← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃)- ကျားကို ဖမ်းဆီးခြင်း (၃)

~အမာရွတ်နှင့်လူသည် အခြေအနေကို ရိပ်စားမိသွားသဖြင့် ပါးစပ်ကို တင်းတင်းစေ့ကာ နှုတ်ဆိတ်နေလိုက်လေတော့၏။

ဆုမိုသည် အဖြူရောင်ဝတ် လူငယ်လေးထံသို့ လက်နှစ်ဖက် ဆုပ်ကိုင်လျက် အရိုအသေ ပြုလိုက်သည်။

“စောစောက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

“ရပါတယ်... အားနာစရာ မလိုပါဘူးဗျ”

အဖြူရောင်ဝတ် လူငယ်လေးမှာလည်း အလျင်အမြန်ပင် တူညီသော ပုံစံဖြင့် ပြန်လည် နှုတ်ဆက်လာလေသည်။

“ဒါက ကျွန်တော်တို့ သိုင်းသမားအချင်းချင်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ၊ အားကိုးအားထား မရှိတဲ့ သာမန်လူတွေကို အနိုင်ကျင့်နေတာ မြင်ရင် ဘယ်သူက လက်ပိုက်ကြည့်နေနိုင်မှာလဲဗျာ”

သူတို့နှစ်ဦး ဤသို့ ပြောဆိုနေကြခြင်းမှာ အကြောင်းရှိပေသည်။ စောစောက အမာရွတ်နှင့်လူ ပစ်လွှတ်လိုက်သော အဆိပ်မှုန့်များကို ဆုမိုအနေဖြင့် ပြန်လည် မသိမ်းဆည်းနိုင်ခဲ့ပေ။

သို့သော် ထိုလူငယ်လေးမှာကား မည်သည့်အရပ်က ရောက်လာမှန်း မသိရသော်လည်း သူ၏ သိုင်းပညာမှာ အလွန်ပင် ဆန်းကြယ်လှပေသည်။

အမာရွတ်နှင့်လူသည် လျှို့ဝှက်လက်နက်များနှင့်အတူ အဆိပ်မှုန့်များကို ဖြန့်ကျက်ပြီး ထွက်ပြေးရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ဆုမိုကိုယ်တိုင် ထိုအဆိပ်များကို ရှင်းလင်းရန် ပြင်လိုက်သော်လည်း... သူ မလှုပ်ရှားမီမှာပင် အဖြူရောင်ဝတ် လူငယ်လေးက လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပျံ့လွင့်နေသော အဆိပ်မှုန့်များမှာ သူ၏ လက်ဖဝါးအတွင်းသို့ စုစည်းရောက်ရှိသွားသည်ကို မြင်လိုက်ရခြင်း ဖြစ်ပေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရကတည်းက ဆုမိုသည် သားရေလက်အိတ်ကို တိတ်တဆိတ် ဝတ်ဆင်လိုက်ပြီးနောက် ဆိုင်အပြင်ဘက်သို့ ထွက်၍ ထိုလူယုတ်မာအား စနောက်ခဲ့ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ကျန်းရှောင်ရှောင်အားလည်း လက်စွမ်းပြရန် အခွင့်အရေး ပေးခဲ့လေသည်။

ယခုအခါ လူအုပ်ကြီးမှာ ဝိုင်းအုံကြည့်ရှုနေကြပြီး... အမာရွတ်နှင့်လူမှာကား သွေးများ ဝေါ့ခနဲ အန်ချလိုက်ရသဖြင့် ကြည့်ရသည်မှာ ပိုမို၍ပင် သနားစရာ ကောင်းနေတော့၏။

လျူမိုသည် ကျန်းရှောင်ရှောင်အား အံ့ဩတကြီး ကြည့်ရှုရင်း ဆုမိုအား လှမ်းပြောလိုက်၏။

“ဒုတိယခေါင်းဆောင် ယန်... ခင်ဗျား ဒီလောက် တော်တဲ့ လက်ရုံး တစ်ယောက်ကို ဘယ်က ရှာလာတာလဲဗျာ၊ တကယ့်ကို ရဲရင့်ပြတ်သားတဲ့ စစ်သည်တော်ကြီးပါလား”

“... ခေါင်းဆောင်လျူ၊ ပေါက်ကရတွေ လျှောက်မပြောပါနဲ့ဗျာ”

ယန်ရှောင်ယွင်က အလျင်အမြန်ပင် ဝင်တားလိုက်ရတော့သည်။

“သူက မိန်းကလေးပါဗျ”

“...”

လျူမိုမှာ ကြက်သေ သေသွားရတော့၏။ ဖူဟန်ယွမ်မှာလည်း မျက်လုံးပြူးသွားရကာ သေချာ ဂရုစိုက်ကြည့်လိုက်မှသာ... ထိုမိန်းမငယ်၏ မျက်နှာနှင့် မျက်ဝန်းများထဲတွင် သိမ်မွေ့သော အရိပ်အယောင် အနည်းငယ်ကို ရှာဖွေ တွေ့ရှိလိုက်ရတော့သည်။

အေးစက်လှသော အမူအရာနှင့် နေတတ်သည့် ဖုန်းပိုင်ချွမ်ပင်လျှင် မသိစိတ်ကြောင့် မျက်ခုံးပင့်သွားရသည်။

သို့သော် သူသည် ကြာရှည်စွာ စိုက်မကြည့်နေတော့ပေ။

အမျိုးသမီးတစ်ဦးအား ဤသို့ စိုက်ကြည့်နေခြင်းမှာ မယဉ်ကျေးသော လုပ်ရပ် မဟုတ်ပါလော။ သူသည် လက်ထဲမှ ဓားကို အသာအယာ မြှောက်လိုက်ပြီး မြေပြင်ပေါ်မှ အမာရွတ်နှင့်လူအား ချိန်ရွယ်လိုက်ရင်း -

“ပြောစမ်း”

အမာရွတ်နှင့်လူမှာ ကြီးမားလှသော ဖိအားကြောင့် အသက်ရှူပင် ကျပ်နေတော့၏။ သူသည် ဖုန်းပိုင်ချွမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ရှောင် ဘေးသို့ ချထားသော ကြေးနီလှံကြီးကို မြင်လိုက်ရသောအခါ... သွားကို ကျစ်ကျစ်ပါအောင် စေ့လိုက်ရင်း နှုတ်ဆိတ်နေလိုက်လေတော့၏။

ဖုန်းပိုင်ချွမ်သည် မျက်မှောင်ကြုတ်လိုက်ကာ -

“သူ မပြောရင်... သတ်ပစ်လိုက်တော့”

“နေဦး..”

လျူမိုနှင့် ဖူဟန်ယွမ်တို့က ပြိုင်တူ ကန့်ကွက်လိုက်ကြသည်။

ဖုန်းပိုင်ချွမ်မှာ ပိုင်းဖြတ်တော့မည့် သူ၏ ဓားကို မတတ်သာဘဲ ရပ်တန့်လိုက်ရကာ... အေးစက်စက် အကြည့်များဖြင့် သူတို့ နှစ်ဦးအား လှည့်ကြည့်လိုက်တော့သည်။

ဖူဟန်ယွမ်က နှုတ်ခမ်းကို တွန့်လိုက်ရင်း -

“ဘာဖြစ်ဖြစ် လူသတ်ဖို့ပဲ စဉ်းစားနေတာလား... ကောင်းကင်ဓားဂိုဏ်းက လူတွေကတော့ တကယ့်ကို ခေါင်းမာတဲ့ တုံးတွေပဲဗျာ”

လျူမိုကလည်း ပြုံးစိစိဖြင့် -

“အစ်ကိုဖုန်း... စိတ်မလောပါနဲ့ဦး၊ ကျုပ်တို့ မေးခွန်းတောင် မမေးရသေးဘူး မဟုတ်လား၊ ဘာလို့ ချက်ချင်းကြီး သတ်ချင်နေရတာလဲ”

“ဒါတင်မကသေးဘူး... ဒီမှာ ခေါင်းဆောင်ဆု ရှိနေတာပဲ၊ သူ မေးလိုက်ရင် ဒီကောင် မပြောဘဲ နေရဲပါ့မလားလို့ ကျုပ်တော့ မယုံဘူးဗျာ”

ဖုန်းပိုင်ချွမ်သည် ခဏတာ တွေးတောလိုက်ပြီးနောက် ဓားရောင်ကို ဓားအိမ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်လေတော့၏။

အဖြူရောင်ဝတ် လူငယ်လေးမှာမူ ထိုမြင်ကွင်းကို ဘေးမှနေ၍ အေးစက်စက် စောင့်ကြည့်နေမိ၏။ ဖုန်းပိုင်ချွမ်၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ အမာရွတ်နှင့်လူထက်ပင် ပိုမို၍ ပြင်းထန်နေသည်ကို သူ ခံစားလိုက်ရလေသည်။

ကြည့်ရသည်မှာ ထိုသူသည် အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သော အနေအထားတွင် ရှိနေတော့၏။

ဆုမိုသည် ကျန်းရှောင်ရှောင်အား လှည့်ကြည့်လိုက်ကာ -

“ရှောင်ရှောင်... မြန်မြန် ထစမ်း၊ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ယောကျ်ား တစ်ယောက်ပေါ်မှာ ဒီလို ထိုင်နေတာ ဘယ်လို ဖြစ်မလဲ”

“ဟင်...”

ကျန်းရှောင်ရှောင်မှာ ထိုစကားကြောင့် ကြောင်အမ်းသွားရရှာသည်။ မိန်းကလေးဖြစ်ခြင်းနှင့် ယောကျ်ားတစ်ယောက်ပေါ် ထိုင်ခြင်းကြားမှ တိုက်ရိုက်ပတ်သက်မှုကို သူမအနေဖြင့် နားမလည်နိုင်ပုံ ရသည်။

သို့သော်လည်း သခင်ကြီးက ပြောမှတော့... သူမအနေဖြင့် နားထောင်ရမည်သာ ဖြစ်၏။

ချက်ချင်းပင် သူမသည် အလျင်အမြန် ကုန်းထလာပြီး ကြေးနီလှံကြီးကို ကောက်ယူကာ ဘေးတွင် ရိုရိုသေသေ ရပ်နေလိုက်လေတော့၏။

သူမကဲ့သို့သော ကိုယ်အလေးချိန် ရှိသူတစ်ဦးမှာ ထိုင်နေရာမှ ပြန်ထရန်အတွက် အားစိုက်ထုတ်ရသည်မှာ သဘာဝပင် ဖြစ်သည်။

ထိုအားစိုက်ထုတ်မှုအတွင်းမှာပင် အမာရွတ်နှင့်လူမှာ သေမင်းတံခါးဝသို့ အကြိမ်ကြိမ် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူသည် အသက်ကို မနည်း လုရှူနေရပြီးမှ... သွေးစအချို့ ထပ်မံ ပန်းထွက်လာပြန်လေသည်။

လျူမိုသည် ရှေ့သို့ တိုးလာပြီး ထိုသူ၏ သွေးကြောကွက်များကို ပိတ်ဆို့လိုက်ကာ အခြေအနေကို စစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်၏။

သူက ဆုမိုအား လှည့်၍ ပြောဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု”

“ရပါတယ်ဗျာ”

ဆုမိုက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း -

“သူတို့နောက်ကို ဒီလောက်အထိ လိုက်နေတာက သူတို့ ယုတ်မာမှုတွေ ကျူးလွန်ခဲ့လို့တင် မဟုတ်ဘူး ထင်တယ်နော်”

“ဟုတ်ပါတယ်ဗျာ”

လျူမိုသည် လက်ဖက်ရည်ဆိုင်အတွင်းသို့ တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် -

“ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူးဗျ၊ တခြား တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ သွားပြောကြမလား”

ဆုမို၏ ရင်ထဲ၌ တစ်စုံတစ်ခုကို ရိပ်စားမိသွားသဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။

ဖုန်းပိုင်ချွမ်နှင့် လျူမိုတို့အဖွဲ့သည် အဆုံးမဲ့ဓား ထုန်းယွင် နှင့် ပတ်သက်ပြီး တုန်းချန် နယ်မြေသို့ ရောက်လာကြခြင်း ဖြစ်ကြောင်း သူ သိရှိထားပြီး ဖြစ်သည်။ သူတို့သည် ဂိုဏ်းမှ ထွက်ခွာလာစဉ်ကပင် ကောင်းကင်ဓားဂိုဏ်း၏ သတ္တမမြောက် ဂိုဏ်းချုပ်၏ အတိတ်ဇာတ်လမ်းများကို ယွဲ့ကျန်းဂေဟာတွင် စုံစမ်းရန် ပြင်ဆင်ထားခဲ့ကြသည် မဟုတ်ပါလော။

ယခုအခါ သူတို့၏ ဟွိုင်တောင် ကျားငါးကောင်နောက်သို့ လိုက်လံ ဖမ်းဆီးခြင်းမှာ အခြားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေပါက... ထိုကိစ္စနှင့် ပတ်သက်နေမည်မှာ အသေအချာပင်။

လီစစ်ယွင်၏ စကားများအရ ဆိုလျှင် ရွှေကျောက်စိမ်းကတော့ နှင့် မန်ဒရင်းဘဲ စာရင်း တို့မှာ အမှန်တကယ်၌ ကိစ္စရပ် တစ်ခုတည်းအပေါ်တွင် အခြေခံနေခြင်း ဖြစ်သည်။

ဆုမိုသည် အစ ပထမ၌ ကောင်းကင်ဓားဂိုဏ်း၏ အရေးကိစ္စများကို စိတ်မဝင်စားခဲ့သော်လည်း...

ယခုအခါ မန်ဒရင်းဘဲ စာရင်းမှာ ယန်ရီဇီ၊ လီစစ်ယွင် နှင့် သူ၏ မမြင်ဖူးသော အဖေတို့နှင့် ပတ်သက်နေသည်ဟု သိလိုက်ရသောအခါတွင်မူ... သူသည် ဤကိစ္စကို အလွယ်တကူ လက်လွှတ်ရန် စိတ်မကူးတော့ပေ။

သူသည် ချက်ချင်းပင် စားစရိတ် ရှင်းလိုက်ပြီးနောက် အခြားသူများနှင့်အတူ ပူးပေါင်းကာ အဖြူရောင်ဝတ် လူငယ်လေးအား လက်နှစ်ဖက် ဆုပ်ကိုင်လျက် နှုတ်ဆက်လိုက်လေတော့၏။

နှစ်ဖက်စလုံးမှ ပြောစရာ စကားများ ထပ်မရှိတော့ပေ။ သိုင်းလောကတွင် ခဏတာ ဆုံတွေ့ခဲ့ကြခြင်းသာ ဖြစ်သဖြင့် ထို့ထက် ပိုမို၍ ပတ်သက်ရန်မှာလည်း မသင့်လျော်လှပေ။

အဖြူရောင်ဝတ် လူငယ်လေးသည် သူတို့ ထွက်ခွာသွားသည်ကို လိုက်လံ ကြည့်ရှုနေပြီးနောက်... အကြည့်ကို ဓားသမားထံသို့ ပြန်လည် လွှဲပြောင်းလိုက်သည်။

“အချိန်တန်ပြီ”

သူ့စကားအဆုံးတွင် လက်ချောင်း (၅) ချောင်းကို ကွေးညွတ်လိုက်ရာ... ဓားသမား၏ ကျောပေါ်မှ နွားမွှေးအပ်များ အားလုံးသည် သူ၏ လက်ဖဝါးအတွင်းသို့ ပြန်လည် လွင့်ပျံလာတော့၏။

“ယွီလု ဆေးလုံးကို တိုက်လိုက်ပါ”

အဖြူရောင်ဝတ် လူငယ်လေးသည် ပြောဆိုနေရင်းနှင့်ပင် ပေါက်စီတစ်လုံးကို ပါးစပ်အတွင်းသို့ ထိုးသွင်းလိုက်ပြန်၏။ အမှန်တကယ်၌မူ သူသည် ယခုအချိန်တွင် အတော်လေး ဗိုက်ဝနေပြီ ဖြစ်သည်။

စားပွဲပေါ်တွင် တစ်ဝက်ခန့် ကျန်ရှိနေသော ပေါက်စီဇလုံကြီးကို ကြည့်လိုက်ပြီးနောက်... ဘေးနားမှ အခြားတစ်ဇလုံမှာမူ လက်ဖျားနှင့်ပင် မထိရသေးသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ ခေတ္တမျှ ညှိုးငယ်သွားရတော့၏။

သို့သော် ဆုမိုတို့ စားပွဲရှိ ဇလုံများမှာမူ ပြောင်စင်နေသည်ကို မြင်လိုက်ရသောအခါ သူ မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်မိ၏။

“သိုင်းလောကက ပညာရှင်တွေဆိုတာ တကယ့်ကို ခန့်မှန်းလို့ မရနိုင်ပါလား”

“...”

မိန်းမငယ်လေး (၄) ဦးမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး... ထောက်ခံရမည်လော၊ ကန့်ကွက်ရမည်လောဟူသည်ကို ဝေခွဲမရ ဖြစ်နေကြရရှာတော့၏။

...

တောအုပ်အတွင်းရှိ အအေးဒဏ်ကြောင့် မြေပြင်မှာ ခဲနေပြီ ဖြစ်သည်။

လျူမိုသည် အမာရွတ်နှင့်လူအား မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး... ဖုန်းပိုင်ချွမ်က လက်မောင်း ဖြတ်ပစ်ခဲ့သော အခြားသော ကျားတစ်ကောင်ကိုလည်း ဘေးတွင် ထားလိုက်၏။

ဤငါးယောက်မှာလည်း တကယ့်ကိုပင် ကံဆိုးလှပေသည်။ သူတို့သည် ဝါရင့် ထွက်ပြေးဒုက္ခသည်များ ဖြစ်ကြသော်လည်း ဖုန်းပိုင်ချွမ်၏ လက်မှ လွတ်မြောက်နေခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ ဆုမိုနှင့် အဖြူရောင်ဝတ် လူငယ်လေးတို့ရှိရာ ဆိုင်အတွင်းသို့ ဝင်မိသွားသဖြင့် ပြဿနာတက်ခဲ့ရခြင်း ဖြစ်ပေသည်။

သူတို့၏ အဆိပ်ခတ်ရန် ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ရုံတင်မကဘဲ... ကိုယ့်လူအချင်းချင်းပင် မှားယွင်း သတ်မိခဲ့ကြသေးသည် မဟုတ်ပါလော။

ဖုန်းပိုင်ချွမ် ရောက်ရှိလာပြီးနောက်တွင်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ အခြားတစ်ယောက်အား သုတ်သင်ပစ်ခဲ့ပြန်၏။

ကျန်ရှိနေသော တစ်ယောက်မှာလည်း ဖူဟန်ယွမ်၏ 'မဟာကောင်းကင် နှင်းခဲချီ' ကို ခံလိုက်ရသဖြင့်... အစပထမ၌ ဂရုမစိုက်ခဲ့သော်လည်း ယခုအခါတွင်မူ အသက်ပျောက်နေပြီ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟွိုင်တောင် ကျားငါးကောင်သည်ကား နှစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး... ထိုနှစ်ယောက်မှာလည်း နောက်ဆုံးထွက်သက်ကို ခက်ခဲစွာ ရှူနေကြရရှာတော့၏။

အခန်း (၂၅၄) - အတိတ်ဟောင်းများ

~တောအုပ်အတွင်း၌ အမာရွတ်နှင့် လူနှင့် လက်ပြတ်နေသော ကျားတစ်ကောင်တို့သည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် နောက်ဆုံးထွက်သက်ကို ခက်ခဲစွာ ရှူရှိုက်နေကြလေသည်။

ဆုမိုသည် ဖုန်းပိုင်ချွမ်နှင့် အခြားသူများဘက်သို့ လှည့်၍ မေးလိုက်၏။

“ခင်ဗျားတို့ ဘာတွေ မေးချင်ကြတာလဲ”

ဖုန်းပိုင်ချွမ်၏ အကြည့်မှာ စူးရှလွန်းလှပြီး သူ၏ လေသံမှာလည်း ထက်မြက်သော ဓားတစ်လက်အလား ရှိနေပေသည်။

“ကျုပ်တို့ရဲ့ ဘိုးဘေးကြီးရဲ့ သတင်းအစအနကို သိချင်တာ”

ထိုအခါ၊ ဆုမိုသည် မျက်မှောင်တစ်ချက် တွန့်လိုက်မိသော်လည်း လျူမိုက အလျင်အမြန်ပင် ကြားဖြတ်ပြောဆိုလာ၏။

“ဒီလိုပြောလိုက်ရင် ခေါင်းဆောင်ဆု အထင်လွဲသွားနိုင်ပါတယ်ဗျာ၊ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ဆု အရင်ဆုံး လက်စွမ်းပြပေးပါဦး၊ အကျိုးအကြောင်း အားလုံးကိုတော့ နောက်မှ အစအဆုံး ရှင်းပြပါ့မယ်”

“ဒါဆိုလည်း ကောင်းပြီလေ”

ဆုမို ခေါင်းညိတ်လိုက်လေသည်။ လျူမို အဘယ်ကြောင့် ဤမျှအထိ အလျင်စလို ဖြစ်နေရသနည်းဟူသည်ကို သူ နားလည်နိုင်ပေသည်။

ကျန်းရှောင်ရှောင်၏ လက်ချက်ကြောင့် အမာရွတ်နှင့်လူမှာ အသက်ငင်နေပြီ ဖြစ်သည်။ သူမ၏ ကြီးမားလှသော ကိုယ်အလေးချိန်ဖြင့် ဖိထိုင်လိုက်ခြင်းမှာ ထိုသူ၏ အသက်တစ်ဝက်ကို နှုတ်ယူလိုက်သကဲ့သို့ပင် ရှိနေသည်မဟုတ်ပါလော။

အကယ်၍ အခုချက်ချင်း မမေးမြန်းပါက ခဏအကြာတွင် ထိုသူ အသက်ပျောက်သွားလျှင် အားလုံး အလကား ဖြစ်သွားပေလိမ့်မည်။

ဆုမိုသည် ထိုသူ၏အနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် အမာရွတ်နှင့်လူ၏ လက်ကို ဆွဲယူလိုက်၏။

အမာရွတ်နှင့်လူမှာ ဆုမိုအား စူးစူးဝါးဝါး စိုက်ကြည့်နေဆဲပင်။ ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် သူ၏ ခက်ထန်ကြမ်းတမ်းမှုမှာ လျော့ပါးသွားခြင်း မရှိသေးပေ။ သို့သော်လည်း သူ၏ ထိုအမူအရာမှာ အခြားသူများအပေါ်တွင် ထိရောက်နိုင်သော်ငြား ဆုမိုနှင့် သူ၏အဖော်များအတွက်မူ အပိုအလုပ်တစ်ခုမျှသာ ဖြစ်သည်။

ဤသူသည် လှည့်ကွက်ပေါင်းစုံ တတ်မြောက်ထားသော်လည်း အစစ်အမှန် သိုင်းပညာတွင်မူ ဤနေရာရှိ မည်သူ့ကိုမျှ ယှဉ်နိုင်မည့်ပုံ မရှိချေ။

ထို့ကြောင့် သူ၏ ဟန်ကိုယ့်ဖို့ လုပ်ရပ်များမှာ လူကြီးများရှေ့တွင် ဆိုးသွမ်းနေသော ကလေး တစ်ယောက်အလားသာ ဖြစ်နေပြီး မည်သူမျှ အလေးအနက် မထားကြပေ။

ဆုမိုသည် စကားများများ ပြောမနေတော့ဘဲ ထိုသူ၏ လက်ကောက်ဝတ်ရှိ ရှန်မန် သွေးကြောကွက်ကို လက်ချောင်းဖြင့် အသာအယာ တောက်လိုက်၏။

နောက်တစ်စက္ကန့်၌... စောစောက ခက်ထန်နေသော အမာရွတ်နှင့်လူ၏ မျက်နှာမှာ ရုတ်ချည်းပင် ပျက်ယွင်းသွားရတော့သည်။

သူသည် မိမိ၏ လျှာကိုပင် ပြတ်ထွက်သွားတော့မည့်အလား သွားဖြင့် အားကုန်ကိုက်ချလိုက်၏။

ကံကောင်းထောက်မစွာဖြင့် ယန်ရှောင်ယွင်က အန္တရာယ်ကို ကြိုတင်မြင်လိုက်သဖြင့် အလျင်အမြန်ပင် ကယ်တင်လိုက်နိုင်လေသည်။ သူမက ထိုသူ၏ မေးစေ့ကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သဖြင့် ခေါင်းမှာ မော့တက်သွားရကာ မိမိလျှာကိုယ်တိုင် ကိုက်၍ သေဆုံးမည့် ဘေးမှ လွတ်မြောက်သွားရတော့၏။

ထို့နောက်တွင်မူ... စူးရှလှသော အော်ဟစ်သံကြီးတစ်ခုသည် တောအုပ်တစ်ခုလုံး ဟိန်းထွက်သွားရကာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေလေတော့သည်။

ဆုမိုသည် ထိုသူ၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်ပြီး အော်ဟစ်လိုက်ခြင်းကြောင့် အခြေအနေ ပိုမို ဆိုးရွားမသွားနိုင်ကြောင်း သေချာမှသာ စိတ်အေးသွားရ၏။

သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ကဲ... အခြေအနေက ဘယ်လိုလဲ၊ သူက ဘာလို့ ခင်ဗျားတို့နဲ့ အတူရှိနေရတာလဲ”

ဆုမို မေးလိုက်စဉ်တွင် သူ၏ အကြည့်မှာ ဖူဟန်ယွမ်ထံသို့ ကျရောက်နေပေသည်။

ဖူဟန်ယွမ်မှာ မသိစိတ်ကြောင့် လည်ပင်းကို ကျုံ့လိုက်မိ၏။

လူသား ဒုက္ခိတ သိုင်းကျမ်း၏ အာနိသင် ပြလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်မှာပင် လျူမိုက သူတို့အဖွဲ့၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်လေတော့၏။

ဆုမိုတို့နှင့် လမ်းခွဲပြီးနောက် သူတို့သည် ယွဲ့ကျန်းဂေဟာသို့ သွားရောက် စုံစမ်းခဲ့ကြလေသည်။

ကောင်းကင်ဓားဂိုဏ်း၏ သတ္တမမြောက် ဘိုးဘေးကြီး၏ ခြေရာလက်ရာများမှာ တုန်းဟွမ် နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေကြောင်း… သူတို့ သိရှိခဲ့ကြရ၏။

သို့သော်လည်း ရွှေကျောက်စိမ်းနှင့် ပတ်သက်သော သတင်းအစအနမှာကား တုန်းချန် နယ်မြေအတွင်း၌သာ ခဏတာ တွေ့ရှိရခြင်း ဖြစ်သည်။

သဲလွန်စများ အနောက်သို့ လိုက်ရင်း သူတို့သည် စိတ်ဝင်စားဖွယ် ကောင်းသော အချက် တစ်ခုကို တွေ့ရှိလိုက်ကြရ၏။

ဒါကတော့... ဘိုးဘေးကြီးက ရွှေကျောက်စိမ်းဖြင့် အမှတ်အသား ပြုလုပ်ထားခဲ့သော နေရာများတွင် ထုန်းယွင်သည်လည်း အခြားသော အမှတ်အသားများကို ချန်ရစ်ခဲ့ခြင်းပင် ဖြစ်သည်။

ထိုအချက်ကို အတည်ပြုပြီးနောက် သူတို့သည် တုန်းချန် နယ်မြေအတွင်းသို့ ခရီးစတင်ခဲ့ကြလေတော့သည်။

သူတို့သည် ဆုမိုထက် အချိန်အတော်စော၍ ထွက်ခွာခဲ့ကြခြင်း ဖြစ်၏။

ထွက်ခွာစဉ်က သူတို့ (၃) ယောက်တည်း မဟုတ်ဘဲ ကျိဖေးယန်လည်း ပါဝင်ခဲ့လေ၏။

ဖူဟန်ယွမ်မှာမူ သူသည် သူတစ်ပါး၏ အသုံးချခံ နယ်ရုပ် တစ်ခု ဖြစ်နေမှန်း သိရှိသွားသဖြင့် ကိုယ့်ကိုယ်ကို ကယ်တင်ရန်အတွက် သူတို့နောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်း၏ အဆိပ်ခတ်ခြင်းကို ခံလိုက်ရပြီးနောက် မတတ်သာဘဲ သူတို့နှင့်အတူ လိုက်ပါလာခဲ့ရတော့၏။

ကျိဖေးယန်နှင့် ပတ်သက်၍မူ...

ကောင်းကင်ဓားဂိုဏ်းမှ လူများသည် သူ့အား အကျဉ်းချထားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အကျိုးအကြောင်း အားလုံးကို ရှင်းပြပြီးနောက် လျူမိုသည် အရာအားလုံးအတွက် ကောင်းကင်ဓားဂိုဏ်းကိုသာ အပြစ်တင်ရန် မသင့်တော်ကြောင်း ခံစားလိုက်ရလေသည်။

သို့သော်လည်း ကောင်းကင်ဓားဂိုဏ်းမှာ လုံးဝ အပြစ်ကင်းစင်သည်ဟုလည်း သူ မယုံကြည်နိုင်ပေ။

ထို့ကြောင့် အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက် သူသည်လည်း ဤခရီးစဉ်တွင် ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဘိုးဘေးကြီးနှင့် ထုန်းယွင်တို့၏ ခြေရာလက်ရာများ ဆုံတွေ့သည့် နေရာသို့ ရောက်သောအခါ ကျိဖေးယန်သည် မမျှော်လင့်သော အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးနောက်... အစအန မကျန် ပျောက်ကွယ်သွားခဲ့လေတော့၏။

ရက်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း အသက်ရှိသည်၊ သေသည်ဟူသော သတင်းကိုပင် မကြားရသဖြင့် သူတို့မှာ လက်လျှော့ကာ သဲလွန်စများကိုသာ ဆက်လက် ရှာဖွေခဲ့ကြရ၏။

ဤသို့ ရှာဖွေရင်း သူတို့သည် ထုန်းယွင်အား မတွေ့ရှိခဲ့သော်လည်း အတိတ်ကာလက တုန်းချန် နယ်မြေအတွင်းရှိ ထုန်းယွင်၏ ခြေရာလက်ရာများကို ပိုမို တွေ့ရှိလာခဲ့ကြရသည်။

ကောင်းကင်ဓားဂိုဏ်းမှ ဤဘိုးဘေးကြီးသည် တုန်းဟွမ် နယ်မြေအတွင်း၌ အရေးကြီးသော ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရှိခဲ့ရတော့၏။

သူသည် ကိစ္စရပ်များစွာကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခဲ့ပုံ ရသော်လည်း... မြူခိုးများကြားတွင် ကြည့်ရှုနေရသည့်အလား အရာအားလုံးမှာ ရှင်းလင်းပြတ်သားခြင်း မရှိခဲ့ပေ။

သဲလွန်စများနောက်သို့ လိုက်ရင်း သူတို့သည် နောက်ဆုံး၌ ဟွိုင်တောင် ကျားငါးကောင်ကို ရှာတွေ့ခဲ့ကြ၏။

သူတို့ ရရှိထားသော သတင်းအချက်အလက်များအရ ထုန်းယွင်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်က ဤလူများနှင့် ဆုံတွေ့ခဲ့ဖူးလေသည်။

ထိုဆုံတွေ့မှုမှာ ရွှေကျောက်စိမ်းနှင့် အကြီးအကျယ် ပတ်သက်နေသည်မှာ အမှန်ပင်။

ထို့ကြောင့် သူတို့သည် မင်ယွဲ့တောင်မှ အစပြု၍ ဟွိုင်တောင် ကျားငါးကောင်နောက်သို့ လိုက်လံ ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

ထိုသူတို့ကို ဟွိုင်တောင် ကျားငါးကောင်ဟု ခေါ်ရခြင်းမှာ သူတို့က ဟွိုင်တောင်တွင် လှုပ်ရှားနေသောကြောင့် မဟုတ်ပေ။

သူတို့သည် ယုတ်မာမှုပေါင်းစုံကို ကျူးလွန်ခဲ့ကြသဖြင့် တုန်းချန် နယ်မြေရှိ တရားသောလမ်းစဉ် သိုင်းသမားများက သူတို့ကို သတ်ပစ်ချင်နေကြ၏။

သို့သော် အဘယ်ကြောင့် မသိရဘဲ သူတို့သည် မိစ္ဆာဂိုဏ်းများဆီသို့ ထွက်မပြေးဘဲ တုန်းချန် ဂိုဏ်းများကြားတွင်သာ လှည့်လည် ပုန်းအောင်းနေခဲ့ကြသည်။

'ဟွိုင်တောင် ကျားငါးကောင်' ဟူသည့် အမည်မှာ သူတို့၏ အစပြုရာ နေရာကို အမှတ်ရစေရန် ခေါ်ဝေါ်ခြင်းသာ ဖြစ်၏။

အစောပိုင်းက ဖုန်းပိုင်ချွမ်က ဘိုးဘေးကြီး၏ သတင်းကို မေးမြန်းချင်သည်ဟု ဆိုရာတွင်... အမှန်တကယ်၌ ထုန်းယွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀) က ဘာတွေ လုပ်ခဲ့သနည်း ဟူသည်ကို မေးမြန်းချင်နေခြင်း ဖြစ်တော့၏။

ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာနှင့် စိတ်နေစိတ်ထားကြောင့် သူတို့မှာ စကားပြောဆိုရာတွင် အမူအရာ မတတ်ကြဘဲ လိုရင်းကို ရောက်အောင် မပြောဆိုနိုင်ကြချေ။

ဤအကြောင်းများကို ပြောဆိုနေကြသည်မှာ အမွှေးတိုင် တစ်တိုင်ခန့် ကုန်ဆုံးသွားခဲ့လေပြီ။

ဆုမိုသည် ခေါင်းလှည့်၍ အမာရွတ်နှင့် လူအား ကြည့်လိုက်ပြီးနောက်... သူ၏ ရှန်မန် သွေးကြောကွက်ပေါ်မှ ဝေဒနာကို အသာအယာပင် ဖြေလျှော့ပေးလိုက်၏။

အမာရွတ်နှင့် လူ၏ မျက်နှာမှာ ချက်ချင်းပင် သက်သာသွားရသော်လည်း... ဆုမိုအား ပြန်လည် ကြည့်ရှုလိုက်သော အခါတွင်မူ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာ တစ်ကောင်ကို မြင်တွေ့

လိုက်ရသည့်အလား ရှိနေပေတော့သည်။

ဤနေရာတွင် ရှိနေသူများထဲ၌ ဖူဟန်ယွမ်သည် ထိုသူ၏ စိတ်အခြေအနေကို အကောင်းဆုံး နားလည်နိုင်သူ ဖြစ်သဖြင့် သက်ပြင်း တစ်ချက် ချကာ ပြောဆိုလိုက်၏။

“ကြည့်စမ်း... မေးတာကိုပဲ အမှန်အတိုင်း ပြောလိုက်ပါတော့၊ ဒီမှာ ဒုက္ခခံနေတာထက် ပိုကောင်းပါတယ်၊ ဒီသခင်ကြီးရဲ့ နည်းလမ်းတွေက ခံနိုင်ရည် ရှိဖို့ မလွယ်ဘူးနော်၊ အခုဟာက ရှန်မန် သွေးကြောကွက် တစ်ခုတည်း ရှိသေးတာကို…”

အခန်း (၂၅၅)- အတိတ်ဟောင်းများ (၂)

~“မင်းသာ အမှန်အတိုင်း မပြောဘူးဆိုရင်... ငါ မင်းရဲ့ ဖုန်းရှီ သွေးကြောကွက်ကို ထပ်ပြီး နှိပ်ရလိမ့်မယ်၊ အဲ့ဒီအခါ ကျရင် သေရတာကမှ သက်သာဦးမယ် ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်သွားစေရမယ်”

အမာရွတ်နှင့် လူမှာ ထိတ်လန့်သွားရကာ -

“မင်း... မင်းကရော အဲဒီလို ခံစားချက်မျိုး ကြုံဖူးလို့လား”

“မင်း အလုပ် မဟုတ်ဘူး..”

ဖူဟန်ယွမ်မှာ ဒေါသတကြီးဖြင့် ဝတ်ရုံလက်ကို တစ်ချက် ဝှေ့ယမ်းကာ အေးစက်စွာ နှာမှုတ်လိုက်၏။

“...”

မင်းပဲ အရင် စကားစတာ မဟုတ်လား။

အမာရွတ်နှင့်လူသည် ရင်ထဲ၌ မကျေမနပ် ဖြစ်သွားသော်လည်း ထုတ်ဖော် မပြောရဲချေ။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း -

“မင်းတို့က... လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်က အဆုံးမဲ့ဓား ထုန်းယွင် ကျုပ်တို့ကို ခိုင်းခဲ့တဲ့ ကိစ္စအကြောင်း မေးချင်တာ မဟုတ်လား”

စောစောက ပြင်းထန်လှသော ဝေဒနာကို ခံစားခဲ့ရသော်ငြား 'လူသား ဒုက္ခိတ သိုင်းကျမ်း'၏ အစွမ်းကြောင့် သူ၏ အသိစိတ်မှာ ဝေဝါးမသွားဘဲ

ပိုမို၍ပင် ကြည်လင်နေခဲ့လေသည်။

ထို့ကြောင့် ဆုမိုနှင့် အခြားသူများ၏ စကားဝိုင်း တစ်ခုလုံးကို သူ အစအဆုံး ကြားသိခဲ့ရခြင်း ဖြစ်သည်။

သူသည် အသက်ကို တစ်ချက် ပြန်ရှူလိုက်ပြီးနောက် -

“ဟဲဟဲ... ကောင်းပြီလေ၊ ကျုပ် ပြောပြပါ့မယ်... ဒါပေမယ့် ကျုပ် ပြောတာကို ခင်ဗျားတို့ ယုံချင်မှ ယုံကြလိမ့်မယ်”

“ဪ...”

လျူမိုမှာ အနည်းငယ် အံ့ဩသွားရသော်လည်း ခေါင်းညိတ်ပြလိုက်၏။

“ပြောသာပြောပါ... အဟုတ်အမှန် ဖြစ်မဖြစ် ဆိုတာကိုတော့ ကျုပ်တို့ဘာသာ ကျုပ်တို့ ဆုံးဖြတ်ပါ့မယ်”

“ကောင်းပြီ..”

အမာရွတ်နှင့်လူက စတင် ပြောဆိုလိုက်လေတော့သည်။

“အဆုံးမဲ့ဓား ထုန်းယွင်... ဟဲဟဲ၊ နာမည်ကျော် လူကုံထံကြီးပေါ့၊ ကောင်းကင်ဓားဂိုဏ်းရဲ့ ထိပ်တန်း ပညာရှင်၊ တရားသော လမ်းစဉ်ရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးပေါ့... ဟဲဟဲ၊ အမှန်အတိုင်း ပြောရရင် ကျုပ်တော့ သူ့ရဲ့ နောက်ခံက ခင်ဗျားတို့ ထင်ထားတာထက် အများကြီး ပိုပြီး ရှုပ်ထွေးလိမ့်မယ်လို့ သံသယ ရှိတယ်ဗျ”

“အဲဒီတုန်းက အဲဒီလူက ကျုပ်တို့ ညီအစ်ကိုတွေဆီကို ရုတ်တရက် ရောက်လာတာဗျ၊ သူ့ရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်တာ..”

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှု အရိပ်အယောင် အချို့ ဖြတ်သန်းသွား၏။ အတိတ်က ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ပြန်လည် မြင်ယောင်နေပုံ ရသည်။

သို့သော် နောက်တစ်စက္ကန့်၌ သူ ဆိုလိုက်သော စကားမှာ အားလုံးကို တုန်လှုပ်သွားစေတော့၏။

“ဒါပေမယ့် သူ လာရင်း ရည်ရွယ်ချက်က... ကျုပ်တို့ကို အာမခံ ပစ္စည်းတစ်ခု လုခိုင်းဖို့ပဲဗျ..”

အာမခံ ပစ္စည်းကို လုခိုင်းတာ ဟုတ်လား။

ဆုမို၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားရတော့၏။ အာမခံဌာန တစ်ခုကို ဦးစီးနေသူ ဖြစ်သဖြင့် ဤကဲ့သို့သော အကြောင်းအရာမျိုးကို ကြားလိုက်ရသည့်အခါ သူ အလိုအလျောက်ပင် အာရုံစိုက်မိသွားတော့သည်။

ယန်ရှောင်ယွင်သည်လည်း သူမ၏ လက်ထဲမှ 'နဂါးနက် လှံ' ကို မသိမသာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။

“ဘာပစ္စည်းလဲ”

လျူမိုက ချက်ချင်းပင် မေးမြန်းလိုက်လေသည်။

“အဲဒီ အရာကတော့...”

အမာရွတ်နှင့်လူက မျက်မှောင်ကြုတ်လျက် -

“ကြားရသလောက်တော့ ဂီတ သင်္ကေတ စာအုပ် တစ်အုပ်လို့ ပြောတာပဲဗျ”

“...”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ ရင်ထဲ၌ လှပ်ခနဲ ဖြစ်သွားရတော့၏။

ဂီတ သင်္ကေတ စာအုပ် တဲ့လား။

လမ်းငါးသွယ်ဆုံရပ်တွင် လီစစ်ယွင်က သူတို့အား ချဉ်းကပ်ခဲ့စဉ်ကလည်း 'မန်ဒရင်းဘဲ စာရင်း'ကို ဂီတ သင်္ကေတ စာအုပ် တစ်အုပ်ဟုသာ အမည်တပ်ခဲ့သည် မဟုတ်ပါလော။

ယခု ဤအမာရွတ်နှင့် လူကလည်း ထုန်းယွင်သည် လွန်ခဲ့သော အတိတ်ကာလက အာမခံ ပစ္စည်းတစ်ခုကို လုယူခိုင်းခဲ့ပြီး ထိုအရာမှာလည်း ဂီတ သင်္ကေတ စာအုပ် တစ်အုပ် ဖြစ်သည်ဟု ပြောဆိုနေပြန်တော့၏။

ဧကန္တ... ထိုအရာမှာ 'မန်ဒရင်းဘဲ စာရင်း' ပင် ဖြစ်နေမလား။

နှစ်ဦးသား၏ စိတ်ထဲ၌ လှုပ်ခတ်သွားရသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့် အရိပ်အယောင်မျှ မပြဘဲ ထိန်းသိမ်းထားကြ၏။ သူတို့သည် ဤကိစ္စမှာ မိမိတို့နှင့် မသက်ဆိုင်သည့်အလား တိတ်ဆိတ်စွာပင် ဆက်လက် နားစွင့်နေကြတော့၏။

လျူမိုမှာ မှင်သက်သွားရကာ -

“ထုန်းယွင်က မင်းတို့ကို ဂီတ စာအုပ် တစ်အုပ်ကို လုခိုင်းတယ် ဟုတ်လား”

ပြောပြောဆိုဆိုနှင့် သူသည် ဖုန်းပိုင်ချွမ် ဘက်သို့ လှည့်ကြည့်လိုက်၏။ ဖုန်းပိုင်ချွမ်၏ မျက်နှာမှာလည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ အကြည့်မှာ ပိုမို၍ပင် အေးစက်လာသည်။

“စကားတွေကို လှည့်ပတ်မနေနဲ့၊ မြန်မြန် ပြောစမ်းပါ၊ ကျုပ်တို့မှာ ခန့်မှန်းနေဖို့ အချိန်မရှိဘူး”

ဖူဟန်ယွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဟွန့်..”

အမာရွတ်နှင့်လူက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း -

“ကောင်းပြီလေ... အဲဒီတုန်းက ထုန်းယွင်က ကျုပ်တို့ရှေ့မှာ သူ့နာမည်ရင်းကို မသုံးခဲ့ဘူး”

“သူက နာမည်ဝှက် တစ်ခုကို သုံးခဲ့တာ၊ ကျုပ်တို့ဆီ ရောက်လာတုန်းကလည်း ဘာမှ စကားမပြောဘဲ ကျုပ်တို့ ညီအစ်ကိုတွေကို အရင်ဆုံး မြေပြင်ပေါ် လဲကျသွားအောင် ရိုက်နှက်တာပဲ၊ သူ သုံးတဲ့ ဓားသိုင်းက မိစ္ဆာတွေ၊ သရဲတစ္ဆေတွေလိုပဲ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်”

“အဲဒီအချိန်က ကျုပ်တို့ ညီအစ်ကိုတွေ သိုင်းလောကထဲ ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတာ၊ အခုလောက်လည်း ပညာမစုံသေးဘူးလေ”

“အဲဒီလို ကြောက်စရာ ကောင်းတဲ့ ဓားသိုင်းမျိုးကို ဘယ်သူက မြင်ဖူးမှာလဲဗျာ”

“သိုင်းလောကမှာ ပြိုင်ဘက် မဟုတ်ရင်တော့ ဒူးထောက် အရှုံးပေးရုံပဲ ရှိတာပေါ့”

“ဒါပေမယ့် သူက ကျုပ်တို့ကို သတ်ဖို့ လာတာ မဟုတ်ဘူးတဲ့၊ ကျုပ်တို့ကို တစ်ခုခု ကူလုပ်ပေးဖို့ပဲ လိုတာတဲ့”

“သူ ပြောခဲ့တဲ့ စကားတွေက အခုထိ ကျုပ်နားထဲမှာ ကြားနေတုန်းပဲ၊ သူက 'နောက် (၇) ရက်နေရင်... ဟွိုင်တောင် ခြေရင်းကနေ အာမခံအဖွဲ့ တစ်ဖွဲ့ ဖြတ်သွားလိမ့်မယ်၊ အဲဒီ အာမခံ လှည်းတန်းမှာ ဇီယန် လို့ ရေးထားတဲ့ အလံကို စိုက်ထားလိမ့်မယ်၊ မင်းတို့ အဲဒီ အာမခံ ပစ္စည်းကို လုယူရမယ်၊ အဲဒီ လှည်းတွေပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေထဲက ဂီတ သင်္ကေတ စာအုပ် တစ်အုပ်ကို ရှာပါ၊ အောင်မြင်ရင် မင်းတို့ အသက်ချမ်းသာရာ ရမယ်၊ တကယ်လို့ ငြင်းဆန်တဲ့သူ ရှိရင်တော့... ငါ့ဓားက မင်းတို့ ခေါင်းတွေကို ယူလိမ့်မယ်၊ ငါ သတိပေးပြီးပြီနော်' တဲ့”

ဤစကားကို ကြားလိုက်ရသောအခါ လျူမိုနှင့် အခြားသူများမှာ အကြီးအကျယ် တုန်လှုပ်သွားကြရလေတော့၏။

ဤအမာရွတ်နှင့်လူသည်ကား... ဆုမိုမှာ ယခုအခါ ဇီယန် အာမခံဌာန၏ ခေါင်းဆောင် ဖြစ်နေသည်ကို လုံးဝ သိရှိထားခြင်း မရှိသေးပေ။

ဆုမို အာမခံဌာနကို စတင် တာဝန်ယူစဉ်က သူ၏ ဝတ်ရုံလက်တွင် 'ဇီယန်' ဟူသည့် စာလုံးကြီး (၂) လုံး ပါရှိနေသေးသော်လည်း... ယန်ရှောင်ယွင် ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင်မူ ဇီယန် အာမခံဌာန၏ ဝတ်စုံများကို ပြောင်းလဲပစ်ခဲ့သည် မဟုတ်ပါလော။

ဝတ်ရုံပေါ်မှ 'ဇီယန်' ဟူသည့် စာလုံးများကို ဖယ်ရှားပစ်ခဲ့သဖြင့် အခုအချိန်အထိ အမာရွတ်နှင့်လူသည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ နောက်ခံကို ရိပ်မိခြင်း မရှိသေးချေ။

ဆုမိုမှာမူ တည်ငြိမ်စွာပင် ဆက်လက် မေးမြန်းလိုက်၏။

“ပြီးတော့ ဘာဆက်ဖြစ်လဲ”

“အဲဒီတုန်းက ကျုပ်တို့ ညီအစ်ကိုတွေမှာ ရွေးချယ်စရာ မရှိဘူးလေ”

“အဲဒီလူက ဖမ်းဆုပ်လို့မရအောင် နက်နဲပြီး သိုင်းပညာကလည်း အစွမ်းထက်လွန်းတော့... ကျုပ်တို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်မှတော့ သူခိုင်းတာကို လုပ်ရုံပဲ ရှိတာပေါ့”

“ဒါကြောင့် ကျုပ်တို့က ဇီယန် အာမခံဌာန အကြောင်းကို စုံစမ်းကြည့်လိုက်တော့မှ... အဲဒါက ဇီယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ဂိုဏ်းကနေ ထွက်သွားပြီးနောက် တည်ထောင်ခဲ့တဲ့ အာမခံဌာန ဖြစ်နေမှန်း သိလိုက်ရတယ်”

“အဲဒီ အာမခံဌာနရဲ့ နောက်ခံက တကယ့်ကို တောင့်တင်းတာဗျ၊ သာမန် အာမခံဌာနတွေနဲ့ ယှဉ်လို့တောင် မရဘူး”

“ခေါင်းဆောင်ဟောင်း ဆု ကွယ်လွန်သွားပြီးနောက်မှာတောင်... သူ့ရဲ့ သားမြေးတွေနဲ့ တပည့်တွေကို ဇီယန်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေအဖြစ် လေးစားနေကြတုန်းပဲလေ”

“အာမခံဌာနနဲ့ ဇီယန်ဂိုဏ်းကြားက ပတ်သက်မှုက ကြောက်စရာ ကောင်းလောက်အောင်ကို နက်နဲတာဗျ”

“အဲဒီလူရဲ့ သိုင်းပညာကြောင့် ကျုပ်တို့ ဒီအလုပ်ကို လက်ခံခဲ့ရပေမဲ့... ဟွိုင်တောင် ခြေရင်းမှာ ဇီယန် အာမခံဌာနကို လုဖို့ ကြံစည်တာက အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ သေလမ်းကို ရှာနေတာနဲ့ အတူတူပဲ မဟုတ်လား”

“ဒါကြောင့် ကျုပ်တို့က ပါးနပ်စွာနဲ့ပဲ နောင်တစ်ချိန်မှာ အသုံးဝင်အောင် သူ့ရဲ့ နာမည်ကို သိအောင် လုပ်ခဲ့တယ်”

“ညီအစ်ကိုတွေ တိုင်ပင်ပြီးတဲ့နောက်မှာတော့ ဒီအလုပ်ကို လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတာပေါ့”

“တကယ်လို့ ဇီယန် အာမခံဌာနက လူတွေက သိပ်ပြီး အစွမ်းထက်နေပြီး ကျုပ်တို့က ပြိုင်ဘက် မဟုတ်ဘူးဆိုရင်တော့... ကျုပ်တို့ဘာသာ သေချင်ယောင်ဆောင်တာဖြစ်ဖြစ်၊ ဒူးထောက် အသနားခံတာဖြစ်ဖြစ် လုပ်ဖို့ပေါ့ဗျာ”

All Chapters