အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း (၂၅၀)- ပြန်လည်ဆုံတွေ့ခြင်း
~“ဟား ဟား ဟား”
ဘေးနားမှ အဖော်ဖြစ်သူမှာ မနေနိုင်တော့ဘဲ အော်ရယ်မိသွား၏။
သို့သော် အသစ်ရောက်လာသော လူစု၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။ ထိုအထဲမှ အမာရွတ်နှင့် လူတစ်ယောက်မှာကား နောက်ထပ် စကားများမနေတော့ဘဲ လက်ဝါးကို ဝှေ့ယမ်းကာ ရုတ်တရက် တိုက်ခိုက်လိုက်လေတော့သည်။
“ဟင်”
သူနှင့် ရင်ဆိုင်နေရသူမှာလည်း သာမန်သိုင်းသမား မဟုတ်ချေ။ 'ချွင်' ခနဲ အသံနှင့်အတူ ခါးကြားမှ ဓားမှာ အိမ်ပြင်သို့ ထွက်ပေါ်လာပြီး ဖြစ်၏။ ဓားရောင်မှာ လျှပ်စီးပမာ ဝင်းလက်သွားကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်အား ပိုင်းဖြတ်ရန် ကျရောက်လာသည်။
သို့သော် ထိုသူ၏ လက်ဝါးမှာကား ရုတ်တရက်ပင် ဖမ်းဆုပ်ရခက်အောင် ပြောင်းလဲသွားပြီး အစစ်နှင့် အတုမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းပြန် ဖြစ်သွားတော့၏။
ဓားချက်မှာ လွဲချော်သွားရုံတင်မကဘဲ... မော့ကြည့်လိုက်သောအခါ ထိုလက်ဝါးမှာ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကြည့်ရသည်မှာ လက်ဝါးရိုက်ချက်ဟု ထင်ရသော်လည်း အမှန်တကယ်၌မူ လျှို့ဝှက်သော လက်ချောင်းထိုးချက်ပင် ဖြစ်တော့၏။
မျက်တောင်တစ်ခတ်အတွင်း ထိုသူ၏ ရင်ဘတ်ပေါ်သို့ (၃) ချက် ဆက်တိုက် ဖိနှိပ်ခြင်း ခံလိုက်ရသဖြင့် ဓားသမားမှာ နေရာတွင်ပင် တုံ့ခနဲ ရပ်တန့်သွားရ၏။ သူ၏ မျက်နှာမှာကား အကြီးအကျယ် ပျက်ယွင်းသွားကာ -
“မင်ဟွမ် လက်ဝါး လား”
“မင်းတို့က ဟွိုင်တောင်က ကျားငါးကောင် လား”
“အမြင်တော့ ရှိသားပဲ”
အမာရွတ်နှင့်လူက အေးစက်စွာ လှောင်ရယ်လိုက်ရင်း ဓားသမား၏ နဖူးတည့်တည့်သို့ လက်ချောင်းဖြင့် ပေါ့ပေါ့ပါးပါး ထိုးနှက်ရန် ပြင်လိုက်၏။
'ဟွိုင်တောင် ကျားငါးကောင်' ဟူသည့် အမည်ကို ကြားလိုက်ရသည်နှင့် ဓားသမား၏ အဖော်များမှာ မျက်နှာ သွေးရောင် မရှိ ဖြစ်သွားကြပြီး ဝင်ရောက် ကူညီရန် သတ္တိပင် မရှိကြတော့ချေ။
ထိုသူမှာ လက်ချောင်းတစ်ချက်အောက်တွင် အသက်ပျောက်တော့မည့် အချိန်၌... မည်သည့်အကြောင်းကြောင့် မသိရဘဲ အမာရွတ်နှင့်လူ၏ မျက်နှာမှာ ရုတ်ချည်းပင် ပြောင်းလဲသွားကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရလေတော့၏။
ခြေလှမ်းအနည်းငယ် ယိမ်းထိုးသွားပြီးနောက် သူ၏ လက်ချောင်းထိပ်တွင် အေးစက်စက် ဝေဒနာကို ခံစားလိုက်ရ၏။ ငုံ့ကြည့်လိုက်သောအခါ နွားမွေးသဖွယ် သေးငယ်လှသော အပ်တစ်ချောင်းမှာ သူ၏ လက်ချောင်းတွင် စူးဝင်နေသည်ကို တွေ့လိုက်ရလေသည်။
နွားမွှေးအပ် ဆိုသည်မှာ အလွန်ပင် သေးငယ်လှသဖြင့် အရေပြားနှင့် အသားကို ထိုးဖောက်နိုင်ရန်အတွက် စနစ်တကျ ကျင့်ကြံထားသော ပညာရပ် လိုအပ်ပေ၏။
သို့သော် ယခု ပစ်လွှတ်လိုက်သူမှာ အဝေးမှနေ၍ ပစ်လိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့သော လုပ်ရပ်မျိုးကို ပြုလုပ်နိုင်ရန်မှာ အလွန်မြင့်မားသော အတွင်းအား ရှိရန် လိုအပ်ပေသည်။
မဟုတ်ပါက နွားမွှေးအပ်ကို အဝေးသို့ ရောက်အောင် ပစ်ရန်မှာ ဝေးစွ... လူတစ်ယောက်၏ လက်ချောင်းကို ထိုးဖောက်ရန်ပင် လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
အမာရွတ်နှင့်လူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားရကာ လက်နှစ်ဖက် ဆုပ်ကိုင်လျက် -
“မေးပါရစေ... ဘယ်အရပ်က သူရဲကောင်းပါလိမ့်ဗျာ၊ ကျုပ်တို့ ဟွိုင်တောင် ကျားငါးကောင်ရဲ့ အပြုအမူကို မနှစ်မြို့ဘူးဆိုရင်လည်း ရှေ့ထွက်ပြီး ပြောနိုင်ပါတယ်”
“ရပါတယ်”
စာအုပ်ဖတ်နေသော အဖြူရောင်ဝတ် သခင်လေးထံမှ အသံ ထွက်ပေါ်လာ၏။
“ခင်ဗျားတို့က ဘာလို့ ဒီလောက်တောင် လူသတ်ချင်စိတ် ပြင်းထန်နေရတာလဲ၊ စကားလေး တစ်ခွန်း နှစ်ခွန်းနဲ့တင် လူ့အသက်ကို ယူချင်နေကြတာပဲ”
“စားပွဲခုံ လိုချင်တာကိုတော့ နားလည်ပေးလို့ ရပါတယ်”
“ဒါပေမယ့် အကျိုးအကြောင်း မရှိဘဲ ပြောဆိုတာကတော့ မှားနေတာပေါ့”
“အဲဒါကတောင် ကိစ္စမရှိသေးပါဘူး... ဒါပေမယ့် အကြောင်းပြချက် မရှိဘဲ လူသတ်ဖို့အထိ လုပ်တာကတော့...”
“ဟူး... ကျွန်တော် စာအုပ်ပေါင်း ထောင်သောင်းချီ ဖတ်ဖူးပေမဲ့... အဲဒီလို ယုတ္တိမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူးဗျ”
“မင်းလား”
အမာရွတ်နှင့်လူသည် မျက်မှောင်ကြုတ်လျက် ထိုသခင်လေးအား ကြည့်လိုက်၏။ ခေတ္တမျှ တွေးတောနေပြီးနောက် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ကာ -
“သခင်လေးရဲ့ အမည်ကို သိခွင့်ရမလားဗျ”
“အားနာစရာ မလိုပါဘူး”
ထိုသခင်လေးသည်လည်း တူညီသော ပုံစံဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။
“သိုင်းလောကမှာ မတော်တဆ ဆုံကြတာပဲ... ရင်းနှီးပြီးသား လူတွေလို လုပ်နေဖို့ ဘာလိုမှာလဲ၊ ကျွန်တော် ပြောတာကို သဘောတူတယ် ဆိုရင်တော့ ဒီအစ်ကိုကြီးကို လွှတ်ပေးလိုက်ပါ၊ သူက ဖယ်မပေးချင်လို့ မဟုတ်ဘဲ မျက်နှာပူလို့ နေမှာပါ၊ ခင်ဗျားတို့ ဟွိုင်တောင် ကျားငါးကောင်ရဲ့ သိက္ခာကို ချဖို့ ရည်ရွယ်ချက် မရှိပါဘူး”
“ကောင်းပါပြီ... သခင်လေးက ပြောမှတော့လည်း ကျုပ်က...”
စကားမဆုံးမီမှာပင် သူသည် ဓားသမားအား ရုတ်တရက် တွန်းထုတ်လိုက်၏။
“ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်”
တွန်းထုတ်ခြင်း ခံလိုက်ရသော ဓားသမားမှာ လွင့်ထွက်သွားရသည်။
မျက်စိတစ်မှိတ်အတွင်း သူသည် သခင်လေး၏ ရှေ့သို့ ရောက်ရှိသွားတော့၏။
သခင်လေး လှုပ်ရှားရန် မလိုဘဲ သူ၏ ဘေးမှ မိန်းမငယ် (၄) ဦးမှာ ဓားရှည်များကို အသီးသီး ထုတ်ယူကာ ဓားသမား၏ လှုပ်ရှားမှုကို တားဆီးလိုက်ကြလေသည်။
သို့သော် ဓားသမားမှာကား လည်ချောင်းသံဖြင့် ဟိန်းဟောက်လိုက်ပြီး ခေါင်းကို ရုတ်တရက် လှည့်လိုက်ရာ... သူ၏ မျက်နှာမှာ တစ်ခုလုံး မည်းနက်နေလေပြီ။ သူသည် ပါးစပ်ကို ဟလိုက်ရာ... မည်သည့်အချိန်က ပြည့်လျှံနေမှန်း မသိရသော သွေးမည်းများမှာ သခင်လေး၏ မျက်နှာထံသို့ ပန်းထွက်တော့မည့် အခြေအနေ ရှိနေသည်။
သို့သော် ထိုသခင်လေးမှာကား အလွန်ထူးကဲသော အမြင်အာရုံ ရှိသူ ဖြစ်သဖြင့် အရာအားလုံးကို တစ်ချက်တည်းဖြင့် မြင်လိုက်ရ၏။
သူ၏ မျက်နှာတွင် စိတ်မကောင်းဖြစ်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ကာ... ဝတ်ရုံလက်ဖြင့် စားပွဲပေါ်ကို အသာအယာ ဝှေ့ယမ်းလိုက်လေသည်။
စားပွဲပေါ်မှ ပေါက်စီ တစ်လုံးမှာ လွင့်ထွက်သွားပြီး ဓားသမား၏ ပါးစပ်အတွင်းသို့ တည့်တည့်မတ်မတ် စူးဝင်သွားတော့၏။
ထိုပေါက်စီမှာ ဓားသမား၏ ပါးစပ်အတွင်းရှိ သွေးမည်းများကို အတင်းအဓမ္မ ပြန်လည် မျိုချသွားစေလေတော့၏။
“သခင်လေး..”
မိန်းမငယ် (၄) ဦးစလုံး ထိတ်လန့်သွားကြရသည်။
သူတို့သည် ဓားသမားအား မြေပြင်ပေါ်သို့ ချထားလိုက်ပြီး သွေးကြောကွက်များကို ပိတ်ရန် ပြင်လိုက်စဉ်မှာပင် သခင်လေး၏ အသံကို ကြားလိုက်ရပြန်သည်။
“သူ့ကို မထိကြနဲ့၊ ဓားအိမ်နဲ့ပဲ ထိန်းထားလိုက်ရုံပဲ... ခင်ဗျားတို့ လက်ချောင်းတွေနဲ့ ထိလိုက်ရင် 'ပုပ်သိုးအလောင်းနဲ့ အရိုးစားအဆိပ်' ကူးစက်ခံရလိမ့်မယ်”
ဤစကားကို ကြားလိုက်ရသောအခါ မိန်းမငယ်များမှာ အလိုအလျောက်ပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။
အမာရွတ်နှင့်လူကမူ အံ့ဩချင်ယောင် ဆောင်ကာ -
“ဟင်... သူက ဘယ်လိုလုပ်ပြီး အဆိပ်မိသွားတာလဲ”
“ဒါက ခင်ဗျားကိုယ်တိုင် ခတ်လိုက်တဲ့ အဆိပ်ပဲ မဟုတ်လား”
သခင်လေးမှာ ခေါင်းပင် မော့မကြည့်တော့ဘဲ မည်သည့်နေရာမှ ထွက်လာမှန်း မသိရသော နွားမွှေးအပ် အချို့ကို ထုတ်ယူလိုက်၏။ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အပ်များမှာ ဓားသမား၏ ကျောပေါ်သို့ စိုက်ဝင်သွားတော့သည်။
သူသည် လက်ချောင်းများကို ဆက်တိုက် တောက်လိုက်ရာ လေဟာနယ်မှတစ်ဆင့် စွမ်းအားများ စီးဆင်းသွားပြီး... တစ်ဝက်ခန့်သာ မြင်ရသော နွားမွှေးအပ်များမှာ တဝီဝီ မြည်ဟိန်းလျက် တုန်ခါနေကြလေတော့၏။
သခင်လေးမှာ မျက်မှောင်အနည်းငယ် တွန့်သွားကာ -
“နည်းနည်းတော့ လိုသေးတယ်...”
သူ ပြောဆိုနေစဉ်အတွင်း အမာရွတ်နှင့်လူ၏ မျက်နှာမှာကား အမျိုးမျိုး ပြောင်းလဲနေပေတော့၏။
ဤအချိန်တွင် သူတို့နှင့် အနီးဆုံး၌ ရှိနေသူများမှာ ဆုမို၊ ယန်ရှောင်ယွင်နှင့် အခြားသူများ ဖြစ်ကြသည်။
သူသည် မည်သည့် အသံမျှ မထွက်စေဘဲ ဆုမိုတို့ဘက်သို့ လက်ချောင်းဖြင့် တိတ်တဆိတ် တောက်လိုက်ရာ... သူ၏ လက်ချောင်းထိပ်မှနေ၍ ဝိုးတဝါး မြူခိုးအချို့ လွင့်ပျံလာလေတော့၏။
ထိုအခိုက်အတန့်၌၊ ဆုမိုသည် မျက်မှောင်အနည်းငယ် တွန့်လိုက်ပြီး ဝတ်ရုံလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ပြင်းထန်သော လေဟုန် တစ်ခု ထွက်ပေါ်လာသည်။
ထိုမြူခိုးများမှာ အနားသို့ မကပ်နိုင်သေးမီမှာပင် နောက်သို့ ပြန်လည် လွင့်စင်သွားရတော့၏။
“ဘာ...”
ဟွိုင်တောင် ကျားငါးကောင်စလုံး မျက်နှာပျက်သွားကြပြီး အလျင်အမြန် ရှောင်တိမ်းလိုက်ကြသော်လည်း... ခြေလှမ်းတစ်လှမ်း နောက်ကျသွားသော တစ်ယောက်မှာမူ ထိုမြူခိုးများဖြင့် မျက်နှာတစ်ခုလုံး အုပ်မိသွားလေတော့၏။
မျက်စိတစ်မှိတ်အတွင်း သူ၏ အရေပြားမှာ မည်းနက်သွားပြီးနောက် နောက်ပြန်လဲကျကာ ပါးစပ်ထောင့်မှ သွေးမည်းများ ယိုစီးလာသည်။ ကြည့်ရသည်မှာ တကယ့်ကိုပင် ရင်နာစရာ ကောင်းလှပေသည်။
“သောက်ကောင်လေးတွေ..”
“တတိယညီလေး..”
“မင်းတို့ရဲ့ နည်းလမ်းတွေက အရမ်း ရက်စက်လွန်းတယ်..”
ကျန်ရှိနေသော ကျားငါးကောင်မှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး ဆုမိုအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြ၏။
သူတို့၏ စကားများအရ ဆိုလျှင် ဆုမိုမှာပင် အစပြုသူ ဖြစ်နေသကဲ့သို့ ရှိနေသည်။
သူတို့၏ မျက်နှာအထူနှင့် နှလုံးသား၏ မည်းနက်မှုမှာ တကယ့်ကိုပင် အံ့ဩစရာ ကောင်းလှပေသည်။
အမာရွတ်နှင့်လူမှာမူ မည်သည့်အချိန်က ဝတ်ဆင်လိုက်မှန်း မသိရသော ရွှေချည်မျှင် လက်အိတ်တစ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်၏။ သူသည် 'တတိယညီလေး' ၏ ပခုံးကို ဖမ်းဆုပ်လိုက်ပြီးနောက် ထိုသခင်လေးထံသို့ ပစ်ပေါက်လိုက်လေတော့သည်။
“ဒီသခင်လေး... သူလည်း အဆိပ်မိသွားပြီဗျ..”
သို့သော် သူ၏ စကား မဆုံးမီမှာပင် ဘေးတိုက်မှ ပြင်းထန်သော လေဟုန် တစ်ခု ဝင်ရောက်လာပြီး... သခင်လေးထံသို့ လွင့်လာသော 'တတိယညီလေး' မှာ လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ဘေးတိုက် လွင့်စင်သွားရလေတော့၏။
သခင်လေးမှာ ဆုမိုအား မော့ကြည့်လိုက်ပြီး ပြုံးလျက် ခေါင်းညိတ်ပြ၏။
ဆုမိုမှာမူ လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်ပြီးနောက် ဟွိုင်တောင် ကျားငါးကောင်အား မော့ကြည့်လိုက်လေသည်။
“မိတ်ဆွေတို့... ခင်ဗျားတို့ကတော့ သေလမ်းရှာနေကြတာပဲ..”
ဤစကား ဆုံးသွားသည်နှင့် တပြိုင်နက်... လေထဲတွင် စူးရှသော လက်နက်ခွင်းသံ တစ်ခု ထွက်ပေါ်လာလေတော့၏။
အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ...ဒါက လျှို့ဝှက်လက်နက် မဟုတ်ဘဲ လူတစ်ယောက် ဖြစ်နေသည်။
ထိုလူ၏ ကိုယ်ဖော့ပညာမှာ အလွန်ပင် နက်နဲလှပြီး လူသားအသွင်ဖြင့် လျင်မြန်စွာ လှုပ်ရှားနေသော်လည်း... စူးရှသော အရှိန်အဝါကြောင့် ထိုရွေ့လျားနေသော အရိပ်မှာ လူသားမဟုတ်ဘဲ ဓားတစ်လက်အလား ထင်မှတ်ရပေ၏။
ခဏချင်းမှာပင် ထိုဓားသည် သူတို့၏ ရှေ့သို့ ရောက်ရှိလာပြီး... ဟွိုင်တောင် ကျားငါးကောင်မှာ မျက်နှာများ ချက်ချင်း ပျက်သွားကြရသည်။ သို့သော် သူတို့ တုံ့ပြန်ရန် မစွမ်းသာမီမှာပင်... ဓားရောင်တစ်ချက် ဝင်းလက်သွားပြီးနောက် ခေါင်းတစ်လုံးမှာ ကောင်းကင်ယံသို့ လွင့်တက်သွားလေတော့၏။
ရောက်ရှိလာသူမှာ ဓားတစ်ချက်ဖြင့် ခေါင်းတစ်လုံးကို ပိုင်းဖြတ်လိုက်ပြီးနောက် ဆက်လက်၍ သုတ်သင်ရန် ပြင်လိုက်စဉ်မှာပင်... ဆုမိုနှင့် အခြားသူများကို မြင်တွေ့သွား၏။
ချက်ချင်းပင် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ လက်နှစ်ဖက် ဆုပ်ကိုင်လျက် အရိုအသေ ပြုလိုက်လေသည်။ သူ၏ အမူအရာမှာ ဤအေးစက်လှသော ကမ္ဘာကြီးကဲ့သို့ပင် အေးစက်လှပြီး... နှစ်ပေါင်း ထောင်ချီသော ရေခဲတုံးကြီးအလား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပေတော့၏။
“ခေါင်းဆောင်ဆု...ကျုပ်တို့ ပြန်ဆုံကြပြန်ပြီပဲ..”
ထိုသူမှာကား အခြားသူ မဟုတ်ဘဲ ကောင်းကင်ဓားဂိုဏ်း ၏ ထိပ်တန်းတပည့် ဖုန်းပိုင်ချွမ်ပင် ဖြစ်ချေတော့သည်။
အခန်း (၂၅၁)- ကျားကို ဖမ်းဆီးခြင်း
~“အစ်ကိုဖုန်းလား”
ဆုမိုသည် အနည်းငယ် အံ့အားသင့်သွားရ၏။ ဖုန်းပိုင်ချွမ်အား ဤအရပ်မျက်နှာ၌ တွေ့ဆုံရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
“အစ်ကိုဖုန်းက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲဗျာ”
“စောစောကတော့...”
ဖုန်းပိုင်ချွမ်သည် အေးစက်စက် စကားဆိုလိုက်သော်လည်း စကားနှစ်လုံးမျှသာ ပြောရသေးမီမှာပင် လက်ထဲမှ ဓားကို ရုတ်ချည်းပင် လှည့်လိုက်လေတော့၏။ ဟွိုင်တောင် ကျားငါးကောင်ထဲမှ တစ်ယောက်မှာ အခွင့်ကောင်းယူ၍ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုသူမှာ ဓားသွားကို ရှောင်ရှားရန် ဘေးသို့ အလျင်အမြန် လှဲချလိုက်သော်လည်း လုံးဝဥဿုံ မလွတ်မြောက်နိုင်ခဲ့ပေ။ သွေးစအချို့ လေထဲတွင် ဝင်းလက်သွားပြီးနောက် လက်မောင်းတစ်ဖက်မှာ ပြတ်တောက်၍ ကျန်ရစ်ခဲ့လေတော့၏။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အခြားတစ်ယောက်မှာလည်း လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ခုန်ထွက်သွားသည်။ ဆုမို၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး ရှေ့သို့ ထွက်၍ တားဆီးရန် ပြင်နေသော ယန်ရှောင်ယွင်အား အသာအယာ ဆွဲထားလိုက်၏။
ယန်ရှောင်ယွင်မှာ ဇဝေဇဝါဖြင့် တုံ့ခနဲ ရပ်သွားစဉ်မှာပင် စူးရှလှသော အော်ဟစ်သံကြီး တစ်ခုကို ကြားလိုက်ရတော့၏။ စောစောက ခုန်ထွက်သွားသောသူမှာ ယခင်ထက် ပိုမိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် ဆိုင်အတွင်းသို့ ပြန်လည် လွင့်စင်လာတော့၏။ မြေပြင်ပေါ်သို့ ကျရောက်လာသော ထိုသူ၏ မျက်နှာမှာကား နှင်းခဲများ ဖုံးလွှမ်းနေသကဲ့သို့ ဖြူဆွတ်နေပြီး တစ်ကိုယ်လုံးမှာလည်း ထိန်းချုပ်မရအောင် တုန်ယင်နေပေတော့၏။
ခြေသံအချို့ ချဉ်းကပ်လာပြီးနောက် အေးစက်စက် လှောင်ရယ်သံ တစ်ခု ထွက်ပေါ်လာ၏။
“ငါ့ရှေ့ကနေ ထွက်ပြေးဖို့ ကြံနေတာလား။ မင်းတို့ မျက်စိကန်းနေကြတာလား”
ထိုသူသည် လက်ဖက်ရည်ဆိုင်အတွင်းသို့ မောက်မာစွာ ခြေချလာပြီး ပတ်ဝန်းကျင်ကို ဝင့်ကြွားစွာ ဝေ့ဝဲကြည့်ရှုလိုက်လေသည်။ သို့သော်လည်း ဆိုင်အတွင်းရှိ မည်သူမျှ သူ၏ မောက်မာမှုကို အပြစ်မဆိုရဲကြပေ။ ဟွိုင်တောင် ကျားငါးကောင်၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို လူတိုင်း သိရှိထားကြသည် မဟုတ်ပါလော။ သူတို့မှာ ပြိုင်ဘက်ကင်းသူများဟုပင် သတ်မှတ်ခံထားရသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူစားမျိုးကိုပင် ထွက်ပြေးအောင် ပြုလုပ်နိုင်သူ ဖြစ်သဖြင့် သူ၏ ဝင့်ကြွားမှုမှာ အကျိုးအကြောင်း ရှိသည်ဟုသာ အားလုံးက ယူဆလိုက်ကြလေတော့၏။
သို့ရာတွင် နောက်တစ်စက္ကန့်၌ ထိုမောက်မာလှသော အမျိုးသားမှာကား အလွန်ကြီးမားသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ရုတ်ချည်းပင်ပင် တုန်လှုပ်သွားရတော့၏။ သူ၏ မျက်ဝန်းထဲမှ မာန်မာနဟူသမျှမှာ တစ်စစီ ပျောက်ကွယ်သွားရပြီး တစ်ကိုယ်လုံးမှာ နေရာတွင်ပင် ယိမ်းထိုးသွားရတော့သည်။ သူသည် မသိစိတ်ကြောင့် လည်ပင်းကို ကျုံ့လိုက်မိရင်း သူ၏ မျက်လုံးများထဲတွင်ကား ကြောက်ရွံ့မှုများနှင့်အတူ အလိုလိုက်စေလိုသော အရိပ်အယောင်များ ပြည့်လျှံနေပေတော့၏။
“မင်း... မင်းက ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေတာလဲ”
သူ စိုက်ကြည့်နေသော သူမှာကား အခြားသူ မဟုတ်ဘဲ ဆုမိုပင် ဖြစ်ချေတော့၏။ လက်ဖက်ရည်ဆိုင်အတွင်းရှိ လူတိုင်းမှာ အသက်ရှူမှားလောက်အောင် အံ့ဩသွားကြရသည်။
ဤမျှလောက်အထိ အရှိန်အဝါ ကြီးမားလှသော ပုဂ္ဂိုလ်မှာ မည်သူမှန်းပင် မသိရသော်လည်း အဘယ်ကြောင့် ဆုမိုကို မြင်လိုက်သည်နှင့် ဤမျှအထိ ထိတ်လန့်သွားရပါသနည်း။
ဆုမိုသည် သူ၏ရှေ့မှ လူအား စိတ်ဝင်တစား စိုက်ကြည့်နေမိ၏။ ထိုသူမှာကား အခြားသူ မဟုတ်ဘဲ ဖူဟန်ယွမ် ပင် ဖြစ်သည်။
“ခေါင်းဆောင်ဆု”
ရုတ်တရက် ဆိုင်အပြင်ဘက်မှ အခြားအသံတစ်သံ ထွက်ပေါ်လာပြန်သည်။
ပြင်းထန်သော ခြေသံများနှင့်အတူ ခရမ်းရွှေရောင် တုတ်နံပါတ် နှစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသား တစ်ဦး ဆိုင်အတွင်းသို့ အတင်း
တိုးဝင်လာလေတော့၏။ ထိုလူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာကား ဝမ်းမြောက်မှုများဖြင့် ပြည့်လျှံနေကာ -
“ခေါင်းဆောင်ဆု... မတွေ့ရတာ လအတော်ကြာသွားပေမဲ့ ခင်ဗျားရဲ့ အရှိန်အဝါကတော့ နည်းနည်းလေးတောင် မပြောင်းလဲသေးဘူးပဲဗျာ”
“ခေါင်းဆောင်လျူ”
ဆုမိုသည် ဤတစ်ကြိမ်တွင်မူ အံ့ဩခြင်း မရှိတော့ဘဲ ယန်ရှောင်ယွင်နှင့်အတူ မတ်တပ်ရပ်ကာ လျူမိုအား လက်နှစ်ဖက် ဆုပ်ကိုင်လျက် နှုတ်ဆက်လိုက်သည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲဗျာ။ ဒီ ဟွိုင်တောင် ကျားငါးကောင် က ဘယ်ကနေ ရောက်လာကြတာလဲ”
“ဒါက ဇာတ်လမ်း ရှည်တယ်ဗျ... နောက်မှပဲ အသေးစိတ် ပြောပြပါတော့မယ်”
လျူမိုက ပြုံးလျက် ပြန်လည် ပြောဆိုလိုက်လေသည်။
“ကျုပ်တို့ ဒီ ဟွိုင်တောင် ကျားငါးကောင်ကို လိုက်လံ ဖမ်းဆီးနေတာ လဝက်ကျော်နေပြီဗျ၊ မင်ယွဲ့တောင်ကနေ ဒီအထိ ခြေရာခံ လိုက်လာခဲ့တာ... ဒီကောင်တွေက အကွက်တွေ တော်တော် များတယ်၊ အမာရွတ်နဲ့ ကျားက သိုင်းပညာ မြင့်ရုံတင်မကဘူး၊ ယုတ်မာတဲ့ အဆိပ်တွေကိုပါ သုံးတတ်တော့ ဖမ်းရတာ တော်တော် လက်ဝင်နေတာဗျ”
“ဒါပေမယ့် မထင်မှတ်ဘဲ ဒီမှာ ခေါင်းဆောင်ဆုနဲ့ ဆုံရတာကတော့ သူတို့အတွက် ကံဆိုးတာပဲလို့ ပြောရမှာပေါ့။ ဟွိုင်တောင် ကျားငါးကောင်ဟာ ယုတ်မာမှုတွေ အများကြီး ကျူးလွန်ထားတဲ့ ကောင်တွေပါ၊ ကျုပ်တို့ သူတို့ကို ဖမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ဆု အနေနဲ့ ဝိုင်းကူပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ”
“ပြောနေဖို့တောင် မလိုပါဘူးဗျာ”
ဆုမိုက ပြုံးလျက် ပြန်လည် ပြောဆိုလိုက်၏။
သူတို့ကြားက ပတ်သက်မှုကို ထားလိုက်ဦး၊ ထိုအမာရွတ်နှင့်လူမှာ စောစောက သူတို့အပေါ် ယုတ်မာသော နည်းလမ်းဖြင့် အဆိပ်ခတ်ရန် ကြိုးစားခဲ့ကတည်းက ဆုမိုအနေဖြင့် သူတို့ကို လွှတ်ပေးရန် လုံးဝ စိတ်မကူးခဲ့ချေ။ ဖုန်းပိုင်ချွမ်ကလည်း အေးစက်စက် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အကြည့်မှာကား ကျန်ရှိနေသော ကျားသုံးကောင်ထံသို့ စူးရှစွာ ကျရောက်နေပေတော့သည်။
အမာရွတ်နှင့်လူ၏ မျက်နှာမှာကား ခေတ္တမျှ ပျက်ယွင်းသွားရတော့၏။ သူသည် ဖုန်းပိုင်ချွမ်နှင့် အခြားသူများကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ဓားသမားအား ကုသပေးနေသော အဖြူရောင်ဝတ် လူငယ်လေးဘက်သို့ လှည့်၍ ဟိန်းဟောက်လိုက်၏။
“မင်းတို့... မင်းတို့က တော်တော်လေး ဇွဲကောင်းကြပါလား၊ ဒါက လွန်လွန်းနေပြီ”
ထိုအခါ၊ ဖူဟန်ယွမ်၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ယင်နေကာ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း ဆုမိုက နှုတ်ဆိတ်နေသည်ကို မြင်သောအခါ သူလည်း ဘာမျှ မပြောရဲတော့ချေ။
“မင်းကတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
လျူမိုက ခေါင်းခါယမ်းလိုက်သည်။
“မင်းတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို လူတိုင်း သိပြီးသားပါ၊ တုန်းချန် ဂိုဏ်းတွေကြားမှာ လှည့်လည်ပြီး မင်းတို့ကို မြင်သမျှလူကို သတ်ပစ်ခဲ့ကြတာ မဟုတ်လား။ ငါတို့ မင်းနောက်ကို မလိုက်ခင်ကတည်းက မင်းတို့ရဲ့ လုပ်ရပ်မှန်သမျှကို အကုန် စုံစမ်းပြီးသား၊ လွန်ခဲ့တဲ့ (၁၃) နှစ်က ဟွမ်ထင်မြို့က ရွှီမိသားစု တစ်စုလုံးကို တစ်ညတည်းနဲ့ မင်းတို့ သုတ်သင်ပစ်ခဲ့တယ်လေ။ ရွှီမိသားစုဝင် (၇၆) ယောက်စလုံး ကြက်ကလေး ငှက်ကလေးမကျန် အသက်ရှင်သူ တစ်ယောက်မှ မရှိအောင် သတ်ခဲ့တာပေါ့”
“လွန်ခဲ့တဲ့ (၁၀) နှစ်က စုန့်ထောင် ဓားဂေဟာက တပည့်မလေး တစ်ယောက် အိမ်ပြန်ချိန်မှာ မင်းတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို မြင်ပြီး ဓားဆွဲကာ ဝင်တားခဲ့တယ်၊ ကံဆိုးတာက သူမက မင်းတို့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့လို့ အဖမ်းခံလိုက်ရတာပဲ၊ မင်းတို့ သူ့ကို (၇) ရက် (၇) ညတိုင်တိုင် နှိပ်စက်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အလောင်းကို သူ့ရဲ့ အိမ်ရှေ့မှာ လာပစ်ထားခဲ့တယ်၊ အဲဒီ မိန်းကလေးရဲ့ ကျောပေါ်မှာ ‘ကိုယ့်ကိစ္စကိုယ် မဟုတ်ရင် မပါနဲ့’ ဆိုတဲ့ စာသားကို အပ်နဲ့ ရက်ရက်စက်စက် ချုပ်ထားခဲ့တာလေ”
“သူမရဲ့ မိသားစုက စုန့်ထောင် ဓားဂေဟာဆီ အကူအညီ တောင်းတော့ ဓားဂေဟာက ထူးချွန်တဲ့ တပည့်တွေကို လွှတ်ပြီး မင်းတို့ကို ရှာခိုင်းခဲ့တယ်၊ ဒါပေမယ့် အဲဒီ တပည့်တွေပါ မင်းတို့လက်ချက်နဲ့ အကုန် ပျောက်ကွယ်သွားခဲ့ရတယ်။ ပိုပြီး ယုတ်မာတာက စုန့်ထောင် ဓားဂေဟာရဲ့ ထူးချွန်တပည့် ချီဟွာ ကို အရှင်လတ်လတ် အရေခွံနွှာပြီး စုန့်ထောင် ဓားဂေဟာနဲ့ ချီရှဂိုဏ်း ကြားက နယ်နိမိတ် မှတ်တိုင်မှာ ချိတ်ဆွဲထားခဲ့တာပဲ”
“ဒီလုပ်ရပ်က ဂိုဏ်းနှစ်ခုလုံးရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားပြီး မင်းတို့ကို (၆) နှစ်တိုင်တိုင် လိုက်လံ နှိမ်နင်းခဲ့ကြတယ်။ စုန့်ထောင် ဓားဂေဟာရဲ့ ဂေဟာမှူးကြီး သိုင်းလောက ခရီးစဉ်မှာ ထာဝရည တောင်ကြားက သိုင်းပညာရှင် တစ်ယောက်ရဲ့ ချောင်းမြောင်း တိုက်ခိုက်ခံရပြီး ကွယ်လွန်သွားတဲ့ အထိပေါ့၊ အဲ့ဒီ အချိန်ကျမှ စုန့်ထောင် ဓားဂေဟာလည်း ကိုယ့်အရေးကိုယ် မနည်း ရှင်းနေရလို့ မင်းတို့ကို လိုက်ဖမ်းတာကို လက်လျှော့လိုက်ရတာ…”
“ဒါပေမယ့်လည်း မင်းတို့ဟာ ချီရှဂိုဏ်းနဲ့ စုန့်ထောင် ဓားဂေဟာရဲ့ နယ်မြေ အတွင်းကို ဘယ်တော့မှ ခြေမချရဲတော့ဘူး မဟုတ်လား။ အဲဒီ တိုက်ပွဲအပြီးမှာ မင်းတို့ ပိုပြီး သတိထားလာကြတယ်၊ ဘယ်နေရာမှာမဆို (၆) လထက် ပိုမနေတော့ဘူး။ ပုန်းအောင်းလိုက်၊ ရှောင်တိမ်းလိုက်နဲ့ အခုအချိန်အထိ အသက်ဆက်နေနိုင်တာပဲ၊ ဒါပေမယ့်လည်း မင်းတို့လက်မှာ ပေကျံနေတဲ့ သွေးကြွေးတွေကတော့ ရေတွက်လို့တောင် မရတော့ဘူး၊ ဟမ့်၊ အခုကျမှ ငါတို့က မင်းတို့ကို အနိုင်ကျင့်ပါတယ်လို့ ပြောနေတာကတော့ တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ”
အခန်း (၂၅၂)- ကျားကို ဖမ်းဆီးခြင်း (၂)
~လျူမိုသည်ကား အစဉ်သဖြင့် စကားနည်းသူ တစ်ဦး ဖြစ်သော်ငြား ယခုအခါ၌မူ အလွန်ပင် စကားပြောကောင်းနေသည်မှာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့အား အံ့ဩသွားစေလေတော့၏။ လက်ဖက်ရည်ဆိုင်အတွင်းရှိ ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း သူ၏ ဟောပြောမှုများကို နားထောင်ရင်း ဟွိုင်တောင် ကျားငါးကောင်၏ ယုတ်မာမှုများကြောင့် ရင်ထဲ၌ လေးလံထိုင်းမှိုင်းသွားကြရတော့၏။
ဟွိုင်တောင် ကျားငါးကောင်သည်ကား တကယ့်ကိုပင် ရက်စက်ကြမ်းကြုတ်လှပေ၏။ သူတို့နှင့် ထိပ်တိုက်တွေ့သူဟူသမျှမှာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ အလွန်ပင် ရှားပါးလှပေသည်။ သူတို့ ကျူးလွန်ခဲ့သော အမှုများမှာလည်း မသိသူ မရှိသလောက် ကျော်ကြားလှသော်လည်း မည်သူမျှ သူတို့ကို မနှိမ်နင်းနိုင်ခဲ့ကြပေ။
နှိမ်နင်းနိုင်သူများမှာလည်း သူတို့ကို ခြေရာခံ၍ မမိခဲ့ကြချေ။ ခြေရာခံနိုင်သူများမှာလည်း အချိန်မပေးနိုင်ခဲ့ကြပြန်ပေ။
အချုပ်အားဖြင့် ဆိုရသော် ထိုအကြောင်းတရားများကြောင့်ပင် သူတို့သည် တုန်းချန် နယ်မြေအတွင်း၌ နှစ်ပေါင်း (၁၀) ကျော်တိုင်တိုင် ရမ်းကားနိုင်ခဲ့ကြပြီး ဂုဏ်သတင်းဆိုးများနှင့်အတူ ပိုမို၍ပင် မောက်မာလာခဲ့ကြခြင်း ဖြစ်သည်။
“ကောင်းတယ်”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ ထိုသူမှာကား အဖြူရောင်ဝတ် လူငယ်လေးပင် ဖြစ်ချေ၏။ သူသည် စာအုပ်မှ အကြည့်ခွာကာ မော့ကြည့်လိုက်သောအခါ မျက်နှာတွင် ဒေါသအဟုန်များ ပြည့်နှက်နေပြီး -
“ဟွိုင်တောင် ကျားငါးကောင်... ခင်ဗျားတို့ကို သူရဲကောင်းတွေလို့ ထင်ထားတာ၊ တကယ်တော့ ခင်ဗျားတို့က ယုတ်မာမှု အမျိုးမျိုးကို ကျူးလွန်ထားတဲ့ လူယုတ်မာတွေပဲကိုး... ဟုတ်တာပေါ့လေ၊ လူကောင်းတွေဆိုရင် ဒီလောက် ကြောက်စရာကောင်းတဲ့ ပုပ်သိုးအလောင်းနဲ့ အရိုးစားအဆိပ်ကို အလွယ်တကူ သုံးပါ့မလား”
“ဒီလိုဆိုရင်တော့... ခင်ဗျားတို့ကို ဒီကနေ အလွယ်တကူ ထွက်သွားခွင့်ပေးလို့ မဖြစ်တော့ဘူး”
သူသည် စကားပြောဆိုနေရင်းနှင့်ပင် ပေါက်စီတစ်လုံးကို ပါးစပ်အတွင်းသို့ တိတ်တဆိတ် ထိုးသွင်းလိုက်ပြန်သည်။ သူ၏ မျက်နှာမှာ တရားမျှတမှု အတွက် ဒေါသထွက်နေသကဲ့သို့ ရှိနေသော်လည်း ဖောင်းကားနေသော ပါးပြင်များကြောင့် ကြည့်ရသည်မှာ အနည်းငယ် ရယ်ချင်စရာ ကောင်းနေပေတော့၏။
“ဟွန့်... ဒါ ဘယ်အိမ်က ကလေးလဲ၊ ဒီမှာ လေကြီးနေတာပဲ... မင်းမိဘတွေက ဆုံးမမထားဘူးလား”
အမာရွတ်နှင့်လူ၏ မျက်လုံးများမှာကား တဖျတ်ဖျတ် လှုပ်ရှားနေပြီး ရုတ်တရက် လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပန်းပွင့်များ ကြွေကျလာသည့်အလား လျှို့ဝှက်လက်နက်များစွာသည် လျူမို၊ ဖုန်းပိုင်ချွမ်နှင့် အခြားသူများထံသို့ ဦးတည်သွားလေတော့သည်။ ထို့နောက် သူ၏ အခြား လက်တစ်ဖက်ကိုလည်း ဝှေ့ယမ်းလိုက်ပြန်ရာ အဆိပ်ငွေ့များမှာ လေထဲသို့ ပျံ့လွင့်သွားတော့၏။ သူသည် ထိုအဆိပ်များကို လက်ဖက်ရည်ဆိုင်အတွင်းရှိ သာမန် ခရီးသည်များထံသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ဤတိုက်ကွက် (၂) ကွက်မှာကား လျူမိုနှင့် ဖုန်းပိုင်ချွမ်တို့အား ဟန့်တားရန်နှင့် သာမန်လူများကို အဆိပ်ခတ်ခြင်းဖြင့် တစ်ဖက်လူများ၏ လှုပ်ရှားမှုကို နှောင့်နှေးစေရန် ဖြစ်တော့၏။ ထို့နောက် သူသည် လျှပ်တပြက်.. ရှောင်တိမ်းလိုက်ရင်း ဆိုင်အပြင်ဘက်သို့ ထွက်ပြေးရန် ပြင်လိုက်၏။ သူသည် မိမိ၏ ညီအစ်ကိုများကိုပင် ကူညီရန် စိတ်မကူးဘဲ ကိုယ်လွတ်ရုန်းရန်သာ တွက်ချက်ထားခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သူသည် ဆိုင်အပြင်ဘက်သို့ ရောက်ရှိသွားပြီး ထွက်ပြေးတော့မည့် အချိန်၌ မော့ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်မှာ သူ၏ရှေ့တည့်တည့်၌ ရပ်နေသည်ကို တွေ့လိုက်ရလေတော့၏။ သူသည် ထိတ်လန့်သွားရကာ အော်ဟစ်လိုက်မိသည်။
“မင်း”
သူ့ရှေ့တွင် ရပ်နေသူမှာကား အခြားသူ မဟုတ်ဘဲ ဆုမိုပင် ဖြစ်သည်။ ဆုမိုသည် သားရေလက်အိတ် တစ်စုံကို ကိုင်ဆောင်ထားပြီး ထိုသူ့ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်၏။
“ဒါ ခင်ဗျားဆီ ပြန်ပေးတာပါ”
“ဘာ”
အမာရွတ်နှင့်လူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားရတော့၏။
ဆုမို ပစ်လိုက်သည့် အရာမှာ စောစောက သူ ခရီးသည်များထံသို့ ဖြန့်ကျက်လိုက်သော အသက်သေစေနိုင်သည့် အဆိပ်မှုန့်များဟု သူ ထင်မှတ်လိုက်မိခြင်း ဖြစ်ပေသည်။
ထိုအရာမှာ ဆုမို၏ လက်ထဲသို့ မည်သို့ ရောက်ရှိသွားသည်ကို မသိရှိရသဖြင့် သူသည် ဖမ်းယူရန် မဝံ့ရဲတော့ချေ။
သူသည် နောက်ထပ် စဉ်းစားမနေတော့ဘဲ ဆိုင်အတွင်းသို့ပင် အလျင်အမြန် ပြန်လည် ပြေးဝင်လိုက်ရလေတော့၏။
ဆိုင်အတွင်းသို့ ဝေ့ဝဲကြည့်လိုက်သောအခါ မည်သူမျှ အဆိပ်မိမနေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့ဩသွားရပြန်၏။ သူ၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေသော်လည်း ခြေလှမ်းများကိုမူ မရပ်တန့်ဘဲ အခြားအရပ်မျက်နှာတစ်ခုသို့ ပြေးထွက်ရန် ပြင်လိုက်ပြန်လေသည်။
ရုတ်တရက် သူ၏ ပခုံးပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ ထိုအရာမှာ လူတစ်ယောက်၏ လက်ပင် ဖြစ်ဟန်တူသည်။ သူသည် လန့်ဖျပ်သွားရကာ မော့ကြည့်လိုက်သောအခါ ကြီးမားထွားကျိုင်းလှသော ဖက်တီးတစ်ဦးမှာ မည်သည့်အချိန်က ရောက်ရှိနေသည်မသိဘဲ သူ၏ရှေ့၌ ပိတ်ရပ်နေသည်ကို တွေ့လိုက်ရလေတော့၏။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်မိတော့၏။
“ဝက်ပုတ်ကြီး... လမ်းဖယ်စမ်း”
သူသည် ပခုံးကို တွန့်လိုက်သည်။
ဤလှုပ်ရှားမှုမှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း အမှန်တကယ်၌မူ စွမ်းအားများကို ပါးနပ်စွာ အသုံးပြုထားခြင်း ဖြစ်သည်။
လူတစ်ယောက်ကိုတင်မကဘဲ ကြီးမားလှသော ကျောက်တုံးကြီးများကိုပင် လွင့်စင်သွားအောင် ပြုလုပ်နိုင်သော စွမ်းအားပင် ဖြစ်တော့၏။
သို့သော် ယခုအခါ၌မူ သူ အားစိုက်လိုက်သမျှမှာ ပင်လယ်ထဲသို့ ကျောက်ခဲ တစ်လုံး ပစ်ချလိုက်ရသည့်အလား ဘာမျှ ထူးခြားမှု မရှိချေ။ သူသည် ထိတ်လန့်တကြီး မော့ကြည့်လိုက်သောအခါ ထိုဖက်တီး၏ မျက်နှာမှာ အလွန်အမင်း ဒေါသထွက်နေသည်ကို တွေ့လိုက်ရပြီး -
“နင် ..ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ” ဟူသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာလေတော့၏။
ထို့နောက်တွင်မူ ကောင်းကင်ယံမှနေ၍ လက်ဝါးကြီး တစ်ခုသည် လျှပ်စီးပမာ ကျရောက်လာတော့၏။ အမာရွတ်နှင့်လူမှာ ရင်ထဲ၌ တင်းကျပ်သွားရ၏။ သို့သော် ယခုအချိန်တွင် အနောက်၌ ဆုမိုနှင့် အဆိပ်ငွေ့များ၊ ဘယ်ဘက်၌ အဖြူရောင်ဝတ် လူငယ်လေးနှင့် ညာဘက်၌ ဖုန်းပိုင်ချွမ်တို့ ရှိနေသဖြင့် သူသည် နောက်ထပ် စဉ်းစားနေရန် အချိန်မရတော့ပေ။
သူသည် သွားကို တင်းတင်းစေ့ကာ မျက်လုံးမှိတ်လျက် ထိုလက်ဝါးအား အားကုန်သုံး၍ ပြန်လည် တိုက်ခိုက်လိုက်လေတော့သည်။ မမျှော်လင့်သော အံ့ဖွယ် တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်နေမိခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ ဒုန်း ခနဲ ကျယ်လောင်လှသော အသံကြီး တစ်ခု ထွက်ပေါ်လာလေတော့၏။
အမာရွတ်နှင့်လူ၏ ကိုယ်မှာ သိမ့်သိမ့်ခါသွားရကာ သူ၏ လက်မောင်းမှာကား ထိုရိုက်ချက်ကြောင့် ချက်ချင်းပင် တစ်စစီ ကြေမွသွားရတော့သည်။ တဆက်တည်းမှာပင် အခြားသော စွမ်းအား တစ်ခုမှာ သူ၏ ခန္ဓာကိုယ်အား အထက်မှနေ၍ ဖိနှိပ်လိုက်သဖြင့် သူသည် သံမှိုတစ်ချောင်းအလား မြေပြင်ပေါ်သို့ စိုက်ဝင်သွားရလေတော့၏။ သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ မြေကြီးအတွင်းသို့ နစ်ဝင်သွားတော့၏။
သူသည် ကြက်သေသေသွားရတော့၏။ ထိုဖက်တီးမှာ သန်မာလိမ့်မည်ဟု သူ တွက်ချက်ထားသော်လည်း ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူ သတိမဝင်လာမီမှာပင် ထိုဖက်တီးမှာ လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ခေါင်းကို ဖမ်းဆုပ်လိုက်လေတော့သည်။ မုန်လာဥတစ်ဥကို ဆွဲနုတ်လိုက်သည့်အလား ထိုဖက်တီးသည် သူ့အား မြေကြီးထဲမှနေ၍ အသာအယာပင် ဆွဲထုတ်လိုက်၏။
ထို့နောက်တွင်မူ ထိုဖက်တီးမှာ ရိုးသားဖြူစင်သော အပြုံးတစ်ခုကို ပြသလိုက်ရင်း ဆုမိုအား လှမ်းမေးလိုက်လေတော့၏။
“သခင်ကြီး... သူ့ကို ဘယ်လို လုပ်ရမလဲ”
သခင်ကြီး ဟူသည့် ခေါ်ဝေါ်သံကြောင့် ဖုန်းပိုင်ချွမ်နှင့် အခြားသူများမှာ အံ့ဩသွားကြတော့သည်။
ခေါင်းဆောင်ဆုသည် ဘယ်တုန်းကများ လူမိုက်ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်သွားရပါသနည်းဟု တွေးတောနေမိကြပုံပါပင်။
ဆုမို၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားရပြီးနောက် နောက်ဆုံး၌ ပြောဆိုလိုက်လေတော့၏။
“သူ့ကို တစ်ဖက်မှာပဲ ထားလိုက်ပါ၊ မလှုပ်ရှားနိုင်အောင်တော့ သေချာ လုပ်ထားနော်”
“သဘောပေါက်ပါပြီ”
ကျန်းရှောင်ရှောင်က ပြန်လည် ဖြေဆိုလိုက်ပြီးနောက် လက်ကို တစ်ချက် ဝှေ့ယမ်းကာ အမာရွတ်နှင့်လူအား မြေပြင်ပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်လေတော့၏။ အမာရွတ်နှင့်လူ၏ လက်မောင်းတစ်ဖက်မှာ ကြေမွနေပြီ ဖြစ်သော်လည်း သူ၏ အခြားလက်တစ်ဖက်မှာ ကောင်းမွန်နေသေးသဖြင့် တစ်စုံတစ်ခုကို ကြံစည်ရန် သူ၏ ရင်ဘတ်အတွင်းသို့ လက်နှိုက်လိုက်သည်။
သို့သော် မမျှော်လင့်ဘဲ အရိပ်တစ်ခုမှာ သူ၏အပေါ်သို့ ကျရောက်လာပြန်တော့၏။ သူ မော့ကြည့်လိုက်သောအခါ ထိုဖက်တီးမှာ ကောင်းကင်ယံမှနေ၍ သူ၏အပေါ်သို့ ခုန်အုပ်လာသည်ကို တွေ့လိုက်ရလေတော့၏။
ကြီးမားလှသော ကိုယ်အလေးချိန်ကြီးမှာ သူ၏အပေါ်သို့ ဖိကျလာရတော့၏။ သူသည် ရင်ဘတ်အတွင်းမှ လက်ကိုပင် ပြန်ထုတ်ရန် အချိန်မရလိုက်ဘဲ ဂျွတ်... ဂျွတ် ဟူသည့် အရိုးကျိုးသံများကိုသာ ဆက်တိုက် ကြားလိုက်ရလေတော့၏။
ထိုကြီးမားလှသော စွမ်းအားကြောင့် သူ၏ လက်မောင်းသာမကဘဲ နံရိုးများစွာမှာလည်း တစ်စစီ ကြေမွသွားရတော့သည်။ သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာရကာ သူသည် ယခုအချိန်တွင် ချက်ချင်းပင် သေဆုံးသွားချင်စိတ် ပေါက်နေမိတော့၏။
“စစ်သည်တော် တစ်ဦးကို သတ်ချင်သတ်လို့ ရပေမဲ့... အရှက်ခွဲလို့တော့ မရဘူး”
သူသည် နောက်ဆုံးလက်ကျန် ခွန်အားများကို အသုံးပြု၍ တိုးညှင်းစွာ ကန့်ကွက်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”
ကျန်းရှောင်ရှောင်သည် ခြေတစ်ချောင်းထောက် ကြေးနီလှံကြီးကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ဝီ... ဝီ ဟူသည့် အသံများ ထွက်ပေါ်လာလေတော့၏။
ထို့နောက် သူမက အေးစက်စွာ စိုက်ကြည့်ရင်း -
“နောက်တစ်ခွန်း ထပ်ပြောရင်တော့... ငါ့ရဲ့ ဒီလှံကြီးနဲ့ နင့်မျက်နှာကို ရိုက်ခွဲပစ်မှာနော်”