← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄)- ကျန်းရှောင်ရှောင် (၃)

~"ထွီ... သူတို့အားလုံးက လူဆိုးတွေချည်းပဲ"

"သခင်ကြီးကသာ လူကောင်း... ဟိုလူတွေကို ဆုံးမလိုက်ပြီးရင် ကျွန်မတို့ အစာစားရမယ်လို့ ပြောတယ်၊ တကယ်လည်း စားရတယ်"

သူမသည် ဆုမိုအား ကြည့်ရှုရင်း ပြောဆိုလိုက်၏။ သူမ၏ မျက်နှာပေါ်တွင်ကား အပြုံးပန်းကြီး တစ်ပွင့် ဝေဆာနေပေသည်။

ဝဖောင်းနေသော မျက်နှာကြီးပေါ်တွင် သူမ၏ မျက်လုံးများမှာ သေးငယ်နေသော်ငြား... ကြည်စင်တောက်ပပြီး အပြစ်ကင်းစင်သော ကျောက်မျက်ရတနာများကဲ့သို့ လင်းလက်နေ၏။

စကားတပြောပြောဖြင့် ခရီးဆက်လာကြရာ မကြာမီအချိန်တွင် မြစ်သုံးစင်း ပင်လယ်အော်သည် သူတို့၏ မျက်မှောက်သို့ ပေါ်ထွက်လာတော့၏။

အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် အရုဏ်ဦး၏ ရောင်နီသန်းစ ပြုနေပြီ ဖြစ်သော်လည်း ဆိပ်ကမ်းတွင် လူများစွာ ရှိနေကြဆဲပင်။

သူတို့အတွက်မူ ကျောက်လုံအသင်းမှ ရေလမ်းကြောင်းကို ပြန်လည် မဖွင့်ပေးနိုင်ပါက ကပ်ဘေးတစ်ခု ဆိုက်ရောက်လာတော့မည် ဖြစ်သည်။

သို့သော် ယမန်နေ့ညက မြစ်ကြောင်းတစ်လျှောက် လှေတစ်စင်း ရဲရဲဝံ့ဝံ့ ထွက်ခွာသွားသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

ထို့နောက်တွင်မူ ဘုန်းကြီးများ စီးနင်းလိုက်ပါလာသော လှေတစ်စင်းသည်လည်း ကျောက်လုံအသင်းဘက်သို့ ဦးတည်သွားခဲ့၏။

ပထမလှေပေါ်တွင် မည်သူပါသည်ကို မသိရသော်လည်း... ဒုတိယလှေပေါ်မှ ဘုန်းကြီးများကိုမူ သူတို့ ကောင်းစွာ သိရှိကြပေသည်။

မြစ်ကြောင်းတစ်လျှောက်လုံး၌ 'ဟုန်ယွင် မိစ္ဆာဘုန်းကြီး' ၏ သတင်းမှာ နားနှင့်မဆံ့အောင် ကျော်ကြားလှသည် မဟုတ်ပါလော။

ယခင်က ဟာသအဖြစ် သဘောထားခဲ့ကြသော်လည်း... ယခုအချိန်တွင်မူ ဟုန်ယွင် မိစ္ဆာဘုန်းကြီးက ကျူးကော့ချန်ထျန်အား ခေါင်းရိတ်ပေးပြီး ဆုံးမလိမ့်မည်ဟု မျှော်လင့်နေကြလေသည်။

ထို့ကြောင့် သူတို့အားလုံး ဤနေရာ၌ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သတင်းကောင်း ကြားရနိုးနိုးဖြင့် မျှော်လင့်နေကြခြင်းပင်။

သို့သော် မော့ကြည့်လိုက်သောအခါ ကျောက်လုံအသင်း၏ သင်္ဘောကြီးက မြစ်သုံးစင်း ပင်လယ်အော်အတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။

ခဏတာမျှ အားလုံး ကြက်သေ သေသွားကြသည်။

မည်သူက စတင် အော်ဟစ်လိုက်မှန်း မသိသော်လည်း အသံတစ်သံ ထွက်ပေါ်လာတော့၏။

"ကျောက်လုံအသင်းက ကမ်းတက်ပြီး ဓားပြတိုက်တော့မယ်ဟေ့"

ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်... ဆိပ်ကမ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ပွက်လောရိုက်သွားတော့၏။

ကံဆိုးသည်မှာ ဆောင်းရာသီ အလယ်ပိုင်း ဖြစ်ပြီး မြစ်ကမ်းနားသည် အရိုးခိုက်အောင် အေးစက်နေခြင်းပင်။ တစ်ညလုံး အအေးဒဏ် ခံစားထားရသဖြင့် ခြေလက်များမှာ တောင့်တင်းခဲနေပြီး လှုပ်ရှားမရ ဖြစ်နေကြရှာသည်။ အချို့ဆိုလျှင် မပြေးနိုင်မီမှာပင် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျကုန်ကြ၏။

ဆူညံပွက်လောရိုက်နေသော အသံဗလံများ ထွက်ပေါ်လာသည်။

ထိုစဉ် သင်္ဘောပေါ်မှ လူတစ်ယောက်က အတွင်းအားကို အသုံးပြု၍ ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်၏။

"မလန့်ကြပါနဲ့... ကျွန်တော်တို့က ဓားပြတိုက်ဖို့ လာတာ မဟုတ်ပါဘူးဗျ"

စကားပြောသူမှာ ကျောက်လုံအသင်း၏ ခေါင်းဆောင်ငယ် တစ်ဦး ဖြစ်သည်။ သူ၏ အတွင်းအားမှာ မဆိုးလှသဖြင့် အသံသည် အဝေးကြီးအထိ ရောက်ရှိသွားပြီး ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးကို ငြိမ်သက်သွားစေသည်။

လှည့်ကြည့်လိုက်သောအခါ သူသည် သင်္ဘောဦးတွင် ရပ်နေပြီး ဆက်လက် ကြေညာလိုက်လေသည်။

"အားလုံးပဲ စိတ်အေးအေး ထားကြပါ... ကျွန်တော်တို့ လာတာက ပထမဆုံးအနေနဲ့ လူတစ်ယောက်ကို လာပို့တာပါ"

"ဒုတိယ အနေနဲ့... သခင်ကြီးရဲ့ အမိန့်အရ ကျောက်လုံအသင်းက ရေလမ်းပိတ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးကို ရှင်းပြချင်လို့ပါ"

"ဒီကိစ္စက ကျောက်လုံအသင်း အတွင်းထဲမှာ ပဋိပက္ခ ဖြစ်နေလို့ပါ... ပြီးတော့ မိစ္ဆာဂိုဏ်းက ဝင်ရောက် တိုက်ခိုက်လာလို့ အခုလို ရှုပ်ထွေးမှုတွေ ဖြစ်ကုန်တာပါ"

"သခင်ကြီးလည်း ဒီကာလအတွင်းမှာ ပိတ်မိနေခဲ့ရတာပါ"

"တကယ်လို့..."

ဤနေရာသို့ ရောက်သောအခါ သူသည် အနောက်ကို လှည့်ကြည့်လိုက်မိသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို မြင်တွေ့ရမည်ဟု ထင်မှတ်ထားသော်လည်း... အံ့ဩစရာ ကောင်းလောက်အောင်ပင် ဆုမို၊ ယန်ရှောင်ယွင်နှင့် ထိုဖက်တီး တို့အားလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် သူ ဆက်ပြောလိုက်ရတော့၏။

"တကယ်လို့ သိုင်းပညာရှင် တစ်ယောက်သာ လာမကယ်ခဲ့ရင်... မိစ္ဆာဂိုဏ်း အောင်မြင်သွားနိုင်ပါတယ်"

"အခုတော့ ကျောက်လုံအသင်းက အတွင်းရေးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါပြီ... သခင်ကြီးက ဖြစ်ပျက်ခဲ့တာတွေအတွက် အများကြီး နောင်တရနေပါတယ်... ဒါကြောင့် ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ ရေလမ်းကြောင်းကို တစ်လတိတိ ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်"

"ဖြတ်သန်းသွားလာတဲ့ လှေတွေကို အခွန်အခ ကောက်ခံမှာ မဟုတ်ပါဘူး"

ဤစကား ဆုံးသွားသောအခါ အားလုံး တိတ်ဆိတ်သွားကြ၏။

ခဏကြာမှ လူတစ်ယောက်က ထမေးလိုက်၏။

"တကယ်လား"

"ခင်ဗျားတို့ ကျုပ်တို့ကို လိမ်ပြန်ပြီ မဟုတ်လား"

"ဟုတ်တယ်... ယွင်ယန် ကုန်သွယ်ရေး အဖွဲ့ တုန်းကလည်း ခင်ဗျားတို့ လိမ်လို့ သင်္ဘောပေါ်မှာ သွေးချောင်းစီးခဲ့ရတာလေ"

"ဟိတ်၊ ခင်ဗျား ပြောတာ အမှန်ဆိုတာ ဘယ်လို သက်သေပြမလဲ"

တစ်ယောက် စတင် ပြောဆိုလိုက်သည်နှင့် နောက်မှ လိုက်လံ ပြောဆိုကြပြီး ဆွေးနွေးငြင်းခုံသံများ ဆူညံသွားတော့၏။

ကျောက်လုံအသင်း ခေါင်းဆောင်ငယ်က မျက်လုံးကို ကျဉ်းမြောင်းလိုက်၏။

ပထမတော့ "ဟွန့်" ဟု ရေရွတ်လိုက်ပြီး... ထို့နောက် အေးစက်စွာ ပြန်ပြောလိုက်၏။

"ယုံချင်ယုံ... မယုံချင်နေ၊ သွားချင်ရင် သွားကြ"

"စောစောက အော်နေတဲ့ ကောင်တွေ... ကိုယ့်ခေါင်း ကိုယ်ဂရုစိုက်ကြ"

ပြောပြီးသည်နှင့် ခေါင်းဆောင်ငယ်က

အမိန့်ပေးလိုက်၏။

"ပြန်လှည့်မယ်"

သင်္ဘောကြီးက ချက်ချင်း ပြန်လှည့်သွားပြီး ဆိပ်ကမ်းပေါ်တွင် မှင်သက်စွာ ကျန်ရစ်ခဲ့သော ကုန်သည်များကို ထားရစ်ခဲ့လေတော့သည်။

ထိုအခါမှ သူတို့ သဘောပေါက်လိုက်ကြသည်။ သူတို့ စကားပြောနေသည်မှာ အကျိုးအကြောင်း နားလည်သော သူတော်ကောင်းများနှင့် မဟုတ်ဘဲ ရေသူခိုးများနှင့် ဖြစ်သည် ဆိုသော အချက်ကိုပင်။

မြစ်ကြောင်းတစ်လျှောက်တွင် ရေသူခိုးထံမှ ကတိစကား ရသည်နှင့်ပင် လုံလောက်နေပြီ ဖြစ်ရာ... သက်သေပြခိုင်းနေစရာ လိုပါသေးသလော။

တကယ်ပင် ဤကဲ့သို့သော အခွင့်အရေးမျိုးက အလကား ရနိုင်မည်ဟု ထင်နေကြသလော။

အထူးသဖြင့် စောစောက အော်ဟစ်လိုက်သော လူများသည်... သူတို့၏ ဦးခေါင်းများ လည်ပင်းပေါ်တွင် မမြဲတော့သလို ခံစားလိုက်ရပြီး ထိတ်လန့် တုန်လှုပ်နေကြရှာသည်။

မြစ်ကမ်းနားတွင်...

ဆုမိုသည် လက်တစ်ဖက်ဖြင့် ကျန်းရှောင်ရှောင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ချပေးလိုက်ပြီး... အခြားလက်တစ်ဖက်ဖြင့် ယန်ရှောင်ယွင်ကို ဖက်ထား၏။

အဝေးမှ ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်မိသည်။

"ဒါက ကိုယ့်ခြေထောက် ကိုယ် ပြန်ပစ်လိုက်တာပဲ မဟုတ်လား"

ယန်ရှောင်ယွင် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

"ကျူးကော့ချန်ထျန် အနေနဲ့ သူတို့ကို ရှင်းပြတာကတင် တော်တော် လေးစားစရာ ကောင်းနေပါပြီ..."

သူတို့နှင့် မလှမ်းမကမ်းတွင် ချူချိုယွီနှင့် အခြားသူများလည်း ရှိနေကြပြီး သက်ပြင်းချလိုက်ကြ၏။

"လူတွေရဲ့ လောဘက ဖြည့်ဆည်းရ ခက်တယ်... သူတို့ ဘယ်သူနဲ့ ဆက်ဆံနေရလဲ ဆိုတာ မေ့သွားကြတာပဲ"

"ရှင်တို့ (၃) ယောက် ဘယ်တော့ မြစ်သုံးစင်း ပင်လယ်အော်ကနေ ထွက်ခွာမှာလဲ"

"သတ္တိရှိတဲ့ လှေတစ်စင်း ထွက်လာမယ့် အချိန်ထိ စောင့်လိုက်ပါဦးမယ်"

ထို့နောက်၊ ဆုမိုကလည်း ပြုံးပြီး ပြန်မေးလိုက်၏။

"သိုင်းမိမယ်ချူ တို့ရော"

"အတူတူပါပဲ"

သိပ်မရင်းနှီးသော်လည်း ဆုမိုက ချူချိုယွီတို့ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သဖြင့်... ဆက်ဆံရေးမှာ အနည်းငယ် ထူးခြားနေပြီ ဖြစ်ပါသည်။

ချက်ချင်းပင် ချူချိုယွီက မြစ်ကြောင်းတစ်လျှောက် အတူတူ ခရီးသွားရန် အကြံပြုလိုက်ရာ ဆုမိုက သဘောတူလိုက်၏။

တကယ်တမ်းကျတော့ ဤကုန်သည်များသည် ထင်ထားသည်ထက် ပိုမို သတ္တိရှိကြပေသည်။ အခြေအနေများက တွန်းအားပေးနေလို့လည်း ပါပေလိမ့်မည်။ ဆက်လက် နေထိုင်ပါက မိသားစုရော၊ စီးပွားရေးပါ ပျက်စီးသွားနိုင်သည် မဟုတ်ပါလော။

ထို့ကြောင့် ပထမဆုံး ကုန်သည်သင်္ဘော တစ်စင်းက မကြာမီ ထွက်ခွာသွားလေတော့၏။

သင်္ဘော ထွက်ခွာသွားပြီး မနက်ခင်း တစ်ပိုင်းလောက် အကြာတွင် သတင်းပြန်ရောက်လာသည်။ ကျောက်လုံအသင်း ထိန်းချုပ်ထားသော ရေလမ်းကြောင်းက တကယ်ပင် ပွင့်နေပြီး အတားအဆီး မရှိကြောင်းပင်။

ထို့ပြင် အဝေးက လှမ်းကြည့်လျှင် ကျောက်လုံအသင်းတွင် မီးလောင်ထားသော လက္ခဏာများ တွေ့ရသည်ဟု ဆိုကြသည်။

ဒါက ဟိုခေါင်းဆောင်ငယ် ပြောခဲ့သော စကားများကို ပိုမို၍ ယုံကြည်သွားစေ၏။

ချက်ချင်းပင် လှေများစွာ မြစ်သုံးစင်း ပင်လယ်အော်မှ ထွက်ခွာသွားကြတော့၏။ ဆုမို၊ ယန်ရှောင်ယွင်၊ ကျန်းရှောင်ရှောင် နှင့် လန်ယွဲ့နန်းတော် မှ သိုင်းမိမယ်များ အားလုံး ကုန်သည်သင်္ဘော တစ်စင်းပေါ်သို့ လိုက်ပါသွားကြ၏။

လှိုင်းတံပိုးများကို ဖြတ်ကျော်ပြီး မြစ်သုံးစင်း ပင်လယ်အော်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။ တုန်းချန် နယ်မြေ ဘက်သို့ ဦးတည်သော ရေလမ်းကြောင်းပေါ်သို့ တရားဝင် ရောက်ရှိလာကြပြီ ဖြစ်သည်။

သင်္ဘောကုန်းပတ်ပေါ်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လက်ရန်းကို မှီပြီး မြစ်ကမ်းဘေး ရှုခင်းများကို ကြည့်ရှုနေကြသည်။

ချူချိုယွီ သူတို့အနားသို့ ရောက်ရှိလာ၏။

"သိုင်းမိမယ်ချူ"

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လက်နှစ်ဖက် ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်ကြသည်။

"ခေါင်းဆောင်ဆု... ဒုတိယခေါင်းဆောင် ယန်"

ချူချိုယွီက ပြန်လည် နှုတ်ဆက်လိုက်၏။ စကားမပြောမီ သူမ သက်ပြင်းတစ်ချက် ဖွဖွချလိုက်၏။

"အဲဒီညတုန်းက အလျင်စလို ဖြစ်သွားရတာ... တကယ်တော့... ဟူး... ဒီကိစ္စက တော်တော် ရှုပ်ထွေးတယ်၊ ခေါင်းဆောင်ဆု ကို ဝန်မပိစေချင်လို့ပါ... ဒါပေမယ့် အသက်အကြိမ်ကြိမ် ကယ်တင်ခံရပြီးမှတော့... ဆက်ပြီး လျှို့ဝှက်ထားဖို့ ခက်ခဲသွားပါပြီ"

"ကျွန်မတို့ ညီအစ်မတွေက ကျေးဇူးတရားကို နားမလည်တာ မဟုတ်ပါဘူး... လန်ယွဲ့နန်းတော် နဲ့ ဇီယန်ဂိုဏ်း ကြားမှာ ပြဿနာလေး တစ်ခု ရှိနေလို့ပါ”

အခန်း (၂၄၅)- သူတော်ကောင်းတို့၏ ကတိစကား

~ချူချိုယွီသည် ဤကိစ္စအကြောင်းကို စတင်ပြောဆိုလာရာ ဆုမိုသည်လည်း အစပထမ၌ စူးစမ်းချင်စိတ် ပြင်းပြခဲ့မိလေသည်။

သို့သော် နောက်ပိုင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သဖြင့် သူသည် ထိုကိစ္စကို နက်နက်နဲနဲ သိရှိရန် စိတ်မကူးတော့ပေ။

ယခုအခါ သူမက ထိုအကြောင်းကို တစ်ဖန် ပြန်လည်စကားစလာပြန်ရာ သူသည် ပြုံးလျက်သာ တုံ့ပြန်လိုက်ရတော့၏။

“သိုင်းမိမယ်ချူ အနေနဲ့ ဒါကို စိတ်ထဲ အရမ်းထားမနေပါနဲ့... ကျွန်တော်က ဇီယန်ဂိုဏ်းနဲ့ လန်ယွဲ့နန်းတော်ကြားက အဖြစ်အပျက်ကို သေချာမသိပေမဲ့ သိုင်းမိမယ်ချူကို တစ်ခုခုက စိတ်အနှောင့်အယှက် ပေးနေတယ်ဆိုတာတော့ ရိပ်မိပါတယ်”

“ဟူး...”

ချူချိုယွီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာလေသည်။

“ဒီကိစ္စကို ကျွန်မသာ ဖွင့်မပြောရရင် ရင်ထဲမှာ ဆူးတစ်ချောင်း စူးနေသလို ခံစားနေရမှာပါ... ခေါင်းဆောင်ဆု ကလည်း လူစိမ်းမှမဟုတ်တာ၊ ပြောပြလိုက်လို့လည်း သိက္ခာကျစရာ မရှိပါဘူး... အမှန်တော့ ဒီကိစ္စက ကျွန်မတို့ ဂိုဏ်းနှစ်ခုက စီနီယာ အကြီးအကဲ နှစ်ယောက်နဲ့ ပတ်သက်နေတာပါ”

“ဪ...”

ဤနေရာတွင် ဆုမိုသည် စိတ်ဝင်စားသွားကာ ယန်ရှောင်ယွင်အား တစ်ချက် ကြည့်လိုက်ပြီး ချူချိုယွီဘက်သို့ ပြန်လှည့်လိုက်၏။

“ကျွန်တော် နားစွင့်နေပါတယ်”

သူမဘက်က ဤမျှအထိ ပြောလာမှတော့ ဆုမိုအနေဖြင့် မကြားချင်ယောင်ဆောင်ကာ သူမ၏ပါးစပ်ကို ပိတ်ခိုင်း၍ မရနိုင်တော့ပေ။

“ဒီကိစ္စက... အင်း...”

ချူချိုယွီသည် ခါးသီးသော အပြုံးတစ်ခုကို ပြုံးမိသွား၏။

“ကျွန်မတို့ လန်ယွဲ့နန်းတော်နဲ့ ဇီယန်ဂိုဏ်းက အမြဲတမ်း ထူးဆန်းတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာပါ... ဂိုဏ်းနှစ်ခုလုံးက အိမ်နီးချင်းတွေ ဖြစ်ကြပြီး ထုန်လုတောင်တန်းကြီးက နယ်နိမိတ်အဖြစ် ပိုင်းခြားထားတာပေါ့... ဂိုဏ်းတည်ထောင်ကတည်းက တစ်ခါတလေ မဟာမိတ်ဖွဲ့လိုက်၊ တစ်ခါတလေ ရန်ဘက်ဖြစ်လိုက်နဲ့ပါပဲ... ကြီးကြီးမားမား ရန်ငြိုးတွေလည်း မရှိသလို ခိုင်မာတဲ့ မဟာမိတ်လည်း မဟုတ်ခဲ့ဘူး၊ ဒါပေမယ့် သူတို့ကြားက ပတ်သက်မှုတွေကတော့ နက်ရှိုင်းလွန်းလို့ အဓိပ္ပာယ်ဖွင့်ဖို့တောင် ခက်ပါတယ်”

“ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ဆီကို ပြန်သွားရမှာပါ...”

“အဲဒီတုန်းက ကျွန်မတို့ လန်ယွဲ့နန်းတော်မှာ ပါရမီလည်းထူး၊ အလှအပမှာလည်း ပြိုင်စံမမှီတဲ့ စီနီယာ တစ်ယောက် ရှိခဲ့တယ်... သူမက ဆီးနှင်းတွေလို အေးစက်ပြီး သူမရဲ့ ဓားသိုင်းကလည်း ကြယ်တာရာတွေ ပေါက်ကွဲထွက်လာသလိုပဲ ..တကယ့်ကို ခမ်းနားလှတာ... လန်ယွဲ့နန်းတော်ရဲ့ နှစ်ပေါင်း (၁၀၀) အတွင်းမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ပါရမီရှင်လို့တောင် ကျွန်မ ယုံကြည်ခဲ့တာပါ... အခုနောက်ပိုင်း နာမည်ကြီးနေတဲ့ ဂျူနီယာညီမငယ် ဝေ တောင် သူမကို ယှဉ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်”

ချူချိုယွီသည် စကားကို ခေတ္တရပ်ကာ သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောလာပါသည်။

“အဲဒီတုန်းက တုန်းချန် နယ်မြေမှာ မိစ္ဆာဂိုဏ်းက သိုင်းပညာရှင်တွေ သောင်းကျန်းနေတဲ့ အချိန်ပေါ့... အဲဒီအထဲမှာ ယူချွမ်ဂိုဏ်း၊ ထာဝရည တောင်ကြား နဲ့ ကျိလဲ့ ကောင်းကင်နန်းတော် တို့က အဆိုးဆုံးပဲ... သူတို့က မိစ္ဆာဂိုဏ်းသား အမြောက်အမြားကို စုစည်းပြီး အနောက်ဘက်က ထျန်ချွီမြို့ဆီကို စစ်ကြောင်းပေါင်းစုံနဲ့ ချီတက်လာကြတာ”

“ဒီမိစ္ဆာဂိုဏ်း သုံးခုက တကယ့်ကို ရက်စက်ကြတာပါ... ယူချွမ်ဂိုဏ်းက သာမန်ပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး သွေးကျွန်တွေ လုပ်တယ်၊ သွေးကန်တွေ ဖန်တီးလိုက်တာ မြေပြင်တစ်ခုလုံး မိုင်ပေါင်းများစွာ သွေးချင်းနီသွားပြီး အော်ဟစ်သံတွေက ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေတာပဲ... ထာဝရည တောင်ကြား ကျတော့လည်း သူတို့ရဲ့ အရိပ်တွေက ဖမ်းဆုပ်လို့မရဘူး၊ 'လူ့အရေခွံ' လှည့်ကွက်ကို သုံးပြီး လူတွေကို အရှင်လတ်လတ် အရေခွံနွှာ၊ အဝတ်အစားတွေ လုပ်ကြတာ... အရေခွံမရှိတဲ့ အလောင်းတွေ ဘယ်လောက်တောင် များမလဲ မသိဘူး”

“ကျိလဲ့ ကောင်းကင်နန်းတော် ကျတော့လည်း... သူတို့ရဲ့ ယုတ်မာမှုတွေက စကားနဲ့တောင် ဖော်ပြဖို့ ခက်ပါတယ်... အဲဒီအချိန်မှာ လန်ယွဲ့နန်းတော်၊ ဇီယန်ဂိုဏ်း၊ ထျန်ရှင်းဂိုဏ်း၊ ကျန်းဝူခန်းမ၊ ရှောင်ယောင်ဂေဟာ၊ ယွမ်ရှန်းဓားဂိုဏ်း နဲ့ ကျင့်ချန်းဘုရားကျောင်း စတဲ့ တရားသောလမ်းစဉ် ဂိုဏ်းတွေ စုပေါင်းပြီး မဟာမိတ်ဖွဲ့ခဲ့ကြတယ်... သူတို့ရဲ့ တပည့်တွေကို ဦးဆောင်ပြီး ထျန်ချွီမြို့မှာ မိစ္ဆာဂိုဏ်းကြီး သုံးခုကို ထိပ်တိုက် ရင်ဆိုင်ခဲ့ကြတာပေါ့”

“အဲဒါက တကယ့်ကို ဖရိုဖရဲ ဖြစ်နေတဲ့ အချိန်ကာလပါပဲ...”

“အဲဒီအချိန်မှာပဲ မိစ္ဆာဂိုဏ်းက သိုင်းပညာရှင်တွေက တုန်းချန် ဂိုဏ်းတွေကြားထဲကို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ပြီး အခွင့်ကောင်းစောင့်ကာ ယုတ်မာမှုတွေ လုပ်ဖို့ ကြံစည်နေကြတာ... ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကလည်း တိုက်ပွဲတွေနဲ့ အလုပ်ရှုပ်နေတော့ တပည့်တွေကိုပဲ လွှတ်ပြီး နှိမ်နင်းခိုင်းရတာပေါ့... ကျွန်မ ပြောပြနေတဲ့ လန်ယွဲ့နန်းတော်က စီနီယာကလည်း အဲဒီအထဲမှာ ပါဝင်ခဲ့တာပါ...”

ချူချိုယွီ၏ စကားများကို နားထောင်ရင်း ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဂိုဏ်းကြီး (၇) ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းကြီး (၃) ဂိုဏ်းတို့ကြားမှ သမိုင်းဝင် တိုက်ပွဲကြီးအကြောင်းကို သဘောပေါက်လာကြသည်။

ဆုမိုသည် ယခင်က တုန်းချန် နယ်မြေအကြောင်းကို သိပ်မသိခဲ့သော်လည်း ယခုအခါ သူမ၏ စကားများမှတစ်ဆင့် ဗဟုသုတအချို့ ရရှိလာခဲ့ပြီ ဖြစ်သည်။

“စီနီယာ့ရဲ့ ခရီးစဉ်က တော်တော် ရှည်လျားခဲ့တယ်... တုန်းချန် တစ်ခွင်လုံးမှာ ရှုပ်ထွေးမှုတွေ ပျံ့နှံ့နေတော့ ထျန်ချွီမြို့ကို ပြန်ရောက်ဖို့ လအတော်ကြာခဲ့တာပေါ့... ဒါပေမယ့် စီနီယာ ပြန်ရောက်လာတဲ့အခါမှာတော့ သူ.. ပြောင်းလဲသွားတာကို လူတိုင်း သတိထားမိလိုက်ကြတယ်”

“မူလက ဆီးနှင်းတွေလို အေးစက်နေတဲ့ သူမက ပြန်လာတော့ တခါတရံမှာ တိတ်တဆိတ် ပြုံးနေတတ်ပြီး ပျော်ရွှင်မှုတွေကို ဖုံးကွယ်ထားသလို ဖြစ်နေတာ... အဲဒီအချိန်မှာ တချို့ ဂိုဏ်းတူညီမတွေက သူမ လမ်းခရီးမှာ အမျိုးသား တစ်ယောက်နဲ့ တွေ့ခဲ့ပြီလို့ ထင်ကြတာပေါ့...”

ဤနေရာတွင် ချူချိုယွီသည် ဆုမိုနှင့် ယန်ရှောင်ယွင်အား ကြည့်ကာ ပြုံးလိုက်လေသည်။

“ကျွန်မတို့ လန်ယွဲ့နန်းတော်က အမျိုးသမီးတွေချည်းပဲ ဆိုပေမဲ့ အိမ်ထောင်ပြုတာကိုတော့ တားမြစ်မထားပါဘူး... တကယ်လို့ အပြန်အလှန် ချစ်မြတ်နိုးကြတယ်ဆိုရင် လင်မယားအဖြစ် ပေါင်းသင်းတာက သဘာဝပါပဲ... ဒါကြောင့် အဲဒီအချိန်က ဘယ်သူမှ သူမရဲ့ အပြုအမူကို အပြစ်မမြင်ကြဘဲ စနောက်နေခဲ့ကြတာပေါ့”

“နောက်ပိုင်းမှာ ဇီယန်ဂိုဏ်းက ရုပ်ရည် ခန့်ညားတဲ့ လူငယ် တစ်ယောက် စီနီယာ့ဆီကို လာတွေ့တယ်... လူတိုင်းရဲ့ ရှေ့မှာပဲ စီနီယာက သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ သွားကြိုဆိုတာပေါ့... ချက်ချင်းပဲ ဟိုနားဒီနားမှာ တီးတိုးပြောသံတွေ ထွက်လာပြီး သူတို့ကို နတ်ဖန်ဆင်းတဲ့ အိမ်ထောင်ဖက်တွေလို့တောင် အားလုံးက သတ်မှတ်လိုက်ကြတာ... ဒါပေမယ့် မမျှော်လင့်ဘဲ အဲဒီတွေ့ဆုံမှုက စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားခဲ့ရတယ်...”

“အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို အမျိုးမျိုး ခန့်မှန်းနေကြပေမဲ့ ဘယ်သူမှ အဖြေမှန်ကို မသိခဲ့ကြဘူး... နန်းတော်သခင်မ ကိုယ်တိုင် မေးမြန်းတာတောင် စီနီယာက ဘာမှ ထုတ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာ... သူက ခေါင်းမာပြီး စိတ်ဓာတ်ခိုင်မာတဲ့ သူဆိုတော့ ဘယ်သူမှလည်း ဆက်မမေးရဲကြတော့ဘူးပေါ့”

“ဒါပေမယ့် အဲဒီအချိန်ကစပြီး သူ့ရဲ့ တိုက်ခိုက်ပုံတွေက ပိုပြီး ရက်စက်ကြမ်းကြုတ်လာခဲ့တယ်... နှစ်တွေ ကြာလာတဲ့အထိ ထျန်ချွီမြို့မှာ တရားသော လမ်းစဉ်နဲ့ မိစ္ဆာ လမ်းစဉ်တို့က အားပြိုင်နေခဲ့ကြတာ... ဒါပေမယ့် ယူချွမ်ဂိုဏ်းက တဖြည်းဖြည်း ငြိမ်သက်သွားပြီး၊ ညသခင် ကလည်း ဂိုဏ်းချုပ် (၇) ယောက်နဲ့ တိုက်ခိုက်ရင်း အပြင်းအထန် ဒဏ်ရာရသွားတော့ ကျိလဲ့ ကောင်းကင်နန်းတော် တစ်ခုပဲ အင်အား ကျန်တော့တာပေါ့... သူတို့လည်း မရမ်းကားဝံ့ရဲတော့တာနဲ့ ထျန်ချွီမြို့ရဲ့ ရှုပ်ထွေးမှုတွေက တဖြည်းဖြည်း အေးငြိမ်းသွားပြီး အခုလို အခြေအနေကို ရောက်လာတာပါ”

“ဟိုတုန်းက ထူးချွန်တဲ့ တပည့်တွေကလည်း အခုဆိုရင် ရာထူးအသီးသီး ရနေကြပြီပေါ့... အရင်က ကောလဟာလတွေကိုလည်း ဘယ်သူမှ ထုတ်မပြောရဲကြတော့ဘူး... ဒါပေမယ့် ပြောင်းလဲမသွားတာ တစ်ခုကတော့ စီနီယာရော၊ ဇီယန်ဂိုဏ်းက အဲဒီလူရော အခုထိ အိမ်ထောင်မပြုဘဲ (၂၀) နှစ်နီးပါး တစ်ယောက်တည်း နေလာခဲ့ကြတာပဲ”

“နှစ်တွေတစ်လျှောက်မှာ ဇီယန်ဂိုဏ်းက တပည့်တွေ သိပ်ပြီး လှုပ်ရှားတာ မရှိတော့ သူတို့ရဲ့ အတွင်းရေးတွေကို သိဖို့ ခက်ခဲခဲ့တယ်... ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်လလောက်က ဇီယန်ဂိုဏ်းက အဲဒီစီနီယာက ရုတ်တရက်ကြီး ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး”

“သူက တကယ်တမ်း လာတာက... တရားဝင် လာတောင်းရမ်းတာပါတဲ့ရှင်”

အခန်း (၂၄၆)- သူတော်ကောင်းတို့၏ ကတိစကား (၂)

~ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ဤတောင်းရမ်းမှုသည်ကား မမျှော်လင့်ထားသော အလှည့်အပြောင်း တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရမည်ကို နှစ်ဦးသားလုံး ရိပ်စားမိကြပေသည်။

ယခုမူ ချူချိုယွီသည် အဘယ်ကြောင့် ဤအကြောင်းကို ဖွင့်ဟရန် ရှက်ရွံ့နေခဲ့သနည်းဟူသည်ကိုလည်း သူတို့ နားလည်သွားကြပြီ ဖြစ်သည်။ အကြီးအကဲများ၏ အချစ်ဇာတ်လမ်းမှတစ်ဆင့် ဂိုဏ်းနှစ်ခုကြား အက်ကြောင်းထင်သွားရသည့် ကိစ္စမှာ တကယ့်ကိုပင် ထုတ်ဖော်ပြောဆိုရန် ခက်ခဲလှပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ချူချိုယွီက ဆက်လက်၍ ပြောဆိုလာ၏။

“သူ လာတွေ့တုန်းက လန်ယွဲ့နန်းတော်က လူတိုင်း ဝမ်းသာနေခဲ့ကြတာပါ”

“အထူးသဖြင့် သူ့ရဲ့ ရည်ရွယ်ချက်ကို သိသွားကြတဲ့အချိန်မှာ တပည့်တွေ အများကြီးက ခန်းမဆောင် အပြင်ဘက်မှာ တိတ်တဆိတ် ချောင်းကြည့်နေကြတာပေါ့... သတင်းကောင်းလေးများ ထွက်လာမလားဆိုပြီး စောင့်နေခဲ့ကြတာ”

“ဒါပေမယ့် မမျှော်လင့်ဘဲ သူ လာရင်းအကြောင်းကို ဖွင့်ပြောလိုက်တဲ့အခါမှာတော့ ကျွန်မတို့ ဂိုဏ်းက အကြီးအကဲ တစ်ယောက်က ဒေါသအမျက် ခြောင်းခြောင်းထွက်သွားပါတော့တယ်”

“အဲဒီတော့မှ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်က အဖြစ်အမှန်တွေ ပေါ်ထွက်လာတာပါပဲ”

“တကယ်တော့... ကျွန်မတို့ဂိုဏ်းက အဲဒီအကြီးအကဲဟာ ကျွန်မတို့ ဆရာရဲ့ အမိန့်နဲ့ မိစ္ဆာဂိုဏ်းတွေကို သုတ်သင်ဖို့ ထွက်သွားခဲ့တုန်းက ဇီယန်ဂိုဏ်းက စီနီယာတစ်ယောက်နဲ့ အတူတူ သွားခဲ့တာပါ”

“အဲဒီခရီးမှာ သူတို့ နောက်ထပ် လူတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်”

“အဲဒီလူဟာ ဇီယန်ဂိုဏ်းက စီနီယာနဲ့ သွေးသောက်ညီအစ်ကို တော်စပ်သူ ဖြစ်ပြီးတော့ သူရဲကောင်းစိတ်ဓာတ် အပြည့်ရှိတဲ့ သူတော်ကောင်း တစ်ယောက်အဖြစ် ကျော်ကြားသူပါ”

“တုန်းချန်မှာ မိစ္ဆာဂိုဏ်းတွေ သောင်းကျန်းနေတာကို ကြားတော့ သူကလည်း မတရားမှုကို နှိမ်နင်းဖို့ဟာ သူ့ရဲ့ တာဝန်ပဲလို့ ခံယူပြီး သူတို့နဲ့ ပူးပေါင်းခဲ့တာပေါ့”

“အဲဒီခရီးစဉ်မှာ လူငယ်တွေ အတူတူ နေ့ညမပြတ် အချိန်ကုန်ဆုံးခဲ့ကြတော့... ဇီယန်ဂိုဏ်းက စီနီယာက ကျွန်မတို့ လန်ယွဲ့နန်းတော်က အကြီးအကဲကို ချစ်မြတ်နိုးသွားခဲ့တယ်”

“ဒါပေမယ့်... ကျွန်မတို့ ဂိုဏ်းက အကြီးအကဲကတော့ ဟို သူရဲကောင်းကြီးကိုပဲ စိတ်ညွတ်သွားခဲ့တာလေ”

“ဟိုတုန်းက သူတို့ ပြန်ဆုံတဲ့အချိန်မှာ ကျွန်မတို့ အကြီးအကဲက သူတို့နှစ်ယောက် အတူတူ လာကြမယ်လို့ပဲ ထင်နေခဲ့တာ... ဇီယန်ဂိုဏ်းက စီနီယာ တစ်ယောက်တည်း လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”

“ဇီယန်ဂိုဏ်းက စီနီယာ လာခဲ့တာက တကယ်တော့ ဟို သူရဲကောင်းကြီး ကိုယ်စား စကားပါးဖို့ လာခဲ့တာပါ”

“အဲဒီ သူရဲကောင်းကြီးမှာ မိသားစု ရှိပြီးသား ဖြစ်နေတော့... ကျွန်မတို့ အကြီးအကဲရဲ့ စိတ်ကို ရိပ်မိပေမဲ့ သူကတော့ ပြန်ပြီး မတုံ့ပြန်နိုင်ခဲ့ဘူးပေါ့”

“ဒါကြောင့် သူက ဇီယန်ဂိုဏ်းက စီနီယာကနေတစ်ဆင့် စကား (၈) ခွန်း ပါးလိုက်တာပါ... 'မေတ္တာကို ကျေးဇူးတင်ပေမဲ့ လက်မခံနိုင်ပါ' တဲ့ရှင်”

ချူချိုယွီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီးမှ ဆက်ပြောလေသည်။

“အဲဒီအချိန်ကစပြီး နှစ်ပေါင်း (၂၀) ကြာတဲ့အထိ ကျွန်မတို့ အကြီးအကဲဟာ အဲဒီ သူရဲကောင်းကြီးနဲ့ ထပ်မဆုံခဲ့တော့ဘူး”

“ဇီယန်ဂိုဏ်းက စီနီယာကလည်း ကျွန်မတို့ အကြီးအကဲရဲ့ ရင်ထဲက တမ်းတမှုကို အကုန်သိနေခဲ့တာပေါ့... ဒါကြောင့် သူကလည်း ကိုယ့်ကိုယ်ကို နှိပ်စက်ပြီး နှစ်ပေါင်း (၂၀) တိုင်တိုင် အိမ်ထောင်မပြုဘဲ စောင့်နေခဲ့တာ”

“နှစ်ပေါင်း (၂၀) တိုင်တိုင် တွန့်ဆုတ်နေခဲ့ပြီးမှ သူက သတ္တိမွေးပြီး လာတောင်းရမ်းတာပါ... ဒါပေမယ့်လည်း ထပ်ပြီး ငြင်းပယ်ခံလိုက်ရတာပါပဲ”

“ကျွန်မတို့လို ဂျူနီယာတွေ အနေနဲ့ အကြီးအကဲတွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်ဖို့ မသင့်တော်ပါဘူး”

“ဒါပေမယ့်လည်း... ဒီကိစ္စကြောင့်ပဲ လန်ယွဲ့နန်းတော်နဲ့ ဇီယန်ဂိုဏ်းက တပည့်တွေကြားမှာ ပတ်သက်ရတာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ရှိလာခဲ့တာပေါ့... တစ်ယောက်နဲ့တစ်ယောက် ဆုံရင်လည်း အနေခက်သလိုလို၊ စကားပြောရင်လည်း အဆင်မပြေတော့သလိုလိုနဲ့လေ”

“ဒါကြောင့် အဲဒီညက ခေါင်းဆောင်ဆုနဲ့ ဇီယန်ဂိုဏ်းကြားက ပတ်သက်မှုကို ကြားလိုက်ရတဲ့အခါ ကျွန်မက...”

ဤနေရာတွင် သူမသည် လက်နှစ်ဖက် ဆုပ်ကိုင်ကာ အလေးအနက် ဦးညွှတ်လိုက်၏။

“ကျွန်မ တကယ် ရှက်မိပါတယ်... ခေါင်းဆောင်ဆု အနေနဲ့ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်ရှင်”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ထိုဦးညွှတ်မှုကို အလိုက်တသိ ရှောင်တိမ်းလိုက်ကြပေသည်။

“သိုင်းမိမယ်ချူ... ဒီလို လုပ်စရာ မလိုပါဘူးဗျာ”

ဆုမိုက တိုးညှင်းစွာ ပြောဆိုလိုက်၏။

“သိုင်းမိမယ် ပြောသလိုပါပဲ... ကျွန်တော်တို့က အကြီးအကဲတွေရဲ့ ကိစ္စကို လျှောက်ပြီး မပြောသင့်ပါဘူး”

“မိသားစု နှစ်ခုကြားမှာ ဒီကိစ္စကြောင့် နည်းနည်း အဆင်မပြေ ဖြစ်နေတာက ပြင်းထန်တဲ့ ကိစ္စကြီးတော့ မဟုတ်ပါဘူး... နောက်ထပ် နှစ်အနည်းငယ် ကြာလို့ ဒီခံစားချက်တွေ မှေးမှိန်သွားရင် ဒါဟာ အတိတ်က အဖြစ်အပျက် တစ်ခုပဲ ဖြစ်သွားမှာပါ”

“မှန်ပါတယ်”

ချူချိုယွီက ပြုံးလျက်..

“အဲဒီညက ကျွန်မရဲ့ အပြုအမူကို ပြန်တွေးမိတိုင်း ရှင်တို့အပေါ် မတရားသလို ခံစားနေရတာ... အခုလို ရှင်းပြလိုက်ရတော့မှပဲ ရင်ထဲက ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသလိုပါပဲ”

နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် သူတို့သည် လမ်းခွဲခဲ့ကြလေသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေတ္တမျှ စကားမဲ့နေမိကြ၏။

ဤခရီးစဉ်အတွင်း လန်ယွဲ့နန်းတော်နှင့် ဇီယန်ဂိုဏ်းမှ အကြီးအကဲများ၏ ရှုပ်ထွေးလှသော အချစ်ဇာတ်လမ်းကို ကြားရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ဒါက တကယ့်ကို သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပင် ဖြစ်သည်။

လန်ယွဲ့နန်းတော်မှ အကြီးအကဲက အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်ကို ချစ်မိပြီး နှစ်ပေါင်း (၂၀) တိုင် တစ်ကိုယ်တည်း ဆင်းရဲဒုက္ခ ခံစားနေခဲ့ရသည်။

ဇီယန်ဂိုဏ်းမှ အကြီးအကဲကလည်း လန်ယွဲ့နန်းတော်မှ အကြီးအကဲကို စွဲလမ်းပြီး နှစ်ပေါင်း (၂၀) တိုင်တိုင် ကိုယ့်ကိုယ်ကို နှိပ်စက်ကာ စောင့်စားနေခဲ့ပြန်သည်။

သို့သော် ထိုသူရဲကောင်းကြီးမှာမူ ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။

ယန်ရှောင်ယွင်သည် ခဏတာ တွေးတောနေပြီးမှ ပြောဆိုလိုက်၏။

“တကယ်လို့ အဲဒီ သူရဲကောင်းကြီးသာ အဲဒီတုန်းက လန်ယွဲ့နန်းတော် အကြီးအကဲကို လက်ထပ်ခဲ့ရင် အခြေအနေတွေက တစ်မျိုး ပြောင်းသွားမလားလို့ ငါ တွေးနေမိတယ်”

“ဟင်...”

ဆုမိုက သူမကို လှမ်းကြည့်လိုက်၏။

“ဘာကို ဆိုလိုတာလဲ”

“စဉ်းစားကြည့်လေ... လန်ယွဲ့နန်းတော်က အကြီးအကဲဟာ တော်တော်လေး စွဲလမ်းခဲ့လို့ ဒုက္ခရောက်နေရတာလေ”

“တကယ်လို့ သူမသာ ဆန္ဒပြည့်ဝခဲ့ရင် ပျော်ရွှင်နေမှာပေါ့”

“ဇီယန်ဂိုဏ်းက အကြီးအကဲကလည်း လူသောင်းကျန်း အမျိုးအစား မဟုတ်တော့ အဲဒီလို ရလဒ်မျိုးကို မြင်လိုက်ရရင် သူ့စိတ်ထဲမှာ လက်လွှတ်နိုင်သွားမှာလည်း ဖြစ်နိုင်တယ်”

“ဒါဆိုရင် ဘယ်သူမှ နာကျင်နေရမှာ မဟုတ်ဘူးလေ”

သူမ၏ စကားကို ကြားပြီးနောက် ဆုမိုက ခေါင်းခါလိုက်၏။

“အဲဒါတော့ မဟုတ်သေးဘူး...”

“အစ်မက အဲဒီ အကြီးအကဲ နှစ်ယောက်ရဲ့ နာကျင်မှုကိုပဲ ကြည့်နေတာလေ... အဲဒီ သူရဲကောင်းကြီးရဲ့ ဇနီးသည် ဘယ်လို ခံစားရမလဲဆိုတာရော စဉ်းစားဖူးလား”

“အပြန်အလှန် ချစ်ခင်နေတဲ့ လင်မယား နှစ်ယောက်ရှိနေတာကို လင်ယောက်ျားက အပြင်ထွက်ပြီး သူတော်ကောင်း အလုပ်တွေ သွားလုပ်တယ်... ပြန်လာတော့ တခြား မိန်းမတစ်ယောက်ကို ခေါ်လာတယ် ဆိုတာမျိုးလား”

“အဲဒီမှာ တရားမျှတမှုက ဘယ်နားမှာလဲ”

“ဒါတင်မကသေးဘူး... ဒီလိုသာ စံနမူနာ ဖြစ်သွားရင် အဲဒီ သူရဲကောင်းကြီးဟာ သူ့ကို သဘောကျတဲ့ မိန်းမတိုင်းကို လိုက်ပြီး လက်ထပ်နေရတော့မှာလား”

“သူရဲကောင်း ယောကျ်ားကောင်းတွေက မယားအများအပြား ယူတာက သာမန်ပါပဲ”

“သာမန် ဟုတ်လား”

ဆုမိုက ယန်ရှောင်ယွင်ကို စိုက်ကြည့်လိုက်၏။

“ကျွန်တော့်အဖေ သိုင်းလောကမှာ ဘေးဒုက္ခနဲ့ ကြုံရတုန်းက ကျွန်တော့်အမေဟာ မသေမချင်း နေ့ညမပြတ် ပူဆွေးနေခဲ့တာ... တခြားသူကို နောက်ထပ် လက်ထပ်ဖို့ဆိုတာ အမေ့ရဲ့ စိတ်ကူးထဲတောင် မထည့်ခဲ့ဘူး... ဦးလေးယန် ဆိုရင်လည်း အဒေါ် ဆုံးပြီးကတည်းက နောက်အိမ်ထောင် မပြုခဲ့ဘူးလေ... မယားအများကြီး ယူဖို့ဆိုတာ ဝေးသေးတယ်”

“အဲ့ဒါက...”

ယန်ရှောင်ယွင်သည် ဆုမိုဘက်သို့ ရုတ်တရက် လှည့်ကြည့်လာ၏။

“ရှောင်မို... ငါ့ကို ကတိတစ်ခု ပေးစမ်းပါ..”

“ဟင်...”

ဆုမို အံ့ဩသွားရသည်။

“ဘာကတိလဲ”

“ငါတို့ နှစ်ယောက်လုံးဟာ သိုင်းလောကရဲ့ အရေးကိစ္စတွေကြားမှာ ပတ်သက်နေကြသူတွေလေ”

ယန်ရှောင်ယွင်က ဆက်ပြောလေသည်။

“သိုင်းလောကဆိုတာ လှည့်စားမှုတွေနဲ့ အဆုံးမဲ့ တိုက်ပွဲတွေ ပြည့်နှက်နေတာ... နင်က သိုင်းပညာလည်း အစွမ်းထက်တယ်၊ အတွေးအခေါ်လည်း စေ့စပ်တယ် ဆိုတော့ အန္တရာယ်ကို မကြောက်ရပေမဲ့...”

“ဒါပေမယ့်... တကယ်လို့ နောင်တစ်ချိန်မှာ ငါ့ကို တစ်ခုခု ဖြစ်သွားခဲ့ရင်... ဆိုလိုတာက မမျှော်လင့်တဲ့ အန္တရာယ်တစ်ခုခု ငါ့ဆီ ကျရောက်လာခဲ့ရင်... နင် ငါ့အတွက်နဲ့ ဒုက္ခမခံစားပါနဲ့၊ ပြီးတော့ တစ်ကိုယ်တည်းလည်း မနေပါနဲ့…”

All Chapters