အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
(၂၂၃) - မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ပွင့်ပြီ၊ မဟာရှေးဟောင်းကျမ်း(၂)
“သခင်... ဒီ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ကျွန်တော့်အတွက် ရင်းနှီးနေသလိုပဲ၊ ပြီးတော့ ကမ္ဘာခြားနတ်ဆိုးအငွေ့အသက်တချို့လည်း ရောနေတယ်...”
ထိုအချိန်တွင် အနီးနား၌ ရပ်နေသော လင်းတုန်သည်လည်း ပုံမှန်မဟုတ်သော တုန်ခါမှုကို အာရုံခံမိလိုက်သဖြင့် သားငယ်အိမ်များ ကျုံ့သွားသည်။ သူသည် ရှေးဦးစွာ ကျောက်တိုင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူယွမ်ဘက်သို့ လှည့်ကာ အံ့အားသင့်စွာဖြင့် စိတ်ချင်းဆက်သွယ် ပြောဆိုလိုက်သည်။
“အစ်ကိုကြီး... ကျောက်လက်ဖွဲ့က တုံ့ပြန်နေတယ်၊ ဒီ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ကျောက်လက်ဖွဲ့နဲ့ ဆက်စပ်မှုရှိပုံပဲ...”
“စိတ်မလှုပ်ရှားနဲ့... ဒါတွေက ရှေးပဝေသဏီကတည်းက တည်ရှိခဲ့တဲ့ နတ်ဘုရားပစ္စည်းတွေမို့ သူတို့မှာ ကိုယ်ပိုင် လက်နက်ဝိညာဉ်တွေ ရှိကြတယ်၊ အရင်က သူတို့အချင်းချင်း မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာနေမယ်...”
ဝူယွမ်က နှစ်သိမ့်စကား ဆိုလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါက ကောင်းတဲ့ကိစ္စပဲ... အချိတ်အဆက် ရှိနေတယ်ဆိုရင် ငါတို့ဘက်က ကြိုးကိုင်လို့ရနိုင်မယ့် အခွင့်အရေးရှိတာပေါ့၊ ဒီအချက်ကို သုံးပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ရဲ့ ကျောက်တိုင်ဝိညာဉ်နဲ့ ဆက်သွယ်နိုင်ရင် မဟာရှေးဟောင်းကျမ်းကို ငါတို့ ရကောင်းရနိုင်တယ်...”
“ဒါပေမဲ့ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ရဲ့ အခြေအနေက သိပ်ကောင်းပုံမရဘူး၊ မဟာရှေးဟောင်းကျောက်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရပုံပဲ... နှစ်ခုစလုံးက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ညစ်ညမ်းမှုကို ခံထားရတယ်...”
ဝူယွမ်၏ အကြည့်များသည် အခြားသူများ သတိမထားမိနိုင်သော ကျောက်တိုင်ပေါ်ရှိ မသိမသာ ပြောင်းလဲမှုအချို့အပေါ် အာရုံစိုက်လိုက်သည်။
ကြီးကျယ်ခမ်းနားသော ကျောက်တိုင်ကြီး၏ မျက်နှာပြင်သည် အချိန်ကာလ၏ တိုက်စားမှုကြောင့် ဝါဖျော့နေပြီး ချိုင့်ခွက်များနှင့် ပိုးမွှားကိုက်ရာကဲ့သို့ အက်ကွဲကြောင်းငယ်များ ပြည့်နှက်နေသည်။ သို့သော် ကျောက်တိုင်ကြီးတစ်ခုလုံးနှင့် ယှဉ်လျှင် ထိုအရာများက ကြီးမားသော ပြဿနာတစ်ခုဟု မထင်ရပေ။
သို့သော် သေချာစွာ ဂရုစိုက်ကြည့်ရှုပါက ကြမ်းတမ်းသော မျက်နှာပြင်ပေါ်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အနက်ရောင် အစက်အပျောက်ငယ်များကို တွေ့မြင်နိုင်သည်။
လင်းတုန်သည်လည်း ထိုအနက်ရောင်အစက်များကို သတိထားမိသွားသည်။ သူသည် လက်ကိုဆန့်ကာ ထိုနေရာကို ထိလိုက်သောအခါ အလွန်အမင်း အေးစက်ပြီး ထူးဆန်းသော တုန်ခါမှုတစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ထိုတုန်ခါမှုသည် ရေခဲတမျှ အေးစက်နေပြီး အသက်ဓာတ်ကင်းမဲ့ကာ ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်းကို ဖျက်ဆီးပစ်လိုသော ထူးဆန်းသည့် ရက်စက်ကြမ်းကြုတ်မှုမျိုး လျှို့ဝှက်ပါဝင်နေသည်။
လင်းတုန်သည် ရုတ်တရက် လက်ချောင်းကို ပြန်ရုတ်လိုက်မိပြီး မျက်နှာ သွေးဆုတ်ဖြူရော်သွားကာ ထိုအနက်ရောင်အစက်များကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။
“အစ်ကိုကြီး... ဒါ မဟာရှေးဟောင်းကျောက်တိုင်ထဲက ကမ္ဘာခြားနတ်ဆိုးအငွေ့အသက်တွေပဲ...”
လင်းတုန်က တုန်လှုပ်စွာဖြင့် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
“ဒီ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲမှာလည်း ကမ္ဘာခြားနတ်ဆိုးဘုရင်တစ်ပါး အပိတ်လှောင်ခံထားရပုံပဲ...”
“အင်း... ဖြစ်နိုင်တယ်၊ ကြည့်ရတာ ဒီကျောက်တိုင်ကြီးရဲ့ အခြေအနေက ငါ့ဆီက မဟာရှေးဟောင်းကျောက်တိုင်ထက်တောင် ပိုဆိုးနေပုံရတယ်၊ အဆင်သင့်ပြင်ထား... သူ့ရဲ့ ကျောက်တိုင်ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြမယ်...”
ဝူယွမ် ခေါင်းညိတ်ပြလိုက်သည်။ သူက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ အခြေအနေကို ကြိုတင်သိရှိပြီးသားပဲဖြစ်လေသည်။
သူသည် မဟာရှေးဟောင်းကျမ်းကို ရရှိရန် ယုံကြည်ချက်ရှိနေခြင်းမှာ ဤအချက်ကြောင့်ပင်။
ကျောက်တိုင်ဝိညာဉ်နှင့်သာ ဆက်သွယ်နိုင်ပါက မဟာရှေးဟောင်းကျမ်းကို ပေးအပ်ရန် ဖျောင်းဖျနိုင်မည်ဟု ယုံကြည်ထားသည်။
ဝူယွမ်နှင့် လင်းတုန်တို့က ခြေချိတ်ထိုင်လိုက်ကြသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ချန်ကျန်းက လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ ကြီးမားသော လေပြင်းစွမ်းအင်များ ထွက်ပေါ်လာကာ နောက်ဆုံးတွင် ကောင်းကင်ကို ဖြတ်သန်းသွားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောက်တိုင်ကြီး၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။
ချန်ကျန်း၏ စွမ်းအင်ကို လက်ခံရရှိပြီးနောက် ကျောက်တိုင်ကြီးသည် တဝုန်းဝုန်း မြည်ဟည်းကာ တုန်ခါသွားပြီး အဝါရောင်ရင့်ရင့် အလင်းတန်းများ ဖြာထွက်လာကာ နောက်ဆုံးတွင် ကျောက်တိုင်ရှေ့ရှိ ဝူယွမ်အပါအဝင် လူခြောက်ဦးကို လွှမ်းခြုံသွားလေသည်။
ရင်းနှီးနေသော ခံစားမှုမျိုး ပြန်လည်ရောက်ရှိလာခဲ့သည်။ ဝူယွမ်၏ ကိုယ်ခန္ဓာ ရုတ်တရက် တုန်ခါသွားပြီး ကျောက်တိုင်မျက်နှာပြင်မှ တွန်းလှန်၍မရသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူ၏ အသိစိတ်များ ဝေဝါးလာပြီး အမြင်အာရုံများ လျင်မြန်စွာ မှောင်မိုက်သွားတော့သည်။
အလင်းတန်းများ လွှမ်းခြုံထားသော အလင်းတိုင်ကြီးအတွင်း၌ ဝူယွမ်နှင့် အခြားငါးဦး၏ ခန္ဓာကိုယ်များမှာ မလှုပ်မယှက် ကျန်ရှိနေခဲ့သော်လည်း သူတို့၏ ဝိညာဉ်များမှာမူ ခန္ဓာကိုယ်မှ ထွက်ခွာသွားကြလေပြီ။
“အစ်မ... မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ရဲ့ စမ်းသပ်မှုက ဘာလဲဟင်...”
ယင်းဟွမ်ဟွမ်က ကောင်းကင်ထက်မှနေ၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူမ၏ ဘေးတွင် ချင်းရဲ့၊ မုလိနှင့် အခြား တိုက်ရိုက်အပည့်တော်များကလည်း ယင်းရှောင်ရှောင်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
လေပြင်းခန်းမမှ တိုက်ရိုက်အဓိကတပည့်များမှလွဲ၍ ယင်းရှောင်ရှောင်ကဲ့သို့ အခွင့်ထူးခံ ပါရမီရှင်တစ်ဦးသာလျှင် မဟာရှေးဟောင်းကျမ်းကို ဉာဏ်အလင်းပွင့်ရန် အခွင့်အရေး ရဖူးသည်။
ယင်းရှောင်ရှောင်၏ သွယ်လျသော မျက်ခုံးတန်းလေး အနည်းငယ် တွန့်ချိုးသွားပြီး သူမ၏ မျက်ဝန်းများတွင် ငေးငိုင်မှုအချို့ ဖြစ်ပေါ်လာကာ ကျောက်တိုင်ကြီးကို စိုက်ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
“ဒီကျောက်တိုင်ကြီးကိုယ်တိုင်က အလွန်စွမ်းအားကြီးတဲ့ အင်အားကို ပိုင်ဆိုင်ထားတာ... ကျောက်တိုင်ကြီးကို ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားသူတိုင်း သူ့ရဲ့ အတွင်းပိုင်းနယ်မြေထဲကို စုပ်ယူခံရလိမ့်မယ်၊ အဲဒီနေရာမှာ အဆုံးအစမဲ့တဲ့ ကန္တာရနယ်မြေကြီး ရှိတယ်၊ အဆုံးသတ်မရှိဘူး... အသက်ဓာတ်မရှိဘူး... ကန္တာရဆန်မှုတွေပဲ ရှိတယ်...”
“ဒါဆို ဘာကို စမ်းသပ်တာလဲ၊ အစ်မတုန်းက ဘယ်လိုလုပ်ခဲ့တာလဲ...” ချင်းရဲ့ကလည်း တွေးတောရင်း မေးလိုက်သည်။
“ငါက စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူးလေ၊ ဒါကြောင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က နောက်ဆုံးမှာ ဘာလိုချင်လဲဆိုတာ ငါ နားမလည်ခဲ့ဘူး၊ ငါကတော့ နေရာတစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေဖို့ပဲ ရွေးချယ်ခဲ့တယ်...”
ယင်းရှောင်ရှောင်က ခေါင်းခါရင်း ထိုကန္တာရနယ်မြေထဲတွင် ကုန်ဆုံးခဲ့ရသည့် နေ့ရက်များကို ပြန်ပြောင်းသတိရမိသည်။ အမှန်ပင် ခက်ခဲလှပြီး အဓိကပြဿနာမှာ ဘာလုပ်ရမှန်း လုံးဝမသိခြင်းပင် ဖြစ်သည်။
“မဟာရှေးဟောင်းကျမ်းက တကယ်ကို နားလည်သဘောပေါက်ဖို့ မလွယ်ကူဘူး၊ ငါတို့ တောင်ဂိုဏ်းကို ဒီနေရာမှာ တည်ထောင်ခဲ့တာကလည်း ဒီကျောက်တိုင်ကြီးကို ရှာဖွေတွေ့ရှိခဲ့လို့ပဲ၊ ဒီကျောက်တိုင်က သာမန်မဟုတ်တဲ့ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားတယ်၊ အရင်က အကြီးအကဲတွေ အများကြီး ကြိုးစားခဲ့ဖူးပေမယ့် ဘယ်သူမှ မရွှေ့နိုင်ခဲ့သလို ဖွင့်လှစ်မယ့်အချိန်ကိုလည်း မထိန်းချုပ်နိုင်ခဲ့ကြဘူး၊ မဟာရှေးဟောင်းကျမ်းကိုသာ အလွယ်တကူ နားလည်နိုင်ခဲ့မယ်ဆိုရင် ယွမ်ဂိတ်ကို ငါတို့ ကျော်တက်သွားနိုင်တာ ကြာလှပြီ...”
“သူတို့ကို စောင့်ကြည့်ကြတာပေါ့၊ အံ့အားသင့်စရာတွေ ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...”
ယင်းရှောင်ရှောင်သည် ဝူယွမ်နှင့် လင်းတုန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် မျှော်လင့်ချက်အရှိဆုံး သူများဖြစ်ကြောင်း သူမ ဝန်ခံရမည်ပင်...
ဝူယွမ်သည် မှုန်ဝါးသော မီးခိုးရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးသည် အဆုံးအစမဲ့ ကျယ်ပြန့်သော ကန္တာရမြေကြီး ဖြစ်သည်။ မြေပြင်သည် မီးခိုးရောင်သမ်းကာ ဝါဖျော့နေပြီး ရံဖန်ရံခါ ခြောက်သွေ့သော မြက်ပင်များ ရှိသော်လည်း သက်ရှိဟူ၍ အရိပ်အယောင်မျှ မတွေ့ရပေ။ အဆုံးမဲ့ အက်ကွဲကြောင်းများသာ မြေပြင်အနှံ့ ဖြာထွက်နေသည်။
ဤမြင်ကွင်းက ဝူယွမ်အတွက် အနည်းငယ် ရင်းနှီးနေပြီး မဟာကန္တာရ မိစ္ဆာမျက်လုံး၏ ဝိညာဉ်ကမ္ဘာနှင့် ဆင်တူနေသည်။
ဝူယွမ်၏ သေးငယ်သော ပုံရိပ်သည် ဤကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင် ရပ်နေပြီး သူ့ကို အဝါရောင်မြေမှုန့်အဖြစ် ပြောင်းလဲကာ ဤနေရာတွင် ထာဝရ မြှုပ်နှံပစ်ချင်သကဲ့သို့ ခံစားရစေသော ကန္တာရဆန်မှုက သူ့ကို အသက်ရှူကျပ်စေသည်။
“ဘယ်လို ဖြေရှင်းရမလဲ...”
ဝူယွမ် စဉ်းစားရခက်နေခဲ့သည်။ ဤနေရာက မည်သည့်ဘက်သို့ သွားသည်ဖြစ်စေ အတူတူပင် ဖြစ်ပုံရသည်။
အခြားတစ်ဖက်တွင်မူ လင်းတုန်သည်လည်း အလားတူ ပတ်ဝန်းကျင်တွင် ရောက်ရှိနေသည်။ သူ သက်ပြင်းမချဘဲ မနေနိုင်တော့။
ဤတစ်ကိုယ်တည်း ဆိတ်ငြိမ်မှုက ဝူယွမ်ထက်ပင် သူ့အတွက် ပို၍ ရင်းနှီးနေသေးသည်။ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို သန့်စင်စဉ်ကနှင့် ဆင်တူလှသည်။
“ဟူး... သွားကြတာပေါ့...”
တုံ့ဆိုင်းမနေဘဲ လင်းတုန်က ခြေလှမ်းစတင်ရန် ရွေးချယ်လိုက်သည်။ သူ့နာမည်နှင့် လိုက်ဖက်စွာပင် သူသည် စောင့်ဆိုင်းရသည်ကို နှစ်သက်သူ မဟုတ်။ ဘာမျှမရှိလျှင်ပင် သူ ရွေ့လျား နေမည်။
အဆုံးအစမဲ့သော ကန္တာရကမ္ဘာတွင် လင်းတုန်သည် ဦးတည်ချက်တစ်ခုကို ကျပန်းရွေးချယ်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ချီတက်သွားတော့သည်။
ခေတ္တမျှ တွေးတောပြီးနောက် ဝူယွမ်သည် လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း မပြုဘဲ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူ ကျင့်ကြံသော သိုင်းပညာမှာ ‘မဟာရှေးဟောင်း ဧကရာဇ်ကျမ်း’ ဖြစ်သည်။ သူသည် ဤနေရာ၌ မဟာရှေးဟောင်း ဧကရာဇ်ကျမ်းထဲရှိ သိုင်းပညာများကို နှံ့စပ်အောင် လေ့ကျင့်ရန် ကြံရွယ်လိုက်သည်။
ဇာတ်လမ်းကို ကြိုသိနေသူ တစ်ယောက်အနေဖြင့် လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း သို့မဟုတ် အခြားအရာများ လုပ်ဆောင်ခြင်းသည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ စမ်းသပ်မှုနှင့် သိပ်မဆိုင်ကြောင်း သူသိထားသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် လိုချင်သည်မှာ ကြီးမားသော ပါရမီရှိပြီး သူ ဖိနှိပ်ထားသော ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ရင်ဆိုင်နိုင်မည့် အလားအလာရှိသူ ပါရမီရှင်မျိုး ဖြစ်သည်။
သူတို့ကို ကျောက်တိုင်ကမ္ဘာထဲသို့ ဝင်ခွင့်ပေးလိုက်ခြင်းမှာ သူတို့၏ စစ်မှန်သော အလားအလာနှင့် ပါရမီကို လေ့လာစောင့်ကြည့်ရန် ဖြစ်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် သဘောကျစေရန် သူ့စိတ်ကို လှုပ်ရှားစေနိုင်မည့် စွမ်းအားကို ထုတ်ဖော်ပြသရပေမည်။
မဟာရှေးဟောင်း ဧကရာဇ်ကျမ်းကို ‘မဟာရှေးဟောင်းဧကရာဇ်’ က ဖန်တီးခဲ့ပြီး မဟာရှေးဟောင်းဧကရာဇ်နှင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ဝိညာဉ်တို့က မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ဝူယွမ်က မဟာရှေးဟောင်း ဧကရာဇ်ကျမ်းကို ကျင့်ကြံပြခြင်းဖြင့် သူသည် မိတ်ဟောင်းဆွေဟောင်းတစ်ဦး၏ အမွေဆက်ခံသူဖြစ်ကြောင်း ကျောက်တိုင်ကြီးကို ပြသလိုခြင်း ဖြစ်သည်။
သူ ကျောက်တိုင်ကြီးကို ပြောပြချင်သည်မှာ... ‘ကြည့်စမ်းပါဦး... မင်းရဲ့ အစ်ကိုတော် မဟာရှေးဟောင်းဧကရာဇ်က ငါ့ကို အထင်ကြီးပြီး သူ့အမွေတွေ ပေးခဲ့တယ်လေ၊ မင်းကော ငါ့အပေါ် ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ဘူးလား...’ ဟူ၍ဖြစ်သည်။
၂၂၄) - ရှေးဟောင်းကျောက်တိုင်ဝိညာဉ်နှင့် သဘောတူညီချက်ရယူခြင်း(၁)
မဟာရှေးဟောင်း ဧကရာဇ်ကျမ်း အပြင် ဝူယွမ်က ကစဉ်ကလျားသန္ဓေသားကိုလည်း ထုတ်ဖော်ပြသကာ ၎င်း၏ စွမ်းအားကြီးမားသော ဝါးမျိုခြင်းစွမ်းအား၊ လေစွမ်းအား၊ မိုးကြိုးစွမ်းအား၊ ဝိညာဉ်စုစည်းခြင်း၊ ချိတ်ပိတ်ခြင်း စသည့် စွမ်းအားများကို ပြသလိုက်သည်။ ကစဉ်ကလျားသန္ဓေသားပေါ်တွင် တစိတ်တပိုင်း ရေးထိုးထားပြီးဖြစ်သော မူလရူန်းများစွာ၏ စွမ်းအားများကိုလည်း ဝူယွမ် ထုတ်သုံးပြလိုက်သည်။
ပြီးပြည့်စုံသော ဝါးမျိုခြင်းရူန်း အပါအဝင် ပြီးပြည့်စုံလုနီးပါးဖြစ်သော မိုးကြိုး၊ လေ၊ မီး နှင့် အခြား ရူန်းများကို သူ ကျင့်ကြံထားပြီးကြောင်း ကျောက်တိုင်ကြီး မြင်အောင် ပြသလိုက်ခြင်းပင်။
ထို့အပြင် သူ၏ ဝမ်းဗိုက်အောက်ရှိ စကြဝဠာရှေးဟောင်းအစီအရင်၏ စွမ်းအားများကို ပေါင်းစပ်နိုင်သည့် နည်းလမ်းကိုပါ ထုတ်ဖော်လိုက်သည်။
ဝူယွမ်သည် ဤ မဟာရှေးဟောင်းကျမ်း ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကို အင်တာဗျူးတစ်ခုသဖွယ် သဘောထားပြီး သူ၏ အရည်အချင်းများကို အကုန်အစင် ထုတ်ပြနေခြင်း ဖြစ်သည်။
ယွမ်စွမ်းအင်၊ ဝိညာဉ်စွမ်းအင်၊ ပေါင်းစပ်စွမ်းအား၊ သိုင်းပညာ သို့မဟုတ် ဝိညာဉ်နည်းစနစ်များ ဘက်တွင်ဖြစ်စေ သူသည် ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြနေသည်။
သူ၏ စွမ်းအားကြီးမားသော ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ အပါအဝင် ကျောက်တိုင်ကြီးအနေဖြင့် ထိုအရာများကို အာရုံခံနိုင်မည်ဟု သူ ယုံကြည်သည်။
ထို့အပြင် မကျင့်ကြံမှီက ဝူယွမ်သည် သူ၏ မဟာရှေးဟောင်းကျောက်တိုင်ကို တမင်တကာ ဖွင့်ပေးထားပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အား ထိုကျောက်တိုင်ငယ်၏ အတွင်းပိုင်းအခြေအနေကို စူးစမ်းခွင့် ပေးထားခဲ့သည်။ ထို့ပြင် ဝူယွမ်နောက်သို့ လိုက်ပါက အနာဂတ်တောက်ပမည်ဖြစ်ကြောင်း ကျောက်တိုင်ဝိညာဉ်အချင်းချင်း ဖျောင်းဖျပြောဆိုရန် ‘ကန္တာရတိမ်တိုက်’ ကိုလည်း အထူးမှာကြားထားခဲ့သည်။
ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ဝူယွမ်က ကျင့်ကြံခြင်းတွင်သာ နှစ်မြှုပ်ထားလိုက်တော့သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်နှင့် မဟာရှေးဟောင်းဧကရာဇ်တို့အကြား အမှန်တကယ် ဆက်နွှယ်မှု ရှိနေသောကြောင့်လား မသိ၊ ဤနေရာ၌ မဟာရှေးဟောင်း ဧကရာဇ်ကျမ်းကို ကျင့်ကြံရသည်မှာ အလွန် သဘာဝကျပြီး ချောမွေ့နေကာ သူ ဖွဲ့စည်းလိုက်သော မဟာရှေးဟောင်းဧကရာဇ် သိုင်းဝိညာဉ်များသည်လည်း သိသိသာသာ ခိုင်မာတောင့်တင်းလာသည်။
ဝူယွမ်သည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသော စွမ်းအားတစ်ခု ရှိနေကြောင်း မသိမသာ အာရုံခံမိနေပြီဖြစ်သည်။
သို့သော် ဝူယွမ်သည် အလျင်မလိုဘဲ ဆက်လက်ကျင့်ကြံနေလိုက်သည်။ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် သူ့ထက် ပို၍ စိတ်လှုပ်ရှားနေမည်ဟု သူ ယုံကြည်ထားသောကြောင့်ပင်။
အပြင်ဘက် အလင်းတိုင်ကြီး အတွင်း၌ ဝူယွမ်၏ ရင်ဘတ်တွင် ဝတ်ဆင်ထားသော မဟာရှေးဟောင်းကျောက်တိုင် အသေးစားလေးသည် ဖျော့တော့သော အလင်းရောင်များ ထုတ်လွှတ်နေပြီး အားနည်းသော တုန်ခါမှုတစ်ခု ပျံ့နှံ့သွားသည်။
မည်သူမျှ မမြင်လိုက်သော်လည်း အော်ရာအငွေ့အသက်တစ်မျှင်က မဟာရှေးဟောင်းကျောက်တိုင်ငယ် အတွင်းသို့ ဝင်ရောက်သွားလေပြီ။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာ
ကျောက်တိုင်ဝိညာဉ် ဖြစ်သောကြောင့် ‘ကန္တာရတိမ်တိုက်’ သည် ပြင်ပမှ ဧည့်သည် ရောက်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်သည်။
သူသည် စိမ်းလန်းသော သစ်ကိုင်းတစ်ကိုင်းကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်သို့ ထိုးတက်သွားပြီး ဝူယွမ်နှင့် တူညီသော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းပေါ်တွင် ရပ်လိုက်သည်။
ကန္တာရတိမ်တိုက်၏ ရှေ့တွင် ဝါညစ်ညစ် အလင်းအစုအဝေးတစ်ခု ရှိနေလေသည်။ ကန္တာရတိမ်တိုက်ကို မြင်သောအခါ ထိုအလင်းအစုအဝေးက စတင်သိပ်သည်းလာပြီး အိုမင်းသော ပုံရိပ်တစ်ခု အဖြစိဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
ထိုအဘိုးအိုက ဆံပင်များ တစ်ခေါင်းလုံးဖြူနေပြီး မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိလေသည်။ ဝူယွမ်၏ ပုံသဏ္ဌာန်ကို ဖန်တီးထားသော ကန္တာရတိမ်တိုက်ကို ကြည့်ရင်း အရာရာ ပြောင်းလဲသွားပြီဟူကာ လွမ်းဆွတ်မှုကို မခံစားဘဲ မနေနိုင်တော့ပေ။
မဟာရှေးဟောင်းကျောက်တိုင်၏ မူလ ကျောက်တိုင်ဝိညာဉ်သည် ယခင်က မဟာရှေးဟောင်းဧကရာဇ်နှင့် တူညီသော ပုံစံရှိခဲ့သည်။ ယခု ပြန်တွေ့ရသောအခါ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ ပြောင်းလဲသွားခဲ့လေပြီ။
လူဟောင်းတွေ မရှိကြတော့ချေ...
“ကောင်လေး... ငါ့ကို မှတ်မိသေးလား...”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ကျောက်တိုင်ဝိညာဉ်က မေးလိုက်သည်။
“ကျွန်တော် ခင်ဗျားကို သိတယ်... ဒါပေမဲ့ သေချာတော့ မမှတ်မိတော့ဘူး...”
ကန္တာရတိမ်တိုက်က အနည်းငယ် ဇဝေဇဝါဖြစ်နေပြီး ဤအဘိုးအိုကို ရင်းနှီးသည်ဟု ခံစားရသော်လည်း ပြန်မမှတ်မိနိုင်ဖြစ်နေသည်။
သူတို့ အချင်းချင်း အလွန်ရင်းနှီးခဲ့ပုံရသည်။
ကန္တာရတိမ်တိုက်က ဆက်ပြောသည်။ “စီနီယာ... ကျွန်တော် တော်တော်ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့ဖူးတယ်၊ အဲဒါကြောင့် မှတ်ဉာဏ်အများစုက မရှင်းလင်းတော့ဘူး၊ သခင်အသစ်ရဲ့ ကမ္ဘာဦးသစ်ပင်က ကုသပေးလို့ အခုလို ပြန်ကောင်းလာတာပါ...”
“ကမ္ဘာဦးသစ်ပင်...?”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ဝိညာဉ်သည် ရှေးဟောင်းကျောက်တိုင်နယ်မြေ တစ်ခုလုံးနီးပါးကို နေရာယူထားသော စိမ်းလန်းစိုပြေသည့် သစ်ပင်ကြီးကို အံ့သြစွာ ကြည့်လိုက်သည်။
ဤသစ်ပင်သည် သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ့ကိုပင် တပ်မက်ချင်စိတ် ဖြစ်ပေါ်စေသော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။
“လောကကြီးမှာ ဒီလို နတ်ဘုရားပစ္စည်းမျိုး ရှိနေသေးမယ်လို့ ငါ ထင်မထားခဲ့ဘူး...”
“မင်းက မူလပုံစံ မဟုတ်တော့ဘူးပဲ၊ ဒီ ကမ္ဘာဦးသစ်ပင်နဲ့ မဟာရှေးဟောင်းကျောက်တိုင်ကို မင်း ပေါင်းစပ်လိုက်တာကိုး... ကြည့်ရတာ ဒီ မဟာရှေးဟောင်းကျောက်တိုင်က ကြီးထွားနိုင်စွမ်း ရှိနေသေးပုံပဲ၊ ငါ့ကို ကျော်တက်သွားဖို့ နှစ်တွေ သိပ်ကြာတော့မယ် မထင်ဘူး...”
“မင်း ‘ကျောက်တိုင်ပေါက်စ’ ဘဝတုန်းက ငါက မင်းကို ဖန်တီးခဲ့ပြီး နောက်တော့ ဟိုကောင်လေး ‘၀မ့်လွန်ဘုရင်’ ဆီ လက်ဆောင်ပေးခဲ့တာ မင်း သိလား...”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဝိညာဉ်က အတိတ်ကို လွမ်းဆွတ်ရင်း ခေါင်းခါလိုက်သည်။ ဤကမ္ဘာကြီး၏ ပြောင်းလဲမှုများက မြန်ဆန်လွန်းသည်။ သူ၏ ယခင် ‘သား’ ဖြစ်သူသည် ယခုအခါ အရွယ်ရောက်လာပြီး သူ့ကိုပင် ကျော်တက်ကာ ထိပ်တန်း နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်လာမည့် အလားအလာကို ပြသနေသည်။
“မင်း ဒဏ်ရာ အပြင်းအထန် ရထားတာကို ကြည့်ရင်... ဟိုကောင်လေး မရှိတော့ဘူးပေါ့...”
“သခင်ဟောင်းက တိုက်ပွဲမှာ ကျဆုံးခဲ့တာပါ...”
ကန္တာရတိမ်တိုက်သည် ဤအမည်မသိ ‘ဖခင်’ ကို မည်သို့ ရင်ဆိုင်ရမည်မသိ ဖြစ်နေပြီး လက်ရှိအခေညအနေနှင့် နေသားမကျ ဖြစ်နေခဲ့သည်။
“မင်းရဲ့ သခင်သစ် နာမည်က ဘယ်သူလဲ... သူ့အကြောင်း ငါ့ကို ပြောပြပါဦး...”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဝိညာဉ်က ဝူယွမ်၏ အခြေအနေကို စုံစမ်းလိုက်သည်။
သိသာထင်ရှားစွာပင် ဝူယွမ်သည် သူ၏ အာရုံစိုက်မှုကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီဖြစ်သည်။
“ကျွန်တော့် သခင်သစ်က အရမ်းတော်တယ်... သူက အရမ်းကို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ လူတစ်ယောက်ပဲ၊ သူက သာမန်မဟုတ်တဲ့ ကံတရားကို ပိုင်ဆိုင်ထားပြီး စွမ်းအားကြီးတဲ့ အခွင့်အရေးတွေကို မကြာခဏ ရရှိတတ်တယ်...”
ကန္တာရတိမ်တိုက်သည် ဝူယွမ်၏ ယခင် မှာကြားချက်အတိုင်း ဝူယွမ်၏ မယုံနိုင်စရာကောင်းသော အချက်အလက်အချို့ကို ပြောပြလိုက်ပြီး ကံကောင်းခြင်းများနှင့် ပြည့်စုံကာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိသူသဖွယ် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုကို ဖန်တီးပေးလိုက်သည်။
“သူက အသစ်မွေးဖွားလာတဲ့ ‘ကမ္ဘာ့သားတော်’ များ ဖြစ်နေမလား...”
နားထောင်ပြီးနောက် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဝိညာဉ်က တွေးလိုက်မိသည်။ သူ့အမြင်တွင် ကမ္ဘာ့သားတော်သာလျှင် ဤကဲ့သို့ ကံတရား၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဖြစ်သည်။
“စီနီယာ... ဒီဥက ဘာလဲဆိုတာ ခင်ဗျား သိလား...”
ကန္တာရတိမ်တိုက်က သစ်ကိုင်းတစ်ခုကို အသုံးပြုပြီး ရွှေရောင်ဥကြီးကို လှိမ့်ကာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဝိညာဉ်ကို ပြလိုက်သည်။
ထိုကိစ္စကလည်း ဝူယွမ် သူ့ကို ပေးထားသော တာဝန်များထဲမှ တစ်ခုဖြစ်သည်။ ဤရွှေဥသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေခဲ့ပေမဲ့ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကဲ့သို့ ရှေးဟောင်း နတ်ဘုရားပစ္စည်းတစ်ခုအနေဖြင့် ယင်းအကြောင်းကို သိလိမ့်မည်ဟု ဝူယွမ် ယူဆထားလေသည်။
“ဒါက...”
ရွှေဥကို မြင်လိုက်ရသောအခါ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဝိညာဉ်မှာ အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ သူသည် ချက်ချင်း အနားသို့ တိုးသွားပြီး ဥပေါ်ရှိ ရှုပ်ထွေးသော ပုံစံများကို သေချာစွာ ကြည့်ရှုကာ ၎င်းမှ ထွက်ပေါ်နေသော အော်ရာကို အာရုံခံမိလိုက်သည်။
“ဒါ အဲဒီအရာပဲ ဖြစ်ရမယ်...”
“ဒီအရာ ရှိနေသေးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...”
“သူက ပိုပြီး အစွမ်းထက်တဲ့ ကမ္ဘာဘက်ကို ရောက်သွားသင့်တာ မဟုတ်ဘူးလား...”
“ဒီကမ္ဘာမှာ မရှိတော့ဘူးလို့ ငါ ထင်ထားတာ... မထင်မှတ်ထားဘူးကွာ...”
“ဒီအရာကို ရထားတယ်ဆိုတော့ မင်းရဲ့ သခင်သစ်က သေချာပေါက် ‘ကမ္ဘာ့သားတော်’ ပဲ နေမှာ...”
ရွှေဥသည် ကြီးမားသော ဇာစ်မြစ်တစ်ခု ရှိနေသကဲ့သို့ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဝိညာဉ်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
သူပြောသည့် စကားများကြောင့် ကန္တာရတိမ်တိုက်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။
“ဒါဆို... အဲဒါက ဘယ်လို မိစ္ဆာသားရဲမျိုးလဲ...”
“မိစ္ဆာသားရဲ...?”
“မဟုတ်ဘူး... ဒါက နတ်ဘုရားသားရဲ...”
“ကောင်းကင်နဲ့ မြေကြီး စတင်ဖြစ်ပေါ်ချိန်က မွေးဖွားလာတဲ့ နတ်ဘုရားသားရဲ... ‘ရွှေကျီးကန်း’ ပဲ...”
ရွှေကျီးကန်းဆိုသည်မှာ ရှေးခေတ်ကာလများတွင်ပင် အလွန်ရှားပါးပြီး အစွမ်းထက်လှသော ဖြစ်တည်မှုမျိုး ဖြစ်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ မှတ်ဉာဏ်ထဲ၌ ဤနတ်ဘုရားအဆင့် သားရဲသည် ထျန်းရွှမ်တိုက်ကြီးကို စွန့်ခွာကာ ပိုမိုကျယ်ပြန့်ပြီး အစွမ်းထက်သော လောကတစ်ခုဆီသို့ ခရီးဆက်သွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ဤကမ္ဘာလောကက သူတို့ကို လက်ခံထားနိုင်ရန် မလုံလောက်ခဲ့ပေ။
၎င်းမှာ နတ်ဘုရားသားရဲပင် ဖြစ်သည်။
နတ်ဘုရားတစ်ပါးပမာ တည်ရှိနေခြင်းမျိုးပင်။
“စိနီယာ… ဒါဆိုရင် ခင်ဗျားအနေနဲ့ ဒါကို ဘယ်လိုအကောင်ပေါက်အောင် လုပ်ရမလဲဆိုတာ သိလား...” ဟု ကန္တာရတိမ်တိုက်က မေးလိုက်လေသည်။
သူသည်လည်း ရွှေကျီးကန်းအကြောင်း ကြားဖူးသော်လည်း ထိုအရာများမှာ ရှေးဟောင်းစာပေများထဲမှ ဒဏ္ဍာရီလာ မှတ်တမ်းများသာ ဖြစ်လေသည်။
“ဒီနတ်ဘုရားအဆင့် သားရဲအကြောင်းတော့ ငါမသိဘူး, ဒါပေမဲ့ ရွှေကျီးကန်းက နေမင်းကို ကိုယ်စားပြုတယ်... သူတို့ထုတ်လွှတ်တဲ့ စွမ်းအင်က လောကတစ်ခုလုံး အသက်ရှင်သန်ဖို့နဲ့ မျိုးပွားဖို့အထိတောင် လုံလောက်တယ်...”
“ဒီသဘောတရားအတိုင်းပဲ... သူတို့ကြီးထွားဖို့ လိုအပ်တဲ့ စွမ်းအင်ကလည်း နေမင်းဆီကနေ လာရလိမ့်မယ်, အဲဒီအထဲမှာ နေမင်းရူန်းတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်နေတာကို ငါမြင်နေရတယ်... အဲဒီအရာဆီ နေမင်းစွမ်းအားတွေ လုံလောက်အောင် စုစည်းပေးနိုင်မယ့် နည်းလမ်းရှိမယ်ဆိုရင်တော့ စောစော အကောင်ပေါက်လာနိုင်လောက်တယ်...” ဟု မဟာရှေးဟောင်းကျောက်တိုင်က ခန့်မှန်းပြောဆိုလိုက်သည်။ တကယ်တမ်းတွင်မူ သူသည်လည်း ဤကဲ့သို့သော နတ်ဘုရားအဆင့် သားရဲကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။