အခန်း (၁၀၉၁-၁၀၉၂)
Vol. 73 Ch. 1091-1092
Ch-1091
(သူလာရဲတယ်လား)
အချိန်အကြာကြီး ကြိုးစားခဲ့တာတောင်မှ ဘာအချက်အလက်မှ ပြန်မရလိုက်သည့်အဖြစ်ကို သခင်ဖန်းကျန့် ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
ဘုန်း
ဖန်းကျန့်က သူ့၏စိတ်ဝိညာဥ်စွမ်းအင်ကို ရုတ်သိမ်းလိုက်ပြီး လဲ့ထျန်ဝိညာဥ်ကို နောက်တစ်ကြိမ် တိုက်ခိုက်ပါတော့သည်။
လဲ့ထျန်ထံမှ နာကျင်လွန်းသော အော်ဟစ်သံကြီး ထပ်မံပေါ်ထွက်လာသည်။
ဖန်းကျန့်က လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ လဲ့ထျန်၏ဝိညာဥ်ကို ကြည့်ပြီး ခပ်မဲ့မဲ့ ပြောလိုက်သည်။
“ဟေ့ကောင်.. ငါမင်းရဲ့ ဝိညာဥ်ကို ရှာဖွေတဲ့အချိန်မှာ မင်းရဲ့မှတ်ဉာဏ်ကို ဖျက်ဆီးဖို့မကြိုးစားခဲ့ဘူး။ မင်းကို စိတ်ရူးမဖောက်စေဘဲ နာကျင်အောင်ပဲ လုပ်ခဲ့ပေးတာ၊ ဒါပေမဲ့…”
“သခင်ဖန်းကျန့်၊ ရပ်လိုက်ပါတော့”
အဝေးမှာ လဲကျနေသော လူတွေထဲကတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အိုး..မင်းက ဒီလောက်မြန်မြန် ပြန်လှုပ်ရှားနိုင်တယ်လား။ မင်းကလဲ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်လား”
ဖန်းကျန့်က အနည်းငယ်အံ့သြဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
ထို့နောက် လဲ့ထျန် ဝိညာဥ်ကိုပါ ဆွဲခေါ်ပြီး ထိုသူအနား လျှောက်သွားလိုက်၏။
ထိုလူကြီး၏မျက်နှာမှာ အကြောက်တရားတစ်ချို့ ထင်ဟပ်လာသော်လည်း အားတင်းပြီး မတ်တပ်ရပ်လိုက်လေသည်။
“ကောင်းပြီ..ငါ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တာ ဘယ်သူလဲ မင်းပြောစမ်း၊ အဲ့ကောင် ဘယ်မှာလဲ။ မပြောလို့ကတော့ ငါဒီကောင့်ကို အရက်စက်ဆုံးနည်းလမ်းနဲ့ နှိပ်စက်ပေးမယ်”
ဖန်းကျန့်က လဲ့ထျန်ဝိညာဥ်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။
ထိုစကားကြောင့် သတ်လတ်ပိုင်းအရွယ် လူကြီး၏နှုတ်ခမ်းက တလှုပ်လှုပ် ဖြစ်လာလေကာ
“ကျုပ်.. ကျုပ်တကယ်ပဲ အဲ့ဒီလူကို မသိပါဘူး”
ဖန်းကျန့် ပထမတော့ မှင်သက်သွားပြီး ထို့နောက် ကျယ်လောင်စွာ ရယ်မောပါတော့၏။
“အေး ငါကိုက ရူးတာ”
သူက ပြောပြီးတာနဲ့ လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။
ဖျစ်..
အကုန်လုံး၏ မျက်စိရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး..ထိုသူက လောထျန်းပင်။
“ဒီကောင်ပဲ၊ သူ့ရဲ့နာမည်ကဘာလဲ၊ အခုသူဘယ်မှာလဲ ပြောစမ်း”
ဖန်းကျန့် အေးစက်စွာ မေးလိုက်သည်။
သို့သော် တဖက်က လူကြီးက ချက်ချင်းကြောက်ရွံ့စွာ ဖြေကြားလိုက်သည်က..
“ကျုပ်..တကယ် မသိတာပါ”
“မင်းတို့က ငါ့ကို ခက်ခဲအောင် လုပ်စေချင်နေတာလား”
ဖန်းကျန့်ထံမှ လူသတ်အရိပ်အငွေ့တွေ ထွက်ပေါ်လာတော့သည်။
ဝူရန်စီရင်စုက သူတွေက ခေါင်းကြောမာလွန်း၍ ဖန်းကျန့် စိတ်မရှည်ချင်တော့ပေ။
ထိုအချိန်မှာ တစ်ဖက်က အံကြိတ်သံဖြင့် ဆက်ပြောလာခဲ့သည်။
“ကျုပ်တကယ် မသိတာပါ။ သခင်ဖန်းကျန့်..အမြင်မှားတာ ဖြစ်မလား။ ဝူရန်စီရင်စုမှာ အဲ့ဒီလူတစ်ခါမှ မရှိဖူးပါဘူး”
ထိုစကားတွေကြောင့် ဖန်းကျန့် အနည်းငယ် တွန့်ဆုတ်သွားတော့သည်။
သူ လျင်မြန်စွာ လက်တစ်ဖက်ယမ်းလိုက်ပြီး နောက်ထပ်ပုံရိပ်တွေ ဖန်တီးလိုက်တော့၏။
“ဒါဆိုဒီလူတွေကော.. အဲ့ဒီတုန်းက သူတို့တွေ အတူရှိနေကြတာ။ မင်းသူတို့ကို သိသလား”
ထိုအချိန်မှာ သတ်လတ်ပိုင်းလူကြီး၏ အကြည့်က ပုံရိပ်တွေထဲက အမျိုးသမီးတစ်ယောက်ထံ ကျရောက်သွားပြီး..
“ဝေ့လင်ယွီ”
“အိုး မင်းသူ့ကိုသိတယ်လား” ဖန်းကျန့် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
“ဟုတ်ကဲ့” လူကြီးက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
“သူမ ဘယ်မှာလဲ။ သူမကို သတင်းစကားပို့လိုက်စမ်း.. နေအုံး ငါ့ဘာသာငါ လုပ်တော့မယ်”
ဖန်းကျန့် စိတ်လှုပ်ရှားစွာပဲ ထိုလူကြီး၏ လက်ကြားထဲက အသံလွှင့်အဆောင်ကျောက်ပြားကို ဆွဲယူလိုက်သည်။
ကျောက်ပြားပေါ်က ဝေ့လင်ယွီ၏ နာမည်ကို ရှာတွေ့သည်နှင့် မသေမျိုးချီစွမ်းအင်ပို့ကာ အသက်သွင်းလိုက်၏။
ဘိ
ခဏကြာပြီးနောက် တစ်ဖက်ကျောက်ပြားပေါ်မှ ဝေ့လင်ယွီ၏ ပုံရိပ်ထွက်ပေါ်လာသည်။
“အကြီးအကဲဖန်း.. ဘာဖြစ်လို့လဲ။ နေအုံး.. ရှင်က အကြီးအကဲဖန်း မဟုတ်ဘူး။ ရှင်ဘယ်သူလဲ” ဝေ့လင်ယွီက ဖန်းကျန့်ကို မြင်လိုက်သောကြောင့် ချက်ချင်း ထိတ်လန့်စွာ မေးခွန်းထုတ်လိုက်သည်။
ဖန်းကျန့် မျက်လုံးများ ကျဥ်းမြှောင်းသွားတော့သည်။
“ အသုံးမကျတဲ့လူသား၊ မင်းက ဒီသခင်ကြီးကို မမှတ်မိဘူးလား”
ဝေ့လင်ယွီ ခဏမျှအံ့သြသွားပြီးနောက် သူမ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့သည်။
“ရှင်က.. မီးတောဝက်ရဲ့ပိုင်ရှင်ပဲ”
ဖန်းကျန့်မျက်နှာကို မဲ့လိုက်ပြီး
“ဟုတ်တယ်..အဲ့ဒါ ဒီသခင်ကြီးပဲ”
“ရှင်.. ရှင်ဘာလုပ်လိုက်တာလဲ။ အကြီးအကဲဖန်း အခု ဘယ်မှာလဲ”
ဝေ့လင်ယွီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဖန်းကျန့် မျက်လုံးများ ကျဥ်းမြှောင်းလိုက်ကာ
“ သူတို့လား၊ သူတို့အခု နှိပ်စက်ခံနေရတယ်လေ။ အသက်ရှင်ချင်ပေမဲ့ မရှင်နိုင်ဘူး.. အဲ့လိုပဲ သေချင်ရင်လဲ မသေနိုင်ဘူး”
“ဘာ” ဝေ့လင်ယွီ၏ အသံက တုန်ယင်လာသလို သူမ၏ မျက်လုံးကလည်း ဂနာမငြိမ်တော့ပေ။
ထိုအရာကိုမြင်တော့ ဖန်းကျန့် ရယ်မောလိုက်၏။
“ငါ အခု တိုက်ပွဲကွင်းပြင်မှာရှိတယ်.. ငါ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တဲ့အကောင်ကို ခေါ်လာဖို့ မင်းကိုငါအချိန်တစ်နာရီ ပေးမယ်။ ဒါဆို မင်းရဲ့မိတ်ဆွေတွေကို အသက်ရှင်ခွင့်ပေးဖို့ ငါစဥ်းစားပေးနိုင်တယ်”
“တစ်နာရီနေလို့မှ အဲ့ကောင်ပေါ်မလာခဲ့ရင်တော့ မင်းရဲ့ မိတ်ဆွေတွေအားလုံး အနာကျင်ဆုံးနည်းလမ်းနဲ့ အကြာကြီးခံစားပြီး သေဆုံးရမယ်ဆိုတာ သိထားလိုက်”
ဖန်းကျန့်က ပြောပြီးသည်နှင့် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး လက်ဖဝါးကို အားထည့်ကာ အသံလွှင့်အဆောင်ကျောက်ပြားကို တစ်ခါထဲ ဖျက်ဆီးလိုက်တော့သည်။
ဘန်း
“ဟဟ၊ လူသားတစ်ကောင်ကများ ငါ့ကိုဆန့်ကျင်ရဲတယ်.. မင်းရောက်လာတာနဲ့ နာကျင်မှုကဘာလဲဆိုတာ မင်းကို မြည်းစမ်းခိုင်းမယ်ကွ”
ဖန်းကျန့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ့ရယ်သံက ကျောချမ်းဖွယ်ကောင်းလွန်း၍ အဝေးမှာရပ်နေသော မိစ္ဆာများပင် မသက်မသာ ဖြစ်လာလေသည်။
“ဟေး..သခင်ဖန်းကျန့်ကို ကြည့်ရတာ တကယ်ဒေါသထွက်နေပုံပဲ။ ငါသူ့ကို တစ်ခါမှ ဒါမျိုးမမြင်ဖူးဘူး”
“အေး၊ အဲ့ဒီလူသားကိုတောင် နဲနဲ သနားသွားပြီ။ သူဒီနေရာကို လာခဲ့မိလို့ကတော့ သေချာပေါက် လွယ်မှာမဟုတ်ဘူး”
“ဟဟ၊ တော်စမ်းပါ.. အဲ့ဒီလူသား လာရဲမယ်ထင်နေလား”
“ဟမ်၊ မင်းဘာကို ပြောချင်တာလဲ”
“အဲ့ဒီလူသားကိုယ်တိုင်လဲ ငါတို့သခင်ဖန်းကျန့် ဘယ်လောက်ဒေါသထွက်နေလဲ သိမှာပဲ.. ဒီတော့ သူလာရဲမှာမဟုတ်ဘူး။ ဒါပေမဲ့အခု ငါတို့က ဝူရန်စီရင်စုတစ်ခုလုံးကို ပိတ်ပြီးသွားပြီ။ ငါ့အမြင်အရဆိုရင် သူဘယ်လိုမှ မလွတ်မြောက်နိုင်တာကို သိတဲ့အတွက် ကိုယ့်ကိုယ်ကို သတ်သေလိုက်လိမ့်မယ်”
ကျန်တဲ့မိစ္ဆာတွေကလည်း ထောက်ခံစွာ ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်၊ ဒါက အဖြစ်နိုင်ဆုံးပဲ”
တစ်ဖက်က တောင်တန်းတစ်နေရာရှိ ဝေ့လင်ယွီ၏ မျက်နှာကတော့ အလွန်အမင်း ဖြူဖတ်နေခဲ့သည်။
“ဒါ..ဒါအခုထိ အချိန်မကျသေးဘူးလေ။ မိစ္ဆာနတ်ဘုရားနန်းတော်က ဘာလို့ အရင်ရောက်နေရတာတုန်း”
သူမ စိတ်ပျက်စွာ ပြောလိုက်သည်။
သတင်းအရဆိုလျှင် ကျိလန်ဖယ်ထုတ်ခြင်းပွဲကို ကျင်းပရန် အချိန်နှစ်ရက် လိုပါသေး၏။
ထို့ကြောင့်ထိုနှစ်ရက်အတွင်းမှာ သူမက ခရမ်းကိုးသွယ်မသေမျိုးဘုရင်နှင့် တစ်ခြားမိစ္ဆာဂိုဏ်းကြီးများကို ဆက်သွယ်ပြီး အကူအညီတောင်းခံဖို့ စီစဥ်ထားခဲ့သေးသည်။
အခုလို မိစ္ဆာနတ်ဘုရားနန်းတော်က အရင်တိုက်ခိုက်လာမည်ဟု သူမ မထင်ထားခဲ့ဘူး။
“မင်း အဆင်ပြေရဲ့လား”
သူမ၏ဘေးမှာရှိနေသော လောထျန်းက မေးလိုက်ခြင်းပေ။
လောထျန်း၏အသံကို ကြားသည်နှင့် သူမ၏ မျက်နှာကို ပိုမိုဖြူစွတ်သွားတော့သည်။
“သခင်လေးလောထျန်း.. မကောင်းတော့ဘူး”
လောထျန်းလည်း အစောက စကားဝိုင်းကို ကြားထား၍ မျက်မှောင်ကြုတ်ဖြင့် တိုက်ရိုက်ပြောလိုက်တော့သည်။
“အဲ့ဒီလူက ကျုပ်ကို ရှာနေတာမလား”
ဝေ့လင်ယွီ အံကိုတင်းတင်းကြိတ်ပြီး ခေါင်းညိတ်ပြသည်။
လောထျန်း ပြုံးပြုံးပဲ ပြောလိုက်ပါသည်။
“အင်း..ကျုပ်လဲ သူ့ကိုရှာချင်နေတာပဲ။ စိတ်မပူပါနဲ့..ကျုပ်တို့ မြန်မြန်သွားရင် မင်းရဲ့မိတ်ဆွေတွေကို ကယ်တင်နိုင်မှာပါ”
ဝေ့လင်ယွီ၏ မျက်နှာက သေလောက်အောင် ဖြူဖွေးသွားပြီး ကတုန်ကယင် ဆိုလာသည်။
“အရမ်းနောက်ကျသွားပြီ”
“ဟမ်၊ မင်းဘာကိုဆိုလိုတာလဲ” လောထျန်း ရှုတ်ထွေးစွာ မေးလိုက်ပါ၏။
ဝေ့လင်ယွီက ခါးသက်စွာ ရှင်းပြသည်။
“ဒီနေရာနဲ့ တိုက်ပွဲကွင်းပြင်နဲ့က အရမ်းဝေးတယ်။ ကျွန်မတို့ အမြန်ဆုံးသွားရင်တောင်မှ တစ်ရက် အချိန်ယူရလိမ့်မယ်.. အဲ့ဒီကိုရောက်ရင် အကုန်..အကုန် ပြီးဆုံးသွားပြီ”
သူမက သူမ၏ ကိုယ်ပိုင်အရှိန်နှုန်းကို နှိုင်းယှဥ်ပြီး ပြောလိုက်လေသည်။
သို့ပေမဲ့ လောထျန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး
“ရပါတယ်.. ဘယ်ဘက်ကိုသွားရမလဲသာ ကျုပ်ကိုပြောလိုက်”
“ဟမ်”
ဝေ့လင်ယွီ အံ့သြစွာမော့ကြည့်လိုက်ပြီး သူမ၏ လက်တစ်ဖက်ကို တွန့်ဆုတ်စွာမြှောက်ကာ ဦးတည်ရာတစ်ခုကို လက်ညိုးထိုးလိုက်ပြီး ဆက်ပြောသည်။
“အဲ့ဒီဘက်ကို သွားရမှာ..ဒါပေမဲ့ အရမ်းဝေးတယ်”
လောထျန်း ပြုံးလိုက်ပြီး သူမ၏ပုခုံးပေါ် လက်တစ်ဖက်တင်ကာ တစ်ခွန်းပဲရွတ်လိုက်သည်။
“ကောင်းကင်ဘုံလှုပ်ရှားမှု”
ဘုန်း
နောက်တစ်စက္ကန့်မှာပဲ လောထျန်းတို့ ထိုနေရာကို ရောက်လာခဲ့သည်။
ထိုသို့ဖြင့် တိုက်ပွဲကွင်းပြင်တွင် လူနှစ်ယောက် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။
…..
Ch 1092
(နတ်ဘုရားသားရဲ အသားကင်)
“ဟမ်၊ ဘာတွေဖြစ်နေတာလဲ”
ဝေ့လင်ယွီ မိန်းမောနေဆဲပင်။
လွန်ခဲ့သောစက္ကန့်ပိုင်းကမှ သူမက သဲသောင်ပြင်မှာ ရှိနေဆဲဖြစ်ပြီး အခုဒီနေရာကို ရောက်လာခဲ့တာလား။
သူမ၏ဦးနှောက်က အလုပ်မလုပ်တော့သလိုပဲ။
ထိုအချိန်မှာပဲ မြေပြင်ပေါ်လဲကျနေသော ချီဖုန်းက သူမကိုမြင်သွားပြီး မျက်လုံးပြူးကြီးနဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ ဝေ့လင်ယွီ မင်းဘာလို့ လာခဲ့တာလဲ။ ပြေးတော့”
“မိစ္ဆာနတ်ဘုရားနန်းတော်က ကောင်းတဲ့နေရာ မဟုတ်ဘူး။ ဒီနေရာကိုလာတာ ကိုယ့်ကိုယ်ကို သတ်သေနေတာပဲ”
ဝေ့လင်ယွီ အသံကြား၍ အနောက်လှည့်ကြည့်လိုက်သည်နှင့် အနောက်က မြင်ကွင်းများကြောင့် သူမတစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
“အားလုံး..ဘယ်လိုဖြစ်လို့..”
သူမ၏အသံကလည်း မတည်ငြိမ်နိုင်တော့ပေ။
အကုန်လုံး မြေပြင်ပေါ်လဲကျနေကာ ဒဏ်ရာအပြင်းအထန် ရထားပုံပေါ်သည်.. တစ်ချို့ဆိုလျှင် ဒဏ်ရာပြင်းထန်လွန်း၍ အသက်အန္တာရယ်ပင် စိုးရိမ်ရ၏။
ဘယ်လိုလုပ် ဒီလောက်အမြန်ကြီး ဖြစ်ပျက်သွားရတာလဲ။
တစ်ဖက်က ဖန်းကျန့်ကလည်း အသံကြား၍ လှည့်ကြည့်လာသည်.. လောထျန်းကို မြင်သည်နှင့် သူ့မျက်လုံးက မီးတောက်သွားတော့သည်။
“မင်းပဲ” သူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး လဲ့ထျန်ဝိညာဥ်ကို လွှင့်ပစ်လိုက်တော့သည်။
ဝူး
လဲ့ထျန်ဝိညာဥ်က ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားသည်။
တစ်ချိန်ထဲမှာပဲ လဲ့ထျန် သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။.သူ၏ ခန္ဓာကိုယ်က ဒဏ်ရာတွေက ပြန်ပွင့်လာ၍ တော်တော်လေး အခြေအနေဆိုးကာ သေခါနီး.ဖြစ်နေသည်။
ဘုန်း
ထိုအချိန်မှာပဲ ဖန်းကျန့်၏ပုံရိပ်က အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားကာ လောထျန်းရှေ့မှာ တမဟုတ်ချင်း ပြန်ပေါ်လာသည်။
လောထျန်း၏ မျက်စိရှေ့က နီးကပ်နေသော မျက်နှာကြီးက ရှုံ့တွနေပြီး မကောင်းဆိုးဝါးလို ကြောက်ဖို့ကောင်းသည်။
“ဟေ့ကောင်၊ မင်းတကယ်လာရဲမယ်လို့ ငါမထင်ထားမိဘူး။ ဘာလဲ..မင်းရန်စမိတဲ့သူက ငါမှန်းသိသွားပြီး မြန်မြန်သေချင်လို့ ရောက်လာခဲ့တာလား”
“ဒါမှမဟုတ် မင်းရဲ့အသက်နဲ့ ဒီလူတွေနဲ့ လဲပါမယ်ဆိုပြီး ပြဇာတ်ရိုက်ချင်လို့လား”
“ဒါပေမဲ့ ငါပြောမယ်.. ဘာမှအသုံးမဝင်ဘူးကွ။ မင်းကော၊ဒီကောင်တွေကော တစ်ယောက်မှ အသက်မရှင်စေရဘူး။ ဒါငါ့ကိုပြဿနာရှာတဲ့ အကျိုးပဲ”
ဖန်းကျန့် အံကြိတ်သံနှင့် ပြောလိုက်သည်။
သို့သော် လောထျန်းတစ်ယောက် နေရာမှာ အေးခဲစွာရပ်နေရင်း ဘာတုံ့ပြန်မှုမှ မပြသခဲ့ဘူး။
ဖန်းကျန့်ကဒါကိုမြင်တော့ ကြောက်ဖို့ကောင်းအောင် ပြုံးလိုက်၏။
“ဘာလဲ.. ကြောက်သွားပြီလား”
“ မင်းအရင်က စောက်ချိုးပြေတဲ့ကောင် မဟုတ်ပါဘူး။ အခုမှဘာလို့ ရုတ်တရက်ကြီး အ သွားတာလဲ”
“အော်ငါသိပြီ.. မင်းကငါ့ရဲ့သန်မာမှုအစစ်အမှန်ကို ဒီလောက်ကြီး ဖြစ်နေမယ် မထင်ခဲ့ဘူးမလား။ ဒါကြောင့် ဒီအထိ လာရဲခဲ့တာ”
“အခုတော့ ဒီကိုရောက်လာပြီး ငါ့ရဲ့သန်မာမှုအစစ်အမှန်ကို တွေ့လိုက်ရတော့ ကြောက်သေး ထွက်သွားပြီလားကွ”
ဖန်းကျန့်က ကျယ်လောင်စွာ ရယ်မောတော့သည်။
အစောပိုင်းက သူ၏ဒေါသတကြီး ပုံစံလည်း အနည်းငယ် ပြေလျော့သွား၏။
သူက လောထျန်းကို အရှက်ခွဲပြီး ဂုဏ်သိက္ခာပြန်တည်ဆောက်ချင်တာပင်.. ထို့ကြောင့် လောထျန်း၏ လက်ရှိပုံစံက သူ့ကို အများကြီး ကျေနပ်စေလေသည်။
“ညီလေး၊ ဒီကောင်က အရမ်းသန်မာတယ်။ သူက ဝိညာဥ်ရှာသိုင်းပညာတတ်တယ်… သတိထားပါ” ထိုအချိန်မှာပဲ အဝေးကနေ လဲ့ထျန်က လှမ်းအော်လိုက်သည်။
“ပါးစပ်ပိတ်စမ်း”
ဖန်းကျန့် ချက်ချင်းပဲ လဲ့ထျန်ရှိရာကို ခေါင်းမူပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူ၏ အသံလှိုင်းက လဲ့ထျန်၏ခန္ဓာကိုယ်ကို မိုးကြိုးသွားတစ်ခုလို ရိုက်ခတ်သွားလေသည်။
အွတ်
လဲ့ထျန် နောက်ထပ် သွေးတစ်ကြိမ် အန်ထုတ်လိုက်ကာ သူ၏မျက်နှာက ပိုမိုဖြူစွတ်သွားတော့သည်။
ဖန်းကျန့်က ထိုအခါမှ လောထျန်းဘက်ကို ပြန်လှည့်လိုက်ရင်း လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
“ငါတော်တော်လေး သိချင်နေတယ်.. အခု မင်းသေတော့မယ်ဆိုတာ သိရတော့ ဘာတွေ တွေးနေလဲ”
သူက လောထျန်းကို မျက်လုံးများမှေးကျဥ်းကာ ကြည့်လိုက်သည်။
သားကောင်ကို စနောက်နေရသလိုမျိုး ခံစားချက်က သူ့ကိုအလွန်အမင်း ကျေနပ်စေသည်.. လောထျန်း ပိုပြီး ခြောက်ခြားလေလေ၊ ပိုပြီး အိန္ဒြေပျက်လေလေ၊ သူပိုပြီး ပျော်ရွှင်လေလေပင်။
သို့သော်လည်း လောထျန်းက ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။
“မင်းက ဘယ်သူလဲ”
“ဟမ်”
ဖန်းကျန့်တစ်ယောက် နေရာမှာ အေးခဲသွားလေ၏။
အဝေးက မိစ္ဆာနတ်ဘုရားနန်းတော်၏ ဂိုဏ်းသားများပင် အံ့သြသွားလေသည်။
“သူဘာမေးလိုက်တာလဲ.. သူက ဘယ်သူလဲလို့ မေးလိုက်တာလား”
“အေးလို့..ဒီကောင်က သခင်ဖန်းကျန့်ကို မမှတ်မိတာများလား”
“မဖြစ်နိုင်တာ၊ သခင်ဖန်းကျန့်က ခုနက အဲ့ကောင်ကို တောက်လျှောက်ခြိမ်းခြောက်နေတာ မဟုတ်ဘူးလား။ အဲ့ကောင်က မှတ်တောင် မမှတ်မိဘူးဆိုရင်…”
“သခင်ဖန်းကျန့်က ငကြောင်တစ်ကောင် ဖြစ်သွားပြီမလား”
မိစ္ဆာဂိုဏ်းသားတွေ ခပ်တိုးတိုး အတင်းတုတ်နေကြပေမဲ့ ထိုစကားတွေကို ဖန်းကျန့်တစ်ယောက် ရှင်းလင်းစွာ ကြားလိုက်ရသည်။
ချက်ချင်းပဲ သူ၏နှလုံးသားထဲ ဒေါသမီး တောက်လောက်လာကာ မျက်လုံးထဲက လူသတ်အရိပ်အငွေ့တွေကို မထိန်းချုပ်နိုင်တော့ပေ။
ဒီကောင်ကသူ့ကို သေချာအရှက်ခွဲနေတာပဲ.. သူ သည်းခံစရာလား။
“ဟေ့ကောင်၊ မင်းကငါ့သားရဲကို သတ်တယ်၊ ငါ့ကိုယ်ပွားကို ဖျက်ဆီးတယ်.. အခုငါ့ကို မသိဘူးလို့ လာပြောနေတာလား”
ဖန်းကျန့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးနှစ်ဖက်က ဒေါသကြောင့် မီးဝင်းဝင်း တောက်နေ၏။
လောထျန်း တစ်ယောက် ထိုစကားတွေကို ကြားမှသာ သတိဝင်လာခဲ့သည်။
“သားရဲနဲ့ ကိုယ်ပွားလား.. ဒါဆို ကျုပ်မှတ်မိပြီ။ မင်းက အဲ့ပိုင်ရှင်ပဲ၊ ဟုတ်တယ်မလား”
လောထျန်းက ပုခုံးပေါ်ထမ်းတင်ထားသော မီးတောဝက်ကို အောက်ချပေးလိုက်ပြီး ပြောလိုက်သည်။
မီးတောဝက်က သေသွားပေမဲ့ ခန္ဓာကိုယ်ပေါ်က မီးတောက်က အခုထိ မငြိမ်းသေးပေ။
သို့ပေမဲ့ မီးတောဝက်က သေသွားသည့်အတွက် ထိုမီးတောက်တွေကို မထိန်းချုပ်နိုင်တော့သောကြောင့် မီးတွေက သူ့ခန္ဓာကိုယ်ကိုပါ တိုက်စားနေသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်ကနေ မီးခိုးငွေ့ကြီး လှိုင်ထွက်နေကာ အဆီတွေလည်း ကျနေသေး၏။
ပတ်ဝန်းကျင်ကို မွှေးပျံ့သော အသားကင်နံ့လေး ပျံ့လွင့်နေသည်။
အနည်းငယ် ချဲ့ကားရာ ကျသွားသော မြင်ကွင်းကြောင့် လောထျန်းပင် မှင်သက်သွားသည်။
သူအစောပိုင်းက ကျောပေါ် ထမ်းတင်ထားချိန်တွင် မီးတောက်ကြောင့် အခုလို အခြေအနေ ရောက်နေသည်ကို မသိခဲ့ဘူး။
အခုတော့ မွှေးပျံ့သောရနံ့နှင့် အဆီတဝင်းဝင်း အသားကို ကြည့်နေရင်း သူ မနေနိုင်စွာ တံတွေး မြိုချလိုက်တော့သည်။
နောက်တစ်စက္ကန့်မှာပဲ မီးတောဝက်၏ ခန္ဓာကိုယ်က အသားတစ်တုံးကို ဆွဲဖဲ့ပြီး ပါးစပ်ထဲထည့်လိုက်သည်.. ချက်ချင်းပဲ လောထျန်း၏ မျက်လုံးက တောက်ပသွားလေသည်။
“ဟ..ကောင်းတယ်ကွာ။ နတ်ဘုရားသားရဲမျိုးဆက်သွေးကို ဆက်ခံထားတဲ့ သားရဲဆိုတဲ့အတိုင်းပဲ။ အရသာက တမူထူးခြားတယ်”
လောထျန်း အံ့သြစွာပြောလိုက်သည်။
ထိုမြင်ကွင်းကြောင့် ဘေးမှာရှိနေသော ဝေ့လင်ယွီ၊ အဝေးက လဲ့ထျန်နဲ့ ပိုဝေးသော နေရာက မိစ္ဆာဂိုဏ်းသားတွေအားလုံး ကြောင်အ သွားတော့သည်။
ဒီကောင်ဘာလုပ်နေတာလဲ။
သူက ဖန်းကျန့်ရဲ့အရှေ့မှာ ဖန်းကျန့်ရဲ့သားရဲကို စားပြနေတာလား။
ပြီးတော့ ဘယ်လောက်တောင် ကောင်းကြောင်း ချီးကျူးပြနေတာလား။
ဒါက သက်သက်မဲ့ အရှက်ခွဲနေတာပဲ.. မိစ္ဆာဂိုဏ်းရဲ့ကျွမ်းကျင် သခင်ကြီးကို ဒီလိုပုံစံနဲ့ အရှက်ခွဲနေတာလား။
ချက်ချင်းပဲ ဖန်းကျန့်၏ မျက်လုံးက အခိုးငွေ့တွေထွက်လုနီးပါး ဖြစ်လာကာ သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။
“မျိုးမစစ်ကောင်၊ မင်းအရမ်းများသွားပြီ”
ဖန်းကျန့်၏ခန္ဓာကိုယ်က စက္ကန့်ပိုင်းအတွင်းမှာ နှစ်ဆမျှ ကြီးမားသွားသည်..
ထို့နောက်မှာ သူက လက်သည်းရှည်ကြီးတွေနဲ့ လက်ဝါးကြီးတစ်ဖက် ဆန့်ထုတ်ပြီး လောထျန်းကို ဆုတ်ကိုင်ဖို့ ပြင်လိုက်၏။
“ငါမင်းကို အနာကျင်ဆုံးဝေသနာကို ခံစားခိုင်းမယ်.. ဝိညာဥ်ထွက်လာစမ်း”
“သတိထား”
“မဖြစ်ဘူး”
ထိုမြင်ကွင်းကြောင့်အဝေးက ကြည့်နေသော လဲ့ထျန်တို့ အော်ဟစ်လိုက်ကြ၏။
သူတို့အမြင်အရ လောထျန်း ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
ဖန်းကျန့်က လောထျန်းကို.ဖမ်းဆုတ်ပြီး သွားသည်နှင့် အရိုင်းဆန်စွာ ရယ်မောရင်း ပြောလိုက်သည်။
“မင်းအခု မောက်မာရဲသေးလား ငါကြည့်မယ်။ မင်းရဲ့ဝိညာဥ်က အခုငါ့လက်ထဲ ရောက်သွားပြီ။ ငါ..ဟမ်”
သို့သော် ဖန်းကျန့်တစ်ယောက် ချက်ချင်းပဲ အံ့သြသွားလေ၏။
……