အခန်း (၂၂၅-၂၂၆)
Vol. 23 Ch. 225-226
၂၂၅) - ရှေးဟောင်းကျောက်တိုင်ဝိညာဉ်နှင့် သဘောတူညီချက်ရယူခြင်း(၂)
“ကမ္ဘာသစ်ပင်... ရွှေကျီးကန်း...”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က တစ်ကိုယ်တည်း ရေရွတ်ရင်း ဝူယွမ်ပိုင်ဆိုင်သော မဟာရှေးဟောင်းကျောက်တိုင် အတွင်းရှိ ကမ္ဘာလောကကို လှမ်းကြည့်လိုက်မိသည်။
ဤအရာနှစ်ခုနှင့်ဆိုလျှင် ထိုကျောက်တိုင်က ကမ္ဘာလောကတစ်ခုအဖြစ် ပြောင်းလဲတိုးတက်ရန် အခြေခံအုတ်မြစ် ရှိနေပြီဖြစ်သည်။
ကမ္ဘာသစ်ပင်သည် ဟင်းလင်းပြင်ကို အကန့်အသတ်မရှိ ချဲ့ထွင်ကာ ကမ္ဘာတစ်ခုကို ထောက်ပံ့ပေးနိုင်ပြီး ရွှေကျီးကန်းမှာမူ ကြီးထွားနေသော နေမင်းတစ်စင်းသဖွယ် ဤကမ္ဘာလောကအတွက် လုံလောက်သော အပူချိန်ကို ပေးစွမ်းနိုင်ပေလိမ့်မည်။
ထိုကျောက်တိုင်၏ အတွင်းပိုင်းသည် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံးသည် စိုပြေနေပြီး သက်ရှိစွမ်းအားများဖြင့် ပြည့်နှက်နေကာ သူပိုင်ဆိုင်သော ကန္တာရကမ္ဘာနှင့် လုံးဝ ကွာခြားနေလေသည်။
သူ့ကမ္ဘာထဲတွင်မူ မည်သည့်စွမ်းအင်မှ ကျန်ရှိတော့ခြင်း မရှိပေ။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က သက်ရှိများကို အဆက်မပြတ် မွေးဖွားပေးနိုင်သော်လည်း ၎င်းကိုယ်တိုင်ကမူ အသက်စွမ်းအင်ကို အဆက်မပြတ် စားသုံးရန် လိုအပ်ပြီး၊ ထိုရှင်သန်ခြင်းစွမ်းအင်ကို ကန္တာရအဖြစ် ပြောင်းလဲပစ်ရသည်။ သေချာသည်မှာ သူ၏ ကန္တာရစွမ်းအားက ရှင်သန်ခြင်းစွမ်းအင်ကို စွမ်းအားအဖြစ် ပြောင်းလဲပစ်ခြင်းပင် ဖြစ်သည်။
တစ်ခုမှာ ဖန်ဆင်းခြင်းဖြစ်ပြီး၊ တစ်ခုမှာမူ ဖျက်ဆီးခြင်းပင်။
မဟာရှေးဟောင်းကျောက်တိုင်မှာ အတွေးများဖြင့် နစ်မြောနေလေသည်။ ၎င်း၏ ရှေးကျသော မျက်နှာပြင်ပေါ်တွင် ခံစားချက်အတက်အကျအချို့ ပေါ်လာပြီး နောက်ကျိနေသော မျက်ဝန်းအစုံမှတစ်ဆင့် ဝိညာဉ်အာရုံကို လွှတ်ထုတ်ကာ ဤကမ္ဘာလောက၏ အခြေအနေကို စူးစမ်းလိုက်သည်။
“မင်းက ကမ္ဘာခြားနတ်ဆိုးဘုရင်တစ်ကောင်ကိုတောင် ဖိနှိပ်ထားတာပဲ...” မကြာမီမှာပင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် ဝူယွမ်၏ ရှေးေဟာင်းကျောက်တိုင်အတွင်း ကမ္ဘာ့သစ်ပင်အောက်၌ ဖိနှိပ်ထားသော ကမ္ဘာခြားနတ်ဆိုးဘုရင်နန်းတော်ကို ရှာဖွေတွေ့ရှိသွားသည်။
“ဟုတ်တယ်... ခင်ဗျားခန္ဓာကိုယ်ထဲမှာလည်း ကမ္ဘာခြားနတ်ဆိုးချီ ရှိနေတာကို ကျွန်တော် အာရုံခံမိတယ်, ခင်ဗျားလည်း ကျွန်တော့်လိုပဲ ဆင်တူတဲ့ ကံကြမ္မာမျိုး ရှိပုံရတယ်...” ဟု ကန္တာရတိမ်တိုက်က စာနာစိတ်ဖြင့် ပြောလိုက်သည်။
သူတို့ သားအဖနှစ်ယောက်၏ ကံကြမ္မာမှာ အလွန်တူညီလှသည်။
“မဟုတ်ဘူး... မတူပါဘူး, မင်းက မြေကြီးနဲ့ ကင်းကွာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သေးတယ်...” မဟာရှေးဟောင်းကျောက်တိုင်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူသည် လက်ရှိတွင် ကမ္ဘာခြားနတ်ဆိုးဘုရင်နန်းတော်ကို မနည်း ဖိနှိပ်ထားရပြီး သူ့ခန္ဓာကိုယ်ကို လုံးဝ မရွှေ့လျားနိုင်ပေ။ မြေကြီးထဲမှ စွမ်းအားကိုသည အဆက်မပြတ် စုပ်ယူနေရသည်။
အကယ်၍ သူသာ လှုပ်ရှားလိုက်လျှင် ကမ္ဘာခြားနတ်ဆိုးဘုရင် လွတ်မြောက်သွားနိုင်ချေ ရှိနေသည်။
ကန္တာရတိမ်တိုက်က ပြန်လည်ရှင်းပြလိုက်သည်။ “ဒါက ခင်ဗျား ဖိနှိပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင်က ပိုစွမ်းအားကြီးလို့ ဖြစ်နိုင်တယ်, ဒါပေမဲ့ ကျွန်တော် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာကလည်း ကျွန်တော့်သခင်သစ်ရဲ့ ကျေးဇူးကြောင့်ပါပဲ..."
“သူက ပြီးပြည့်စုံတဲ့ မူလ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကို သုံးပြီး ကမ္ဘာခြားနတ်ဆိုးဘုရင်နန်းတော်အပေါ်က တံဆိပ်ကို အားဖြည့်ပေးထားတယ်,”
“ပြီးတော့ ဝိညာဉ်စုစည်းခြင်းရူန်းနဲ့ ဝါးမျိုခြင်းရူန်း အပါအဝင် ပြီးပြည့်စုံတဲ့ ရူန်းအများကြီးကို ကျွန်တော့်ကျောက်တိုင်ကိုယ်ထည်ပေါ်မှာ ထွင်းထုပေးထားတယ်... အဲဒါကြောင့် အရင်တုန်းက မြေကြီးထဲမှာ မြှုပ်နှံထားတုန်းကထက်တောင် ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ကောင်းကင်နဲ့မြေကြီးကြားက စွမ်းအင်ကို အချိန်မရွေး စုပ်ယူနိုင်လာတာပါ...”
“နောက်ပိုင်းမှာ ကမ္ဘာ့သစ်ပင် ရလာတော့ ကျွန်တော် သစ်ပင်ထဲမှာပဲ နေထိုင်ပြီး ခန္ဓာကိုယ်ကို ပိုမြန်မြန် ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်ခဲ့တယ်, ဒါ့အပြင် ကမ္ဘာ့သစ်ပင်က ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်တယ်... သူ့ရဲ့ အမြစ်တွေက ကမ္ဘာခြားနတ်ဆိုးချီကို စုပ်ယူပြီး ကြီးထွားနိုင်တယ်လေ, ဖိနှိပ်ခံထားရတဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင်က ခြိမ်းခြောက်မှု မဖြစ်စေတဲ့အပြင် ကမ္ဘာ့သစ်ပင်အတွက် အာဟာရတောင် ဖြစ်လာခဲ့တယ်...”
“ခင်ဗျား ဒီကမ္ဘာသစ်ပင်ကို မြင်တယ်မလား... တကယ်တော့ သူကြီးထွားလာတာ သိပ်မကြာသေးဘူး, တစ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်...”
မဟာရှေးဟောင်းကျောက်တိုင်မှာ အံ့အားသင့်သွားရသည်။ ဤမျှကြီးမားသော ကမ္ဘာတစ်ခု ဖြစ်တည်လာရန် တစ်နှစ်ကျော်သာ ကြာမြင့်ခဲ့သည်တဲ့လား။
ဤအချက်က သူ့နားလည်မှုကို အသစ်တစ်ဖန် ပြောင်းလဲစေခဲ့သည်မှာ သေချာသည်။
ကန္တာရတိမ်တိုက်က ဆက်ပြောပြန်သည်။ “တစ်နှစ်ကျော် ကာလလေးအတွင်းမှာ ကျွန်တော့်နယ်မြေတစ်ခုလုံး ပြန့်နှံ့သွားနိုင်တာက သခင် အသုံးပြုခဲ့တဲ့ ကြီးထွားမှု အရှိန်မြှင့်ပေးတဲ့ မှော်ဆန်တဲ့ နည်းလမ်းတွေအပြင် အဲဒီ ကမ္ဘာခြားနတ်ဆိုးဘုရင်ရဲ့ ပံ့ပိုးမှုကလည်း အဓိကပဲ... သူ့ရဲ့ ကြွယ်ဝတဲ့ ကမ္ဘာခြားနတ်ဆိုးချီကို စုပ်ယူနိုင်တာက ကမ္ဘာ့သစ်ပင် သန်စွမ်းစွာ ကြီးထွားလာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲလေ...”
“အခုဆိုရင် အဲဒီ ကမ္ဘာခြားနတ်ဆိုးဘုရင်ရဲ့ စွမ်းအားက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်းကျော်ကျော်လောက် ကျဆင်းသွားပြီ, ဖားပြုတ်ကို ရေနွေးပူနဲ့ ဖြည်းဖြည်းချင်း ပြုတ်သလိုမျိုး ကမ္ဘာ့သစ်ပင်က သူ့ကို ဝါးမျိုနေတာ... ကမ္ဘာ့သစ်ပင် ပိုသန်မာလာပြီး ကျွန်တော့်ရဲ့ ဝိညာဉ်အာရုံ ပိုစွမ်းအားကြီးလာတာနဲ့အမျှ ကမ္ဘာခြားနတ်ဆိုးချီကို စုပ်ယူတဲ့နှုန်းကလည်း ပိုမြန်လာလိမ့်မယ်... ဒီနတ်ဆိုး လုံးဝပျက်စီးသွားဖို့ သုံးနှစ်တောင် ကြာမယ် မထင်ဘူး...”
“ရှေးခေတ်ကာလတုန်းက တိုက်ကြီးကို ဒုက္ခပေးခဲ့တဲ့ နတ်ဆိုးဘုရင်က အခုဆို ကမ္ဘာ့သစ်ပင်အောက်က အာဟာရတစ်ခုပဲ ဖြစ်လာရတော့မှာ...”
“ခင်ဗျားရဲ့ နယ်ပယ်ထဲမှာလည်း နတ်ဆိုးဘုရင်တစ်ပါးကို ဖိနှိပ်ထားလိမ့်မယ်လို့ ကျွန်တော့်သခင်က အရင်ကတည်းက ခန့်မှန်းထားပြီးသား, ခင်ဗျား ကျွန်တော့်ဆီ လာရှာလိမ့်မယ် ဆိုတာကိုလည်း သူသိနေတယ်... အခု ကျွန်တော့်မှာ ကမ္ဘာခြားနတ်ဆိုးဘုရင်ကို သန့်စင်နိုင်တဲ့ စွမ်းအားရှိနေပြီဆိုတာ ခင်ဗျားမြင်ဖို့ သူမျှော်လင့်နေသလို ကျွန်တော် ခင်ဗျားကို ကူညီနိုင်ဖို့လည်း သူမျှော်လင့်နေတယ်...”
ကန္တာရတိမ်တိုက်သည် အရာအားလုံးက သူ့သခင်သစ်၏ မျှော်လင့်ချက်အတိုင်း ဖြစ်နေသကဲ့သို့ မဟာရှေးဟောင်းကျောက်တိုင်ကို လေးလေးနက်နက် ရှင်းပြလိုက်သည်။
ဤစကားများက မဟာရှေးဟောင်းကျောက်တိုင်ကို ပိုပြီးအံ့အားသင့်စေခဲ့သည်။ ၎င်းမှာ ကန္တာရတိမ်တိုက်၏ လက်ရှိပြောင်းလဲမှုများကြောင့်သာမက ကန္တာရတိမ်တိုက်၏ သခင်သစ်ဖြစ်သူ ဝူယွမ်၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့်ပါ အံ့သြရလေသည်။
သူက ဝူယွမ်ကို သေချာစွာ အကဲခတ်ကြည့်ခဲ့ပြီး အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်ကြောင်း တွေ့ရှိခဲ့သော်လည်း သူ၏ ပြုမူပုံများမှာမူ ရှေးဟောင်းဘီလူးကြီးတစ်ကောင်ကဲ့သို့ပင်။
ဝူယွမ် စီစဉ်ထားသည့်အရာများက သူ့ကို လုံးဝ ထိန်းချုပ်ထားသကဲ့သို့ ရှိနေသည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင် ဝင်စားခြင်းအမှတ်အသား မရှိနေ၍သာ၊ သို့မဟုတ်ပါက ရှေးခေတ်ကာလက မိတ်ဆွေဟောင်းတစ်ဦး ဝင်စားလာသည်ဟု သူထင်မှတ်မိပေလိမ့်မည်။
သို့သော် သူ့သခင် အဆောင်ဘိုးဘေး အပါအဝင် ရှေးခေတ်ကာလက အစွမ်းထက် ပုဂ္ဂိုလ်များပင်လျှင် ဝူယွမ်လောက် မဆန်းကြယ်ခဲ့ပေ။ ဤကမ္ဘာ့သစ်ပင် တစ်ခုတည်းနှင့်ပင် ဆန်းကျယ်လွန်းနေခဲ့ချေပြီ။ ဤအရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။
သူသည် ဤကမ္ဘာလောကနှင့် သက်ဆိုင်ပုံ မရပေ။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အနေဖြင့် ဝူယွမ်၏ လျှို့ဝှက်ချက်များနှင့် နားမလည်နိုင်မှုများကို ထိုလူငယ်မှာ ‘ကမ္ဘာသားတော်’ဖြစ်သောကြောင့်ဟုသာ မှတ်ယူနိုင်တော့သည်။
ဝူယွမ်သည် ကမ္ဘာလောက အလိုဆန္ဒအရ ပြန်လည်၀င်စားခြင်းများ ဖြစ်နေမလားဟုပင် သူသံသယဝင်မိသည်။
သို့မဟုတ်ပါက ဤမျှစွမ်းအားကြီးသော ရုပ်ခန္ဓာနှင့် ကမ္ဘာခြားနတ်ဆိုးများကို ထိန်းချုပ်နိုင်သည့် နည်းလမ်းမျိုး ထိုလူငယ်လေးထံတွင် ရှိနေနိုင်မည် မဟုတ်ပေ။
“တစ်ကယ်လို့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ့သခင်သာ ရုတ်တရက် ပေါ်ထွက်မလာခဲ့ရင် ဒီကမ္ဘာလောကကြီးက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ လက်အောက်ကို ကျရောက်သွားလောက်ပြီ... ဒါပေမဲ့ အခုတော့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ကမ္ဘာခြားနတ်ဆိုးတွေ နိုးထလာရင် ဒီကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်လာလိမ့်မယ်လို့ ငါထင်ထားခဲ့တာ, ငါ စိုးရိမ်လွန်နေမိပုံပဲ... ကမ္ဘာရဲ့ အလိုဆန္ဒအရ ဖြစ်တည်မှုက ကမ္ဘာခြားနတ်ဆိုးတွေကို ဖျက်ဆီးခွင့်ပြုမှာ မဟုတ်ဘူး... ခေတ်ကာလကို တုံ့ပြန်ဖို့ ကယ်တင်ရှင်တစ်ယောက် မွေးဖွားလာစမြဲပဲ...”
“ဒီ ဝူယွမ်က မျှော်လင့်ချက်အသစ် ဖြစ်လာမှာလား...”
“သူက ငါ့သခင်လို ဖြစ်လာနိုင်မလား...”
မဟာရှေးဟောင်းကျောက်တိုင်မှာ ကိုယ့်ဘာသာ တွေးတောနေမိသည်။ သူသည် ကမ္ဘာခြားနတ်ဆိုးများကို နောက်တစ်ကြိမ် ပြန်လည်ထကြွခွင့် မရစေချင်ပေ။
ရှေးယခင်ကာလတုန်းက သူ့သခင်က ကမ္ဘာခြားနတ်ဆိုးများနှင့်အတူ ပျက်စီးသွားခဲ့သော်လည်း ကမ္ဘာခြားနတ်ဆိုးများမှာ ပြန်လာနိုင်ရန် အခွင့်အရေး ရှိနေဆဲဖြစ်သည်။ သို့သော် ဤကမ္ဘာလောကတွင် အဆောင်ဘိုးဘေး မရှိတော့ချေ။
ယခု ဝူယွမ်ကို မြင်လိုက်ရသောအခါ ဝူယွမ် အောင်မြင်စေဖို့နှင့် သူ့သခင် မလုပ်ဆောင်နိုင်ခဲ့သော ကမ္ဘာလောကကို ကယ်တင်မည့် တာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ကို သူမျှော်လင့်နေမိသည်။
“စီနီယာ မဟာရှေးဟောင်း တောရိုင်းကျောက်တိုင်... ကျွန်တော့်သခင်က ခင်ဗျားကို ကူညီခွင့်ပြုဖို့ မျှော်လင့်နေပါတယ်, ခင်ဗျား ဖိနှိပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုးကိုလည်း ကမ္ဘာသစ်ပင်အတွက် အာဟာရအဖြစ် ပြောင်းလဲပေးချင်နေတာပါ... တစ်ချိန်တည်းမှာပဲ ကျွန်တော့်သခင်က အခု အလျင်အမြန် တိုးတက်နေတဲ့ အခြေအနေကို ရောက်နေပြီး ခင်ဗျားရဲ့ အကူအညီကိုလည်း လိုအပ်နေပါတယ်... သခင့်ကို အချိန်ပေးမယ်ဆိုရင် သူက ရှေ့လူတွေထက် သေချာပေါက် သာလွန်သွားပြီး ကမ္ဘာလးကြီးကို ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ရန်ကနေ သန့်စင်ပေးနိုင်မှာပါ...” ဟု ကန္တာရတိမ်တိုက်က ဆက်လက်ပြောဆိုကာ မဟာရှေးဟောင်းေတာရိုင်းကျောက်တိုင်နှင့် မိတ်ဆွေကောင်းများ ဖြစ်လာစေရန် စည်းရုံးလိုက်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှာ အတွေးများထဲတွင် နစ်မြောသွားပြီး သူ၏ရှေးကျသော မျက်နှာပေါ်တွင် ဘာတွေးနေမှန်း မသိနိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဝူယွမ်၏ ဖြစ်တည်မှုက သူ့ကို အလွန်အံ့သြစေသလို ရုတ်တရက်ဆန်လွန်းသည်ဟုလည်း ခံစားရစေသည်။
မူလက သူသည် ဉာဏ်ကြီးရှင်အချို့ကို ရင်းနှီးမြှုပ်နှံမှု လုပ်ကာ၊ ဘိုးဘေးအဆောင်များကို ရှာဖွေခိုင်းပြီး၊ ထို့နောက် သူ့ကိုယ်ထဲတွင် ဖိနှိပ်ထားသော ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ဖြေရှင်းရာတွင် ကူညီစေရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု လူငယ်လေး ဝူယွမ်က ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ရုံသာမက ဘိုးဘေးအဆောင်များ လုံးဝမလိုအပ်ဘဲ ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ဖြေရှင်းရာတွင် တိုက်ရိုက်ကူညီပေးနိုင်စွမ်း ရှိနေသည်။
“စီနီယာ... ခင်ဗျားလည်း လာပြီး ကမ္ဘာ့သစ်ပင်ရဲ့ နွေးထွေးမှုကို ခံစားကြည့်ပါလား... ဒါဆိုရင် ခင်ဗျား ပိုပြီး ယုံကြည်မှု ရှိလာလောက်ပါတယ်...”
ကန္တာရတိမ်တိုက်က ဖိတ်ခေါ်လိုက်သည်။ သူ့အမြင်တွင် မည်သည့် ဝိညာဉ်လက်နက်ကမှ ကမ္ဘာ့သစ်ပင်၏ နွေးထွေးသော ပွေ့ဖက်မှုကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။
၂၂၆) - ရှေးဟောင်းကျောက်တိုင်ဝိညာဉ်နှင့် သဘောတူညီချက်ရယူခြင်း(၃)
သူစကားပြောလိုက်သည်နှင့် သစ်ကိုင်းများဆီမှ အစိမ်းရောင် လမ်းကြောင်းတစ်ခု ဆန့်ထွက်လာခဲ့သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ကန္တာရတိမ်တိုက်၏ နောက်သို့လိုက်ကာ ကမ္ဘာ့သစ်ပင်၏ ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်က စိမ်းလန်းစိုပြေမှုများနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးမှုတစ်ခုက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ သူသည် ခြောက်သွေ့နေသော ရေမြှုပ်တစ်ခုပမာ ဤအသက်စွမ်းအင်များကို အငမ်းမရ စုပ်ယူလိုက်သည်။
ကမ္ဘာ့သစ်ပင်၏ အသက်စွမ်းအင်သည် အရာခပ်သိမ်းကို အာဟာရဖြည့်တင်းပေးနိုင်သည်။ သက်ရှိပုံစံဖြစ်စေ၊ ဝိညာဉ်ပုံစံဖြစ်စေ ဤစွမ်းအားအောက်တွင် ပြန်လည်ပြုပြင်ခြင်းနှင့် ကြီးထွားခြင်းကို ရရှိနိုင်လေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် ရှေးဟောင်းစစ်ပွဲတွင် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ပြီး ကမ္ဘာခြားနတ်ဆိုးဘုရင်နန်းတော်ကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်မှာ နတ်ဆိုးစွမ်းအင်များ၏ တိုက်စားမှုကို ခံခဲ့ရသည်မှာ ကြာမြင့်ပြီဖြစ်သည်။
ကန္တာရတိမ်တိုက်၏ လမ်းပြမှုအောက်တွင် ကမ္ဘာသစ်ပင်၏ မူလစွမ်းအားက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အား သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို သန့်စင်ပေးပြီး ကျောက်တိုင်ဝိညာဉ်ကို အာဟာရဖြည့်တင်းပေးနေသည်။
ကမ္ဘာသစ်ပင်၏ အတွင်းပိုင်းသို့ ရောက်သောအခါ ထိုနေရာသည် ကြယ်တာရာကောင်းကင်ကဲ့သို့ စိမ်းလန်းသော ကမ္ဘာတစ်ခု ဖြစ်နေသည်ကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က တွေ့လိုက်ရသည်။
သူတို့သည် ထိုအထဲတွင် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်လေသည်။ ထိုနေရာက သက်ရှိစွမ်းအားများနှင့် ပြည့်နှက်နေပြီး သူတို့၏ ခန္ဓာကိုယ်များမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာကာ ဝိညာဉ်အာရုံများ ပိုမိုခိုင်မာလာသည်မှာ အသက်ခုနစ်ဆယ်အရွယ် အဘိုးအိုတစ်ဦးက ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးအဖြစ် ပြန်လည်နုပျိုလာသကဲ့သို့ပင်။
ဤကျယ်ပြောလှသော အတွင်းကမ္ဘာထဲတွင် ပုံရိပ်သုံးခုသာ ရှိလေသည်။ ကန္တာရတိမ်တိုက်နှင့် သူအပြင် အနက်ရောင် ပုံရိပ်တစ်ခုလည်း ရှိနေသေးသည်။
“စီနီယာ ကန္တာရ... ကျွန်တော် မိတ်ဆက်ပေးပါရစေ, ဒါက ချိတ်ပိတ်ခြင်းတိမ်ပါ... သခင် အသစ်ရရှိထားတဲ့ ဝိညာဉ်ရတနာတွေထဲက တစ်ခုပေါ့, သူက လက်ရှိမှာ မူလ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံနဲ့ ကျင့်ကြံနေပြီး သခင့်အကူအညီနဲ့ ချိတ်ပိတ်ခြင်းရူန်း အပြည့်အစုံကို ပြီးမြောက်ထားပြီးပါပြီ... သူက ဘိုးဘေးအဆောင်အသစ်တစ်ခု... ချိတ်ပိတ်ခြင်းဘိုးဘေးအဆောင် တစ်ခုအဖြစ် ကြီးထွားလာနိုင်တယ်လို့ သခင်က ပြောတယ်... အခု သူ့စွမ်းအားနဲ့ဆိုရင် အောက်က ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ဖိနှိပ်ထားရတာ ပိုတောင် လွယ်ကူနေပြီ...”
ရင့်ကျက်တည်ငြိမ်နေသော ကန္တာရတိမ်တိုက်က ထောင့်တစ်နေရာတွင် ကလေးတစ်ယောက်လို ပုန်းအောင်းကာ အနည်းငယ် တုန်လှုပ်နေသော ချိတ်ပိတ်ခြင်းတိမ်ကို လက်ယပ်ခေါ်လိုက်ပြီး ကန္တာရနှင့် မိတ်ဆက်ပေးလိုက်သည်။
သူတို့သုံးဦးအနက် ချိတ်ပိတ်ခြင်းတိမ်သည် ဆယ်ကျော်သက်အရွယ် လူငယ်လေးကဲ့သို့ ဖြစ်ပြီး၊ ကန္တာရတိမ်တိုက်မှာ လူရွယ်ပိုင်းအရွယ် ဖြစ်ကာ၊ ကန္တာရမှာမူ ရှေးဟောင်းအဘိုးအိုကြီး ဖြစ်နေသည်။
ထို့ေနာက် ကန္တာရတိမ်တိုက်က ဆက်ပြောလိုက်သည်။ “အကယ်၍ သူက ခင်ဗျားကိုယ်ထဲက နတ်ဆိုးနန်းကို ဖိနှိပ်ဖို့ ကူညီပေးမယ်ဆိုရင် ခင်ဗျားရဲ့ ဖိအားတွေ အများကြီး လျော့သွားမှာ...”
“ဒါက စီနီယာ ကန္တာရလေ... လာပြီး နှုတ်ဆက်လိုက်ပါဦး...”
အနက်ရောင် ဝတ်ရုံနှင့် လူငယ်လေးမှာ ဝူယွမ်နှင့် တူညီနေခဲ့ကာ အဖိုးကြီး ကန္တာရကို ကြည့်ရင်း သူ အနည်းငယ် ကြောက်လန့်နေမိသည်။
သူသည် ကမ္ဘာ့သစ်ပင်ထဲတွင် အတော်လေး ကြီးထွားလာခဲ့သော်လည်း ကန္တာရနှင့် ယှဉ်လျှင် သေးငယ်နေဆဲဖြစ်သည်။ ကန္တာရသည် သူမြင်ဖူးသမျှထဲတွင် အစွမ်းထက်ဆုံး ဝိညာဉ်လက်နက် ဖြစ်လေသည်။
“ဂါရဝပြုပါတယ် စီနီယာ ကန္တာရ...” သူက ရိုသေစွာ ဦးညွှတ်လိုက်လေသည်။
“ကောင်းတယ်... ထူးချွန်တဲ့ လူငယ်လေးပဲ, တကယ့်ကို ဘိုးဘေးအဆောင်တစ်ခု... ကမ္ဘာကြီးရဲ့ ကိုးခုမြောက် ဘိုးဘေးအဆောင်... ချိတ်ပိတ်ခြင်းဘိုးဘေးအဆောင်အဖြစ် ကြီးထွားလာနိုင်ချေ ရှိတာပဲ... မင်းရဲ့ ကြီးထွားမှုကို ငါစောင့်ကြည့်နေမယ်...”
မဟာရှေးဟောင်းညေတာရိုင်းကျောက်တိုင်က ချိတ်ပိတ်ခြင်းတိမ်ကို လေးစားအားကြနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခြင်း မဟုတ်သော်လည်း လက်ရှိ ဝိညာဉ်အာရုံ အနေအထားအရ အချို့သော ဘိုးဘေးအဆောင်များထက်ပင် ပိုမိုရင့်ကျက်နေပြီဖြစ်သည်။ ထို့အပြင် ကမ္ဘာ့သစ်ပင်ကြောင့် သူ့ဝိညာဉ်သည် ပိုလျင်မြန်စွာ ကြီးထွားလာနိုင်သည်။
ကိုယ်တိုင်ကျင့်ကြံနိုင်သော ဝိညာဉ်ရတနာ တစ်ခုသည် နတ်ဘုရားအဆင့် လက်နက် ဖြစ်လာနိုင်သည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ ထို့ပြင် သူက ရူန်းအပြည့်အစုံကို ကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်၍ သူ့အနာဂတ်မှာ တောက်ပနေခဲ့သည်။
ပုံသဏ္ဌာန်ပြောင်းလဲနိုင်သော ဘိုးဘေးအဆောင် ဖြစ်လာရန်ပင် ဖြစ်နိုင်ချေရှိပြီး၊ ထိုအရာက သူတို့ ဝိညာဉ်ရတနာများ၏ ဂုဏ်ကို အမှန်တကယ် တက်စေလိမ့်မည်။
ကမ္ဘာ့သစ်ပင်အတွင်း ခဏ အာရုံခံပြီးနောက် ကန္တာရက မဟာရှေးဟောင်းကျောက်တိုင်အတွင်းမှ ပြန်လာခဲ့သည်။ သူသည် ဤ မဟာရှေးဟောင်းကျောက်တိုင်ကို ပိုင်ဆိုင်သော သခင်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် စတင်လှုပ်ရှားပြီးနောက် ဆယ်ရက် ကုန်လွန်သွားခဲ့ပြီး၊ ဤအချိန်တွင် ဝူယွမ်မှာ ကန္တာရကမ္ဘာထဲ၌ ကျင့်ကြံနေဆဲဖြစ်သည်။
သို့သော် သူ့စွမ်းအားမှာ တစ်စထက်တစ်စ အားနည်းလာပြီး ခန္ဓာကိုယ်သည် တဖြည်းဖြည်း ခြောက်သွေ့အက်ကွဲလာသည်။ ဤကန္တာရကမ္ဘာထဲတွင် အလွန်စွမ်းအားကြီးသော တိုက်စားနိုင်စွမ်း ရှိနေသည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်ကို အမှောင်ထုက လွှမ်းခြုံသွားပြီး မျက်စိရှေ့မှ ကန္တာရမြင်ကွင်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အပြင်ဘက်တွင်မူ မဟာရှေးဟောင်းကျောက်တိုင် ရှေ့ရှိ အလင်းတိုင် ခြောက်ခုအနက် ငါးခုမှာ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။ နောက်ဆုံးတွင် အလင်းတိုင် ငါးခုလုံး ပျောက်ကွယ်သွားပြီး ဝူယွမ်မှလွဲ၍ လင်းတုန်၊ ဖန်ထုံနှင့် အခြားလူ ငါးယောက်တို့မှာ ဝေဝါးမှုများကြားမှ နိုးထလာကြလေသည်။
သူတို့သည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ အတင်းအဓမ္မ ထုတ်ပယ်ခြင်းကြောင့် ကန္တာရကမ္ဘာထဲမှ ထွက်လာရခြင်း ဖြစ်သည်။
“ဘာဖြစ်တာလဲ... ဘာလို့ သူတို့ အစောကြီး ထွက်လာကြတာလဲ...”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ရှေ့ရှိ လူတိုင်းက ရုတ်တရက် နိုးထလာသော လူငါးဦးကို အံ့သြတကြီး ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အတိတ်ကာလများတွင် နားလည်သဘောပေါက်ခြင်း မရှိခဲ့လျှင်ပင် ပုံမှန်အားဖြင့် တစ်လခန့်ကြာမှ ထွက်လာလေ့ရှိသောကြောင့် ဖြစ်သည်။
“သူတို့ မတောင့်ခံနိုင်လို့များလား... မဖြစ်နိုင်တာ, အဲဒီ ကန္တာရကမ္ဘာထဲမှာ သူတို့ ဆယ်ရက်လောက်တော့ သေချာပေါက် ခံနိုင်ရည်ရှိမှာပါ...” ယင်းရှောင်ရှောင်က သံသယဖြင့် မေးလိုက်သည်။
သို့သော် ယင်းရွှမ်းဇီနှင့် တောင်ဂိုဏ်းမှ အခြား အကြီးတန်းအဖွဲ့ဝင်များမှာမူ မျက်လုံးများ အရောင်လက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်က မဟာရှေးဟောင်း တောရိုင်းကျောက်တိုင်၏ ကျောက်တိုင်ဝိညာဉ်မှ တက်ကြွစွာ ဝင်ရောက်စွက်ဖက်လိုက်ခြင်းကို ဆိုလိုသောကြောင့် ဖြစ်သည်။
ခြောက်ယောက် ဝင်သွားပြီး၊ ငါးယောက် ပြန်ထွက်လာသည်...
တစ်ယောက် ကျန်ရစ်ခဲ့သည်။
သူတို့အားလုံး မျှော်လင့်ချက်အပြည့်ဖြင့် ဝူယွမ်ကို ကြည့်လိုက်ကြသည်။ ကျောက်တိုင်ဝိညာဉ်က ဝင်ရောက်စွက်ဖက်ပြီး ငါးယောက်ကို ကန်ထုတ်လိုက်သော်လည်း တစ်ယောက်ကို ချန်ထားခဲ့သည်။ ဒါက အဓိပ္ပါယ်တစ်ခုကို မီးမောင်းထိုးပြနေလေသည်။
ထိုအချိန်တွင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ကြီးမားသော ကျောက်တိုင်မျက်နှာပြင်ပေါ်တွင် အလင်းလှိုင်းများ စုစည်းလာပြီး နောက်ဆုံးတွင် မျက်စိကျိန်းမတတ် အလင်းတိုင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ ဝူယွမ်၏ ခန္ဓာကိုယ်ကို လုံးဝ လွှမ်းခြုံထားလိုက်သည်။
“ဒါက...”
ထိုမျက်စိကျိန်းမတတ် စူးရှသော အလင်းတိုင်ကြီးကို ကြည့်ရင်း လူတိုင်းမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြပြီး လူအများအပြား၏ မျက်နှာတွင် ထိတ်လန့်အံ့သြမှုများ အထင်းသား ပေါ်လာခဲ့သည်။
အလင်းလှိုင်းများသည် မဟာရှေးဟောင်းကျောက်တိုင်ပေါ်တွင် စုစည်းလာပြီး မကြာမီ ကျောက်တိုင်မျက်နှာပြင်က ကြေးမုံပြင်တစ်ခုကဲ့သို့ ဖြစ်လာကာ ၎င်းထဲမှ ဝေဝါးသော ဧရာမအရိပ်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။
ကျောက်တိုင်မျက်နှာပြင်ပေါ်တွင် ထိုဧရာမအရိပ်ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချန်ကျန်း၊ ဝူတောင်နှင့် အခြားသော ခန်းမသခင်များ၏ မျက်လုံးများမှာ ရုတ်တရက် ကျဉ်မြောင်းသွားကာ အသက်ရှူနှုန်းများပင် ရုတ်ခြည်း မြန်ဆန်လာကြသည်။ ထို့နောက် သူတို့ အချင်းချင်း ကြည့်လိုက်ကြရာ တစ်ဖက်နှင့်တစ်ဖက် မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။
“အဲဒါ ကျောက်တိုင်ဝိညာဉ်ပဲ...” ဝူတောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကျုပ် တပည့်လေး ဖြစ်ခဲ့တုန်းက စီနီယာ ကျိုးထုံ မဟာရှေးဟောင်းကျမ်းကို ဉာဏ်အလင်းရယူနေတုန်း အခုလို အရိပ်မျိုး ကျောက်တိုင်မျက်နှာပြင်ပေါ်မှာ ပေါ်လာတာကို မြင်ခဲ့ဖူးတယ်...”
ချန်ကျန်းနှင့် ဝူတောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားရပါးရ ရယ်မောလိုက်ကြပြီး ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာခဲ့သည်။
နှစ်တစ်ရာတိုင်ခဲ့ပြီ... သူတို့၏ လေပြင်းခန်းမ၌ မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်မည့် တပည့်တစ်ဦး နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
အခြား ခန်းမသခင်များအားလုံးမှာလည်း အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။
တောင်ဂိုဏ်းမှ အကြီးတန်းအဖွဲ့ဝင် အများအပြားမှာလည်း အတော်လေး စိတ်သက်သာရာ ရသွားကြသည်။
လူတိုင်း ဝမ်းသာအားရ ဖြစ်နေချိန်တွင် ဝူယွမ် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ အမှောင်ထု ကွယ်ပျောက်သွားပြီး သူ့ရှေ့တွင် ကန္တာရဆန်သော ကျောက်ဆောင်မြေပြင်ကို မြင်လိုက်ရသည်။
သူ့ရှေ့တွင် အမြင့်ဆယ်ပေခန့် ရှိသော ရှေးဟောင်းအဝါရောင် ကျောက်တိုင်တစ်ခု တည်ရှိနေခဲ့သည်။
ထိုကျောက်တိုင်၏ မျက်နှာပြင်ပေါ်တွင် မြင်တွေ့နေရသော ရှေးဟောင်းရူန်းအချို့မှလွဲ၍ မဟာရှေးဟောင်းကျောက်တိုင်နှင့် ထပ်တူပင် ဖြစ်သည်။
ဝူယွမ်၏ အကြည့်များက အောက်ဘက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားပြီးနောက် သူ့သားငယ်အိမ်များ ရုတ်တရက် ကျဉ်မြောင်းသွားသည်။ ကျောက်တိုင်၏ အောက်ခြေဆုံးတွင် မှိန်ဖျဖျ အနက်ရောင်လိုင်းများ တွားသွားထွက်ပေါ်နေသည်ကို သူမြင်လိုက်ရသည်။
နတ်ဆိုးတစ်ကောင်၏ လက်တံများကဲ့သို့ ထိုအနက်ရောင်လိုင်းများက ယုတ်မာအေးစက်ပြီး အနည်းငယ် တွန့်လိမ်လှုပ်ရှားကာ ကျောက်တိုင်အပေါ်သို့ အဆက်မပြတ် တိုက်စားတက်နေသည်။ ထိုအရာမှာ နတ်ဆိုးစွမ်းအင်ပင် ဖြစ်သည်။
“မင်းကို မြင်ရတာ အတိတ်တုန်းက မဟာရှေးဟောင်းဘုရင်ကိုတောင် သွားသတိရစေတယ်...”
ရှေးကျပြီး လောကဓံ အနိမ့်အမြင့်ကို ဖြတ်သန်းခဲ့ရသော အသံတစ်သံက လွမ်းဆွတ်မှုများ အပြည့်ဖြင့် ရှေးဟောင်းကျောက်တိုင်ဆီမှ ထွက်ပေါ်လာခဲ့သည်။
“ဂါရဝပြုပါတယ် စီနီယာ...”
ဝူယွမ်က အနည်းငယ် ပြုံးလိုက်ပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ဝူယွမ်ကိုကြည့်ရင်း သူသိချင်တာကို မေးမြန်းလိုက်လေသည်။ “အချိန်တွေကြာခဲ့ပြီပဲ... ငါ့ကို ကူညီနိုင်မယ့်သူနဲ့ နောက်ဆုံးတော့ တွေ့ရပြီ... မင်းနာမည်က ဝူယွမ် ဟုတ်လား... မင်းရဲ့ ဇာစ်မြစ်ကို ငါသိချင်မိတယ်...”