← Chapters

ရေနက်ပိုင်း နဂါးအရိပ် ( ၂ )

Vol. 10 Ch. 141

ရေနက်ပိုင်း နဂါးအရိပ် ( ၂ )

Vol. 10 Ch. 141

တတိယမြောက်နေ့ မွန်းလွဲပိုင်း၌ ရွှီချင်း၏ မှော်လှေနှင့် ဖီးနစ်လှေတို့ ပင်လယ်ပြင်ပေါ် သွားနေကြစဉ် ဝေဟင်ပြင်မှ တဂီးဂီး အော်မြည်သံ လွင့်ပျံလာသည်။

မှော်လှေပေါ် ကျင့်ကြံနေသော ရွှီချင်း၏မျက်လုံးများ ပွင့်လာပြီး ဝေဟင်၌ တဝဲလည်လည် ပျံသန်းနေသော ငှက်ကြီးဝံပိုတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်း၏ကြီးမားတောင့်တင်းသော အတောင်ပံများက ပေနှစ်ဆယ်ကျော်ရှည်ပြီး အစိမ်းရောင်ခန္ဓာကိုယ်ပေါ်တွင် အစက်အပျောက်အနည်းငယ် ရှိသည်။ မျက်စိပသာဒဖြစ်စေနိုင်သည့်အချက်မှာ ဧရာမသံပြုတ်တူကြီးနှစ်ချောင်းအသွင် ရှိနေသည့် အံ့အားသင့်ဖွယ် နှုတ်သီးကြီး ဖြစ်သည်။ ထိုနှုတ်သီးကြီး၏ ကိုက်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းနေမည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။

ထိုအချိန်၌ ပင်လယ်ပြင်သည် ဧရာမအနက်ရောင်မှန်ကြီးတစ်ချပ်အလား ငြိမ်သက်နေပြီး ရံဖန်ရံခါ ပင်လယ်ငှက်များလည်း ပေါ်လာတတ်သည်။

ငှက်ကြီးဝံပိုသည်လည်း ထိုပေါ်လာတတ်သော ပင်လယ်ငှက်များအန် တစ်ကောင်ဖြစ်သည်။ မိုးကုတ်စက်ဝိုင်းအောက်တွင် အနက်ရောင်အစက်အပျောက်များစွာကို မြင်နေရပြီး ၎င်းတို့သည် မွန်းလွဲချိန်၌ အစာရှာထွက်ကြသော ပင်လယ်ငှက်များ ဖြစ်ကြသည်။

ဝေဟင်တွင် ပျံဝဲနေသော ငှက်ကြီးဝံပိုသည် ၎င်း၏အစာက ရွှီချင်းတို့တစ်သိုက်ဖြစ်သည့်အလား ထိုးဆင်းလာသည်။ သို့သော်လည်း အန္တရာယ်ကို အာရုံခံမိလိုက်သည့်အလား အကြိမ်ရေအနည်းငယ် ကွေ့ပတ်ပျံသန်းပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။

ရွှီချင်းက ကောင်းကင်ရှိ ငှက်ကြီးဝံပိုကို မော့ကြည့်လိုက်ပြီးနောက် ငြိမ်သက်နေသော ပင်လယ်ပြင်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ စူးရှသောအလင်းတစ်ချက် ဝင်းလက်သွားပါသော်လည်း သူ ဘာမှမလုပ်ချေ။

သို့သော်လည်း ဖီးနစ်လှေကြီးပေါ်ရှိ ကျောက်ကျုံးဟန်၏ မျက်လုံးများထဲတွင် ဝမ်းသာသည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက ပြုံး၍ ကောင်းကင်ပေါ်ရှိ မြင်ကွင်းကို အာရုံစိုက်နေသော ဂိုဏ်းတူအစ်မတင်းကို ပြောလိုက်သည်။

“ ဂိုဏ်းတူအစ်မတင်း၊ ပင်လယ်မှတ်တမ်းထဲမှာ အဲဒီငှက်ကြီးဝံပိုအကြောင်းကို ဖော်ပြထားတယ်။ အဲဒီငှက်အသားက အတော်လေး အရသာရှိတယ်တဲ့။ ကျနော် အဲဒီငှက်ကို ဖမ်းပြီး နေ့လယ်စာ စားကြမယ်လေ ”

“ မောင်လေးရွှီ၊ ငှက်ကြီးဝံပိုအသားကို စားချင်လား ”

ဂိုဏ်းတူအစ်မတင်းက ကောင်းကင်ရှိ ငှက်ကြီးဝံပိုကိုကြည့်၍ ရွှီချင်းကို ချိုသာစွာ ပြုံးပြကာ မေးလိုက်သည်။

ရွှီချင်းက ဂိုဏ်းတူအစ်မတင်းကို အတော်လေး လေးစားသည်။ တစ်ဖက်လူ၏ စိတ်အားထက်သန်သော အပြုအမူများက အတိတ်က သူ့ကိုယ်သူ ပြန်တွေးမိသွားစေသည်။ သူမက မေးခွန်းများစွာ မေးခဲ့သော်လည်း သူ့ကို အခကြေးငွေ များစွာ ပေးခဲ့သည် မဟုတ်ပါလား။ သူမ ပေးခဲ့သည့် တန်ဖိုးက ဝိညာဉ်ကျောက်တုံးနှစ်ရာနီးပါး ရှိနေပြီဖြစ်သည်။

တချိန်တည်းမှာပင် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီးနောက် သတ္တမမြောက်တောင်ထိပ်၏ အဓိကဂိုဏ်းသားနှစ်ယောက်အကြောင်းကို သူ ကောင်းကောင်း သိလာခဲ့သည်။ သို့သော်လည်း ထိုနှစ်ယောက်ကို ကြည့်၍ အဓိကဂိုဏ်းသားအားလုံး သူတို့ကဲ့သို့ ဖြစ်နေမည်ဟု သူ တထစ်ချ မှတ်ယူထားမည် မဟုတ်ပေ။

အဓိကဂိုဏ်းသားများသည်လည်း လူသားများ မဟုတ်ပါလား။ လူသားတစ်ယောက်ဖြစ်နေသရွေ့ တူညီသောပင်ကိုယ်စရိုက် ရှိနေကြမည် မဟုတ်ပေ။ တချို့လူများက လိမ္မာပါးနပ်ကြပြီး တချို့က အသိဉာဏ်ကင်းမဲ့ကာ တချို့က သတိကြီးကြပြီး တချို့က အလျင်စလို ပြုမူတတ်ကြသည်။

အဓိကဂိုဏ်းသားများထဲတွင် ရိုးသားဖြူစင်သည့်လူအနည်းအကျဉ်း ရှိပါသော်လည်း တောင်ခြေရှိ ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်မှ ပြောင်းရွှေ့သွားသည့် မီးခိုးရောင်ဝတ်ရုံဝတ်ဂိုဏ်းသားများကဲ့သို့ သွေးဆာသောအငွေ့အသက်များရှိနေသည့်လူများလည်း သေချာပေါက် ရှိနေပေမည်။ ရွှီချင်းက အဓိကဂိုဏ်းသားအနည်းငယ်ကိုသာ တွေ့ဆုံခဲ့ရသည့်အတွက်ကြောင့် ထိုကဲ့သို့အဓိကဂိုဏ်းသားမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ကျောက်ကျုံးဟန်က ဆိုးဆိုးဝါးဝါး မဟုတ်ဘဲ ဉာဏ်နည်းခြင်းသာ ဖြစ်သည်။ ခေါင်းဆောင် ပြောသကဲ့သို့ သူက ဆန်ကုန်မြေလေးတစ်ယောက်သာ ဖြစ်သည်။

ဂိုဏ်းတူအစ်မတင်းက နုံအသူတစ်ယောက်တော့ မဟုတ်ပေ။ သူမက ကောင်းစွာ ကာကွယ်ပေးခံရသူဖြစ်ပြီး ဤရက်စက်ကြမ်းတမ်းသော လောကကြီးနှင့် မလိုက်ဖက်ပေ။ သို့သော်လည်း ထိုသည်ပင် ဂိုဏ်းတူအစ်မတင်း၏ နောက်ခံအင်အားက မည်မျှတောင့်တင်းသည်ကို ဖော်ပြနေသည်။

ကျောက်ကျုံးဟန်၏ သဘောထားကို ကြည့်၍လည်း ထိုအချက်ကို သက်သေပြုနိုင်သည်။

အထူးသဖြင့် တစ္ဆေတစ်ရာညဉ့်ပျော်ပွဲအတွင်း သူမ၏လက်က သိုလှောင်အိတ်ပေါ် ရောက်နေခဲ့သည်ကို သူ တွေးမိသောအခါတွင် ဖြစ်သည်။ သူမ၌ ကြောက်ခမန်းလိလိ သက်စောင့်နည်းလမ်း အများအပြား ရှိနေရမည်ဖြစ်ပြီး ထိုအတွက်ကြောင့်သာ သူမ၏အကြီးအကဲများက သူမကို ပင်လယ်ပြင်သို့ တစ်ယောက်တည်း စိတ်အေးလက်အေးဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်မည်ကို သူ တထစ်ချ ပြောနိုင်သည်။

ထို့ကြောင့် ရွှီချင်းက သူမကို သတိပေးလိုက်သည်။

“ ပင်လယ်ပြင်က ငြိမ်လွန်းနေတယ်။ တစ်ခုခု မှားနေတာပဲ ဖြစ်မယ် ”

“ သွေးကြောင်တဲ့ကောင် ”

ကျောက်ကျုံးဟန်က နှာမှုတ်လိုက်သည်။ သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ငှက်ကြီးဝံပိုကို ဖမ်းရန် မန္တန်စီရင်လိုက်သည်။

ထွက်ခွာရန် စိုင်းပြင်နေသော ငှက်ကြီးဝံပိုသည် ကျောက်ကျုံးဟန်၏ ရည်ရွယ်ချက်ကို အာရုံခံမိသွားဟန်တူပြီး ၎င်း၏ရန်လိုသောစရိုက်ပေါ်လာကာ ဝေဟင်တွင် ရပ်သွားသည်။ ၎င်းက လေထဲတွင် စက်ဝိုင်းပုံလှည့်ပတ်ပျံသန်းပြီးနောက် မှော်လှေများဆီသို့ ကြယ်ကြွေသည့်အလား ရုတ်ခြည်း ထိုးဆင်လာသည်။

၎င်း လေဟုန်ခွင်း၍ သွားနေရာမှ တရွှီရွှီမြည်သံများပင် ထွက်ပေါ်နေသည်။

“ ကောင်းတယ် ”

ကျောက်ကျုံးဟန်က တဟားဟား အော်ဟစ်ရယ်မောလိုက်ပြီး လှစ်ခနဲ လှုပ်ရှားကာ တိုက်ခိုက်ရန် လှေပေါ်မှ ခုန်တက်သွားသည်။

ရွှီချင်းမှာ သတိထားနေပြီး မှော်လှေနောက်ရှိ ပင်လယ်ရေပြင်ကို ကြည့်လိုက်သည်။ ငှက်ကြီးဝံပိုချဉ်းကပ်လာသည်နှင့် ပင်လယ်ရေပြင်မှ မီတာရာချီပတ်လည်တွင် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။

ပင်လယ်အောက်ခြေမှ သတ္တဝါတစ်ကောင်ကောင် အလျဉ်အမြန် ချဉ်းကပ်လာနေသည့်အလားပင်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလ်သွားကာ မန္တန်လက်ကွက်များ ဖော်လိုက်သည်။ လျှပ်တစ်ပြက်အတွင်း သူ၏မှော်လှေက ခုခံကာကွယ်သည့်ပုံစံ ပြောင်းလဲသွားသည်။

ထိုခုခံကာကွယ်သည့်ပုံစံ ပြောင်းသွားချိန်မှာပင် သူသည် ဝေလနဂါး၏မျက်လုံးများမှတစ်ဆင့် မှော်လှေနောက်မှ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကူးခတ်လာနေသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ၎င်းက ပင်လယ်ကြမ်းခင်းမှနေ၍ ပင်လယ်ရေမျက်နှာပြင်ကို ထိုးဖောက်သွားသည်။

ဝုန်း …

မီတာရာချီပတ်လည်ရှိ ပင်လယ်ရေမျက်နှာပြင်တစ်ဝိုက် ဝုန်းခနဲ ပေါက်ကွဲသွားသည်။

မည်းနက်တောက်ပြောင်ကာ အကြေးခွံများ ဖုံးလွှမ်းနေသည့် မိကျောင်းလိုလို နဂါးလိုလို ဧရာမခေါင်းကြီးတစ်လုံး ရက်စက်ကြမ်းကြုတ်စွာဖြင့် ပင်လယ်ထဲမှ ဖောက်ထွက်လာသည်။

ဘေးပတ်ဝန်းကျင်သို့ ငါးညှီနံ့များ ချက်ချင်း ပျံ့သွားပြီး တဝုန်းဝုန်းလှိုင်းထန်သွားသည်။ ၎င်းက ပါးစပ်ကြီးကို ဟ၍ တိုးဝင်လာနေသော ငှက်ကြီးဝံပိုကို တစ်ခါတည်း ဝါးမျိုလိုက်သည်။

ငှက်ကြီးဝံပိုက အလွန် ကြီးမားပါသော်လည်း ထိုသတ္တဝါကြီး၏ ပါးစပ်နှင့် ယှဉ်ပါက မုန့်လေးတစ်ခုစာသာ ရှိသည်။ ၎င်းက ငှက်ကြီးဝံပိုကို ဝါးမျိုပြီးနောက် ပင်လယ်ပြင်ထဲ ဝုန်းခနဲ ပြန်လည်ဆင်းသက်သွားသည်။

ရေလှိုင်းများက ဝေဟင်သို့ ထိုးတက်သွားပြီး အဖက်ဖက်သု့ိ ပျံ့နှံ့သွားရာ ရွှီချင်း၏လှေကလေးနှင့် ကျောက်ကျုံးဟန်၏ ဖီးနစ်လှေတို့မှာ ပင်လယ်ပြင်ပေါ်ရှိ သစ်ရွက်ကလေးများအလား ရှေ့နောက်ယိမ်းထိုးနေသည်။ သို့သော်လည်း ရွှီချင်း၏လှေက အလိုက်သင့်ယိမ်းနေခြင်းဖြစ်ပြီး ဖီးနစ်လှေက ထိန်းချုပ်မှု ကင်းမဲ့လုနီးပါး ဖြစ်နေသည်။

ကျောက်ကျုံးဟန်မှာ ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားပြီး ထိတ်လန့်ကြောက်ရွံ့သည့်အမူအရာများ ပေါ်လွင်နေသည်။

ထိုအချိန်၌ သူသည် လေထဲတွင် ရှိနေဆဲဖြစ်ပြီး ကံကောင်းထောက်မ၍ သူ၏အမြန်နှုန်းက အလွန် မြန်ဆန်မသွားခဲ့ပေ။ ထိုသို့မဟုတ်ဘဲ ငှက်ကြီးဝံပိုအနားသို့ နီးကပ်နေခဲ့မည်ဆိုလျှင် ဝါးမျိုခံလိုက်ရမည့်သူက ငှက်ကြီးဝံပိုတစ်ကောင်တည်း ဖြစ်နေမည် မဟုတ်ပေ။

သေမင်းနှုတ်ခမ်းဝသို့ ရောက်သွားသည့်ခံစားချက်ကြောင့် ပင်လယ်ရေများ သူ့ကိုယ်ပေါ် လာစိုနေသည်ကို သူ မဟန့်တားနိုင်တော့ပေ။ သူ့မျက်နှာ သွေးဆုတ်ဖြူရော်နေလျက် ဖီးနစ်လှေကြီးပေါ် အလျင်အမြန် ကျသွားသည်။ သူ့ခြေထောက်က လှေကုန်းပတ်ပေါ် ရောက်သွားပြီ ဖြစ်သည့်တိုင်အောင် သူ တုန်ရီနေဆဲပင်။

သူသာ နှေးကွေးစွာ နောက်ဆုတ်နေခဲ့ပါက ထိုကြောက်မက်ဖွယ်ပါးစပ်ကြီး ထပ်မံထွက်ပေါ်လာမည်ကို သူ ထိတ်လန့်နေသည့်အလားပင်။

သို့သော်လည်း သတ္တမမြောက်တောင်ထိပ်၏ ဂိုဏ်းသားတစ်ယောက်ဖြစ်၍ သူ၏ကျင့်သားရနေသော အရည်အချင်းများကြောင့် မှော်လှေကလေးကို မသိလိုက်မသိဘာသာ ထိန်းချုပ်လိုက်ပြီး တဖြည်းဖြည်းနှင့် လှေကလေး ငြိမ်သက်သွားသည်။

“ ဒါကြီးက ရှဲကျင်းလုံပဲ။ ဂိုဏ်းတူအစ်မတင်း၊ ဒီကို မြန်မြန်လာ၊ ကျနော်တို့ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားမှရမယ် ”

လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေစဉ် ယိမ်းခါနေသော ဖီးနစ်လှေကြီးပေါ် မတ်တတ်ရပ်နေသည့် ကျောက်ကျုံးဟန်က မှော်လှေကို ထိန်းချုပ်နေရင်း အလျဉ်စလို ပြောသည်။

“ နင့်ပါးစပ် ပိတ်ထား။ နင်သာ ဉာဏ်တုံးမနေဘဲ ငှက်ကြီးဝံပိုကို မဖမ်းခဲ့ရင် အဲဒီရှဲကျင်းလုံ ထွက်သွားလောက်ပြီ။ နင် ဘာလို့ တိုက်ခိုက်ရတာတုံး။ ပင်လယ်မှတ်တမ်းထဲမှာ ငှက်ကြီးဝံပိုက ရှဲကျင်းလုံရဲ့ အကြိုက်ဆုံးအစာလို့ ပြောထားတယ်လေ။ နင်သာ မဆင်မခြင် မလုပ်ရင် အဲဒီရှဲကျင်းလုံ သေချာပေါက် ထွက်သွားပြီ ”

ဂိုဏ်းတူူအစ်မတင်း၏မျက်နှာက ရှုံ့မဲ့နေသည်။ ရှဲကျင်းလုံများက တားမြစ်ပင်လယ်ထဲရှိ သတ္တဝါများအနက် အစွမ်းထက်ဆုံး မဟုတ်ပါသော်လည်း ဓာတ်နှောပမာဏ သိပ်သည်းထူထပ်နေသော ပင်လယ်ပြင်တွင် ရှင်သန်နေထိုင်နိုင်သည်မှာ ၎င်းတို့ မည်မျှ ရက်စက်ကြမ်းတမ်းသည်ကို ဖော်ပြနေသည်။ ထို့ပြင် ရှဲကျင်းလုံတို့၏ ခွန်အားကို ကျင့်ကြံခြင်းအဆင့်အားကြည့်၍ မဆုံးဖြတ်နိုင်ချေ။

၎င်းတို့၏ ခန္ဓာကိုယ်ကြီးကြောင့် တိုက်ရည်ခိုက်ရည်သာ သိသိသာသာ ကွာခြားမနေခဲ့လျှင် ၎င်းတို့ အနိုင်ရသွားရန် အခွင့်အရေးများသည်။

ကျောက်ကျုံးဟန်က ပြန်လည်ချေပချင်ပါသော်လည်း တစ်ခွန်းမှ မပြောနိုင်ဘဲ ခါးသက်သက်သာ ခွန်းတုန့်ပြန်လိုက်သည်။

“ ခဏလောက်နေရင် အဲဒီအကောင် ထွက်သွားလောက်မှာပါ ”

ဂိုဏ်းတူအစ်မတင်းက ကျောက်ကျုံးဟန်ထက် အဆပေါင်းများစွာ ပါရမီသာလွန်သည်။ ထိုအချိန်၌ သူမ၏ခံစားချက်များ ယောက်ယက်ခတ်နေပါသော်လည်း သူမသည် ကျင့်ကြံခြင်းအစွမ်းများကို လှည့်ပတ်လိုက်ပြီး အစိမ်းရောင်ဓားရှည်တစ်လက်ကို ထုတ်ထားသည်။

တစ်ဆက်တည်း ညာလက်ကို သိုလှောင်အိတ်ပေါ်တင်၍ ဝှက်ဖဲကို အချိန်မရွေး ထုတ်သုံးရန် အသင့်ပြင်ထားသည်။ ထို့နောက် ပင်လယ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

သူတို့နှစ်ယောက်နှင့်ယှဉ်လျှင် ရွှီချင်းက များစွာ တည်ငြိမ်သည်။ အစောပိုင်းကတည်းက ပင်လယ်ပြင်က တစ်ခုခုမူမမှန်သည်ကို သူ သတိထားမိခဲ့ပြီး သူ၏မှော်လှေကို ခုခံကာကွယ်ရေးပုံစံ ပြင်ထားခဲ့သည်။

ပင်လယ်လှိုင်းကြီးများက ဧရာမလူ့ဘီလူးကြီး၏ လက်များအလား ရွှီချင်း၏လှေကို အညှာအတာမဲ့စွာ ရိုက်ခတ်၍ လှိုင်းလုံးများအောက် သွတ်သွင်းလေသည်။

သို့သော်လည်း မှော်လှေက အလွန် တည်ငြိမ်နေသည်ဖြစ်၍ ထိန်းချုပ်မှုကင်းမဲ့သွားခြင်းမရှိဘဲ လှိုင်းလုံးများ၏ အကူအညီကိုယူ၍ အလိုက်သင့်ဆုတ်ခွာသွားသည်။

သူ တည်ငြိမ်နေသည့်အတွက်ကြောင့် ဂိုဏ်းတူအစ်မတင်း၏ ခံစားချက်များသည်လည်း ပြန်လည်တည်ငြိမ်လာခဲ့ပြီး သူမ၏အကြည့်က တဖြည်းဖြည်း စူးရှပြတ်သားလာသည်။

“ အဲဒီအကောင်ကြီး ထွက်မသွားသေးဘူး ”

ရွှီချင်းက တဖိတ်ဖိတ်လက်နေသော မျက်ဝန်းများဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

https://mmxianxia.com/wp-content/uploads/2023/01/file-20220119-10207-1sdvk8v-300x206.jpg

ဘာသာပြန်သူမှတ်စု။ ရှဲကျင်းလုံ ရဲ့ပုံကို ဖော်ပြပေးလိုက်ရပါတယ်။ ဒိုင်နိုဆောအနွယ်ဝင်သတ္တဝါတစ်မျိုးပါပဲ။ ရေထဲမှာ နေပါတယ်။ အင်္ဂလိပ်လိုတော့ " ပလီဆီယိုဆော " လို့ခေါ်ပါတယ်။( plesiosaur )

All Chapters