင်းပဲ... မြေကမ္ဘာ တီကောင်ဘုရင်ကို တစ်ယောက်တည်း အနိုင်ယူနိုင်တယ်...”

မိုယင်၊ ယန်ရူယွီနှင့် ကျားယွိလန်တို့သည် ချီးကျူးစကား ပြောကြားရန် ရောက်ရှိလာကြသည်။ သူတို့၏ လေသံတွင် ဘေးအန္တရာယ်မှ လွတ်မြောက်လာသော စိတ်သက်သာရာရမှုများ ပါဝင်နေလေ၏။

“ကံကောင်းလို့ ငါ အချိန်မီ ရောက်လာတာပါ...” ကုန်းချင်းချိုးလည်း သက်ပြင်းချလိုက်ပြီး ဘေးနားရှိ လန်တယ်ကို ကြည့်ကာ မေးလိုက်သည်။ “မင်း မကြောက်ဘူး မဟုတ်လား...”

“မ... မကြောက်ပါဘူး...” လန်တယ် ခေါင်းခါလိုက်သည်။

“အကြီးအကဲ... ဒီကို ဘယ်လို ရောက်လာတာလဲ... ဂျူနီယာ ညီမလေး လန်တယ်ကရော...” ကျားယွိလန်က သူတို့နှစ်ဦးကို ကြည့်ပြီး စပ်စုလိုက်သည်။

“ငါက ကျင့်ကြံရေးမျှော်စင် ပဉ္စမထပ်က စိတ်ကူးယဉ်ကမ္ဘာမှာ ပြဿနာလေး တစ်ခု ကြုံတွေ့ခဲ့ရလို့ ရွှေယန်မြို့တော် အပျက်အစီးတွေကို လာကြည့်တာပါ...” ကုန်းချင်းချိုးက ရှင်းပြလိုက်သည်။ ထို့နောက် မိန်းကလေး သုံးဦးဘက်သို့ လှည့်ကာ မေးလိုက်သည်။ “မင်းတို့ကရော... ဒီကို ဘယ်လို ရောက်လာကြတာလဲ...”

“အတွေ့အကြုံ ယူရင်းနဲ့ အဟန့်အတားတွေကို ချိုးဖျက်ဖို့ပါ...” ကျားယွိလန်က ပြန်ဖြေလိုက်သည်။

“ဪ... သဘောပေါက်ပြီ...” ကုန်းချင်းချိုး ခေါင်းညိတ်လိုက်သည်။

သူမသည် မြေကြီးပေါ်ရှိ မြေကမ္ဘာ တီကောင်ဘုရင်ကို ငုံ့ကြည့်လိုက်သည်။ “ဒီနတ်ဆိုးသားရဲက ဒီကို ဘယ်လို ရောက်လာတာလဲ...”

“နယ်မြေလုဖို့ လာတာ ထင်ပါတယ်...”

မိုယင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး ဝိညာဉ်ဆေးပင်များ ပေါများနေသော ရွှေယန်မြို့တော် အပျက်အစီး နယ်မြေကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီနေရာမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး ပေါက်ရောက်နေတယ်... အားလုံးက နုနယ်တဲ့ အဆင့်မှာပဲ ရှိသေးပေမယ့် အချိန်တစ်ခု ကြာရင်တော့ ဆေးဖက်ဝင် ဥယျာဉ်ကြီး တစ်ခု ဖြစ်လာမှာပါ...”

ကုန်းချင်းချိုး ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။

ထိုစဉ်၊ လန်တယ်ကမြေကြီးကို လက်ညှိုးထိုးပြပြီး အံ့သြတကြီး ပြောလိုက်သည်။

“ဟေ... ဒီမှာ ဘာဖြစ်နေတာလဲ...”

အားလုံး အလျင်အမြန် ကြည့်လိုက်ကြသည်။

မြေကမ္ဘာ တီကောင်ဘုရင်ကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသော်လည်း ယခုအခါ ရွှေယန်မြို့တော် အပျက်အစီး နယ်မြေ အောက်တွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ထူးဆန်းစွာ တောက်ပနေသော မျှော်စင်.. တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ကြရသည်။

...

မြူခိုးတောင်ထိပ်...

ယဲ့ဖုန်းသည် နတ်ဆိုးချုပ်နှောင်မျှော်စင် မြေပုံကို ဖွင့်ကြည့်လိုက်သည်။

“ရွှေယန်မြို့တော် အပျက်အစီးတွေ အောက်မှာ နတ်ဆိုးချုပ်နှောင်မျှော်စင် တစ်ခု တကယ် ရှိနေတာပဲ...”

“ဟေ...”

“ဒီမှာ ရေးထားတာက... ဒီနတ်ဆိုးချုပ်နှောင်မျှော်စင်က နှစ်တစ်ထောင်ကျော် သက်တမ်း ရှိနေပြီတဲ့... ပီယွဲ့စံအိမ်ကဟာထက် ပိုရှေးကျတယ်... ပြီးတော့ ချုပ်နှောင်ခံထားရတဲ့ နတ်ဆိုးသားရဲတွေ သေဆုံးသွားပြီ ဖြစ်လို့ အေးစက်တဲ့ အလောင်းကောင်တွေပဲ ကျန်တော့တယ် တဲ့...”

“ဒီလောက် ရှေးကျတဲ့ နတ်ဆိုးချုပ်နှောင်မျှော်စင် ဆိုတာ ပြဿနာ ရှိတယ်...”

ယဲ့ဖုန်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ကောင်းကင်မေးမြန်းကြေးမုံကို အလျင်အမြန် ထုတ်ယူကာ အခြေအနေကို စောင့်ကြည့်လိုက်သည်။ ရွှေယန်မြို့တော် အပျက်အစီး နယ်မြေတွင် ဖြစ်ပေါ်နေသော တွင်းပေါက်ကြီးနှင့် ၎င်း၏ အောက်ရှိ မျှော်စင်ကို တွေ့လိုက်ရသည်။

“ဒါက ကြီးလေးတဲ့ ကိစ္စပဲ...”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

...

ရွှေယန်မြို့တော် အပျက်အစီး နယ်မြေ...

‘ရွှေရောင် ပန်းပွင့်’ ငါးပွင့်သည် ကောင်းကင်တွင် ရပ်တန့်နေပြီး နတ်ဆိုးချုပ်နှောင်မျှော်စင်ကို ငုံ့ကြည့်နေကြသည်။

မြေကြီးထဲမှ အနက်ရောင်နှင့် မီးခိုးရောင် မိစ္ဆာချီများသည် မီးခိုးငွေ့များကဲ့သို့ ရစ်သိုင်းလာပြီး နတ်ဆိုးချုပ်နှောင်မျှော်စင်ဆီသို့ စုစည်းသွားကြသည်။

မြေကမ္ဘာ တီကောင်ဘုရင်နှင့် အခြား သေဆုံးသွားသော နတ်ဆိုးသားရဲများ၏ အပိုင်းအစများသည်လည်း မျှော်စင်ဆီသို့ ပျံသန်းသွားကြပြီး မိစ္ဆာချီများဖြင့် ဖုံးလွှမ်းသွားကာ ဧရာမ သတ္တဝါကြီး တစ်ကောင် အဖြစ် ပေါင်းစပ်သွားကြသည်။

၎င်းသည် မီတာ (၁၀၀) ခန့် မြင့်မားပြီး အလွန် ဖောင်းပွနေသော ပုံသဏ္ဌာန် ရှိ၏။

အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့၏။

“မိစ္ဆာချီတွေ ပေါင်းစပ်ပြီး ဖြစ်လာတဲ့ သက်ရှိတစ်ကောင် ထပ်ပေါ်လာပြန်ပြီ...”

ကုန်းချင်းချိုးနှင့် အခြားသူများ၏ မျက်နှာထားများ လေးနက်သွားကြသည်။

နောက်ကွယ်မှ ယဲ့ဖုန်းပင်လျှင် မျက်လုံးများ ပြူးကျယ်သွားပြီး အခြေအနေ မရိုးရှင်းကြောင်း သဘောပေါက်လိုက်သည်။

“ထူထပ်လိုက်တဲ့ မိစ္ဆာချီတွေ...”

“ငါ အကုန် လိုချင်တယ်...”

ယဲ့ဖုန်းသည် ငွေရောင်အလင်းတန်း တစ်ချက် အဖြစ် ပြောင်းလဲသွားပြီး ဖျတ်ခနဲ.. ပျောက်ကွယ်သွားလေတော့သည်။

“ဂါး...”

နတ်ဆိုးချုပ်နှောင်မျှော်စင် အထက်တွင် အသားတောင်ကြီးနှင့်တူသော မိစ္ဆာသတ္တဝါကြီးသည် ဟိန်းဟောက်လိုက်ပြီး မျှော်စင်ကို ခြေဖြင့်နင်းကာ ချေမွပစ်လိုက်သည်။ ထို့နောက် ကောင်းကင်သို့ ပျံတက်သွားသည်။ နတ်ဆိုးသားရဲ အမြောက်အမြား အတူတကွ ရပ်တည်နေသကဲ့သို့ ထင်ရပြီး ကြက်သီးထဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေလေ၏။

“လျှို့ဝှက်နည်းစနစ် ‘အမုန်းတရား မျှဝေခြင်း’ ကို မြန်မြန် သုံးကြ...”

ဟု ကုန်းချင်းချိုးက သွက်လက်စွာ အမိန့်ပေးလိုက်သည်။

မိုယင်၊ ကျားယွိလန်နှင့် ယန်ရူယွီတို့သည် လက်ဟန်များ အလျင်အမြန် ပြုလုပ်လိုက်ကြပြီး သူတို့၏ အနှစ်သာရများကို ကုန်းချင်းချိုးထံသို့ လွှဲပြောင်းပေးလိုက်ရာ သူမ၏ အရှိန်အဝါ (၃၀) ရာခိုင်နှုန်း တိုးတက်လာ၏။

‘အမုန်းတရား မျှဝေခြင်း’ သည် ပူးပေါင်းတိုက်ခိုက်ရေး လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်ပြီး ဂိုဏ်းချုပ်၏ ဒုတိယအဆင့် ဆုလက်ဆောင်များအနက် တစ်ခု ဖြစ်သည်။ ၎င်းကို အသုံးပြုပါက ကျင့်ကြံသူ တစ်ဦးတည်း၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

“ရွှေယန်မြို့တော် လျှို့ဝှက်သိုင်း...”

ကုန်းချင်းချိုးသည် အထောက်အကူပြု ကျင့်စဉ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ရာ သူမ၏ စွမ်းအား နှစ်ဆ တိုးလာတော့သည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ရှေ့ရှိ မိစ္ဆာကောင်ကြီးနှင့် ရင်ဆိုင်ရန် အဆင်သင့် ဖြစ်သွားတော့၏။

“ဂါး...”

မိစ္ဆာကောင်ကြီး စတင် တိုက်ခိုက်လိုက်သည်။

ရုတ်တရက် ၎င်းသည် တောက်ပသော ချိတ်ကောက် တစ်ခုကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ပြီးပြည့်စုံသော မျဉ်းကွေးတစ်ခု ရေးဆွဲပြီး ကုန်းချင်းချိုးကို နောက်ကျောဘက်မှ တိုက်ခိုက်ရန် ဦးတည်လာ၏။

“လျှို့ဝှက်ဆန်းကြယ် ဝိညာဉ်ပန်းချီကားချပ်...”

ကုန်းချင်းချိုး လက်ဟန်များ ဖော်ဆောင်လိုက်ရာ တောင်နှင့် ရေ ရှုခင်းပန်းချီကား တစ်ချပ် သူမ၏ နောက်တွင် အသက်ဝင်လာပြီး အေးစက်ထက်ရှသော ချိတ်ကောက်ကို ဆွဲယူလိုက်၏။

မိုယင်နှင့် အခြားသူများ ကျောချမ်းသွားကြသည်။

ကုန်းချင်းချိုးသာ ဝင်ရောက်မစွက်ဖက်ခဲ့လျှင် ဓားသိုင်းကွက်များထက် ပိုမို ရှုပ်ထွေးနက်နဲသော ထိုချိတ်ကောက်၏ ရိုက်ခတ်မှုကို ခံရပြီး လမ်းခုလတ်တွင်ပင် အသက်ပျောက်သွားကြလောက်ပေသည်။

“မင်းတို့ နောက်ဆုတ်နေကြ...”

ကုန်းချင်းချိုး၏ အရှိန်အဝါ လှုပ်ခါသွားပြီး တပည့်များကို မိုင်အနည်းငယ် အဝေးသို့ တွန်းပို့လိုက်သည်။ ဖောက်ထွင်းမြင်နိုင်သော အလင်းတန်းများက သူတို့ကို ဆက်သွယ်ထား၏။

ဒါတွေက လျှို့ဝှက်နည်းစနစ် ‘အမုန်းတရား မျှဝေခြင်း’ ရဲ့ ဆက်သွယ်ရေး အမှတ်တွေပင်..။

ကုန်းချင်းချိုး၏ အင်အား ကုန်ခမ်းသွားပါက အခြားသူများက သူတို့၏ စွမ်းအားကို လွှဲပြောင်းပေးနိုင်ပြီး စွမ်းအင် စီးဆင်းမှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်၏။

“ဂါး...”

ဖောင်းပွနေသော မိစ္ဆာကောင်ကြီးသည် ၎င်း၏ ချိတ်ကောက် ပိတ်ဆို့ခံလိုက်ရသည်ကို မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ စွမ်းအင်များ ပြည့်နှက်နေသော အသံလှိုင်းကွင်းများ ကုန်းချင်းချိုးဆီသို့ စိုက်ဝင်လာ၏။

“ကောင်းကင်လမင်း တိုက်ခိုက်မှု...”

ကုန်းချင်းချိုးသည် လက်ချောင်းကို ကွေးပြီး ညွှန်ပြလိုက်သည်။

တောက်ပသော လပြည့်ဝန်းကြီး တစ်ခု လေထဲတွင် ပေါ်လာပြီး အသံလှိုင်းများနှင့် ဝင်တိုက်မိသွားသည်။ နှစ်ခုစလုံး တပြိုင်နက် ကွဲကြေသွားပြီး မရေမတွက်နိုင်သော ဥက္ကာခဲများ အဖြစ် ပြောင်းလဲကာ မိစ္ဆာကောင်ကြီး အပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာ၏။

"ဒုတ်...."

၎င်းသည် အဝေးမှ တောင်တန်းတစ်ခုကို ချိတ်ကောက်ဖြင့် ချိတ်လိုက်ပြီး အားကုန် ဆွဲယူကာ ဥက္ကာခဲ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ချိတ်ကောက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး ကုန်းချင်းချိုးကို ရစ်ပတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ‘လျှို့ဝှက်ဆန်းကြယ် ပန်းချီကားချပ်’ ၏ စွမ်းအား ထပ်မံ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နွယ်ပင်စိမ်းများ ဆန့်ထွက်လာကာ ကုန်းချင်းချိုးကို ကာကွယ်ပေးလိုက်သည်။

အခွင့်ကောင်းယူပြီး သူမသည် လက်ဟန်များ ဖော်ဆောင်လိုက်ရာ စွမ်းအင် (၅) မျိုး သူမ၏ ပတ်လည်တွင် လျင်မြန်စွာ စုစည်းလာပြီး မီးခိုးရောင် အလင်းတန်း တစ်ခု အဖြစ် ပေါင်းစပ်သွားတော့၏။

“အာ...”

မြေကမ္ဘာ တီကောင်ဘုရင်၏ မှတ်ဉာဏ်ကို အမွေဆက်ခံထားသော မိစ္ဆာကောင်ကြီးသည် ‘မူလပေါင်းစည်း ချီ’ မန္တန်ကို အလွန် ကြောက်ရွံ့သဖြင့် ချက်ချင်း နောက်ဆုတ်လိုက်သည်။

သို့သော် မရေမတွက်နိုင်သော နွယ်ပင်များ မြေကြီးထဲမှ ဖောက်ထွက်လာပြီး ၎င်းကို ဖမ်းချုပ်လာ၏။

"ရွှစ်..."

လောကတွင် အထက်ရှဆုံး ဓားအရှိန်အဝါနှင့် တူသော မီးခိုးရောင် စွမ်းအင်သည် မိစ္ဆာကောင်ကြီးကို အလွယ်တကူ နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။ ပေါင်းစပ်ထားသော မိစ္ဆာချီ အသိစိတ် အမျိုးမျိုးသည် နေရာမှာပင် ပြိုကွဲသွားပြီး အနက်ရောင် မီးခိုးငွေ့များ အဖြစ် ပြောင်းလဲကာ လွင့်မျောသွားတော့၏။

“မလွတ်စေရဘူး... အရပ်လေးမျက်နှာ မီးလောင်ကျွမ်းခြင်း...”

ကုန်းချင်းချိုး လက်ဟန် ပြောင်းလိုက်ရာ ပြင်းထန်သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး တောက်လောင်နေသော အတောင်ပံများ ပါရှိသည့် မီးငှက်များ အဖြစ် ပြောင်းလဲကာ အနက်ရောင် မီးခိုးငွေ့များ နောက်သို့ လိုက်ပါသွားကြ၏။

"ဝူး...."

အနက်ရောင် မီးခိုးငွေ့များသည် အလိုအလျောက် ပြိုကွဲသွားပြီး မီးငှက်များ ပစ်မှတ်လွဲသွားကြသည်။

“သတိထား...”

မိုယင် ရုတ်တရက် သတိပေးလိုက်သည်။

ကုန်းချင်းချိုးလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ သူမသည် နှစ်ပိုင်းပြတ်နေသော မိစ္ဆာကောင်ကြီးကို အလျင်အမြန် ကြည့်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်သည် မီးတောက်များ အဖြစ် ပြောင်းလဲနေလေသည်။

(၁၀) မီတာခန့် မြင့်မားသော ကြွက်သားအဖုအထစ်များနှင့် ချပ်ဝတ်နက် ဝတ်ဆင်ထားသည့် စစ်သည်တော် တစ်ဦး အဖြစ် ကျုံ့ဝင်သွားသည်ကို တွေ့လိုက်ရသည်။

ပျောက်ကွယ်သွားသော အနက်ရောင် မီးခိုးငွေ့များသည် ယခုအခါ စစ်သည်တော်၏ နဖူးထဲသို့ ဝင်ရောက် ပေါင်းစပ်သွားကြသည်။

“ဝုန်း…”

သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပလာသည်။ ချပ်ဝတ်နက် စစ်သည်တော် အသက်ဝင်လာပြီး အသားတောင်ကြီး ပုံသဏ္ဌာန်မှ တိုက်ခိုက်ရေး ပုံစံသို့ ပြောင်းလဲသွားသည်။ အရှိန်အဝါသည် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ ခုန်တက်သွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဋ္ဌမအဆင့်နှင့် ညီမျှသွားတော့၏။

“ခွပ်…”

ထိပ်တိုက် တွေ့ဆုံမှု တစ်ကြိမ်တည်းဖြင့် ချပ်ဝတ်နက် စစ်သည်တော်၏ သံလက်သီးသည် ‘လျှို့ဝှက်ဆန်းကြယ် ပန်းချီကားချပ်’ ဖန်တီးထားသော တောင်နှင့် ရေ ကမ္ဘာကို ရိုက်ခွဲပစ်လိုက်လေ၏။ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ကုန်းချင်းချိုးကို နောက်သို့ လွင့်ထွက်သွားစေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာစေသည်။

သူမနှင့် ဝိညာဉ်ချင်း ဆက်နွယ်နေသော မိုယင်နှင့် အခြားသူများသည်လည်း ညည်းတွားလိုက်ကြပြီး ဒဏ်ရာရရှိသွားကြ၏။

“ထပ်ပြီး ပြောင်းလဲနိုင်သေးတယ်...”

အားလုံး ခေါင်းနပန်းကြီးသွားကြသည်။

ပီယွဲ့စံအိမ်မှ ကမ္ဘာမြေ နတ်ဆိုးဘုရင်နှင့် နှိုင်းယှဉ်ပါက ဤအသားတောင် မိစ္ဆာကောင်ကြီးသည် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားပြီး အသတ်ခံရပြီးနောက် ပြောင်းလဲနိုင်စွမ်း ရှိ၏။

“ဟီးဟီးဟီး...”

ချပ်ဝတ်နက် စစ်သည်တော်ဆီမှ ထူးဆန်းသော ရယ်သံ တစ်သံ ထွက်ပေါ်လာသည်။

“ငါ့ကို သတ်ပေးလို့ ကျေးဇူးတင်ပါတယ်... အဲဒါကြောင့် ငါ ပြောင်းလဲနိုင်ခဲ့တာ... အခု မင်းတို့ သေဖို့ အချိန်တန်ပြီ...”

ချပ်ဝတ်နက် စစ်သည်တော်သည် ရှေ့သို့ ခုန်ဝင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ကုန်းချင်းချိုး၏ ရှေ့သို့ ရောက်ရှိသွားကာ သံလက်သီးသည် ထက်ရှသော ဓားမကြီး တစ်လက် အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ခုတ်ပိုင်းရန် ပြင်လာ၏။

“အကြီးအကဲ... မြန်မြန်ပြေး...”

တပည့်များ ကြောက်လန့်တကြား သတိပေးလိုက်ကြသည်။

ကုန်းချင်းချိုး ထွက်ပြေးချင်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ။ သေစေနိုင်သော ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့လျှင်တောင် နောက်တစ်ခဏတွင် ရက်စက်ကြမ်းကြုတ်သော စစ်သည်တော်၏ လက်ချက်ဖြင့် အမှုန့် ဖြစ်သွားပေလိမ့်မည်။

ဤအရေးကြီးသော အခိုက်အတန့်တွင် ငွေရောင်အလင်းတန်း တစ်ချက် ရုတ်တရက် ပေါ်လာသည်။

ကုန်းချင်းချိုးသည် ရှေ့တွင် အရပ်အမောင်း မြင့်မားသော ပုံရိပ် တစ်ခု ဘွားခနဲ..ပေါ်လာပြီး ဘယ်လက်ကို မြှောက်ကာ လေးလံထက်ရှသော ဓားမကြီးကို ဖမ်းလိုက်သည်ကို တွေ့လိုက်ရသည်။

ဒီလူက ယဲ့ဖုန်းပဲ...

နေရာဟင်းလင်းပြင် သံလိုက်အိမ်မြှောင်၏ စွမ်းအားကို အသုံးပြုပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၆) တုံး ကုန်ကျခံကာ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း အား ((၁၂) ကြိမ် ဆက်တိုက် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် စစ်မြေပြင်သို့ ရောက်ရှိလာခြင်းဖြစ်၏။

“ဟမ်...”

ချပ်ဝတ်နက် စစ်သည်တော်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

သူသည် ဓားမကြီးကို ပြင်းထန်စွာ ဆွဲယူလိုက်သော်လည်း ရှေ့ရှိ လူသည် မိုးမျှော်တောင်ကြီး တစ်လုံးကဲ့သို့ မလှုပ်မယှက် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

“ခွမ်း…”

ယဲ့ဖုန်း လက်သီးဆုပ်လိုက်ရာ ဓားမကြီးသည် အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။ ထို့နောက် ခြေထောက်ဖြင့် ဝှေ့ယမ်း ကန်လိုက်ရာ ချပ်ဝတ်နက် စစ်သည်တော်သည် ခုခံနိုင်စွမ်း မရှိဘဲ ပေါက်ကွဲထွက်သွားလေတော့သည်။

“ဘုရားရေ... စွမ်းလိုက်တာ...”

ကုန်းချင်းချိုးနှင့် ကျန်သူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြရရှာသည်။

ယဲ့ဖုန်းက အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကို ခြေထောက်တစ်ချက်တည်းနဲ့ ကန်ပြီး ဖောက်ခွဲပစ်လိုက်တာလား...

မိစ္ဆာချီများနှင့် အမျိုးမျိုးသော နတ်ဆိုးအသိစိတ်များသည် အနက်ရောင် မီးခိုးငွေ့ တစ်ခု အဖြစ် နောက်တစ်ကြိမ် ပြန်လည် စုစည်းလိုက်ပြီး ထွက်ပြေးရန် ကြိုးစားကာ ရက်စက်သော ခြိမ်းခြောက်စကား တစ်ခွန်း ထားရစ်ခဲ့သည်။

“ငါ ပြန်ပေါင်းစပ်ပြီး ပြန်လာတဲ့အခါ မင်းတို့ကို...”

“မင်း အခွင့်အရေး ရမှာ မဟုတ်တော့ဘူး...” ယဲ့ဖုန်း အေးစက်စွာ ဖြတ်ပြောလိုက်သည်။

သူ လက်ကို ဆန့်တန်းလိုက်ပြီး သတ်ဖြတ်ခြင်း စွမ်းအင်အား အသုံးပြုကာ ထူထပ်သော မိစ္ဆာချီများကို ဝါးမြိုပစ်လိုက်သည်။ နတ်ဆိုးအသိစိတ်များသည် လျင်မြန်စွာ ပြိုကွဲသွားပြီး မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားကာ ဘယ်တော့မှ ပြန်လည် ပေါင်းစပ်နိုင်တော့မည် မဟုတ်ပေ။

(တီ..တီ.. သတ်ဖြတ်ခြင်း စွမ်းအင် သုံးပုံတစ်ပုံ တိုးတက်လာပါပြီ...)

စနစ်က အသိပေးလာ၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းသည် လက်ကို ပြန်ရုတ်လိုက်ပြီး နှုတ်ခမ်းထောင့်များတွင် ခပ်ရေးရေး အပြုံး တစ်ခု ပေါ်လာ၏။

သတ်ဖြတ်ခြင်း စွမ်းအင် ပိုင်ဆိုင်ထားသော သူသည် လောကရှိ မိစ္ဆာချီ အားလုံး၏ ရန်သူ ဖြစ်ပြီး ဝါးမြိုကာ ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်စွမ်း ရှိလေသည်။

ကုန်းချင်းချိုး၊ လန်တယ်၊ မိုယင်နှင့် အခြား တပည့်များသည် ယဲ့ဖုန်းကို ကြည့်ပြီး သူ ရောက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြပေ။

ပိုပြီး အံ့သြစရာ ကောင်းတာက စွမ်းအားကြီးမားသည့် ချပ်ဝတ်နက် စစ်သည်တော်ကို အလွယ်တကူ ရှင်းလင်းပစ်လိုက်ခြင်းပါပင်…။

အခန်း (၃၄၂) ဆိုဟွန်းကျန်းရန် အသွင်ပြောင်းခြင်း၊ ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ အမွေအနှစ်

~“အားလုံး အဆင်ပြေကြရဲ့လား...”

ယဲ့ဖုန်းသည် နောက်လှည့်ကြည့်ပြီး မြူခိုးဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များကို မေးလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မတို့ အဆင်ပြေပါတယ်...”

အသိပြန်ဝင်လာသော အားလုံးသည် အလျင်အမြန် ဦးညွှတ်ပြီး ဂါရဝပြုလိုက်ကြသည်။

“လိုက်ခဲ့...”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး တွင်းပေါက်ကြီးဆီသို့ ပျံသန်းသွားကာ မြင့်မားသော နေရာမှနေ၍ ပျက်စီးနေသော မြေအောက် နတ်ဆိုးချုပ်နှောင်မျှော်စင်ကို ငုံ့ကြည့်လာ၏။

အပျက်အစီးများကြားတွင် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်၏ အပိုင်းအစများကို ဝိုးတဝါး တွေ့မြင်နေရ၏။

“ကျွန်မ ရေပေါ်ဖြူမြို့တော်မှာ နေလာတာ တစ်သက်လုံးနီးပါး ရှိနေပြီ... မြို့အောက်မှာ ဒီလိုမျိုးကြီး ဖုံးကွယ်ထားမှန်း တစ်ခါမှ မသိခဲ့ဘူး...”

ကုန်းချင်းချိုး၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး နှလုံးခုန်သံများ မြန်ဆန်လာ၏။

ဒီနေ့ တိုက်ပွဲသာ မဖြစ်ခဲ့လျှင် ဒီနတ်ဆိုးချုပ်နှောင်မျှော်စင် ရှိနေမှန်း သူမ သိလိုက်ရမှာ မဟုတ်ပါချေ...။

“ဒီနတ်ဆိုးချုပ်နှောင်မျှော်စင်က နှစ်တစ်ထောင်ကျော် သမိုင်းကြောင်း ရှိတယ်... ပီယွဲ့စံအိမ်ကဟာထက် ပိုရှေးကျတယ်...” ယဲ့ဖုန်း ရှင်းပြလိုက်သည်။

“တကယ်လား...” ကျားယွိလန် အံ့သြသွားသည်။

“ဒါပေမဲ့... ဒီမျှော်စင်က တော်တော် သစ်လွင်နေသလိုပဲနော်...” ယန်ရူယွီလည်း သံသယ ဖြစ်သွားသည်။

မိုယင်နှင့် ကုန်းချင်းချိုးတို့ကမူ တိတ်ဆိတ်နေကြသည်။

ယဲ့ဖုန်းသည် အသားတောင် မိစ္ဆာကောင်ကြီး၏ ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးခံလိုက်ရသော နတ်ဆိုးချုပ်နှောင်မျှော်စင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဒီနတ်ဆိုးချုပ်နှောင်မျှော်စင်က မြေကြီးအောက် နက်ရှိုင်းတဲ့ နေရာမှာ မြှုပ်နှံထားတာ... နေရောင်ခြည်နဲ့ လေဒဏ်ကို မခံရဘူး... ဒါကြောင့် သစ်လွင်နေသလို ထင်ရတာ... တကယ်တမ်းကျတော့ သမိုင်းကြောင်း အကြာကြီး ရှိနေပြီ...”

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် အောက်သို့ ရိပ်ခနဲ.. ဆင်းသက်သွားတော့၏။

ကျန်သူများလည်း.. တစ်ယောက်မျက်နှာ တစ်ယောက် တိုင်ပင်သလို ကြည့်လိုက်ကြပြီး နောက်မှ လိုက်ပါသွားကြသည်။

တွင်းပေါက်ကြီးသည် အချင်း မီတာ (၁၀၀) ကျော် ရှိပြီး မိုင်အနည်းငယ် နက်ရှိုင်း၏။ အောက်ခြေသို့ ရောက်သောအခါ ရေခဲကန် တစ်ခုနှင့် ကျောက်နံရံများပေါ်တွင် အဝေးသို့ ဦးတည်နေသော လိုဏ်ဂူဝင်ပေါက်များကို တွေ့ရှိလိုက်ကြရသည်။

ထို့အပြင် ပြိုကျနေသော အပျက်အစီးများကြားတွင် ကြောက်မက်ဖွယ် မျက်နှာထား ရှိသော ဧရာမ နတ်ဆိုးသားရဲကြီး တစ်ကောင်၏ အလောင်းကောင်ကို ဝိုးတဝါး တွေ့မြင်နေရ၏။

သံချေးတက်နေသော သံကြိုးများသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်ထား၏။

“မြင့်တက်စမ်း...”

သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် ယဲ့ဖုန်းသည် အပျက်အစီးများကို မလိုက်ပြီး မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ရန် ကြိုးစားလိုက်သည်။ မကြာမီ ကျိုးပဲ့နေသော ကျောက်မျှော်စင် တစ်ခုသည် တွင်းပေါက်ကြီး အလယ်တွင် မတ်မတ်ရပ် တည်ရှိလာ၏။

သူ ပထမဆုံး ဝင်ရောက် စစ်ဆေးလိုက်သည်။

အပြင်က ကြည့်လျှင် နတ်ဆိုးချုပ်နှောင်မျှော်စင်သည် (၉) ထပ် ရှိ၏။

သို့သော် အတွင်းဘက်တွင်မူ တစ်ထပ်တည်းသာ ရှိ၏။

ကျားပုံစံ နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် လေထဲတွင် တွဲလောင်းကျနေပြီး ကြမ်းပြင်ပေါ်တွင် အရိုးစု အများအပြား ရှိနေသော်လည်း ဘာအတွက် အသုံးပြုထားမှန်း မသိရပေ။

ထူးဆန်းသော ဝင်္ကပါပုံစံများကို နတ်ဆိုးချုပ်နှောင်မျှော်စင်၏ မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားပြီး အလွန် ထူးခြားပုံ ရသော်လည်း မျှော်စင်ကိုယ်တိုင် ပျက်စီးနေသဖြင့် ဝင်္ကပါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

“ဒီနေရာက အသုံးဝင်တာ မှန်သမျှ စုဆောင်းထားလိုက်... အထူးသဖြင့် ဝင်္ကပါပုံစံတွေကိုပေါ့... ဖြစ်နိုင်ရင် ပုံတူကူးယူထားလိုက်...”

ယဲ့ဖုန်း ညွှန်ကြားလိုက်ပြီး တွင်းပေါက်ကြီး အတွင်း ဆက်လက် စူးစမ်းလေ့၏။

“ဟုတ်ကဲ့...”

အားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။

...

မိုင် (၁၀) ဂဏန်းခန့် နက်ရှိုင်းသော မြေအောက်တွင်...

အမည်းရောင် နေရာလပ် တစ်ခု အတွင်း၌...

“ဒုတ်…”

နှလုံးခုန်သံ တစ်ခု စတင် ထွက်ပေါ်လာပြီး အနက်ရောင် အရှိန်အဝါ တစ်ခုသည် ဝိုးတဝါး မြွေနက်တစ်ကောင်ကဲ့သို့ တဖြည်းဖြည်း ပြန်လည် အသက်ဝင်လာကာ အပေါ်သို့ သတိထား ကြည့်ရှုနေလေ၏။ ၎င်း၏ အကြည့်သည် ထူထဲသော ကျောက်လွှာများကို ဖောက်ထွင်းပြီး အပေါ်မှ ယဲ့ဖုန်းကို ကြည့်ရှုနေသကဲ့သို့ ရှိနေလေ၏။

“သတ်ဖြတ်ခြင်း စွမ်းအင် ...”

အနက်ရောင် အရှိန်အဝါသည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဝေဝါးသွားတော့၏။ ချက်ချင်းပင် မီးခိုးငွေ့ အဖြစ် ပြောင်းလဲသွားပြီး မြေအောက် နက်ရှိုင်းသော နေရာတစ်လျှောက် အဝေးသို့ ထွက်ပြေးသွားလေတော့သည်။

မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်ပြီး လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေ၏။

နတ်ဆိုးချုပ်နှောင်မျှော်စင်ကို စူးစမ်းလေ့လာနေသော ယဲ့ဖုန်းပင်လျှင် မိုင် (၁၀) ဂဏန်းခန့် အောက်ဘက်တွင် ထူးခြားသော အသိစိတ်တစ်ခု ပုန်းအောင်းနေကြောင်း မသိရှိခဲ့ပေ။

အနက်ရောင် အသိစိတ်သည် ဝေးသည်ထက် ဝေးကွာသော နေရာသို့ ဆက်လက် ထွက်ပြေးနေတော့၏။

နောက်ဆုံးတွင် လူသူကင်းမဲ့သော တောင်ကြားတစ်ခုသို့ ရောက်ရှိသွားပြီး မြေကြီးထဲမှ ထွက်လာကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

တောင်ကြားထဲတွင် သက်ငယ်မိုး တဲအိမ်လေး တစ်လုံး ရှိနေလေ၏။

ဝက်ခေါင်းလူ တစ်ယောက်သည် တဲအိမ်ထဲမှ ထွက်လာပြီး ပေါက်ပြားကို ပခုံးပေါ် ထမ်းတင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း သမ်းဝေလာ၏။

“ဟူး... စိတ်ပျက်စရာ ကောင်းလိုက်တဲ့ ဘဝ...”

ဆိုဟွန်းကျန်းရန် ကျူးယုံဖု ညည်းတွားလိုက်သည်။

သီသီလေး လွတ်မြောက်လာပြီးကတည်းက သူသည် ဤတောင်ကြားတွင် ပုန်းအောင်း ကျင့်ကြံနေခဲ့ပြီး ယခုအခါ ရုပ်သွင်ပြောင်းလဲနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

“ဂွမ်…”

ကျူးယုံဖုသည် ပေါက်ပြားကို မြေကြီးပေါ် ပစ်ချလိုက်သည်။

သူသည် တောင်ကြားထဲမှ တစ်ခုတည်းသော ဝိညာဉ်စွမ်းအင် ဝဲကတော့ အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်ဝါးများကို အပေါ်သို့ လှန်ထားကာ ကျင့်ကြံခြင်း ပုံစံ ယူလိုက်သည်။ ယခင်က ပြုလုပ်ထားသော သွေးဝိညာဉ် ဆေးလုံး တစ်လုံးကို ချေမွလိုက်ရာ သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်သော အသက်စွမ်းအင် လှိုင်းလုံးကြီး လွှမ်းခြုံသွားတော့၏။

"ဝှီး...."

အသက်စွမ်းအင်များသည် သမုဒ္ဒရာကြီးကဲ့သို့ လှိုင်းတံပိုးများ ထန်နေလေ၏။

ကျူးယုံဖုသည် စွမ်းအားများကို မရပ်မနား စုပ်ယူနေပြီး နောက်ဆုံးတွင် အဟန့်အတား တစ်ခုကို ချိုးဖျက်နိုင်လိုက်ကာ သူ၏ ဝက်ခေါင်းကြီး စတင် ပြောင်းလဲလာလေတော့သည်။

ပါးစပ် တိုဝင်သွားသည်။ နားရွက်များ ကျုံ့ဝင်သွားသည်။ ထိပ်ပြောင်နေသော ခေါင်းပေါ်တွင် ဆံပင်မည်းများ ပေါက်ရောက်လာပြီး နောက်ဆုံးတွင် ထိပ်ပြောင်ကြီး မဟုတ်တော့ပေ။

“ငါ ကျူးယုံဖု... နောက်ဆုံးတော့ လူအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ...”

သူသည် ရေကန်ဘေးတွင် ဝပ်လိုက်ပြီး ရေထဲတွင် ပေါ်လာသော လေးထောင့်ပုံစံ မျက်နှာကို ကြည့်လိုက်သည်။ ရုပ်ရည် ကြမ်းတမ်းပြီး လုံးဝ မချောမောသော်လည်း နောက်ဆုံးတွင် လူပုံစံ ပေါက်သွားပြီဟု ခံစားလိုက်ရသည်။

လက်တွေ ခြေထောက်တွေလည်း အကုန် ပေါ်လာပြီ...

သို့သော် နာမည်နှင့် လိုက်ဖက်စွာပင် ကျူးယုံဖုသည် အသွင်ပြောင်း နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာပြီးသည့်တိုင်အောင် အလွန် ဝဖြိုးနေဆဲ ဖြစ်ပြီး ဗိုက်ပူကြီးနှင့် ကိုယ်အလေးချိန် အလွန်အကျွံ ဖြစ်နေကာ အနည်းဆုံး ပေါင် (၃၀၀) ခန့် ရှိနေလေ၏။

“ငါ နည်းနည်း ဝနေပေမယ့် အဆင်ပြေပါတယ်ကွာ...”

ကျူးယုံဖုသည် ဆံပင်ကို သပ်တင်လိုက်ပြီး တုံးတုံးအအ ရယ်မောလိုက်သည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်ရာ ဘေးနားတွင် အနက်ရောင် မီးခိုးငွေ့ တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

“အဲဒါ ဘာကြီးလဲ...”

ကျူးယုံဖု မျက်လုံးများ ပြူးကျယ်သွားသည်။

“မင်းကို ဝင်ပူးမလို့လေ...”

အေးစက်သော အသံတစ်သံ မီးခိုးငွေ့ထဲမှ ထွက်ပေါ်လာပြီး ကျူးယုံဖု၏ နဖူးကို ဝင်ဆောင့်ကာ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့၏။

“အား... မဖြစ်ဘူး... ဒီခန္ဓာကိုယ်က အပူးခံထားရပြီးသား... သောက်ကျိုးနည်း... အပင်တစ်ပင် ဝင်ပူးထားတာပဲ...”

အနက်ရောင် မီးခိုးငွေ့သည် စူးရှစွာ ကျိန်ဆဲလိုက်ပြီး စတင် ပြိုကွဲသွားတော့၏။ အသံ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ၎င်း၏ မှတ်ဉာဏ်များကို ကြောင်တောင်တောင် ဖြစ်နေသော ကျူးယုံဖုက ဝါးမြိုလာ၏။

“ဒါ ဘာကြီးလဲ...”

ဆိုဟွန်းကျန်းရန် ကျူးယုံဖုသည် အနက်ရောင် မီးခိုးငွေ့ ဘာဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်နေရသည်။

“ဟေ... ဒါတွေက သူ့ရဲ့ မှတ်ဉာဏ်တွေပဲ... ပြင်ပကမ္ဘာ ဟောကိန်း... နတ်ဆိုးချုပ်နှောင်မျှော်စင်က မိစ္ဆာချီတွေ ထုတ်ပေးတယ်... မိစ္ဆာချီက ကျိန်စာစွမ်းအား တစ်မျိုးပဲ... ရှေ့ဖြစ်ဟော မျိုးနွယ်စုက အရာအားလုံးကို တွက်ချက် ဟောကိန်းထုတ်ဖို့ သုံးလို့ရတယ်...”

“ဟူး... ငါ ရှေ့ဖြစ်ဟော တစ်ယောက်ကို သတ်လိုက်တာလား...”

“မဟုတ်ဘူး... တိတိကျကျ ပြောရရင် ငါ သတ်တာ မဟုတ်ဘူး... ရှေ့ဖြစ်ဟော မျိုးနွယ်စုက အပူးခံထားရပြီးသား ခန္ဓာကိုယ်ကို ထပ်ပူးလို့ မရဘူး... ဒါကြောင့် ကောင်းကင်နဲ့ မြေကြီး နိယာမတွေရဲ့ အတင်းအဓမ္မ ဖျက်ဆီးခြင်းကို ခံလိုက်ရတာ...”

“ဒါပေမဲ့ ငါ့ကို လာပူးဖို့ ကြိုးစားတာ သူ့အပြစ်ပဲလေ...”

ကျူးယုံဖုသည် အနက်ရောင် အသက်ရှူသံက ထားရစ်ခဲ့သော မှတ်ဉာဏ်များကို ချေဖျက်လိုက်ပြီးနောက် မျက်နှာထား လေးနက်သွားကာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားတော့၏။

အနက်ရောင် အသက်ရှူသံသည် ပြင်ပကမ္ဘာ ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် တစ်ဦး ဖြစ်၏။

ရှေ့ဖြစ်ဟော ဆိုတာ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး... မျိုးနွယ်စု တစ်ခုလုံးပင်...။

ဒီမျိုးနွယ်စုက အရာအားလုံးကို တွက်ချက် ဟောကိန်းထုတ်ရာမှာနှင့် အတိတ်နှင့် အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ရှိရာမှာ ထူးချွန်ကြသည်။... သို့ရာတွင်၊ သူတို့က မိစ္ဆာချီကို ကျိန်စာစွမ်းအား အဖြစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပြီး ထိုစွမ်းအားကို ယဇ်ပူဇော်ကာ သိချင်သည့် ကိစ္စရပ်တွေကို တွက်ချက်ဖို့ အထူးမန္တန်တွေ အသုံးပြုရသည်… ။

မိစ္ဆာချီ ရဖို့အတွက် နတ်ဆိုးချုပ်နှောင်မျှော်စင်တွေ တည်ဆောက်ပြီး စုဆောင်းရသည်...။

ကျူးယုံဖုသည် ဤသတင်းအချက်အလက်များကို ဆက်လက် ချေဖျက်လိုက်ရာ မျက်လုံးများ ပိုမို တောက်ပလာပြီး တဟဲဟဲ ရယ်မောလိုက်၏။

“အခု ငါက ရှေ့ဖြစ်ဟော တွေရဲ့ ဗဟုသုတတွေကို အမွေဆက်ခံလိုက်ပြီ... ရိုးရှင်းတဲ့ တွက်ချက်မှုတွေ လုပ်လို့ ရပြီ... ဒီစွမ်းရည်နဲ့ ဆိုရင် အန္တရာယ် မရှိဘဲ ငါ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်မယ့် အရာတွေကို အရင်ဆုံး တွက်ချက်ရမယ်...”

“အချိန်ကြာလာတာနဲ့အမျှ ငါ တိတ်တဆိတ် ကျင့်ကြံပြီး ဆရာကြီး တစ်ဆူ ဖြစ်လာမှာ...”

“ဟဲဟဲ... ယဲ့ဖုန်း... မင်း စောင့်နေလိုက်...”

ကျူးယုံဖုသည် ပြောင်လက်နေသော နဖူးကို ပွတ်သပ်လိုက်ပြီး တောင်ကြား ပတ်လည်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သတ်ဖြတ်ခြင်းကို မကြာခဏ ကျူးလွန်လေ့ရှိသော ကျားတစ်ကောင်ကို ဖမ်းဆီးလိုက်ပြီး မိစ္ဆာချီ တစ်စွန်းတစ်စ ထွက်ပေါ်လာသည်အထိ နှိပ်စက်လာ၏။

ထို့နောက် ဝိညာဉ်စွမ်းအင် ဝဲကတော့ အောက်တွင် တင်ပျဉ်ခွေထိုင်ပြီး ပြန့်ပြူးသော ကျောက်ပြားပေါ်တွင် အနက်ရောင် မိစ္ဆာချီဖြင့် စာရေးလိုက်၏။

ဒါက မှတ်ဉာဏ်ထဲမှ.. တွက်ချက်ရေး ဝင်္ကပါ ပင် ဖြစ်သည်...။

“မိစ္ဆာချီကို လမ်းပြအဖြစ် အသုံးပြုပြီး အရာအားလုံးကို တွက်ချက်မယ်... စတင်စမ်း...”

ကျူးယုံဖုသည် မိစ္ဆာချီကို ဝင်္ကပါထဲသို့ ပစ်ထည့်လိုက်ရာ မီးခိုးရောင် မြူခိုးများ အဖြစ် ပြန့်ကျဲသွားပြီး ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားတော့၏။

“ဒါက မိုင် (၁၀၀) အကွာက တောင်ကြားပဲ... (၃) ရက်နေရင် အဲဒီမှာ တိုက်ပွဲကြီး ဖြစ်ပွားလိမ့်မယ်... အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင် အပြန်အလှန် သတ်ဖြတ်ကြပြီး သေလုမျောပါး ဖြစ်သွားကြလိမ့်မယ်... ငါ အခွင့်ကောင်းယူပြီး အကျိုးအမြတ် ရယူနိုင်တယ်...”

ပုံရိပ်ကို ကြည့်ပြီးနောက် ကျူးယုံဖု အလွန်အမင်း ပျော်ရွှင်သွားသည်။

ဒီအဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်နဲ့ ဆိုရင် သွေးဝိညာဉ် ဆေးလုံး အများအပြား ပြုလုပ်နိုင်မှာ ဖြစ်ပြီး သူတို့ရဲ့ မိစ္ဆာချီတွေကို အသုံးပြုကာ အနာဂတ် အသစ်တွေကိုလည်း တွက်ချက်နိုင်မှာ...

“ဟဲဟဲ... မိုက်တယ်ကွာ...”

ကျူးယုံဖုသည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ဆရာကြီး တစ်ဆူ ဖြစ်လာပြီး ယဲ့ဖုန်းကို သူ့ရှေ့ ဒူးထောက်စေကာ ငိုကြွေးပြီး ‘အဖေ’ ဟု ခေါ်ခိုင်းမည့် နေ့ရက်ကို ကြိုမြင်နေရသကဲ့သို့ပင်။

" ဝေါ “

ထိုစဦ၊ လေပြင်း တစ်ချက် တိုက်ခတ်သွားသည်။

ကျူးယုံဖုသည် အသစ်ပေါက်လာသော နက်မှောင်ထူထပ်သည့် ဆံပင်မည်းများထဲမှ (၁၀) ပင်ကျော် ကျွတ်ထွက်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရပြီး မျက်ဝန်းများ မှေးကျဉ်းသွားတော့၏။

“လခွမ်း... တွက်ချက်မှု လုပ်ရင် ဆံပင်ကျွတ်တာလားဟ...”

“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး...”

ကျူးယုံဖု ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်၏။

သူ့မှတ်ဉာဏ်ထဲက ရှေ့ဖြစ်ဟော တွေ အားလုံး ဘာကြောင့် ဝတ်ရုံလွှမ်းပြီး မျက်နှာသာ ဖော်ထားကြလဲ ဆိုတာ အခုမှ နားလည်သွားတော့သည်။

သူတို့ အားလုံး ထိပ်ပြောင်နေကြလို့ကိုး...

“ငါ ထိပ်ပြောင်သွားပြီ... ဒါပေမဲ့ ငါ ပိုသန်မာလာပြီ...”

ကျူးယုံဖုသည် နာကျင်မှုနှင့် ပျော်ရွှင်မှု ရောထွေးနေသော ခံစားချက်ဖြင့် မျက်ရည်တွေ ဝဲကာ ရေရွတ်လိုက်လေတော့သည်။

All Chapters