← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇)- သူတော်ကောင်းတို့၏ ကတိစကား (၃)

~ယန်ရှောင်ယွင်၏ စကားမဆုံးမီမှာပင် သူမ၏ နှုတ်ခမ်းလေးများမှာ ဆုမို၏ လက်ညှိုးဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရ၏။

ထို့နောက် ဆုမိုသည် သူမ၏ ဦးခေါင်းကို လက်ဖြင့် အသာအယာ ခေါက်လိုက်ရင်း ဆူပူလိုက်တော့၏။

“ပေါက်ကရတွေ... အဲဒီစကားတွေကို ပြန်ထွေးထုတ်လိုက်စမ်း”

“... အင်းပါ”

ယန်ရှောင်ယွင်သည် နှုတ်ခမ်းလေး စူသွားရင်း မြစ်ထဲသို့ (၃) ကြိမ်တိုင်တိုင် တံတွေး ထွေးထုတ်လိုက်ရသည်။

သို့သော်လည်း ဆုမို ဆုပ်ကိုင်ထားသော သူမ၏ လက်ကလေးမှာ တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး ရုတ်တရက်ပင် သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရ၏။

အစပထမ၌ သူမသည် အနည်းငယ် အနေခက်သွားရသည်။ ဆုမိုသည် ဤကဲ့သို့သော အပြုအမူမျိုးကို တစ်ခါမျှ မပြုလုပ်ဖူးသောကြောင့်ပင် ဖြစ်သည်။

သို့သော် သူမ မော့ကြည့်လိုက်သောအခါ ဆုမို၏ မျက်နှာပေါ်တွင် ထူးခြားသော လေးနက်မှုများကို တွေ့မြင်လိုက်ရသည်။ ထို့ကြောင့် သူမသည် သက်ပြင်းတစ်ချက်ချကာ ဆုမို၏ ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်ရင်း ပြောဆိုလိုက်တော့၏။

“ငါက ဥပမာအနေနဲ့ ပြောတာပါ... တကယ် ဖြစ်လာမှာ မဟုတ်ပါဘူး”

“နင်က ငါ့ကို ကာကွယ်ပေးနေတာပဲ... ငါ့ဆီ ဘာအန္တရာယ်မှ ကျရောက်မှာ မဟုတ်တာ ငါသိပါတယ်”

“ဒါပေမယ့် နင်တစ်ယောက်တည်း ဖြစ်နေမယ့် အဖြစ်ကို တွေးမိတိုင်း...”

“ငါ့အဖေက ငါ့အမေကို တော်တော် ချစ်ခဲ့တာ... အမေ ဆုံးသွားတော့လည်း တခြားသူကို လက်မခံနိုင်ခဲ့ဘူး”

“ဒါကြောင့် သူ့ရင်ထဲက နာကျင်မှုကို ငါ ကောင်းကောင်း သိတာပေါ့... သူ ထုတ်မပြောပေမဲ့လည်းလေ”

“ဦးလေးဆု နဲ့ အဒေါ် တို့ကလည်း တစ်ယောက်ကိုတစ်ယောက် အရမ်း ချစ်ကြတာ... နောက်ဆုံးတော့ နင်ပဲ ဒီလောကကြီးထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရတာ မဟုတ်လား”

“ဦးလေးဖူကလည်း အိုမင်းနေပြီ... အချိန်တန်ရင် ငါတို့ပဲ သူ့ကို နောက်ဆုံးအချိန်အထိ စောင့်ရှောက်ရမှာ”

“ဒါပေမယ့် ငါသာ နင့်ကို ထားသွားခဲ့ရင်... နင့်ရဲ့ စားဝတ်နေရေးကို ဘယ်သူ ကြည့်ပေးမလဲ”

“အေးတဲ့အချိန်မှာ အဝတ်အစား ထပ်ဝတ်ဖို့၊ ထမင်းတွေ အေးသွားရင် ပြန်နွေးပေးဖို့ ဘယ်သူက သတိပေးမှာလဲ”

“နင်သာ တစ်ယောက်တည်း ဖြစ်နေပြီး... ဘယ်သူမှ စောင့်ရှောက်မယ့်သူ မရှိရင်...”

“တွေးမိရုံနဲ့တင် ငါ့မှာ မခံစားနိုင်တော့ဘူး”

“မောင်လေး... ငါ့ကို ကတိပေးပါ... ဟုတ်ပြီလား”

“မပေးနိုင်ဘူး”

ဆုမိုက တိတ်ဆိတ်စွာ ခေါင်းခါယမ်းလိုက်၏။

“တကယ်လို့ အဲဒီလိုနေ့မျိုး ရောက်လာရင်... ကျွန်တော့်ဘဝက နေ့တိုင်း ဖရိုဖရဲ ဖြစ်နေမှာပဲ၊ စားမဝင် အိပ်မပျော် ဖြစ်နေလိမ့်မယ်၊ အာမခံဌာနကိုလည်း အာရုံမစိုက်နိုင်တော့ဘဲ ပျက်စီးသွားမှာ”

“ကျွန်တော်လည်း အိမ်ခြေမဲ့ ဖြစ်သွားပြီး... နေ့တိုင်း အရက်ထဲမှာပဲ နစ်မွန်းနေမှာပေါ့...”

“ဘယ်အချိန်မှာ ဘယ်သူ့လက်ချက်နဲ့ သေမလဲဆိုတာတောင် သိမှာ မဟုတ်ဘူး”

“အဲဒီလိုမှ မဟုတ်ရင်တောင်... အအေးဒဏ်နဲ့ ငတ်မွတ်မှုကြောင့် သေသွားနိုင်တာပဲ...”

ယန်ရှောင်ယွင်သည် ဆုမို၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်လေတော့၏။

“မြန်မြန်... အဲဒီစကားတွေကို ပြန်ထွေးထုတ်လိုက်စမ်း”

ဆုမိုသည် ယန်ရှောင်ယွင်အား စူးရှရှ စိုက်ကြည့်နေမိ၏။

သူ၏ စူးရှသော အကြည့်အောက်တွင် ယန်ရှောင်ယွင်သည် နောက်ဆုံး၌ ခေါင်းငိုက်စိုက် ကျသွားရတော့၏။

“ငါ နားလည်ပါပြီ... ငါ နင့်ကို တစ်ယောက်တည်း ထားမသွားပါဘူး”

“နားလည်ရင် ပြီးတာပဲ”

ထိုအခါမှ ဆုမိုသည် မြစ်ထဲသို့ (၃) ကြိမ်တိုင်တိုင် တံတွေး ထွေးထုတ်လိုက်၏။

ယန်ရှောင်ယွင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

“ခစ်..ခေါင်းဆောင်ဆု... ယူချွမ်ဂိုဏ်းကို ဖြိုခွင်းခဲ့တဲ့ သူရဲကောင်းကြီးက... ဘာလို့ အခုကျတော့ ကလေးတစ်ယောက်လို ဖြစ်နေရတာလဲ”

“ဒုတိယခေါင်းဆောင် ယန်... ခင်ဗျားကရော ဘာထူးလို့လဲ”

ဆုမိုက သူမအား တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ လက်ကလေးကို ဆွဲယူကာ သူ၏ လက်ဖဝါးထဲတွင် အသာအယာ ဆုပ်ကိုင်လိုက်၏။

“အစ်မ ပြောဖူးတယ်လေ... ဒီဘဝမှာ ကျွန်တော့်ကို မတွန်းထုတ်ဘူး၊ မထားသွားဘူးလို့”

“အဲဒါကို ကျွန်တော် သဘောတူခဲ့တယ်... ဒါပေမယ့် အစ်မကလည်း ကျွန်တော့်ဘေးမှာ တစ်သက်လုံး ရှိနေပေးမယ်လို့ ကတိပေးရမယ်”

“မြေကမ္ဘာ အဆုံးအထိ... ဘယ်တော့မှ ခဏလေးတောင် လမ်းခွဲမှာ မဟုတ်ဘူးလို့ပေါ့”

ယန်ရှောင်ယွင်သည် နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။

“ယောကျ်ားကောင်း စကားဆိုတာ အမြဲတည်တယ်။ မြင်း (၄) ကောင်ဆွဲတဲ့ ရထားနဲ့တောင် လိုက်လို့ မမီဘူး”

“သူတော်ကောင်း ကတိဆိုတာ ပိဿာတစ်ထောင်ထက်တောင် ပိုလေးတယ်။

အစ်မယွင်... တကယ်လို့ အစ်မသာ ကတိဖျက်ပြီး ကျွန်တော့်ကို ထားသွားခဲ့မယ် ဆိုရင်... ငရဲပြည် (၉) ထပ်အထိ လိုက်မယ်၊ ကျွန်တော် ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဆုမို၏ အသံမှာ မကျယ်သော်လည်း... အလွန်ပင် ပြတ်သား လေးနက်နေပေတော့၏။

ယန်ရှောင်ယွင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း... မသိစိတ်ကြောင့် တွန့်ချိုးနေသော ဆုမို၏ မျက်ခုံးတန်းလေးကို လက်ဖြင့် အသာအယာ ဖြေလျှော့ပေးလိုက်သည်။ ထို့နောက် သူမက ပြုံးလျက် ပြောဆိုလိုက်တော့၏။

“ကောင်းပါပြီ”

...

လန်ယွဲ့နန်းတော်မှ ချူချိုယွီ ပြောပြခဲ့သော အချစ်ဇာတ်လမ်းမှာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့အတွက်မူ... ပုံပြင် တစ်ပုဒ်မျှသာ ဖြစ်သည်။

အနည်းဆုံးတော့ လတ်တလောတွင် ဆုမိုအနေဖြင့် ဇီယန်ဂိုဏ်းသို့ သွားရောက်ရန် အစီအစဉ် မရှိပေ။

လန်ယွဲ့နန်းတော်မှ လူများနှင့် ဆက်သွယ်ရန်မှာလည်း မလွယ်ကူလှသည်မှာ အသေအချာပင်။

မြစ်စုန်အတိုင်း ခရီးနှင်လာကြရာ သင်္ဘောပေါ်မှ ဆုမိုနှင့် ယန်ရှောင်ယွင်တို့အတွက်မူ... ရခဲလှသော အေးချမ်းမှုလေးပင် ဖြစ်တော့၏။

သူတို့နှစ်ဦးသည် တစ်ခါတရံတွင် မြစ်ကမ်းဘေး ရှုခင်းများကို ငေးမောကြည့်ရှုကြပြီး၊ တစ်ခါတရံတွင်မူ ငါးထိုင်မျှားနေတတ်ကြ၏။

ကျန်းရှောင်ရှောင်မှာမူ ခြေတစ်ချောင်းထောက် ကြေးနီလှံကြီးကို ကိုင်ဆောင်လျက် သူတို့နှစ်ဦး၏ အနောက်မှ တကောက်ကောက် လိုက်နေတတ်ပြီး... လမ်းသွားလမ်းလာများကို အနားမကပ်ရန် စောင့်ကြပ်ပေးနေတတ်လေသည်။

အခြားအချိန်များတွင်မူ သူမသည် အခန်းထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး... သူမ၏ ဟောက်သံမှာ ကောင်းကင်ယံကိုပင် တုန်ခါသွားစေနိုင်သည်မှာ အမှန်ပင်။

ရက်အနည်းငယ်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး... သူတို့၏ သင်္ဘောကြီးမှာ ကျီယန် ဆိပ်ကမ်းသို့ ရောက်ရှိ ဆိုက်ကပ်လိုက်လေတော့၏။

“ခေါင်းဆောင်ဆု... ဒုတိယခေါင်းဆောင် ယန်၊ ထာဝရည တောင်ကြားက လူတွေက လျှို့ဝှက်လွန်းပြီး အကြံအစည်ကြီး ရှိပုံပါပဲ... ကျွန်မတို့ အနေနဲ့ ဒီကိစ္စကို ဂိုဏ်းကို အရင် သတင်းပို့ရမှာမို့ ရှေ့ဆက်ဖို့ အစီအစဉ်တွေ လုပ်ရပါဦးမယ်”

“ဒါကြောင့် ဒီနေရာမှာပဲ ရှင်တို့နဲ့ လမ်းခွဲရမှာပါ”

ချူချိုယွီနှင့် လန်ယွဲ့နန်းတော်မှ တပည့်များသည် ဆုမိုတို့အဖွဲ့အား လက်နှစ်ဖက် ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်ကြ၏။

“ကောင်းပါပြီ... မိစ္ဆာဂိုဏ်းသားတွေက နည်းလမ်း ယုတ်မာတတ်ကြတယ်၊ သတိထားပြီး ကိုင်တွယ်ကြပါဦး”

“စိမ်းလန်းတဲ့ တောင်တန်းကြီးတွေ မပြောင်းလဲသရွေ့... စိမ်းလန်းတဲ့ ရေအလျဉ်ဟာလဲ အစဉ်အမြဲ စီးဆင်းနေမှာပါပဲ၊ နောင်တစ်ချိန်မှာ ပြန်ဆုံကြသေးတာပေါ့”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကလည်း အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြ၏။

သူတို့ဘေးတွင် ကြေးနီလှံကြီးကို ကိုင်၍ ရပ်နေသော ကျန်းရှောင်ရှောင်မှာမူ... ဘေးဘီဝဲယာကို ခက်ထန်စွာ ဝေ့ဝဲကြည့်ရှုနေလေသည်။

သို့သော် ဆုမိုနှင့် ယန်ရှောင်ယွင်တို့က နှုတ်ဆက်နေသည်ကို မြင်သောအခါ... သူမသည်လည်း ခဏတာ တွေးတောလိုက်ပြီးနောက် ကြေးနီလှံကြီးကို ချကာ သူတို့ကဲ့သို့ပင် လိုက်လံ နှုတ်ဆက်နေလေတော့၏။

ချူချိုယွီတို့ အဖွဲ့အား ပို့ဆောင်ပြီးနောက် ဆုမိုနှင့် သူ၏ အဖော်နှစ်ဦးမှာ ခရီးဆက်ခဲ့ကြ၏။

ကျီယန် ဆိပ်ကမ်းမှာ ဟောက်ရန် ကျောင်းတော် နှင့် သိပ်ပြီး မနီးလှသေးပေ။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မြင်းစီးလျက် ခရီးဆက်ခဲ့ကြသည်။ အစပထမ၌ ကျန်းရှောင်ရှောင်အား မြင်းစီးရန် စမ်းခိုင်းကြည့်ခဲ့သော်လည်း...

သူတို့သည် ထိုမိန်းမငယ်၏ ကိုယ်အလေးချိန်ကို လျှော့တွက်ခဲ့မိလေသည်။

သာမန်မြင်းတစ်ကောင်ပေါ်သို့ သူမ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်... ထိုမြင်းမှာ သူမ၏ အလေးချိန်ကို မခံနိုင်ဘဲ ခြေထောက်များ ညွှတ်ခွေကာ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့၏။

မျိုးကောင်းမြင်း တစ်ကောင်ကို စီးခိုင်းကြည့်သောအခါတွင်လည်း... ခြေလှမ်းအနည်းငယ်မျှသာ လျှောက်နိုင်ပြီး ရှေ့ဆက်ရန် မစွမ်းသာတော့ချေ။

ဒါကို မြင်တော့ ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်သက်သွားကြရတော့၏။

ကျန်းရှောင်ရှောင်၏ ကိုယ်အလေးချိန်မှာ သူမ၏ ခန္ဓာကိုယ် ထွားကျိုင်းမှုထက်ပင် ပိုမို၍ ကြီးမားနေပုံရသည်။

အစပိုင်းတွင် ဆုမိုက သူမ၏ ကိုယ်ပေါ်တွင် လေးလံသော ပစ္စည်းများ ဝှက်ထားသည်ဟု ထင်ခဲ့မိသော်လည်း... အမှန်တကယ်၌မူ ဘာမျှ ရှိမနေပေ။

ဤမိန်းမငယ်မှာ တကယ့်ကိုပင် လေးလံလွန်းလှပေသည်။

ဤမျှလောက်အထိ လေးလံနေခြင်းမှာ အလွန်ပင် ထူးဆန်းလွန်းလှသဖြင့် မေးမြန်းကြည့်သောအခါ... သူမ၏ ခန္ဓာကိုယ်ထဲတွင် ဖားလောင်းလေးများစွာ ရှိနေသောကြောင့် ဖြစ်သည်ဟု ကျန်းရှောင်ရှောင်က ပြန်လည် ဖြေဆို၏။ ထိုဖားလောင်းလေးများ အားလုံး၏ စုပေါင်းအလေးချိန်မှာ သူမအား ပိုမို၍ လေးလံစေခြင်း ဖြစ်သည်ဟု ဆိုသည်။

တကယ်လို့ တစ်နေ့နေ့မှာ အဲဒီဖားလောင်းလေးတွေနှင့် သူမနှင့် တစ်သားတည်း ဖြစ်သွားခဲ့လျှင်... သူမ အနေနှင့် ပေါ့ပေါ့ပါးပါး လှုပ်ရှားနိုင်လိမ့်မည် ဟုလည်း ပြောပြရှာသည်။

ဆုမိုမှာမူ ထိုစကားကို ယုံရခက်ခက် ဖြစ်နေသော်လည်း... မတတ်သာဘဲ သူတို့နှစ်ဦး မြင်းစီးနေစဉ် သူမအား ခြေလျင် လိုက်ခိုင်းရတော့၏။

ထိုမိန်းမငယ်၏ အတွင်းအားမှာ တကယ့်ကိုပင် အံ့မခန်းလှပေသည်။

အစာဝအောင် စားထားရသရွေ့ သူမသည် အစဉ်အမြဲ ပြေးလွှားနိုင်မည့်ပုံ ရှိနေပေသည်။

(၅) ရက်၊ (၆) ရက်ခန့် ကြာမြင့်သော ခရီးစဉ်အတွင်း အရာအားလုံးမှာ အဆင်ပြေ ချောမွေ့နေခဲ့၏။

ထိုနေ့ နေမွန်းတည့်ချိန်တွင် ကျန်းရှောင်ရှောင်၏ ခြေလှမ်းများ နှေးကွေးလာသည်ကို သတိပြုမိလိုက်သဖြင့်... ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ ထိုမိန်းမငယ် ဗိုက်ဆာနေပြန်ပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။

အနားယူရန် နေရာရှာတော့မည့် အချိန်တွင်... ယန်ရှောင်ယွင်၏ အကြည့်သည် လမ်းဘေး မလှမ်းမကမ်းရှိ လက်ဖက်ရည်ဆိုင်လေး တစ်ခုထံသို့ ကျရောက်သွား၏။

ဆုမိုနှင့် တိုင်ပင်ပြီးနောက် သူတို့သည် ထိုဆိုင်လေးတွင် အစာရေစာ စားသောက်ပြီးမှ ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

လက်ဖက်ရည်ဆိုင် အတွင်း၌ လူအချို့ ရှိနေကြပြီး စားပွဲ (၂) လုံးခန့်သာ လွတ်နေတော့၏။

ဆုမိုတို့အဖွဲ့ ရောက်ရှိလာသည်ကို မြင်သောအခါ လူတိုင်းက လှည့်ကြည့်ကြ၏။ သူတို့သည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ မျက်နှာကို သိပ်ပြီး သတိမထားမိကြသော်လည်း... ကျန်းရှောင်ရှောင်ကို မြင်သောအခါတွင်မူ မျက်လုံးများမှာ ခေတ္တမျှ ရပ်တန့်သွားကြရရှာသည်။

သူတို့ (၃) ယောက် ဆိုင်ထဲဝင်ပြီး ထိုင်တော့မည့် အချိန်တွင်... လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာ၏။

အံ့ဩသွားသဖြင့် လှည့်ကြည့်လိုက်ကြသောအခါ... လမ်းမထိပ်မှနေ၍ ဝေါယာဉ်တစ်စင်း ချဉ်းကပ်လာသည်ကို တွေ့မြင်လိုက်ရလေတော့သည်။

အဖြူရောင် ဝတ်ဆင်ထားသော မိန်းမငယ်လေး (၄) ဦးက ဝေါယာဉ်ကို ပေါ့ပါးသော ခြေလှမ်းများဖြင့် ထမ်းပိုးလာကြသည်။... ဝေါယာဉ်၏ အပေါ်တွင်မူ အဖြူရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ဦးမှာ စာအုပ်တစ်အုပ်ကို အာရုံစိုက် ဖတ်ရှုနေ၏။ သူ၏ အကြည့်မှာ စာအုပ်ပေါ်တွင်သာ ရှိနေပြီး ပတ်ဝန်းကျင်ကို လုံးဝ စိတ်မဝင်စားသည့်နှယ်။

အခန်း (၂၄၈)- ခေတ္တလမ်းခွဲခြင်း

~အဝေးမှ ဝေါယာဉ်ငယ်ကလေးသည် မျက်တောင်တစ်ခတ်အတွင်း ဆိုင်ရှေ့သို့ ဆိုက်ရောက်လာသည်။

အဖြူရောင်ဝတ် မိန်းမငယ် (၄) ဦးမှာ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ဝေါယာဉ်ပေါ်ရှိ လူငယ်မှာလည်း ထိုအခါမှ သတိပြန်ဝင်လာပုံရ၏။

သူသည် စာအုပ်မှ အကြည့်ခွာကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် မေးဆိုလိုက်လေသည်။

“ဒါ ဘယ်နေရာလဲ”

“သခင်လေး... တစ်ခုခု စားကြရအောင်ရှင်”

မိန်းမငယ်လေးတစ်ဦးက တိုးညှင်းစွာ ပြောဆိုလိုက်၏။

“ဒီနေရာက တောတောင်ကြားက လမ်းဘေးလက်ဖက်ရည်ဆိုင် ဆိုပေမဲ့... ဗိုက်ဖြည့်ဖို့တော့ လုံလောက်ပါတယ်ရှင်”

“ဪ...”

လူငယ်လေးက နားလည်သလို ခေါင်းညိတ်လိုက်ပြီးနောက် -

“ဒါဆိုလည်း ကောင်းပြီလေ”

သူ့စကားအဆုံးတွင် မိန်းမငယ် (၄) ဦးသည် လူငယ်လေးအား ဝေါယာဉ်နှင့်အတူ လက်ဖက်ရည်ဆိုင် အတွင်းသို့ ထမ်းပိုးခေါ်ဆောင်သွားကြတော့၏။

ဝေါယာဉ်ကို အသာအယာ ချထားလိုက်ပြီးနောက် မိန်းမငယ်တစ်ဦးသည် လွတ်နေသော စားပွဲတစ်လုံးဆီသို့ လျှောက်သွားကာ ထိုစားပွဲကို ဝေါယာဉ်၏ အရှေ့သို့ မ၍ ချပေးလိုက်၏။

ဝေါယာဉ်မှာ အမိုးမပါဘဲ သေးငယ်လှသဖြင့် ချထားလိုက်သောအခါ ထိုင်ခုံတစ်ခုနှင့် ဆင်တူနေသော်လည်း အောက်ခြေတွင် ဝေါယာဉ်ထမ်းပိုးများ ပါရှိနေသဖြင့် ကြည့်ရသည်မှာ တစ်မျိုး ထူးဆန်းနေသည်။

လူငယ်လေးသည် ဝတ်ရုံလက်ထဲမှ ပိုးလက်ကိုင်ပုဝါကို ထုတ်ယူကာ သူ၏အရှေ့ရှိ စားပွဲခုံနေရာလေးကို အသာအယာ သုတ်လိုက်၏။

ထို့နောက် သူက လှည့်၍ အော်ခေါ်လိုက်တော့သည်။

“ဆိုင်ရှင်... ဘယ်မှာလဲ”

“လာပါပြီ... လာပါပြီဗျ”

ဆိုင်အကူလေးမှာ အပြေးအလွှား ရောက်ရှိလာသော်လည်း လူငယ်လေး၏ အနားသို့ မကပ်မီမှာပင် မိန်းမငယ်တစ်ဦးက တားဆီးလိုက်၏။

“အနားကို သိပ်မကပ်နဲ့”

ဆိုင်အကူမှာ အံ့ဩမှင်သက်သွားရသော်လည်း ချက်ချင်းပင် အပြုံးမျက်နှာဖြင့် -

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါခင်ဗျာ၊ ဘာများ မှာယူချင်ပါသလဲဗျ”

“ဒီဆိုင်မှာ 'ကျင်းရှို့လျန်ချန်' ရှိသလား”

“...”

ဆိုင်အကူမှာ သူကြားလိုက်ရသည်ကို သေချာစေရန် ခေတ္တမျှ ကြောင်အမ်းနေပြီးမှ -

“မရှိပါဘူးဗျာ”

လူငယ်လေးမှာ အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

သို့သော် သူသည် စိတ်မဆိုးဘဲ ဆက်လက်၍ မေးမြန်းပြန်သည်။

“ဒါဆိုရင်ရော 'ငှက်တစ်သောင်း ဖီးနစ်ကို ဂါရဝပြုခြင်း' ရော ရှိမလား”

“... အဲဒါလည်း မရှိပါဘူးဗျ”

“ဟင်း... အဲဒါဆိုရင်တော့... အင်း...”

သူသည် အလွန် သတိကြီးစွာဖြင့် တွန့်ဆုတ်နေပြီးမှ နောက်ဆုံး၌ မေးမြန်းလိုက်လေတော့သည်။

“တောင်တန်းနှင့် မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း ရော ရှိမလား”

“......”

ဆိုင်အကူမှာ အပြုံးမပျက်သော်လည်း ခေါင်းကို အပြတ်အသတ် ခါရမ်းလိုက်၏။

“မရှိပါဘူးဗျ”

“ဟူး...”

လူငယ်လေး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ဒါဆိုရင်တော့... 'လမင်းစင်စစ် သေရည်' တစ်အိုးပဲ ပေးပါတော့”

“ကျွန်တော်တို့ဆိုင်မှာ တောတောင်ထဲက ခူးလာတဲ့ တောလက်ဖက်ရည်ပဲ ရှိပါတယ်ဗျ၊ သောက်ချင်သလား”

“တောလက်ဖက်ရည် ဟုတ်လား”

လူငယ်လေးမှာ အံ့အားသင့်သွားပုံ ရသော်လည်း ရုတ်တရက်.. တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် -

“ဆိုင်ရှင်... ခဏစောင့်ပါဦး”

သူသည် ခေါင်းငုံ့ကာ စောစောက ချထားသော စာအုပ်ကို ပြန်လည်ကောက်ယူလိုက်ပြီး စာမျက်နှာများကို လှန်လှော ရှာဖွေလိုက်၏။ ခဏအကြာတွင် သူ၏ မျက်ဝန်းများမှာ အံ့ဩဝမ်းသာမှုများဖြင့် တောက်ပလာတော့သည်။

“အလွန်ကောင်းတယ်... ဒါဆိုရင် တောလက်ဖက်ရည် တစ်အိုးပဲ ပေးပါ”

“...”

ဆိုင်အကူမှာ ချက်ချင်းပင် သဘောတူလိုက်ရတော့၏။

“တခြား ဘာများ လိုပါသေးသလဲဗျ”

“တခြား ဘာများ ရှိသေးလို့လဲ”

လူငယ်လေးမှာ နားမလည်နိုင်စွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။ သူ မှာသမျှ တစ်ခုမှ မရှိဘဲနှင့် ဤဆိုင်အကူမှာ အဘယ်ကြောင့် ဤမျှအထိ ယုံကြည်မှု ရှိနေသနည်းဟု တွေးတောနေမိပုံရသည်။

ဆိုင်အကူမှာလည်း ပြောစရာ စကားမဲ့သွားရကာ -

“ခဏလောက် စောင့်ပေးပါဦးဗျာ...”

ထို့နောက် သူသည် လှည့်ထွက်သွားလေတော့၏။

ဆုမိုတို့မှာ ထိုမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြသော်လည်း... ကျန်းရှောင်ရှောင်မှာမူ မနေနိုင်တော့ဘဲ ဆိုင်အကူကို လှမ်းခေါ်လိုက်သည်။

ဆိုင်အကူမှာ အပြေးအလွှား ရောက်ရှိလာပြန်သည်။

“ဘာများ မှာယူချင်လို့လဲဗျ”

ကျန်းရှောင်ရှောင်မှာ ဆုမိုအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုရင်း -

“သခင်ကြီး... ကျွန်မတို့ ဘာစားကြမလဲ”

သူမ၏ စကားသံကြောင့် ဆိုင်အတွင်းရှိ လူတိုင်း၏ အကြည့်မှာ ဆုမိုထံသို့ အလိုအလျောက် ကျရောက်သွားကြ၏။

သခင်ကြီး ဟူသည့် ခေါ်ဝေါ်သံ။

ဤကဲ့သို့သော ဘွဲ့ထူးဖြင့် အခေါ်ခံရသူမှာ မည်သူ ဖြစ်နိုင်ပါသနည်း။

ဧကန္တ ဤသူသည် တောတောင်ကြားမှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီး ဖြစ်ပေလိမ့်မည်။

ချက်ချင်းပင် လူအချို့မှာ မိမိတို့၏ အဖိုးတန်ပစ္စည်းများကို အင်္ကျီအတွင်း၌ သေချာဝှက်လိုက်ကြ၏။ ထိုသခင်ကြီး မြင်သွားပါက တိတ်တဆိတ် လုယူသွားမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

အချို့မှာမူ မိမိတို့ ခါးကြားမှ လက်နက်များကို သတိကြီးစွာဖြင့် ကိုင်ထားလိုက်ကြ၏။

ဆုမိုတို့နှင့် နီးစပ်သော စားပွဲတစ်ခုမှာမူ သူတို့အား ပြုံးပြလျက် အလိုက်တသိ ခေါင်းညိတ်နှုတ်ဆက်လာပေသည်။

ယန်ရှောင်ယွင်မှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရကာ ခပ်ဟဟ ချောင်းဟန့်လိုက်ပြီးမှ -

“ဒီဆိုင်မှာ ဘာတွေ ရနိုင်သလဲ”

“စားချင်တာ အကုန်နီးပါး ရပါတယ်ဗျ”

ဆိုင်အကူမှာ ပြောဆိုလိုက်သော်လည်း ဝေါယာဉ်ပေါ်မှ လူငယ်လေးအား အားနာသလို လှမ်းကြည့်လိုက်၏။

ထိုလူငယ်လေးမှာလည်း စူးစမ်းလိုသော မျက်ဝန်းများဖြင့် ဆုမိုတို့ဘက်သို့ လှည့်ကြည့်လာပေသည်။

ဆိုင်အကူ၏ စကားကို ကြားသောအခါ ယန်ရှောင်ယွင်သည်လည်း စိတ်အေးသွားဟန်ဖြင့် ပြုံးလိုက်၏။

“ဒါဆိုရင် အမဲသားပြုတ် နည်းနည်း ပေးပါ”

“ပြီးတော့ အသားပေါင်း မုန့် အကြီး (၂) လုံး”

“ဟင်းအေး တစ်ပွဲနဲ့ ဟင်းပူ နှစ်ပွဲ... ဆိုင်ရှင်ရဲ့ အမြင်အရပဲ စီစဉ်ပေးလိုက်ပါ”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါဗျ”

ဆိုင်အကူမှာ နောက်ဆုံး၌ ပုံမှန်အမှာ တစ်ခု ရရှိသွားသဖြင့် သက်ပြင်းချနိုင်သွားရတော့သည်။

သူသည် အလျင်အမြန်ပင် ပြင်ဆင်ရန် ထွက်သွားလေတော့၏။

ထိုစကားများကို ကြားပြီးနောက် လူငယ်လေးမှာ တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် သူ၏စာအုပ်ကို ထပ်မံ လှန်လှောကြည့်ပြန်၏။ ခဏအကြာတွင် သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား -

“ဆိုင်ရှင်... ဆိုင်ရှင်..” ဟု ကျယ်လောင်စွာ အော်ခေါ်လိုက်လေတော့သည်။

“လာပါပြီ... လာပါပြီဗျ”

ဆိုင်အကူမှာ မှာကြားထားသည်များကို ပြောဆိုပြီးနောက် လူငယ်လေးထံသို့ လက်ဖက်ရည်အိုးနှင့် အပြေးအလွှား ရောက်လာကာ -

“သခင်လေး... လက်ဖက်ရည် ရပါပြီဗျ”

“အရင်ချထားလိုက်ပါ... ပြီးရင် အမဲသားပြုတ် (၅) ပိဿာလောက် ပေးပါ၊ အသားပေါင်းမုန့် အကြီး (၂) လုံး၊ ဟင်းအေး တစ်ပွဲနဲ့ ဟင်းပူ နှစ်ပွဲ... ဆိုင်ရှင်ရဲ့ အမြင်အရပဲ စီစဉ်ပေးပါ”

သူသည် ယန်ရှောင်ယွင် ပြောဆိုသွားသော လေသံအတိုင်း တစ်ထပ်တည်းကျအောင် အတုခိုး၍ ပြောဆိုလိုက်၏။

ဆိုင်အကူမှာ ထိုစကားကို နားထောင်ရင်း ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် ဆုမိုတို့ စားပွဲဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိပြီးမှ -

“ခဏလောက် စောင့်ပေးပါဗျာ... အခုပဲ အသင့်ပြင်ပေးပါ့မယ်”

ပြောပြောဆိုဆိုဖြင့် သူသည် အနောက်ဘက်သို့ အလျင်အလို ပြန်လှည့်သွားသည်။

ဆုမိုသည် လူငယ်လေးဘက်သို့ အကြည့်လွှဲလိုက်ရာ ထိုလူငယ်လေးမှာ ချက်ချင်းပင် ပြုံးပြလျက် ခေါင်းညိတ်ပြလာ၏။

ဆုမိုကလည်း လက်နှစ်ဖက် ဆုပ်ကိုင်ကာ ပြန်လည် နှုတ်ဆက်လိုက်ရသော်လည်း ခေတ္တမျှ ပြောစရာ စကားမဲ့သွားရပေသည်။

“ဒါ ဘယ်အိမ်က သခင်လေးပါလိမ့်... တော်တော်လေးတော့ မအူမလည် နိုင်လှချေရဲ့”

ယန်ရှောင်ယွင်က တိုးညှင်းစွာ ရေရွတ်လိုက်၏။

“သူမှာလိုက်တဲ့ စားစရာတွေက ဒီလို တောလမ်းဘေးဆိုင်လေးမှာ ဘယ်မှာ ရှိနိုင်ပါ့မလဲ”

ဆုမို၏ မျက်နှာမှာမူ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ တိုးညှင်းသော လေသံဖြင့် ပြန်လည် ပြောဆိုလိုက်လေသည်။

“ကျင်းရှို့လျန်ချန်... ငှက်တစ်သောင်း ဖီးနစ်ကို ဂါရဝပြုခြင်း... တောင်တန်းနှင့် မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း... အဲဒါတွေက တကယ်တမ်း ဘာတွေလဲဆိုတာ ဘယ်သူ သိမှာလဲ”

“ဒါပေမယ့် ဒါတွေက ငါတို့နဲ့ မသက်ဆိုင်ပါဘူး... ဂရုစိုက်နေစရာ မလိုပါဘူး”

ယန်ရှောင်ယွင်မှာ ခေါင်းညိတ် ထောက်ခံလိုက်၏။

ခဏအကြာတွင် ဆိုင်အကူမှာ ဗန်းတစ်ခုဖြင့် ရောက်ရှိလာပြီး မှာယူထားသော စားစရာများကို စားပွဲပေါ်တွင် တစ်ခုချင်းစီ တည်ခင်းပေးလိုက်လေတော့၏။

အရာအားလုံး စုံလင်ကြောင်း အတည်ပြုပြီးနောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အေးအေးဆေးဆေးပင် စားသောက်နေကြလေတော့၏။

အခန်း (၂၄၉)- ခေတ္တလမ်းခွဲခြင်း (၂)

~ကျန်းရှောင်ရှောင်၏ စားပွဲပေါ်မှ စွမ်းဆောင်ရည်မှာကား အထူးပင် ဖော်ပြနေရန် မလိုတော့ချေ။ အတူတကွ ရှိနေခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်ငြား ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ ထိုမြင်ကွင်းကို မြင်တွေ့ရတိုင်း အံ့ဩမှင်သက်နေကြရဆဲပင် ဖြစ်၏။

သူမ၏ လက်အစုံမှာ လေပွေတစ်ခုအလား အလျင်အမြန် လှုပ်ရှားနေပြီး ရှေ့မှ စားစရာဟူသမျှကို မျိုးဖြုတ်ပစ်နေလေတော့သည်။

သာမန်လူတို့မှာ ပေါက်စီကို တစ်လုံးချင်းစီ စားတတ်ကြသော်လည်း ကျန်းရှောင်ရှောင်၏ ပါးစပ်မှာမူ တစ်ခါဟလိုက်သည်နှင့် ပေါက်စီ နှစ်လုံးမှာ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားရသည်။ သူမ၏ သံမဏိသဖွယ် မာကျောသော သွားများဖြင့် တစ်ချက်တည်း ဝါးချလိုက်ရုံဖြင့် အစာအိမ်အတွင်းသို့ အလျှိုလျှို ရောက်ရှိသွားတော့၏။

ဆုမိုတို့ဘက်တွင်မူ သူနှင့် ယန်ရှောင်ယွင်တို့မှာ ပေါက်စီ တစ်လုံးစီကို ကိုင်ရုံသာ ရှိသေးပြီး စားပင် မစားရသေးမီမှာပင် ကျန်းရှောင်ရှောင်မှာ ဇလုံ တစ်လုံးစာကို ရှင်းပစ်လိုက်လေပြီ။

ဆုမိုသည် သက်ပြင်းတစ်ချက် ဖွဖွချလိုက်ရင်း ရေရွတ်လိုက်၏။

'ငါတို့ သူ့ကို လျှော့တွက်ခဲ့မိတာပဲ'

“ဆိုင်အကူလေး...”

ယန်ရှောင်ယွင်သည် ဆိုင်အကူကို လှမ်းခေါ်လိုက်ရပြန်သည်။ အခုနောက်ပိုင်းတွင် သူမမှာ ဤစကားကို မကြာခဏ ဆိုနေရသည်ဟု ခံစားနေမိ၏။

ခဏအကြာတွင် နောက်ထပ် စားစရာများ အပြည့်အစုံ ရောက်ရှိလာပြန်သည်။ ဆုမိုမှာမူ ကျန်းရှောင်ရှောင်၏ မုန်တိုင်းအလား စားသောက်ပုံကို ကြည့်ရင်း စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာရတော့၏။

ဤမိန်းမငယ်လေးမှာ တိုက်ပွဲတွင် ရဲရင့်ပြတ်သားသော ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်နိုင်သော်ငြား... သူမ၏ စားနိုင်စွမ်းမှာကား အနည်းငယ် လွန်ကဲနေတော့၏။

‘တကယ်လို့ ဒီကောင်မလေးသာ ငါတို့ အာမခံ ဌာနထဲ ဝင်လာရင်... လစာ ဘယ်လောက် ပေးပေး…သူမရဲ့ စားစရိတ်နဲ့တင် လောက်ပါ့မလား မသိဘူး။’

ရုတ်တရက် ကျန်းရှောင်ရှောင်၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ ဆုမိုအား အကဲခတ်သလို လှမ်းကြည့်လာ၏။

ဆုမို ကြောင်သွားရကာ -

“ဘာဖြစ်လို့လဲ”

“ဟို... သခင်ကြီး၊ ကျွန်မ အများကြီး စားမိသွားလို့လားဟင်”

ကျန်းရှောင်ရှောင်သည် သူမ၏ ဝဖောင်းနေသော လက်အစုံကို နောက်သို့ ပြန်ဆွဲလိုက်ရင်း -

“ကျွန်မ... ကျွန်မ ဗိုက်ဝသွားပါပြီ..”

သူမသည် ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး ဝမ်းဗိုက်ကို အသာအယာ ပွတ်သပ်ပြသည်။ ထို့နောက် သူမ၏ စကားမှာ အဟုတ်အမှန် ဖြစ်ကြောင်း သက်သေပြသည့်အလား ခေါင်းကို အားရပါးရ ညိတ်ပြနေပြန်တော့၏။

“...”

ဤမြင်ကွင်းကို ကြည့်ရှုရင်း ဆုမိုမှာ ကိုယ့်ကိုယ်ကို အပြစ် ရှိသလို ခံစားလိုက်ရသဖြင့် လက်ကာပြလိုက်ရသည်။

“စားပါ... စားပါ၊ ငါ.. မင်းကို ကြည့်နေတာ မဟုတ်ပါဘူး၊ မင်းကို လစာ ဘယ်လောက် ပေးရမလဲဆိုတာ စဉ်းစားနေတာပါ”

“လစာ ဟုတ်လား”

ကျန်းရှောင်ရှောင်မှာ နားမလည်နိုင်ဟန်ဖြင့် -

“လစာဆိုတာ ဘာကြီးလဲဟင်”

“မင်း ငါတို့နဲ့ လိုက်လာပြီဆိုမှတော့ အာမခံဌာနအတွက် အလုပ်လုပ်ပေးရမှာပေါ့၊ အဲဒီအခါကျရင် စားဝတ်နေရေး အပြင် လတိုင်း လစာငွေလည်း ရဦးမှာလေ”

ယန်ရှောင်ယွင်က ပြုံးလျက် ဝင်ပြောလိုက်၏။

“အဲဒီငွေတွေကို ရရင် ဘာဝယ်စားရမလဲ ဆိုတာ မင်း အေးအေးဆေးဆေး စဉ်းစားလို့ ရတာပေါ့”

“ကျွန်မ ငွေမလိုပါဘူး”

ကျန်းရှောင်ရှောင်က ပြတ်သားစွာပင် ပြောဆိုလိုက်လေတော့၏။

“သခင်ကြီးနဲ့ ဒုတိယသခင်ကြီးတို့က ကျွန်မကို အစာဝအောင် ကျွေးနေသရွေ့... ငွေက ဘာလုပ်ဖို့လဲ”

ဆုမို ခေတ္တမျှ မှင်သက်သွားရကာ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်... တစ်ဖက်စားပွဲမှ သခင်လေးထံမှ အံ့ဩတကြီး အော်ဟစ်သံကို ကြားလိုက်ရ၏။

“ဒါ... ဒါက ဘာကြီးလဲ”

သူတို့ (၃) ဦးစလုံး လှည့်ကြည့်လိုက်ကြရာ ထိုသခင်လေးမှာ အသားပေါက်စီ တစ်လုံးကို ကိုင်လျက် အမြီးအမောက် မတည့်စွာ ဝါးစားနေသည်ကို တွေ့လိုက်ရလေသည်။

သူသည် အားပါးတရ ဝါးစားနေရင်းနှင့်ပင် မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေကာ -

“ဒါက ဘာကြီးလဲလို့”

သူက မေးမြန်းနေသော်လည်း လက်အစုံမှာမူ ရပ်တန့်ခြင်း မရှိဘဲ စားစရာများကို ပါးစပ်အတွင်းသို့ အဆက်မပြတ် ထိုးသွင်းနေလေတော့၏။

ဤလက်ဖက်ရည်ဆိုင်ရှိ ပေါက်စီများမှာ တကယ့်ကိုပင် အသားအနှစ် ပြည့်ဝလှသဖြင့် ထိုသခင်လေး စားနေစဉ်အတွင်း မေးစေ့မှနေ၍ ဆီများ ယိုစီးကျလာသည်ကိုပင် သူ သတိမထားမိတော့ချေ။

သူသည် ပိုးလက်ကိုင်ပုဝါကိုပင် ထုတ်မသုံးတော့ဘဲ မိမိ၏ အဝတ်အစားများဖြင့်သာ လက်ကို သုတ်လိုက်ရင်း အခြားပေါက်စီ တစ်လုံးကို ကောက်ယူလိုက်ပြန်၏။

ကြည့်ရသည်မှာ သူ၏ စားသောက်ပုံမှာ ကျန်းရှောင်ရှောင်ထက်ပင် ပို၍ ဆိုးရွားနေသကဲ့သို့ ရှိနေပေသည်။

ဆိုင်အတွင်းရှိ အခြား ဧည့်သည်များမှာမူ ဤငတ်မွတ်နေသော သရဲ (၂) ကောင်မှာ မည်သည့်အရပ်မှ ရောက်ရှိလာသနည်းဟု တွေးတောရင်း ခေါင်းခါယမ်းနေကြလေတော့၏။

ထိုသခင်လေးမှာကား ဗိုက်ဆာလွန်းလှသဖြင့် ပေါက်စီများကို ပါးစပ်ထဲသို့ တရစပ် သွတ်သွင်းနေရင်း အမဲသားပြုတ်များကိုလည်း လက်ဖြင့် ဆွဲယူကာ အငမ်းမရ စားသောက်နေသည်။ သူ၏ မျက်ဝန်းများမှာ ဤမျှ အရသာရှိသော စားစရာမျိုးကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မစားဖူးသကဲ့သို့ တောက်ပနေပေ၏။

ဆုမိုသည် ထိုသူအား အနည်းငယ် လှမ်းကြည့်လိုက်ပြီးနောက် ဆက်လက်၍ အာရုံမစိုက်တော့ဘဲ ကျန်းရှောင်ရှောင်အား စိတ်ကြိုက် စားသောက်ရန် ခွင့်ပြုလိုက်သည်။

ဆုမို၏ စကားမှာ အဟုတ်အမှန် ဖြစ်ကြောင်း သိရှိသွားသောအခါ ကျန်းရှောင်ရှောင်၏ နှာခေါင်းလေးမှာ ရှုံ့ပွသွားကာ -

“သခင်ကြီး... သခင်ကြီးက ကျွန်မအပေါ် တကယ် ကောင်းတာပဲ..”

ပြောပြောဆိုဆိုနှင့် သူမသည် ရှိုက်ကြီးတငင် ငိုရှာရင်း စားစရာများကို ဆက်လက် ဝါးမြိုနေလေတော့၏။

ဆုမိုမှာမူ သူမ၏ စောစောက စကားမှာ အပေါ်ယံ သက်သက်သာ ဖြစ်မလားဟု တွေးတောနေမိသည်။

အတွေးများ ရှည်လျားမနေတော့ဘဲ သူနှင့် ယန်ရှောင်ယွင်တို့ပါ ဝိုင်းဝန်း စားသောက်ကြရတော့၏။ မဟုတ်ပါက စားပွဲပေါ်မှ စားစရာများမှာ ကျန်းရှောင်ရှောင်၏ ဗိုက်ထဲသို့ အကုန်ရောက်သွားပေလိမ့်မည်။

ထိုအချိန်တွင် သူတို့သည် ပတ်ဝန်းကျင်မှ သတင်းအစအနများကိုလည်း နားစွင့်နေကြ၏။

ယခု သူတို့ ရောက်ရှိနေသော နေရာမှာ ဟောက်ရန် ကျောင်းတော်နှင့် သိပ်ပြီး မဝေးလှတော့ပေ။

နောက်ထပ် (၃) ရက် (၅) ရက်ခန့် ခရီးနှင်လိုက်ပါက ယန်ရီဇီ၏ နယ်မြေအတွင်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ထိုဘက်မှ အခြေအနေများကို ကြိုတင် သိရှိထားရန်မှာ အရေးကြီးလှပေသည်။

သို့သော် အတန်ကြာ နားစွင့်နေသော်လည်း ထူးခြားသော သတင်းများကိုမူ မကြားရသေးပေ။

သူတို့ အာရုံစိုက်နေစဉ်မှာပင် လမ်းမထိပ်မှနေ၍ လူအချို့ ပေါ်ထွက်လာပြန်သည်။ သူတို့သည် အလွန်ပင် လျင်မြန်သော ခြေလှမ်းများဖြင့် အလျင်စလို လျှောက်လှမ်းလာကြခြင်း ဖြစ်၏။

ဆုမို မော့ကြည့်လိုက်သည့် ခဏအတွင်းမှာပင် ထိုလူများမှာ ဆိုင်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ဖက်ရည်ဆိုင်ကို မြင်လိုက်သည်နှင့် ထိုလူအုပ်ကြီးမှာ ခေါင်းမဖော်ဘဲ ဆိုင်အတွင်းသို့ အုံနှင့်ကျင်းနှင့် တိုးဝင်လာကြလေတော့၏။

သို့သော် ဆိုင်အတွင်း၌ လူပြည့်နေသဖြင့် အသစ်ရောက်လာသူများမှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြ၏။ ကျန်းရှောင်ရှောင်၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသောအခါ သူတို့မှာ အလိုအလျောက်ပင် ရှောင်ကွင်းသွားကြလေသည်။

ပေါက်စီနှင့် အမဲသားများကို အငမ်းမရ စားနေသော သခင်လေးကိုလည်း တစ်ချက်ကြည့်လိုက်ကြပြီးမှ ဖြတ်ကျော်သွားကြပြန်သည်။

ဤကဲ့သို့သော ဝတ်စားဆင်ယင်မှုမျိုးနှင့် သိုင်းလောကသားများကို ရန်စရန်မှာ မလွယ်ကူလှပေ။

ထိုသခင်လေးမှာ ချမ်းသာကြွယ်ဝပုံ ပေါက်သော်လည်း အဘယ်ကြောင့် ဤမျှအထိ အတွေ့အကြုံ မရှိသကဲ့သို့ ပေါက်စီများကို ကိုက်ဝါးနေသနည်းဟု သူတို့ တွေးတောနေမိပုံရသော်လည်း အလွယ်တကူမူ မပတ်သက်ချင်ကြချေ။

နောက်ဆုံးတွင် ခေါင်းဆောင်ဖြစ်သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သူတို့နှင့် အနီးဆုံး စားပွဲရှိ လူများကို ဟိန်းဟောက်လိုက်လေတော့၏။

“ဖယ်ပေးကြစမ်း..”

ထိုစားပွဲမှ ဧည့်သည်များမှာ စားသောက်ပြီးကြတော့မည် ဖြစ်နေသဖြင့် အကယ်၍ ထိုလူများက ယဉ်ကျေးစွာ ပြောဆိုခဲ့ပါက သူတို့မှာ ငွေရှင်းပြီး ထွက်ခွာသွားကြမည် ဖြစ်ပေသည်။

သို့သော် ယခုကဲ့သို့ ရိုင်းစိုင်းစွာ ဆက်ဆံခံရမှတော့... ဖယ်ပေးလိုက်ခြင်းမှာ သိုင်းလောကတွင် အရှက်ရစရာ ဖြစ်နေသည် မဟုတ်ပါလော။

ထိုသူများမှာလည်း သာမန် အရပ်သားများ မဟုတ်ကြဘဲ ဓားကိုယ်စီ ဆောင်ထားကြသူများ ဖြစ်သည်။ ထိုအမိန့်သံကို ကြားလိုက်ရသောအခါ သူတို့မှာ ရယ်လိုက်ကြပြီး -

“သောက်ပေါက်ပိတ်စမ်း... မင်းက ဖယ်ခိုင်းတိုင်း ငါတို့က ဖယ်ပေးရမှာလား၊ မင်းက ငါ့သားများ မှတ်နေလို့လား”

All Chapters