အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
(၂၂၁) - ယင်းရှောင်ရှောင်အပေါ် ထားရှိသည့် လင်းတုန်၏ ခံစားချက်
သွေးကျောက်မြေရိုင်းမှ ပြန်လည်ရောက်ရှိလာပြီးနောက်၊ ဝူယွမ်နှင့် လင်းတုန်တို့၏ စွမ်းဆောင်ချက်များသည် တောင်ဂိုဏ်းတစ်ခုလုံးတွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
၀ရမ်းစာရင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ယောင်လင်နှင့် ရှောင်ထျန်းတို့၏ ဦးခေါင်းများကို သူတို့နှစ်ဦးက ဖြတ်ယူလာနိုင်ခဲ့ကြသည်။
ထို့အပြင် သူတို့က မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကိုပါ တောင်ဂိုဏ်းသို့ အရောက်ယူဆောင်လာနိုင်ခဲ့ကြသည်။
ဤကဲ့သို့သော စွမ်းဆောင်မှုမျိုးမှာ တောင်ဂိုဏ်းအတွက် လက်ရှိကာလတွင် ထူးကဲသာလွန်သော အောင်မြင်မှုဖြစ်ရုံသာမက၊ ေနာင်မျိုးဆက်ပေါင်းများစွာအတွက်ပါ အကျိုးကျေးဇူးများလှပေသည်။
ဤမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ရှိခြင်းကြောင့် တောင်ဂိုဏ်းက နောင်နှစ်ပေါင်းတစ်ရာအတွင်း သေချာပေါက် ပိုမိုတောက်ပြောင် ထွန်းကားလာမည်ဖြစ်သည်။
ယခုအခါ သူတို့နှစ်ဦးက တောင်ဂိုဏ်း၏ ထင်ပေါ်ကျော်ကြားသူများ ဖြစ်လာကြလေပြီ။
ခန်းမအသီးသီးမှ တပည့်များသာမက၊ ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များကပါ သူတို့အကြောင်းကို အကုန်အစင် သိရှိကုန်ကြသည်။ သူတို့၏ ထူးချွန်ထက်မြက်လှသော ပါရမီနှင့် စွမ်းအင်များကြောင့် ချက်ချင်းပင် အစ်မကြီးဖြစ်သူ ယင်းရှောင်ရှောင်နှင့် ယှဉ်နိုင်သည့် အဆင့်အတန်းသို့ ရောက်ရှိသွားခဲ့သည်။
သွေးကျောက်မြေရိုင်းမှ ဖြစ်ရပ်ပြီးနောက်၊ ယင်းဟွမ်ဟွမ်က ဝူယွမ်အပေါ် အရင်ကကဲ့သို့ မောက်မာခြင်း မရှိတော့ပေ။
သို့သော် ဝူယွမ် ပြောခဲ့သည့် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ခဲ့လျှင်ဆိုသော စကားကို သူမက မှတ်ထားပြီး၊ လေပြင်းခန်းမသို့ ဝူယွမ်ကို ရှာရန် မကြာခဏ လာတတ်သည်။
ဤသည်က တပည့်များကြားတွင် ယင်းဟွမ်ဟွမ်သည် ဝူယွမ်ကို စိတ်ဝင်စားနေသလား သို့မဟုတ် လင်းတုန်ကိုလားဟူ၍ အမျိုးမျိုး ဝေဖန်ထင်ကြေးပေးစရာ ဖြစ်လာစေသည်။
တောင်ဂိုဏ်းတွင် ယင်းဟွမ်ဟွမ်ကို ပိုးပန်းသူ များပြားလှပေသည်။ ကျင့်စဉ်ကိုသာ အာရုံစိုက်ပြီး အေးစက်လှပသည့် အစ်မဖြစ်သူ ယင်းရှောင်ရှောင်နှင့် မတူဘဲ၊ ယင်းဟွမ်ဟွမ်မှာ တက်ကြွဖျတ်လတ်ပြီး ဆွဲဆောင်မှုရှိကာ နေရာတိုင်းတွင် တွေ့ရလေသည်။
ထို့အပြင် သူမ၏ အဆင့်အတန်းက မြင့်မားသော်လည်း မောက်မာမှုမရှိဘဲ တပည့်အားလုံးနှင့် ရောရောနှောနှော နေတတ်သူ ဖြစ်သည်။ သာယာလှပသော အသံ၊ ဖြူစင်နုနယ်သော လက်အစုံနှင့် အတုမရှိသော အလှတရားတို့ကြောင့် သူမကို မစွဲလမ်းဘဲ မနေနိုင်ကြပေ။
ယင်းဟွမ်ဟွမ်သည် အမှန်တကယ်ပင် တပည့်များစွာ၏ စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။
သို့သော် ယခုအခါ ယင်းဟွမ်ဟွမ်က ဝူယွမ်နှင့် လင်းတုန်တို့ကို ရှာရန် လေပြင်းခန်းမသို့ ခဏခဏ ဝင်ထွက်နေသည်မှာ တပည့်များ၏ အာရုံကို ဆွဲဆောင်နေခဲ့လေသည်။ ယခင်က သူတို့၏ စီနီယာအစ်မ ဟွမ်ဟွမ်က လေပြင်းခန်းမသို့ ဤမျှအထိ လာချင်စိတ်ရှိခဲ့သူ မဟုတ်ပေ။
ယင်းဟွမ်ဟွမ်နှင့် ပတ်သက်၍ ဝူယွမ်ကလည်း လင်းတုန်အား သီးသန့် မေးမြန်းကြည့်ခဲ့သည်။ လင်းတုန်တွင် နှစ်သက်ရသည့် အမျိုးသမီး ရှိ၊ မရှိ၊ မည်ကဲ့သို့သော အမျိုးသမီးမျိုးကို သဘောကျသနည်းနှင့် ယင်းဟွမ်ဟွမ်အပေါ် တစ်စုံတစ်ရာ ခံစားရသလားဟူ၍ပင်။
အမှန်စင်စစ် မူလဇာတ်လမ်းအရဆိုလျှင် လင်းတုန်နှင့် ယင်းဟွမ်ဟွမ်တို့မှာ သေတပန်သက်ဆုံး ချစ်ခြင်းမျိုး ရှိခဲ့ကြသော်လည်း၊ ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်၍ ရလဒ်မှာလည်း တူညီနိုင်မည်မဟုတ်ပေ။
လင်းတုန်၏ အဖြေမှာ ပြတ်သားလှသည်၊ သူ ပြန်ဖြေလိုက်သည်က ယင်းဟွမ်ဟွမ်နှင့်ပတ်သက်ပြီး ဘာမှမခံစားရကြောင်းပင်။
ဝူယွမ်ကလည်း ထိုအဖြေကို သေချာစဉ်းစားကြည့်မိသည်။ လင်းတုန်သည် သူ့ကို လိမ်ပြောမည်မဟုတ်ပေ။
သူ၏ ကြားဝင်မှုကြောင့် လင်းတုန်နှင့် ယင်းဟွမ်ဟွမ်ကြား ဆက်ဆံရေးမှာ အစကတည်းက အရင်ကဲ့သို့ မနီးစပ်တော့ခြင်းလည်း ဖြစ်နိုင်သည်။ မူလဇာတ်လမ်းတွင် ယင်းဟွမ်ဟွမ်သည် လင်းတုန်ကို ပြည်ထောင်တစ်ရာတိုက်ပွဲ၏ အနိုင်ရရှိသူဖြစ်သောကြောင့် စတင်သတိထားမိခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါ အနိုင်ရရှိသူမှာ ဝူယွမ်ဖြစ်နေသဖြင့် ထိုအာရုံစိုက်မှုက ဝူယွမ်ဆီသို့ သဘာဝအလျောက် ပြောင်းလဲသွားခြင်း ဖြစ်သည်။
လင်းတုန်၏ အမြင်တွင် ယင်းဟွမ်ဟွမ်မှာ နွဲ့ဆိုးဆိုးကာ ဆော့ကစားတတ်သည့် ဂိုဏ်းသူလေးသာ ဖြစ်ပြီး၊ သူ့ကို ဆွဲဆောင်နိုင်ခြင်း မရှိတော့ပေ။
ဤအခြေအနေတွင် ဝူယွမ်ကလည်း အတင်းအကျပ် တိုက်တွန်းရန် မရည်ရွယ်ထားပေ။ ယင်းဟွမ်ဟွမ်က သူ့ဆီသို့သာ လာနေခြင်းဖြစ်ရာ သူမကို တွန်းထုတ်ရန် အကြောင်းမရှိပေ။
ထို့အပြင် သူကိုယ်တိုင်ကလည်း ယင်းဟွမ်ဟွမ်ကဲ့သို့ တက်ကြွဖျတ်လတ်သော မိန်းကလေးမျိုးကို သဘောကျလေသည်။
လင်းတုန်တွင် ဝူယွမ်ကဲ့သို့ အစ်ကိုကြီးရှိနေသဖြင့် သူ၏ စရိုက်က ပြောင်းလဲသွားခဲ့သည်။ မူလဇာတ်လမ်းကကဲ့သို့ လှည့်ကွက်များ မများတော့ဘဲ၊ ဖြောင့်မတ်ပြီး ဖြူစင်သူတစ်ဦး ဖြစ်လာခဲ့သည်။
လင်းလန်ထျန်း သေဆုံးပြီးနောက် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိရန်သာ ဖြစ်သည်။
အမျိုးသမီးနှင့် ပတ်သက်လျှင်မူ သူက အင်အားကြီးမားပြီး ရဲရင့်ပြတ်သားသည့် အမျိုးသမီးစစ်သည်တော်မျိုး သို့မဟုတ် ဗိုလ်ချုပ်ကဲ့သို့သော အမျိုးသမီးမျိုးကို ပို၍ စိတ်ကူးယဉ်မိကြောင်း၊ အနည်းဆုံး သူနှင့် တိုက်ပွဲရာချီ တိုက်ခိုက်နိုင်မည့်သူမျိုး ဖြစ်ရမည်ဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။
သူ၏ အမြင်တွင် ယင်းဟွမ်ဟွမ်မှာ နုနယ်လွန်းပြီး မောက်မာကာ၊ တည်ငြိမ်မှုမရှိဘဲ အစွမ်းကလည်း အားနည်းလွန်းသည်ဟု ယူဆထားသည်။
ထို့အစား တည်ငြိမ်ပြီး သိုင်းပညာကို စွဲစွဲမြဲမြဲ လေ့ကျင့်ကာ အစွမ်းထက်သည့် အစ်မဖြစ်သူ ယင်းရှောင်ရှောင်က သူ့ကို ပို၍ ဆွဲဆောင်နေခဲ့သည်။
သို့သော် နှမြောစရာကောင်းသည်မှာ ယင်းရှောင်ရှောင်က ကျင့်ကြံခြင်းကိုသာ အမြဲအာရုံစိုက်နေသလို၊ လင်းတုန်မှာလည်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသည်။
သူတို့နှစ်ဦးမှာ စရိုက်ချင်း တူညီကြသော်လည်း ဤအခြေအနေတွင် ဆုံတွေ့ရန် အခွင့်အလမ်း လုံးဝမရှိသလောက်ပင် ဖြစ်သည်။
နှစ်ဦးစလုံးက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြရာ အချစ်ဇာတ်လမ်းအတွက် အချိန်မရှိကြပေ။
ဝူယွမ်ကမူ လင်းတုန်ကို သိုင်းပညာအပြင် ကိုယ်ပိုင်ပျော်ရွှင်မှုကိုလည်း ရှာဖွေစေလိုသည်။ ဘဝဆိုသည်မှာ သိုင်းပညာသက်သက်မဟုတ်ဘဲ အဖော်အဖက်လည်း လိုအပ်သည်ဟု သူယူဆထားသည်။
လင်းတုန်၏ ရင်တွင်းစကားများကို သိရှိပြီးနောက်၊ ဝူယွမ်ကလည်း ယင်းဟွမ်ဟွမ်အပေါ် ထားရှိသည့် သူ၏ ဆန္ဒကို မဖုံးကွယ်ထားခဲ့ပေ။
နောင်တွင် လင်းတုန်နှင့် ယင်းရှောင်ရှောင်တို့ ဆုံတွေ့နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးမည်ဟုလည်း စိတ်ကူးလိုက်မိသည်။
ယင်းရှောင်ရှောင်၏ စရိုက်နှင့် အတွေ့အကြုံများက လင်းတုန်နှင့် အနည်းငယ် ဆင်တူသည်။ သူမသည် တောင်ဂိုဏ်းတွင် မွေးဖွားခဲ့သော်လည်း ဂိုဏ်း၏ အစ်မကြီးအဖြစ် တာဝန်များ ပိနေသူဖြစ်သည်။
ယွမ်ဂိတ်ကဲ့သို့သော အင်အားကြီးဂိုဏ်း၏ ဖိအားကို သူမက အများဆုံး ရင်ဆိုင်နေရသဖြင့် ကျင့်ကြံခြင်းကို ဤမျှကြိုးစားအားထုတ်နေရခြင်း ဖြစ်သည်။
လင်းတုန်မှာလည်း ယန်မြို့တော်မှ လင်းမိသားစုတွင် မွေးဖွားခဲ့ပြီး၊ ငယ်စဉ်က လင်းလန်ထျန်း၏ ဖိအားပေးမှုကြောင့် ခိုင်မာပြတ်သားပြီး တစ်ကိုယ်တည်း ကြိုးစားအားထုတ်တတ်သော စရိုက်ကို ပိုင်ဆိုင်ခဲ့ရသည်။
သို့သော် ဝူယွမ်မှာ သူတို့ညီအစ်ကိုနှစ်ဦးက ယင်းညီအစ်မနှစ်ဦးကို ရယူလိုက်လျှင် ဆွေမျိုးတော်စပ်ပုံက ရှုပ်ထွေးသွားလိမ့်မည်ဟု တွေးမိကာ ပြုံးလိုက်မိသည်။
အစ်ကိုက ညီမနှင့်၊ ညီက အစ်မနှင့် ဖြစ်နေမည် မဟုတ်ပါလား။
အစ်မဖြစ်သူက ညီမလေး၏ မရီးဖြစ်သွားမည်ဖြစ်ပြီး၊ ညီဖြစ်သူက အစ်ကိုဖြစ်သူ၏ ခဲအိုဖြစ်သွားမည်မှာ အတော်လေးကို ရှုပ်ထွေးလှပေသည်။
သို့သော် ယင်းရှောင်ရှောင်အပြင် ဝူယွမ်က လင်းတုန်နှင့် သင့်တော်မည့် အခြားအမျိုးသမီးတစ်ဦးကိုလည်း သတိရမိသည်။ မီးနတ်ဘုရားနန်းတော်မှ ‘မီးနတ်သမီး’ ထန်ရှင်းလျန်သည်လည်း လင်းတုန်နှင့် အတော်လေး လိုက်ဖက်မည့်သူဟု ဝူယွမ်က ယူဆထားသည်။
နောင်တွင် အခွင့်အရေးရပါက သူတို့ကို မိတ်ဆက်ပေးမည်ဟုလည်း သူတွေးထားခဲ့သည်။
ယနေ့တွင် ဝူယွမ်နှင့် လင်းတုန်တို့သည် နေ့စဉ်ပြုလုပ်နေကျဖြစ်သော လေပြင်းကျောက်တုံးမှ စွမ်းအင်ယူခြင်းကို ပြီးမြောက်ပြီးနောက် နေအိမ်သို့ ပြန်လာခဲ့ကြသည်။
နေအိမ်သို့ ရောက်သောအခါ ယင်းဟွမ်ဟွမ်က ထပ်မံရောက်ရှိနေပြီး သူမနှင့်အတူ လူငယ်တစ်ဦးလည်း ပါလာသည်။
“ရှင်တို့ ကျင့်ကြံရာကနေ ပြန်လာပြီပဲ၊ မနက်ဖြန်ကျရင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ပွင့်တော့မယ်၊ အဆင်သင့်ဖြစ်ပြီလား...” ယင်းဟွမ်ဟွမ်၏ ကြည်လင်သောအသံက ထွက်ပေါ်လာခဲ့ပြီး ထိုအသံထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသည် ဤနေ့ရက်ကို စောင့်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ပွင့်သည့်နေ့မှာ နှစ်စဉ်နှစ်တိုင်း အလွန်စည်ကားလှပြီး တောင်ဂိုဏ်း၏ အရေးကြီးဆုံး ဖြစ်ရပ်တစ်ခုဖြစ်သည်။ ကံမကောင်းစွာဖြင့် နှစ်ပေါင်းတစ်ရာအတွင်း မည်သူမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။
သို့သော် ယခုနှစ်တွင် ဝူယွမ်နှင့် လင်းတုန်တို့ ပေါ်ပေါက်လာသဖြင့် အားလုံးက သူတို့အပေါ် မျှော်လင့်ချက်ကြီးကြီး ထားနေကြသည်။
ယင်းဟွမ်ဟွမ်က ပြုံးလျက် “အကယ်၍ ရှင်တို့သာ နားလည်သဘောမပေါက်နိုင်ရင်တော့ နည်းနည်းတော့ ရှက်ဖို့ကောင်းလိမ့်မယ်နော်...” ဟု ဆိုလိုက်သည်။
“ဟဲဟဲ၊ စောင့်ကြည့်နေလိုက်ပါ၊ ငါသာ နားလည်သဘောပေါက်သွားရင် မင်းပေးထားတဲ့ ကတိကို မမေ့နဲ့ဦး၊ ခန်းမသခင်တွေနဲ့ တပည့်တွေရှေ့မှာ ငါတောင်းဆိုတဲ့ ဘယ်အရာကိုမဆို ဖြည့်ဆည်းပေးမယ်လို့ မင်းပြောထားတာလေ...” ဝူယွမ်က ပြုံးစစဖြင့် ပြန်ပြောလိုက်သည်။
“ဟွန့်၊ အရင်ဆုံး နားလည်သဘောပေါက်အောင် လုပ်နိုင်မှ ပြောပါ...” ယင်းဟွမ်ဟွမ်က လက်သီးလေးကို ဆုပ်ပြလိုက်သည်။
“ဒါဆို မင်းက ငါ့ကို နားလည်သဘောပေါက်စေချင်တာလား၊ နားမလည်စေချင်ဘူးလား...” ဝူယွမ်က သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဒါပေါ့... ငါက...” ယင်းဟွမ်ဟွမ် စကားစရပ်သွားလေသည်။ သူမ၏ ရင်ထဲတွင် ဝူယွမ်ကို နားလည်သဘောပေါက်စေချင်သော်လည်း၊ သူပေးထားသည့် ကတိကို သတိရသွားကာ စကားမဆက်နိုင်တော့ပေ။
သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ခြေဆောင့်ကာ နှုတ်ခမ်းဆူလိုက်သည်။
သူမ၏ဘေးတွင် ရပ်နေသည့် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ သူတို့စကားပြောနေပုံကို ကြည့်ရင်း အတော်လေး မသက်မသာ ဖြစ်နေလေသည်။
သူတို့သုံးယောက်က သူ့ကို လူပိုတစ်ယောက်ကဲ့သို့ လျစ်လျူရှုထားကြသလားဟုပင် သူက တွေးမိနေသည်။
သူက ဝူယွမ်ကို သတိထားနေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူက ရှေ့သို့တစ်လှမ်းတက်ကာ ယင်းဟွမ်ဟွမ်၏ ရှေ့တွင် ရပ်လိုက်ပြီး “အားလုံးပဲ မင်္ဂလာပါ၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ၊ ငါက မြေကမ္ဘာခန်းမက ချင်းယဲ့ပါ၊ ဟွမ်ဟွမ်ရဲ့ ငယ်သူငယ်ချင်းပေါ့...” ဟု ပြောလိုက်သည်။
သူက ‘ငယ်သူငယ်ချင်း’ ဆိုသည့် စကားလုံးကို အထူးတလည် အလေးပေးပြောလိုက်ခြင်းမှာ ယင်းဟွမ်ဟွမ်သည် သူနှင့် ဆိုင်သည်ဟု ဝူယွမ်ကို သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤကာလအတွင်း ယင်းဟွမ်ဟွမ်က ဝူယွမ်ဆီသို့ မကြာခဏ လာရောက်နေခြင်းနှင့် သွေးကျောက်မြေရိုင်းတွင် အတူတူ တာဝန်ထမ်းဆောင်ခဲ့ခြင်းတို့ကြောင့် ချင်းယဲ့မှာ စိုးရိမ်စိတ်များ ဝင်နေခဲ့သည်။
(၂၂၂) - မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ပွင့်ပြီ၊ မဟာရှေးဟောင်းကျမ်း(၁)
သူနှင့် ယင်းဟွမ်ဟွမ်တို့မှာ အတူတူ ကြီးပြင်းလာကြသူများဖြစ်ပြီး သူက ဟွမ်ဟွမ်ကို ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ခြင်းမှာ တောင်ဂိုဏ်းတစ်ခုလုံး သိရှိပြီးသားဖြစ်သည်။ သို့သော် ယင်းဟွမ်ဟွမ်ကမူ သူ့အပေါ် ဘာခံစားချက်မှမရှိပေ။
“မြေကမ္ဘာခန်းမက ချင်းယဲ့လား...”
ဝူယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
လင်းတုန်က ဝိညာဉ်စွမ်းအင်ဖြင့် - “အစ်ကိုကြီး၊ သူက မြေကမ္ဘာခန်းမရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ၊ တောင်ဂိုဏ်းမှာ ယင်းရှောင်ရှောင်ပြီးရင် သူက အတော်ဆုံးပဲ၊ နိဗ္ဗာန်အဆင့်ရှစ်မှာ ရှိနေတယ်၊ ဒါပေမဲ့ အခု တပည့်တွေကြားမှာ ကျွန်တော်တို့ရဲ့ အစွမ်းက သူ့ထက်သာတယ်လို့ ပြောနေကြပြီး၊ ခန်းမစစ်ဆေးပွဲမှာ ကျွန်တော်တို့နဲ့ ပြိုင်စေချင်နေကြတာ၊ အခုတော့ သူက ကျွန်တော်တို့ဆီကို ကိုယ်တိုင်လာရှာတာပဲ...”
“သူက ယင်းဟွမ်ဟွမ်ကို ပိုးပန်းနေတာပဲ ဖြစ်ရမယ်၊ အခု အခြေအနေအရ သူက အစ်ကိုကြီးကို အချစ်ပြိုင်ဘက်လို့ သတ်မှတ်လိုက်ပုံရတယ်...”
လင်းတုန်၏ အကြည့်ကလည်း ချင်းယဲ့အပေါ်တွင် ရောက်နေကာ တည်ငြိမ်နေခဲ့သည်။
ယင်းဟွမ်ဟွမ်တွင် ပိုးပန်းသူများစွာ ရှိပြီး ဤချင်းယဲ့မှာ အလားအလာ အရှိဆုံးသူတစ်ဦး ဖြစ်သည်။ သူ၏ အစ်ကိုကြီးက ယင်းဟွမ်ဟွမ်ကို စိတ်ဝင်စားနေသဖြင့် လင်းတုန်ကလည်း ဟွမ်ဟွမ်ကို သူ၏ မရီးလောင်းကဲ့သို့ သဘောထားလိုက်ပြီဖြစ်ရာ ချင်းယဲ့အပေါ် အမြင်ကောင်း မရှိတော့ပေ။
ချင်းယဲ့၏ မိတ်ဆက်မှုကြောင့် အခြေအနေမှာ အနည်းငယ် နေရခက်သွားသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ...” ယင်းဟွမ်ဟွမ်က မျက်မှောင်ကြုတ်ကာ ချင်းယဲ့ကို မကျေမနပ် ကြည့်လိုက်သည်။
ချင်းယဲ့က ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။
ထို့အစား သူက ဝူယွမ်နှင့် လင်းတုန်ဘက်သို့ လှည့်ကာ “ညီငယ်နှစ်ယောက်၊ ခန်းမလေးခုထဲမှာ လေပြင်းခန်းမကလွဲရင် ကျန်တဲ့ ခန်းမသုံးခုလုံးမှာ သက်ဆိုင်ရာ ကျမ်းစာတွေကို အောင်မြင်အောင် ကျင့်ကြံထားတဲ့သူတွေ ရှိနေပြီ၊ အားလုံးက မင်းတို့အပေါ် မျှော်လင့်ချက်ကြီးနေကြတာ၊ မင်းတို့ အောင်အောင်မြင်မြင် နားလည်သဘောပေါက်နိုင်ပါစေလို့ ငါ တကယ်ပဲ ဆုတောင်းပေးပါတယ်...”
“မဟာရှေးဟောင်းကျမ်းက အရမ်းစွမ်းအားကြီးတယ်လို့ ငါ ကြားဖူးတယ်၊ အကယ်၍ မင်းတို့သာ အောင်မြင်သွားမယ်ဆိုရင် ငါတို့ မြေကမ္ဘာခန်းမရဲ့ မြေကမ္ဘာဧကရာဇ်ကျမ်းက မဟာရှေးဟောင်းကျမ်းထက် နိမ့်ကျသလားဆိုတာ ငါ စမ်းသပ်ကြည့်ချင်သေးတယ်...”
ချင်းယဲ့က သူသည် မြေကမ္ဘာဧကရာဇ်ကျမ်းကို အောင်မြင်အောင် ကျင့်ကြံထားပြီးဖြစ်ကြောင်း ဝူယွမ်တို့ရှေ့တွင် ကြွားဝါလိုက်ခြင်း ဖြစ်သည်။
ဝူယွမ်က ပြုံးလျက် “စီနီယာ ချင်းယဲ့… အားပေးတာ ကျေးဇူးတင်ပါတယ်၊ နားလည်သဘောပေါက်နိုင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ဒါတွေက ကံတရားအပေါ်မှာလည်း မူတည်တယ်၊ တစ်ခါတလေမှာ အားလုံးက ဖြစ်နိုင်တယ်လို့ ထင်နေကြပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ အရာဆိုရင်တော့ အတင်းအကျပ် ယူလို့မရဘူး၊”
“အားလုံးက မဟာရှေးဟောင်းကျမ်းကို လိုချင်ကြပေမဲ့ သူကတော့ ဟိုးအမြင့်မှာ ဂုဏ်ယူ၀ံ့ကြွားစွာ ရှိနေတုန်းပဲ၊ ရရင်တော့ ငါ့ရဲ့ ကံပေါ့၊ မရရင်တော့ ငါ့ရဲ့ ကံကြမ္မာပဲ၊ ဘာမှ အတင်းအကျပ် မလုပ်ဘဲ အကောင်းဆုံးပဲ ကြိုးစားသွားမှာပါ...” ဟု ပြန်လည်ပြောကြားလိုက်သည်။
ဝူယွမ်၏ စကားထဲတွင် ချင်းယဲ့အား အပိုတွေ လိုက်လုပ်မနေရန် သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းဖြစ်သည်။
ချင်းယဲ့၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ ဝူယွမ် ပြောလိုသည့် အဓိပ္ပာယ်ကို သူမည်သို့ နားမလည်ဘဲ နေမည်နည်း။ ဤသည်မှာ မဟာရှေးဟောင်းကျောက်တိုင်ကို ယင်းဟွမ်ဟွမ်နှင့် နှိုင်းယှဉ်လိုက်ခြင်းဖြစ်ပြီး၊ ငယ်သူငယ်ချင်းဖြစ်သော်လည်း ကံမပါလျှင် မရနိုင်ကြောင်း ပြောလိုက်ခြင်းပင်။
ဤညီငယ်လေးမှာ နှုတ်ထွက်အတော်လေး ကြမ်းလှသည်ဟု သူ ခံစားလိုက်ရသည်။ ချင်းယဲ့က ဝူယွမ်ကို ခက်ခဲသော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်လေတော့သည်။
“ဟေး၊ ယုံကြည်မှုလေး ရှိစမ်းပါဦး၊ ကျွန်မက ရှင့်အပေါ် အများကြီး မျှော်လင့်ထားတာ သိလား...” ယင်းဟွမ်ဟွမ်က ဝူယွမ်၏ စကားထဲမှ ဆိုလိုရင်းကို နားမလည်ဘဲ၊ ဝူယွမ်၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။
ဝူယွမ်က နှုတ်ခမ်းဆူကာ “ငါက ယုံကြည်မှုရှိတယ်လို့ ပြောတော့လည်း ကြွားတယ်လို့ ပြောတယ်၊ အခုတော့လည်း ဒီလိုပဲ ပြောပြန်ပြီ...”
“အရင်က ရှင့်အကြောင်း ကျွန်မသိပ်မသိလို့ပါ၊ အခုတော့ ရှင့်ရဲ့ ပါရမီက အတော်လေး ကောင်းတယ်ဆိုတာ ကျွန်မ သိလိုက်ပြီ၊ မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်...” ယင်းဟွမ်ဟွမ်က ရယ်မောကာ ဆိုလိုက်သည်။
“ဒါပေမဲ့ မအောင်မြင်လည်း ဘာမှမဖြစ်ပါဘူး၊ ကျွန်မအစ်မတောင် အဲဒီတုန်းက မအောင်မြင်ခဲ့တာပဲ၊ ရှက်စရာမဟုတ်ဘူး...”
တစ်ချိန်တည်းမှာပင် သူမက ဝူယွမ်ကို နှစ်သိမ့်ပေးလိုက်သည်။
သူမသည် ယခုအခါ ဝူယွမ်အတွက် မသိစိတ်ကပင် စိုးရိမ်ပေးနေပြီး၊ သူ ရှုံးနိမ့်သွားလျှင် စိတ်ဓာတ်ကျမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သူမနှင့် သူမ၏ အစ်မတို့ သီးသန့်ဆွေးနွေးခဲ့ကြရာတွင်၊ ဝူယွမ်သည် စီနီယာ ကျိုးထုံကို ကျော်ဖြတ်ရန် ကြိုးစားနေသူဖြစ်သဖြင့် မဟာရှေးဟောင်းကျမ်းမှာ သူကျော်ဖြတ်ရမည့် တောင်ကြီးတစ်လုံး ဖြစ်သည်ဟု ယူဆထားကြသည်။
အကယ်၍ မကျော်ဖြတ်နိုင်ပါက သူ စိတ်ဓာတ်ကျသွားနိုင်သည်ဟု ထင်နေကြခြင်းပင်။
ယခုတစ်ခေါက်တွင် ယင်းဟွမ်ဟွမ်က ဝူယွမ်အတွက် စိတ်တည်ငြိမ်စေသည့် ဆေးလုံးများကို ယူဆောင်လာပေးခဲ့သည်။
ချင်းယဲ့မှာမူ မနာလိုစရာ ကောင်းလောက်သည့် အပြုအမူများကို ကြည့်နေရရုံသာ တတ်နိုင်တော့သည်။ ဝူယွမ်က ဆုလာဘ်ရရှိပြီးနောက် ယင်းဟွမ်ဟွမ်ကို နိဗ္ဗာန်ဆေးလုံး သန်းငါးရာ ပေးခဲ့သည်ကို သူ သိရှိထားပြီ၊ သူကိုယ်တိုင်ပင် ထိုမျှအထိ မပေးနိုင်ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ဖွင့်လှစ်မည့်အချိန် ရောက်ရှိလာခဲ့သည်။
လေပြင်းခန်းမ၏ နက်ရှိုင်းသောနေရာတွင် အလွန်ကြီးမားလှသော တောင်ထိပ်တစ်ခု ရှိလေသည်။ ထိုတောင်ထိပ်မှာ ခြောက်သွေ့နေပြီး၊ မည်သည့် သစ်ပင်ပန်းမန်မျှ မရှိဘဲ ကန္တာရသဖွယ် အထီးကျန်ဆန်နေခဲ့သည်။
ထိုတောင်ထိပ်၏ အထက်တွင် ဧရာမ ဆေးမြစ်ကြီးတစ်ဆင်း စီးဆင်းနေသည်။ ထိုအချိန်တွင် အမြဲတမ်း အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ဆေးမြစ်မှာ ထူးခြားသော ဖြစ်ရပ်များ ဖြစ်ပေါ်လာလေသည်။
ရုတ်တရက် စီးဆင်းမှုမှာ နှေးကွေးသွားပြီး၊ ဆေးမြစ်ထဲမှ အတိုင်းအဆမရှိသော နိဗ္ဗာန်အရှိန်အဝါများက ကောင်းကင်မှ ကျဆင်းလာကာ တောင်ကြီးကို ရေလောင်းပေးနေသကဲ့သို့ပင်။
နိဗ္ဗာန်အရှိန်အဝါများမှာ ရေကြီးနေသကဲ့သို့ တောင်ကြီးပေါ်သို့ ကျဆင်းလာပြီး တောင်ထိပ်ကို စိုစွတ်သွားစေသည်။
ထိုအခါ တောင်ကြီးမှာ တုန်ခါလာပြီး၊ ကျောက်ခဲများ ပြုတ်ကျကာ တောင်ထိပ်တွင် ဧရာမ အက်ကြောင်းကြီးများ စတင်ပေါ်ပေါက်လာခဲ့သည်။
ဝှစ်... ဝှစ်... ခဏအကြာတွင် လေတိုးသံများနှင့်အတူ လူပေါင်းများစွာ ရောက်ရှိလာကြသည်။ မိနစ်ပိုင်းအတွင်းမှာပင် ကောင်းကင်ယံရှိ တောင်ထိပ်တစ်ခုလုံးတွင် လူပင်လယ်ကြီးသဖွယ် ဖြစ်သွားခဲ့သည်။ အမြဲတမ်း အေးချမ်းနေသော ဤနေရာမှာ ချက်ချင်းပင် စည်ကားသွားခဲ့သည်။
တပည့်ပေါင်းများစွာ ဤနေရာသို့ စုရုံးရောက်ရှိလာကြသည်။
ခန်းမလေးခုလုံးမှ တပည့်များသာမက၊ ခန်းမသခင်များပါ ဤထူးခြားသော ဖြစ်ရပ်ကို ကြည့်ရှုရန် ရောက်ရှိလာကြသည်။
“မဟာရှေးဟောင်းကျောက်တိုင် ပွင့်ပြီ၊ ငါနဲ့ လိုက်ခဲ့ကြ...”
နောက်ဆုံးဝူတောင် ကိုယ်တိုင်ရောက်ရှိလာပြီး ဝူယွမ်နှင့် လင်းတုန်တို့ကို ခေါ်ဆောင်ကာ လေပြင်းခန်းမ၏ အနက်ရှိုင်းဆုံး တောင်ထိပ်သို့ ခေါ်သွားခဲ့သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်၌ လူများ ပြည့်နှက်နေပြီဖြစ်သည်။ တောင်ကြီးမှာ တုန်ခါနေပြီး အက်ကြောင်းကြီး တစ်ခု ပေါ်လာကာ၊ ထိုအက်ကြောင်းထဲမှ မီးခိုးရောင်ရှိ ဧရာမ ကျောက်တိုင်ကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းဆန်ပြီး၊ ကန္တာရဆန်သော အရှိန်အဝါတို့က လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
အားလုံး၏ အကြည့်မှာ တောင်ပေါ်မှ ထွက်ပေါ်လာသည့် အလျားပေတစ်ထောင်ခန့်ရှိသော ဧရာမ အရာဝတ္ထုကြီးပေါ်တွင် ကျရောက်နေခဲ့သည်။ ထိုကျောက်တိုင်ကြီးမှာ တောင်ထိပ်ပေါ်တွင် ခံ့ညားထည်ဝါစွာ ရပ်တည်နေသည်မှာ၊ ရှေးဟောင်း နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင်။
“မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်...”
အားလုံးက ထိုကျောက်တိုင်ကြီးကို အံ့သြမှင်တက်စွာ ကြည့်နေကြပြီး ဖန်ထုံ၊ ဆုန့်ကျိုး၊ ကျန်းဟောင်နှင့် ဖန်းယွမ်တို့မှာ ကျောက်တိုင်အောက်တွင် ရပ်နေကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့လည်း ရောက်ရှ်လာကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။
လေပြင်းခန်းမ၏ တိုက်ရိုက်တပည့်များသာ ဤကျောက်တိုင်ကို နားလည်သဘောပေါက်ရန် ကြိုးစားခွင့် ရှိကြသည်။
သူတို့ ခြောက်ယောက်စလုံးက ကျောက်တိုင်ကြီးအောက်တွင် အလွန်သေးငယ်နေကြသည်။ တောင်ကြီးက တုန်ခါမှု ရပ်တန့်သွားခဲ့ပြီး ကျောက်တိုင်ကြီးမှာ ငြိမ်သက်စွာ ရှိနေခဲ့သည်။
ကျောက်တိုင်၏ မျက်နှာပြင်မှာ ရှေးဟောင်းဆန်သည့် အဝါရောင် ရှိနေပြီး နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် အသွင်ကို ဆောင်နေကာ၊ လေပြင်းခန်းမတစ်ခုလုံး ကန္တာရဆန်သော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေတော့သည်။
တောင်ဂိုဏ်းမှ လူတိုင်းမှာ ဤနေရာသို့ စိုက်ကြည့်နေကြသည်။
မဟာရှေးဟောင်းကျမ်း ပြန်လည်ပေါ်ပေါက်လာမလာ ဆိုသည်မှာ ကျောက်တိုင်ရှေ့ရှိ လူခြောက်ယောက်ပေါ်တွင်သာ မူတည်နေတော့ပေသည်။
လေပြင်းခန်းမ...
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် တည်ရှိရာ တောင်ထိပ်သည် လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေလေပြီ။
ကောင်းကင်ခန်းမမှ ယင်းရှောင်ရှောင်၊ မြေကမ္ဘာခန်းမမှ ချင်းရဲ့နှင့် အသိပညာခန်းမမှ မုလိ စသည့် အခြားခန်းမကြီးသုံးခုမှ ပါရမီရှင်များအားလုံး လာရောက်လေ့လာကြသည်ဖြစ်ရာ ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။
တောင်ဂိုဏ်း၏ အထက်တန်းလွှာများဖြစ်ကြသော ဂိုဏ်းချုပ် ယင်းရွှမ်းဇီ၊ အကြီးအကဲများနှင့် ခန်းမသခင်များအားလုံးသည်လည်း မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေကြ၏။
ချန်ကျန်းနှင့် ဝူတောင်တို့သည် တောင်ထိပ်ပေါ်တွင်ရပ်ကာ အခြေအနေကို ကြီးကြပ်နေကြသည်။ လေပြင်းခန်းမ၏ တိုက်ရိုက်အဓိကတပည့် ခြောက်ဦးသည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အနီးသို့ ကပ်သွားကြပြီဖြစ်သည်။
“စကြစို့...”
ချန်ကျန်းက မိုးထိအောင် မြင့်မားသော ကျောက်တိုင်ကြီးကို အလေးအနက် ကြည့်ရင်း ဆိုလိုက်သည်။
“မှတ်ထားကြ... အတင်းအကျပ် မလုပ်ကြနဲ့၊ ကိုယ့်ကိုကိုယ် မနိုင်ဝန် မထမ်းမိစေနဲ့၊ မဟာရှေးဟောင်းကျမ်းက စွမ်းအားကြီးပေမယ့် အစွမ်းအထက်ဆုံးက ကိုယ်ပိုင်စွမ်းအားပဲ ...”
“ဟုတ်ကဲ့ပါ... ခန်းမသခင်...”
ဝူယွမ်နှင့် အခြားငါးဦးက အရိုအသေပေးကာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အနီးသို့ တိုးကပ်သွားကြသည်။ ဖန်ထုံနှင့် အခြားသူများမှာ ယခင်က ကြိုးစားဖူးကြသဖြင့် ကျွမ်းကျင်စွာပင် ထိုင်ချလိုက်ပြီး ကျောက်တိုင်ကြီးနှင့် စတင်အချိတ်အဆက် ပြုလုပ်ကြတော့သည်။
ဝူယွမ်သည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှ ထွက်ပေါ်လာသော ကြီးမားကျယ်ပြန့်သည့် ကန္တာရစွမ်းအင်ကို ခံစားလိုက်ရပြီး ရှေးဟောင်းဆန်ကာ အဆုံးအစမဲ့သော နယ်မြေတစ်ခုဆီသို့ ပြန်ရောက်သွားသကဲ့သို့ စိတ်အာရုံတွင် ထင်ဟပ်လာသည်။
ရုတ်တရက်ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ထဲရှိ မဟာရှေးဟောင်းကျောက်တိုင်ဆီမှ မသိမသာ တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျောက်တိုင်ဝိညာဉ် က စိတ်ချင်းဆက်သွယ်ကာ အသိပေးလိုက်၏။