အခန်း (၁၀၇၅-၁၀၇၆)
Vol. 73 Ch. 1075-1076
Ch 1075
(ထိတ်လန့်သွားသော မူလဝိညာဥ်)
လောထျန်း မျက်တောင်ခတ်ကာ ပြောလိုက်သည်။
“ဒါဆိုရင် တာအိုအစီအမံတွေက အမျိုးအစားအမျိုးမျိုး ရှိသေးတယ်ပေါ့”
မူလဝိညာဥ် ခေါင်းညိတ်လိုက်လေကာ
“အတိအကျပဲ.. တကယ်တော့ အဲ့ဒါက ရိုးရှင်းပါတယ်။ တာအိုအစီအမံထဲမှာ တာအိုအစွမ်း ဘယ်လောက်ပါလဲပေါ် မူတည်တယ်။ တာအိုအစွမ်း တစ်ခုပါရင် အဲ့ဒါကို အဆင့်တစ်တာအိုအစီအမံလို့ ခေါ်ပြီး နှစ်ခုပါရင် အဆင့်နှစ်တာအိုအစီအမံလို့ ခေါ်တယ်”
လောထျန်း အံ့သြတကြီး မေးလိုက်တော့သည်။
“ဒါဆို တာအိုအစွမ်း တစ်သောင်း အသုံးပြုနိုင်ရင် အဆင့်တစ်သောင်းတာအို အစီအမံ ဖြစ်လာမှာပေါ့”
မူလဝိညာဥ်၏ နှုတ်ခမ်းက အချိန်ခဏလောက်အထိ တွန့်လိမ်သွားပြီးမှ ပြန်ဖြေလာလေ၏။
“အင်း..မှန်သလိုလို ရှိပေမဲ့ အဲ့လောက်များတဲ့ တာအိုအစွမ်းအမျှင်တွေကို ဘယ်သူကမှ မသုံးနိုင်ဖူးဘူး”
“ကျုပ်တို့ မူလဝိညာဥ်နယ်မြေမှာဆိုရင် အဆင့်သုံးတာအိုအစီအမံ ဆိုရင်ကို တော်တော် အင်အားကြီးတဲ့ အစီအမံလို့ သတ်မှတ်လို့ ရနေပြီ၊ မူလဝိညာဥ်နယ်မြေရဲ့ အသန်မာဆုံး အစီအမံက အဆင့်ခြောက်တာအိုအစီအမံပဲ.. အဲ့ဒါက လောကကြီးရဲ့ အစွမ်းအကြီးဆုံး အစီအမံခုနှစ်ခုထဲပါတယ်”
လောထျန်း ခေါင်းကို ခပ်ဖြည်းဖြည်း ငြိမ့်လိုက်ပြီး မေးလိုက်သည်။
“ဒါဆို မင်းကော တာအိုအစီအမံ ဖန်တီးတတ်လား”
မူလဝိညာဥ်က ပြုံးသွားလေကာ..
“ကျုပ်က အဲ့အပိုင်းမှာ အရမ်းမကျွမ်းကျင်ပေမဲ့ မူလဝိညာဥ်နယ်မြေမှာ တုန်းက ကျုပ်ကလည်း ပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ အဆင့်တစ်တာအိုအစီအမံ သုံးမျိုးကို ကျုပ် ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးတတ်တယ်”
လောထျန်း မျက်မှောင်ကြုတ်သွားလေ၏။
“အဆင့်တစ်တာအိုအစီအမံပဲ တတ်တာလား”
လောထျန်းတစ်ယောက် တစ်ဖက်လူကို အထင်သေးလိုက်တာ သိသာပါ၏။
မူလဝိညာဥ်၏ မျက်နှာက ထိုစကားကြောင့် မည်းမှောင်သွားလေကာ
“သခင်လေးလောထျန်း၊ ကျုပ်ရဲ့ အဆင့်တစ်တာအိုအစီအမံကို အထင်မသေးနဲ့ဗျ။ အစီအမံသာချပြီးသွားရင် အရင်တစ်ခေါက်ကလို နတ်ဘုရားတောအုပ်က အကောင်ကြီးတွေ ရောက်လာရင်တောင်မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး”
လောထျန်း ချက်ချင်းပဲ မျက်လုံးများ ဝင်းပသွားကာ ပြောလိုက်တော့သည်။
“ဒါဆို ကျုပ်ကို သင်ပေးလို့ရမလား”
အရင်တစ်ခေါက် နတ်ဘုရားတောအုပ်နှင့် ပြဿနာ တက်ပြီးထဲက လောထျန်း စိတ်ပူနေခဲ့မိသည်။
အကယ်၍ နတ်ဘုရားတောအုပ်ဘက်က သူအိမ်မှာ ရှိမနေတုန်း တိုက်ခိုက်လာခဲ့လျှင်.. အရှုတ်အထွေးနတ်ဘုရားမြို့တော်ကြီး ပျက်ဆီးသွားနိုင်သည်လေ..
အခုတော့ အဆင့်တစ်တာအိုအစီအမံက သူ၏ စိတ်ပူမှုကို ဖြေရှင်းပေးသွားသည့်အတွက် လောထျန်း တစ်ယောက် အလိုအလျောက်ပင် မျက်နှာကြီး ဝင်းပလာတော့တာ ဖြစ်သည်။
မူလဝိညာဥ်၏ မျက်နှာကလည်း အပြုံးများ ဝေဆာသွားလေသည်။
လောထျန်း၏ တောင်းဆိုမှုကြောင့် သူ အလွန်စိတ်ကျေနပ်သွားသည်။ နောက်ဆုံးတော့ သခင်လေးလောထျန်း အရှေ့မှာ သူ မျက်နှာလုပ်နိုင်ခဲ့ပြီ..
မူလဝိညာဥ်က လည်ချောင်းရှင်းပြီး လက်နောက်ပစ်လိုက်သည်။ ထို့နောက် အလွန်ပညာတတ်သော ပုဂ္ဂိုလ်တစ်ယောက်လို မျက်နှာထားဆင်မြန်းလိုက်ပြီးမှ
“အင်း…သင်ပေးလို့ကတော့ ရပါတယ်။ ဘယ်လိုပဲဆိုဆို ကျုပ်တို့က တစ်ဖက်ထဲသားတွေပဲ”
“ဒါပေမဲ့ ဒါကသင်ယူလို့လွယ်ကူတဲ့ အရာတော့ မဟုတ်ဘူး။ အဆင့်တစ်တာအိုအစီအမံကို ဖန်တီးချင်ရင် အရင်ဆုံး တာအိုအစွမ်းကို ကျင့်ကြံဖို့လိုတယ်”
လောထျန်း မျက်မှောင်ကြုတ်လိုက်သည်။
“တာအိုအစွမ်းကို.ဘယ်လို ကျင့်ကြံရမှာလဲ”
မူလဝိညာဥ်က ကျောက်စိမ်းပြားတစ်ခုကို ပုံမှန်လို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင် ထည့်သွင်းရင်း အထဲမှစာကို ဖော်ထုတ်လိုက်သည်။ ပြီးသည်နှင့် လောထျန်းကို ပေးလိုက်သည်။
“ဒါက မူလဝိညာဥ်နယ်မြေမှာ တာအိုအစွမ်းကို ကျင့်ကြံကြတဲ့နည်းလမ်းပဲ.. လူသားမျိုးနွယ် အတွက်လဲ အသုံးဝင်တယ်”
အလွန်တောက်ပနေသော မျက်လုံးများဖြင့် လောထျန်း ကျောက်စိမ်းပြားကို ယူလိုက်လေသည်။
ထိုအချိန်မှာပဲ မူလဝိညာဥ်က လက်နှောက်ပစ် အနေအထားဖြင့် အရှုတ်အထွေးမြို့တော်ရှိရာကို ပြန်လှည့် သွားလိုက်သည်။ လမ်းလျှောက်နေရင်းမှ သူက အတွေ့အကြုံရှိ အကြီးတစ်ယောက်လို ပြောလာ၏။
“မင်းက မူလအဆင့်မသေမျိုး အစီအမံကို ဖန်တီးနိုင်ခဲ့ပြီပဲ.. ဒီလောက်ဆို မင်းက တာအိုအစွမ်းကို ရဖို့ နီးစပ်နေပြီဆိုတာ သိနိုင်တယ်.. နဲနဲပဲ ကြိုးစားလိုက်ပါ”
“ကျုပ် မင်းရဲ့အနေအထားကို ရောက်လာပြီးတော့ ဆယ်နှစ်ပဲ အချိန်ယူခဲ့ရတယ်.. အဲ့ဒါ မူလဝိညာဥ်နယ်မြေ တစ်ခုလုံးမှာ အမြန်ဆုံးနှုန်းထားနော်။ မင်းက ကျုပ်ထက်မနှေးလောက်ဘူး မျှော်လင့်ပါတယ်.. တာအိုအစွမ်း သုံးတတ်လာပြီဆိုရင် ဘာဆက်လုပ်ရမလဲ ကျုပ်သင်ပေးမယ်”
ပြောပြီးသည်နှင့် သူက မြို့တော်ထဲသွားကာ အနားယူဖို့ ပြင်လိုက်သည်။
သို့သော် ဘယ်သူသိမည်နည်း.. သူခြေလှမ်းအများကြီးတောင် မလှမ်းရသေးဘူး…ထိုအချိန်မှာပဲ
ဘုန်း
အနောက်ဘက်မှ ဆူညံသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ကြောက်စရာအရောင်အဝါ၏ ရိုက်ခတ်မှုကြောင့် မူလဝိညာဥ်တစ်ယောက် လွင့်စင်သွားတော့မလိုပင် ခံစားလိုက်ရ၏။
“ဟမ်..ဘာဖြစ်နေတာလဲ”
သူ ထိတ်လန့်စွာဖြင့် ချက်ချင်း အနောက်လှည့်ကြည့်လိုက်ပါသည်။
သူ၏ အနောက်မှာ ညာဘက် လက်တစ်ဖက်ကို ဆန့်ထုတ်ထားသော လောထျန်းကို တွေ့လိုက်ရသည်။
သူ၏ ညာဘက်လက်အပေါ်တွင် မှိန်ဖျော့စွာ အလင်းထုတ်နေသော စိတ်ဝိညာဥ်အလင်း တစ်ခုက မတူညီသော ပုံစံများပြောင်းနေရင်း အလွန်လှပသော မြင်ကွင်းကို ဖြစ်ပေါ်စေနေသည်။
“အမ်.. အဲ့ဒါ တာအိုအစွမ်းလား”
လောထျန်းက မူလဝိညာဥ်ကို ကြည့်ကာ မေးလိုက်သည်။
“ဘာ”
မူလဝိညာဥ်တစ်ယောက် ကြည့်နေရင်းမှ မျက်လုံးကြီး ကျွတ်ထွက်မတတ် ပြူးကျယ်လာလေ၏။
ထိုစိတ်ဝိညာဥ်အလင်းတန်းကြောင့် သူ၏ နှလုံးသားတစ်ခုလုံး ရင်ဘက်အပြင် ပေါက်ထွက်လာမလို ခုန်ပေါက်လာခဲ့သည်။
“မင်း.. မင်း အရင်ထဲက တာအိုအစွမ်းကို သုံးတတ်တယ်မလား။ ဟုတ်တယ်မလား”
သူ လောထျန်းကို ကြည့်နေရင်း စူးရှစွာ အော်လိုက်သည်။
ထိုမေးခွန်းကြောင့် လောထျန်း ရှုတ်ထွေးစွာ ပြန်ဖြေလိုက်ပါ၏။
“မသိပါဘူး.. အရင်က တာအိုအစွမ်းဆိုတာ ကြားကိုမကြားဖူးတာ၊ အခု ပထမဆုံးကြားဖူးတာပဲ”
“ဘာ” မူလဝိညာဥ် ပိုမိုထိတ်လန့်သွားသည်။
ပထမဆုံးကြားဖူးတဲ့ သူတစ်ဦးက တာအိုအစွမ်းကို ချက်ချင်း ဖန်တီးနိုင်တယ်လား..
သူထိုကောင်လေးကို တာအိုအစွမ်း ကျင့်ကြံရန်အတွက် စာလိပ်ပေးလိုက်တာ အချိန်ဘယ်လောက်ပဲ ကြာသေးလို့လဲ။
အသက်ဆယ်ခါ ရှုစာမျှ အချိန်လား..
မဟုတ်သေးပေ၊ အသက်ငါးခါ ရှုစာအချိန်ပဲ ရှိသေးသည်။
ဒီလောက်အချိန်တိုအတွင်းမှာ လောထျန်းက တာအိုအစွမ်းကို ကျင့်ကြံနိုင်ခဲ့သည်တဲ့လား..
ထို့အပြင် တာအိုအစွမ်း၏ အလင်းပုံစံက ပြီးပြည့်စုံနေသေး၏။
လောထျန်း၏ တာအိုအလင်းကို မူလဝိညာဥ်နယ်မြေဆီ ယူသွားခဲ့လျှင် အကြီးအကဲတစ်ချို့သာ ထိုအလင်းအတိုင်း ပုံစံတူ ဖန်တီးနိုင်ကြလိမ့်မည်။
ဒီကောင်လေးက တကယ်ပဲ အခုမှ စလေ့ကျင့်ဖူးသူ ဟုတ်ပါရဲ့လား..
မူလဝိညာဥ် တစ်ယောက် ထိတ်လန့်မှုကြောင့် အချိန်ခဏကြာသည်အထိ စကားပြောဖို့ မေ့လျော့သွားခဲ့သည်။
တစ်ဖက်က လောထျန်းက မူလဝိညာဥ်၏ပုံစံကိုမြင်ပြီး မျက်တောင် တဖြတ်ဖြတ် ခတ်လိုက်ကာ မေးလာ၏။
“ကျုပ် မှားနေသေးတယ်မလား၊ မင်း ပြောသလိုဆို တာအိုအစွမ်းက အရမ်းခက်တဲ့အရာဖြစ်လို့ ကျုပ်ဘယ်လိုလုပ် တစ်ခါထဲနဲ့ ဖန်တီးနိုင်မှာလဲ”
ပြောပြီးသည်နှင့် လောထျန်းက လက်တစ်ချက် ဝှေ့ယမ်းပြီး တာအိုအလင်းကို ဖျောက်လိုက်သည်။
“နေအုံး..ခဏ”
မူလဝိညာဥ်က အသည်းအသန် အော်ဟစ်ပြီး တားဖို့ ကြိုးစားလာသော်လည်း အရာအားလုံးက နောက်ကျသွားလေပြီ။
ချက်ချင်းပဲ မူလဝိညာဥ် နောင်တအပြည့်ကို ခံစားလိုက်ရသည်။
လောထျန်းသည် အလွန်ပြည့်စုံသော တာအိုအစွမ်းအမျှင်ကို ဖန်တီးနိုင်ခဲ့ပါလျှက် ခန္ဓာကိုယ်အတွင်း စုပ်ယူပြီး မကျင့်ကြံလိုက်ဘဲ ထိုအတိုင်း ပျောက်ကွယ်စေလိုက်သည်။
ဒါက အကြီးမားဆုံး ဖြုန်းတီးမှုကြီး မဟုတ်ဘူးလား။
တာအိုအစွမ်းသည် ကျင့်ကြံပြီးသည်နှင့် ပိုမိုကောင်းမွန်လာစေရန် ခန္ဓာကိုယ်အတွင်းမှာ သန့်စင်ရသည်။
ထိုမှသာ ရန်သူကို တိုက်ခိုက်လျှင်ဖြစ်စေ၊ အစီအမံဖန်တီးရာ၌ဖြစ်စေ ပြန်အသုံးပြုနိုင်သည်။
လောထျန်းက မသန့်စင်ဘဲ ဖျက်ဆီးပစ်လိုက်သည့်အတွက် ကြီးမားသော ဖြုန်းတီးမှု တစ်ခု မဟုတ်ပေဘူးလား။
မူလဝိညာဥ်နယ်မြေတွင် တာအိုအစွမ်းကို ကျင့်ကြံရာ၌ တော်တော်များများ အခက်တွေ့ကြရသည်။
အခုလို လမ်းတစ်ဝက်မှာ မသန့်စင်ဘဲ ပျက်ဆီးသွားခြင်းကြောင့် ရလဒ်အနေနှင့် သူတို့၏ ကျင့်ကြံမှုက မအောင်မြင်နိိုင်တော့ပေ။
တာအိုအစွမ်း ကျင့်ကြံရာ၌ ကံကောင်းဖို့လည်း အရေးပါသည်။
တာအိုအစွမ်းကို နောက်ထပ် ကျင့်ကြံနိုင်အုံးမည်လားကို ကောင်းကင်ဘုံက ထိုသို့ဖြင့် ဆုံးဖြတ်ပေးလေ၏။
ထို့ကြောင့် ပျောက်ကွယ်သွားသော တာအိုအလင်းကို မြင်သည်နှင့် မူလဝိညာဥ် အလွန်နောင်တရသွားခဲ့သည်။
အခုကစပြီး လောထျန်း နောက်ထပ် တာအိုအစွမ်းကို ထပ်မံမကျင့်ကြံနိုင်တော့လျှင် ဘယ်လိုလုပ်မလဲ.. ဒါဆို ဒုက္ခများကုန်လိမ့်မည်။
သို့သော် ထိုအချိန်မှာပဲ..
“တစ်ခုခု မှားနေသလိုပဲ၊ ဒီလိုလုပ်ရမှာများလား”
လောထျန်း ထပ်မံလှုပ်ရှားလိုက်ပြန်သည်။
ဘုန်း
ချက်ချင်းပဲ နောက်ထပ် တာအိုအစွမ်းအမျှင် တစ်ခု သူ့လက်မှာ ပေါ်ပေါက်လာခဲ့သည်။
“ဘာ..သူနောက်ထပ်တစ်ခု ထုတ်လိုက်နိုင်တယ်လား။ ပြီး အဲ့ဒါကလည်း ပထမတစ်ခုနဲ့ ဘာမှကို မဆိုင်ဘူး”
မူလဝိညာဥ် အလွန်အမင်း မှင်သက်သွားလေသည်။
သို့သော် သူ စကားဆက်မပြောနိုင်မှာပဲ..
“မဟုတ်သေးဘူး၊ ဒီတစ်ခုက အစောကဟာနဲ့ ယှဥ်ရင် သိပ်မကွာသေးသလိုပဲ။ မအောင်မြင်သေးတာများလား”
လောထျန်းက ပြောလိုက်ပြီး လက်ထဲက အလင်းကို ဖျောက်ပစ်လိုက်သည်။
……
Ch 1076
(တာအိုနတ်ဘုရားဆယ့်နှစ်ပါး)
“ခဏ..ခဏလေး နေပါအုံး”
မူလဝိညာဥ်၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်လာသလို ခံစားနေရသည်။
လောထျန်းက မျက်စိတစ်မှိတ်အတွင်းမှာပဲ တာအိုအစွမ်းနှစ်ခုကို ပျောက်ကွယ်စေခဲ့သည်။
သူ့လိုမျိုး နှစ်ပေါင်းများစွာရှင်သန်ပြီးသော မူလဝိညာဥ် တောင်မှ သူ၏တစ်ဘဝလုံးတွင် တာအိုအစွမ်းကို သုံးကြိမ်တိတိပဲ အသုံးပြုခဲ့ဖူးလေသည်။
လောထျန်း၏ ဖြုန်းတီးနေမှုက သူ့မျက်စိထဲ ပြစ်မှုကျူးလွန်နေတာပဲ..
ထိုအချိန်မှာ လောထျန်းတစ်ယောက် ကတော့ အာရုံအစိုက်လွန်ရင်း မူလဝိညာဥ်ကိုပါ မေ့လျော့နေခဲ့သည်။
သူက မျက်မှောင်ကြုတ်နေရင်းမှ တဖန် လှုပ်ရှားလိုက်ပြန်၏။
ဘုန်း
ချက်ချင်းပဲ နောက်ထပ် တာအိုအစွမ်းတစ်ခု ပေါ်လာသည်။
“ဒါက အရင်အတိုင်းကြီးပဲလေ”
လောထျန်း.ခေါင်းတရမ်းရမ်းဖြင့် အလင်းကို ဖျောက်လိုက်သည်။
ဘုန်း
ထိုသို့ဖြင့် လေးခုမြောက်တာအိုအစွမ်း၏ အလှည့်ကို ရောက်ရှိလာသည်။
သို့သော် လေးခုမြောက် တာအိုအစွမ်း၏ စိတ်ဝိညာဥ်အလင်းနှင့် ဖိအားသည် ယခင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။
လောထျန်း တစ်ချက်ပဲ ကြည့်လိုက်ပြီး ဖျောက်လိုက်သည်။
“ငါဆက်တိုက် ကျရှုံးနေမယ်လို့ မယုံဘူးကွာ”
လောထျန်း အသက်တစ်ချက်ရှုသွင်းပြီးသည်နှင့် လက်တစ်ဖက်ကို မိုးကြိုးအရှိန်ဖြင့် ရွှေ့လျားစေလိုက်၏။
နောက်တစ်စက္ကန့်မှာပဲ…
ဘုန်း ဘုန်း ဘုန်း
မိုးကြိုးသံလို အဆက်မပြတ် ပေါက်ကွဲသံများက မရပ်မနား ထွက်ပေါ်လာလေ၏။
ထိုသို့ဖြင့် တာအိုအစွမ်းတွေကလည်း လောထျန်း လက်ချက်ကြောင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရသည်။
နှစ်မိခန့် ကြာချိန်အတွင်းမှာ တာအိုအစွမ်း.တစ်ထောင်နီးပါး ပေါ်လာခဲ့သည်.. ပြီး ပျောက်ကွယ်သွားသည်။
မူလဝိညာဥ်.. သူ၏ ဦးနှောက်က အလုပ်မလုပ်တော့ဘူးဟု ခံစားနေရ၏။
သူ ဘာတွေမြင်ခဲ့ရတာလဲ..
တာအိုအစွမ်းတွေ ဒီလောက်များတယ်လား..
နှစ်မိခန့်အကြိမ်ရေအတွင်းမှာ သူတို့၏ မူလဝိညာဥ်နယ်မြေ၏ အစွမ်းတစ်ဝက်ခန့်ထက် ပိုများသော တာအိုအစွမ်းများ ထွက်ပေါ်လာခဲ့တာလား..
မူလဝိညာဥ်နယ်မြေက လူတွေကို ပြောပြရင်တောင် သူ့ကို.ယုံကြည်မည့်သူ တစ်ဦးမှရှိမည် မထင်ပေ..
ဘီလူး..
ဒီလောထျန်းက ဘီလူးတစ်ကောင်ပဲ။
ထိုအချိန်မှာ လောထျန်း တစ်ယောက် အနည်းငယ်စိတ်ပျက်လာလေ၏။
“ချီးပဲ၊ တာအိုအစွမ်း..မင်းက တကယ် ခက်တာပဲ။ ဒါပေမဲ့ ကျုပ်က လက်လျော့စရာလား.. အခု ထွက်ခဲ့စမ်း”
လောထျန်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။
ဘုန်း
ကျယ်လောင်သော အသံတစ်ခုအပြီးမှာပဲ ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွားလေသည်။
လက်ထဲက စိတ်ဝိညာဥ်အလင်းကို မျက်လုံးဖွင့်ကြည့်ပြီးနောက် လောထျန်း ချက်ချင်း စိတ်လှုပ်ရှားသွားတော့သည်။
“ဒီတစ်ခေါက် မှန်ပြီမလား.. ဒါကြီးက အရှေ့ကဟာတွေနဲ့ လုံးဝကွဲတယ်”
လောထျန်းက ချက်ချင်းပဲ အနောက်မှာရပ်နေသော မူလဝိညာဥ်ရှိရာကို လှည့်လိုက်ပြီး ကျယ်လောင်စွာ မေးလိုက်တော့သည်။
“ဒီတစ်ခေါက် ကျုပ် မှန်သွားပြီလား”
မူလဝိညာဥ် ခဗျာ အရှေ့ကမြင်ကွင်းကို ပြူးကျယ်စွာ ကြည့်နေရင်းမှ သူ၏ မျက်လုံးနှစ်ဖက်လုံး အေးခဲသွားသည်ဟု ထင်မှတ်လာရ၏။
“ဘာ..ဘာကြီးလဲ”
သူ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ထိုစကားကြောင့် လောထျန်း၏ မျက်နှာက အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ထိုအစား မျက်မှောင်ကြုတ်လာတော့၏။
“အာ.. မှားပြန်တာလား”
ပြောပြီးသည်နှင့် လောထျန်းက အလင်းကို ထပ်ဖျောက်ဖို့ ကြိုးစားလိုက်သည်။
သို့ပေမဲ့ ဒီတစ်ချိန်မှာ အချိန်မှီသတိဝင်လာခဲ့သော မူလဝိညာဥ်က အကျယ်လောင်ဆုံး အော်ဟစ်လာပါတော့သည်။
“ရပ်လိုက်..ရပ်”
“ဟမ်”
လောထျန်း ချက်ချင်း ရပ်တန့်လိုက်သည်။
“ဘာလို့လဲ.. ကျုပ်မှားသွားတာ မဟုတ်ဘူးလား”
လောထျန်း ကြည့်နေရင်းမှ မေးလိုက်၏။
မူလဝိညာဥ် ပင့်သက်ရှည်ကြီး ရှိုက်လိုက်ပြီးမှ
“မဟုတ်ဘူး၊ မင်း မကျရှုံးဘူး..ဒါ.. ဒါကြီးက တာအိုအစွမ်း.ဖြစ်လိမ့်မယ်”
လောထျန်း ခဏတာ ကြောင်အမ်းသွားတော့သည်။
“ဖြစ်လိမ့်မယ်ဟုတ်လား၊ ဒါဆို တာအိုအစွမ်း အစစ်နဲ့ ကွဲပြားနေသေးတာပေါ့လေ”
လောထျန်း စိတ်ပျက်စွာ သက်ပြင်းမောတစ်ခု ချလိုက်လေသည်။
သူ တာအိုအစွမ်းကို အထင်သေးခဲ့မိဟန်ပင်။
သူ၏ ထူးချွန်သောအရည်အချင်းနှင့်တောင်မှ တာအိုအစွမ်းကို အချိန်တိုအတွင်း လေ့ကျင့်ဖို့ မအောင်မြင်သေးဘူးပဲ။
ထိုအချိန်မှာ မူလဝိညာဥ်၏ နှုတ်ခမ်းက တွန့်လိမ်နေပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပြောလာခဲ့သည်။
“တာအိုအစွမ်းအစစ်က ဒါ”
သူက ပြောပြီးသည်နှင့် လေထုထဲက လေတွေကို အကုန်နီးပါး ရှုရှိုက်သလို ပင့်သက်အရှည်ကြီး ရှိုက်လိုက်သည်။ ထို့နောက် နဖူးပြင်က သွေးကြောများ ထောင်ထလာသည်အထိ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အား”
ဘုန်း
သူ၏ ခန္ဓာကိုယ်က အရောင်အဝါတွေ ပေါက်ထွက်လာသည်။
ထိုမြင်ကွင်းကြောင့် လောထျန်း၏ မျက်နှာလဲ တည်ငြိမ်သွားသည်။
“ဒါ.. တာအိုအစွမ်းဆိုတဲ့ အတိုင်းပါလား၊ ဒီလောက်ထိ အားကုန်သုံးဖို့ လိုတာပေါ့လေ”
သူ ခပ်တိုးတိုး ပြောလိုက်မိသည်။
မူလဝိညာဥ်၏ အချိန်အကြာကြီး အော်ဟစ်သံအပြီးတွင်
ဘုန်း
သူ၏ လက်ဖဝါးထက်ကို စိတ်ဝိညာဥ်အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
မူလဝိညာဥ်၏ ပုံစံက ကြိုးဖြေလိုက်သော မိုးပျံပူပေါင်းတစ်ခုလို ရှုံ့တွပြီး အလွန်မောပန်းသွားဟန်ပဲဲ။ သူက လေကို တဟူးဟူး ရှုရှိုက်နေရင်းမှ ပြောလိုက်သည်။
“ဒါက ပြီးပြည့်စုံတဲ့ တာအိုအစွမ်းအစစ်ပဲ”
သို့သော် လောထျန်းတစ်ယောက် လုံးဝ နားမလည်နိုင်တော့ပေ။
သူက ထိုပြီးပြည့်စုံတဲ့တာအိုအစွမ်းကို တစ်လှည့်၊ မူလဝိညာဥ်ကို တစ်လှည့် ကြည့်နေရင်းမှ မျက်မှောင်ကြုတ်လာတော့၏။
“ဒါက ပြီးပြည့်စုံတဲ့ တာအိုအစွမ်းလား”
မူလဝိညာဥ် ခေါင်းညိတ်ပြလိုက်သည်။
အချိန်တစ်ခုကြာသည်အထိ လောထျန်း၏ နှုတ်ခမ်းက တွန့်လိမ်သွားပြီးမှ နောက်ဆုံး စကားဟလိုက်လေသည်။
“ဒါကြီးနဲ့.. ကျုပ်အစောက အများကြီး ထုတ်ခဲ့တဲ့အစွမ်းတွေနဲ့ ဘာကွာနေလို့လဲဗျာ”
မူလဝိညာဥ် အနည်းငယ် အနေခက်စွာ ပြောလိုက်သည်။
“ဘာမှမကွာဘူးလေ”
“ဟမ်၊ ဒါဆို ကျုပ်က ကျရှုံးခဲ့တာ မဟုတ်ဘူးလား”
လောထျန်း ပိုမို မျက်မှောင်ကြုတ်လာတော့၏။
မူလဝိညာဥ်က ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်ရင်း
“မင်း ကျရှုံးတယ်လို့ ကျုပ် မပြောမိပါဘူး..”
လောထျန်း ခဏတာ ဆွံ့အ သွားတော့သည်။
“ဒါဆို အစောက ကျုပ် ဖန်တီးခဲ့တဲ့ ဟာတွေ အားလုံး…”
မူလဝိညာဥ် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါတွေ အကုန် အောင်မြင်တယ်”
ဝူး
ချက်ချင်းပဲ လောထျန်း၏ ခန္ဓာကိုယ်မှ လူသတ်အရိပ်အငွေ့တစ်ချို့ ထွက်ပေါ်လာတော့သည်။
“ဟမ်”
မူလဝိညာဥ် တစ်ယောက် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားလေကာ ချက်ချင်း ကတုန်ကယင် ရှင်းပြလိုက်၏။
“စိတ်လျော့ပါ၊ မင်း ဘာလုပ်မလို့လဲ”
လောထျန်း မည်းမှောင်နေသော မျက်နှာနှင့်ပဲ မေးလိုက်၏။
“ဘာလို့ ကျုပ်ကို မပြောခဲ့တာလဲ”
မူလဝိညာဥ်၏ မျက်နှာက ချက်ချင်းကို ငြိုးငယ်သွားလေကာ
“ကျုပ်ကို အခွင့်အရေးပေးခဲ့လို့လား၊ အကြိမ်တိုင်းမှာ ကျုပ် ပါးစပ်ဟဖို့ မကြိုးစားခဲ့လို့လား.. အလင်းတစ်ခု ပေါ်လာတယ်၊ ကျုပ် ပါးစပ်ဟလိုက်တယ်၊ နောက်တစ်စက္ကန့်မှာ အဲ့အလင်းက ပျောက်ကွယ်သွားတယ်၊ ထပ်ပေါ်လာတယ်..ထပ်ဟတယ်.. ထပ်ပျောက်တယ်။ မင်းက ကျုပ်ကို တစ်ချက်တောင် လှည့်ကြည့်လို့လား”
ချက်ချင်းပဲ သူတို့နှစ်ယောက်ကြား ပြောစရာ ပျောက်ဆုံးသွားတော့သည်။
လောထျန်း.တိတ်တဆိတ် ပြန်စဥ်းစားကြည့်လိုက်ရာ၊ တကယ်ကို ထိုသို့ ဖြစ်နေခဲ့လေ၏။
မူလဝိညာဥ်ကိုလည်း အပြစ်တင်၍ မရတော့ပေ။
လောထျန်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး လက်ထဲက ရွှေရောင်အလင်းကို ငုံ့ကြည့်မိသွားသည်။
“နေအုံး၊ မင်းရဲ့ဟာက ပြီးပြည့်စုံတဲ့ တာအိုအစွမ်းဆိုရင် ဒါကဘာကြီးလဲ”
သူ အနည်းငယ် ရှုတ်ထွေးလာလေပြီ..
သူ့လက်ပေါ်က အလင်းက မူလဝိညာဥ်၏အလင်းနှင့် လားလားမှ မသက်ဆိုင်နေပေ။
မူလဝိညာဥ်က သူ့လက်ပေါ်က အလင်းကို ပြန်ဖျောက်လိုက်ပြီးမှ လောထျန်းကို ပြောလိုက်သည်။
“မင်းရဲ့အလင်းလိုမျိုး ကျုပ်တစ်ခါမှ မမြင်ဖူးဘူး.. ဒါပေမဲ့ အထဲက အရောင်အဝါကို ကြည့်လိုက်တာနဲ့ ဒါက တာအိုအစွမ်းပဲဆိုတာ ကျုပ် သေချာပေါက် ပြောလို့ရတယ်၊ ဒီတိုင်း…”
“ဒီတိုင်း ဘာဖြစ်လဲ”
“ဒီတိုင်း မင်းရဲ့အစွမ်းက သာမာန်တာအိုအစွမ်းထက် အများကြီး သန်မာနေတော့ ကျုပ် ဒဏ္ဍာရီတစ်ခုကို တွေးမိသွားတယ်”
“ဒဏ္ဍာရီ… ဘာဒဏ္ဍာရီလဲ”
လောထျန်း စိတ်ဝင်စားလာတော့သည်။
“မူလဝိညာဥ်ဘိုးဘေးကြီး တစ်ချို့ ပြောတာကို တစ်ခါကြားဖူးခဲ့တာ.. ဒီလောကမှာ တာအိုအစွမ်းကို ကျင့်ကြံပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့အထိ သန်မာတဲ့ တစ်ချို့သူတွေ ရှိခဲ့တယ်တဲ့၊ သူတို့ရဲ့ တာအိုအစွမ်းက သာမာန်သူတွေနဲ့ မတူညီဘူး.. ကျင့်ကြံမှု နယ်ပယ်တူ ရန်သူနဲ့ ရင်ဆိုင်ရရင်တောင် သူတို့က အမြဲတမ်း အပေါ်စီးကပဲ”
“ဒါပေမဲ့ အဲ့လိုလူတွေက အရမ်းကိုရှားတယ်.. သမိုင်းတစ်ခုလုံးမှာ ဆယ့်နှစ်ယောက်ပဲ ရှိခဲ့တယ်၊ သူတို့ကို နောက်မျိုးဆက်တွေက တာအိုနတ်ဘုရားဆယ့်နှစ်ပါးလို့ တင်စား ခေါ်ဝေါ်ကြတာပေါ့”
“တာအိုနတ်ဘုရားဆယ့်နှစ်ပါးထဲက တစ်ချို့က သူတို့ရဲ့ တာအိုအစွမ်းအမွေအနှစ်ကို မျိုးဆက်တွေမှာ လက်ဆင့်ကမ်း သင်ကြားပေးခဲ့တော့ အရမ်းကြောက်ဖို့ကောင်းတဲ့ အိမ်တော်တွေနဲ့ ဂိုဏ်းတွေ ထွက်ပေါ်ခဲ့တယ်”
“တစ်ချို့ကတော့ ဒီတိုင်းပဲ သေဆုံးသွားတယ်.. ဒါပေမဲ့ သူတို့ ခေါင်းချခဲ့တဲ့နေရာက ထူးခြားတဲ့နေရာတွေ ဖြစ်လာပြီး ဒီနေ့တိုင်အောင် မပျက်ဆီးဘူး”
“အဲ့ဒီထဲမှာ အသက်ရှင်နေတဲ့သူ ရှိသေးလားတော့ ကျုပ်လဲမသိဘူး။ အသက်ရှင်နေမယ်ဆိုရင်တော့ သေချာပေါက်.လောကကြီးတစ်ခုလုံးရဲ့ ထိပ်သီးနေရာမှာ ရပ်တည်နေကြမှာပဲ”
မူလဝိညာဥ်က လောထျန်းကို သေချာကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်၏။
“လောထျန်း၊ မင်းရဲ့အစွမ်းက သူတို့နဲ့ တူညီနေတာဖြစ်နိုင်တယ်”
…….