အခန်း (၁၁၉၇-၁၁၉၈)
Vol. 120 Ch. 1197-1198
အခန်း (၁၁၉၇) လဲလှယ်ခြင်း
ရွှေဝိညာဉ်ပန်းဟာ လူသိနည်းတဲ့ နတ်ဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်ပြီး တခြားဝိညာဉ်ရတနာပုံကြီးထဲမှာ ရောနှောနေတာကြောင့် သိပ်ပြီး သတိမထားမိစရာ ကောင်းနေပါတယ်။
သူ့ရဲ့ ရှင်သန်ပေါက်ရောက်ရာ ပတ်ဝန်းကျင်က အလွန်ခက်ခဲကြမ်းတမ်းပေမဲ့ သူ့ရဲ့ အသုံးဝင်ပုံကတော့ ကန့်သတ်ချက်ရှိပါတယ်။
အခုလောလောဆယ် သိထားကြတဲ့ အသုံးဝင်ပုံကတော့ သူ့ထဲမှာ ကြီးမားတဲ့ အနီရဲဝိညာဉ်ရွှေရဲ့ အငွေ့အသက်တွေ ကိန်းအောင်းနေတာကြောင့် မသေမျိုးလက်နက်တွေကို ပြုပြင်တဲ့နေရာမှာ သုံးကြတာပါ။
ဒါဟာ နတ်ဆေးဖက်ဝင်အပင် တစ်မျိုးဆိုတာကို ဘယ်သူမှ မသိကြသလို၊ ဓားမသေမျိုး အဆင့် ၄ လမ်းစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။
ဒီပစ္စည်းတွေကို ရောင်းနေတဲ့ လွတ်လပ်သောမသေမျိုးဟာ တခြားလူတစ်ယောက်နဲ့ တခြားပစ္စည်းတစ်ခုရဲ့ ဈေးနှုန်းအကြောင်းကို အခြေအတင် ပြောဆိုနေပါတယ်။
တစ်ခါတစ်ရံမှာ လမ်းသွားလမ်းလာတွေဟာ ဒီနေရာမှာ ခဏရပ်ပြီး ကိုယ်နဲ့သင့်တော်မယ့် ပစ္စည်းရှိမလားလို့ လိုက်ကြည့်တတ်ကြပါတယ်။
"မိတ်ဆွေ... ဒီပစ္စည်းကို ဘယ်လိုရောင်းမလဲ"
ဖန့်ချန်က ဆိုင်ရှေ့ကို ရောက်လာပြီး တစ်ဖက်လူ အရောင်းအဝယ်တစ်ခု ပြီးသွားတဲ့အထိ စောင့်ကာ ရွှေဝိညာဉ်ပန်းကို လက်ညှိုးထိုးပြီး အေးအေးလူလူ မေးလိုက်ပါတယ်။
"ဒါက ရွှေဝိညာဉ်ပန်းပဲ၊ အတော်လေးကို ရှားပါးတယ်"
တစ်ဖက်လူက ပြုံးပြီး
"ဒါက အနီရဲဝိညာဉ်ရွှေ အမြုတေ အစုအဝေးကြီးတွေထဲမှာပဲ ပေါက်တာ ရာသီဥတုနဲ့ မြေပြင်အနေအထားကြောင့် အနီရဲဝိညာဉ်ရွှေ အစုအဝေးတိုင်းမှာလည်း ရွှေဝိညာဉ်ပန်းက ပေါက်ချင်မှ ပေါက်တာဗျ မင်း အနီရဲဝိညာဉ်ရွှေ အကြောင်းတော့ သိမှာပေါ့ "
ရွှေဝိညာဉ်ပန်းအကြောင်း သိတဲ့သူဆိုရင် အနီရဲဝိညာဉ်ရွှေအကြောင်းကိုလည်း သိမှာ အသေအချာပါပဲ။
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြတယ်
"သိပါတယ်"
"သိရင်တော့ ရှင်းရတာ လွယ်သွားပြီ။ အနီရဲဝိညာဉ်ရွှေနဲ့ သွန်းလုပ်ထားတဲ့ မသေမျိုးလက်နက်တွေက ကြံ့ခိုင်မှုရော၊ ကျုံ့ဆန့်နိုင်စွမ်းရောမှာ အထွတ်အထိပ်ပဲ အနီရဲဝိညာဉ်ရွှေ တစ်ကျပ်သားကိုတင် ဈေးက မသေမျိုးကျောက်တုံး နှစ်တုံး၊ သုံးတုံးလောက် ရှိတာ၊ တကယ့်ကို အဖိုးတန်လွန်းတယ်"
"ဒီရွှေဝိညာဉ်ပန်းက အနီရဲဝိညာဉ်ရွှေ အမြုတေတွေနားမှာ ကပ်ပေါက်တဲ့ အပင်ဆိုပေမဲ့ လက်နက်သွန်းလုပ်တဲ့နေရာမှာ သုံးလို့မရဘူး ဒါပေမဲ့ မသေမျိုးလက်နက်တွေကို ပြုပြင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတယ် သုံးရတာလည်း လွယ်ပါတယ်၊ မသေမျိုးစွမ်းအားနဲ့ ကိုယ့်ရဲ့လက်နက်ထဲကို အရည်ဖျော်ထည့်လိုက်ရုံပဲ"
"သူက ပျက်စီးနေတဲ့ လက်နက်တွေကို ပြုပြင်ပေးနိုင်သလို၊ ဟောင်းနွမ်းနေတဲ့ လက်နက်တွေကိုလည်း အရင်ကလို တောက်ပလာအောင် ပြန်လုပ်ပေးနိုင်တယ်"
"လက်နက်သွန်းလုပ်တာ ကျွမ်းကျင်တဲ့ မိတ်ဆွေတွေအတွက်တော့ ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ"
"ကျုပ်က လက်နက်သွန်းလုပ်တာ မကျွမ်းကျင်ပါဘူး ဒါပေမဲ့ ကျုပ်ရဲ့လက်နက်က တကယ်ပဲ ပျက်စီးနေလို့ပါ၊ ဈေးနှုန်းသင့်တော်ရင် ဝယ်သွားမလို့"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
တစ်ဖက်လူက စကားတွေ အများကြီး ပြောနေတာဟာ ဈေးတင်ဖို့အတွက် လမ်းခင်းနေတာမှန်း သူ သိပါတယ်။
ဒီလွတ်လပ်သောမသေမျိုးက ဖန့်ချန်ကို ခဏလောက် အကဲခတ်ကြည့်ပါတယ်။
ဖန့်ချန် ပြောတဲ့စကားတွေက အမှန်လားဆိုတာကို သူ့မျက်လုံးတွေထဲကနေ ရှာကြည့်ချင်နေတာပါ။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ ဘာမှ ရှာမတွေ့တာကြောင့် လက်လျှော့လိုက်ပြီး တိုက်ရိုက်ပဲ ဈေးခေါ်လိုက်ပါတယ်
"မသေမျိုးကျောက်တုံး ၁၀ တုံး"
"ကျုပ် ယူမယ်"
စကားပြောလိုက်သူက ဖန့်ချန် မဟုတ်ပါဘူး။
လူငယ်တစ်ယောက်ပါ။
သူက ဘယ်အချိန်က ဆိုင်ရှေ့ကို ရောက်လာမှန်းမသိဘဲ ရွှေဝိညာဉ်ပန်းကို စိတ်ဝင်တစား ကြည့်နေပါတယ်။
ဆိုင်ရှင်က ဈေးခေါ်လိုက်တာနဲ့ သူက ဘာမှစဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်တာပါ။
ဆိုင်ရှင်က မျက်မှောင်ကြုတ်သွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်တယ်
"မိတ်ဆွေ... မသေမျိုးကျောက်တုံး ၁၀ တုံး၊ ခင်ဗျား သဘောတူလား "
"ဟေ့... ခင်ဗျား ဘယ်လိုဖြစ်တာလဲ ကျုပ် သဘောတူလိုက်ပြီ မဟုတ်လား "
လူငယ်က မျက်မှောင်ကြုတ်ပြီး ဆိုင်ရှင်ကို ကြည့်လိုက်ပါတယ်။
"နတ်ဘုံဆွေးနွေးပွဲရဲ့ အရောင်းအဝယ်တွေမှာ အရင်လာသူက အရင်ရစတမ်းပဲ ကျုပ် ဒီမိတ်ဆွေနဲ့ အရင် စကားပြောနေတာလေ"
ဆိုင်ရှင်က မျက်မှောင်ကြုတ်ပြီး ပြန်ပြောပါတယ်။
"နတ်ဘုံဆွေးနွေးပွဲမှာ ဒီလိုစည်းကမ်း ရှိလို့လား ကျုပ်ဦးလေးက ကျုပ်ကို တစ်ခါမှ မပြောဖူးပါဘူး"
လူငယ်က ရယ်ပြီး
"နေဦး... ကျုပ် ပြန်သွားမေးကြည့်ဦးမယ်၊ တကယ်လို့ အဲဒီလိုစကားမျိုး မရှိဘူးဆိုရင်တော့ ခင်ဗျား ကျုပ်ကို အထင်သေးတာပဲ အဲဒီကျရင်တော့ ကျုပ် ခင်ဗျားကို ပြဿနာရှာမှာနော်"
ဆိုင်ရှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လူငယ်ကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ကို ဆက်ကြည့်နေပါတယ်။
'လူပြက်နှစ်ယောက် ကပြနေတာလား'
ဖန့်ချန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဖြတ်ပြေးသွားပါတယ်။
သူ ဂရုမစိုက်ပါဘူး။
ရွှေဝိညာဉ်ပန်း တစ်ပွင့်ကို မသေမျိုးကျောက်တုံး ၁၀ တုံးနဲ့ ဝယ်ရတာဟာ ဈေးကြီးတယ်လို့ ထင်ရပေမဲ့လည်း ကျိုးကြောင်းဆီလျော်တဲ့ အတိုင်းအတာထဲမှာ ရှိပါတယ်။
"ရတယ်၊ ဒါပေမဲ့ ကျုပ်ဆီမှာ မသေမျိုးကျောက်တုံး အဲဒီလောက် အများကြီး မရှိဘူး ကျုပ်ဆီမှာ မသေမျိုးကျောက်တုံး ၅ တုံးနဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံး ရှိတယ်။ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို မသေမျိုးကျောက်တုံး ၅ တုံးတန်ဖိုးလို့ သတ်မှတ်လို့ ရပါတယ်"
ဖန့်ချန်က ပြောပါတယ်။
ဆိုင်ရှင်က ခဏလေးပဲ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ် သဘောတူလိုက်ပါတယ်။
အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးက ရွှေဝိညာဉ်ပန်းထက်စာရင် ပြန်ရောင်းရတာ ပိုလွယ်တာကိုး။
အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို လေ့လာချင်တဲ့ လွတ်လပ်သောမသေမျိုးတွေက အများကြီးရှိတာမို့ ပိုက်ဆံအဖြစ် ပြောင်းလဲရတာ မခက်ပါဘူး။
ဒါပေမဲ့ အဲဒီလူငယ်က သူ့ကို ပြုံးစစနဲ့ စိုက်ကြည့်နေတာကြောင့် သူ အနည်းငယ်တော့ နေရခက်နေပါတယ်။
တစ်ခုခုကို သတိရသွားပုံရပြီး ဆိုင်ရှင်က အရောင်းအဝယ် မလုပ်ခင် လူငယ်ကို တစ်ချက်ကြည့်လိုက်တယ်
"မင်းဦးလေးက ဘယ်သူလဲ "
"တာ့ဟွမ်မသေမျိုး လေ၊ တခြားဘယ်သူ ရှိဦးမှာလဲ ဒီက နတ်ဘုံဆွေးနွေးပွဲကို သူပဲ ဦးစီးကျင်းပနေတာ မဟုတ်လား အဲဒါကြောင့် ကျုပ် ခဏနေရင် သူ့ဆီသွားပြီး ဒီက စည်းကမ်းတွေအကြောင်း မေးကြည့်မလို့၊ ခင်ဗျား ကျုပ်ကို အထင်သေးနေတာလား ဆိုတာကိုပေါ့"
လူငယ်က ပျင်းရိပျင်းတွဲနဲ့ ပြောလိုက်ပါတယ်။
ဆိုင်ရှင်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်နှာမှာ ခက်ခဲတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
အဲဒီနောက်မှာမှ အပြုံးအတုတစ်ခုကို အတင်းဖန်တီးလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်
"အရှင်... ဒီရွှေဝိညာဉ်ပန်းကို သဘောကျလို့လား မသေမျိုးကျောက်တုံး ၁၀ တုံး ပေးရင် အရှင် ပိုင်ဆိုင်ပါပြီ"
သူက ဖန့်ချန်ကို အားနာတဲ့ အကြည့်နဲ့ တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။
လူငယ်ရဲ့ စကားကို သက်သေပြစရာ မလိုပါဘူး။
ဒီနေရာက နတ်ဘုံဆွေးနွေးပွဲဖြစ်ပြီး ဒီလိုစကားမျိုးကို ဒီမှာ ပြောရဲတယ်ဆိုကတည်းက သူ့ရဲ့ အဆင့်အတန်းက အသေအချာပါပဲ။
"ကျုပ် ပြောသားပဲ၊ ဘယ်မှာလဲ အရင်လာသူ အရင်ရစတမ်းဆိုတာ တကယ်လို့ အရင်လာသူ အရင်ရစတမ်းဆိုရင်တောင် ခင်ဗျားခေါ်တဲ့ဈေးကို ကျုပ်က အရင်ဆုံး သဘောတူတယ်လို့ ပြောခဲ့တာလေ"
လူငယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ မသေမျိုးကျောက်တုံး ၁၀ တုံး ထုတ်ပေးလိုက်ပြီး ဆိုင်ရှင်လက်ထဲက ရွှေဝိညာဉ်ပန်းကို ယူလိုက်ပါတယ်။
ဆိုင်ရှင်က အားနာစကားတွေ ပြောဖို့ ပြင်နေတုန်းမှာပဲ လူငယ်က ဖန့်ချန်ကို ကြည့်ပြီး ရယ်မောလိုက်တယ်
"ဘယ်လိုလဲ ခင်ဗျား ဒီရွှေဝိညာဉ်ပန်းကို ကြိုက်လား ကျုပ် ခင်ဗျားကို မသေမျိုးကျောက်တုံး ၅ တုံးနဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံး ဈေးနဲ့ ပြန်ရောင်းပေးလို့ ရတယ်နော်"
"ဒါက..."
ဆိုင်ရှင်ကတော့ ဘာမှနားမလည်တော့ပါဘူး။
တစ်ဖက်လူက ရွှေဝိညာဉ်ပန်းကို ဝယ်ပြီးတာနဲ့ ချက်ချင်း ပြန်ရောင်းမယ်ဆိုတာ ထားပါဦး၊ ရောင်းတဲ့ဈေးက... မသေမျိုးကျောက်တုံး ၁၀ တုံးနဲ့ ဘာကွာလို့လဲ
"ဒါပေမဲ့... ကျုပ် ခင်ဗျားဆီက ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို မလိုချင်ဘူး မိုးကြိုးစွမ်းအား ကိန်းအောင်းနေတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကိုပဲ လိုချင်တာ"
လူငယ်က ပြုံးပြီး ပြောလိုက်ပါတယ်။
ဆိုင်ရှင်ကတော့ ချက်ချင်း သဘောပေါက်သွားပါတယ်။
အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး အများစုရဲ့ ဈေးက မသေမျိုးကျောက်တုံး ၅ တုံး ဝန်းကျင်မှာ ရှိပေမဲ့ အထူးအဆန်း ကျောက်တုံးတွေဆိုရင်တော့ ဈေးက ပိုမြင့်တတ်ပါတယ်။
မိုးကြိုးစွမ်းအား ကိန်းအောင်းနေတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးရဲ့ ဈေးကတော့ အမှန်တကယ်ပဲ ပိုမြင့်ပါတယ်။
ရှေးခေတ်တုန်းက လူတွေ ဘေးဒုက္ခကို ကျော်ဖြတ်တဲ့အခါ ကောင်းကင်က ကျဆင်းလာတဲ့ မိုးကြိုးဘေးဒုက္ခ ဟာ မိုးကြိုးစွမ်းအား ပဲလို့ ကောလာဟလတွေ ရှိခဲ့ပါတယ်။
အခုခေတ်မှာလည်း တာအိုကျင့်ကြံသူ တစ်ချို့ဟာ အခြေခံကျတဲ့ မိုးကြိုးအတတ်ပညာတွေကို တတ်မြောက်ထားကြပါသေးတယ်။
အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲမှာ ရှိတဲ့ ရှေးဟောင်းဝိညာဉ်စွမ်းအား အမျိုးမျိုးနဲ့ နှိုင်းယှဉ်ရင် မိုးကြိုးစွမ်းအားဟာ သိသိသာသာကို ပိုပြီး မြင့်မြတ်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့... သူ့ကို လေ့လာဆည်းပူးနေစရာ မလိုဘဲ သူနဲ့ ကိုက်ညီတဲ့ အတတ်ပညာတွေ လက်ရှိမှာ ရှိနေတာပါပဲ။
ဒီရှေ့က လူငယ်ဟာ မိုးကြိုးနဲ့ ပတ်သက်တဲ့ အတတ်ပညာတစ်ခုခုကို တတ်မြောက်ထားတာ သေချာပါတယ်။
အဲဒါကြောင့်ပဲ ဒီလိုကျောက်တုံးမျိုးကို သုံးပြီး လေ့ကျင့်ချင်နေတာပါ။
"မင်းကိုး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
လူငယ်ကလည်း ရယ်မောရင်း ခေါင်းညိတ်ပြတယ်၊ သူ့ရဲ့ အစစ်အမှန်ကို ဖုံးကွယ်မထားတော့ပါဘူး
"ကျုပ်ပါပဲ၊ တကယ်ပဲ ခင်ဗျားကို လိမ်လို့မရဘူးပဲ"
ဖန့်ချန် သဘောပေါက်သွားပါပြီ။
သူ့ကိုယ်ပေါ်က တံဆိပ်ပြားဟာ တစ်ခုခု အလုပ်လုပ်ခံထားရတာ ဖြစ်ရပါမယ်။
ဒါမှမဟုတ် ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းရဲ့ တံဆိပ်ပြားတွေဟာ တစ်ခုခု လုပ်ထားတာ ဖြစ်ပါလိမ့်မယ်။
ပြောင်းလဲထားတဲ့ ပုံစံတွေက တခြားလူတွေကို လိမ်လို့ရပေမဲ့ တာ့ဟွမ်မသေမျိုးနဲ့ သူ့ရဲ့ နီးစပ်သူတွေကိုတော့ လိမ်လို့မရပါဘူး။
ဒီရှေ့က လူငယ်ဟာ သူ့ရဲ့ နီးစပ်သူ တစ်ယောက်ဖြစ်ပြီး ဖန့်ချန် အကြိမ်ကြိမ် ပြောင်းလဲခဲ့တဲ့ ရုပ်ရည်တွေကို ခွဲခြားသိမြင်နိုင်တဲ့ အထူးနည်းလမ်းတစ်ခု ရှိနေတာပါ။
တစ်ဖက်လူဟာ မိုးကြိုးစွမ်းအားပါတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို မျက်စိကျနေတာ ဖြစ်ပြီး ဒီကာလပတ်လုံး သူ့နောက်ကို တောက်လျှောက် လိုက်ချောင်းနေတာ ဖြစ်ရပါမယ်။
ဒီနေ့ လမ်းဖြတ်လုတာကလည်း ဖန့်ချန်ကို အဲဒီကျောက်တုံး ထုတ်ပေးလာအောင် အကျပ်ကိုင်တာပါပဲ။
ဒီဒေါသကို မျိုသိပ်နိုင်မလား
မျိုသိပ်နိုင်ပါတယ်။
ရွှေဝိညာဉ်ပန်းဟာ မသေမျိုးဆေးဖက်ဝင်အပင် ဖြစ်ပြီး ဓားမသေမျိုး အဆင့် ၄ အတွက် မရှိမဖြစ် ပစ္စည်းပါ။
ဒေါသဖြစ်နေရုံနဲ့ ဒါကို လက်လွှတ်မခံနိုင်ပါဘူး။
"လဲလှယ်တာ ပြဿနာမရှိဘူး"
ဖန့်ချန်က မိုးကြိုးစွမ်းအား ကိန်းအောင်းနေတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို ပြန်ထုတ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ မသေမျိုးကျောက်တုံး ၅ တုံးကို ၃ တုံးအထိ လျှော့ချလိုက်ပါတယ်။
"ကျုပ် သတ်မှတ်တဲ့ ဒီဈေးနဲ့ လဲမလား"
အခန်း (၁၁၉၈) တာ့ဟွမ်မသေမျိုး
လူငယ်က ခဏလောက် စဉ်းစားပြီးနောက် အဲဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို ပြန်ကြည့်လိုက်ပါတယ်။
အထဲက ပြင်းထန်တဲ့ မိုးကြိုးစွမ်းအားကို ခံစားမိတော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး
"လဲမယ်ဗျာ"
ဖန့်ချန်ကတော့ ရွှေဝိညာဉ်ပန်းကို ရလိုက်ပြီး သူပေးလိုက်ရတာကတော့ မသေမျိုးကျောက်တုံး ၃ တုံးနဲ့ သူ့အတွက် တန်ဖိုးအနည်းဆုံးဖြစ်တဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ဖြစ်ပါတယ်။
မိုးကြိုးစွမ်းအား ဆိုတာကတော့ သူ့မှာ လိုချင်သလောက် ရှိနေတာကိုး။
"မိတ်ဆွေ... ရွှေဝိညာဉ်ပန်းက ထူးခြားတယ်၊ သိုလှောင်အိတ် ထဲ ထည့်လို့မရဘူး ကိုယ်နဲ့မကွာ ဆောင်ထားရုံပဲ ရှိတယ် အကြာကြီးထားရင် သေသွားတတ်လို့ မြန်မြန်သုံးပစ်တာ အကောင်းဆုံးပဲ"
ဆိုင်ရှင်က ရွှေဝိညာဉ်ပန်းကို လူငယ်ဆီ အရင်ရောင်းလိုက်မိတဲ့အတွက် ဖန့်ချန်အပေါ် အားနာသလို ဖြစ်နေပြီး စေတနာနဲ့ သတိပေးလိုက်တာပါ။
"ရွှေဝိညာဉ်ပန်းက သိုလှောင်အိတ်ထဲ ထည့်လို့မရဘူးလား စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဒါက နတ်ဆေးဖက်ဝင်အပင်တွေလိုပဲ ထူးခြားနေတာလား၊ သူကလည်း နတ်ဆေးဖက်ဝင်အပင် တစ်မျိုး ဖြစ်နေမလား"
လူငယ်က မျက်လုံးတွေ လင်းလက်သွားပါတယ်။
အဲဒီနောက်မှာတော့ ဖန့်ချန်နဲ့ ဆိုင်ရှင်က သူ့ကို တကယ့်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို သူ တွေ့လိုက်ရပါတယ်။
လူငယ်က ရယ်မောရင်း
"ကျုပ်ရဲ့ ဒီခန့်မှန်းချက်ကလည်း ကျိုးကြောင်းဆီလျော်မှု မရှိတာမှ မဟုတ်တာ၊ ကျုပ် ဒီအရောင်းအဝယ်ကို ရုတ်တရက် နောင်တရချင်လာပြီ"
"ဒါဆိုရင် ပြန်လဲလို့ရတယ်လေ"
ဖန့်ချန်က ခေါင်းညိတ်ပြပြီး
"မသေမျိုးကျောက်တုံး တစ်တုံး ပိုပေးရင် ရပြီ"
ဆိုင်ရှင်က ခဏစဉ်းစားပြီး ပြောလိုက်တယ်
"ရွှေဝိညာဉ်ပန်းရဲ့ ဂုဏ်သတ္တိတွေကို စသိတုန်းက လူ့လောက နယ်မြေကိုးခုက အင်အားကြီးအဖွဲ့အစည်းတွေအားလုံးဟာ ဒါကို နတ်ဆေးဖက်ဝင်အပင် တစ်မျိုးလို့ သတ်မှတ်ဖို့ ကြိုးစားခဲ့ကြဖူးတယ် ဒါပေမဲ့ စမ်းသပ်ချက် အမျိုးမျိုးအရ ဒါက စိတ်ကူးယဉ်မှုသက်သက်ပဲဆိုတာ သက်သေပြပြီးသားပါ"
လိုရင်းပြောရရင် လူ့လောက နယ်မြေကိုးခုက အင်အားကြီးအဖွဲ့တွေတောင် စမ်းသပ်ပြီးပြီ၊ မင်းလို လူငယ်လေးတစ်ယောက်က လျှောက်ပြောနေလို့ ဖြစ်မလား ဆိုတဲ့ သဘောပါ။
သူက စကားကို အတော်လေး ဝိုက်ပြောလိုက်ပေမဲ့ ဆိုလိုရင်းကတော့ ရောက်သွားပါတယ်။
လူငယ်က ရယ်မောလိုက်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ သူ့ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီမို့လို့ ဒီရွှေဝိညာဉ်ပန်းက နတ်ဆေးဖက်ဝင်အပင် ဟုတ်မဟုတ် ဆိုတာကို အငြင်းမပွားချင်တော့ပါဘူး။
ခုနက စကားကလည်း စိတ်ထဲပေါ်လာလို့ လျှောက်ပြောလိုက်တာပါ။
"အားလုံးပဲ... ကျုပ် ခွင့်ပြုပါဦးမယ် ဒီနတ်ဘုံဆွေးနွေးပွဲက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ခဏလေးအတွင်းမှာတင် ကျုပ် မသေမျိုးကျောက်တုံးတွေ အတော်လေး မြတ်နေပြီ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအတွက်နဲ့ အချိန်မဖြုန်းချင်တော့ဘူး"
ပြောပြီးတာနဲ့ လူငယ်က လှည့်ထွက်သွားပြီး လူအုပ်ထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။
"မိတ်ဆွေ... ခုနက ကျုပ်လည်း မတတ်သာလို့ပါ၊ ရယ်စရာ ဖြစ်သွားရင် တောင်းပန်ပါတယ် ဒီထဲမှာ ခင်ဗျား လိုချင်တာ ရှိသေးလား ကြည့်ပါဦး၊ ကျုပ် ဈေးလျှော့ပေးပါ့မယ်"
ဆိုင်ရှင်က ဖန့်ချန်ကို အားနာစကား ဆိုပါတယ်။
"ကိစ္စမရှိပါဘူး၊ ခင်ဗျာနေရာမှာ ကျုပ်ဆိုရင်လည်း ဒီလိုပဲ ရွေးချယ်မိမှာပါ"
ဖန့်ချန်က ပြုံးပြီး လက်ကာပြလိုက်ပါတယ်။
ဆိုင်ပေါ်က ပစ္စည်းတွေကို တစ်ချက် ကြည့်လိုက်ပေမဲ့ သူ အခုလောလောဆယ် လိုအပ်တာ မရှိတာကြောင့် ယဉ်ကျေးစွာပဲ နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။
ဝက်လခွဲ ကြာပြီးနောက်မှာတော့ ဖန့်ချန်က ထုံးစံအတိုင်း ဆိုင်ခင်းပြီး ကျန်နေတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို လဲဖို့ ပြင်နေပါတယ်။
ဒီကာလအတွင်းမှာ ဝိညာဉ်သုတ်သင်ရေးဌာန ရဲ့ တံဆိပ်ပြားကနေတစ်ဆင့် ယန်ယွမ်ဝူတို့အဖွဲ့ နတ်ဘုံဆွေးနွေးပွဲမှာ ရှိနေသေးတယ်ဆိုတာကို အာရုံခံမိနေပေမဲ့ ဘယ်နေရာမှာလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
လမ်းမှာ သူတို့ရဲ့ လှုပ်ရှားမှုလေးတွေကို အကဲခတ်ခဲ့တဲ့ အတွေ့အကြုံအရ ယန်ယွမ်ဝူရဲ့ ရုပ်ဖျက်ထားတဲ့ ပုံစံကိုတော့ သူ ရှာတွေ့ခဲ့ပါတယ်။
ယန်ယွမ်ဝူက အမျိုးသမီးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားပြီး ဖန့်ချန်နဲ့တောင် စကားအနည်းငယ် ပြောခဲ့ပါသေးတယ်၊ ဒါပေမဲ့ ယန်ယွမ်ဝူကတော့ ဖန့်ချန်ကို မမှတ်မိပါဘူး။
"ရှေ့မှာ ဘာလို့ ဒီလောက် စည်ကားနေတာလဲ"
"ပစ္စည်းကောင်းတွေ ရှိလို့လား"
"ဟော... တာ့ဟွမ်မသေမျိုး ပါလား"
ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပြီး လှမ်းကြည့်လိုက်တော့ မနီးမဝေးမှာ လူအုပ်ကြီးက ခြံရံထားတဲ့ လူတစ်စု မသေမျိုးဈေးတန်းထဲ လျှောက်လာတာကို တွေ့လိုက်ရပါတယ်။
အလယ်မှာ ရှိနေသူကတော့ မြစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက်ပါ။
သူက ဘေးနားက အမျိုးသမီးတစ်ယောက်နဲ့ ပြုံးရွှင်စွာ စကားပြောနေပြီး အမျိုးသမီးဘေးက လူငယ်ကိုလည်း တစ်ခါတစ်ရံ စကားလှမ်းပြောနေပါတယ်။
"အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ၊ တာ့ဟွမ်မသေမျိုးက သူတို့ကို တကယ့်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေတာပဲ"
"ရှန်းရွှီဂြိုဟ်ကလူတွေတော့ မဟုတ်လောက်ဘူး၊ ဒီဂြိုဟ်မှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေ မရှိပါဘူး"
လူအုပ်ကြီးက တိုးတိုးတိတ်တိတ်နဲ့ အဲဒီနှစ်ယောက်ရဲ့ နောက်ခံကို ခန့်မှန်းနေကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီနှစ်ယောက်လုံးကို ဖန့်ချန် တွေ့ဖူးပါတယ်။
အမျိုးသမီးက ဆူယာသခင်မ ဖြစ်ပြီး အရင်က သောင်းတာအိုမျှော်စင် ကို ယွီဟွားအဖိုးကြီးနဲ့အတူ လာခဲ့တဲ့သူပါ။
သူမဟာ စုန့်ကျစ်လီနဲ့ပေါင်းပြီး မြေဝက်ဝံဂြိုဟ် က ထူးဆန်းသူ ကို လုပ်ကြံဖို့ အရောင်းအဝယ် လုပ်ခဲ့သူ ဖြစ်ပါတယ်။
အမျိုးသားကတော့ ကျိထျန်းတု ဖြစ်ပြီး ယွိရွှီဂြိုဟ်မှာ တစ်ခါ တွေ့ဖူးပါတယ်။
အဲဒီ မြစိမ်းရောင်ဝတ်စုံနဲ့ အဖိုးအိုကတော့ တာ့ဟွမ်မသေမျိုး ဖြစ်ရပါမယ်။
'ဒီနှစ်ယောက်ကတော့... အကြောင်းမရှိဘဲ လာမယ့်သူတွေ မဟုတ်ဘူး ရှန်းရွှီဂြိုဟ်ကို ရောက်လာတာဟာ ဒီနတ်ဘုံဆွေးနွေးပွဲ တစ်ခုတည်းအတွက်တော့ မဟုတ်လောက်ဘူး'
ဖန့်ချန်က စဉ်းစားရင်း လူသူကင်းဝေးတဲ့ နေရာတစ်ခုကို သွားလိုက်ပါတယ် လူတိုင်းက အပြင်မှာ လူအုပ်ကြည့်ပြီး အလုပ်ရှုပ်နေတာကြောင့် ဘယ်သူမှ သူ့ကို သတိမထားမိပါဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဟာ အရိပ်တွေထဲကို ပျော်ဝင်သွားပါတော့တယ်။
"တာ့ဟွမ်မသေမျိုး... အရှင် ဦးစီးတဲ့ နတ်ဘုံဆွေးနွေးပွဲက ကျမ အရင်က တက်ခဲ့ဖူးတဲ့ ပွဲတွေထက် ပိုပြီး စည်ကားတာပဲ ဒါကိုကြည့်ရင် အရှင်ဟာ ဒီနေရာမှာ ဂုဏ်သတင်း အတော်ကြီးမားတယ်ဆိုတာ သိသာပါတယ် ဒါကြောင့်လည်း ဒီလောက်များတဲ့ မိတ်ဆွေတွေက လာပြီး အားပေးကြတာပေါ့"
ဆူယာသခင်မက နတ်ဘုံဆွေးနွေးပွဲရဲ့ အခြေအနေကို ကြည့်ရင်း တာ့ဟွမ်မသေမျိုးကို ပြုံးပြီး ချီးကျူးလိုက်ပါတယ်။
စကားအရ ဆိုရင်တော့ တစ်ဖက်လူရဲ့ ရှန်းရွှီဂြိုဟ်ပေါ်က အဆင့်အတန်းကို အသိအမှတ်ပြုလိုက်တာပါ။
လူဆိုတာ မြှောက်ပင့်စကား ကြားရရင် ပျော်တတ်တာပဲလေ၊ အဆင့်အတန်း မြင့်တဲ့သူဆိုရင် ပိုလို့တောင် ပျော်ဦးမှာပေါ့။
တာ့ဟွမ်မသေမျိုးရဲ့ မျက်နှာမှာ နှိမ့်ချတဲ့ အပြုံးတစ်ခု ပေါ်လာပြီး
"မဟုတ်တာပဲ၊ ဒါက မိတ်ဆွေတွေအားလုံးက မျက်နှာသာပေးလို့ပါ မဟုတ်ရင် ဒီနတ်ဘုံဆွေးနွေးပွဲက ဒီလောက်အထိ စည်ကားမှာ မဟုတ်ပါဘူး"
"တာ့ဟွမ်မသေမျိုးက နှိမ့်ချလွန်းနေပါပြီလူ့လောက နယ်မြေကိုးခုမှာ အရှင်တို့လိုလူတွေ များများရှိသင့်တာ ဒါမှလည်း မိတ်ဆွေတွေအတွက် လုံခြုံတဲ့ ဖလှယ်ရေးစင်မြင့်တစ်ခု ရှိလာပြီး ကိုယ့်ဆီမှာရှိတဲ့ အရင်းအမြစ်တွေကို စုစည်းနိုင်မှာ၊ အဲဒါမှ ကျင့်ကြံခြင်းလောကကြီးက ပိုပြီး စည်ပင်ဝပြောလာမှာလေ"
ကျိထျန်းတုက ပြုံးပြီး ပြောပါတယ်။
"ထျန်းတုသခင်လေး... လူ့လောက နယ်မြေကိုးခုမှာ ကျုပ်လိုလူတွေ အများကြီးပါ၊ အများကြီးပါ"
တာ့ဟွမ်မသေမျိုးက ရယ်မောရင်း ပြန်ပြောပေမဲ့ စိတ်ထဲမှာတော့ ရုတ်တရက် သတိကြီးသွားပါတယ်။
ဒီလို အဆင့်အတန်းမြင့်တဲ့ ဧည့်သည်တော်နှစ်ယောက်က ဒီနေ့မှ ရောက်လာပြီး မြှောက်ပင့်စကားတွေ တရစပ် ပြောနေတာဟာ ဘာလုပ်ဖို့လဲ
မကြာခင်မှာပဲ တာ့ဟွမ်မသေမျိုးက သူတို့ကို ဈေးတန်းထဲက သူ့ရဲ့ တည်းခိုရာဆီကို ခေါ်သွားပါတယ်။
တာ့ဟွမ်မသေမျိုးက ဘေးကလူတွေကို အကုန်ဖယ်ခိုင်းလိုက်ပြီး အလုပ်အကျွေး တစ်ယောက်မှ မထားဘဲ သူကိုယ်တိုင်ပဲ လက်ဖက်ရည် ဖျော်ပေးပါတယ်။
ခန်းမထဲက အရိပ်တစ်ခုထဲမှာ မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေတာကို သုံးယောက်လုံး သတိမထားမိကြပါဘူး။
သူတို့ကတော့ အရေးကြီးတဲ့ အကြောင်းအရာကို မပြောသေးဘဲ အပြန်အလှန် နှုတ်ဆက်စကားတွေ ပြောနေကြတုန်းပါ။
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ တာ့ဟွမ်မသေမျိုးက စိတ်မရှည်တော့ဘဲ သူတို့ လာရတဲ့ တကယ့် ရည်ရွယ်ချက်ကို မေးလိုက်ပါတော့တယ်။
တကယ်တော့ တာ့ဟွမ်မသေမျိုးလို အဆင့် ၅ မသေမျိုး တစ်ယောက်ဟာ ဒီလောက်အထိ စိတ်မလောသင့်ပါဘူး၊ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ နောက်ကွယ်က အင်အားကို သူ ကောင်းကောင်း သိနေလို့ပါ။
မသေမျိုးလောကငယ် ဆိုတာ လူ့လောက နယ်မြေကိုးခုမှာ အထူးခြားဆုံး နေရာတစ်ခုပါ။
အထက်ဘုံသုံးဘုံက အဆင့်မြင့် ပုဂ္ဂိုလ်တွေတောင်မှ မသေမျိုးလောကငယ်နဲ့ ပတ်သက်ဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။
ဒီနေ့ ဒီနှစ်ယောက်က ရုတ်တရက် ရောက်လာပြီး သူတို့ရဲ့ နောက်ခံကိုပါ ထုတ်ပြောပြနေတာဟာ "တိုက်တိုက်ဆိုင်ဆိုင်" လမ်းကြုံလို့ လာတာမျိုး မဟုတ်တာတော့ သေချာပါတယ်။
"တာ့ဟွမ်မသေမျိုး... ကျမတို့က ဒီအတိုင်း လာတာ မဟုတ်ပါဘူး၊ အရှင့်ကို အကူအညီတစ်ခု တောင်းစရာ ရှိလို့ပါ"
ဆူယာသခင်မက ပြုံးပြီး ပြောလိုက်ပါတယ်။
"ကျုပ်ကို အကူအညီ တောင်းမလို့လား "
တာ့ဟွမ်မသေမျိုးက ထူးဆန်းတဲ့ အမူအရာနဲ့
"ရှန်းရွှီဂြိုဟ်မှာ ကျုပ်က နာမည်အနည်းငယ် ရှိတယ်ဆိုပေမဲ့ တင်မိတ်ဆွေ က ကျုပ်ထက် ပိုပြီး နာမည်ကြီးသလို လက်ရုံးလည်း ပိုပြီး ထက်မြက်ပါတယ်..."
"အရှင်ပြောတဲ့ တင်မိတ်ဆွေက ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့ရဲ့ နောက်ခံရှိတာကို ကျမတို့ မသိဘဲ နေမလား သူ့ရဲ့ နောက်ခံက အရှင့်ထက် သာတယ်ဆိုတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ အချို့ကိစ္စတွေမှာ သိတဲ့လူ များသွားမှာကို ကျမတို့ မလိုလားဘူး"
ဆူယာသခင်မက အေးအေးလူလူ ပြောပါတယ်။
တာ့ဟွမ်မသေမျိုးရဲ့ မျက်နှာရိပ်က လှုပ်ရှားသွားပါတယ်။
သူ သဘောပေါက်သွားပါပြီ။
တစ်ဖက်လူက သူ့ကို လာရှာတာဟာ သူ့ရဲ့ ကျင့်ကြံဆင့်ကိုပဲ သဘောကျလို့ ဖြစ်ရပါမယ်။
နောက်ခံရှိတဲ့ ကျင့်ကြံသူတွေကို မရှာတာဟာ သူတို့ အကူအညီတောင်းမယ့် ကိစ္စက လျှို့ဝှက်ချက် ဖြစ်နေလို့လား
"တာ့ဟွမ်မသေမျိုးကို အကူအညီ မတောင်းခင်မှာ အတည်ပြုချင်တဲ့ ကိစ္စတစ်ခု ရှိပါတယ်"
"ပြောပါ"
"တာ့ဟွမ်မသေမျိုးက ဝိညာဥ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူလား"
"..."
"ဒီစကားက ဘာကို ဆိုလိုတာလဲ"
တာ့ဟွမ်မသေမျိုးရဲ့ မျက်လုံးတွေထဲမှာ အရိပ်အယောင်တွေ လှုပ်ရှားသွားပါတယ်။
ဖန့်ချန်ကတော့ ရယ်ချင်သွားပါတယ်။
အကြာကြီး စောင့်ကြည့်နေခဲ့ပေမဲ့ နောက်ဆုံးတော့ သူတို့ တက်နေတဲ့ နတ်ဘုံဆွေးနွေးပွဲကို ဦးစီးနေသူက ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ ဖြစ်နေတာကိုး။
ဒါပေမဲ့ ဒီလူက အတော်လေးကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပုံရပါတယ်၊ ဝိညာဉ်သုတ်သင်ရေးဌာန ကတောင် ဒီကိစ္စကို မသိလောက်ဘူး ထင်ပါရဲ့။