အခန်း (၁၁၈၃-၁၁၈၄)
Vol. 119 Ch. 1183-1184
အခန်း (၁၁၈၃) ပိုက်ကွန်သိမ်းခြင်း စစ်ဆင်ရေး
တျောင်ဝူဟာ ဒေါသထွက်နေပုံပေါက်ပေမဲ့ သူ့မျက်လုံးတွေကတော့ လူအုပ်ထဲက တခြားသူတွေနဲ့ အဆက်မပြတ် ဆက်သွယ်နေသလို၊ လူတိုင်းရဲ့ အမူအရာကိုလည်း အကဲခတ်နေပါတယ်။
တဖြည်းဖြည်းနဲ့ သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားရပါတယ်။
အိုယန်ရွှမ်ကျိကလည်း ဘာမှမပြောဘဲ တျောင်ဝူရဲ့ သရုပ်ဆောင်မှုကို ဒီအတိုင်း ငြိမ်သက်စွာ ကြည့်နေခဲ့ပါတယ်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက် ကြာပြီးနောက်မှာတော့ တျောင်ဝူက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး အထက်က ပုံရိပ်ကို လှမ်းကြည့်ကာ
"တော်ပြီ... ကျုပ် အရှုံးပေးပါတယ် ဒီနေ့ ကျုပ်ကို ဘယ်လို စီရင်ဖို့ စိတ်ကူးထားလဲ "
"သူက တကယ်ပဲ ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူ ဖြစ်နေတာလား "
"အခု ပြန်စဉ်းစားကြည့်ရင်၊ အရင်တုန်းက ချန်းရှန်းတာအိုဂိုဏ်းနဲ့ ရှီယဲ့တာအိုဂိုဏ်းတို့ တိုက်ခိုက်ခဲ့တုန်းက အနှစ် ၂၀ တောင် ကြာခဲ့တာ ကျင့်ကြံသူတွေ အမြောက်အမြား သေကျေခဲ့ရုံတင်မကဘဲ ရေတွက်လို့မရတဲ့ သာမန်လူတွေပါ သေဆုံးခဲ့ရတယ် ဒါဟာ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ လုပ်ရပ်ဆိုတာ အသိသာကြီးပဲ"
လူတော်တော်များများဟာ ရှီယဲ့တာအိုဂိုဏ်းဘက်ကို ရုတ်တရက် လှည့်ကြည့်လိုက်ကြပါတယ်။
ဆံပင်ပါးပါးနဲ့ အဘိုးအိုတစ်ယောက်ဟာ မျက်နှာပျက်သွားပြီး အထက်က ပုံရိပ်ဆီကို ခိုးကြည့်လိုက်တာ တွေ့ရပါတယ်။
"ရှီယဲ့... ကျုပ်တို့တွေက အစောကြီးကတည်းက ပေါ်သွားပြီပဲ၊ မကြောက်ပါနဲ့ ဒီနေ့ သူ့ရဲ့ ဝိညာဉ်သုတ်သင်ရေးဌာနက အသာစီးရနေပေမဲ့၊ နောင်တစ်ချိန်မှာ ကျုပ်တို့ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ဒီလောကကြီးကို နင်းခြေဖျက်ဆီးပစ်ဦးမှာပဲ "
တျောင်ဝူက အေးစက်စက် ရယ်မောလိုက်ပါတယ်။
ရှီယဲ့ဘိုးဘေးက သက်ပြင်းချလိုက်ပြီး တျောင်ဝူရဲ့ ဘေးနားကို ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။
နောက်ထပ်တော့ အိုယန်ရွှမ်ကျိ နာမည်ခေါ်စရာ မလိုတော့ဘဲ လူပုံရိပ်တွေဟာ တျောင်ဝူနဲ့ ရှီယဲ့တို့ဆီကို တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းလာကြပါတယ်။
လူတိုင်းရဲ့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားရပါတယ်။
တာအိုဂိုဏ်းထဲမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေ ဒီလောက်တောင် များနေတာလား
အိုယန်ရွှမ်ကျိက တည်ငြိမ်နေပုံပေါက်ပေမဲ့ သူ့စိတ်ထဲမှာတော့ အံ့သြနေမိပါတယ်။
သူ့လက်ထဲမှာ ဖန့်ချန် ပေးထားတဲ့ စာရင်းတစ်ခု ရှိပါတယ်။
အခု ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်လိုက်တဲ့သူတွေဟာ စာရင်းထဲကလူတွေနဲ့ တစ်ယောက်မကျန် ကွက်တိပါပဲ။
နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ ဒီကောင်တွေကို ဖော်ထုတ်နိုင်တယ်ဆိုတာ တိုက်ခိုက်ရေးစွမ်းရည်နဲ့ မဆိုင်တော့ပါဘူး။
ဖြစ်နိုင်တာက သူကိုယ်တိုင်တောင်မှ အချိန်ပြည့် စောင့်ကြည့်ခံနေရတာ ဖြစ်နိုင်ပါတယ်။
"မအံ့သြပါဘူး၊ အရင်တုန်းက နတ်မိစ္ဆာပင်လယ် တိုက်ပွဲမှာ သခင်လေးက ဒီလောက် အေးအေးဆေးဆေး နိုင်ခဲ့တာ သခင်လေး လက်ထဲမှာရှိတဲ့ သတင်းကွန်ရက်က ဝိညာဥ်နတ်ဘုရားဂိုဏ်းထက် အများကြီး ပိုသာနေတာပဲ"
တစ်နာရီလောက် ကြာပြီးနောက်မှာတော့ အိုယန်ရွှမ်ကျိက ကိုယ့်ကိုယ်ကိုယ် ထွက်မလာချင်တဲ့ ကျန်တဲ့လူတွေကိုပါ ဆွဲထုတ်လိုက်ပါတယ်။
လူဦးရေ စာရင်းစစ်ပြီးတဲ့နောက်မှာတော့ ဖန့်ချန်ကို လက်အုပ်ချီပြီး ပြောလိုက်တယ်
"သခင်လေး... စာရင်းထဲမှာ စုစုပေါင်း ၁၃၂ ယောက်ပါ ဒီမှာလည်း ၁၃၂ ယောက် အကုန်စုံပါပြီ"
၁၃၂ ယောက်သော ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေဟာ ဖန့်ချန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြပါတယ်။
တချို့ကတော့ စိတ်ထဲမှာ ကံဆိုးမိုးမှောင်ကျပြီလို့ တွေးနေကြပါတယ်။
ဒီတာအိုဂိုဏ်းပွဲတော်က တစ်ခုခု ထူးဆန်းနေမှန်း သိသိကြီးနဲ့ သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး လာကြည့်မိတာပါ။
သူတို့တွေဟာ နှစ်ပေါင်းများစွာ ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ဘဲ ငြိမ်နေခဲ့တာတောင် ဘာလို့ သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားရတာလဲ
"ပို့လိုက်တော့"
"ဟုတ်ကဲ့"
ချက်ချင်းဆိုသလို မသေမျိုးဘုရင် သုံးပါးက တစ်ပြိုင်နက်တည်း အစွမ်းပြလိုက်တာကြောင့် ၁၃၂ ယောက်သော ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေဟာ ဘာမှ ပြန်မခုခံနိုင်ဘဲ အဲဒီနေရာမှာတင် အသတ်ခံလိုက်ရပါတယ်။
သူတို့ သေဆုံးသွားပြီးနောက် ဝိညာဉ်တွေဟာ ခန္ဓာကိုယ်ထဲက ထွက်လာကြပါတယ်။
သူတို့တွေဟာ တစ်ဖက်က အစီအစဉ်ဆွဲရင်း၊ နောက်တစ်ဖက်ကလည်း ဖန့်ချန်ကို အငြိုးအတေးတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ လှည့်ပတ်ကြည့်နေကြပါတယ်။
ဒါပေမဲ့ တစ်ယောက်ယောက်က တစ်ခုခု မှားနေတာကို ရိပ်မိသွားပါတယ်။
မသိစိတ်နဲ့ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ၊ ယင်စွမ်းအင်တွေ ဖုံးလွှမ်းနေတဲ့ လူအုပ်ကြီးက သူတို့ကို ခနဲ့တဲ့တဲ့ ပြုံးပြီး ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
ဒီလူအုပ်ကြီးက တစ်ပုံစံတည်း ဝတ်စုံတွေကို ဝတ်ထားကြပါတယ်။
သူတို့ရဲ့ စွမ်းအင်က သူတို့ မသေခင်ကထက်တော့ အားနည်းပေမဲ့၊ အခု ဝိညာဉ်ဘဝနဲ့ ယှဉ်ရင်တော့ အများကြီး ပိုသန်မာနေပါတယ်။
အဓိက အချက်ကတော့ သူတို့ မသေခင်တုန်းက ဒီလူအုပ်ကြီးကို လုံးဝ မမြင်ခဲ့ရတာပါပဲ။
"ဒါ... ယင်လောကက နေ့ကင်းလှည့် သူတွေ ပဲ "
တစ်ယောက်ယောက်က မျက်နှာပျက်ပြီး ပြောလိုက်ပါတယ်။
ယင်လောကငယ်ရဲ့ အာဏာပိုင်တွေဟာ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ရင်းနှီးတာကို သူတို့ ကြိုသိထားပေမဲ့၊ အခု ဒီနေရာမှာ နေ့ခင်းလှည့်လည်သူတွေက အသင့်စောင့်နေတာကို တွေ့ရတော့ ယင်လောကငယ်နဲ့ တာအိုသုံးထောင်ဂိုဏ်းရဲ့ ဆက်ဆံရေးက သာမန်မဟုတ်မှန်း သူတို့ ရိပ်မိသွားကြပါတယ်။
"မိတ်ဆွေတို့... လူ့လောကခရီးကတော့ ပြီးဆုံးသွားပါပြီ နောက်ဆက်တွဲ ခရီးလမ်းကိုတော့ ကျုပ်ကပဲ လိုက်ပို့ပေးပါ့မယ်"
လီပါ့တောင်း က အကျယ်ကြီး ရယ်မောလိုက်ပြီး၊ လက်စွပ်ထဲက သံကြိုးတစ်ချောင်းကို ပစ်ထုတ်လိုက်ရာ ဝိညာဉ်တွေရဲ့ ပခုံးရိုးတွေကို ထိုးဖောက်သွားပါတယ်။
အဲဒီနောက် နေ့ကင်းလှည့် ရဲမက်တွေရဲ့ ဝန်းရံမှုနဲ့အတူ သူတို့ကို ဝမ်ချွမ်းမြစ် ထဲကို ခေါ်သွားပါတော့တယ်။
တာအိုဂိုဏ်းထဲက ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေကို ရှင်းလင်းပြီးနောက် ဖန့်ချန်က ခရမ်းရောင်တံဆိပ်ဆရာ ၃၆ ယောက်ကို တိုက်ရိုက် ခန့်အပ်လိုက်ပြီး၊ ကျန်တဲ့ တာအိုဂိုဏ်းတွေကနေ ရွှေရောင်တံဆိပ်ဆရာ ၇၂ ယောက်ကို ရွေးချယ်စေခဲ့ပါတယ်။
ဒီတစ်ခေါက် တာအိုဂိုဏ်းပွဲတော်ဟာ ဒီနေရာမှာတင် ပြီးဆုံးသွားပါတယ်။
ကျီးလျန်ကတော့ စိတ်ဓာတ်တွေ ကျဆင်းနေပါတယ်။
ဒီနေ့ သူ အပြစ်ပေးခံရမယ်လို့ ထင်ထားပေမဲ့ ဘာပြဿနာမှ မတက်ခဲ့သလို၊ ဟိုလူက သူ့ကို အကြည့်တစ်ချက်တောင် မပေးခဲ့ပါဘူး။
သူက လူအုပ်နဲ့အတူ ပြန်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ၊ သူ့ရှေ့က ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကြောင့် ထိတ်လန့်သွားရပါတယ်။
သွေးရောင်စက္ကူရုပ် က ငြိမ်သက်စွာ ရပ်နေပြီး ကျီးလျန်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါတယ်။
"ဒါက..."
မဟာချဲ့ထွင်းဂိုဏ်းက လူတိုင်းနဲ့ အိုယန်ရွှမ်ကျိ အပါအဝင် သွေးရောင်စက္ကူရုပ်ကို မြင်လိုက်ရတဲ့အခါ စိတ်ထဲမှာ တုန်လှုပ်သွားကြပါတယ်။
သွေးရောင်စက္ကူရုပ်က ပေးတဲ့ ခံစားချက်က အရမ်း ထူးဆန်းလွန်းပါတယ်။
သူ့ဆီကနေ ခပ်ဝါးဝါး ယင်စွမ်းအင်တွေ ထွက်နေပါတယ်။
ဒါဟာ ရေခဲတိုက်တံခါးကို အနည်းငယ် ဟထားသလိုမျိုး တစ်ကိုယ်လုံးကို အေးစိမ့်သွားစေပါတယ်။
တကယ်လို့ ဒီတံခါးသာ အပြည့်ပွင့်သွားရင် ဘယ်လို အခြေအနေမျိုး ဖြစ်လာမလဲဆိုတာ မှန်းလို့မရပါဘူး။
အိုယန်ရွှမ်ကျိက ဘာမှမပြောဘဲ သူ့တပည့်တွေကို ခေါ်ပြီး အမြန်ထွက်သွားတာကြောင့် ကျီးလျန် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။
"သခင်လေး..."
ရှန်းရှန်း က ပြုံးလိုက်ပါတယ်။
ကျီးလျန် နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ခါးသီးစွာ ပြုံးလိုက်တယ်
"အဲဒီတုန်းက ယင်လောကထဲကို သွားခဲ့တုန်းက... ဘာတွေ ဖြစ်ခဲ့တာလဲ "
"တချို့ကိစ္စတွေက... သခင်လေး အများကြီး သိရင်လည်း အကျိုးမရှိပါဘူး ကျုပ်က ဒီနေ့ သခင်လေးကို နောက်ဆုံးတစ်ခေါက် လာကြည့်တာပါ နောင်တစ်ချိန်မှာ ကျုပ် အလုပ်တွေ များလာတော့မှာမို့ သခင်လေးနဲ့ တွေ့ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး"
ရှန်းရှန်းက ဆိုပါတယ်။
ကျီးလျန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ပြလိုက်တယ်
"စိတ်ချပါ... ကျုပ်အတွက် အရမ်း စိုးရိမ်မနေပါနဲ့မင်း အဲဒီလူရဲ့ နောက်ကို လိုက်တာက ကျုပ်နောက်လိုက်တာထက် ပိုပြီး အလားအလာ ရှိပါတယ်"
ရှန်းရှန်းက ဘာမှ ထပ်မပြောတော့ပါဘူး။
သူ့ရဲ့ ရည်ရွယ်ချက်က ငရဲမင်း ကို ယင်လောကမှာ ပြန်လည် ပေါ်ထွန်းလာစေဖို့ဖြစ်ပြီး သူလည်း အဲဒီအတိုင်း လုပ်ဆောင်ခဲ့တာပါ။
ကျီးလျန်ကတော့ ငရဲမင်းရဲ့ အမွေအနှစ်ကို မရရှိခဲ့တာကြောင့် သူ့ဘဝရဲ့ ဖြတ်သန်းသွားတဲ့ ခရီးသည်တစ်ယောက်ပဲ ဖြစ်ရပါတော့မယ်။
ကျီးလျန်က လက်အုပ်ချီ နှုတ်ဆက်ပြီး မဟာချဲ့ထွင်းဂိုဏ်း အဖွဲ့ဆီကို အပြေးလေး လိုက်သွားပါတယ်။
တာအိုသုံးထောင်ဂိုဏ်းကနေ ထွက်လာပြီးနောက် သူ ခဏရပ်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။
အဲဒီတုန်းက သူ ယင်လောကကနေ ဘာလို့ ဘေးကင်းကင်း ပြန်လာနိုင်ခဲ့တာလဲ ဆိုတာကို သူ နားလည်သွားသလို၊ ဒီနေ့ ဖန့်ချန်က သူ့ကို ဘာလို့ လက်မပါခဲ့တာလဲ ဆိုတာကိုလည်း သူ နားလည်သွားပါပြီ။
ဖန်တီးရှင်ဂြိုဟ်၊ ချောင်ဖုန်းနယ်မြေ
ဒီနေ့မှာတော့ ခြံဝင်းတစ်ခုထဲမှာ လူစည်ကားနေပါတယ်။
ဒီခြံဝင်းရဲ့ ပိုင်ရှင်ကတော့ သန့်စင်ရာနယ်မြေက လာတဲ့ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး အဆင့် ၁ လွတ်လပ်သောမသေမျိုး လည်း ဖြစ်ပါတယ်။
ဒီလူရဲ့ မျိုးရိုးက လင် ဖြစ်ပြီး၊ ဒီနေ့ကတော့ သူ့ရဲ့ ၇၂ ယောက်မြောက် မယားငယ်လေးကို လက်ထပ်ယူတဲ့ မင်္ဂလာနေ့ဖြစ်တာကြောင့် နဝမတောင်တန်းက ကျင့်ကြံသူတွေ အများကြီး လာရောက် ဂုဏ်ပြုနေကြပါတယ်။
တခြား အင်အားစုတွေက ကျင့်ကြံသူတွေလည်း လက်ဆောင်တွေ လာပို့ရင်း မင်္ဂလာအရက် လာသောက်ကြပါတယ်။
ချီမျိုးနွယ်စုကတော့ ချီကော ကို လွှတ်လိုက်ပါတယ်။
တုမျိုးနွယ်စုကတော့ တုအန်းရှန်း ကို လွှတ်လိုက်ပါတယ်။
ဒါ့အပြင် နဝမတောင်တန်းရဲ့ အသက်အငယ်ဆုံး လွတ်လပ်သောမသေမျိုး နန်ကုန်းယွမ်ကျိန်း လည်း ရောက်လာပါတယ်။
ဒီသုံးယောက်ရဲ့ ဘေးမှာ လူငယ်မျိုးဆက်တွေ ဝန်းရံနေပြီး၊ သူတို့ သုံးယောက်ကို အားကျတဲ့ မျက်လုံးတွေ၊ ရိုသေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။
"ဒီနှစ်တွေအတွင်း ကျုပ်တို့ ချောင်ဖုန်းနယ်မြေက အရမ်း ပြောင်းလဲသွားတယ် မျိုးနွယ်ကြီး ၄ ခုထဲမှာ အခု ချီမျိုးနွယ်နဲ့ တုမျိုးနွယ်ပဲ ကျန်တော့တယ်"
"ဟုတ်ပဗျာ... ဓားကျင့်ကြံသူတွေ ဒီလောက် ထွန်းကားလာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ အဲဒီ ကောင်းကင်ဓားဌာန ရဲ့ အစွမ်းက ဂိုဏ်းကြီး ၃ ဂိုဏ်းထက် မနိမ့်တော့သလို၊ ကျိုးရှင်းတောင်တန်း သန့်စင်ရာနယ်မြေကိုတောင် ယှဉ်နိုင်တော့မယ့် အသွင်ပဲ"
အရက်သောက်ရင်း စကားပြောနေကြတဲ့ ကျင့်ကြံသူတွေဟာ လက်ရှိ အခြေအနေတွေနဲ့ ကောလာဟလတွေကို မြိန်ရေယှက်ရေ ပြောနေကြပါတယ်။
နန်ကုန်းယွမ်ကျိန်း တို့ သုံးယောက်ဟာ လူကြီးပိုင်း လွတ်လပ်သောမသေမျိုးတွေနဲ့ စကားပြောရင်း၊ မျိုးဆက်သစ်တွေရဲ့ သိချင်တာတွေကို ဖြေကြားပေးနေသလို တစ်ဖက်ကလည်း ဒီနေရာက သတင်းတွေကို နားစွင့်နေကြပါတယ်။
ရုတ်တရက် သုံးယောက်လုံး အပြင်ဘက်ကို လှည့်ကြည့်လိုက်ကြပါတယ်။
ယင်လောက ဝိညာဉ်သုတ်သင်ရေးဌာန ဌာနမှူး ရှောင်းလန် နဲ့ သိုင်းနတ်ဘုရားဌာန ဌာနမှူး ရှုကျင်းထော် တို့ဟာ ပုခုံးချင်းယှဉ်ပြီး ဝင်လာတာကို တွေ့လိုက်ရလို့ပါ။
"လာပြီ "
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေကြပါတယ်။
ဒါပေမဲ့ သူတို့ နားလည်လိုက်ပါပြီ... ပိုက်ကွန်သိမ်းခြင်း စစ်ဆင်ရေး စတင်လိုက်ပါပြီ။
အခန်း (၁၁၈၄) ဘေးလူတွေ ဝင်မစွက်ပါနဲ့
လင်မျိုးရိုး အကြီးအကဲ ထိုင်နေတဲ့ ဝိုင်းမှာတော့ အရပ်မျက်နှာအသီးသီးက လွတ်လပ်သောမသေမျိုးတွေ ထိုင်နေကြပါတယ်။
တချို့ကတော့ နောက်ခံ သာမန်ပဲမို့ နည်းနည်း ဝေးဝေးမှာ ထိုင်ရပြီး၊ နန်ကုန်းယွမ်ကျိန်း တို့လို နောက်ခံတောင့်တင်းသူတွေကတော့ လင်အကြီးအကဲနဲ့ နီးနီးနားနားမှာ ထိုင်ကြတာပါ။
"ဟော... ဟိုလူနှစ်ယောက်က တော်တော် မျက်နှာစိမ်းပါလား၊ သူတို့လည်း ကျင့်ကြံဖော်တွေပဲ ထင်တယ် "
အဆင့် ၁ လွတ်လပ်သောမသေမျိုး တစ်ယောက်က ရှုကျင်းထော် နဲ့ ရှောင်းလန် တို့ကို သတိထားမိသွားပြီး မျက်နှာရိပ်မျက်နှာကဲ ပျက်သွားပါတယ်။
ရှောင်းလန်က ပေးတဲ့ ခံစားချက်ကတော့ သာမန်ပါပဲ။ ဒါပေမဲ့ ရှုကျင်းထော် ကတော့ သူတို့ရဲ့ စိတ်ထဲမှာ မသိမသာ ထိတ်လန့်မှုကို ဖြစ်ပေါ်စေပါတယ်။
ဒီလူရဲ့ ကျင့်ကြံမှုက သူတို့ထက် မနိမ့်ဘူးဆိုတာ သိသာနေပြီး သူလည်း လွတ်လပ်သောမသေမျိုး အဆင့်ပဲ ဖြစ်ရပါမယ်။
လင်အကြီးအကဲလည်း အံ့သြသွားပါတယ်။
ဘာလို့လဲဆိုတော့ သူလည်း ဒီလူနှစ်ယောက်ကို မသိလို့ပါပဲ။
ဒါပေမဲ့ ဒီနေ့က သူ့ရဲ့ မင်္ဂလာနေ့ဖြစ်တာကြောင့် လာသမျှလူက ဧည့်သည်ပဲဆိုပြီး ပြုံးပြုံးရွှင်ရွှင် မတ်တတ်ရပ်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်
"ကျုပ် လင်ယွမ် ပါ၊ မိတ်ဆွေနှစ်ယောက်က ဘယ်သူများပါလဲ..."
"သူပဲ "
ရှောင်းလန်က ဆိုပါတယ်။
ရှုကျင်းထော်က စကားအရှည်ကြီး မပြောတော့ဘဲ သူ့ရဲ့ ပုံရိပ်က လျှပ်စီးလက်သလို လင်အကြီးအကဲရဲ့ ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်ပါတယ်။
လင်အကြီးအကဲရဲ့ မျက်နှာပေါ်က အပြုံးတွေတောင် မသိမ်းနိုင်သေးပါဘူး။
သူ့ကိုယ်ပေါ်က မသေမျိုးစွမ်းအင်တွေက မသိစိတ်နဲ့ ရုန်းကြွလာပေမဲ့ ခဏချင်းမှာပဲ ပြန်လည် ပျောက်ကွယ်သွားပါတယ်။
ဘာလို့လဲဆိုတော့ သူဟာ ရစရာမရှိအောင် ရိုက်ချခံလိုက်ရလို့ပါပဲ။
ကျိုးရှင်းတောင်တန်း သန့်စင်ရာနယ်မြေရဲ့ အဆင့် ၁ လွတ်လပ်သောမသေမျိုးဟာ သူ့ရဲ့ မင်္ဂလာနေ့မှာတင် ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရဲ့ လက်သီးတစ်ချက်နဲ့ အမှုန့်ဖြစ်သွားရပါပြီ။
သွေးစက်တွေက လူတွေရဲ့ မျက်နှာပေါ်၊ စားပွဲပေါ်ကို လွင့်စင်လာပြီး အေးစိမ့်တဲ့ အငွေ့အသက်တွေကို သယ်ဆောင်လာပါတယ်။
ဒါတွေအားလုံးကို လုပ်ပြီးနောက် ရှုကျင်းထော်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီး ရှောင်းလန်နဲ့အတူ လှည့်ထွက်သွားပါတယ်။
လာတာကလည်း ရုတ်တရက်၊ သွားတာကလည်း တည်တည်ငြိမ်ငြိမ်ပါပဲ။
အစကနေ အဆုံးထိ စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။
သူတို့နှစ်ယောက် မြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားမှသာ ဝိုင်းမှာ ထိုင်နေတဲ့ လွတ်လပ်သောမသေမျိုးတွေက တုံ့ပြန်မှု ရှိလာကြပါတယ်။
တကယ်တော့ လင်အကြီးအကဲ အသတ်ခံရကတည်းက သူတို့ တုံ့ပြန်နိုင်ခဲ့ပေမဲ့ ဘယ်သူမှ လက်လွတ်စပယ် မလှုပ်ရှားရဲခဲ့ကြတာပါ။
တစ်ဖက်လူက ကျိုးရှင်းတောင်တန်းရဲ့ လွတ်လပ်သောမသေမျိုး အကြီးအကဲကို လူပုံအလယ်မှာ သတ်ရဲတယ်ဆိုရင် သူ့ရဲ့ နောက်ခံက ကျိုးရှင်းတောင်တန်းထက် မသေးတာ သေချာပါတယ်။
ပြီးတော့ ခုနက လက်သီးတစ်ချက်ကို ဒီမှာရှိတဲ့ ဘယ်လွတ်လပ်သောမသေမျိုးမှ ခုခံနိုင်စွမ်း မရှိပါဘူး။
အဲဒီလို အားအင်မျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။
ပွဲလာပရိသတ်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး လင်မိသားစုရဲ့ သားမြေးတွေကတော့ အခုမှ သတိပြန်ဝင်လာကာ မျက်နှာတွေ ဖြူဖျော့ပြီး မယုံနိုင်သလို ဖြစ်နေကြပါတယ်။
အဘိုးအိုတစ်ယောက်က လင်အကြီးအကဲ အမှုန့်ဖြစ်သွားတဲ့ နေရာမှာ ဝုန်းခနဲ ဒူးထောက်လိုက်ပြီး နန်ကုန်းယွမ်ကျိန်း ကို နာကျည်းစွာ ကြည့်ကာ
"နန်ကုန်းစီနီယာ... ကျုပ်အဖေက အရမ်း မတရား အသတ်ခံလိုက်ရတာပါဗျာ "
နန်ကုန်းယွမ်ကျိန်းက တည်တည်ငြိမ်ငြိမ်နဲ့ မတ်တတ်ရပ်ကာ အော်ပြောလိုက်တယ်
"ဘယ်သူလဲ ဘာလို့ ကျုပ်တို့ ကျိုးရှင်းတောင်တန်းက လင်အကြီးအကဲကို သတ်ရတာလဲ "
"ဝိညာဉ်သုတ်သင်ရေးဌာန က ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူကို သုတ်သင်တာပဲ ဘေးလူတွေ ဝင်မစွက်ပါနဲ့ "
အဝေးကနေ အသံတစ်သံ ပြန်ကြားလိုက်ရပါတယ်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူလား လွတ်လပ်သောမသေမျိုး အနည်းငယ်ကတော့ ရင်တထိတ်ထိတ်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်။
လင်အကြီးအကဲနဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်း ဆက်ဆံရေး ကောင်းတာကို သူတို့ သိပေမဲ့ သူကိုယ်တိုင်က ဝိညာဥ်နတ်ဘုရားဂိုဏ်းသား ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ပါဘူး။
ပူးပေါင်းဆောင်ရွက်တဲ့လူပဲ ထင်ခဲ့တာပါ။
"ဝိညာဉ်သုတ်သင်ရေးဌာနကလူတွေပဲ..."
နန်ကုန်းယွမ်ကျိန်းက မျက်နှာထား တည်တည်နဲ့ အဘိုးအိုကို ကြည့်လိုက်တယ်
"လင်အကြီးအကဲက မင်းရဲ့ ဖခင်ပဲ သူက ဝိညာဥ်နတ်ဘုရားဂိုဏ်းသား ဖြစ်နေတာကို... မင်း သိလား"
အဘိုးအိုက ကြောင်တောင်တောင် ဖြစ်သွားတယ်
"မဖြစ်နိုင်တာ..."
"ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ နောက်ခံက ထူးခြားတယ် ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်း ကိစ္စဆိုရင် ကျုပ်တို့လည်း လွယ်လွယ်နဲ့ ဝင်မပါသင့်ဘူး ဒီကိစ္စကို ကျိုးရှင်းတောင်တန်းက အကြီးအကဲတွေကို ကျုပ် တင်ပြပေးပါ့မယ်၊ သူတို့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်တာပေါ့ "
နန်ကုန်းယွမ်ကျိန်း ပြောပြီးတာနဲ့ အမြန် ထွက်သွားပါတော့တယ်။
ချီကော နဲ့ တုအန်းရှန်း တို့လည်း မတ်တတ်ရပ်ပြီး နှုတ်ဆက်ကာ ထွက်သွားကြပါတယ်။
ဒီမှာရှိတဲ့ လွတ်လပ်သောမသေမျိုးတွေလည်း မြင်တဲ့အတိုင်းပါပဲ၊ ဘယ်သူက ဆက်နေချင်ဦးမှာလဲ။
လင်အကြီးအကဲလည်း သေပြီဆိုတော့ သူ့သားမြေးတွေကိုလည်း အားနာမနေတော့ဘဲ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားကြပါတော့တယ်။
နန်ကုန်းယွမ်ကျိန်းတို့ သုံးယောက်ဟာ မိုင်တစ်ရာလောက် ဝေးတဲ့နေရာမှာ ပြန်ဆုံကြပါတယ်။
"သိုင်းနတ်ဘုရားဌာန ဌာနမှူး ရှု ရဲ့ နည်းလမ်းက... တကယ်ကို ဆန်းကြယ်တာပဲ အဲဒါက သိုင်းပညာရှင် လမ်းစဉ်လို့ ကျွန်မ ကြားတယ် "
တုအန်းရှန်း ရဲ့ မျက်လုံးတွေက တောက်ပနေပြီး ချီကော နဲ့ နန်ကုန်းယွမ်ကျိန်း ဆီကနေ သတင်းထပ်ရမလားလို့ စူးစမ်းလိုက်ပါတယ်။
"စကားနဲ့ လာမနှိုက်နဲ့ တို့နှစ်ယောက်လည်း မင်းထက် ပိုမသိပါဘူး အစကတော့ သိုင်းနတ်ဘုရားဌာန ဆိုတာ မျက်လှည့်တစ်ခုပဲလို့ ထင်ခဲ့တာ၊ အခု ပြန်စဉ်းစားကြည့်ရင် ငါ အရမ်း ကလေးဆန်ခဲ့တာပဲ သိုင်းပညာရှင် လမ်းစဉ်က... တကယ်ပဲ မသေမျိုးတွေကို သတ်နိုင်တာပဲ"
ချီကော က တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်
"လူ့လောကက လူတွေရော သိုင်းနတ်ဘုရားဌာနရဲ့ လမ်းစဉ်ကို လိုက်လို့ရမလား မသိဘူး "
တုအန်းရှန်း လည်း ချက်ချင်းပဲ အဓိကအချက်ကို တွေးမိသွားပါတယ်။
သူတို့နောက်မှာ ချီမျိုးနွယ်နဲ့ တုမျိုးနွယ်ဆိုတဲ့ ချောင်ဖုန်းနယ်မြေက မျိုးနွယ်ကြီး နှစ်ခု ရှိနေတာလေ။
လက်အောက်မှာ မျိုးနွယ်စုဝင်တွေ အများကြီးရှိတာကြောင့် တကယ်လို့ သိုင်းပညာရှင် လမ်းစဉ်က သူတို့အတွက်ပါ အသုံးဝင်မယ်ဆိုရင် ဒါဟာ နောက်ထပ် လမ်းသစ်တစ်ခုပဲပေါ့။
"သိုင်းနတ်ဘုရားဌာနက ဘာကန့်သတ်ချက်မှ ရှိပုံမရဘူး ယင်လောကက ဝိညာဉ်တွေတောင် ဝင်လို့ရတာပဲ နောက်တစ်ခါ သခင်လေးနဲ့ တွေ့တဲ့အခါ ဒီကိစ္စကို မေးကြည့်ရမယ်"
နန်ကုန်းယွမ်ကျိန်းက စဉ်းစားရင်း ပြောတယ်
"ယင်လောကမှာ အဲဒီ ဌာနမှူး ရှု ကို တွေ့တုန်းက ဘာမှ ထူးခြားတယ်လို့ မထင်ခဲ့ရဘူး မထင်မှတ်ဘဲ သူ့ရဲ့ အစွမ်းက အဆင့်တူ ဓားကျင့်ကြံသူထက် မနိမ့်ဘူးပဲ "
"လင်ယွမ် ကတော့ သေပြီ စာရင်းထဲမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ လွတ်လပ်သောမသေမျိုးတွေ အများကြီး ကျန်သေးတယ် အဲဒီထဲမှာ ခင်ဗျားတို့ ချီမျိုးနွယ်နဲ့ တုမျိုးနွယ်က လူတွေလည်း ပါသလို၊ ကျိုးရှင်းတောင်တန်းမှာလည်း နှစ်ယောက် ရှိသေးတယ် ကျုပ် အရင်ပြန်ပြီး သူတို့ကို စောင့်ကြည့်လိုက်ဦးမယ်၊ ခင်ဗျားတို့လည်း ပြန်ကြတော့"
နန်ကုန်းယွမ်ကျိန်းက ပြောပြီး ကျိုးရှင်းတောင်တန်းဆီကို အမြန် ပြန်သွားပါတယ်။
ချီကော နဲ့ တုအန်းရှန်း တို့လည်း အသီးသီး ထွက်သွားကြပါတယ်။
ဒီတစ်ခေါက်မှာတော့ လူတိုင်းမှာ ကိုယ်စီ တာဝန်တွေ ရှိကြပြီး ရှောင်းလန် ရဲ့ စီစဉ်မှုအောက်မှာ အလုပ်လုပ်ကြရတာပါ။
ကံကောင်းတာက ရှောင်းလန်က သူတို့ကို လူပုံအလယ်မှာ ထွက်တိုက်ခိုင်းတာ မဟုတ်ဘဲ အမှောင်ထဲမှာ ပုန်းပြီး ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို ဟန့်တားဖို့ပဲ ခိုင်းတာပါ။
သူတို့ရဲ့ ရပ်တည်ချက်ကို နောက်ကျမှ ဖော်ပြလေလေ သူတို့အတွက် အကျိုးရှိလေလေပါပဲ။
ယင်စိန့်ဂိုဏ်း ။
ဂိုဏ်းကာကွယ်ရေး အစီရင်စုကို ဖွင့်ထားတာ တစ်နှစ်ကျော် ရှိပါပြီ။
နယဲ့ချန်ခုန်း ဖိတ်ခေါ်လာတဲ့ အဆင့် ၂ လွတ်လပ်သောမသေမျိုးတွေလည်း ယင်စိန့်ဂိုဏ်းမှာ အခမဲ့ စားသောက်နေတာ တစ်နှစ်ကျော်ပါပြီ။
ဒီနေ့မှာတော့ ယွီထင်ကျဲ ကျင့်ကြံနေတဲ့ အခန်းတံခါး ရုတ်တရက် ပွင့်လာပါတယ်။
သူ အပြင်ထွက်လာတဲ့အခါ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရပါတယ်။
"သခင်လေး"
ယွီထင်ကျဲက တည်တည်ငြိမ်ငြိမ်နဲ့ပဲ လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ မျက်လုံးအစုံထဲမှာတော့ စိတ်လှုပ်ရှားမှုနဲ့ ကျေးဇူးတင်မှုတွေ ရှိနေပါတယ်။
ဒီဘဝမှာ အဆင့် ၄ ရောက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ထားပေမဲ့၊ အခု ငရဲမင်း ရဲ့ လက်အောက်ကို ရောက်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် အရမ်း ရှားပါးတဲ့ အဆင့် ၄ နတ်ဆေးပင် ဂါလန်မျိုးစေ့ ကို ရရှိခဲ့ပါတယ်။
အခုတော့ သူဟာ အဆင့် ၄ မဟာမသေမျိုး အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ။
"အောင်မြင်သွားပြီလား ကောင်းတာပေါ့ "
ဖန့်ချန်က ပြုံးပြီး ပြောတယ်
"လူ့လောက ၉ နယ်မြေက အင်အားကြီးတွေက အဆင့် ၄ မသေမျိုးတွေကို အရမ်း အလေးထားကြတယ် ဒီသတင်းကို သူတို့ဆီကနေ အရင် ဖုံးကွယ်ထားရမယ်၊ ဆေးပင် ရလာတဲ့ လမ်းကြောင်းကို ရှင်းပြရခက်လိမ့်မယ် "
"ကျုပ်သာ သတိထားပြီး လုပ်မယ်ဆိုရင် စုန့်ကျစ်လီ ကို တိုက်ရိုက် သတ်ပစ်လိုက်လို့ ရပါတယ် ဘာအထောက်အထားမှ ကျန်မှာ မဟုတ်ဘူး "
ယွီထင်ကျဲက တိုးတိုး ပြောပါတယ်။
"ရိပ်မိသွားတာနဲ့တင် ပြဿနာ တက်နိုင်တယ် မင်း အရင်အတိုင်းပဲ နေပါ ချောင်ဖုန်းနယ်မြေ ကိစ္စတွေကိုတော့ မင်း ဝင်ပါစရာ မလိုဘူး။"
ဖန့်ချန်က မှာကြားပြီး ထွက်လာခဲ့ပါတယ်။
ချောင်ဖုန်းနယ်မြေမှာရှိတဲ့ ကောင်းကင်ဓားဌာန ရဲ့ တည်နေရာကို သိတဲ့လူ တော်တော် နည်းပါတယ်။
သိတဲ့လူတွေကလည်း ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေ များပါတယ်။
ဒီနှစ်တွေအတွင်း ချောင်ဖုန်းနယ်မြေမှာ ဓားကျင့်ကြံသူတွေရဲ့ အခြေအနေ ပြောင်းလဲလာပြီး ကိစ္စကြီးတော်တော်များများ လုပ်ခဲ့ပေမဲ့၊ အရင်ကလို သတိထားတဲ့ အလေ့အကျင့်ကိုတော့ ဆက်ထိန်းထားဆဲပါ။
မလိုအပ်ရင် ဓားဌာနကလူတွေဟာ အမှောင်ထဲမှာပဲ နေကြပြီး လူပုံအလယ် ထွက်မပြကြပါဘူး။
ဒီနေရာက ကြည့်လိုက်ရင် သာမန် ကျင့်ကြံရေးဂိုဏ်းတစ်ခုလိုပါပဲ၊ ဝိညာဉ်စွမ်းအင်ကတောင် အလယ်အလတ်အဆင့်ပဲ ရှိပါတယ်။
တောင်တံခါးစောင့် ဓားကျင့်ကြံသူဟာ ရုတ်တရက် ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခု တောင်တံခါးရှေ့မှာ ပေါ်လာတာကို တွေ့လိုက်ရတဲ့အခါ ထိတ်လန့်သွားပြီး ချက်ချင်း သတင်းပို့လိုက်ပါတော့တယ်။