← Chapters

အခန်း (၁၀၇၉-၁၀၈၀)

Vol. 73 Ch. 1079-1080

အခန်း (၁၀၇၉-၁၀၈၀)

Vol. 73 Ch. 1079-1080

Ch 1079

(အသန်မာဆုံးအစီအမံ)

“ကျုပ်တို့ ဒီအစီအမံနှစ်ခုကို ဥပမာအနေနဲ့ ယူလိုက်ကြတာပေါ့”

မူလဝိညာဥ်က ပြောနေရင်းမှ မူလအဆင့် မသေမျိုးအစီအမံနားကို လျှောက်လာကာ မြင်းထိုင် ထိုင်လိုက်ပြီး နဖူးကြောများ ထောင်ထလာသည်အထိ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အား”

ထိုအော်သံကြီးအပြီးတွင် သူ၏ လက်တစ်ဖက်၌ တာအိုအစွမ်း ထွက်ပေါ်လာသည်။

“သခင်လေးလောထျန်း၊ ကျုပ် ဒီတာအိုအစွမ်းကို အစီအမံမှာပေါင်းပြီး… တာအိုအစီအမံ ဖြစ်ပေါ်လာပုံကို ပြပေးမယ်၊ ဒါပေမဲ့ ကျုပ်ရဲ့အစွမ်းက ကန့်သတ်ချက်ရှိတာမို့.. တစ်ကြိမ်ပဲ ပြလို့ ရလိမ့်မယ်.. သေချာကြည့်ပေးပါ”

သူက လေကို မောပန်းစွာ ရှိုက်..ရှိုက်နေရင်းမှ ပြောလိုက်သည်။

တာအိုအစွမ်းကို အသုံးပြုရတာက သူ့အတွက် အလွန်ခက်ခဲပုံရလေ၏။

“ကောင်းပြီ”

လောထျန်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

မူလဝိညာဥ်က ထိုအချိန်မှာပဲ ပေါင်းစည်းခြင်း ဖြစ်စဥ်ကို စတင်လိုက်၏။

ဘိ

သူသည် စိတ်ဝိညာဥ်အစွမ်းနှင့် တာအိုအစွမ်းကို ထိန်းချုပ်အသုံးပြုကာ အစီအမံထဲ ဂရုတစိုက် ပေါင်းထည့်သည်.. အဆင့်တိုင်း အဆင့်တိုင်းကို အလွန်အာရုံစိုက်ပြီး သတိကြီးစွာ ဆောင်ရွက်လေ၏။

“ဒီလိုပေါင်းထည့်တဲ့ဖြစ်စဥ်မှာ အခက်ခဲဆုံး အပိုင်းက တာအိုအစွမ်းနဲ့ အစီအမံထဲ နဂိုရှိပြီးသားဖြစ်တဲ့ စည်းမျဥ်းအစွမ်းတို့ အချင်းချင်း မဆန့်ကျင်ကြဖို့ပဲ။ အဆင့်တိုင်းကိုမေ့လို့မရတဲ့အတွက် သတိထားပြီး ခပ်ဖြည်းဖြည်းလုပ်ပါ။ အလျင်မလိုနဲ့”

သူက ခပ်ဖြည်းဖြည်း ဆောင်ရွက်နေရင်းမှ လေပြေအေးဖြင့် ရှင်းပြလာသည်။

သူသည်တစ်လျှောက်လုံးမှာ အလွန်စိတ်လှုပ်ရှားနေ၏.. ထိုသို့ဖြင့် နာရီဝက်ကြာပြီးနောက်တွင်..

ဘိ

ပြင်းထန်သောတာအိုအစွမ်းကို အစီအမံမှာ အပြီးတိုင် ပေါင်းထည့်လိုက်နိုင်၏။

ဘုန်း

မသေမျိုးအစီအမံထံမှာ အလွန်အင်အားကြီးသော ဖိအားတစ်ခု လျှံထွက်လာခဲ့သည်။ ထိုဖိအားကြောင့် အစီအမံ၏ ခုခံနိုင်စွမ်းကလည်း အလိုအလျောက် မြင့်တက်လာရသည်။

အချိန်အနည်းငယ် အတွင်းမှာ ဆယ့်နှစ်ဆလောက် မြင့်တက်သွားသလို ခံစားရလေသည်။

“နောက်..ဆုံးတော့.. ပြီးပြီ..ဟူး”

အရှေ့ကို ကြည့်နေရင်းမှ မူလဝိညာဥ်က ဖြူဖတ်နေသော မျက်နှာနှင့် လေကို တဟူးဟူး ရှုလိုက်သည်။

စိတ်ဝိညာဥ်စွမ်းအင်အများကြီး အသုံးပြုလိုက်ရ၍ သူ၏ ဝိညာဥ်ခန္ဓာကိုယ်ပင် အနည်းငယ် အားဖျော့သွားသည်။

“သခင်လေး..လောထျန်း..ဟူး.. ဒါက.. တာအိုအစီအမံ..ရဲ့..အစွမ်းပဲ.. မြင်လိုက်တယ်..မလား”

မူလဝိညာဥ်က လောထျန်းကို ကြည့်လိုက်ပြီး ကြိုးစားမေးလိုက်သည်။

တစ်ချိန်ထဲမှာ သူ၏ မျက်နှာပေါ်၌ ဂုဏ်ယူမှုတစ်ချို့ပါ ရှိနေလေ၏။

သူ၏ အမြင်အရတော့ တာအိုအစွမ်းကို အစီအမံအတွင်း ပေါင်းထည့်ရာ၌ စုစည်းရသည့်ဖြစ်စဥ် ပိုင်းတွင် သူက လောထျန်းထက် သာလွန်သည်ဟု ယူဆပါ၏။

တာအိုအစီအမံနှင့် ပတ်သတ်လျှင်တော့ သူက လောထျန်း၏ အထက်မှာရှိနေတာပဲ။

အနည်းဆုံးတော့ သူက လောထျန်းကို အသေးစိတ် ကြည့်ရှုကာ သင်ပြပေးရအုံးမည်။

ထိုအချိန်မှာပဲ လောထျန်းက ခပ်ဖွဖွ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒါဆို အဆင်ပြေပါတယ်”

မူလဝိညာဥ်က မောပန်းနေသည့်ကြားမှာ အားတင်းပြီး ပြုံးလိုက်သည်။

“ဒါဆို..သခင်လေး..လောထျန်း.. လုပ်ကြည့်ပါ.. မှတ်ထားနော်.. ဖြေးဖြေးမှန်မှန်”

သူက ထပ်မံ သတိပေးလိုက်ပြန်သည်။

လောထျန်းက နားထောင်ပြီးသည်နှင့် ခေါင်းအသာညိတ်ပြပြီး နောက်ထပ် မသေမျိုးအစီအမံရှိရာ သွားလိုက်သည်။

“အရင်ဆုံး၊ တာအိုအစွမ်းကို ထုတ်မယ်”

လောထျန်းက ပြောပြီးသည်နှင့် လက်တစ်ဖက် ဖြန့်လိုက်သည်။

ဘုန်း

နောက်တစ်စက္ကန့်မှာ လောထျန်း၏ လက်ပေါ်မှာ အလင်းတန်းတစ်ခု ပေါ်လာသည်။

မျက်စိကျိန်းလောက်အောင် ဖြိုးဖြိုးဖျက်ဖျက် လက်နေသော ရွှေရောင်အလင်းတန်းက ဘေးကကြည့်နေသော မူလဝိညာဥ်ကို သွားရည် ယိုစေ၏။

ထို့အပြင် လောထျန်း၏ တာအိုအစွမ်းကို ထုတ်ဖော်လိုက်ပုံက မူလဝိညာဥ်ထက် အများကြီး လွယ်ကူချောမွေ့နေသည် မလား။

လောထျန်းက မသေမျိုးအစီအမံ၏ဘေးထိ သွားလိုက်ပြီးမှ အစီအမံကို တစ်လှည့်၊ သူ့လက်ပေါ်က အလင်းကိုတစ်လှည့် ကြည့်လိုက်သည်။

ထို့နောက် ခဏလောက် တွန့်ဆုတ်သွားသော်လည်း စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် လက်ထဲက ရွှေရောင်အလင်းကို အစီအမံထဲ တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။

“ဟမ်၊ သခင်လေးလောထျန်း ဘာလုပ်နေတာလဲဗျ.. ကျုပ် ဖြေးဖြေးချင်းလုပ်ဖို့ မှာထားတယ်လေ”

မူလဝိညာဥ်၏ သတိပေး အော်ဟစ်သံက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

သူသည် အကြိမ်ကြိမ် သတိပေးထားခဲ့သည်..

သို့တိုင်အောင် လောထျန်းက ဒီတိုင်းလွှင့်ပစ်လိုက်သည်..

ဒါက ဖြုန်းတီးလိုက်တာပဲ..

သို့သော် ထိုအချိန်မှာပဲ..

ဘုန်း

ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွားလေသည်။

ချက်ချင်းဆိုသလို အလွန်အင်အားကြီးသော တာအိုအစီအမံတစ်ခု စုစည်းလာခဲ့သည်။

ထိုဖြစ်ပေါ်လာသော မသေမျိုးအလင်းတန်း ကြီးကို မူလဝိညာဥ် တစ်ယောက် မျက်တောင်မခတ်စတမ်း ကြည့်နေမိလေသည်။

တာအိုအစွမ်းနှင့် အစီအမံသည် ပြစ်ချက်တစ်ခုမှ မရှိအောင် ပြည့်ဝစွာ ပေါင်းစည်းနေခဲ့သည်။

ပိုအရေးကြီးသည်မှာ အများကြီး ပြောနေစရာကို မလိုခဲ့ပေ.. သူ၏ အစီအမံက လောထျန်းအခုဖန်တီးခဲ့သော အကာအကွယ်အစီအမံထက် အဆပေါင်းရာချီ နိမ့်ကျကြောင်း အကြည့်တစ်ချက်နှင့်တင် သိနိုင်ပါ၏။

“ဒါ..ဒါကြီးက အရမ်းမဖြစ်နိုင်လွန်းတာပဲ”

မူလဝိညာဥ် ထိုမှအပ ဘာကိုမှ မပြောနိုင်တော့ပေ။

ဘာလို့လဲ..

တစ်ဖက်သူ၏ ပိုသန်မာသော တာအိုအစွမ်းကို သူလက်ခံပေးလို့ရပါသည်..သို့သော် ဘာကိစ္စ တာအိုအစီအမံကပါ သူ့ထက် အဆပေါင်းများစွာ ပိုသန်မာနေရတာလဲ..

ဒီကောင်၏ ဖြစ်သလိုပစ်ထည့်လိုက်သော တာအိုအစီအမံက သူ အမောတကော ကြိုးစားတည်ဆောက်ထားရသော အစီအမံထက် ဘာလို့ အများကြီး သာလွန်နေရတာလဲ..

ဒါကြီးက မလွန်လွန်းပြန်ဘူးလား

“သခင်လေးလောထျန်း၊ ဘယ်လိုလုပ်လိုက်တာလဲ”

သူ ရှုတ်ထွေးလွန်းလို့ မေးလိုက်လေသည်။

ဒီလိုပစ်ထည့်လဲ အစီအမံက အောင်မြင်တယ်လား..

ဒါမှမဟုတ် ဒါက ကံကောင်းမှု သက်သက်ပဲလား..

သို့သော် လောထျန်းက သူ့ကိုပဲ တအံ့တသြ ကြည့်လာကာ ပြောလာလေ၏။

“ကျုပ်က မင်း သင်ပေးတဲ့အတိုင်း လုပ်လိုက်တာပဲလေ”

“ဟမ်” သူ ​ကြောင်အမ်းသွားတော့သည်။

သူပြောသလို လုပ်လိုက်သည် ဟုတ်ပါသလား..

လောထျန်း၏ ဖြစ်သလိုပစ်ထည့်လိုက်သော ဖြစ်စဥ်က သူ ဂရုတစိုက် သင်ပြပေးထားသော သူ၏ ကြိုးစားမှုနှင့် ဘယ်နေရာက တူသွားပါသနည်း..

ထိုအချိန်မှာပဲ လောထျန်းက အမှုမထားစွာ ပြောလိုက်သည်။

“မင်း အစောက ပေါင်းထည့်တဲ့အချိန်မှာ တာအိုအစွမ်းနဲ့ အစီအမံကို လိုက်လျောညီထွေ ဖြစ်စေဖို့ စိတ်ဝိညာဥ်အစွမ်းကို အသုံးပြုခဲ့တာမလား”

မူလဝိညာဥ် ခေါင်းညိတ်လိုက်ကာ

“ဟုတ်တယ်လေ”

လောထျန်း မျက်တောင်ခတ်နေရင်းမှ ပြောလိုက်သည်။

“ကျုပ်လဲ တစ်ပုံစံထဲ လုပ်ခဲ့တာပဲ။ အစောပိုင်းက တာအိုအစွမ်းကို ထည့်လိုက်တဲ့အချိန်မှာ တစ်ခါထဲ စိတ်ဝိညာဥ်အစွမ်းကို ထည့်လိုက်တယ်.. စိတ်ဝိညာဥ်အစွမ်းနဲ့ အစီအမံထဲမှာ ရှိနေပြီးသား စည်းမျဥ်းတွေကို ဖုံးအုပ်ပြီး တာအိုအစွမ်းအခြေမကျခင်အထိ တဖြည်းဖြည်း ညှိပေးလို့ရအောင် လုပ်ပေးခဲ့တယ်လေ။ ဒါပဲမလား”

“ဒါက..”

မူလဝိညာဥ် လုံးဝကို ဆွံ့အသွားပါတော့သည်။

သူ အခုမှသာ လောထျန်း၏ လုပ်ရပ်ကို နားလည်ခဲ့ရသည်။

သို့သော် နားလည်သွားသည်နှင့် သူထပ်မံ ပြောစရာ ပျောက်ရပြန်သည်။

လောထျန်းသည် တကယ်ကို သူသင်ပေးသည့်အတိုင်း လုပ်သွားခဲ့တာပင်။

ဒီတိုင်း သူ အသုံးပြုခဲ့ရသည့် နာရီဝက်ဆို​သော အချိန်ကို လောထျန်းက မရှိသလို ပြုမူရင်း တာအိုအစွမ်းကို ဝုန်းဆိုပြီး အစီအမံထဲ ပစ်ထည့်လိုက်တာလေးပဲ ကွာခြားသွားသည်..

လောထျန်း အသုံးပြုခဲ့သည့် စိတ်ဝိညာဥ်အစွမ်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာများလဲ..

ထိုအတွေးကြောင့် မူလဝိညာဥ်သည် လက်တစ်ဖက်ကို ရင်ဘက်ပေါ်တင်ကာ ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်လေသည်။

“မဖြစ်တော့ဘူး..ငါသူ့ကို စကားဆက်ပြောလို့ မရတော့ဘူး၊ အဲ့ဒါကငါ့ရဲ့ တာအိုနှလုံးသားကို ထိခိုက်စေလိမ့်မယ်”

“ဒီလောထျန်းက မကောင်းဆိုးဝါးကြီးပဲ”

တစ်ဖက်က လောထျန်းက မူလဝိညာဥ်၏ ပုံစံကိုကြည့်ပြီး အများကြီးမမေးမြန်းတော့ပေ။ ထိုအစား လက်ညိုးဖြင့်မေးစေ့ကို ပွတ်သပ်ရင်း သူဖန်တီးထားသော တာအိုအစီအမံကို ငုံ့ကြည့်လိုက်သည်။

“ဒါက တာအိုအစွမ်းတစ်မျှင်ပဲ ရှိသေးတယ်.. ငါသာ တာအိုအစွမ်းနှစ်မျှင် ပေါင်းလိုက်မယ် ဆိုရင်..”

ပြောပြီးသည်နှင့် လောထျန်းက နောက်ထပ် ရွှေရောင်အလင်းတစ်မျိုးကို ထုတ်ဖော်လိုက်၏။

ဘုန်း

ရွှေရောင်အလင်း ပေါ်လာသည်နှင့် လောထျန်း တစ်ချက်သာကြည့်ပြီး အစီအမံထဲ ပစ်ထည့်လိုက်ပြန်သည်။

“ဟမ်..သခင်လေးလောထျန်း”

အဝေးက ကြည့်နေသော မူလဝိညာဥ် ထိတ်လန့်လာလေပြီ..

လောထျန်းက တာအိုအစွမ်းနောက်တစ်မျိုးကို အတင်းအကျပ် ပေါင်းထည့်ပြီး တာအိုအစွမ်းနှစ်မျိုးနှင့် တာအိုအစီအမံ ဖန်တီးမလို့လား။

ဒါပေမဲ့ သူက အခုမှ လူသစ်လေးပဲ ရှိသေးတာလေ..

ဘာမှမသင်ပြရသေးပဲနဲ့ကို တာအိုအစွမ်း နောက်တစ်မျိုး ပေါင်းထည့်ရဲတယ်လား..

သို့သော် ထိုအချိန်မှာပဲ..

ဘုန်း

ဒုတိယမြောက်တာအိုနတ်ဘုရားအစွမ်း ဝင်သွားသည်နှင့် တာအိုအစီအမံ တစ်ခုလုံးမှ မသေမျိုးအလင်းများ တောက်ပလာသည်။

အလွန်ခမ်းနားသော ဖိအားတစ်ခု ထွက်ပေါ်လာ၏။

အစီအမံထဲမှ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများက လိမ်ကောက် ရှုတ်ထွေးလာလေရာ.. ပတ်ဝန်းကျင်ပင် မှေးမှိန်သွားလေ၏။

“ပြီးပြီလား.. အဆင့်နှစ်တာအိုနတ်ဘုရား အစီအမံက..”

မူလဝိညာဥ် အံ့သြတကြီး ရေရွတ်လိုက်သည်။

အခုချိန်မှာ သူ အလွန်အမင်း စိတ်လှုပ်ရှားနေတာပင်။

အဆင့်တစ်တာအိုနတ်ဘုရားအစီအမံက အဆင့်ငါးတာအိုအစီအမံနှင့် ညီမျှလေသည်။

အခု သူ့မျက်စိရှေ့တွင် အဆင့်နှစ်တာအိုနတ်ဘုရားအစီအမံကြီး ရှိနေ၏။

ဒီအစီအမံ၏ အင်အားက ဘယ်လောက်တောင် သန်မာနေပြီလဲ..

သူ့အတွက် အဆင့်ခြောက်တာအိုအစီအမံသည် ဒဏ္ဍာရီတစ်ခုလိုမျိုး အထင်ကြီးစရာ တည်ရှိမှုတစ်ခုဖြစ်ခဲ့ရပြီး သူ့တစ်ဘဝလုံးတွင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဒီအဆင့်နှစ်တာအိုနတ်ဘုရားအစီအမံက အဆင့်ခြောက်တာအိုအစီအမံထက် အများကြီး သာလွန်နေသည်မလား..

ဖြစ်နိုင်တာက သူ၏ အရှေ့တွင် လောကတစ်ခုလုံး၏ အသန်မာဆုံး အစီအမံတစ်ခု တည်ရှိနေတာပဲ..

ထိုအတွေးကြောင့် မူလဝိညာဥ်တစ်ယောက် မထိန်းနိုင်အောင် စိတ်လှုပ်ရှားလာသည်။

သူက သမိုင်းသစ်ကို မျက်မြင်တွေ့ခဲ့သူပဲ။

သို့သော် သူ စိတ်လှုပ်ရှား၍ မပြီးသေးခင်မှာပဲ

လောထျန်း၏ လက်ဖဝါးပေါ်ကို နောက်ထပ် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာတာ မြင်လိုက်ရ၏။

…….

Ch 1080

(နတ်ဘုရားအလိုဆန္ဒ)

“ဟမ်”

မူလဝိညာဥ် ချက်ချင်း ထိတ်လန့်သွား၏။

လောထျန်း၏ ပုံစံအရ.. သူနောက်ထပ် တာအိုနတ်ဘုရားအစွမ်းတစ်ခု ထပ်ပေါင်းဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား..

ဒါပေမဲ့ လက်ရှိတာအိုအစီအမံက အကောင်းဆုံးအစီအမံတစ်ခု ဖြစ်နေပြီးသားလေ..

ဒီလိုအဆင့်မြင့် တာအိုနတ်ဘုရားအစီအမံထဲကို နောက်ထပ် တာအိုနတ်ဘုရားအစွမ်း ထပ်ပေါင်းလို့ ရအုံးမှာလား။

သို့သော် လောထျန်းက စဥ်းစားချိန် များများစားစား မပေးခဲ့ပါချေ.. တိုက်ရိုက်ပဲ အစွမ်းကို ပစ်ထည့်လိုက်၏။

ဘိ

တာအိုအစွမ်းကျရောက်သွားသည်နှင့် အစီအမံက စတင်လည်ပတ်လာခဲ့သည်။

သို့သော် ဒီတစ်ခေါက်မှာ လောထျန်း အရင်လိုမျိုး စိတ်မအေးနိုင်တော့ပေ။

ဒီတစ်ခေါက်မှာ တာအိုနတ်ဘုရားအစွမ်းနှင့် အစီအမံတို့ ပေါင်းစပ်ရန်အတွ​က် အသက် ၁၂ ခါ ရှုစာအချိန် ယူခဲ့ရ၏။

ဘုန်း

တာအိုအစီအမံမှ အသံကြီးတစ်ခု ထွက်ပေါ်လာကာ ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ယံကို ထပ်မံထိုးဖောက်သွားပြန်သည်။

မူလဝိညာဥ် ကြည့်နေရင်း ကြည့်နေရင်း သူ၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားနေရ၏။

သူအရင်က သံသယတစ်ချို့ ရှိခဲ့ပေမဲ့ အခုချိန်မှာ သေချာသွားလေပြီ..

သူ့မျက်စိရှေ့က တာအိုနတ်ဘုရားအစီအမံက တစ်လောကလုံးမှာ အသန်မာဆုံးအစီအမံပဲ။

အစီအမံကနေတစ်ဆင့် ကိုယ်ပိုင်နယ်မြေ တစ်ခု ဖြစ်ပွားသွားနိုင်ချေတစ်ချို့ပင် မြင်တွေ့ရ၏။

ကိုယ်ပိုင်နယ်မြေတစ်ခု ဖြစ်ပေါ်စေနိုင်သည့် အစီအမံက… ဘယ်လောက် ကြောက်ဖို့ကောင်းတဲ့ အစီအမံမျိုး ဖြစ်လာမှာလဲ။

မူလဝိညာဥ်က ချက်ချင်းပဲ လောထျန်းကို လေးစားမှုတွေ ယိုဖိတ်နေသည့် မျက်လုံးကြီးဖြင့် လှည့်ကြည့်လိုက်ပါ၏။

သူ့မျက်စိရှေ့က လောထျန်းသည် တာအိုနတ်ဘုရားဆယ့်နှစ်ပါးလို အရည်အချင်းရှိပြီး ထိုသူတွေထက် ကျော်လွန်သော အစွမ်းအစရှိသူပင်။

တစ်ဖက်က လောထျန်းကတော့ သူဖန်တီးထားသော တာအိုနတ်ဘုရားအစီအမံကို ကြည့်ပြီး မျက်မှောင် တင်းတင်း ကုတ်လိုက်လေ၏။

“ဟမ်၊ တာအိုအစီအမံက တကယ်ကို မလွယ်တာပါလား.. ငါ တာအိုအစွမ်း သုံးခုပဲ ပေါင်းရသေးတယ်၊ ကျရှုံးခါနီး ဖြစ်သွားတယ်။ လေးခုမြောက်သာ ထည့်လိုက်လို့ကတော့ ကျရှုံးနိုင်ချေ ၈၀ ရာခိုင်နှုန်းမကဘူး.. ငါစိတ်ရှည်ဖို့ လိုနေပြီ”

လောထျန်းက သက်ပြင်းချလိုက်လေသည်။

သို့သော် ထိုမြင်ကွင်းက ဘေးကကြည့်နေသော

မူလဝိညာဥ်၏ မျက်နှာကို မထိန်းနိုင်အောင် တွန့်လိမ်စေခဲ့သည်။

လောထျန်းက စိတ်ရှည်ဖို့လိုသေးသည်ဟု ပြောလိုက်တာလား..

သူကဘာကို စိတ်ရှည်မှာလဲ..

ဒါ့အပြင် သူက တာအိုအစွမ်းသုံးခုနဲ့ အဆင့်သုံးတာအိုအစီအမံဆိုပြီး အလွယ်တကူ ရည်ညွှန်းသွားသေး၏..

ဘယ်သူကများ အဆင့်သုံးတာအိုအစီအမံကို တာအိုနတ်ဘုရားအဆင့် တာအိုအစွမ်း အသုံးပြုကြလို့လဲ..

သူ ချက်ချင်းပဲ လောထျန်းကို ရှင်းပြဖို့ ကြိုးစားလိုက်သော်လည်း စိတ်မကောင်းစွာဖြင့် လောထျန်းက အဖက်မလုပ်ပေ။

လောထျန်းက တိုက်ရိုက်ပဲ စိတ်ဝိညာဥ်အစွမ်းကို အသုံးပြုပြီး ​ပျံသန်းသွားခဲ့သည်..သူ၏ ခန္ဓာကိုယ်မှ တာအိုအလင်းတစ်ချို့ပင် ခပ်ဖျော့ဖျော့ လင်းနေသေး၏။

မူလဝိညာဥ် တစ်ယောက်သာ အရှုတ်အထွေးမြို့တော် တစ်ခုလုံးကို မားမတ်စွာ ကာကွယ်ပေးထားသော အစီအမံကြီးကို မှင်သက်စွာ ကြည့်နေရင်း ကျန်ခဲ့လေသည်။

ထိုအချိန်တွင် ထျန့်ကျီတောင်ထဲက အရှုတ်အထွေးမြို့တော်၏ မြောက်ဘက်သစ်တောစွန်းမှ ဝိညာဥ်ရိပ်တစ်ခုသည် ဂရုတစိုက်ဖြင့် တွားသွားပြီး ထွက်လာခဲ့သည်။

ထိုသူက မြုပ်နှံခံလိုက်ရသော ထျန့်ကျီတောင်သခင်ကြီးမှ အပ တစ်ခြားမဖြစ်နိုင်ပါချေ။

“သေစမ်း၊ ဒီနေရာက အရမ်းအန္တာရယ်များတယ်၊ ငါအမြန်ဆုံး နတ်ဘုရားတောအုပ်ကို ပြန်နိုင်မဲ့ နည်းရှာမှ ဖြစ်တော့မယ်၊ ဒီနေရာက ငါနေလို့ကောင်းတဲ့ နေရာ ဟုတ်မနေဘူး”

သူသည် လောထျန်းဆီမှာ ရှုံးပြီးကတည်းက လောထျန်း အနောက်ကို တကောက်ကောက် လိုက်နေခဲ့သည်။

လောထျန်းနှင့်အတူ ပြန်ရောက်လာချိန်တွင် အရှုတ်အထွေးမြို့တော်အတွင်း၌ ပုန်းအောင်းနေခဲ့သည်။

အစကတော့ လောထျန်းကို ကြောက်လို့ အပြင်မထွက်ရဲခဲ့​ပေ။ သို့သော် အချိန်ကြာသည်အထိ သူ့ကို စောင့်ကြည့်မည့်သူ ဘယ်သူမှ မရှိကြောင်း သေချာသွားသည့်အတွက် အခွင့်အရေးယူကာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာပင်။

သူ၏ တစ်ဘဝလုံးကို အကျဥ်းသားတစ်ယောက်လို မကုန်ဆုံးချင်ဘူး။

သို့သော် သူ ထျန့်ကျီတောင် အစွန်ပိုင်းကို ရောက်တဲ့အချိန်မှာပဲ..

ဘုန်း

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

နောက်တစ်စက္ကန့်မှာ အစီအမံတစ်ခု ထွက်ပေါ်လာသည်။

“ဟာ.. ဒီအစီအမံကြီးက ဘယ်က ပေါ်လာတာလဲ။ ငါ့ကို မိသွားကြပြီလား”

သူ ချက်ချင်း သတိကပ်သွားပြီး ထွက်ပြေးဖို့ ပြင်လိုက်၏။.

သို့သော် ခြေလှမ်းအနည်းသာ လှမ်းရသေးသည်..

ဘုန်း

နောက်ထပ်အစီအမံတစ်ခု ပေါ်လာပြန်သည်။

ထိုအမီအမံအတွင်းမှာ ဖြန့်ကျပ်ထားသော ကြောက်စရာဖိအားကြောင့် သူ၏ ဝိညာဥ်ပင် အပိုင်းပိုင်း ကွဲကြေသွားသလို ခံစားလိုက်ရသည်။

“ အားးး ငါမသေချင်ဘူး”

သူ အသည်းအသန် အော်ဟစ်ပြီး ဆန့်ကျင်ဘက်ကို လှည့်ပြေးတော့သည်။

သို့သော် ဘယ်ဘက်ကို ပြေးလိုက်ပါစေ၊ အစီအမံတစ်ခုက သူ့ကို ပိတ်လှောင်ထားပြန်၏။

အစီအမံက သူ့ကို တိုက်ရိုက်ဖိနှိပ်ထားတာ မဟုတ်သော်လည်း ထိုအစီအမံထဲမှာ အလွန်ကြောက်ဖို့ကောင်းသော ဖိအားကြီးတစ်ခု ရှိနေသည်။

အစီအမံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ ဝိညာဥ်ကို ထိခိုက်စေသည်.. ထို့ကြောင့် အကြိမ်ရေစိတ်လာသည်နှင့်အမျှ သူ၏ ဝိညာဥ်က ပြိုကွဲလုနီးပါး ဖြစ်လာတော့သည်။

“သခင်၊ ကျွန်တော် မှားသွားပါတယ်ဗျာ.. ကျွန်တော် ထွက်မပြေးပါတော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါဗျာ”

သူ အလွန်အမင်း ထိတ်လန့်သွားပြီး ကောင်းကင်ကို မော့ကြည့်ရင်း ငိုကြွေးလေတော့၏။

ထိုအချိန်မှာ လေထုထဲ၌ အစီအမံဖန်တီးနေသော လောထျန်းက ထိုငိုသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ဟမ်၊ ဘာတွေဖြစ်နေတာလဲ”

လောထျန်း အနည်းငယ်အံ့သြစွာ အောက်ငုံ့ကြည့်လိုက်ချိန်မှသာ မြုပ်နှံခံလိုက်ရသော ထျန့်ကျီတောင်သခင်ကြီး၏ ဝိညာဥ်ကို တွေ့လိုက်ရ၏။

“ဟမ်၊ မင်းကဒီမှာ ဘာလုပ်နေတာလဲ”

လောထျန်းက မေးလိုက်သည်။

မြုပ်နှံခံလိုက်ရသော ထျန့်ကျီတောင်သခင်ကြီး၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားလေသည်။ လောထျန်းက သူ့ကို ကစားဖို့ ကြိုးစားနေတာလား သူ မသိတော့ပေ..

“သခင် လောထျန်း၊ ကျွန်တော် ထွက်မပြေးရဲတော့ပါဘူးဗျ”

လောထျန်း ချက်ချင်းပဲ အံ့သြသွားသည်။

“မင်းက ထွက်ပြေးချင်တာလား.. ကျုပ်ကမင်းကို တွေ့တောင်မတွေ့တော့ ပျောက်နေပြီထင်တာ”

“အယ်.. ကျွန်တော်..”

ထျန့်ကျီတောင်သခင်ကြီးတစ်ယောက် ဘာဆက်ပြောရမယ် မသိတော့ပေ။

သူသာ ဒါတွေကိုသိခဲ့ရင် အစထဲက စကားတစ်လုံးမှ မဟခဲ့ပါဘူး.. အခုတော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီ။

အခုမှတော့ သူ့အနေနှင့် အပြစ်အားလုံးကို ခံယူရုံသာ ရှိတော့၍ တုန်ယင်စွာ ဆိုလိုက်တော့သည်။

“သခင်၊ ကျွန်တော့်မှာ နှစ်ပေါင်းများစွာ ပိတ်ခံထားရလို့ နေ့အလင်းတောင် မြင်ခွင့်မရခဲ့ပါဘူးဗျာ.. အခု လွတ်​လာ​ပြီးတော့ ကျွန်တော် အိမ်ကိုပြန်ချင်တယ်၊ ကျွန်တော့် အိမ်ကို အရမ်းလွမ်းနေလို့ပါ သခင်လောထျန်းရယ်”

လောထျန်း ချက်ချင်းပဲ လုပ်လက်စ ရပ်သွားပြီး အောက်ဘက်ကို ဆင်းလိုက်သည်။

“မင်းက အိမ်ပြန်ချင်တာလား”

ထျန့်ကျီတောင်သခင်ကြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး

“ဟုတ်..ဟုတ်”

ထိုအချိန်မှာပဲ လောထျန်းက ထျန့်ကျီတောင်သခင်ကြီးကို ခြေဆုံးခေါင်းဆုံး စစ်ဆေးလိုက်သည်။

“အင်း.. မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“ဟမ်” ထျန့်ကျီတောင်သခင်ကြီး တစ်ကိုယ်လုံး.တုန်ယင်သွားသည်။ လောထျန်းက သူ့ကို အခုလိုနားလည်ပေးမည်ဟု မထင်ထားခဲ့ပေ။

“သခင်လောထျန်း၊ ဒါဆိုကျွန်တော်..”

သူ စိတ်လှုပ်ရှားစွာ ပြောဖို့ကြိုးစားလိုက်သည်။

ထိုအချိန်မှာပဲ လောထျန်း ဖြတ်ပြောတာကို ကြားလိုက်ရ၏။

“မင်း ကျုပ်ကိုလဲ နတ်ဘုရားတောအုပ်ဆီ ခေါ်သွားရမယ်”

“ဟမ်၊ သခင်လောထျန်းက နတ်ဘုရားတောအုပ်ဆီ သွားချင်လို့လား”

သူ အလွန်ထိတ်လန့်သွားပြီး သတိအပြည့်ဖြင့် လောထျန်းကို ကြည့်လိုက်ပါသည်။

လောထျန်းက ဘာလို့ နတ်ဘုရားတောအုပ်ကို သွားချင်ရတာလဲ။

နတ်ဘုရားတောအုပ်ကို ပြန်တိုက်ခိုက်ချင်လို့များလား။

ထိုနေ့က လောထျန်းနှင့် နတ်ဘုရားတောအုပ်၏ နမိတ်ဆိုးတို့ တိုက်ခိုက်ကြသော မြင်ကွင်းကို ပြန်မြင်ယောင်ရင်း သူ၏ နှလုံးသားတစ်ခုလုံး မွန်းကျပ်သွားသည်။

လောထျန်းသာ နတ်ဘုရားတောအုပ်ကို လက်စားချေဖို့ သွားချင်တာဆိုရင် သူက သူလျိုဖြစ်သွားမှာပဲ။

“ဟမ်၊ နေပါအုံး။ မဟုတ်သေးပါဘူး”

သူ၏ နှလုံးသားက ဆောင့်ခုန်သွားပြန်သည်။

“အေးလေ၊ ငါက ဒီကောင့်ကိုမနိုင်ဘူးဆိုတိုင်း နတ်ဘုရားတောအုပ်က မနိုင်တာ ဖြစ်နိုင်မှာမလို့လား”

“ နတ်ဘုရားတောအုပ်မှာ ထိပ်သီးနမိတ်ဆိုးကြီး.ဆယ်ကောင် ရှိတယ်.. နမိတ်ဆိုးတစ်ကောင်က သူ့ကိုမနိုင်ရင်တောင် အခု ဆယ်ကောင်ပေါင်းတိုက်မှာ ဆိုတော့ အခွင့်အရေး ရှိလာပြီလို့ဆိုလိုတာပဲ မလား”

“ နမိတ်ဆိုးဆယ်ကောင်လုံး ရှုံးသွားပြီပဲထား၊ အဲ့ဒါဆိုရင်တောင် ထာဝရတည်မြဲခြင်းသုံးပါး ရှိသေးတာပဲ။ အရှင်သုံးပါးကတော့ ဒီကောင့်ကို သေချာပေါက် သတ်ပေးလိမ့်မယ်”

“ဒီကောင်သေရင်၊ ငါလဲ လွတ်လပ်ပြီ”

“ပြီးတော့..ပြီးတော့ ငါက နတ်ဘုရားတောအုပ်ရဲ့ ခြိမ်းခြောက်မှုကြီးကို ရှင်းလင်းပေးခဲ့တဲ့အတွက် အရှင်သုံးပါးက ငါ့ကို ဆုပေးကြလိမ့်မယ်”

“ ဒါဆို ငါလဲ ထိပ်သီးနမိတ်ဆိုးဆယ်ကောင်ရဲ့ မျိုးဆက်သစ် ဖြစ်ကောင်းဖြစ်လာမယ်..”

နှလုံးသားထဲက တွက်ချက်မှုတို့ အဆင့်တက်လာသည်နှင့်အမျှ ထျန့်ကျီတောင်သခင်ကြီး၏ မျက်နှာထက်မှာ အပြုံးတစ်ခု မထိန်းနိုင်စွာ ဝင်ရောက်လာခဲ့သည်။

လောထျန်း တစ်ယောက် ကြည့်နေရင်း.စိတ်မရှည်တော့ပေ။

“မင်းက ဘာပြုံးနေတာလဲ”

“အာ..တောင်းပန်ပါတယ်၊ ကျွန်တော် မရည်ရွယ်ပါဘူး”

ထျန့်ကျီတောင်သခင်ကြီး သတိဝင်သွားခဲ့သည်။

သူ အပျော်လွန်ပြီး ရန်သူ့ရှေ့မှာ ဖော်ထုတ်မိမလို ဖြစ်သွားတာပဲ။

သူ သတိကပ်လိုက်ပြီး ချက်ချင်းပဲ တုန်ယင်စွာ ပြောလိုက်သည်။

“သခင်လောထျန်း၊ ဒေသကိုးခုနဲ့ နတ်ဘုရားတောအုပ်က ထိတွေ့မှုရှိတယ် ဆိုပေမဲ့ သာမာန်နည်းလမ်းနဲ့တော့ နတ်ဘုရားတောအုပ်ထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တောင်သခင်ဖြစ်တဲ့ ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိတယ်”

…..

All Chapters