အခန်း (၁၀၈၇-၁၀၈၈)
Vol. 73 Ch. 1087-1088
Ch 1087
(ပြင်းထန်စွာ အရှက်ခွဲခြင်း)
“အိုး..မသေသေးဘူးလား။ မဆိုးဘူး အရည်အချင်းတော့ရှိတာပဲ၊ ဝူရန်စီရင်စုမှာ မင်းရဲ့အဆင့်က ဘယ်လောက်လဲ။ နာမည် ဘယ်လိုခေါ်လဲ”
သခင်ကျို့ကုန်းက လှမ်းကြည့်ရင်းမှ အဖက်မလုပ်စွာ မေးလိုက်သည်။
တစ်ဖက်လူက နာကျင်မှုကို အံကြိတ်တောင့်ခံလိုက်ရင်း ဖြေလိုက်သည်။
“ပထမအဆင့်ပါ.. ကျွန်တော့်နာမည် လဲ့ထျန် ပါ”
ခွီး..
သခင်ကျို့ကုန်း ရယ်လိုက်သည်နှင့် အနောက်ကကောင်တွေကလည်း ကျယ်လောင်စွာ လှောင်ပြောင်ကြတော့သည်။
“နံပါတ်တစ်က ဒါကြီးတဲ့လား”
“ဟဟ၊ သခင်ကျို့ကုန်းက ပုံမှန်လိုပစ်ပေးလိုက်တာကို ဒီကောင်က တစ်ဝက်သေခါနီးဖြစ်သွားပြီ၊ ဒီအမှိုက်စီရင်စုနဲ့ အမှိုက်မျိုးနွယ်စုက အသက်ရှင်ဖို့ မထိုက်တန်လိုက်တာ”
“အေးအမှန်ပဲ၊ ဒါကိုများ ဒီကောင်တွေက အသက်ရှင်ခွင့်တောင်းရဲသေးတယ်”
မိစ္တာမျိုးနွယ်ဝင်တွေက တစ်ယောက်တစ်မျိုး.လှောင်ပြောင်ကြသည်။
ထိုစကားတွေကြောင့် လဲ့ထျန် အနည်းငယ် မျက်နှာပျက်သွားသော်လည်း သခင်ကျို့ကုန်းကိုပဲ စိတ်အားထက်သန်စွာ.ကြည့်နေကာ တစ်ဖက်သူ စိတ်ပြောင်းသွားဖို့ မျှော်လင့်နေခဲ့၏။
ထိုအချိန်မှာပဲ သခင်ကျို့ကုန်းက ထပ်မံစကားစလိုက်သည်။
“မင်းက တကယ်ကြီး အခွင့်အရေးပေးစေချင်တာလား”
လဲ့ထျန် ချက်ချင်း ပြန်ဖြေလိုက်ပါ၏။
“ဟုတ်ပါတယ်”
“ဒူးထောက်ပြီး ငါ့ခြေထောက်ကို လာလျပ်လိုက်၊ ငါသဘောတူမယ်”
သခင်ကျို့ကုန်းက ခြေထောက်တစ်ဖက် ဆန့်ထုတ်ရင်း ပြောလိုက်သည်။
လဲ့ထျန် တစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပေ။
ကျန်တဲ့လူသားတွေလည်း ဒေါသတကြီး မော့ကြည့်လိုက်ကြ၏။
“ကျို့ကုန်း.မလွန်လာနဲ့”
“ကျို့ကုန်း၊ သူရဲကောင်းတစ်ယောက်ကို သတ်လို့ရတယ်..အရှက်မခွဲနဲ့ကွ”
ထိုထဲမှ မနေနိုင်သူများက ဝင်ပြောလေတော့သည်။
“မင်းတို့တွေ ပါးစပ်ပိတ်ထား”
ထိုအချိန်မှာပဲ ဝူရန်စီရင်စု၏.နံပါတ်တစ် လဲ့ထျန်က ခက်ထန်စွာ အော်ဟစ်လိုက်သည်။
အကုန်လုံး တိတ်ဆိတ်သွားကြသည်။
ထိုအချိန်မှ လဲ့ထျန်က ဒဏ်ရာတွေကို တောင့်ခံရင်း ကျို့ကုန်းကို လှမ်းကြည့်လိုက်ကာ
“ကျွန်တော် တကယ်လုပ်ရင် ကျန်တဲ့သူတွေကို လွှတ်ပေးမှာသေချာလား”
ကျို့ကုန်းက ပြုံးကာပြောလိုက်လေ၏။
“ငါဘယ်တော့မှမလိမ်ဘူး”
လဲ့ထျန် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး
“ကောင်းပြီ၊ ကျွန်တော် လျပ်ပါ့မယ်”
“သခင်…”
ကျန်တဲ့သူတွေထံမှ တုန်ယင်နေသော.အသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
လဲ့ထျန်က ခါးသက်စွာ ပြုံးလိုက်လေ၏။
“မင်းတို့အားလုံး အသက်ရှင်ပြီး ကျုပ်တစ်ယောက်ပဲ အရှက်ကွဲရမယ်ဆိုရင် ဘာကို ဂရုစိုက်နေရမှာလဲ”
တစ်ခြားသူတွေ၏.မျက်လုံးထဲမှာ ဒေါသနဲ့ ပူပင်မှုတွေ မထိန်းနိုင်အောင်.တောက်လောင် လာသော်လည်း အကုန်လုံး အတင်းအကျပ် သည်းခံထားလိုက်ကြ၏။
ထိုအချိန်မှာပဲ လဲ့ထျန်က တရွတ်တိုက် အနေအထားဖြင့် ကျို့ကုန်းရှိရာအထိ တွားသွားလာကာ အနားရောက်သည်နှင့် မြေပြင်ပေါ်မှ တစ်စောင်းထလိုက်ပြီး တစ်ဖက်သူ ဆန့်ထုတ်ထားသော ခြေထောက်ကို ဖြည်းဖြည်းချင်း လျပ်လိုက်သည်။
အနောက်က မိစ္ဆာဂိုဏ်းသားတွေ၏.ကျယ်လောင်သော ရယ်သံများ ထပ်မံထွက်ပေါ်လာလေသည်။
“ဟဟ၊ ငါရယ်ရလို့သေတော့မှာပဲ၊ သူ လျပ်နေတာ.. သူတကယ်ကြီး လျပ်နေတာဟ”
“ဒီကောင်က ခွေးထက်တောင်နိမ့်ကျသေးတယ်”
“ဝူရန်စီရင်စုက ဒီလိုအမှိုက်တွေပဲ ရှိတာလား။ ရယ်ရလို့ သေတော့မှာပဲ”
တစ်ဖက်က လှောင်ပြောင်သံများကြောင့် လဲ့ထျန်၏.မျက်နှာက မည်းနက်လာသော်လည်း တောင့်ခံထားဆဲပင်။
သူ ဖြည်းညင်းစွာ ခေါင်းမော့ပြီး ကျို့ကုန်းကို မော့ကြည့်လိုက်သည်။
“သခင်ကျို့ကုန်း၊ ကျွန်တော်အမိန့်အတိုင်း လျပ်ပြီးပါပြီ.. ဒါဆိုရင် သခင်လည်း ကျွန်တော်တို့ကို ကတိအတိုင်း လွှတ်ပေးပါတော့လား”
ကျို့ကုန်းက ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး တခစ်ခစ်ရယ်မောလိုက်သည်။
“ကတိဟုတ်လား.. ငါဘယ်တုန်းက မင်းကို ကတိပေးလိုက်လို့လဲ”
လဲ့ထျန် မျက်လုံးပြူးသွားပြီး တုန်ယင်စွာ ဆိုလိုက်သည်။
“ဘာပြောတာလဲ.. ခင်ဗျား အစောပိုင်းကမှ..”
ကျို့ကုန်းက ရယ်မောနေရင်းမှ ခေါင်းစောင်းလိုက်ပြီး ပြောလာ၏။
“အစောပိုင်းက ဘာဖြစ်လို့လဲ.. ငါကမင်းကို ငါ့ခြေထောက်ကို လျပ်လို့ပြောခဲ့တယ်။ တစ်ခြားဘာကတိမှ မပေးခဲ့ဘူး။ မင်းအရင် စိတ်ကူးတွေပေါက်ပြီး ငါ့ခြေထောက်ကို လာလျပ်တာလေ”
ထိုစကားသံ ထွက်လာပြီးနောက် ပတ်ဝန်းကျင်က ရယ်သံများနှင့် ဖုံးလွှမ်းသွားပြန်၏။
“စောက်ရူးပဲ.. သူများခြေထောက်ကို အရင်လျပ်ရတယ်လို့ကွာ”
“ဟုတ်တယ်၊ သခင်ကျို့ကုန်း မင်းကို.ဘာကတိမှ မပေးခဲ့ဘူး။ ငါတို့ကြားတယ်”
“ကြည့်ရတာ မင်းက သူများခြေထောက် လျပ်ရတာ တော်တော် ကြိုက်ပုံပဲ၊ အခုလို အရင်လာလျပ်နေပုံထောက်ရင်”
“တကယ်ပါ..အဆင့်နိမ့်လိုက်တာကွာ”
ပတ်ဝန်းကျင်က တစ်ယောက်တစ်ပေါက် အသံများနှင့်အတူ အစောပိုင်းက အရှက်ရမှုကို ပြန်စဥ်းစားမိပြီး လဲ့ထျန် မြေပြင်ပေါ် လဲကျသွားတော့သည်။
ထွီ
သူ ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး အသက်စွမ်းအင်လည်း သိသာစွာ အားနည်းသွားခဲ့သည်။
“မင်း..မင်းတို့တွေ အရမ်းလွန်နေပြီ” သူတုန်ယင်စွာ ဆိုလိုက်သည်။
မိစ္ဆာနတ်ဘုရားနန်းတော်က လူကိုဒီတိုင်း မသတ်ဘဲ စိတ်ဓာတ်ကို အရင်သတ်နေကြတာပဲ..
လဲ့ထျန်၏ နှလုံးသားထဲမှာ ဖြေရှင်းမရနိုင်သော အမုန်းတရားတို့ ပြည့်နှက်လာခဲ့သည်။
သို့သော် သခင်ကျို့ကုန်းက မျက်မှောင်ကြုတ်ဖြင့် ပြောလာ၏။
“အမှိုက်ကောင်က ငါ့ကိုဒီစကားပြောရဲတယ် ပေါ့လေ၊ ငါအခုပဲ ကျိလန်ဖယ်ထုတ်ခြင်းပွဲ စဖို့ ကြေညာတယ်”
“ခင်ဗျားဘာပြောတာလဲ.. အခုထိ အချိန်မကျသေးဘူး” လူသားတစ်ယောက်က တုန်ယင်စွာ ဝင်ပြောလိုက်၏။
သို့သော် ကျို့ကုန်းက အေးစက်စွာ မဲ့ရွဲ့ရင်း ပြန်ပြောလိုက်လေသည်။
“အချိန်ဟုတ်လား.. ငါအချိန်ပေးရင်တောင် မင်းတို့က ဘာလုပ်နိုင်မှာမလို့လဲ။ အကုန်သေမဲ့ဟာတွေကများ”
ထို့နောက်မှာ သူက ဆရာကြီးလိုမျိုး လက်နောက်ပစ်လိုက်ပြီး အေးစက်စွာ ဆက်ပြောလေ၏။
“ငါ့စိတ်အရဆို မင်းတို့ကို တိုက်ရိုက်ပဲ သတ်ပြီးနေပြီ၊ မင်းတို့အမှိုက်တွေက ကျိလန်ဖယ်ထုတ်ခြင်းပွဲကို ပါဝင်ဖို့ ဘာအရည်အချင်းရှိလို့လဲ။ ငါတို့မိစ္ဆာနတ်ဘုရားက မင်းတို့ကို စဥ်းစားပေးလို့သာနော်”
“မိစ္ဆာနတ်ဘုရားရဲ့ အမိန့်ဖြစ်တဲ့အတွက် ငါလိုက်နာမယ်.. ဒါပေမဲ့ ငါတို့အချိန်စောလို့ မရဘူးလို့ သူ မပြောခဲ့ဘူး”
ပြောပြီးသည်နှင့် သူက အနောက်လှည့်လိုက်ကာ
“ ဘယ်သူ အရင်တိုက်မလဲ”
“ကျုပ်..”
“ကျုပ်..”
မိစ္ဆာအုပ်ကြီးက အော်ဟစ်နေရင်း ရှေ့ကိုတကြွကြွ ဖြစ်လာကြသည်။
ကျို့ကုန်းအနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ကြုံရာကျပန်း လက်ညိုးထိုးလိုက်လေကာ
“မင်းပဲ.. မင်း သွားသတ်လိုက်”
ထိုကောင်၏.မျက်နှာက ချက်ချင်း ပြုံးဖြီးသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အမိန့်အတိုင်းပါ”
သူက ချက်ချင်းပဲ လူသားမျိုးနွယ်အရှေ့ ပျံသန်းသွားကာ.အရောင်အဝါအပြည့် ဖော်ထုတ်လိုက်သည်။
“ဘာ..သူက ရွှေရောင်မသေမျိုးအဆင့်လား”
လူသားမျိုးနွယ်အုပ်စုခဗျာ ကြောက်လန့်တကြား ပင့်သက်ရှိုက်လိုက်ကြသည်။
မိစ္ဆာမျိုးနွယ်ဘက်က ကြုံရာကျပန်း စေလွှတ်လိုက်သူက ရွှေရောင်မသေမျိုးအဆင့်ဖြစ်ပြီး အဲ့ဒါက သူတို့ဘက်က အသန်မာဆုံး လဲ့ထျန်နှင့် ညီမျှနေသည်လေ…
သူတို့ ဘယ်လိုအနိုင်ယူရတော့မည်နည်း။
“ဟဟ၊ ဘယ်ကောင်ထွက်လာမလဲ.. လာခဲ့စမ်းပါ။ မင်းတို့အားလုံး ကြောက်နေရင်လဲ အကုန်တစ်ခါထဲ လာခဲ့လို့ရတယ်။ ကျုပ်အကုန်လုံးကို စေတနာထားပြီး သတ်ပေးမယ်..ဒါဆို ပြိုင်ပွဲ စောစောပြီးတာပေါ့”
ထိုမိစ္ဆာက ကျယ်လောင်စွာ ရန်စသည်..
“အရမ်းလွန်လာပြီ” ထိုအချိန်မှာ လူသားမျိုးနွယ်ဘက်က တစ်ယောက်က သည်းမခံနိုင်တော့ပေ။
ဘန်း
သူ.ချက်ချင်းပဲ ကောင်းကင်ပေါ် ခုန်တက်လိုက်၏။
“ဝူရန်စီရင်စု လူသားမျိုးနွယ်ဘက်က ဝမ်ချန်း စိန်ခေါ်ပါတယ်”
ထိုသူက ကျယ်လောင်စွာ ဆိုလိုက်သည်။
သို့သော် တစ်ဖက်က မိစ္ဆာက လက်တစ်ဖက်ယမ်းပြပြီး.ပြောလိုက်၏။
“နာမည်ပြောဖို့မလိုဘူး.. ငါက အမှိုက်တွေရဲ့နာမည်တွေ မမှတ်ထားဘူး”
“မင်း..”
ဝမ်ချန်း၏ မျက်လုံးက ဒေါသရောင်လက်သွားပြီး လေထဲခုန်လိုက်ကာ ဓားမနဲ့ခုတ်ချဖို့ ကြံလိုက်သည်။
ချွမ်း..
ကောင်းကင်မြစ်ကြီးစီးဆင်းနေသလို ခမ်းနားသည့် ဓားအရောင်အဝါက တိုက်ခိုက်မှုအဖြစ် တစ်ဖက်မိစ္ဆာကောင်ရှိရာကို အပြေးသွားလေ၏။
“အိုး သူက ရွှေရောင်မသေမျိုးအဆင့်တစ်လား”
ကျို့ကုန်း တည်ငြိမ်စွာဖြင့် တစ်ချက်သာကြည့်ပြီး ပြောလိုက်တာပင်။
ရွှေရောင်မသေမျိုးနယ်ပယ်က ဝူရန်စီရင်စုမှာ သန်မာတယ်ဆိုလျှင်တောင်မှ မိစ္ဆာမျိုးနွယ်အတွက်တော့ မြင်နေကျအရာပင်။
ထင်ထားသည့်အတိုင်းပင်…
ဒုန်း
မိစ္ဆာကောင်က လက်တစ်ဖက်ရှေ့ထုတ်ပြီး ဓားတိုက်ကွက်ကို ဖမ်းဆုတ်လိုက်သည်။
ဘန်း
ထို့နောက် ချက်ချင်းပဲ ဖောက်ခွဲပစ်လိုက်၏။
“ဟီးဟီး..မင်းတတ်နိုင်တာ ဒါပဲလား”
သို့သော်ဝမ်ချန်း၏ မျက်လုံးထဲ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားကာ စိတ်ထဲမှာ တွေးလိုက်တော့၏။
…အခွင့်အရေးရောက်လာပြီ..
…….
Ch 1088
(အရှက်မရှိသော မိစ္ဆာနတ်ဘုရားနန်းတော်)
“ အဆုံးမဲ့ ဓားတိုက်ကွက်”
ဝမ်ချန်း ကြိမ်းဝါးလိုက်သည်နှင့် သူ့လက်က ဓားစွမ်းအင်က ရုတ်တရက် တောက်ပလာ၏။
ဝုန်း
ချက်ချင်းပဲ ဓားပတ်ပတ်လည်ကို ဝန်းရံလိုက်သော ကြောက်မက်ဖွယ် အရောင်အဝါကြောင့် ဓားစွမ်းအင်ကလည်း ဆယ်ဆလောက် မြင့်တက်သွားသည်။
“ဟမ်”
အစောက ခပ်မဲ့မဲ့လှောင်ပြောင်နေခဲ့သော မိစ္ဆာဂိုဏ်းသား၏ မျက်နှာက ချက်ချင်း အရောင်ပြောင်သွားလေ၏။
သူ မတုံ့ပြန်နိုင်ခင်မှာပဲ သူ.ဆုတ်ကိုင်ထားမိသော ဓားစွမ်းအင်မှ တစ်ဆင့် စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
ဒုတ်
ဓားစွမ်းအင်ရဲ့ ပိုင်းဖြတ်မှုမှာ ထိုသူ၏.လက်ဖဝါးက လက်ကောက်ဝတ်မှ အဖြတ်ခံလိုက်ရပြီး သွေးများဖြာခနဲ လွင့်စင်သွား၏။
“အား..”
ထိုကောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကတုန်ကယင် အနောက်ဆုတ်သွားသည်။
တစ်ဖက်က ဝမ်ချန်းက အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်တိုက် တိုက်ခိုက်လေသည်။
သူ၏ အလျင်စလို တိုက်ခိုက်မှုမှာ မိစ္ဆာဂိုဏ်းသားကလည်း ဒဏ်ရာရထားသည့်အတွက် အနောက်ဆုတ်ရင်း ဆုတ်ရင်း အသည်းအသန် ခုခံနေရသည်။
သေချာနေပြီဖြစ်သော အခိုက်အတန့်မှာပဲ ဝမ်ချန်းက ဓားသွားကို ကောင်းကင်ပေါ် မြှောက်ပြီး အစွမ်းကိုအမြင့်ဆုံး အနေအထားအထိ အသက်သွင်းလိုက်ကာ တစ်ချက်တည်းနှင့် အဆုံးသတ်ဖို့ ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်မှာပဲ…
ဝှစ်
စွမ်းအင်လှိုင်းတစ်ခုက သူ့ကို ရုတ်တရက် တိုက်ခိုက်လာလေ၏။
ဘန်း
ထိုစွမ်းအင်တစ်ချက်နှင့် ဝမ်ချန်း၏ ဓားစွမ်းအင်က လုံးဝ ကွဲကြေသွားသည်။
ဝမ်ချန်းကိုယ်တိုင်ပင် တန်ပြန်အားကြောင့် အနောက်လွင့်ပျံသွားသည်။
အွတ်
လေတစ်ဝက်မှာ သူ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
“ဘာ”
“ဝမ်ချန်း”
လဲ့ထျန် နှင့် တစ်ခြားသူတွေ စိုးရိမ်တကြီး ပြေးသွားလိုက်ကြသည်။
မြေပြင်ပေါ် လဲကျသွားသော ဝမ်ချန်း တံတွေးထွေးလိုက်ပြီး အမျက်ထွက်စွာ လှမ်းကြည့်လိုက်ပါ၏။
“ကျို့ကုန်း ဒါဘာကိုဆိုလိုတာလဲ”
သူ ကျို့ကုန်းကို စူးနေအောင် ကြည့်လိုက်ပြီး အားကုန်အော်ဟစ်လိုက်သည်။
အစောက သူ၏ တိုက်ခိုက်မှုနှင့်ဆို တစ်ဖက်က မိစ္ဆာဂိုဏ်းသား သေဆုံးနေလောက်ပြီ။
ဒါပေမဲ့ အရေးကြီးဆုံး အခြေအနေမှာ ကျို့ကုန်းက တိုက်ရိုက်ဝင်ရှုတ်လိုက်၏။
ကျို့ကုန်းက ပါရမီရှင် မသေမျိုးဘုရင် တစ်ယောက်ပဲ…
ကျို့ကုန်း၏ တိုက်ချက်ကို သူ ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ..
လဲ့ထျန် နှင့် တစ်ခြားသူတွေ ကျို့ကုန်းကို မုန်းတီးစွာ ကြည့်လိုက်ကြသည်။
ဒီလူက စည်းမျဥ်းကို မလိုက်နာဘူး..
သို့သော် မထင်ထားစွာပင် ကျို့ကုန်းက မျက်နှာမဲ့လိုက်ပြီး အရေထူထူပဲ ရှင်းပြလိုက်၏။
“ငါကဘာဖြစ်သလဲ၊ မင်းဘာမင်း အရည်အချင်းမရှိလို့ ငါ့လက်အောက်ခံဆီမှာ ရှုံးသွားတာလေ၊ ငါ့ကိုဘာတွေ လာအပြစ်တင်နေတာလဲ”
သူက ပြောပြီးသည်နှင့် ဝမ်ချန်းလက်ချက်ကြောင့် အသတ်ခံရလုနီးပါး ဖြစ်သွားသော မိစ္ဆာဂိုဏ်းသားကို ကြည့်ပြီး ခပ်ပြုံးပြုံး ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်.. မင်းနိုင်ပြီ။ ကျိလန်ဖယ်ထုတ်ခြင်းပွဲမှာ မိစ္ဆာနတ်ဘုရားနန်းတော်ဘက်က အနိုင်ရတယ်”
ထိုဂိုဏ်းသားက အနည်းငယ် အံ့သြသွားပြီး သူ၏နှာခေါင်းကို အရှက်ပြေထိလိုက်ရင်း ဆိုလာသည်။
“ကျွန်တော် နိုင်သွားတာလား”
ထိုစကားကြောင့် ကျို့ကုန်း၏ မျက်လုံးထဲ အအေးဓာတ်တစ်ချို့ ဖြတ်ပြေးသွားပြီး ခပ်စူးစူးစိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“အေး မင်းနိုင်တယ်”
ထိုအခါမှ ထိုဂိုဏ်းသားတုန်ယင်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်.. ကျွန်တော် နိုင်သွားတာပါ”
ကျို့ကုန်း ခပ်ဖွဖွ ပြုံးလိုက်တော့သည်။
“ငါကဘယ်လိုလုပ် လှည့်စားရမှာလဲ.. ဒီလို အများမျက်စိရှေ့မှာ ငါတို့မိစ္ဆာနတ်ဘုရားနန်းတော်က အနိုင်ရသွားတာကို မင်းတို့က သဘောမတူချင်တာလား”
သူက အနောက်က ဂိုဏ်းသားတွေကို အကြည့်တစ်ချက် ပေးလိုက်သည်နှင့် ထိုသူတွေ ချက်ချင်း အထာပေါက်ပြီး တပြိုင်နက်ထဲ အော်ဟစ်လိုက်ကြ၏။
“ဟုတ်တယ်..ငါတို့နိုင်တာ”
“လူသားအမှိုက်တွေ၊ ညစ်ဖို့မကြိုးစားနဲ့”
ထိုစကားတွေကြောင့် လဲ့ထျန်း၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်လာခဲ့သည်။
သူတို့က ဝူရန်စီရင်စုကို သက်သက်မဲ့ အနိုင်ယူချင်နေကြတာ.. ကျိလန်ဖယ်ထုတ်ခြင်းပွဲကို ကျင်းပတာကလည်း အများကြားကောင်းအောင်လို့ပဲ။
အစကနေ အဆုံးထိ သူတို့တွေက ဒီပွဲရဲ့ ရလဒ်ကို အတည်ယူဖို့ မစဥ်းစားထားဘူး။
“ကျို့ကုန်း.. မင်းလို ဂုဏ်သိက္ခာရှိတဲ့ မသေမျိုးဘုရင်က ဒီလို…”
လဲ့ထျန်၏ တုန်ယင်နေသော အသံ မဆုံးခင်မှာပဲ တစ်ဖက်လူက ကျယ်လောင်စွာ ရယ်မောရင်း.ဖြတ်ပြောလိုက်ပါ၏။
“လူသားအမှိုက်တွေ၊ မင်းတို့ နားမလည်သေးဘူးလား။ မင်းတို့အတွက် စိတ်မကောင်းဖို့ ကောင်းတာက ဒီနေရာမှာ ငါက ခေါင်းဆောင်၊ ငါက တရားသူကြီးဖြစ်နေတာပဲ။ ဒီမှာ ငါပြောသလို ဖြစ်မှာပဲ။ မင်းတို့ပြောင်းလဲချင်ရင် ငါ့ကို လာတိုက်လေ။ မင်းတို့သဘော”
လဲ့ထျန် အကြမ်းပတမ်း အံကြိတ်လိုက်သည်။
သူ ကျို့ကုန်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။
သူ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်ရင်တောင်မှ ကျို့ကုန်းလို မသေမျိုးဘုရင်တစ်ယောက်၏ ဆံပင်တစ်မွှေးကိုတောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။
လဲ့ထျန်၏ ကူကယ်ရာမဲ့နေသော မျက်နှာကို ကြည့်နေရင်း ကျို့ကုန်း၏ မျက်လုံးက လှောင်ရိပ်သန်းလာပြီး ခပ်ပြုံးပြုံး.ပြောလိုက်သည်။
“ဒါဆိုရင် ကျိလန်ဖယ်ထုတ်ခြင်းပွဲကို ဆက်လုပ်ကြတာပေါ့။ ငါတို့ပထမပွဲမှာ နိုင်သွားပေမဲ့ ငါတို့ဘက်ကကောင်က ဒဏ်ရာရသွားခဲ့ပြီ.. ဒီတော့ ဘယ်သူထွက်ချင်ကြလဲ”
ထိုစကားသံ ဆုံးသွားသည်နှင့် မိစ္ဆာအုပ်ကြီးက ထပ်မံအုံကြွလာပြန်၏။
အားနည်းလှသော မိစ္ဆာငယ်များပင် ခပ်စူးစူး အော်ဟစ်နေကြသည်။
အခုချိန်မှာသူတို့အားလုံး နားလည်လိုက်တာ တစ်ခုက.. သူတို့တွေ တစ်ဖက်ကို အနိုင်မယူနိုင်ရင်တောင်မှ ကျို့ကုန်းက ဝင်တိုက်ပေးမှာဆိုတာပဲ။
ဒီလိုဆိုမှတော့ လူသားမျိုးနွယ်ကို အရှက်ခွဲရမဲ့ အခွင့်အရေးကို လက်လွှတ်စရာလား။
ကျို့ကုန်းက မိစ္ဆာအုပ်ကြီးကို ဝေ့ကြည့်ပြီး တစ်နေရာကို လက်ညိုးထိုးလိုက်သည်။
“မင်းပဲ”
ထိုသူက မထိန်းနိုင်စွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ယှက် အရိုအသေပြုလိုက်သည်။
“ ကျေးဇူးအများကြီးတင်ပါတယ် သခင်ကျို့ကုန်း”
သူက ချက်ချင်းပဲ မိစ္ဆာအုပ်ထဲမှ ခုန်ထွက်ပြီး လက်သည်းချွန်ကြီးတွေက လဲ့ထျန်ကို လက်ညိုးထိုးလိုက်သည်။
“လဲ့ထျန်၊ ငါမင်းကို စိန်ခေါ်မယ်။ ဝူရန်စီရင်စုရဲ့ နံပါတ်တစ်က ဘယ်လောက်သန်မာလဲ ကြည့်ရသေးတာပေါ့”
ထိုကောင်လေး၏.အရောင်အဝါအရ သူက စိတ်ဝိညာဥ်မသေမျိုးနယ်ပယ်မှာပဲ ရှိသေးသည်.. လဲ့ထျန်ကို အရှက်ခွဲဖို့ရန် သက်သက် စိန်ခေါ်လိုက်တာ ဖြစ်လေ၏။
“မင်း..”
လဲ့ထျန် မျက်လုံးက ဒေါသရိပ်သန်းသွားပြီး အရှေ့ထွက်ဖို့ ပြင်လိုက်သည်။
ထိုအချိန်မှာ သူ့ဘေးမှာရပ်နေသော လူအိုကြီးက ပြောလိုက်လေသည်။
“သခင်လဲ့ထျန်၊ ဒီကောင်ကို ကျုပ်နဲ့ အပ်လိုက်ပါဗျ”
“ဟမ်၊ ဒါပေမဲ့” လဲ့ထျန် ခပ်တင်းတင်း မျက်မှောင်ကြုတ်လိုက်သည်။
ထိုသတ်လတ်ပိုင်းအရွယ် လူကြီးက ခေါင်းယမ်းရင်း ဆိုလာ၏။
“ကျုပ် သွားပါရစေ၊ သခင်လဲ့ထျန်က ဒဏ်ရာသက်သာလာအောင် အမြန်လုပ်ပါ။.အချိန်ကျလာမှ သူတို့ထဲက တစ်ယောက်ကို တိုက်နိုင်အောင် ကြိုးစားပေးပါဗျ”
လဲ့ထျန် နောက်ဆုံးတော့ ခေါင်းညိတ်ကာ အနောက်ဆုတ်ပေးလိုက်၏။
ထိုလူကြီးက ရှေ့တစ်လှမ်းတိုးလိုက်လေကာ
“ဝူရန်စီရင်စုရဲ့ ချီဖုန်းက စိန်ခေါ်မှုကို လက်ခံပါတယ်”
သို့သော် တစ်ဖက်က စိတ်ဝိညာဥ်မသေမျိုးနယ်ပယ်ဂိုဏ်းသားက မျက်နှာကြီးရှုံ့မဲ့သွားပြီး ရွံရှာစွာ ဆိုလိုက်၏။
“ဘာ ချီဖုန်းလဲ လစ်စမ်း၊ လဲ့ထျန်ကို လာတိုက်ခိုင်းလိုက်။ ငါသူနဲ့တိုက်ချင်တယ်”
ချီဖုန်း အေးစက်စွာ ပြောလိုက်ပါသည်။
“မင်းက လဲ့ထျန်ကို တိုက်ဖို့ အရည်အချင်း မရှိဘူး”
တစ်ဖက်ဂိုဏ်းသား မျက်နှာပျက်သွားတော့သည်။
“မလာရဲရင် မလာရဲဘူးပေါ့.. ဘာတွေ လာရွတ်နေတာလဲ”
“အေး၊ မင်းငါ့ကိုနိုင်ရင် စကားဆက်ပြော” ချီဖုန်း အေးစက်စွာ ပြောလိုက်ပြီးသည်နှင့်
ဘုန်း
ချီဖုန်း အပြေးဝင်သွားလေ၏။
သူ၏ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိသည်.. ဒီကောင့်ကိုတစ်ချက်ထဲနှင့် သတ်ပြီးရင် ကျို့ကုန်းဘာပြောမလဲ ကြည့်မည်။
ကျို့ကုန်း လိမ်ညာခဲ့ရင်တောင်မှ မိစ္ဆာတစ်ယောက်ကို သတ်လိုက်ရသည့်အတွက် သူ့မှာ အရှုံးမရှိဘူး။
“အား”
ထိုဂိုဏ်းသားက ချီဖုန်း၏ လျင်မြန်မှုကို အများကြီး မမျှော်လင့်ထားသောကြောင့် ရုတ်တရက်ရောက်လာသော ချီဖုန်းကို မြင်ပြီး မရှောင်မတိမ်းနိုင် ဖြစ်သွားကာ သေဖို့သာ အသင့်စောင့်နေရတော့၏။
သို့သော် ထိုအချိန်မှာပဲ..
ဘန်း
ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ပေါ်က တိုက်ရိုက်ကျဆင်းလာပြီး မိစ္ဆာဂိုဏ်းသားကို ကာကွယ်လိုက်သည်။
မိစ္ဆာဂိုဏ်းသား၏ ဦးခေါင်းကို ကာကွယ်ပေးထားသော ရှေးခေါင်းလောင်းကို မြင်လိုက်၍ လဲ့ထျန်တို့ အံ့သြသွားကြပါ၏။
“အဆင့်တစ် အမိန့်ပေးလက်နက်လား”
ထိပ်သီးအဆင့် ပစ္စည်းတစ်ခုမှန်း သူတို့တွေ ချက်ချင်း သတိထားမိလိုက်သည်။
ထို့အပြင် ထိုပစ္စည်းကို အစွမ်းကုန် သန့်စင်ထားသေး၏။
ဘုန်း
ချီဖုန်း၏ တိုက်ခိုက်မှုက ထိုခေါင်းလောင်းအပေါ်ကိုပဲ ကျရောက်သွားပြီး မသေမျိုးစွမ်းအင်၏ တန်ပြန်မှုကြောင့် ချီဖုန်း အနောက်ပြန် လွင့်စင်သွားပြန်သည်။
အွတ်
လေထဲမှာ သွေးတစ်ပွက်အန်ထုတ်ပြီးနောက် သူ မေ့လဲသွားတော့သည်။
“ဒုတိယပွဲကို မိစ္ဆာနတ်ဘုရားနန်းတော် အနိုင်ရရှိပါပြီ”
ကျို့ကုန်းက ရှေးခေါင်းလောင်းကို ပစ်ထားသည့်လက်ကို ပြန်မရုတ်ပဲ ထိုလက်ကို အပေါ်မြှောက်လိုက်ကာ မျက်နှာပြောင်ပြောင်ပဲ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပါတော့၏။
…….