အခန်း (၁၀၉၃-၁၀၉၄)
Vol. 73 Ch. 1093-1094
Ch 1093
(ဒေါသ)
ဗလာဖြစ်နေသော သူ့လက်ဝါးကိုကြည့်နေရင်း အချိန်တစ်ခုကြာသည်အထိ သူ လက်မခံနိုင်သေးပေ။
ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ။
အစောပိုင်းက သူ၏ တိုက်ခိုက်မှုအပြီးတွင် လောထျန်း၏ဝိညာဥ်ကို ဆုပ်ကိုင်ပြီး ဖြစ်သင့်သည်လေ.. ဘာလို့ သူ့လက်က ဗလာဖြစ်နေရတာလဲ။
“မင်း ဘာတွေ ရှာနေတာလဲ”
လောထျန်း အံ့သြစွာ မေးလိုက်ပါ၏။
“ငါ..”
ဖန်းကျန့် ကြောင်သွားပြီး လောထျန်းကို ကြည့်နေပြီးမှ ပိုမို အံ့သြနေတော့သည်။
“ဘာဖြစ်တာလဲ၊ ဘာလို့ ဒီငနာကိုကြည့်ရတာ ဘာမှမဖြစ်တာလဲ။ ငါ့ရဲ့တိုက်ခိုက်မှုကို သူ ပိတ်လိုက်နိုင်တာလား”
“မဟုတ်ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကနေ အရောင်အဝါတစ်ခုမှ မခံစားလိုက်ရသလို စိတ်ဝိညာဥ်အစွမ်းကို အသုံးပြုလိုက်တာလဲ မမြင်ဘူး။ သူ ဘယ်လိုမှ မခုခံလိုက်ရဘူး။ သူငါ့ရဲ့ တိုက်ကွက်ကို ပိတ်နိုင်တာ မဖြစ်နိုင်ဘူး”
“ဒါပဲ…ငါသိပြီ။ ငါကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး အမှားလုပ်မိသွားတာ ဖြစ်မယ်။ ဒါကြောင့် ဒီကောင် ဘာမှမဖြစ်တာပဲ”
“အာ..ငါကလဲ အသိစိတ်လွတ်သွားရတယ်လို့။ ပြီးမှ သေချာပြန်လေ့ကျင့်ရမယ်”
ထိုသို့တွေးလိုက်ပြီးမှ ဖန်းကျန့် အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်တော့သည်။
“ဟွန့်.. ဟေ့ကောင် အစောကဟာကို ထည့်မတွက်ဘူး”
“ဟမ်” လောထျန်း ရှုတ်ထွေးစွာကြည့်လိုက်ပါသည်။
“အခုအတည်လာပြီကွ” ဖန်းကျန့်က ပြောလိုက်သည်။
သူက တပြိုင်နက်ထဲ လောထျန်းရှိနေသော နေရာကို တိုက်ခိုက်လိုက်သည်။
ဒီတစ်ခေါက်မှာ ဖန်းကျန့်က အမှားမရှိအောင်.အာရုံစိုက်ပြီး လုပ်ခဲ့တာမလို့ သူ့မျက်နှာပေါ်မှာ သေချာသော အပြုံးတစ်ခု ရှိနေတော့သည်။
ဒီတစ်ခေါက်တော့ သူ လောထျန်း၏ ကြောက်ရွံ့နေတဲ့မျက်နှာကို မြင်ရတော့မည်။
သို့တိုင်အောင် တဖက်က လောထျန်းက မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ရှုတ်ထွေးစွာ ကြည့်လာပါ၏။
“မင်းဘာတွေ ကိုင်နေတာလဲ”
လောထျန်း မေးလိုက်သည်။
“ဘာ” ဖန်းကျန့် ထိတ်လန့်လာတော့သည်။
သူ၏ လက်ဖဝါးကို ဂရုတစိုက် ငုံ့ကြည့်လိုက်သည့်တိုင်အောင် လောထျန်း၏ ဝိညာဥ်ရှိမနေဘဲ သူ့လက်က ဗလာဖြစ်နေဆဲပင်။
“ဘာတွေဖြစ်နေတာလဲ။ ဒီလိုမဖြစ်သင့်ဘူး..ဒီလိုမဖြစ်သင့်ဘူး”
ဖန်းကျန့် မယုံနိုင်စွာ ရေရွတ်နေတော့သည်။
“ကျုပ်တကယ်မသိလို့ မေးတာပါ၊ မင်း ဘာလုပ်နေတာလဲ” လောထျန်းက ဆက်လက်မေးခွန်းထုတ်နေဆဲပင်။
ထိုမေးခွန်းကြောင့် ဖန်းကျန့်၏ မျက်နှာက မဲမှောင်သွားတော့သည်။
“ စောက်ချီးတဲ့မှ.. မင်း ငါ့ကိုပေးစမ်း..ငါ့ကို ပေးစမ်း”
ဖန်းကျန့်က စိတ်ရူးဖောက်သွားသလိုမျိုး အော်ဟစ်ရင်း အဝေးကနေ အရိပ်လက်ဝါးကြီးများဖြင့် လောထျန်းရှိရာကို တစ်ဖက်ချင်း ဆက်တိုက် တိုက်ခိုက်လေတော့သည်။
သို့သော် လောထျန်း၏ဝိညာဥ်က တုတ်တုတ်တောင် မလှုပ်ပေ။
ဒါကိုမြင်လေလေ.. ဖန်းကျန့်၏ ပုံစံက ပိုမိုသည်းကြီးမည်းကြီး ဖြစ်လာပြီး လက်နှစ်ဖက်ကို လျှင်မြန်စွာ ရွေ့လျားနေသောကြောင့် အရိပ်တွေပဲ မြင်ရတော့သည်။
လောထျန်း.ခဏတာ ကြောင်သွားသည်။
ထို့နောက်မှာ ဖန်းကျန့်၏ ပုံစံကိုတစ်လှည့် မီးတောဝက်ကို တစ်လှည့်ကြည့်လိုက်ပြီး သူ အတွေးပေါက်သွားသည်။
ချက်ချင်းပဲ လောထျန်း လှုပ်ရှားလိုက်လေ၏။
ဝူး
သူက ဖြေးညင်းစွာ ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဖန်းကျန့်၏ အရိပ်လက်ဝါးတစ်ဖက်ကို လက်တစ်ဖက်က ကိုင်၊ ကျန်တစ်ဖက်နဲ့ မီးတောဝက်ကို နောက်အရိပ်လက်ဝါးတစ်ခုဆီ ဂရုတစိုက် ထည့်ပေးလိုက်ပါသည်။
“ဟမ်…”
ထိုမြင်ကွင်းကြောင့်.. ဝေ့လင်ယွီသာမက၊ တစ်ခြားသူတွေကော၊ မိစ္ဆာတွေကောမကျန် မှင်သက်သွားတော့သည်။
ဒါဘာအခြေအနေလဲ..
ဖန်းကျန့်တစ်ယောက် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နေရာမှာ ရပ်နေတော့သည်။.
လောထျန်းက မျက်မှောင်ကြုတ်နှင့် ပြောလာ၏။
“အင်း၊ ဒါကစောက်ရမ်းစားကောင်းတာ အမှန်ပဲ၊ မင်းကလည်း လိုချင်တာများ ဒီတိုင်းပြောလိုက်တာ မဟုတ်ဘူး။.ဘာတွေ အဝေးကြီးက လှမ်းယူနေတာလဲ။ ဒါက မင်းရဲ့သားရဲပဲ ဟာကို.. မင်းစားချင်တယ်ပြောရင် ကျုပ်က မကျွေးဘဲ နေပါ့မလား”
ထိုစကားကိုကြားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပါတော့သည်။
အကြာကြီးနေပြီးနောက်မှသာ ဟိုးအနောက်မှာ ရပ်နေကြသော မိစ္ဆာဂိုဏ်းသားများထံမှ တကြွတ်ကြွတ်အသံများ ထွက်လာခဲ့သည်။
“ဒါ.. အစော သခင်ဖန်းကျန့် လက်နဲ့ယူနေခဲ့တာက.. မီးတောဝက်ကို လိုချင်လို့လား”
“ဟမ်း.. အေးနော်၊ အဲ့လိုထင်ရတာပဲ။ ဖန်းကျန့်က သခင်တစ်ယောက်ပဲလေ.. မီးတောဝက်ကို စားသုံးပြီး သိက္ခာချတာကို သူဘယ်ကြိုက်ပါ့မလဲ”
“ဒါမှမဟုတ်.. မီးတောဝက်က အရမ်းစားကောင်းလို့ရော မဖြစ်နိုင်ဘူးလား”
“မင်းပြောမှပဲ.. ခုနက အနံ့က တော်တော်မွှေးတာကို ငါစဥ်းစားမိသွားပြီ။ ဒါပေမဲ့လဲ ဒီလိုအသည်းအသန် လုယူစရာမှ မလိုတာကို.. မဟုတ်ဘူးလား”
“အေး၊ သခင်ဖန်းကျန့်ပုံစံက နဲနဲတော့ သနားဖို့ကောင်းတယ်”
မိစ္ဆာဂိုဏ်းသားတွေ၏ ခပ်တိုးတိုးအသံတွေကို ကြားရမှပဲ ဖန်းကျန့် အသိစိတ်ပြန်ကပ်လာတော့သည်။
သူ့လက်ထဲက မီးတောဝက်ကို မြေပြင်နှင့် ကြမ်းတမ်းစွာ ရိုက်ချလိုက်တော့၏။
ဝုန်း
ဧရာမသားရဲကြီးက မြေပြင်နှင့် ရိုက်ခတ်မှုအပြီးမှာ ပြားသွားပြီး အသားတုံးသေးသေးလေးများပင် ဖြစ်သွားလေရဲ့…
“ လခွမ်းပဲ.. ဒါကြီးကို ဘယ်သူကတောင်းနေလို့လဲ။ ငါကမင်းရဲ့ ဝိညာဥ်ကိုလိုချင်တာကွ”
ဖန်းကျန့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒေါသထွက်လွန်းလို့ စိတ်ရူးဖောက်တော့မလိုပင် သူ ခံစားနေရ၏။
တစ်ဖက်က လောထျန်းကတော့ မြေပြင်ပေါ်က ဖုန်တွေပေလူးသွားသော မီးတောဝက်ကို ကြည့်နေရင်း တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်..သူ၏ နှုတ်ခမ်းက တွန့်လိမ်လာပါတော့၏။
အချိန်အကြာကြီးနေပြီးနောက်မှ လောထျန်း ခပ်ဖြည်းဖြည်း ခေါင်းမော့လာရင်း ဖန်းကျန့်ကို ကြောက်ဖို့ကောင်းအောင် စိုက်ကြည့်လာသည်။
ဒေါသထွက်လွန်း၍ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသော ဖန်းကျန့်ကလည်း လောထျန်းကို ပေစောင်းစောင်း.ပြန်ကြည့်သည်။
“ ဟေ့ကောင်၊ မင်းရဲ့ဝိညာဥ်ကို ငါဆွဲထုတ်လို့ မရရင်တောင်မှ ငါမင်းရဲ့ ခန္ဓာကိုယ်ကို နှိပ်စက်လို့ရသေးတယ်”
ဖန်းကျန့်က အော်ဟစ်ပြီးသည်နှင့် လောထျန်းရှိရာသို့ လက်သည်းကြီးကို မိုးကြိုးလိုအရှိန်နှင့် သွားစေလိုက်သည်။
ဝုန်း
သွားနေရင်းဖြင့် သူက မိစ္ဆာမျိုးနွယ်၏ ပုံစံအစစ်ကို ပြောင်းလဲလိုက်သောကြောင့် သူ့ခန္ဓာကိုယ်က ဆယ်ဆမက ပိုကြီးသွားကာ လူသတ်အရိပ်အငွေ့များ လျှံထွက်နေခဲ့သည်။
“ဒါ.. သခင်ဖန်းကျန့်က အင်အားအပြည့် သုံးနေတာလား”
“ဒါကြီးက ခြင်္သေ့တစ်ကောင်က ယုန်ကို အင်အားအပြည့်နဲ့ သတ်ဖို့ကြိုးစားနေတာနဲ့ မတူဘူးလား။ သခင်ဖန်းကျန့် အရမ်းဒေါသထွက်သွားပြီး ဒီကောင့်ကို အခွင့်အရေးတစ်စက်မှ မပေးချင်တော့တာ ထင်တယ်”
“ ဒီလိုမျိုးပုံစံအစစ် ပြောင်းလိုက်မယ်လို့ ငါလဲ မထင်ခဲ့ဘူး.. ကြည့်ရတာ ဒီတိုက်ပွဲက မြန်မြန် ပြီးသွားတော့မှာပဲ”
ဖန်းကျန့်က လောထျန်းကို နှိပ်စက်မည့် မြင်ကွင်းမျိုးကို တွေ့ချင်သည့်အတွက် မိစ္ဆာဂိုဏ်းသားတွေ အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်ကြသည်။
အခုတော့ သူတို့တွေ မြင်ခွင့်မရှိတော့ဘူးလေ..
ထိုအချိန်မှာပဲ..
ဝုန်း
ရွှေရောင်လက်ဖဝါးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလက်ဝါးကြီးက ဖန်းကျန့်ကို ဆုတ်ကိုင်လိုက်သည်။
ဘုတ်
ထိုအချိန်မှာပဲ မိုးထိုးမတတ် မြင့်မားနေသော ဖန်းကျန့်၏ လူသတ်အရိပ်အငွေ့တွေက မီးသွေးနီနီရဲရဲပေါ် ရေအေးလောင်းချခံလိုက်ရသည့်နှယ် တိခနဲ ပိတ်ဆို့သွားလေသည်။
“အား..”
အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၍ ကျိတ်မနိုင်ခဲမရ အော်ဟစ်သံကြီးတစ်ခု ဖန်းကျန့်ဆီမှ ထွက်ပေါ်လာသည်။
“ဟမ်၊ ဘာတွေဖြစ်နေတာလဲ”
မိစ္ဆာဂိုဏ်းသားတွေ အသိဝင်လာသော်လည်း အရှေ့က မြင်ကွင်းက သူတို့ကို ပိုမိုမှင်သက်စေသည်။
“ခုနက ငါတို့သခင်ဖန်းကျန့်က တိုက်ခိုက်နေတာလေ၊ ဘာတွေဘယ်လို ဖြစ်သွားတာလဲ မင်းတို့ တွေ့လိုက်ကြလား”
“ မတွေ့ဘူး.. ငါလုံးဝကို မတွေ့လိုက်ဘူး.. မျက်တောင်တစ်ခတ် အချိန်အတွင်းမှာ သခင်ဖန်းကျန့်ကို ဖမ်းပစ်လိုက်တာပဲ”
“ဒီကောင်.ဘာသိုင်းပညာကို အသုံးပြုနေတာလဲ”
မိစ္ဆာဂိုဏ်းသားတွေ ထိတ်လန့်သွားကြသလို လဲ့ထျန်နှင့် တစ်ခြားသူတွေလည်း ထိုနည်းလည်းကောင်းပင်။
သူတို့တွေက ဖန်းကျန့်ကို တိုက်ခိုက်ထားကြသည့်အတွက် ထိုမိစ္ဆာကောင်၏ သန်မာမှုကို သူတို့ ကောင်းကောင်း သိကြပါသည်။
ဖန်းကျန့်ကြောင့် သူတို့တွေ သေချင်တာတောင် သေခွင့်မရခဲ့ဘူး..
ဒါပေမဲ့ အဲ့ဒီလိုဖန်းကျန့်ကို လူတစ်ယောက်ကအလွယ်လေး ဆွဲမထားတယ်တဲ့လား..
သူတို့ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား။
ထိုအချိန်မှာပဲ ဒေါသထွက်နေသော မျက်နှာနဲ့ လောထျန်းက ဖန်းကျန့်ကို အရှေ့ဆွဲခေါ်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“မင်း…က..သေ..သင့်..တယ်”
ထိုစကားလုံးတွေကြား ပါဝင်နေသော လူသတ်အရိပ်အငွေ့နှင့်တင် ဖန်းကျန့် မေ့လဲဖို့ လုံလောက်နေခဲ့ပြီ..
ဖန်းကျန့်တစ်ယောက် လုံးဝ ရှုတ်ထွေးနေလေတော့၏။
အခုဘာတွေဖြစ်နေတာလဲ..
သူကမှ အစော်ကားခံလိုက်ရတဲ့သူကို.. လောထျန်းက ဘာကြောင့် အရမ်းဒေါသထွက်ပြနေရတာလဲ။
လောထျန်းက ဘာကြောင့် ဒေါသ ထွက်သွားတာလဲ။
ထိုအချိန်မှာပဲ မြေပြင်ပေါ်က အသားတုံးတွေကို လက်ညိုးထိုးပြီး ပြောလိုက်သော လောထျန်း၏ အံကြိတ်သံကို ကြားလိုက်ရလေသည်။
“မင်းမစားဘူးဆိုလဲ.. ကျုပ်ကို ပြန်ပေးသင့်တယ်။ ဘာကိစ္စ လွှင့်ပစ်ရတာလဲ”
…….
Ch 1094
(မိစ္ဆာပိုင်နက်)
ထိုစကားကြောင့် အကုန်လုံး ဆွံ့အသွားပါတော့သည်။
အထူးသဖြင့် လောထျန်းဘာလို့ ဒေါသထွက်သွားလဲဆိုပြီး တစ်ချိန်လုံး တွေးနေခဲ့သော ဝေ့လင်ယွီပင်။
အကြောင်းအရင်းက ဒါဖြစ်နေမယ်လို့ သူမ တစ်ခါမှ မတွေးခဲ့မိဘူး။
တစ်ဖက်က ဖန်းကျန့်တစ်ယောက် တုန်ယင်စွာ ပြောလိုက်လေ၏။
“မင်း.. မင်း ဘာလုပ်ချင်တာလဲ”
ဒီအချိန်မှာ သူအနည်းငယ် ကြောက်နေခဲ့သည်..
သူ့ရဲ့ ကိုယ်ပွားကို မဖျက်ဆီးလိုက်ခင်က လောထျန်းရဲ့ သန်မာမှုကို တွက်ချက်ဖို့ သူ့မှာ အချိန်လေးနဲနဲတောင် မရှိခဲ့ဘူး။
သူ လောထျန််းရဲ့ သန်မာမှုကို အထင်သေးခဲ့မိသည်။
ကိုယ်ပွားနှင့် ပင်မခန္ဓာကိုယ်က အများကြီး ကွာခြားသောကြောင့် သူ့ပင်မခန္ဓာကိုယ်နှင့်သာဆိုလျှင် လောထျန်းကို အလွယ်လေးသတ်နိုင်မည်ဟု သူ ယူဆခဲ့မိသည်။
သို့ပေမဲ့ အခုလိုမျိုး ကွာခြားမှုတစ်ခုတောင် မရှိဘူးလို့တော့ ဘယ်လိုမှ မထင်ခဲ့မိဘူး။
လောထျန်းနှင့် ရင်ဆိုင်ရချိန်မှာ.. သူ လုံးဝကို ရှုံးနိမ့်နေပြီး တစ်ချက်လေးတောင် မခုခံနိုင်ခဲ့ဘူး။
“ကျုပ်ဘာလုပ်ချင်လဲ မေးလိုက်တာလား”
လောထျန်းက မည်းမှောင်နေသော မျက်နှာနှင့် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။
ဂျွတ်
ဖန်းကျန့်၏ အရိုးတွေကျိုးကြေသွားသံ ထွက်ပေါ်လာသည်..
“အားးး” ဖန်းကျန့်၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပါ၏။
“ဘာ”
မိစ္ဆာဂိုဏ်းသားတွေထံမှ အံ့သြတကြီး ပြောသံတွေ ထွက်လာတော့သည်။
ဖန်းကျန့် အခုလို အော်ဟစ်နေရမည်ဟု သူတို့ တစ်ခါမှ မတွေးထားခဲ့ပေ။
ဒီနေ့ကိစ္စက တစ်ဖြည်းဖြည်း ရှုတ်ထွေးလာသည့်အတွက် တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော ကျို့ကုန်းပင် အနည်းငယ် မျက်လုံးများ ကျဥ်းမြှောင်းသွားသည်။
ကျို့ကုန်း လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး လောထျန်းကို လက်ညိုးထိုးလိုက်သည်။
ဒါကို မျက်ဝန်းထောင့်က မြင်လိုက်ရသော လဲ့ထျန်က ချက်ချင်း အော်ဟစ်လေတော့၏။
“သခင်လေး..သတိထားပါ၊ ချောင်းတိုက်နေတယ်”
သို့သော် သူ့အသံက အလွန်တိုးဖျော့နေလေသည်။
ဘုန်း
ကျို့ကုန်း၏လက်ဖဝါးက အစွမ်းက လောထျန်းရှိရာကို.အကြမ်းပတမ်း ပြေးသွားခဲ့သည်။
လဲ့ထျန်နဲ့ တစ်ခြားသူတွေ ချက်ချင်း.မျက်နှာ ပျက်သွားလေသည်။
မိစ္ဆာနတ်ဘုရားနန်းတော်မှာ ကျို့ကုန်းက ထိပ်သီးပညာရှင်တစ်ယောက်ပဲ။
သူက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အစွမ်းများနှင့် မသေမျိုးဘုရင်တစ်ပါးဖြစ်သည်။
သူတိုက်ခိုက်တာကို သာမာန်လူသားတစ်ယောက်က ဘယ်လိုလုပ် တောင့်ခံပါမည်နည်း။
လက်ချောင်းတစ်ချောင်းကနေ ပုံမှန်လိုမျိုး ပို့လွှတ်လိုက်သော ချောင်းတိုက်မှုက စက္ကန့်ပိုင်းအတွင်းမှာ ဒလဟော စီးဆင်းနေသော ရေစီးကြောင်းတစ်ခုလို လောထျန်းဆီ အပြေးသွားနေ၏။
ဝုန်း
ကမ္ဘာကြီးတစ်ခြမ်း ဆုတ်ဖြဲခံလိုက်ရသည့်နှယ် ကျယ်လောင်သောအသံကြီး ဟိန်းထွက်လာခဲ့သည်။
“မဖြစ်ဘူး”
ထိုမြင်ကွင်းကြောင့်အဝေးကနေ လဲ့ထျန် စိတ်ပျက်စွာ အော်ဟစ်လိုက်တော့သည်။
ကျန်တဲ့သူတွေရဲ့မျက်နှာလည်း ဖြူဖျော့သွားကြသည်။
ထိုအင်အားကြီး၏ ဦးတည်ရာမှာ ဝေ့လင်ယွီနှင့် လောထျန်း ရပ်နေခဲ့သည်။
ဒါကမသေမျိုးဘုရင်တစ်ယောက်ရဲ့ တိုက်ချက်ပဲ.. မသေမျိုးဘုရင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုအောက်မှာ ဘယ်လိုလုပ် အသက်ရှင်ကျန်သူ ရှိမှာလဲ။
“ကျို့ကုန်း၊ မင်းက ကျင့်ဝတ်မရှိတဲ့ကောင်ပဲ”
လဲ့ထျန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျို့ကုန်းက လက်တစ်ဖက်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းစောင်းလိုက်ကာ ခပ်ပြုံးပြုံး ပြောလိုက်ပါသည်။
“ကျင့်ဝတ်မရှိဘူးဟုတ်လား.. ငါကျင့်ဝတ်ရှိရင်တောင်မှ အဲ့ကောင် အသက်ရှင်နိုင်မယ် ထင်လား”
“ငါသူ့ကို နှိပ်စက်ရမှာပျင်းလာလို့ မြန်မြန် သေခိုင်းလိုက်ရုံလေးပဲ။ ဒါက ငါ့ရဲ့ ကြီးမြတ်တဲ့စေတနာလို့တောင် ပြောလို့ရတယ်”
ကျို့ကုန်းက ပြောပြီးသည်နှင့် ဂုဏ်ယူမှုတစ်ချို့ဖြင့် ခန္ဓာကိုယ်ကို မတ်လိုက်သည်။
လဲ့ထျန် ဒေါသတကြီး ထရပ်ဖို့ ကြိုးစားသော်လည်း အကြိမ်ကြိမ်သာ ပြန်ပြုတ်ကျလေသည်။
သို့ပေမဲ့ သူ့မျက်လုံးတွေက ကျို့ကုန်းကို တစ်စဆီ လုပ်ချင်သလိုမျိုး စူးရဲစွာ ကြည့်နေခဲ့သည်။
ထိုအကြည့်ကြောင့် ကျို့ကုန်း၏ မျက်နှာက ချက်ချင်း မဲမှောင်သွားတော့သည်။
“မင်းရဲ့ အကြည့်ကို ငါမကြိုက်ဘူး.. ငါကစားရတာ ပင်ပန်းလာပြီ။ မင်းလဲ သေလိုက်တော့”.
ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ကို လဲ့ထျန်တို့ရှိရာဘက်ကို ဆန့်ထုတ်လိုက်ပြီး သူတို့ကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးဖို့ ကြံလိုက်သည်။
သို့ပေမဲ့ ထိုအချိန်မှာပဲ အနောက်မှာရပ်နေသော မိစ္ဆာဂိုဏ်းသားတွေထံမှာ အော်ဟစ်သံတွေ ဆက်တိုက်ထွက်ပေါ်လာသည်။
ထိုအော်သံကြောင့် လဲ့ထျန်နှင့် တစ်ခြားသူတွေ ကြည့်လိုက်ကြချိန်မှာ သူတို့ရဲ့ မျက်လုံးက မယုံနိုင်မှု၊ ထိတ်လန့်မှုများဖြင့် တုန်ယင်လာတော့သည်။
သူတို့၏ပုံစံက အလွန်ကြောက်ဖို့ကောင်းသော အရာတစ်ခုကို မျက်မြင်တွေ့လိုက်ရသလိုပင်။
“ဟမ်၊ ဘာဖြစ်တာလဲ”
ကျို့ကုန်း ခဏလောက်ရပ်သွားပြီး အနည်းငယ် ဘဝင်မကျသော မျက်နှာဖြင့် အနောက်လှည့်ကြည့်လိုက်ပါ၏။
သူက ရန်သူတွေကို တိုက်ခိုက်ပြီး ရှင်းလင်းဖို့ လုပ်နေတာကို ဒီကောင်တွေက ဘာလို့အော်နေမှန်း သူ နားမလည်တော့ပေ။
ထိုအချိန်မှာပဲ ဘေးမှာရှိနေသော မိစ္ဆာဂိုဏ်းသားတစ်ယောက်က တုန်ယင်စွာ ပြောလိုက်လေ၏။
“သခင်..မြန်မြန်..ကြည့်လိုက်ပါ”
သူက အဝေးတစ်နေရာကို လက်ညိုးထိုးပြလိုက်သည်။
ထိုစကားကြောင့် ကျို့ကုန်း ကြည့်လိုက်ချိန်တွင် သူလည်းပဲ အံ့သြသွားသည်။
ထိုနေရာတွင် ပြာကျသင့်နေပြီဖြစ်သော လောထျန်းက အကောင်းပကတိအတိုင်း ရပ်နေခဲ့သည်.. သူ့ခန္ဓာကိုယ်မှာ ခြစ်ရာလေးတစ်ခုတောင်မရှိဘူး။
ထိုမျှမကသေး.. လောထျန်း၏ အနောက်မှာ လုံးဝကို ဒဏ်ရာကင်းမဲ့နေသော ဝေ့လင်ယွီလဲ ကြောက်ရွံ့နေသော မျက်နှာနှင့် ရပ်နေလေသည်။
လောထျန်း၏ ရွှေလက်ဝါးဖြင့် ထိန်းချုပ်ခံထားရသော ဖန်းကျန့်တစ်ယောက်သာ အမှုန်အဖြစ် ပျောက်ကွယ်သွားခဲ့သည်။
သေတာမှ အစရှာမရတော့အောင် သေဆုံးသွားခဲ့သော ဖန်းကျန့်ကြောင့် ကျို့ကုန်း၏ မျက်လုံးက တုန်ယင်လာတော့သည်။
“မင်း.. မင်းဘာလို့ အသက်ရှင်နေသေးတာလဲ” သူ အံ့သြစွာမေးလိုက်သည်။
သူ အစောပိုင်းက ဖန်းကျန့်ကိုပင် ဂရုမစိုက်တော့ဘဲ လောထျန်းကို တိုက်ခိုက်ဖို့ရန်အတွက် အင်အားအပြည့် အသုံးပြုခဲ့လေသည်။
သို့ပေမဲ့ လောထျန်း၏အင်္ကျီမှာတောင် ခြစ်ရာတစ်ခု မရှိခဲ့ပေ။
ဒါက အရမ်းထူးဆန်းတယ်။
ထိုအချိန်မှာပဲ လောထျန်းက လူသတ်အရိပ်အငွေ့တွေ ပါနေသော မျက်လုံးကြီးဖြင့် ကျို့ကုန်းကို လှည့်ကြည့်လိုက်သည်။.
“မင်းကကျုပ်ကို သတ်ချင်တာလား” သူ.အေးစက်စွာ မေးလိုက်သည်။
ထိုသို့ အမေးခံလိုက်ရသောကြောင့် ကျို့ကုန်းတစ်ယောက် သတိမထားပဲ ခြေတစ်လှမ်း အနောက်ဆုတ်မိသွား၏။
သို့သော် နောက်တစ်စက္ကန့်မှာ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း ဒေါသကြီးသွားပြန်သည်။
သူက လူသားတစ်ကောင်ရဲ့ ခြိမ်းခြောက်စကားတစ်ခုတည်းနဲ့ ကြောက်ရွံ့ပြီး ခြေတစ်လှမ်း အနောက်ဆုတ်လိုက်မိတာလား။
ဒီကိစ္စသာ ပျံ့သွားရင် သူ့မျက်နှာကို ဘယ်နား သွားထားရတော့မလဲ။
“မင်း သေချင်နေတာလား” ကျို့ကုန်း အေးစက်စွာ ပြောလိုက်သည်။
ဖြတ်
သူလက်တစ်ဖက် ယမ်းလိုက်သည်နှင့် အစောပိုင်းက အဆင့်တစ်မသေမျိုးလက်နက် ဖြစ်သော ရှေးခေါင်းလောင်း ထွက်ပေါ်လာခဲ့သည်။
ဒီတစ်ခေါက်မှာ သူကအရင်ကနှင့်မတူဘဲ အစွမ်းကုန် အသက်သွင်းလိုက်သည်။
ရှေးခေါင်းလောင်း၏ ပတ်ပတ်လည်က ထွင်းစာတွေက တစ်ဖြည်းဖြည်း ကြီးမားလာကာ ကောင်းကင်ပေါ် ဝဲပျံသွားပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သော ဖိအားတစ်ခု ထုတ်လာ၏။
“လူသားကောင်၊ မင်းရဲ့အရည်အချင်းက ထူးခြားတယ်။ မင်းက ကျိလန်ဒေသက မဖြစ်နိုင်ဘူး။ တစ်ခြားဒေသက လာတာမလား”
“ပြီးတော့ မင်းက မင်းရဲ့ကျင့်ကြံမှုအစစ်ကို ဖုံးကွယ်ထားတယ်။ ငါ့ရဲ့တိုက်ခိုက်မှုမှာ ရှင်သန်နိုင်တဲ့အတွက် မင်းကလဲ မသေမျိုးဘုရင်တစ်ယောက်ပဲ ဖြစ်ရမယ်”
ကျို့ကုန်းက လောထျန်းကို အေးစက်စွာ ကြည့်လိုက်လေသည်။
“ဘာ.. တစ်ခြားဒေသ.. မသေမျိုးဘုရင်..”
လဲ့ထျန်နှင့် တစ်ခြားသူတွေအားလုံး လောထျန်းကို ထိတ်လန့်စွာ ကြည့်လာကြသည်။
အကြာကြီးနေပြီးနောက် လဲ့ထျန် က စိတ်လှုပ်ရှားစွာ ပြောလိုက်တော့၏။
“တစ်ခြားဒေသက လူသားတွေက ကျုပ်တို့ကို မစွန့်ပစ်သေးဘူးပဲ”
“ဟုတ်တယ်.. ငါတို့မှာ အခွင့်အရေးရှိနိုင်သေးတယ်”
ကျန်တဲ့သူတွေလည်း စိတ်လှုပ်ရှားစွာ ပြောလာကြသည်။
ထိုအသံတွေကို ကျို့ကုန်းကြားလိုက်၍ ဖြစ်မည်.. သူက ရွံရှာမှုတစ်ချို့ဖြင့် လှမ်းကြည့်လာပါ၏။
“ဒီကောင်က မင်းတို့ကို ကယ်ပေးနိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား” သူ လှောင်ပြောင်စွာ ပြောလိုက်သည်။
“ဟမ်”
“ငါအရင်ထဲက ပြောပြီးသားပဲ။ ကျိလန်ဒေသက မိစ္ဆာမျိုးနွယ်ရဲ့ ပိုင်နက်ပဲ။ မသေမျိုးဘုရင်မပြောနဲ့.. ဆယ်ဘွဲ့ရ မသေမျိုးဘုရင် ရောက်လာရင်တောင် ငါတို့ကို အနိုင်မယူနိုင်ဘူး”
ကျို့ကုန်းက အပြုံးတစ်ခုနှင့် ဆက်ပြောသည်။
“ဒီနေ့ ဝူရန်စီရင်စု သေချာပေါက် ပျက်ဆီးရမယ်..ဒီကောင်လဲ သေချာပေါက် သေရမယ်။ မင်းတို့ကို ဘယ်သူမှ မကယ်တင်နိုင်ဘူး”
ဝုန်း
ရှေးခေါင်းလောင်းဆီမှ အစွမ်းတွေ တဖန်ပြန်ပြီး ထိုးတက်လာခဲ့သည်။
ဝုန်း
ချက်ချင်းဆိုသလို ရှေးခေါင်းလောင်းဆီကနေ ထူးဆန်းသော သားရဲကြီးတစ်ကောင်၏ ပုံရိပ်တစ်ခု စုဝေးလာသည်။
ထိုသားရဲပုံရိပ် ပေါ်လာသည်နှင့် ရှေးခေါင်းလောင်း၏ အရောင်အဝါက တိုးမြှင့်လာပြီး မူလအဆင့်မသေမျိုးလက်နက် အဖြစ် တိုးတက်သွားသည်။