အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
အခန်း (၂၄၁)- ခေါက်သိမ်းခြင်း (၃)
"ဒီကိစ္စကတော့..."
ယန်ရှောင်ယွင် ပြောစရာ စကားမဲ့သွားရှာသည်။
ဆုမို၏ အဖေ ဆုံးပါးသွားကတည်းက ယန်ရီဇီ ၏ စိတ်နေသဘောထားသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အခု လီစစ်ယွင် ရဲ့ ကိစ္စပါ ထပ်ပေါင်းလိုက်တော့... နောက်ကွယ်က ပူပန်စရာတွေက တကယ့်ကို စိတ်မသက်မသာ ဖြစ်စေ၏။
သို့သော်၊ ဒီလူတွေက သူနှင့် ဆုမိုကို ဘာမှ ရှင်းပြမှာ မဟုတ်ဘူး ဆိုတာ သိသာနေသည်။
ဒါကြောင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဆုမိုက မတ်တပ်ရပ်လိုက်၏။
"ထားလိုက်ပါတော့... ကျောက်လုံအသင်း ကိစ္စတွေလည်း ပြီးပြီဆိုတော့ ကျွန်တော်တို့ ခရီးဆက်ရမယ်"
"အားလုံး ဦးလေးယန် နဲ့ တွေ့မှ ဆွေးနွေးကြတာပေါ့"
"ကောင်းပြီလေ"
စကားပြောရင်း ဆုမိုသည် လီစစ်ယွင်၏ အလောင်းကို ရှာဖွေကြည့်လိုက်၏။ သို့သော် ထူးခြားတာ ဘာမှ မတွေ့ရပေ။
ငွေစအနည်းငယ် တွေ့သော်လည်း မယူဘဲ ပြန်ထည့်ပေးလိုက်၏။
ထို့နောက် အလောင်းကို ပွေ့ချီကာ တံခါးပေါက်မှ ထွက်ခွာလာခဲ့သည်။
အပြင်ဘက်တွင် ကျောက်လုံ ရေသူခိုးများ အဝေးကနေ စောင့်ဆိုင်းနေကြ၏။ ဆုမိုနှင့် ယန်ရှောင်ယွင် ထွက်လာသည်ကို မြင်သောအခါ အပြေးအလွှား ရောက်ရှိလာကြသည်။
"ခေါင်းဆောင်ဆု... ဒုတိယခေါင်းဆောင်လေး... သခင်ကြီးနဲ့ တခြားလူတွေ ခန်းမဆောင်ထဲမှာ စောင့်နေကြပါတယ်... ဒီအလောင်းက..."
သူ လီစစ်ယွင်၏ အလောင်းကို ကြည့်လိုက်၏။
ဆုမို ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ညီလေးကို ဒုက္ခပေးရတော့မယ်... ဒီလူရဲ့ အလောင်းကို သေချာ ဂရုစိုက်ပေးပါ... ပြီးတော့ အတွင်းခန်းထဲမှာ မြွေစိမ်း ခေါင်းဆောင်ရဲ့ အလောင်းလည်း ရှိသေးတယ်၊ အဲဒါကိုပါ ရှင်းလင်းပေးပါဦး... ဒါပေမယ့် သတိထားနော်၊ မြွေစိမ်း ခေါင်းဆောင်ရဲ့ အလောင်းမှာ အဆိပ်တွေ ရှိနေနိုင်တယ်"
"ဟုတ်ကဲ့... သတိပေးတာ ကျေးဇူးပါ ခေါင်းဆောင်ဆု"
ဒီရေသူခိုးလေးက တော်တော် ပါးနပ်သည်။ ဆုမိုက လက်ထဲက အလောင်းကို အလေးအနက်ထားတာ မြင်တော့ သတိကြီးစွာဖြင့် လက်ခံယူလိုက်၏။
မြွေစိမ်း ခေါင်းဆောင်ရဲ့ အလောင်းကိုကျတော့ တခြားလူတွေကို သွားဆွဲခိုင်းလိုက်၏။ သိပ်ပြီး ညှာတာနေစရာ မလိုဘူးလေ။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။
လူစုံတက်စုံ ရောက်ရှိနေကြပြီး ပန်ထျန်းခွမ် အပါအဝင် ဘုန်းကြီးအချို့လည်း ရှိနေကြသည်။
သူတို့သည် ဆုမိုကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူတို့ကြားမှာ ရန်ငြိုးရန်စ ရှိခဲ့တာကို မှတ်မိနေသည်လေ။
ဆုမို ပြုံးပြလိုက်ပြီး လက်နှစ်ဖက် ဆုပ်ကိုင်ကာ ဦးညွှတ်လိုက်၏။
"တောင်းပန်ပါတယ်ဗျာ... ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှင်းနေရလို့ပါ... စောင့်ခိုင်းမိတာ ခွင့်လွှတ်ပါ"
"ခေါင်းဆောင်ဆု ကလည်း... ယဉ်ကျေးလွန်းနေပါပြီ"
"ဟုတ်တယ်... ခေါင်းဆောင်ဆု က ကျုပ်တို့ အသက်သခင် ကျေးဇူးရှင်ပါဗျာ... ခေါင်းပြတ်ခံရမယ် ဆိုရင်တောင် မင်းအတွက်ဆို ဘာမဆို လုပ်ပေးဖို့ အသင့်ပါပဲ"
ဟုတ်သည်။ ဒီစကားကို ပြောရဲတာကတော့ ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးပဲ ရှိသည်ပေါ့။
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်ကလည်း မေးလိုက်၏။
"ကျွန်မတို့ ကူညီပေးနိုင်တာ ဘာရှိမလဲ... အတင်းအကျပ် မတိုက်တွန်းရဲပေမဲ့ ခေါင်းဆောင်ဆု လိုအပ်ရင် အမိန့်ပေးပါ၊ ငြင်းဆန်ရင် လူမိုက် ဖြစ်သွားမှာပေါ့ရှင်"
"ကျေးဇူးတင်ပါတယ်ဗျာ... လိုအပ်လာရင်တော့ အကူအညီ တောင်းပါ့မယ်"
ဆုမို၏ တုံ့ပြန်ပုံက ပါးနပ်လှသည်။ မလိုအပ်ဘူးဟုလည်း မပြောသလို၊ သူတို့ရဲ့ စေတနာကိုလည်း မငြင်းပယ်လိုက်ပါချေ။
ချက်ချင်းပင် ခေါင်းဆောင်ကြီးများ ခေါင်းတငြိမ့်ငြိမ့်ဖြင့် အချိန်မရွေး အသင့်ရှိကြောင်း ပြသလိုက်ကြ၏။
ထိုစဉ် ဆရာတော် ဟုန်ယွင် မတ်တပ်ရပ်လိုက်၏။
"ခေါင်းဆောင်ဆု ဘေးကင်းတာ ဝမ်းသာစရာပါပဲ... ရဟန်းကြီး ဒီမှာ စောင့်နေတာက ခေါင်းဆောင်ဆု ကို နှုတ်ဆက်ချင်လို့ပါ"
ဒါက ဖြစ်သင့်သော ကိစ္စပါပင်။
သူတို့ ဒီကို ရောက်လာရတာက ကျောက်လုံအသင်း ရေလမ်းပိတ်ထား၍လေ။ ယခု အကြောင်းရင်းတွေ သိသွားပြီ ဆိုတော့ နှုတ်ဆက်ပြီး ထွက်ခွာသင့်ပြီပင်
သို့သော် ဆုမိုက သိလိုစိတ်ကို ထုတ်မေးလိုက်၏။
"ဆရာတော်... အခု ဘယ်ကို ကြွမလို့လဲဘုရား"
"အရှေ့ဘက်ကို သွားမလို့ပါ"
ဆရာတော် ဟုန်ယွင်က ပွင့်ပွင့်လင်းလင်း ပြောပြသည်။
"လမ်းခရီးတစ်လျှောက်မှာ လူသားတွေရဲ့ ဆင်းရဲဒုက္ခကို မြင်ရတယ် ဆိုတာထက်... လောကီသားတွေရဲ့ ရက်စက်မှုကို မြင်တွေ့ခဲ့ရတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်"
"ဒီလောကကြီးက ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက်နေတယ်... လူတိုင်းမှာ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေ ရှိနေကြတယ်"
"အကောင်းနဲ့ အဆိုး ဆိုတဲ့ စကားလုံး နှစ်လုံးတည်းနဲ့ ပိုင်းခြားလို့ မရနိုင်ဘူး"
"ဒါကြောင့် ရဟန်းကြီး အရှေ့ဘက်ကို သွားပြီး... တုန်းချန် မိစ္ဆာဂိုဏ်း နဲ့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်"
"..."
ဆုမို မျက်လုံးပြူးသွားသည်။
"ဆရာတော်... ပြန်စဉ်းစားပါဦးဘုရား"
"ရဟန်းကြီး ဆုံးဖြတ်ပြီးပါပြီ"
ဆရာတော် ဟုန်ယွင်က လက်အုပ်ချီလိုက်၏။
"ကောင်းပါပြီဘုရား"
ဆုမို သက်ပြင်းချလိုက်၏။
"ဆရာတော်မှာ အစွမ်းထက် သိုင်းပညာတွေ ရှိနေတော့... တုန်းချန် မိစ္ဆာဂိုဏ်းလည်း ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး"
"ဒါပေမယ့် သိုင်းလောကသားတွေရဲ့ စိတ်နှလုံးက ခန့်မှန်းရ ခက်ပါတယ်... အခက်အခဲတွေနဲ့ ပြည့်နှက်နေတတ်တယ်၊ တချို့ကိစ္စတွေက သိုင်းပညာ သက်သက်နဲ့ ဖြေရှင်းလို့ မရပါဘူး"
"ရှေ့က သင်ခန်းစာတွေလည်း ရှိနေတော့... တကယ်လို့ ဆရာတော်က မိစ္ဆာတွေကို နှိမ်နင်းချင်တယ် ဆိုရင်... ကိုယ့်ကိုယ်ကို အထူး ဂရုစိုက်ပါဘုရား"
"ဘုရားရှင်က လင်းယုန်ငှက်ကို အစာကျွေးဖို့ ကိုယ့်ကိုယ်ကို စတေးခဲ့တာ လေးစားစရာ ကောင်းပေမဲ့... တပည့်တော်တို့က ဘုရား မဟုတ်ဘူးလေ"
ဆရာတော် ဟုန်ယွင်က ဆုမိုကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် ဝတ်ရုံလက်ထဲမှ သိုင်းကျမ်းလိပ် တစ်ခုကို ထုတ်ယူလိုက်၏။
အနောက်ဘက်မှ ပန်ထျန်းခွမ် အပါအဝင် အခြားသူများ မျက်လုံးများ အရောင်လက်သွားကြသည်။ မနာလိုသော အကြည့်များဖြင့် ကြည့်နေကြ၏။
ဆရာတော် ဟုန်ယွင်က သိုင်းကျမ်းလိပ်ကို ဆုမိုထံ ကမ်းပေးလိုက်၏။
"ဒါလေး လက်ခံပေးပါ ခေါင်းဆောင်ဆု"
ဆုမို ယူကြည့်လိုက်ရာ မျက်နှာဖုံးပေါ်တွင် စာလုံးကြီး (၃) လုံး ရေးထားသည်ကို တွေ့လိုက်ရသည်။
'ဒုက္ခိသည် သိုင်းကျမ်း’
"ဒီသိုင်းကျမ်းက ရဟန်းကြီးလက်ထဲမှာ ရှိနေတာထက်... ခေါင်းဆောင်ဆု လက်ထဲမှာ ရှိနေတာ ပိုအကျိုးရှိပါလိမ့်မယ်"
"တကယ်လို့ တုန်းချန်သွားတဲ့ လမ်းမှာ ရဟန်းကြီး ဘုရားသခင် ခေါ်တော်မူခြင်း ခံရရင်တောင်... ဒီသိုင်းကျမ်းကို ခေါင်းဆောင်ဆု ဆက်လက် လက်ဆင့်ကမ်းပေးနိုင်မှာပါ"
ဆရာတော် ဟုန်ယွင်၏ လေသံက အေးဆေးတည်ငြိမ်နေသည်။ သာမန်ကိစ္စ တစ်ခု ပြောနေသကဲ့သို့ပင်။
ဆုမို သက်ပြင်းချလိုက်ပြီး သိုင်းကျမ်းကို ဝတ်ရုံလက်ထဲ ထည့်လိုက်၏။
"ဒါဆိုရင် ဆုမို ရိုသေစွာ လက်ခံလိုက်ပါတယ်"
"ကောင်းပါပြီ"
ဆရာတော် ဟုန်ယွင် ပြုံးလိုက်၏။
"သင့်တော်ပါတယ်"
ပြောပြီးသည်နှင့် သူ ဆက်မနေတော့ဘဲ ဆုမို၏ ဘေးမှ ဖြတ်ကာ ခန်းမဆောင်ကြီးထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့၏။
ဘုန်းကြီးတစ်သိုက် အနောက်မှ လိုက်သွားကြသည်။ သို့သော် ဆုမို၏ ဘေးမှ ဖြတ်သွားချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေ၏။
ဆုမိုကို ကြောက်တာလား... ဒါမှမဟုတ် ဆုမိုလက်ထဲ ရောက်သွားသော 'လူသား ဒုက္ခိတ သိုင်းကျမ်း' ကို ကြောက်တာလား ဆိုတာတော့ မသေချာပေ။
ဆုမိုလည်း အားလုံးကို နှုတ်ဆက်ပြီး မြစ်သုံးစင်း ပင်လယ်အော် သို့ ပြန်ကာ ခရီးဆက်ရန် ပြင်ဆင်လိုက်ပါသည်။
ချူချိုယွီ နှင့် အခြားသူများလည်း ဆုမိုတို့နှင့်အတူ လိုက်ပါရန် စီစဉ်လိုက်ကြသည်။
မြစ်ကြောင်းတစ်လျှောက်မှာ သူခိုးတွေ ရှင်းလင်းသွားပြီ ဖြစ်သော်ငြား... ကျောက်လုံအသင်းရဲ့ သင်္ဘောကို စီးတာက မလိုလားအပ်သည့် အန္တရာယ်တွေ ဖြစ်လာနိုင်သည်လေ။
ကျူးကော့ချန်ထျန် က ရက်အနည်းငယ် ဆက်နေစေချင်သော်လည်း ဆုမိုတို့၏ ဆုံးဖြတ်ချက်ကို မပြင်နိုင်သဖြင့် ရေတပ်စခန်း တံခါးဝအထိ လိုက်ပို့ပေးလိုက်၏။
ဆရာတော် ဟုန်ယွင်၏ သင်္ဘောသည် မြစ်စုန်အတိုင်း ထွက်ခွာသွားပြီ ဖြစ်၏။
ဆုမိုသည် ကျောက်လုံအသင်း၏ လှေငယ်တစ်စင်း ပေါ်သို့ တက်လိုက်ပြီး မြစ်သုံးစင်း ပင်လယ်အော်ဘက်သို့ ဦးတည်လိုက်၏။
လှေပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လှေသည် ရုတ်တရက် နိမ့်ဆင်းသွား၏။
လှည့်ကြည့်လိုက်သောအခါ ပြုံးဖြီးဖြီး လုပ်နေသော ဝကစ်ကစ် မျက်နှာကြီး တစ်ခုက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အခန်း (၂၄၂)- ကျန်းရှောင်ရှောင်
~ဆုမိုသည် ယန်ရှောင်ယွင်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ယန်ရှောင်ယွင်ကလည်း သူ့ကို ပြန်ကြည့်နေ၏။
ထိုသို့၊ အကြည့်ချင်း ဖလှယ်ပြီးနောက် နှစ်ယောက်သား ဖက်တီး အမျိုးသမီးဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ဖက်တီး၏ အပြုံးသည် ပိုမို တောက်ပလာ၏။
ဆုမို သက်ပြင်းချလိုက်ပြီး မေးလိုက်ရတော့၏။
"မင်း... လှေမှားစီးမိနေတာ မဟုတ်ဘူးလား"
ဖက်တီးသည် ခေါင်းကို အလျင်အမြန် ခါလိုက်၏။
"ရှင်တို့နောက် လိုက်မလို့"
သူမ၏ အသံသည် သေးငယ်ပြီး မိန်းကလေးဆန်သော နူးညံ့မှုများနှင့် ပြည့်နှက်နေသည်။
ဆုမို ခဏတာမျှ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည်။ ကျောက်လုံ ရေတပ်စခန်းရှေ့တွင် ရပ်နေသော ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
"ဟိုမှာလေ... မင်းရဲ့ ခေါင်းဆောင်က ဟိုမှာ ကျန်ခဲ့တယ်"
"သူက ကျွန်မကို အစာဝအောင် မကျွေးဘူး... ရှင်က ကျွေးတယ်၊ ဒါကြောင့် ရှင့်နောက် လိုက်မယ်"
ဖက်တီးက လေးလေးနက်နက် ပြောလိုက်၏။
ရွှမ်လုံ ခေါင်းဆောင်ကြီး မျက်နှာ နီရဲသွားသည်။
"ငါ... ငါက ဘယ်တုန်းက နင့်ကို အစာမကျွေးဘဲ ထားဖူးလို့လဲဟ"
ဖက်တီးက သူ့ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး "ထွီ" ခနဲ တံတွေးထွေးလိုက်၏။
ရွှမ်လုံ ခေါင်းဆောင်ကြီး - "..."
ထို့နောက် သူမသည် ခေါင်းဆောင်ကြီးကို လှည့်မကြည့်တော့ဘဲ ဆုမိုကိုသာ မျှော်လင့်တကြီး စိုက်ကြည့်နေ၏။
"ကျွန်မက အရမ်း အသုံးဝင်တယ်နော်... ခွန်အားလည်း ကြီးတယ်၊ စကားလည်း နားထောင်တယ်... ရှင် ဘယ်သူ့ကို ရိုက်ခိုင်းခိုင်း ရိုက်ပေးမယ်"
"အစာဝအောင် ကျွေးရင် ပြီးရော... ဘာခိုင်းခိုင်း လုပ်ပေးမယ်"
"ဒါက..."
ဆုမို အကြပ်ရိုက်သွားသည်။
အမှန်တိုင်း ပြောရရင် ဒီဖက်တီးရဲ့ မွေးရာပါ ခွန်အားကြီးမားမှုက သူ့ကို သဘောကျစေခဲ့သည်။
လူအုပ်ကြားထဲ တိုးဝင်တိုက်ခိုက်ပုံကို ကြည့်ရသည်မှာ ကိုယ်ဖော့ပညာ မကောင်းမွန်သော်လည်း၊ သူမ၏ စွမ်းရည်များက အာမခံဌာနတွင် အတော်ပင် အသုံးဝင်မည်မှာ သေချာသည်။
သို့သော် ပြဿနာမှာ သူမ၏ နောက်ခံအကြောင်းကို မသိရှိရခြင်း ဖြစ်၏။ နောက်ခံရာဇဝင် မသိဘဲ လက်ခံလိုက်ပါက အန္တရာယ် ရှိလာနိုင်သည်။
ဝကစ်ကစ် မျက်နှာကြီးက ရိုးသားဖြူစင်ပုံ ပေါက်ပေမဲ့... လူ့စိတ်ဆိုတာ ဘယ်မြင်နိုင်ပါ့မည်လဲ။
ဆုမို မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
သူ့အကြည့်က ရွှမ်လုံ ခေါင်းဆောင်ကြီးဆီ ပြန်ရောက်သွားသည်။
ခေါင်းဆောင်ကြီးက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
"ခေါင်းဆောင်ဆု အဆင်မပြေရင်လည်း ထားလိုက်ပါဗျာ... သူ့ကို ထမင်းတစ်နပ်လောက် ကျွေးပြီး ပြန်လွှတ်လိုက်ပေါ့၊ ဒီကောင်မလေးက တကယ် ခွန်အားကြီးပါတယ်... ကုန်ပစ္စည်းတွေ သယ်တာ၊ အိတ်တွေ ရွှေ့တာ ဆိုရင် တော်တော် အသုံးဝင်မှာ"
"ကောင်မလေး ဟုတ်လား"
ကျူးကော့ချန်ထျန် မျက်လုံးပြူးသွားသည်။
"ဘယ်နားက ကောင်မလေးလဲ"
"ပါးစပ် ပိတ်ထားစမ်း"
ရွှမ်လုံ ခေါင်းဆောင်ကြီးက ကျူးကော့ချန်ထျန်ကို ဟိန်းဟောက်လိုက်၏။
"ရှောင်မိုရယ်... စမ်းကြည့်လိုက်ရင်ရော"
ယန်ရှောင်ယွင်လည်း ဝင်ပြောလိုက်၏။
"စောစောက သူ.. နင့်အစား မြွေစိမ်း ခေါင်းဆောင်ရဲ့ သေစေနိုင်တဲ့ တိုက်ကွက်ကိုတောင် ဝင်ခံပေးခဲ့တာပဲ"
"ကောင်းပြီလေ"
ဆုမို ခေါင်းညိတ်လိုက်ပြီး ဖက်တီးကို ပြောလိုက်၏။
"ဒါပေမယ့် ငါတို့နောက် လိုက်မယ်ဆိုရင်... ငါ ပြောသမျှ အကုန် နားထောင်ရမယ်နော်"
"အိုကေ"
ဖက်တီး ချက်ချင်း ခေါင်းညိတ်လိုက်၏။
"ကတိပေးပါတယ်... ရှင် တိုက်ခိုင်းရင် တိုက်မယ်၊ အရိုက်ခံခိုင်းရင် ခံမယ်... အစာကျွေးရင် ပြီးရော"
"... အရိုက်ခံခိုင်းတဲ့ အထိတော့ မလိုပါဘူး"
ဆုမို လက်ကာပြလိုက်၏။
"ကဲ... လိုက်ခဲ့တော့"
နည်းနည်းတော့ စဉ်းစားဆင်ခြင်မှု နည်းသလို ဖြစ်နေသော်ငြား... သူမက သူ့အတွက် အသက်စွန့်ပြီး ကာကွယ်ပေးခဲ့တာကို တွေးကြည့်လျှင် ဒီလောက်တော့ အသိအမှတ်ပြုပေးသင့်သည်ဟု ဆုမို ခံစားမိပါသည်။
‘လောလောဆယ် လက်ခံထားလိုက်ပြီး... နောက်မှ အခြေအနေ ကြည့်ကြတာပေါ့။’
စကားပြောနေရင်း သူတို့သည် ကမ်းပါးပေါ်ရှိ ခေါင်းဆောင်များကို နှုတ်ဆက်လိုက်ကြပြီး သင်္ဘောကြီးသည် မြစ်သုံးစင်း ပင်လယ်အော် ဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားတော့၏။
*
ချူချိုယွီ နှင့် အခြားသူများသည် တစ်ညလုံး ပင်ပန်းထားကြသဖြင့် အတော်လေး နွမ်းနယ်နေကြပြီ ဖြစ်၏။
အကျဉ်းထောင်ထဲမှာ နေခဲ့ရ၊ ဂုဏ်သိက္ခာ ထိခိုက်မလို ဖြစ်ခဲ့ရ၊ ထွက်လာတော့လည်း တိုက်ပွဲနဲ့ ကြုံရ၊ ပြီးတော့ အဆိပ်မိရ...
အားလုံး ပင်ပန်းလွန်း၍ မနေနိုင်ကြတော့ဘဲ အခန်းထဲဝင်ပြီး အနားယူကုန်ကြသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကတော့ သက်သာသေး၏။ အထူးသဖြင့် ဆုမိုက အတွင်းအား ကောင်းတော့ သိပ်မပင်ပန်းပေ။
ယန်ရှောင်ယွင်က ပင်ပန်းနေပုံ ရသော်လည်း အခန်းထဲ မဝင်ဘဲ သင်္ဘောကုန်းပတ်ပေါ်တွင် ထိုင်နေလိုက်သည်။
ဆုမို၏ ပခုံးပေါ်တွင် ခေါင်းမှီရင်း သင်္ဘောဦးတွင် ထိုင်ကာ ခြေတစ်ချောင်းထောက် ကြေးနီလှံကြီးကို ကိုင်ထားသော ဖက်တီးကို လှမ်းကြည့်နေ၏။
ဘယ်လိုကြည့်ကြည့် ရယ်စရာ ကောင်းနေသည်။
"ဒီကောင်မလေးရဲ့ နောက်ခံက ဘာဖြစ်မယ် ထင်လဲ"
ယန်ရှောင်ယွင်က ဆုမိုကို မေးလိုက်၏။
"နောက်ခံကိုတောင် မသိဘဲ ခေါ်ထားရဲတယ်ပေါ့လေ"
ဆုမိုက ပြုံးစိစိဖြင့် ပြန်ကြည့်လိုက်၏။
"... ဘာပဲဖြစ်ဖြစ် နင် ရှိနေတာပဲ... သူ မကောင်းတာ ကြံရင်တောင် လှုပ်ရှားဖို့ ခက်မှာပါ"
"ကျွန်တော့်အပေါ် ဒီလောက် ယုံကြည်မှုတွေ ဘယ်က ရလာလဲတော့ မသိဘူး... ဒါပေမယ့် သူ့နောက်ခံကို သိချင်ရင်... ခေါ်မေးလိုက်ရင် ပြီးရော မဟုတ်လား"
"ဟေ့... ကောင်မလေး"
ဆုမို လှမ်းခေါ်လိုက်၏။
သို့သော် ဖက်တီးက ဘာမှ မကြားသလို ငြိမ်နေသည်။
ဆုမို ခဏတာ တွန့်ဆုတ်သွားပြီး...
"ဖက်တီး"
ဖက်တီး ချက်ချင်း လှည့်ကြည့်လာသည်။ သူမ၏ မျက်လုံး
သေးသေးလေးများထဲတွင် မေးခွန်းထုတ်လိုသော အကြည့်များ ပါဝင်နေသည်။
ဆုမို လက်ယပ်ခေါ်လိုက်၏။
ဖက်တီးသည် ချက်ချင်း ထရပ်လိုက်ပြီး ပြေးလာနေသည်။
သူမ ပြေးလိုက်သောအခါ သင်္ဘော တစ်စင်းလုံး တုန်ခါသွား၏။
သင်္ဘောပေါ်ရှိ ကျောက်လုံ ရေသူခိုးများ လန့်ဖျပ်သွားကြပြီး ရေပြင်တွင် လှိုင်းထန်နေပြီဟု ထင်မှတ်ကာ အရေးပေါ် ပြင်ဆင်ရန် အော်ဟစ်ကုန်ကြသည်။
ပြင်ဆင်ပြီးခါမှ အရာအားလုံး ပြန်လည် ငြိမ်သက်သွား၏။
အားလုံး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြစဉ်... ဖက်တီးသည် ဆုမို၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"သခင်ကြီး... ခေါ်လိုက်လား"
"... ငါက သခင်ကြီး မဟုတ်ဘူး... ဂိုဏ်းချုပ် လို့ ခေါ်ရမယ်"
"သဘောပေါက်ပါပြီ သခင်ကြီး"
နားလည်ကြောင်း ပြသသော မျက်နှာထားဖြင့်၊ ဖက်တီး ခေါင်းကို အားရပါးရ ညိတ်လိုက်၏။
"..."
ဆုမို သက်ပြင်းချလိုက်၏။
ဒီကောင်မလေး တကယ် နားမလည်ဘူး ဆိုတာ သေချာသည်။ သိို့သော်၊ ဆက်ပြောမနေတော့ဘဲ မေးစရာ ရှိတာ မေးလိုက်၏။
"မင်းနာမည် ဘယ်သူလဲ"
ဖက်တီး ခဏတာ စဉ်းစားလိုက်၏။
"သခင်ကြီး... ဘယ်နာမည်ကို မေးတာလဲ"
"... မင်းမှာ နာမည် တစ်ခုမက ရှိလို့လား"
ဖက်တီးသည် လက်ချောင်းများကို ကစားနေပြီးနောက် လက်ချောင်းတိုတို (၂) ချောင်းကို ထောင်ပြလိုက်သည်။
"နှစ်ခု ရှိတယ်..”
အခန်း (၂၄၃)- ကျန်းရှောင်ရှောင် (၂)
~"နာမည်က ဘယ်လိုခေါ်လဲကွ"
"အပျော်နာမည်က တာ့လီ .. နာမည်ရင်းက ကျန်းရှောင်ရှောင် ...."
ဖက်တီး၏ အသံသည် မိုးခြိမ်းသည့်နှယ် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ဆုမို - "..."
ယန်ရှောင်ယွင် - "..."
‘မင်းရဲ့ ယုတ္တိဗေဒအရ ဆိုရင် အပျော်နာမည်က တာ့လီ ဖြစ်ပြီး နာမည်ရင်းက ကျန်းတာ့လီ ဖြစ်သင့်တာ မဟုတ်ဘူးလား။
'ရှောင်ရှောင်' ဆိုတာနဲ့တင် ဝေဖန်စရာ ဖြစ်နေပြီ... အရှေ့က 'ကျန်း' ( - တကယ့်) ဆိုတာကို ထပ်ထည့်လိုက်တော့ 'တကယ့် ရှောင်ရှောင်' (တကယ့် သေးသေးလေး) ဖြစ်သွားရော။
ဒါပေမယ့် ဒါတွေကို စိတ်ထဲကပဲ တွေးလို့ရမယ်။ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး ထုတ်ပြောလို့ မဖြစ်ဘူးလေ။’
စိတ်တွင်း ပြောနေမိရင်း၊ ဆုမိုက သင်္ဘောကုန်းပတ်ကို လက်ညှိုးထိုးပြလိုက်၏။
"ထိုင်ပြီး ပြောပါကွာ"
"ဟုတ်ပါပြီ"
ကျန်းရှောင်ရှောင်သည် ကုန်းပတ်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်ရာ သင်္ဘောတစ်စင်းလုံး ယိမ်းထိုးသွား၏။
ကျောက်လုံ ရေသူခိုးများမှာ ဘေးဘီဝဲယာကို ကြည့်ပြီး ဘာဖြစ်တာလဲဟု စိုးရိမ်နေကြရရှာသည်။
"ရှောင်ရှောင်..."
ဆုမို အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။ စိတ်မလုံသလို ခံစားနေရသည်။
"မင်းရဲ့ သိုင်းပညာကို ဘယ်သူ့ဆီက သင်တာလဲ"
"ဆရာ့ဆီက သင်တာ"
ကျန်းရှောင်ရှောင်က ချက်ချင်း ပြန်ဖြေသည်။
"ဒါဆို မင်းဆရာက ဘယ်သူလဲ"
ဆုမို ချက်ချင်း မေးလိုက်၏။
"ဆရာက ဆရာပေါ့"
ကျန်းရှောင်ရှောင်၏ မျက်လုံးထဲတွင် နားမလည်နိုင်မှုများ ရိပ်သန်းနေသည်။
"ဆရာက ဆရာ မဟုတ်လို့ ဘယ်သူ ဖြစ်ရမှာလဲ"
သူမ၏ မျက်ဝန်းထဲမှ အနည်းငယ်သော ရှုပ်ထွေးမှုက... ဒီလောက် ရိုးရှင်းတဲ့ အချက်ကိုတောင် ဆုမို ဘာလို့ နားမလည်တာလဲဟု မေးခွန်းထုတ်နေသကဲ့သို့ပင်။
ဆုမို ခဏတာ စကားမဲ့သွားသည်။
စဉ်းစားပြီးနောက် သူ မေးလိုက်ပြန်သည်။
"ဒါဆို မင်းဆရာရဲ့ ပုံစံကို မှတ်မိလား"
"အင်း... အရမ်း ပိန်ပြီး အရပ်ပုတယ်... မုတ်ဆိတ်မွေး သိပ်မရှိဘူး၊ ကျွန်မ ငယ်ငယ်တုန်းက ဆွဲနှုတ်ပစ်လိုက်လို့တဲ့၊ ဒါပေမယ့် ကျွန်မ မယုံပါဘူး"
"သူ့ဆံပင်တွေက ဖြူဖွေးနေပြီး ထိပ်ပြောင်နေတာ... အဲဒါလည်း ကျွန်မကြောင့်ပဲတဲ့"
"ဒါပေမယ့် တခါတလေ သူက ဆိုးတယ်၊ ကျွန်မကို မဟုတ်မမှန် စွပ်စွဲတတ်တယ်... ဒါပေမယ့် သူနဲ့နေတုန်းကတော့ အစာဝအောင် စားရတယ်"
"သူက ကျွန်မကို ပညာတွေလည်း သင်ပေးတယ်... သင်္ချာလိုမျိုးပေါ့... ဒါပေမယ့် ကျွန်မက မတတ်ဘူးလေ"
"ပြီးတော့ သူက 'ဖားလောင်း သိုင်း' ကို သင်ပေးတယ်"
"ဖားလောင်း သိုင်း ဟုတ်လား"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ဖားလောင်း သိုင်း ဆိုတာ ဘယ်လို သိုင်းပညာမျိုးလဲ"
"အဲဒါ ကျွန်မ ကျင့်တဲ့ သိုင်းလေ"
ကျန်းရှောင်ရှောင် ရှင်းပြသည်။
"ဆရာ ပြောတာက... ဒီသိုင်းပညာကို တတ်သွားရင် ခန္ဓာကိုယ်ထဲမှာ ဖားလောင်းလေးတွေကို မွေးမြူထားသလို ဖြစ်သွားမယ်တဲ့... အဲဒီ ဖားလောင်းလေးတွေက အစာစားလိုက်ရင် အားပြည့်လာတယ်၊ သူတို့ အားပြည့်ရင် ကျွန်မလည်း အားပြည့်တယ်... အစာမစားရရင် ဖားလောင်းတွေ အားနည်းသွားပြီး ကျွန်မလည်း အားနည်းသွားရော"
"ကျင့်ကြံတဲ့ အခါကျရင် ဖားလောင်းတွေက ခန္ဓာကိုယ်ထဲမှာ တွားသွားနေကြတယ်... ဆရာ ပြောတာတော့ သူတို့က အထဲမှာ လေ့ကျင့်ခန်း လုပ်နေကြတာတဲ့"
"သူတို့က သွေးကြောတွေထဲ လျှောက်သွားပြီး သန်မာအောင် လုပ်ပေးတယ်"
"သူတို့ ပိုသန်မာလေ... ကျွန်မမှာ အဆုံးမဲ့ ခွန်အားတွေ ပိုင်ဆိုင်လာလေပဲ"
သူမ စိတ်လှုပ်ရှားစွာ ပြောဆိုပြီးနောက် လက်ထဲမှ ခြေတစ်ချောင်းထောက် ကြေးနီလှံကြီးကို မြှောက်ကာ လေထဲတွင် ဝှေ့ယမ်းပြလိုက်၏။ လေခွင်းသံများ ဝီဝီ မြည်ဟည်းသွား၏။
"ဪ... ဒီလိုကိုး"
ဆုမို ခေါင်းညိတ်လိုက်၏။ ပြီးတော့ မေးလိုက်၏။
"အခု မင်းဆရာ ဘယ်ရောက်သွားပြီလဲ"
"..."
ကျန်းရှောင်ရှောင် ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူမ၏ ဝကစ်ကစ် မျက်နှာ ငိုက်ကျသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါကါ ကျဆင်းလာတော့၏။
"ဆရာ သေသွားပြီ..."
သူမ တိုးညှင်းစွာ ပြောလိုက်၏။
"အဲဒီ ဆောင်းရာသီတုန်းက... သူက ဆောင်းရာသီ မျောက်ဝံနဲ့ တိုက်ခိုက်ရင်း နှလုံးသွေးကြော ထိခိုက်ပြီး အတူတူ သေသွားကြတာ"
"......"
ဆုမိုနှင့် ယန်ရှောင်ယွင် နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
တရားမဝင် သမိုင်းမှတ်တမ်း အချို့တွင် ထူးဆန်းသော သတ္တဝါများအကြောင်း ပါရှိသော်လည်း အများစုမှာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်။
ဒီ ဆောင်းရာသီ မျောက်ဝံ ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးပေ။
"အဲဒါ ဘာကောင်လဲ"
ဆုမိုသည် မသိလျှင် မေးရမည် ဟူသော ကောင်းမွန်သည့် အကျင့်ကို ထုတ်ပြလိုက်၏။
"ဆောင်းရာသီ မျောက်ဝံ ဆိုတာ ဆောင်းရာသီမှာ ပေါ်လာတတ်တဲ့ သားရဲ တစ်ကောင်ပဲ"
ကျန်းရှောင်ရှောင်က လေးလေးနက်နက် ပြောပြသည်။
"ဆောင်းရာသီ ရောက်တိုင်း သူက ရုတ်တရက် ပေါ်လာပြီး လူတွေရဲ့ ရင်ဘတ်ကို လာထိတတ်တယ်... အထိခံရတဲ့ လူက အေးခဲသွားပြီး (၁၀) ရက်၊ လဝက်လောက် အိပ်ရာထဲက မထနိုင်တော့ဘူး... မျက်နှာတွေ သွေးရောင် မရှိ ဖြစ်ပြီး အေးခဲသေတော့မလို ဖြစ်သွားတတ်တယ်"
"နောက်ပိုင်းကျတော့ ဆရာ တကယ်ပဲ အေးခဲပြီး သေသွားရှာတယ်"
"မင်း အဲဒီ ဆောင်းရာသီ မျောက်ဝံကို မြင်ဖူးလား"
ဆုမို တွေးတွေးဆဆ မေးလိုက်၏။
"... မမြင်ဖူးပါဘူး"
ကျန်းရှောင်ရှောင် ခေါင်းခါလိုက်၏။
"ဒါပေမယ့် ဆရာကတော့ ဆောင်းရာသီတိုင်း သူနဲ့ တွေ့ရတယ်... အမြဲတမ်း ရင်ဘတ်ကို အထိခံရတယ်"
"ပြီးတော့ သူက ဆောင်းရာသီရဲ့ အအေးဆုံး ရက်တွေမှာပဲ ပေါ်လာတတ်တာ"
သူမ ရှုံ့မဲ့မဲ့ဖြင့် ပြောဆိုရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ဆောင်းရာသီ မျောက်ဝံ အချိန်မရွေး ပေါ်လာနိုင်သကဲ့သို့ပင်။
သို့သော် မကြာမီ သူမ စိတ်လျှော့လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ... ဆရာ ပြောတာက သူ ဆောင်းရာသီ မျောက်ဝံနဲ့ အတူတူ သေသွားပြီတဲ့... အခုဆိုရင် အဲဒီကောင် ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်တော့ဘူး... ဆရာက တကယ့်ကို သူရဲကောင်းကြီးပါပဲ"
ထိုစကားကို ကြားသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အပြည့်အဝ နားလည်သွားကြသည်။
လောကကြီးတွင် ဆောင်းရာသီ မျောက်ဝံဟူသည် မရှိ။ ဤအရာသည် ကျန်းရှောင်ရှောင်၏ ဆရာ ပြောပြခဲ့သည့် လိမ်ညာမှု တစ်ခုသာ ဖြစ်၏။
ခန့်မှန်းရသလောက် သူသည် အေးစက်သော အတွင်းအားရှိသည့် ရန်သူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး နှလုံးသွေးကြော ထိခိုက်သွားခြင်း ဖြစ်တန်ရာသည်။
ထို့ကြောင့် ဆောင်းရာသီ ရောက်တိုင်း ဒဏ်ရာ ပြန်ကြွလာခြင်း ဖြစ်၏။ ဒဏ်ရာ ပြန်ကြွလာတိုင်း အိပ်ရာထဲတွင် (၁၀) ရက်၊ လဝက်ခန့် လဲနေရသည်။
နောက်ဆုံးတွင် သူ မခံနိုင်တော့ဘဲ ဤအတွင်းဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
ကျန်းရှောင်ရှောင်ကို အမှန်တရား မသိစေချင်သဖြင့် ဇာတ်လမ်းဆင်ကာ ပြောပြခဲ့ခြင်း ဖြစ်၏။ သို့သော် ဤရိုးသားဖြူစင်သော မိန်းကလေးက ထိုကဲ့သို့ ယုတ္တိမရှိသည့် ဇာတ်လမ်းကို ယုံကြည်နေရှာသည်။
ဆုမိုသည် ကောင်မလေးကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသွား၏။
သူမဆရာ အသက်ရှိစဉ်တုန်းက ဆိုရင်... သူမ အနေနှင့် ဝမ်းစာအတွက် ခွန်အားသုံးပြီး အလုပ်လုပ်စရာ လိုခဲ့မှာ မဟုတ်ပါပေ။
ယန်ရှောင်ယွင်က တိုးညှင်းစွာ ပြောလိုက်သည်။
"ဟုတ်တယ်... မင်းဆရာက တကယ့် သူရဲကောင်းကြီးပါပဲ"
"ဟုတ်တယ်မလား... ဟုတ်တယ်မလား"
ကျန်းရှောင်ရှောင် ချက်ချင်း ခေါင်းညိတ်လိုက်၏။
"ဒါပေမယ့် ဆရာက တချို့နေရာတွေမှာတော့ သိပ် သူရဲကောင်း မဆန်ဘူး... အရမ်း ပွစိပွစိ ပြောတတ်တယ်"
"သေခါနီး ဆောင်းရာသီ မျောက်ဝံနဲ့ တိုက်ခိုက်နေတုန်းတောင်... ကျွန်မကို မှာစရာတွေ အများကြီး ပြောနေသေးတယ်"
"ဆောင်းရာသီ ရောက်ရင် အဝတ်အစား ပိုဝတ်ပါတဲ့"
"မိုးရွာရင် အမိုးအကာအောက်မှာ နေပါတဲ့"
"ရာသီဥတု ကောင်းရင် စောင်တွေကို နေလှန်းပါတဲ့"
"လူတွေက ဝက်လို့ ခေါ်ရင် ကိစ္စမရှိဘူး... ဒါပေမယ့် ဝက်အသေလို့ ခေါ်ရင်တော့ ပြန်ချပါတဲ့..."
"သူ မှာခဲ့တာတွေ အများကြီးပဲ..."
"ကျွန်မက အရမ်း တုံးအတယ်... ဒါပေမယ့် အနည်းဆုံးတော့ ခွန်အားကြီးပြီး ပင်ပန်းတဲ့ အလုပ်တွေ လုပ်နိုင်တယ်တဲ့"
"ဒါပေမယ့် ဆရာ ပြောတာ မှားနေတယ်... တခါတလေ ကျွန်မ အလုပ်ကြိုးစားပေမဲ့... သူတို့က ထမင်းမကျွေးကြဘူး”