အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း (၃၄၃) ကုန်းချင်းချိုး၏ အစီအစဉ်၊ နံရံဆေးရေး ပန်းချီကား
~ကျူးယုံဖုသည် မြေကြီးပေါ်သို့ ကျွတ်ကျသွားသော ဆံပင်ရှည် (၁၀) ပင်ကျော်ကို အသေအချာ ကောက်ယူလိုက်ပြီး နတ်ဆိုးစွမ်းအင်ဖြင့် ထိန်းသိမ်းထားလာ၏။
“ထိပ်ပြောင်သွားလည်း ကိစ္စမရှိပါဘူးကွာ... ဒီကျွတ်ကျသွားတဲ့ ဆံပင်တွေ အားလုံး စုပြီးရင် နောက်ကျ ဆံပင်တု လုပ်ပြီး ပြန်တပ်လို့ ရတာပဲ...”
“ဟီးဟီး...”
“ငါက တကယ့် ဉာဏ်ကောင်းတဲ့ သရဲကောင်လေးပဲ...”
ကျူးယုံဖု ရယ်မောလိုက်ရာ သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီး တုန်ခါသွားတော့၏။
သူသည် ကျင့်ကြံဆင့်ကို အလျင်အမြန် ခိုင်မာအောင် လုပ်ဆောင်လိုက်ပြီး အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပြင်ဆင်လိုက်သည်။ (၃) ရက်ကြာလျှင် ထိုတောင်ကြားထဲသို့ ဝင်ရောက်ပြီး အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင် အပြန်အလှန် တိုက်ခိုက်ပြီး မောပန်းနွမ်းနယ်သွားမည့် အချိန်ကို စောင့်ဆိုင်းကာ အကျိုးအမြတ် ရယူရန် ကြံစည်ထား၏။
...
*
ရွှေယန်မြို့တော် အပျက်အစီး နယ်မြေရှိ တွင်းပေါက်ကြီး၏ အောက်ခြေဝယ်၊...
“ဂိုဏ်းချုပ်... အားလုံး စီစဉ်ပြီးပါပြီ...”
ကုန်းချင်းချိုးသည် လက်ညှိုးတစ်ချောင်းစာ အထူ၊ တစ်လက်မ ပတ်လည် စတုရန်းပုံ ကျောက်စိမ်းပြား အချို့ကို ကိုင်ဆောင်လျက် အစီရင်ခံလိုက်သည်။
ကျောက်စိမ်းပြား တစ်ခုစီ၏ အတွင်းဘက်တွင် နတ်ဆိုးချုပ်နှောင်မျှော်စင်မှ ဝင်္ကပါပုံစံများကို အစစ်အမှန်ယွမ်ဖြင့် ကူးယူ ရေးထိုးထား၏။
ထို့အပြင် နတ်ဆိုးချုပ်နှောင်မျှော်စင်မှ နံရံဆေးရေး ပန်းချီကား အများအပြားကိုလည်း ထည့်သွင်းထား၏။ လောလောဆယ်တွင် ဘာအတွက် အသုံးပြုထားမှန်း မသိရသေးသော်လည်း ထိန်းသိမ်းထားရန် လိုအပ်ပေသည်။
“အင်း... ကောင်းတယ်...”
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ရှေးဟောင်း နတ်ဆိုးချုပ်နှောင်မျှော်စင်သည် ပြိုလဲပျက်စီးသွားပြီး ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားကာ ဘယ်တော့မှ ပြန်လည် တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။
“ဂိုဏ်းချုပ်... နောက်တစ်ဆင့် ဘာလုပ်ကြမလဲ...” မိုယင် မေးလိုက်သည်။
သူမသည် ကျားယွိလန်နှင့် ယန်ရူယွီတို့ကို တစ်ချက် ကြည့်လိုက်သည်။
ပြီးခဲ့သော တိုက်ပွဲအပြီးတွင် သူမတို့ နှစ်ဦးစလုံး အကျိုးအမြတ် အချို့ ရရှိခဲ့သော်လည်း အဟန့်အတားများကို ချိုးဖျက်ရန် မလုံလောက်သေးပေ။ လေ့ကျင့်မှုများ ပိုမို လိုအပ်နေသေးသည်။
“မင်းတို့ ကိစ္စ ရှိရင် သွားလုပ်ကြတော့... ငါ ဒီနားတဝိုက်ကို လိုက်ကြည့်လိုက်ဦးမယ်...”
ယဲ့ဖုန်းသည် တွင်းပေါက်ကြီးနှင့် ဆက်နွယ်နေသော မြေအောက် လိုဏ်ဂူများဆီသို့ လျှောက်သွားလိုက်သည်။
ယခင်က နည်းနည်း စူးစမ်းခဲ့သော်လည်း ဘာမှ မထူးခြားခဲ့ပါ။ ...
ယခုတော့ ပိုနက်ရှိုင်းသော နေရာတွေအထိ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ...
မမျှော်လင့်ထားသည့် အံ့သြစရာတွေ တွေ့ကောင်း တွေ့နိုင်သည်လေ...
“ဒါဆိုရင် ဂိုဏ်းချုပ်... ကျွန်မ ညီမလေး နှစ်ယောက်ကို ခေါ်ပြီး တခြားနေရာမှာ သွားလေ့ကျင့်လိုက်ပါဦးမယ်... အကြီးအကဲကုန်း... ဂျူနီယာ ညီမလေး လန်တယ်... သွားတော့မယ်နော်...”
မိုယင်သည် ကျားယွိလန်နှင့် ယန်ရူယွီကို ခေါ်ဆောင်ပြီး ဓားပျံစီးကာ ထွက်ခွာသွားတော့၏။
လန်တယ်သည် သူမတို့၏ ကျက်သရေရှိသော ပုံရိပ်များကို အားကျစွာ ကြည့်ရှုနေမိသည်။
ကုန်းချင်းချိုးသည် သူမ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ “မင်းက ချီကျင့်ကြံခြင်း တတိယအဆင့် ရောက်နေပြီပဲ... ကျင့်ကြံဆင့် နည်းနည်း ပိုမြင့်လာရင် ‘ဒုတိယ ချီပင်လယ်’ နဲ့ ‘တောက်ပသော ဓားအလင်း’ ကို ကျင့်ကြံလို့ ရပြီ... အဲဒီကျရင် မင်းလည်း ဓားပျံစီးနိုင်လာမှာပါ...”
“ရှောင်တယ် ကြိုးစားပါ့မယ်...” လန်တယ်က လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်မ ရှောင်တယ်ကို ခေါ်ပြီး ရွှေယန်မြို့တော် အပျက်အစီးတွေဆီ သွားပြီး စိတ်ဖြေဖျောက်လိုက်ပါဦးမယ်...”
ကုန်းချင်းချိုးက အသိပေးလိုက်ပြီး အပေါ်သို့ ပျံတက်သွားတော့၏။
*
မြေပြင်ပေါ်တွင်...
ကုန်းချင်းချိုးသည် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသော အပျက်အစီးများကြားတွင် လမ်းလျှောက်နေလေ၏။
လန်တယ်လည်း ဘေးမှ လိုက်ပါလာပြီး ကုန်းချင်းချိုး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ထင်ဟပ်နေသည်ကို သတိထားမိလိုက်သည်။
“အကြီးအကဲ... ဒီနေရာက အရင်တုန်းက နေခဲ့ဖူးတဲ့ နေရာလားဟင်...” လန်တယ် သတိထားပြီး မေးလိုက်သည်။
“ဟုတ်တယ်... ငါ ဒီမှာ နေလာတာ တစ်သက်လုံးနီးပါး ရှိပြီ... ကံဆိုးတာက အမြီး သုံးချောင်း မြေခွေးမျိုးနွယ်စုရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရပြီး ဒုက္ခတွေ အများကြီး ကြုံခဲ့ရတာပဲ...” ကုန်းချင်းချိုး ခေါင်းညိတ် ဝန်ခံလိုက်သည်။
သူမသည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ပြီး မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေလေ၏။
“အကြီးအကဲ... အတိတ်ကို စွန့်လွှတ်ဖို့ ကြိုးစားပါ...”
လန်တယ် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်သည်။
“ကျွန်မ ကြီးပြင်းလာတဲ့ ရွာလေးလည်း အသတ်ခံလိုက်ရတာပါပဲ... အချိန်အကြာကြီး စိတ်မဖြေနိုင် ဖြစ်ခဲ့ရတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်မ ကြိုးစားပြီး ကျင့်ကြံရင် တစ်နေ့ကျ လက်စားချေနိုင်ပြီး အဲဒီ နာကြည်းချက်တွေကို ဖယ်ရှားနိုင်မယ် လို့ တွေးမိတယ်...”
ကုန်းချင်းချိုး၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
‘မိန်းကလေးငယ်လေး တစ်ယောက်တောင် ဒီလို စိတ်ဓာတ်မျိုး ရှိနေရင်... ငါက ဘာလို့ ကိုယ့်စွဲလမ်းမှုတွေကို မကျော်လွှားနိုင်ရမှာလဲ…’
ထိုအသိစိတ်ဖြင့် စိမ်းလန်းစိုပြေနေသော ရွှေယန်မြို့တော် အပျက်အစီး နယ်မြေကို ကြည့်ရှုလိုက်ရာ ပြန်လည် မွေးဖွားလာသကဲ့သို့ မြင်ယောင်လာ၏။
သို့သော် စွဲလမ်းမှုသည် ရင်ထဲတွင် ရှိနေဆဲပင်။
သူမ စွန့်လွှတ်၍ မရနိုင်မှန်း သဘောပေါက်လိုက်သည်။
“ငါ ဆုံးဖြတ်လိုက်ပြီ... ဒီနေရာကို မြူခိုးဂိုဏ်းရဲ့ ဝိညာဉ်ဆေးပင် ဥယျာဉ် တစ်ခု အဖြစ် ပြောင်းလဲပစ်မယ်... ရွှေယန်မြို့တော် အပျက်အစီးတွေက လက်ကျန် တန်ဖိုးတစ်ခုခုတော့ ရှိနေပါစေတော့...” ကုန်းချင်းချိုးက ကြေညာလိုက်သည်။
စွန့်လွှတ်လို့ မရရင်လည်း... အမြဲတမ်း သယ်ဆောင်သွားလိုက်မယ်...
ထိုသို့ ပြောလိုက်ပြီးနောက် သူမ၏ စိတ်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
“ဝိညာဉ်ဆေးပင် ဥယျာဉ်...”
လန်တယ် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာသည် ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသဖြင့် သဘာဝ ဝိညာဉ်ဆေးပင် ဥယျာဉ်ကြီး တစ်ခု အမှန်ပင် ဖြစ်၏။
“အကြီးအကဲ... ဒီမှာ ဘာလို့ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှိနေရတာလဲ... ပြီးတော့ အားလုံးက ရှင်သန်ကြီးထွားနေကြတယ်နော်...”
လန်တယ် နားမလည်နိုင် ဖြစ်နေရသည်။
“ဘာလို့လဲ ဆိုတော့ ဒီနေရာမှာ စစ်ပွဲကြီး ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော နတ်ဆိုးသားရဲတွေ သေဆုံး ဒဏ်ရာရခဲ့ကြလို့လေ... သူတို့ရဲ့ အလောင်းကောင်တွေ မြေကြီးပေါ် ပြုတ်ကျပြီး မီးလောင်ကျွမ်းသွားတဲ့အခါ အကောင်းဆုံး မြေဆီဩဇာတွေ ဖြစ်လာတာပေါ့...”
“ပြီးတော့ ရေပေါ်ဖြူမြို့တော်မှာ ဝိညာဉ်ဆေးပင် မျိုးစေ့တွေ အများကြီး ရှိခဲ့တယ်... ကံကောင်းစွာနဲ့ မီးမလောင်ဘဲ ကျန်ရစ်ခဲ့ပြီး ငှက်တွေက နေရာအနှံ့ ဖြန့်ဝေပေးလိုက်တော့ သဘာဝအတိုင်း ပေါက်ရောက်လာကြတာ...”
“ဪ... အဲဒါကြောင့်ကိုး...” လန်တယ်.. ရုတ်တရက် သဘောပေါက်သွားသည်။
သူမတို့နှစ်ဦးသည် ရွှေယန်မြို့တော် အပျက်အစီး နယ်မြေကြား လမ်းလျှောက်ရင်း ဝိညာဉ်ဆေးပင် ဥယျာဉ် အဖြစ် ပြောင်းလဲမည့် အသေးစိတ် အစီအစဉ်များကို ဆွေးနွေးနေကြ၏။
“ဒါပေမဲ့ အခု ဒီနေရာက အပျက်အစီး ဖြစ်နေပြီ ဆိုတော့... ကျွန်မတို့ မြူခိုးဂိုဏ်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတာလား...”
“ငါတို့ ရပ်နေတဲ့ မြေဆီလွှာ ကောင်းမွန်တဲ့ ဒီနေရာက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ရဲ့ နယ်နိမိတ်ထဲမှာ ရှိနေပြီး ခရိုင်ဘုရင်မြို့တော် ရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်ရှိနေတယ်...”
“မူလကတော့ ရေပေါ်ဖြူမြို့တော်က ကြယ်တစ်ပွင့် မြို့တော် တစ်ခု ဖြစ်ခဲ့ပြီး ဒီနေရာကို ပိုင်ဆိုင်ခွင့် ရှိခဲ့တယ်... ဒါပေမဲ့ အခု မြို့တော်က အပျက်အစီး ဖြစ်သွားပြီ ဆိုတော့ စီမံခန့်ခွဲခွင့်က ခရိုင်ဘုရင်မြို့တော်ဆီ ပြန်ရောက်သွားပြီ...”
“တကယ်လို့ ဒီနေရာကို ဂိုဏ်းရဲ့ ဆေးပင်စိုက်ခင်း အဖြစ် ပြောင်းလဲချင်ရင် ခရိုင်ဘုရင်မြို့တော် မြို့စားမင်း အိမ်တော်ရဲ့ သဘောတူညီချက် ရယူရမယ်...”
ပြောရင်းနှင့်၊ ကုန်းချင်းချိုး၏ အသံ ရပ်တန့်သွားသည်။
လန်တယ် စပ်စုလိုက်သည်။ “သူတို့ သဘောတူအောင် ဘယ်လို လုပ်ရမလဲ...”
ကုန်းချင်းချိုး ခဏ စဉ်းစားပြီး ရှင်းပြလိုက်သည်။ “ဝိညာဉ်ကျောက်တုံး တချို့ ပေးပြီး ဒီနေရာကို ဝယ်ယူလို့ ရပါတယ်...”
“ဒါက မြို့တော် တစ်ခုလုံးရဲ့ အကျယ်အဝန်းလေ... ဈေးကြီးမှာပဲနော်...” လန်တယ် အံ့သြသွားပြီး လက်ချောင်းလေးများဖြင့် ရေတွက်ကြည့်နေမိသည်။
“နေရာဒေသအပေါ် မူတည်ပါတယ်...”
ကုန်းချင်းချိုး ခေါင်းခါလိုက်သည်။
“ဒီနေရာမှာ အရင်တုန်းက မူလအဆင့် ဝိညာဉ်သွေးကြော တစ်ခု ရှိခဲ့ဖူးတယ်... အဲဒါကို ဝယ်ဖို့ ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သောင်းချီ ကုန်ကျလိမ့်မယ်... ဒါပေမဲ့ အခု ဝိညာဉ်သွေးကြော မရှိတော့ဘဲ ဝိညာဉ်စွမ်းအင် ဝဲကတော့ အနည်းငယ်ပဲ ကျန်တော့တယ် ဆိုတော့... ဝိညာဉ်ကျောက်တုံး (၁၀၀၀)၊ (၂၀၀၀) လောက် ဆိုရင် လုံလောက်ပါပြီ...”
ပြောပြီးသည်နှင့် ကုန်းချင်းချိုး စိတ်အားထက်သန်သွားသည်။
သူမ တစ်ယောက်တည်း ခရိုင်ဘုရင်မြို့တော်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ခန်းမဆောင်ကို ရှာဖွေကာ ရွှေယန်မြို့တော် အပျက်အစီး နယ်မြေကို ဝယ်ယူရန် ဆွေးနွေးချင်စိတ် ပေါက်နေမိသည်။
...
မြေအောက် လိုဏ်ဂူ...
ယဲ့ဖုန်းသည် သူ၏ စိတ်အာရုံကို လိုက်နာပြီး ဆက်တိုက် ရှာဖွေနေလေ၏။
မကြာမီ မိုင် (၁၀) ဂဏန်းခန့် နက်ရှိုင်းသော မြေအောက်ရှိ အမှောင်ထု နယ်မြေ တစ်ခုသို့ ရောက်ရှိသွားပြီး ကျောက်ခန်းမ တစ်ခုကို တွေ့ရှိလိုက်ရသည်။
နံရံများပေါ်တွင် နံရံဆေးရေး ပန်းချီကား အများအပြား ရှိနေလေ၏။
လေဓာတ် ဝိဉာဉ်ပုလဲ ဖြင့် အလင်းရောင် ပေးလိုက်သောအခါ ပန်းချီကားများ၏ အကြောင်းအရာကို တွေ့မြင်လိုက်ရပြီး သူ၏ မျက်နှာထား ပိုမို လေးနက်လာ၏။
ပထမဆုံး ပန်းချီကား၏ ခေါင်းစဉ်မှာ “အသားတောင် ဧရာမများ အထက်မှ ရှေ့ဖြစ်ဟောများ”ဖြစ်၏။
ပန်းချီကား၏ အကြောင်းအရာမှာ...
ထူးဆန်းသော နယ်မြေတစ်ခုတွင် ကြယ်များကဲ့သို့ ကြီးမားသော အသားတောင် ဧရာမ သတ္တဝါကြီး တစ်ကောင် ရှိနေသည်။ ယခင်က တွေ့ခဲ့ရသော အသားတောင် မိစ္ဆာကောင်ကြီးနှင့် တူသော်လည်း အရွယ်အစား အလွန် ကြီးမားလှသည်။ ၎င်း၏ ခေါင်းပေါ်တွင် အနက်ရောင် ဝတ်ရုံများ လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ် လူသားများ မရေမတွက်နိုင်အောင် ရပ်နေကြသည်။ သူတို့သည် သစ်သား တောင်ဝှေးများကို ကိုင်ဆောင်ထားပြီး မျက်နှာ တစ်ဝက်သာ ဖော်ပြထားကြသည်။
ဒုတိယ ပန်းချီကား၏ ခေါင်းစဉ်မှာ “အရာအားလုံးကို သိရှိသော ရှေ့ဖြစ်ဟော ”ဖြစ်၏။
ပန်းချီကား၏ အကြောင်းအရာမှာ...
အနက်ရောင် ဝတ်ရုံဝတ် ရှေ့ဖြစ်ဟော တစ်ဦးသည် မိစ္ဆာချီ အချို့ကို ထိန်းချုပ်ပြီး အနာဂတ်ကို ဟောကိန်းထုတ်ရန်အတွက် အထူး စက်ဝိုင်းပုံ ကျောက်ယဇ်ပလ္လင်ပေါ်တွင် တင်ထား၏။
ထို့အပြင် အခြား ပန်းချီကားများလည်း အများအပြား ရှိနေသေးသည်။
ယဲ့ဖုန်းသည် တစ်ခုချင်းစီကို ကြည့်ရှုလိုက်ပြီး ခေါင်းနပန်းကြီးသွားသည်။
ပန်းချီကားများ၏ အကြောင်းအရာကို အခြေခံပြီး သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကို အသုံးပြုကာ တွက်ချက်ကြည့်လိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော ကောက်ချက်တစ်ခုကို ရရှိလာ၏။
နတ်ဆိုးချုပ်နှောင်မျှော်စင်ကို တည်ဆောက်ရခြင်းမှာ မိစ္ဆာချီ ထုတ်လုပ်ရန်တည်း။
ထိုမျှမက၊ နောက်ကွယ်က ကြိုးကိုင်သူက ရှေ့ဖြစ်ဟောများ ဖြစ်နေသည်။
ဒါက လူတစ်ယောက်တည်း သို့မဟုတ် ကုဒ်နံပါတ် တစ်ခု မဟုတ်.. မျိုးနွယ်စု တစ်ခုလုံးပင်...။
သူတို့သည် မိစ္ဆာချီများနှင့် နတ်ဆိုးသားရဲ အလောင်းကောင်များ ပေါင်းစပ်ထားသော အသားတောင် ဧရာမများကို ကျွန်ပြုပြီး နယ်မြေများကို ရှင်းလင်းကာ နတ်ဆိုးချုပ်နှောင်မျှော်စင် အသစ်များ တည်ဆောက်ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ နတ်ဆိုးသားရဲများကို ဖိနှိပ်ချုပ်နှောင်ပြီး စိတ်ဓာတ် ကျဆင်းမှု၊ ဒေါသနှင့် ဝမ်းနည်းမှုများကို ဖြစ်ပေါ်စေကာ မိစ္ဆာချီများကို အဆက်မပြတ် ထုတ်လွှတ်စေရန် ဖြစ်လေ၏။
ထိုမိစ္ဆာချီများကို အသုံးပြုပြီး ရှေ့ဖြစ်ဟော များသည် အတိတ်နှင့် အနာဂတ်ကို ဟောကိန်းထုတ်ကာ သူတို့ မျိုးနွယ်စု ထာဝရ ရှင်သန်ကြီးထွားရေးကို အာမခံချက် ပေးကြသည်။
“ဒီမျိုးနွယ်စုက တော်တော် ကြောက်စရာ ကောင်းတာပဲ...”
“ပန်းချီကားတွေထဲက အချက်အလက်တွေအရ ဆိုရင် ရှေ့ဖြစ်ဟော မျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက တောင်ပိုင်းမြစ်ဝှမ်း ဒေသကို ရောက်ရှိလာခဲ့ပြီး နတ်ဆိုးချုပ်နှောင်မျှော်စင်တွေ အများကြီး တည်ဆောက်ခဲ့ကြတယ်... တချို့က ပီယွဲ့စံအိမ်မှာ... တချို့က ဒီနေရာမှာ...”
“တခြား နေရာတွေမှာ ရှိသေးလား ဆိုတာကိုတော့ မြေပုံပေါ်မှာ ရှာကြည့်ရင် တွေ့နိုင်လောက်တယ်...”
ယဲ့ဖုန်းသည် နတ်ဆိုးချုပ်နှောင်မျှော်စင်များ၏ တည်နေရာ အမှတ်အသားများ ပါရှိသော မြေပုံကို ထုတ်ကြည့်လိုက်သည်။
ပီယွဲ့စံအိမ်နှင့် ရေပေါ်ဖြူမြို့တော်ရှိ မျှော်စင်များကို အမည်းရောင်ဖြင့် မှတ်သားထားပြီး ကျန်မျှော်စင်များကို အဖြူရောင်ဖြင့် အဓိက မှတ်သားထားကြောင်း တွေ့ရှိလိုက်ရသည်။
ဆိုလိုသည်မှာ ဤမျှော်စင် နှစ်ခုသာ ရှေးဟောင်း မျှော်စင်များ ဖြစ်ကြ၏။
ကျန်ရှိနေသော အဖြူရောင် မျှော်စင်များသည် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ ဦးဆောင်သော အဖွဲ့အစည်းမှ ကျင့်ကြံသူများ တည်ဆောက်ထားခြင်းပင်။
“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်နဲ့ မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲတို့က ရှေ့ဖြစ်ဟော မျိုးနွယ်စု အကြောင်း သိနေလို့ နတ်ဆိုးချုပ်နှောင်မျှော်စင်တွေကို ဦးစီး တည်ဆောက်နေကြတာ ဖြစ်မယ်...”
“ပြီးတော့ သူတို့ရဲ့ နောက်ခံအင်အားက ရှေ့ဖြစ်ဟော မျိုးနွယ်စု ဖြစ်ကောင်း ဖြစ်နိုင်တယ်...”
“ကိစ္စတွေက ပိုပြီး ခက်ခဲလာပြီ...”
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။
အခန်း (၃၄၄) ကုန်းချင်းချိုး၏ အဆင့်ချိုးဖြတ်ခြင်း၊ တာဝန်အသစ်
~ယဲ့ဖုန်းသည် ရှေ့ဖြစ်ဟော မျိုးနွယ်စုနှင့် ပတ်သက်၍ ဘာမှမတတ်နိုင် ဖြစ်နေတော့၏။
နံရံဆေးရေး ပန်းချီကားများ၏ အကြောင်းအရာအရ ဆိုလျှင် ဤမျိုးနွယ်စု ထိန်းချုပ်ထားသော အသားတောင် ဧရာမ သတ္တဝါကြီးများသည် ကြယ်များကဲ့သို့ ကြီးမားလှသည်။ ကျင့်ကြံဆင့် အတိအကျကို မသိရသော်လည်း စွမ်းအားမှာမူ အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
လက်ဝါးတစ်ချက် ရိုက်လိုက်ရုံနှင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံး နစ်မြုပ်သွားနိုင်သည်မှာ သေချာသည်။
ဤအဆင့် စွမ်းအားသည် မြူခိုးဂိုဏ်း အနေဖြင့် လက်ရှိ ယှဉ်ပြိုင်နိုင်သော အရာ မဟုတ်ပေ။
‘ဒီလောက် စွမ်းအားကြီးတဲ့ သတ္တဝါတွေကို သူတို့ထက် ပိုစွမ်းအားကြီးတဲ့ သူတွေကပဲ ရှင်းလင်းသင့်တယ်... ဥပမာ... မိုင်ရာချီ အချင်းဝက် ရှိတဲ့ သစ်မာလွင်ပြင် အောက်မှာ မြှုပ်နှံထားတဲ့ ဧရာမ ဦးခေါင်းခွံ ပိုင်ရှင်မျိုးပေါ့…’
ယဲ့ဖုန်း တွက်ချက်လိုက်မိသည်။
အခြေအနေကို ခဏကြာ ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ တစ်ခု အတည်ပြုလိုက်နိုင်၏။
သစ်မာလွင်ပြင်မှ သစ်ပင်များသည် မူလက သာမန် သစ်ပင်များသာ ဖြစ်ကြသည်။
သို့သော် ထိုဧရာမ ဦးခေါင်းခွံကြီးမှ ထူးခြားသော စွမ်းအင်များကို စုပ်ယူခဲ့သောကြောင့် ဝိညာဉ်လက်နက်ဖြင့် ခုတ်မှ ပြတ်နိုင်လောက်အောင် မာကျောလာခဲ့ခြင်း ဖြစ်၏။
ဦးခေါင်းခွံ၏ ပိုင်ရှင်သည် သေချာပေါက် သာမန် မဟုတ်ပေ။
ရှေးဟောင်း ဧရာမ နတ်ဘုရား မဟုတ်လျှင်တောင် အလွန် စွမ်းအားကြီးမားသော သတ္တဝါ ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ယဲ့ဖုန်းသည် နံရံဆေးရေး ပန်းချီကားများကို အကဲခတ်ကြည့်လိုက်သည်။
“ဒီနေရာက အရာတွေကို မှတ်တမ်းတင်ထားဖို့ လိုတယ်...”
သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကို အသုံးပြုပြီး ပန်းချီကားများကို နံရံမှ ဖြတ်တောက်လိုက်သည်။ ထို့နောက် အနက်ရောင် နေရာလပ်ကြီးကို အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်လိုက်၏။
"ဝှီး...."
ယဲ့ဖုန်းသည် မြေအောက် လိုဏ်ဂူ လမ်းကြောင်းတစ်လျှောက် လျင်မြန်စွာ ပျံသန်းပြီး မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့တော့သည်။
“တွင်းကြီးကို ပြန်ဖို့ရမယ်... ရံဖန်ရံခါ ဝင်လို့ရအောင် မြေအောက် လမ်းကြောင်းတစ်ခုတော့ ချန်ထားရမယ်...”
သူသည် စီမံခန့်ခွဲမည့် နည်းလမ်းကို စဉ်းစားပြီး အနီးနားသို့ ပျံသန်းသွားတော့၏။
“အကြီးအကဲ... ဟိုးမှာ...”
လန်တယ်နှင့် ကုန်းချင်းချိုးသည် ရွှေယန်မြို့တော် အပျက်အစီး နယ်မြေကြား လမ်းလျှောက်နေစဉ် ယဲ့ဖုန်း တွင်းကြီးထဲမှ ပျံထွက်လာသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖုန်းသည် လက်ချောင်းကို တောက်လိုက်ရာ ဧရာမ ကျောက်တုံးကြီးများ၊ အုတ်ကျိုးအုတ်ပဲ့များနှင့် နတ်ဆိုးသားရဲ အရိုးစုများသည် လေထဲသို့ မြင့်တက်သွားတော့၏။
ထိုအရာများသည် တွင်းကြီးထဲတွင် စုပုံသွားပြီး မျက်နှာကြက်ကဲ့သို့ အလွှာတစ်ခု ဖန်တီးလာ၏။ အလွန် မာကျောလှသဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများပင် တူးဖော်ရန် ခက်ခဲပေလိမ့်မည်။
ယဲ့ဖုန်းသည် မြေကြီးများဖြင့် တွင်းကြီးကို ပြန်လည် ဖို့လိုက်ပြီးနောက် မြေပြင်ပေါ်တွင် အချင်း မီတာအနည်းငယ်သာ ရှိသော မြေအောက် လိုဏ်ဂူ ဝင်ပေါက် တစ်ခုသာ ကျန်ရစ်ခဲ့၏။
“ဂိုဏ်းချုပ်... တစ်ခုခု တွေ့ခဲ့လား...” ကုန်းချင်းချိုး ရောက်လာပြီး မေးလိုက်သည်။
ယဲ့ဖုန်း၏ မျက်နှာထားမှာ လေးနက်နေလေ၏။
သူသည် ရှေ့ဖြစ်ဟော မျိုးနွယ်စု အကြောင်း ပြောပြချင်သော်လည်း စဉ်းစားပြီးနောက် လောလောဆယ် ထုတ်ဖော်မပြောသင့်သော လျှို့ဝှက်ချက် တစ်ခု အဖြစ် ထားရှိရန် ဆုံးဖြတ်လိုက်သည်။
“နည်းနည်းပါးပါး တွေ့ပါတယ်...ကျွန်တော် ဂိုဏ်းကို ပြန်တော့မယ်... ခင်ဗျားတို့ ဆက်လုပ်ကြပါ...”
“ဂိုဏ်းချုပ်... နေပါဦး...” ကုန်းချင်းချိုး လှမ်းခေါ်လိုက်သည်။
“ဘာလဲ...”
“ကျွန်မ ရွှေယန်မြို့တော် အပျက်အစီးတွေကို ဝယ်ယူပြီး မြူခိုးဂိုဏ်းရဲ့ သီးသန့် ဝိညာဉ်ဆေးပင် ဥယျာဉ် အဖြစ် ပြောင်းလဲချင်ပါတယ်...” ကုန်းချင်းချိုးက လိုရင်းကို တည့်တိုး ပြောလိုက်သည်။
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
“သဘောတူပါတယ်...”
အရင်က သူ မစဉ်းစားမိသော်လည်း ကုန်းချင်းချိုး ပြောလာမှ စဉ်းစားကြည့်လိုက်ရာ ဈေးနှုန်း သိပ်မကြီးလျှင် ဝယ်ယူသင့်သည်ပဲလေ။
ဒီနေရာက သဘာဝ ဆေးပင်စိုက်ခင်း တစ်ခုပဲလေ... သေချာ စီမံခန့်ခွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်လျှင် မြူခိုးဂိုဏ်းအတွက် မျိုးဆက်ပေါင်းများစွာ အကျိုးရှိစေမှာ အမှန်ပင်။
"ဝှစ်...."
ယဲ့ဖုန်းသည် အရိုးဖြူ ဓားပျံပေါ် တက်လိုက်ပြီး မြူခိုးဂိုဏ်းသို့ ပြန်သွားတော့၏။
“အကြီးအကဲ... ကျွန်မတို့ ဘယ်တော့ ပြန်ကြမလဲဟင်...” လန်တယ်သည် ယဲ့ဖုန်း ထွက်ခွာသွားသော နေရာကို ကြည့်ပြီး တိုးညှင်းစွာ မေးလိုက်သည်။
“မလောပါနဲ့...”
ကုန်းချင်းချိုးသည် မိုးရေဆေးကြောထားသဖြင့် သန့်ရှင်းနေသော ကျောက်တုံးပြား တစ်ခုပေါ်တွင် ထိုင်လိုက်ပြီး အနောက်ဘက်သို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသော နေလုံးကြီးကို ငေးကြည့်နေလေ၏။
နွေးထွေးသော အလင်းရောင်သည် သူမ၏ မျက်နှာပေါ်တွင် ဖြာကျနေပြီး ငယ်ဘဝ၏ နူးညံ့သိမ်မွေ့သော အချိန်ကာလများကို ပြန်လည် အမှတ်ရစေသည်။
“ပန်းတွေ ပြန်ပွင့်နိုင်ပေမယ့်... လူတွေကတော့ ငယ်ဘဝကို ပြန်မရနိုင်တော့ဘူး...”
သူမသည် ဘေးနားတွင် လန်းဆန်းစွာ ပွင့်နေသော ပန်းပွင့်လေးများကို ပွတ်သပ်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ထို့နောက် ကုန်းချင်းချိုး လက်ချောင်း တောက်လိုက်ရာ နှစ်ထပ်အဆောက်အအုံ တစ်ခု မြေပြင်ပေါ်တွင် ပေါ်လာပြီး သူမနှင့် လန်တယ်တို့ စတင် နေထိုင်ကြ၏။
နောက်ရက်များတွင် ကုန်းချင်းချိုး မကျင့်ကြံခဲ့ပေ။
သူမသည် ဤအပျက်အစီးများကြားတွင် နေထိုင်ရင်း စောင့်ရှောက်ပေးနေလေ၏။
ထိုအချိန်အတွင်း သူမသည် လန်တယ်ကို သေချာစွာ လမ်းညွှန်ပေးခဲ့ပြီး ‘တောက်ပသော ဓားအလင်း’၊ ‘မြေလျှိုး နည်းစနစ်’၊ ‘အသက်စွမ်းအင် ကျည်ဆန်’၊ ‘ကိုယ်ဖော့ပညာ’ နှင့် ‘အရပ်မျက်နှာပေါင်းစုံ.. ဝိညာဉ်အာရုံခံနိုင်စွမ်း’ ကဲ့သို့သော မန္တန်များကို သင်ကြားပေးခဲ့သည်။
“ကျွန်မ ပျံနေပြီ...”
လန်တယ်က လက်ဟန်များ ဖော်ဆောင်လိုက်ရာ ဆံနွယ်များ လွင့်ပျံသွားပြီး မြေကြီးပေါ်မှ မီတာဝက်ခန့် ကြွတက်လာကာ လေထဲတွင် ဝဲပျံနေလေ၏။ ခြေဖျားဖြင့် အသာအယာ တို့ထိလိုက်ရုံဖြင့် မီတာ (၁၀) ကျော် ခုန်ပျံနိုင်ပြီး ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးသွက်လက်နေ၏။
“ဒီကလေးရဲ့ ပါရမီက မမြင့်ပေမယ့်... ဉာဏ်ရည်ဉာဏ်သွေးက အရမ်းကောင်းတာပဲ...”
ကုန်းချင်းချိုးသည် လန်တယ်၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး ချီးကျူးလိုက်သည်။ သူမ၏ ငယ်ဘဝကို ပြန်မြင်နေရသကဲ့သို့ ခံစားရပြီး အလိုလို ပြုံးမိသွားတော့၏။
*
မိုင်ရာချီ အကွာအဝေးတွင်...
"ရွှစ်..."
ပြင်းထန်သော ဒဏ်ရာရရှိမည့် အန္တရာယ်ကို လျစ်လျူရှုပြီး သေရေးရှင်ရေး တိုက်ပွဲ ဆင်နွှဲပြီးနောက် ကျားယွိလန်သည် အသက်စွမ်းအင် ကျည်ဆန် ဒါဇင်ချီဖြင့် တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ၏ ဦးခေါင်းခွံကို ကြေမွသွားအောင် ပစ်ခတ်လိုက်နိုင်၏။
“ဝူး... ဟူး... နောက်ဆုံးတော့ ငါတစ်ယောက်တည်း တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်နိုင်ခဲ့ပြီ... တကယ် အန္တရာယ်များလိုက်တာ...”
ကျားယွိလန် အာမေဋိတ် ပြုလိုက်သည်။ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး မတ်တတ်မရပ်နိုင်တော့သဖြင့် မြေကြီးပေါ်သို့ လဲကျသွားကာ ကောင်းကင်ကို မော့ကြည့်ရင်း ပြင်းထန်စွာ မောဟိုက်နေလေ၏။
မိုယင်နှင့် ယန်ရူယွီ ထိုနေရာသို့..လျှောက်လာကြသည်။
ယန်ရူယွီသည် ကျားယွိလန်ကို အလျင်အမြန် ကုသပေးလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေလေ၏။
“စီနီယာအစ်မကြီး... အစ်မရဲ့ စွမ်းအားတွေ တိုးတက်လာတာ မြန်လိုက်တာ... တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်ကို တစ်ယောက်တည်း သတ်နိုင်တဲ့အထိ ဖြစ်လာပြီ ဆိုတော့... ဖိအား လုံလောက်လောက်ပြီ ထင်တယ်...”
ကျားယွိလန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... ငါ့ရဲ့ အဟန့်အတားက လေထဲက ဖယောင်းတိုင်မီးလို ယိုင်နဲ့နေပြီ လို့ ခံစားရတယ်... ပြန်ရောက်ရင် တစ်ရက်နှစ်ရက်လောက် တံခါးပိတ် ကျင့်ကြံလိုက်ရင် အဆင့်ချိုးဖြတ်ဖို့ လုံလောက်ပြီ...”
“ကောင်းလိုက်တာ... ဒါဆို နောက်တစ်လှည့်က ကျွန်မ အလှည့်ပေါ့...” ယန်ရူယွီ ပြုံးပြီး ပြောလိုက်ရာ မျက်လုံးများ အရောင်လက်သွားတော့၏။
မကြာမီ သူတို့ (၃) ဦး ပြန်လည် ထွက်ခွာသွားကြပြီး ယန်ရူယွီ တိုက်ခိုက်ရန်အတွက် လမ်းလွဲနေသော တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲများကို ရှာဖွေလိုက်ကြသည်။
ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
ကုန်းချင်းချိုးနှင့် လန်တယ်တို့သည် ရွှေယန်မြို့တော် အပျက်အစီး နယ်မြေမှ ထွက်ခွာလာခဲ့ကြသည်။
“အကြီးအကဲ... စိတ်ထဲက အဖုအထစ်တွေ ပြေပျောက်သွားပြီလား...”
“အင်း... ပြေပျောက်သွားပြီ ထင်ပါတယ်...”
ကုန်းချင်းချိုးသည် ကျင့်ကြံရေးတောင်ထိပ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ပဉ္စမထပ်ရှိ စိတ်ကူးယဉ်ကမ္ဘာကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်မှုများ ရရှိလာကာ ဆဋ္ဌမထပ်သို့ပင် ရောက်ရှိနိုင်လောက်သည်ဟု ခံစားနေရသည်။
...
ဆူညံနေသော တောင်ကြားတစ်ခုဝယ်၊...
ယန်ရူယွီသည် ကိုယ့်ကိုယ်ကို ကုသလိုက်၊ သူမကို လိုက်ဖမ်းနေသော တစ်ဝက်တစ်ပျက် အသွင်ပြောင်း စပါးအုံးမြွေကြီးနှင့် တိုက်ခိုက်လိုက် လုပ်နေလေ၏။
“သောက်ကျိုးနည်း... မင်းက ကိုယ့်ကိုယ်ကို ကုသနိုင်တယ် ဟုတ်လား...”
ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော စပါးအုံးမြွေကြီးသည် ယန်ရူယွီကို လိုက်ဖမ်းနေပြီး မျက်လုံးများထဲတွင် ဒေါသအမျက်များ တောက်လောင်နေလေ၏။
၎င်းသည် ယန်ရူယွီနှင့် အကြိမ်ရာချီ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ အခြားသော ချီကျင့်ကြံခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူသာ ဆိုလျှင် ယခုလောက်ဆို အမှုန့်ဖြစ်နေလောက်ပြီ ဖြစ်၏။
သို့သော် ယန်ရူယွီကမူ ဒဏ်ရာရသည်နှင့် ချက်ချင်း ကုသလိုက်၊ ပြီးလျှင် အသက်စွမ်းအင် ကျည်ဆန် သို့မဟုတ် ဝိညာဉ်ပြား ဓားပျံဖြင့် ပြန်လည် တိုက်ခိုက်လိုက် လုပ်နေသဖြင့် စပါးအုံးမြွေကြီးကို ဒဏ်ရာရစေခဲ့သည်။
ဤလုပ်ငန်းစဉ်သည် စပါးအုံးမြွေကြီးအတွက် အလွန် စိတ်ပျက်စရာ ကောင်းလှပေသည်။
ကောင်းကင်ယံ၌...
ကျားယွိလန်နှင့် မိုယင်တို့သည် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
“ဂျူနီယာ ညီမလေး ရူယွီရဲ့ တိုက်ခိုက်ရေးစွမ်းအားက မမြင့်ပေမယ့်... ခံနိုင်ရည် ရှိတာက သူ့ရဲ့ အောင်ပွဲပဲ... အနိုင်ရဖို့က အချိန်ပဲ လိုတော့တယ်...” မိုယင်က တွက်ဆလိုက်သည်။
ထင်ထားသည့်အတိုင်းပင် နာရီဝက်ခန့် ကြာသောအခါ စပါးအုံးမြွေကြီးသည် ထွက်ပြေးရန်ပင် အားမရှိတော့ပေ။ ယန်ရူယွီသည် ချင်းဖုန်းဓားကို အသုံးပြုပြီး ပါးစပ်မှတဆင့် ခန္ဓာကိုယ်ကို ထက်ပိုင်း ပိုင်းဖြတ်လိုက်ကာ နေရာမှာတင် သတ်ဖြတ်လိုက်၏။
“ဟူး... ငါလည်း တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်နိုင်ခဲ့ပြီ...”
ယန်ရူယွီ သက်ပြင်းချလိုက်ပြီး ခါးထောက်ကာ မောဟိုက်နေလေ၏။ သို့သော် သူမ၏ ‘အသက်ဝိညာဉ် ကိုယ်ခန္ဓာ’ ကြောင့် လျင်မြန်စွာ ပြန်လည် သက်သာလာပြီး မကြာမီ တစ်ကိုယ်လုံးတွင် စွမ်းအားများ ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ရသည်။
“ကဲ... ဂိုဏ်းပြန်ကြစို့...”
မိုယင်သည် လက်ချောင်းများကို ဓားအသွင် ပြုလုပ်လိုက်ပြီး ‘စီးဆင်းနေသော အလင်း ဓားချီ’ ဖြင့် ဖုံးလွှမ်းကာ မြူခိုးတောင်ထိပ်ဆီသို့ ဦးတည် ပျံသန်းသွားတော့၏။
...
ကျင့်ကြံရေးမျှော်စင်မှာ...၊
ကုန်းချင်းချိုး ပဉ္စမထပ်သို့ ရောက်ရှိလာသည်။
သူမ လက်ကို ဆန့်တန်းလိုက်ပြီး ရှေ့ရှိ ဂိတ်ပေါက်ကို ထိတွေ့လိုက်သည်။
“ခွမ်း..ခွမ်း”
ကြွေထည်ကွဲကြေသွားသော အသံတစ်သံ ထွက်ပေါ်လာပြီး ဂိတ်ပေါက်တွင် တောက်ပသော အလင်းရောင်များ ပေါ်လာ၏။
“စိတ်ရှုပ်ထွေးမှုများကို ကျော်လွှားနိုင်သည့်အတွက် ဂုဏ်ယူပါသည်... ဆဋ္ဌမထပ်သို့ ဆက်လက် တက်ရောက်နိုင်ပါပြီ...”
ရွှေရောင် စာတန်းများ ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ကုန်းချင်းချိုး ပျော်ရွှင်သွားသည်။
သူမသည် ဝက်အူရစ် လှေကားအတိုင်း ဆဋ္ဌမထပ်သို့ တက်ရောက်သွားပြီး ရှေ့တွင် ရတနာသေတ္တာ တစ်လုံးကို တွေ့လိုက်ရသည်။
ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဘာမှ မရှိပေ။
သို့သော် မကြာမီ မရေမတွက်နိုင်သော ဝိညာဉ်အလင်းစက်လေးများ ထွက်ပေါ်လာပြီး သေတ္တာထဲတွင် ရှေးဟောင်း စာအုပ်တစ်အုပ် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
“ဒါ ငါ့ရဲ့ အခွင့်အရေးလား...”
သူမ စာအုပ်ကို ကောက်ယူလိုက်ရာ မျက်နှာဖုံးတွင် ခေါင်းစဉ် မပါရှိဘဲ ဖွင့်ကြည့်လိုက်သောအခါ စာမျက်နှာ အားလုံး ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“စာလုံးမပါတဲ့ ကောင်းကင်ကျမ်းစာအုပ် ဟုတ်လား...”
ကုန်းချင်းချိုး နားမလည်နိုင်ဘဲ ခေါင်းကုတ်လိုက်မိသည်။ စာအုပ်ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး သတ္တမထပ်သို့ ဆက်လက် တက်လှမ်းသွားတော့၏။
သိမ်းဆည်းလိုက်သော စာအုပ်ပေါ်တွင် ရွှေရောင် စာလုံးများ ဝိုးတဝါး ပေါ်လာပြီး တဖြည်းဖြည်း တည်ငြိမ်သွားသည်ကို သူမ မသိရှိလိုက်ပေ။
နောက်တစ်ကြိမ် စာအုပ်ကို ထုတ်ကြည့်မှသာ ကုန်းချင်းချိုး အကြောင်းအရာများကို မြင်တွေ့ရပေလိမ့်မည်။
ကျင့်ကြံရေးမျှော်စင် သတ္တမထပ်...
ကုန်းချင်းချိုးသည် အနောက်ဘက်နားရှိ ထိုင်ခုံ တစ်လုံးကို ရွေးချယ်လိုက်သည်။
ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး နေဝင်ဆည်းဆာကို ငေးကြည့်ရင်း အဆုံးမဲ့သော အမှတ်တရများကြားတွင် ဈာန်ဝင်စားနေလေ၏။
ငယ်ရွယ်သော မိုယင်နှင့် မတူဘဲ အသက်ကြီးသော ကုန်းချင်းချိုးသည် အတိတ်က အကြောင်းအရာများကို ပြန်ပြောင်း တွေးတောရသည်ကို နှစ်သက်ပါ၏။
နေဝင်ချိန်တွင် သူမ၏ အစ်ကိုနှင့် ရေပေါ်ဖြူမြို့တော်မှ မရေမတွက်နိုင်သော လူများ၏ မျက်နှာများသည် ဖြတ်သန်းသွားသကဲ့သို့ ထင်ရသည်။
“ငြိမ်းချမ်းစွာ အနားယူကြပါ...” သူမ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“ရေပေါ်ဖြူမြို့တော်ရဲ့ အမွေအနှစ်ကို ကျွန်မ ဆက်လက် ထိန်းသိမ်းပြီး မြူခိုးဂိုဏ်းမှာ အေးချမ်းစွာ ကျင့်ကြံသွားပါ့မယ်... ရှင်တို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး...”
ထိုသို့ ကတိပြုပြီးနောက်၊ ကုန်းချင်းချိုး အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
ထိုအချိန်တွင် တောင် (၄) လုံး၏ ဝိညာဉ်သွေးကြောများမှ ဝိညာဉ်စွမ်းအင် အမြောက်အမြား ထွက်ပေါ်လာပြီး ကျင့်ကြံရေးမျှော်စင် အထက်တွင် ကြီးမားသော ဝဲကတော့ကြီး တစ်ခု အဖြစ် စုစည်းကာ ကုန်းချင်းချိုး၏ ဦးခေါင်းထိပ်ထဲသို့ စီးဝင်သွားတော့၏။
သူမ၏ ကျင့်ကြံဆင့် စတင် မြင့်တက်လာသည်။
တစ်နာရီ အတွင်းမှာပင် သူမသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သကဲ့သို့ ဖြစ်သွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့် အတားအဆီးကို လျင်မြန်စွာ ချိုးဖျက်ကာ ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။
“စွမ်းလိုက်တဲ့ အကျိုးသက်ရောက်မှု...” ကုန်းချင်းချိုး တအံ့တဩ ရေရွတ်မိပြီး စိတ်ဓာတ် တက်ကြွသွားရသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဤအဆင့်ချိုးဖြတ်မှု အတွေ့အကြုံသည် တစ်ကြိမ်သာ ရရှိနိုင်ခြင်း ဖြစ်ပါသည်။
ကျင့်ကြံရေးမျှော်စင် သတ္တမထပ်သို့ နောက်တစ်ကြိမ် လာလျှင်တောင် ပြတင်းပေါက်မှ ရှုခင်းများကို ကြည့်ရုံသာ တတ်နိုင်မည် ဖြစ်ပြီး ထိုကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိနိုင်တော့မည် မဟုတ်ပေ။
“ဂိုဏ်းထဲမှာ ဒီလို ရတနာမျိုး ရှိနေမှတော့... ကြယ်နှစ်ပွင့် သို့မဟုတ် ကြယ်သုံးပွင့် အဆင့် ရောက်ဖို့ ဆိုတာ ဘာပြဿနာမှ မရှိတော့ဘူး...”
ကုန်းချင်းချိုး ပိုမို ယုံကြည်မှု ရှိလာသည်။
*မြူခိုးတောင်ထိပ်၌၊ ...
“ဂိုဏ်းချုပ်... ကျွန်မတို့ ပြန်ရောက်ပါပြီ...”
မိုယင်၊ ကျားယွိလန်နှင့် ယန်ရူယွီတို့ ခရီးမှ ပြန်ရောက်လာကြသည်။
“ပြန်ရောက်လာတာ ကောင်းတယ်...” ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
" ဝေါ ...."
ထိုအချိန်တွင် တောင် (၄) လုံးမှ ဝိညာဉ်စွမ်းအင် အမြောက်အမြား ထွက်ပေါ်လာပြီး ကျင့်ကြံရေးမျှော်စင် သတ္တမထပ်သို့ စီးဝင်သွားသည်ကို အားလုံး သတိထားမိလိုက်ကြသည်။
ယဲ့ဖုန်း မတ်တတ်ရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကြည့်ရတာ အကြီးအကဲကုန်း ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီ ထင်တယ်... မင်းတို့လည်း ကြိုးစားပြီး ကျင့်ကြံကြဦး...”
“စိတ်မပူပါနဲ့ ဂိုဏ်းချုပ်... ကျွန်မတို့ရဲ့ အဟန့်အတားတွေ လျော့ရဲနေပါပြီ... အဆင့်ချိုးဖြတ်ဖို့အတွက် တံခါးပိတ် ကျင့်ကြံတော့မှာပါ...” ယန်ရူယွီနှင့် ကျားယွိလန်တို့ ပြိုင်တူ ပြောလိုက်ကြသည်။
“ကောင်းပြီ... သွားကြ...” ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
သူမတို့ (၃) ဦး ထွက်ခွာသွားပြီးနောက် ယဲ့ဖုန်း ပြန်ထိုင်လိုက်သည်။
ထိုအချိန်တွင် ကာလကြာရှည် ပျောက်ကွယ်နေသော စနစ်၏ တာဝန် အချက်ပေးသံ ထွက်ပေါ်လာသည်။
(တီ..တီ.. ဂိုဏ်းအတွင်း ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေကြောင်း တွေ့ရှိရတဲ့အတွက် ဘေးထွက် တာဝန် တစ်ခု စတင်ပါပြီ... ဂိုဏ်းချုပ်... ကျေးဇူးပြု၍ သင့်တာဝန်များကို စစ်ဆေးပါ…)
အခန်း (၃၄၅) ထူးဆန်းသော တာဝန်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ (၂) ဦး ထပ်မံ ပေါ်ထွက်လာခြင်း
~“ဘေးထွက် တာဝန် ဟုတ်လား... ဂိုဏ်းချုပ်ရဲ့ စတုတ္ထအဆင့် တာဝန် မဟုတ်ဘူးပေါ့...”
ယဲ့ဖုန်း အံ့သြသွားသည်။
‘ဂိုဏ်းချုပ်ရဲ့ စတုတ္ထအဆင့် တာဝန်က အလွယ်တကူ ပွင့်လာမယ့်ပုံ မပေါ်ဘူး... သတ်မှတ်ထားတဲ့ အခြေအနေ တစ်ခုခု ပြည့်မီမှ ပွင့်လာမယ့် ပုံပဲ...
ဒါဆို စောင့်နေရဦးမှာပေါ့...
ဒါပေမဲ့ တာဝန်မရှိရင်လည်း..ငါ.. ယဲ့ဖုန်းအတွက် အဆင်ပြေပါတယ်။’
ထိုသို့ တွေးတောရင်း ယဲ့ဖုန်းသည် ဘေးထွက် တာဝန်၏ အသေးစိတ် အချက်အလက်များကို ဖွင့်ကြည့်လိုက်ရာ တဖြည်းဖြည်းနှင့် မျက်နှာထား ထူးဆန်းလာ၏။
“သောက်ကျိုးနည်း... ဒီလို ထူးဆန်းတဲ့ တာဝန်မျိုး ရှိသေးတာလား...”
တာဝန် အသေးစိတ်ကို ဖတ်ပြီးနောက် ယဲ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
[ဘေးထွက် တာဝန် - ရုပ်ဖျက်ပြီး စိမ့်ဝင်ခြင်း]
[တာဝန် အသေးစိတ် - အမျိုးသမီး အသွင် ရုပ်ဖျက်ပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းထဲသို့ စိမ့်ဝင်ကာ နတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်ချက်များနှင့် ဂိုဏ်းချုပ်ဟောင်း၏ တည်နေရာကို စုံစမ်းဖော်ထုတ်ပါ။]
[တာဝန် အချိန်ကာလ - တစ်လ]
[တာဝန် ဆုလက်ဆောင် - အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး × ၁၀၊ ပဉ္စမအဆင့် သိုင်းနည်းစနစ် “မူလစွမ်းအင် ခဲခြင်း တံဆိပ်” ၊ အဆင့်မြင့် ဝိညာဉ်လက်နက် ‘ခရမ်းရောင် တိမ်တိုက် ရတနာဝတ်ရုံ’ × ၁]
“မိန်းမလို ဝတ်ရမယ် ဟုတ်လား...”
“စနစ်... မင်း ဘာတွေ စဉ်းစားနေတာလဲ...”
“ငါ ယဲ့ဖုန်း... သေရင်သေပါစေ... မိန်းမလိုတော့ မဝတ်နိုင်ပါဘူးကွာ...”
“ဟေ... ဆုလက်ဆောင်တွေက မဆိုးဘူးပဲ... အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး (၁၀) လုံးတောင် ပါတယ်... ပြီးတော့ ပဉ္စမအဆင့် သိုင်းနည်းစနစ် ‘မူလစွမ်းအင် ခဲခြင်း တံဆိပ်’ လည်း ပါသေးတယ်... ခရမ်းရောင် တိမ်တိုက် ရတနာဝတ်ရုံကတော့ အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်ပေမယ့် ငါနဲ့ မလိုက်ဖက်ပါဘူး...”
ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။
‘ဘေးထွက် တာဝန်ယူရတာ စိန်ခေါ်မှု များလွန်းတယ်။
စိမ့်ဝင်တာတော့ ဟုတ်ပါပြီ... ဘာလို့ မိန်းမလို ဝတ်စရာ လိုတာလဲ…’
သို့သော်၊ ဆုလက်ဆောင်တွေက လျစ်လျူရှုဖို့ ကောင်းလွန်းနေသည်…။
ယဲ့ဖုန်း တကယ် စိတ်လှုပ်ရှားသွားရတော့သည်။
အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံးနှင့် ပတ်သက်၍ကား ထွေထူး ပြောနေစရာပင် မလိုတော့။
ဒါက.. ဝိညာဉ် ပင်လယ်အဆင့် အဟန့်အတားကို ချိုးဖျက်ရာ၌ မရှိမဖြစ် လိုအပ်သကဲ့သို့၊ ထိုအဆင့်ရောက်ပြီးနောက် ကျင့်ကြံဆင့် မြှင့်တင်ရာတွင်လည်း အဓိက အားထားရမည့် ဆေးလုံးမျိုး ဖြစ်သည်။ ယဲ့ဖုန်း၏ လက်ထဲတွင်မူ ထိုဆေးလုံး အနည်းငယ် ရှိနှင့်ပြီးသား ဖြစ်သည်။
ပဉ္စမအဆင့် သိုင်းနည်းစနစ် တစ်ခု ။ဖြစ်သည့် 'မူလစွမ်းအင် ခဲခြင်း တံဆိပ်' မှာ 'စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်' အတွက် အထောက်အကူပြု မန္တန်တစ်ခုသာပင်။ ထိုနည်းစနစ်ကို ကျင့်ကြံထားမှသာလျှင် ဤမန္တန်ကို အသုံးပြုနိုင်မည့် ပုံပေါ်နေသည်။
'စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်' ဆိုသည်မှာ ကြယ်တစ်ပွင့် ဂိုဏ်းအဆင့်သို့ ရောက်ရှိချိန်တွင် ဂိုဏ်းမှ ချီးမြှင့်တတ်သော ဆုလာဘ်တစ်ခု ဖြစ်သည်။ အကယ်၍ အထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ပါက ချီစွမ်းအားကို နှစ်ဆ ခိုင်မာစေပြီး အဆင့်တက်လှမ်းရာတွင် ကြုံတွေ့ရမည့် အဟန့်အတားများကို ချိုးဖျက်နိုင်စွမ်းလည်း နှစ်ဆ တိုးပွားလာစေနိုင်သည်။
သို့သော် ဤအထောက်အကူပြု ကျင့်စဉ်မှာ ကျင့်ကြံရ အလွန် ခက်ခဲလှသည်။ ထို့ကြောင့်ပင် လက်ရှိ မြူခိုးဂိုဏ်း၌ ဤနည်းစနစ်ကို မည်သူမျှ မကျင့်ကြံနိုင်ကြသေးခြင်း ဖြစ်၏။
နောက်ဆုံး ကျန်ရှိနေသည့် အဆင့်မြင့် ဝိညာဉ်လက်နက် 'ခရမ်းရောင် တိမ်တိုက် ရတနာဝတ်ရုံ' ကိုမူ ယဲ့ဖုန်း သိပ်စိတ်မဝင်စားလှ။ သူ့အမြင်တွင် ထိုအရာသည် သာမန် ကာကွယ်ရေး ဝတ်ရုံတစ်ခုသာသာဟုသာ ရှုမြင်မိတော့သည်။
“ဆုလက်ဆောင်တွေက သိပ်ကောင်းတယ်... တကယ် လိုချင်တယ်... ဒါပေမဲ့ မိန်းမလို မဝတ်ချင်ရင် ဘယ်လိုလုပ်မလဲ...”
ယဲ့ဖုန်းသည် တောင်ထိပ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း တာဝန်ယူသင့် မယူသင့် စဉ်းစားနေမိသည်။
ထိုအချိန်တွင် ယန်ရူယွီနှင့် ကျားယွိလန်တို့သည် ဖျာများ ယူဆောင်လာပြီး မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စမ်းရေတွင်းဘေးတွင် တင်ပျဉ်ခွေထိုင်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းရန် ကြိုးစားနေကြသည်။
ဝိညာဉ်စမ်းရေတွင်းသည် မူလအဆင့် ဝိညာဉ်သွေးကြောပင်။
မြူခိုးဂိုဏ်း တစ်ခုလုံးတွင် ဝိညာဉ်စွမ်းအင် အထူထပ်ဆုံး နေရာဖြစ်သည့်အပြင်၊ သန့်စင်ခြင်း ကြာစိမ်း လည်း ရှိနေသဖြင့် ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးထားရာ အဆင့်ချိုးဖြတ်ရန် ပိုမို သင့်လျော်သော နေရာပင်တည်း။
“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်အောင် ကြိုးစားနေကြတာပဲ... ကောင်းတယ်...”
ယဲ့ဖုန်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သူသည် လေဓာတ် ဝိဉာဉ်ပုလဲ ကို ထုတ်ယူလိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကို ထုတ်လွှတ်ကာ မိန်းကလေး နှစ်ဦးကို အကာအကွယ်ပေးရန် အထူးအကာအကွယ် ဒိုင်းတစ်ခု ဖန်တီးပေးလိုက်သည်။ နှောင့်ယှက်မှုများကို တားဆီးရန် ဖြစ်၏။
ထို့နောက် သူ အတွေးနွံထဲသို့ ပြန်လည် နစ်မြုပ်သွားသည်။
“ထားလိုက်တော့... မဲနှိုက်ပြီး ဆုံးဖြတ်ကြတာပေါ့...”
ယဲ့ဖုန်းသည် စာရွက်နှစ်ရွက် ထုတ်ယူလိုက်သည်။ တစ်ရွက်ပေါ်တွင် “ရုပ်ဖျက်ပြီး တာဝန်ထမ်းဆောင်မည်” ဟု ရေးထားပြီး အခြားတစ်ရွက်ပေါ်တွင် “သေရင်သေပါစေ မိန်းမလို မဝတ်ဘူး” ဟု ရေးထားသည်။
ထို့နောက် သူ မဲနှိုက်လိုက်သည်။
ကံကောင်းစွာနှင့်.. “ရုပ်ဖျက်ပြီး တာဝန်ထမ်းဆောင်မည်” ဆိုသည့် စာရွက်ကို မဲပေါက်သွားပါသည်...။
“တိုက်ဆိုင်မှု ဖြစ်မှာပါ...”
ယဲ့ဖုန်း အလျင်အမြန် ထပ်နှိုက်လိုက်သည်။
သို့သော်…၊
(၉) ကြိမ် ဆက်တိုက် “ရုပ်ဖျက်ပြီး တာဝန်ထမ်းဆောင်မည်” ဆိုသောော စာရွက်ကိုပဲ မဲပေါက်နေတော့ ယဲ့ဖုန်း စိတ်ပေါက်ကွဲသွားပြီး စာရွက်နှစ်ရွက်စလုံးကို ဆွဲဖြဲပစ်လိုက်တော့၏။
“ထားလိုက်တော့... တာဝန် အချိန်ကာလက တစ်လတောင် ရှိသေးတာပဲ... အလောတကြီး လုပ်စရာ မလိုပါဘူး...”
ယဲ့ဖုန်း လက်လျှော့လိုက်သည်။
‘သာမန် သူလျှိုတာဝန် ဆိုရင် လက်ခံလို့ ရပေမယ့်... သောက်ကျိုးနည်း စနစ်က သူ့ကို မိန်းမလို ဝတ်ခိုင်းနေတာလေ...
တကယ်ကို နားမလည်နိုင်စရာပဲ...
ဘေးထွက် တာဝန်ကို ငြင်းပယ်လို့ ရပေမယ့် ဆုလက်ဆောင်တွေက သိပ်ကောင်းလွန်းနေတယ်…’
အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံးတွေ ထားလိုက်ဦး... ပဉ္စမအဆင့် မန္တန် ‘မူလစွမ်းအင် ခဲခြင်း တံဆိပ်’ တစ်ခုတည်းနှင့်တင် တန်ဖိုးရှိလှပြီ... စမ်းကြည့်သင့်သည် ထင်သည်။
...
မျက်စိတစ်မှိတ်အတွင်း နေ့တစ်ဝက် ကုန်ဆုံးသွားသည်။
ကျင့်ကြံရေးမျှော်စင် သတ္တမထပ်တွင်...
ကုန်းချင်းချိုး မျက်လုံးဖွင့်လိုက်၏။
သူမ၏ ကျင့်ကြံဆင့် အပြည့်အဝ ခိုင်မာသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရပြီး မမျှော်လင့်ဘဲ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရသည်။
“ဟို ချပ်ဝတ်နက် စစ်သည်တော်နဲ့ ပြန်တွေ့ရင် ငါ သူ့ကို သတ်နိုင်လောက်ပြီ...”
ကုန်းချင်းချိုး တီးတိုး ရေရွတ်လိုက်သည်။
ဒါက စိတ်ကြီးဝင်တာ မဟုတ်၊... သူမရဲ့ စွမ်းအားအစစ်အမှန်ကို ထင်ဟပ်ပြသနေခြင်းပင်။...
“ဟုတ်သားပဲ... ရွှေယန်မြို့တော် အပျက်အစီးတွေကို ဝယ်ယူဖို့အတွက် ခရိုင်ဘုရင်မြို့တော်ကို စောစောသွားမှ ဖြစ်မယ်... နောက်ကျသွားရင် တခြားသူ ဦးသွားလိမ့်မယ်...”
ကုန်းချင်းချိုးသည် ကျင့်ကြံရေးမျှော်စင်မှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
“ဂုဏ်ယူပါတယ် အကြီးအကဲ... အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီပဲ...”
တပည့်များသည် ကုန်းချင်းချိုးကို မြင်သောအခါ သူမ၏ အရှိန်အဝါ အဆများစွာ တိုးတက်လာသည်ကို သတိထားမိလိုက်ကြပြီး လေးစားသမှုဖြင့် နှုတ်ဆက်လိုက်ကြသည်။
“ယဉ်ကျေးနေစရာ မလိုပါဘူး... ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြပါ...”
ကုန်းချင်းချိုး ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး မြူခိုးတောင်ထိပ်သို့ ရောက်ရှိသွားတော့၏။
*
တောင်ထိပ်သို့ ရောက်သောအခါ သူမ ချက်ချင်း ဦးညွှတ်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်မ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့ပါပြီ... အခု ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်နေပါပြီ... အများကြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...”
ယဲ့ဖုန်းသာ ကျင့်ကြံရေးမျှော်စင်ကို မစီစဉ်ပေးခဲ့လျှင် သူမ ဒီနေ့လို အောင်မြင်မှုမျိုး ရရှိနိုင်မည် မဟုတ်ပေ။
“ခင်ဗျားက ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်လေ... ခင်ဗျား သန်မာလာရင် ဂိုဏ်းလည်း သန်မာလာမှာပေါ့...” ယဲ့ဖုန်း ပြုံးပြီး ပြောလိုက်သည်။
ကုန်းချင်းချိုး အဆင့်တက်သွားပြီးနောက် သူ၏ စွမ်းအားလည်း သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
ဒီအဆင့်မှာတော့ ရုပ်ခန္ဓာ ခွန်အား သက်သက်နဲ့တင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အတွင်းမှာ ပြိုင်ဘက်ကင်း သတ်ဖြတ်နိုင်နေပြီ ဖြစ်၏။
“ဂိုဏ်းချုပ်... ကျွန်မ ခရိုင်ဘုရင်မြို့တော်ကို သွားမယ်၊ ရွှေယန်မြို့တော် အပျက်အစီးတွေကို ဝယ်ယူပြီးတော့၊ ဝိညာဉ်ဆေးပင် ဥယျာဉ် အဖြစ် ပြောင်းလဲဖို့ ဆွေးနွေးပါတော့မယ်...”
ကုန်းချင်းချိုးက သူမ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
“အဲဒီကိစ္စကို အကြီးအကဲကုန်း ကိုယ်တိုင် စီမံခန့်ခွဲလိုက်ပါ... ဪ... ပြဿနာ တစ်စုံတစ်ရာ ရှိရင် ခန်းမသခင် လျူမင် ကို တိုက်ရိုက် သွားတွေ့လိုက်ပါ... သူက အထူး ထည့်သွင်းစဉ်းစားပေးပါလိမ့်မယ်...” ဟု ယဲ့ဖုန်းက ထပ်လောင်း ပြောကြားလိုက်သည်။
ကုန်းချင်းချိုး ခေါင်းညိတ်လိုက်သည်။
“ခန်းမသခင် လျူမင် လား... နားလည်ပါပြီ...”
လျူမင်နှင့် ယဲ့ဖုန်းတို့ ဆက်ဆံရေး ကောင်းမွန်ကြောင်း သူမ သိရှိထားပြီး သူတို့သည် ပူးပေါင်းဆောင်ရွက်နေကြသူများ ဖြစ်သည်။ ပြဿနာ ရှိလာပါက လျူမင်ကို သွားရောက် တွေ့ဆုံနိုင်မည်ဖြစ်၏။
“ဒါကိုလည်း ယူသွားလိုက်...”
ယဲ့ဖုန်းသည် အဆင့်မြင့် ပျံသန်းရေး ဝိညာဉ်လက်နက် ‘ဝိညာဉ်မြွေ ပျံသန်းလှေ’ကို ထုတ်ယူပြီး ကုန်းချင်းချိုးအား ပေးလိုက်သည်။
“ခရိုင်ဘုရင်မြို့တော်ကို သွားဖို့ ခရီးက မိုင်သောင်းချီ ဝေးတယ်... ဝိညာဉ်မြွေ ပျံသန်းလှေကို ခင်ဗျား သွားလာဖို့ ငှားလိုက်မယ်ဗျ... ပြန်ရောက်ရင် ပြန်ပေးပေါ့...”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...” ကုန်းချင်းချိုး ဝမ်းသာအားရ ပြောလိုက်သည်။
ဒါက အဆင့်မြင့် ဝိညာဉ်လက်နက်လေ... ဒါနှင့် ဆိုလျှင် သူမရဲ့ ခရီးစဉ်က ပိုပြီး လုံခြုံစိတ်ချရမှာ သေချာသည်။...
“ပြီးတော့... ဒါက အထောက်အကူပြု ကျင့်စဉ် ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ရဲ့ ပထမအဆင့်ပဲ... လမ်းမှာ ကျင့်ကြံကြည့်လိုက်ပါ... ဘယ်လောက် ထိရောက်လဲ သိရအောင်လို့...”
ယဲ့ဖုန်းသည် စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။
ကုန်းချင်းချိုးသည် ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ၏ မျက်နှာဖုံးကို ဖွင့်ကြည့်လိုက်၏။
“ပထမအဆင့်ကို အောင်မြင်ရင် မာနစွမ်းအား ခိုင်မာမှုကို သုံးပုံတစ်ပုံ တိုးမြှင့်ပေးပြီး နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ခြေကိုလည်း တိုးမြှင့်ပေးတယ် တဲ့...”
“ကောင်းလိုက်တဲ့ ကျင့်စဉ်...”
ကုန်းချင်းချိုး အကြီးအကျယ် အံ့သြသွားသည်။
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ် ရောက်နေသော်လည်း သတ္တမအဆင့်ကို ချိုးဖျက်နိုင်ခြေ မများလှပေ။
ယခု ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ကို ရရှိလိုက်သဖြင့် ရှေ့ဆက်ရမည့် လမ်းခရီး ပိုမို ချောမွေ့လာမည်ဟု ယုံကြည်လိုက်ပြီး သူမအား ဤကျင့်စဉ် ပေးအပ်ခဲ့သော ယဲ့ဖုန်းကို ပိုမို လေးစားသွားမိသည်။
မကြာမီ ကုန်းချင်းချိုး ထွက်ခွာသွားတော့၏။
သူမသည် ဝိညာဉ်မြွေ ပျံသန်းလှေပေါ်တွင် ထိုင်လျက် ခရိုင်ဘုရင်မြို့တော်ဆီသို့ ပျံသန်းရင်း ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ပထမအဆင့်ကို လေ့လာဆင်ခြင်နေလေ၏။
ညကောင်းကင်ယံ အောက်တွင်...
ကုန်းချင်းချိုးသည် နောက်ဆုံးတွင် သူမ၏ ဦးတည်ရာသို့ ရောက်ရှိသွားတော့၏။
ဂိုဏ်းချုပ်ခန်းမဆောင်...
“ဪ... မြူခိုးဂိုဏ်းက အကြီးအကဲကုန်းပါလား... ဘေးကင်းပါစေဗျာ...” ဂိုဏ်းချုပ်ခန်းမဆောင်မှ မဟာအကြီးအကဲ မိုဝမ် သည် ကုန်းချင်းချိုးကို မြင်သည်နှင့် နှုတ်ဆက်လိုက်သည်။
“အကြီးအကဲမို...” ကုန်းချင်းချိုး ခေါင်းညိတ်လိုက်ပြီး ရွှေယန်မြို့တော် အပျက်အစီး နယ်မြေကို ဝယ်ယူလိုကြောင်း ပြောပြလိုက်သည်။
“တိုက်ဆိုင်လိုက်တာဗျာ... အဲဒီကိစ္စက အရင်တုန်းက မြို့စားမင်း အိမ်တော်ရဲ့ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်မှာ ရှိခဲ့ပေမယ့်... မကြာသေးမီကမှ ဂိုဏ်းချုပ်ခန်းမဆောင်ရဲ့ အတွင်းပိုင်း စီမံခန့်ခွဲမှုအောက်ကို ရောက်လာတာ... ပြီးတော့ ကျုပ်က အဲဒါကို တာဝန်ယူထားရတဲ့သူ ဖြစ်နေတယ်...” မိုဝမ်က ပြုံးပြီး မုတ်ဆိတ်မွေးကို သပ်ကာ ရှင်းပြ၏။
“ဒါဆို အများကြီး လွယ်ကူသွားပြီပေါ့...” ကုန်းချင်းချိုး ဝမ်းသာသွားသည်။
သို့ရာတွင်၊ မိုဝမ်က အကြံအိုက်စွာ ပြောလာသည်။
“ဒါပေမဲ့ အခုက ညဉ့်နက်နေပြီ... ပြီးတော့ ခန်းမသခင်က မြို့ထဲမှာ မရှိဘူး... ရတနာတံဆိပ်တုံးက သူနဲ့ ပါသွားတယ်... ကျုပ်က စာရွက်စာတမ်းတွေနဲ့ ပိုင်ဆိုင်မှု စာချုပ်တွေကို လုပ်ပေးနိုင်ပေမယ့် တံဆိပ်တုံး မပါရင် ယာယီ အသက်မဝင်နိုင်သေးဘူး...”
“ဒါဆို ကျွန်မ ရက်နည်းနည်းလောက် စောင့်လိုက်ပါ့မယ်...” ကုန်းချင်းချိုး ပြန်ဖြေလိုက်သည်။
ဒီအခွင့်အရေးကို အသုံးပြုပြီး ခရိုင်ဘုရင်မြို့တော်ကို လှည့်ပတ်ကြည့်ရှုကာ ဒေသန္တရ အုပ်ချုပ်ရေး အကြောင်း လေ့လာပြီး ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ပထမအဆင့်ကို ဆက်လက် လေ့လာနိုင်မည်ဖြစ်၏။
...
*
မြူခိုးတောင်ထိပ်ဝယ်မူ…၊
တစ်ညလုံး ကြိုးစား ကျင့်ကြံပြီးနောက် ကျားယွိလန်နှင့် ယန်ရူယွီတို့သည် နောက်ဆုံးတွင် အဟန့်အတားများကို ချိုးဖျက်နိုင်ခဲ့ကြသည်။ ဝိညာဉ်အာရုံ တစ်ခုသည် သူမတို့၏ နဖူးအလယ်တွင် စုစည်းလာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ တစ်ဟုန်ထိုး တွန်းပို့ပေးလာ၏။
"ဝှီး...."
ဝိညာဉ်စွမ်းအင် အမြောက်အမြား ဝင်ရောက်လာပြီး သူမတို့အား ကောင်းချီးပေးကာ သန့်စင်သော အစစ်အမှန်ယွမ် အဖြစ် ပြောင်းလဲသွားပြီး အရှိန်အဝါများ ပိုမို ပြင်းထန်လာ၏။
“ငါတို့ လုပ်နိုင်ခဲ့ပြီ...”
ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယဲ့ဖုန်းသည်လည်း မတ်မတ် ပြင်ထိုင်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။