← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

၂၂၇) - လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး၊ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အား တုန်လှုပ်စေခြင်း(၁)

“ကျွန်‌ေတာ့်ရဲ့ဇာစ်မြစ် ဟုတ်လား...”

ဝူယွမ်တစ်ယောက် အတွေးကမ္ဘာထဲသို့ ခဏတာ မျောပါသွားရသည်။ မဟာရှေးဟောင်းကျောက်တိုင်ကြီး၏ စကားတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ကိန်းဝပ်နေသည်မှာ ထင်ရှားလှပေသည်။

အကယ်၍ ဝူယွမ် မည်သည့်နေရာမှ ရောက်လာသည်ကို ရိုးရိုးရှင်းရှင်း သိချင်ရုံသက်သက်သာဆိုလျှင် ဤမျှလောက် အရေးပါမည် မဟုတ်ပေ။

သို့သော် သူသည် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသူတစ်ဦး ဖြစ်ကြောင်းကိုများ ဤကျောက်တိုင်ကြီးက ရိပ်မိသွားလေသလားဟု တွေးမိလိုက်သောအခါ ဝူယွမ်၏ စိတ်အစဉ်မှာ မရေမရာဖြစ်မှုများနှင့်အတူ အနည်းငယ် တုန်လှုပ်သွားရသည်။

အကယ်၍ ထိုအရာသာ အမှန်တကယ် ဖြစ်ခဲ့လျှင်မူ ထိုကိစ္စက သတင်းကောင်းတစ်ခုတော့ မဟုတ်ချေ။

“ကန္တာရတိမ်က ကျွန်တော့်ရဲ့ ဇာစ်မြစ်အကြောင်းကို စီနီယာကိုပြောပြပြီးလောက်ပြီ ထင်ပါတယ်၊ ကျွန်‌တော့်ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ ဆန်းကြယ်တဲ့အရာတချို့နဲ့ ပတ်သက်ပြီး စီနီယာသိချင်နေလိမ့်မယ်၊ တကယ်တော့... ကျွန်တော်ကိုယ်တိုင်လည်း သိချင်နေမိတာပါပဲ၊ ကျွန်တော့်မှာ အဖြေရှာမရတဲ့ ကိစ္စရပ်တွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အဲဒါတွေက ကျွန်တော့်ဆီမှာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာတော့ အမှန်ပဲ...”

ဝူယွမ်သည် ခေတ္တ တွေးတောဆင်ခြင်လိုက်ပြီးမှ လေးနက်သောလေသံဖြင့် ဖြည်းညှင်းစွာ ဆက်ပြောကြားလိုက်သည်။

“ကျွန်တော်ပြောချင်တာက... ဒီကိစ္စတွေက နားလည်တဲ့သူတွေဆိုရင်တော့ အလိုလိုနားလည်ကြပြီးသားပါ၊ နားမလည်တဲ့သူတွေကိုလည်း ထပ်ပြီးမရှင်းပြလိုတော့ဘူး... ကျွန်တော်သိထားရင်ပဲ လုံလောက်ပါပြီ၊ စီနီယာအနေနဲ့လည်း အသာလေးပဲ ငြိမ်နေလိုက်ပါ၊ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်တော့်ကိုလာမမေးနဲ့၊ ဒီအထဲမှာပါဝင်နေတဲ့ ကံတရားအကျိုးအကြောင်းဆက်စပ်မှုတွေက ကြီးမားလွန်းတယ်၊ ထုတ်ပြောလိုက်ရင် ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် မကောင်းဘူး၊ ဒါကြောင့် မသိချင်ယောင်ဆောင်နေလိုက်တာက အကောင်းဆုံးပဲ၊ ကျန်တဲ့ကိစ္စတွေအတွက်ကတော့ ဒီရေက တော်တော်လေးနက်တယ်၊ ကံတရား သံသရာလည်ခြင်းတွေ ပါဝင်ပတ်သက်နေပြီး ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေတယ်လို့ပဲ ပြောနိုင်မယ်၊ ကောင်းကင်လျှို့ဝှက်ချက်ဆိုတာ ပေါက်ကြားလို့မဖြစ်ဘူး၊ တစ်ခါတလေကျရင် နားလည်ခြင်းကလည်း ဒုက္ခတစ်မျိုးပဲ၊ နားမလည်ခြင်းက ကံဆိုးခြင်းမဟုတ်ဘူး..”

“ကျွန်တော်ပြောတာကို သဘောပေါက်ရဲ့လား...”

မဟာရှေးဟောင်းကျောက်တိုင် - “???”

“ငါက ဘာကို သဘောပေါက်ရမှာလဲ

မင်းက ဘာတွေ လာပြောနေတာတုန်း

မင်း ငါ့ကို ဘာတွေ လာရှင်းပြနေတာလဲ”

မဟာရှေးဟောင်းကျောက်တိုင်ကြီးမှာတော့ ဝူယွမ် ဘာတွေပြောနေမှန်း နားမလည်နိုင်အောင် ဖြစ်သွားကာ ဦးနှောက်ခြောက်သွားရရှာသည်။ သို့သော် နားထောင်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုခု ဖြစ်နေသလိုပင်၊ ပါဝင်ပတ်သက်နေသည့် ကံတရားအကျိုးဆက်များက ကြီးမားလွန်းလှသဖြင့် ထုတ်ဖော်ပြောဆိုရန် မသင့်တော်သည့်ပုံစံမျိုး ဖြစ်နေခဲ့သည်။

“ဒီကောင်က ကံတရားရဲ့ ဖေးမခြင်းခံရသူများလား၊

ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ အလိုဆန္ဒက ငါ့ကို သတိပေးနေတာများလား”

“အဟမ်း... ထားလိုက်ပါတော့လေ၊ ဒီကိစ္စကို ခဏထားပြီး ငါဖိနှိပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုး နန်းတော်အကြောင်းပဲ ဆွေးနွေးကြရအောင်...”

ဝူယွမ်အပေါ်တွင် လွှမ်းခြုံထားသော လျှို့ဝှက်ချက်များက များပြားလွန်းလှသဖြင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးမှာ နားမလည်နိုင်ဖြစ်နေပြီး ခေါင်းစဉ်ပြောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုအရာများကို တွေးတောနေမည့်အစား လက်ရှိရင်ဆိုင်နေရသည့် ပြဿနာကို အရင်ဖြေရှင်းခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

“စီနီယာရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီကောင့်ကို ဘယ်လောက်ကြာကြာ ဆက်ပြီး ဖိနှိပ်ထားနိုင်ဦးမှာလဲ...”

ဝူယွမ်က အကုန်လုံးကို နားလည်သဘောပေါက်ထားသည့်ဟန်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က လေးလံသော အသံဖြင့် ပြန်ဖြေလိုက်တော့သည်။

“သုံးနှစ်တောင် ခံတော့မှာမဟုတ်ဘူး... ဒီကောင်ရဲ့ တိုက်စားမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးပြင်းထန်လာနေပြီ၊ ငါ့အနေနဲ့လည်း အစွမ်းကုန် ကြိုးစားပြီး ဖိနှိပ်ထားရတာ၊ အကယ်၍ ဒီကောင်သာ လွတ်မြောက်သွားပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဖွင့်နိုင်သွားမယ်ဆိုရင် ဒီကမ္ဘာကြီးက ဘယ်သူမှရှောင်လွှဲလို့မရနိုင်တဲ့ ကပ်ဘေးတစ်ခုကို ထပ်မံရင်ဆိုင်ရလိမ့်မယ်...”

“ငါအရင်က လူအများကြီးကို ရှာဖွေခဲ့ဖူးတယ်၊ မဟာရှေးဟောင်းကျမ်းကို သူတို့ဆီ လက်ဆင့်ကမ်းပေးပြီး ငါ့ကိုကူညီဖို့ ဘိုးဘေးအဆောင်နှစ်ခု ရှာဖွေခိုင်းခဲ့ပေမဲ့... ဘယ်သူမှ ကတိတည်ပြီး ပြန်မလာနိုင်ခဲ့ကြဘူး၊ မင်းက ငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ၊ အကယ်၍ မင်းဆီမှာသာ မျှော်လင့်ချက်မတွေ့ရဘူးဆိုရင်တော့ ဒါက ကမ္ဘာပျက်ကပ်ဆိုးတစ်ခု အမှန်တကယ် ဖြစ်လာလိမ့်မယ်...”

“မင်းအပြင် နောက်ထပ် လူငယ်တစ်ယောက်လည်း ရှိသေးတယ်၊ သူ့ဆီမှာ ငါနဲ့ရင်းနှီးတဲ့ မိတ်ဆွေဟောင်းအငွေ့အသက်တွေ အများကြီးရှိတယ်၊ ခုနကသာ ကန္တာရတိမ်ကို ငါမတွေ့ခဲ့ဘူးဆိုရင် ငါသူ့ကိုပဲ ရွေးချယ်မိမှာ...”

ထိုစကားကို ကြားသောအခါ ဝူယွမ်က ဖျော့တော့စွာ ပြုံးလိုက်သည်။

“ကျွန်တော့်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်တာကလည်း အတူတူပါပဲ၊ စီနီယာပြောတဲ့လူက လင်းတုန် ဖြစ်လိမ့်မယ်၊ သူက ကျွန်တော့်ရဲ့ သွေးသောက်ညီလေးလေ၊ ပြီးတော့ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို သူ့ဆီပေးလိုက်တာက ကျွန်တော်ပဲ...”

“ဘိုးဘေးအဆောင်လိုမျိုး နတ်ဘုရားအဆောင်ကို မင်းက သူများကို ပေးရက်တယ် ဟုတ်လား...”

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးမှာ သိသိသာသာ အံ့အားသင့်သွားခဲ့သည်။

“အဲဒါက ဘာများထူးဆန်းလို့လဲ၊ လင်းတုန်နဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှုကို ထားလိုက်ပါဦး၊ အဲဒီအရာက သူ့ဆီမှာရှိရှိ ကျွန်တော့်ဆီမှာရှိရှိ ဘာမှကွာခြားသွားတာမဟုတ်ဘူး၊ စီနီယာသိတဲ့ မဟာရှေးဟောင်းကျောက်တိုင်ကိုပဲ ကြည့်ကြည့်လေ၊ ကျွန်တော့်ဆီမှာ ရှိနေတာက ဘိုးဘေးအဆောင်ထက် အများကြီးပိုစွမ်းအားကြီးတယ်ဆိုတာ စီနီယာမြင်တဲ့အတိုင်းပဲလေ...”

ဝူယွမ်က ပါးပါးလေးပြုံးကာ ပြောလိုက်လေသည်။

မဟာရှေးဟောင်းကျောက်တိုင် - “ဒါဆို မင်းက ငါ့ရဲ့ မဟာရှေးဟောင်းကျမ်းကို လိုချင်သေးလို့လား...”

ဝူယွမ် - “ပညာဟူသည် အိုသည်မရှိတဲ့ များလေကောင်းလေပဲလေ၊ ကျွန်တော်က သိုင်းပညာရပ်မျိုးစုံကနေ အသိဉာဏ်အလင်းရဖို့ ကြိုးစားနေတာ၊ ကျွန်တော့်ရဲ့ သိုင်းပညာရပ်တွေက အဆင့်မြင့်လွန်းနေတော့ တိုက်ရိုက်လေ့ကျင့်ဖို့ ခက်ခဲနေတယ်၊ ဒါကြောင့် သိုင်းပညာရပ်၊ အဆင့် အမျိုးမျိုးကနေ အကြံဉာဏ်ရယူဖို့ လိုအပ်တယ်၊ တောင်ဂိုဏ်းက အသည်းအသန် ချီးကျူးနေတဲ့ စီနီယာရဲ့ မဟာရှေးဟောင်းကျမ်းကလည်း သိုင်းပညာရပ်ကောင်းတစ်ခု ဖြစ်နိုင်လောက်တယ်၊ ကျွန်တော့်ရဲ့ အဆင့်မြင့် သိုင်းပညာရပ်တွေကို လေ့ကျင့်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်လာနိုင်တာပေါ့...”

ထိုစကားကြောင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီး ဒေါသအလိတ်လိတ်ထွက်လာလေသည်။

ရုတ်တရက် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ဒေါသထွက်သွားသော မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးက လူသားပုံရိပ်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ရှေးဆန်သော အဘိုးအိုတစ်ဦး၏ ဝိညာဉ်ပုံရိပ်က ဝူယွမ်၏ ရှေ့မှောက်တွင် ပေါ်လာပြီး ဒေါသတကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။

“ဘာပြောလိုက်တာလဲ၊ ငါ့ရဲ့ မဟာရှေးဟောင်းကျမ်းကို တခြားသိုင်းပညာရပ်တွေ လေ့ကျင့်ဖို့အတွက် ခြေနင်းတုံးတစ်ခုသက်သက်ပဲလို့ ပြောလိုက်တာလား...”

“မဟာရှေးဟောင်းကျမ်းဆိုတာ အဲဒီတုန်းက ငါကိုယ်တိုင် ဖန်တီးခဲ့တာကွ၊ ဒီကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်သွားရင် မိုင်တစ်ထောင်အတွင်းက အရာအားလုံးဟာ ကန္တာရမြေနီတွေအဖြစ် ပြောင်းလဲသွားပြီး မိုင်တစ်ထောင်အတွင်းက ဇီ၀အသက်စွမ်းအင်တွေအကုန်လုံးကို ကိုယ့်ခန္ဓာကိုယ်ထဲ စုစည်းနိုင်တယ်၊ ကောင်းကင်ဘုံကိုတောင် ချေမှုန်းနိုင်တဲ့ စွမ်းအားမျိုးရှိတာ၊ မင်းလေ့ကျင့်နေတဲ့ မဟာရှေးဟောင်း ဧကရာဇ်ကျမ်းဆိုရင်တောင် ဖျက်ဆီးနိုင်စွမ်းအားချင်း ယှဉ်မယ်ဆိုရင် ငါ့ရဲ့ မဟာရှေးဟောင်းကျမ်းကို မယှဉ်နိုင်ဘူး၊ မင်းလေ့ကျင့်တဲ့ နောက်ထပ် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာရပ်တစ်ခုဖြစ်တဲ့ ကောင်းကင်ပြာနဂါး သဏ္ဌာန်ပြောင်းလဲခြင်းပညာရပ်ကတောင် ငါနဲ့ ယှဉ်နိုင်ရုံပဲရှိတာ...”

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးမှာ စိတ်လှုပ်ရှားကာ ဒေါသထွက်နေရှာသည်။ မဟာရှေးဟောင်းကျမ်းသည် သူ၏ အဂုဏ်ယူရဆုံး ဖန်တီးမှုဖြစ်သော်လည်း ဝူယွမ်က အခြားသိုင်းပညာရပ်များ လေ့ကျင့်ရန်အတွက် လမ်းခင်းကျောက်အဖြစ်သာ တန်ဖိုးဖြတ်လိုက်သဖြင့် သည်စော်ကားမှုကို သူသည်းမခံနိုင်ဖြစ်နေလေသည်။

“နည်းနည်း စွမ်းအားကြီးတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကောင်းကင်ပြာနဂါး သဏ္ဌာန်ပြောင်းလဲခြင်းပညာရပ်လောက်နဲ့ပဲ ယှဉ်နိုင်တယ်ဆိုရင်တော့ ကျွန်‌ေတာ်ပြောတာ မှန်တာပေါ့၊ ကျွန်တော်က စီနီယာရဲ့ သိုင်းပညာရပ်ကိုတောင် အထင်ကြီးလွန်းအားကြီးသွားမိသေးတယ်...”

ဝူယွမ်က နေရခက်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးက သူ့ကို ဆန်းကြယ်ပြီး အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားသဖြင့် ကြောက်ရွံ့မှုနှင့် ရိုသေမှု များရောထွေးနေပြီး သူ့ကိုသတိထားဆက်ဆံနေသည်ကို သူသတိထားမိနေတာကြာပြီဖြစ်သည်။ ကမ္ဘာသစ်ပင်နှင့် ရွှေကျီးကန်းတို့ ဝူယွမ်ထံတွင် ရှိနေခြင်းကပင် သူ၏ ထူးခြားမှုကို သက်သေပြနေပေသည်။

“ငါမယုံတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကမ္ဘာမှာ ရှေးတုန်းကနေ အခုထိ ငါ့ရဲ့ မဟာရှေးဟောင်းကျမ်းကို ကျော်လွန်နိုင်တဲ့ သိုင်းပညာရပ်ဆိုတာ တကယ်ကို ရှားပါးလွန်းတယ်၊ ပြီးတော့ ဖျက်ဆီးနိုင်စွမ်းအား သက်သက်နဲ့ ပြောရရင် ငါ့ရဲ့ မဟာရှေးဟောင်းကျမ်းက ထိပ်တန်းစာရင်းဝင်ပဲ၊ ကောင်းကင်အဆင့် သိုင်းပညာရပ်တွေကိုတောင် ခြေနင်းတုံးအဖြစ်ပဲ သဘောထားရလောက်အောင် ဆန်းကြယ်တဲ့ သိုင်းပညာရပ်တွေ မင်းမှာရှိတယ်ဆိုတာ ငါစဉ်းစားလို့တောင် မရဘူး၊ မင်းသာ ကွက်ကွက်ကွင်းမကွင်း သရုပ်ပြနိုင်မလား...”

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ဝိညာဉ်က တုန်ခါသွားပြီး ရှေးဆန်သော အသံကြီးမှာ မကျေနပ်ချက်များနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

အကယ်၍ ထိုသို့သော သိုင်းပညာရပ်မျိုး တကယ်ရှိခဲ့လျှင် ဤကမ္ဘာမှ ဖြစ်မည်မဟုတ်ပေ။ သူသည် အဆောင်ဘိုးဘေးကြီး၏ နောက်လိုက်ဖြစ်ခဲ့ဖူးပြီး အဆောင်ဘိုးဘေးကြီးလို ပုဂ္ဂိုလ်မျိုးကပင် သူဖန်တီးခဲ့သော မဟာရှေးဟောင်းကျမ်းကို အလွန်ချီးကျူးခဲ့ဖူးသည်။

ဝူယွမ်က နှုတ်ခမ်း တွန့်ရုံမျှပြုံးလိုက်သည်။ သူပိုင်ဆိုင်ထားသော သိုင်းပညာရပ်၊ ကျင့်စဉ်များဖြစ်သည့်... ဖိနှိပ်ခြင်း အကျဉ်းထောင်ဘုရင်၊ နတ်ဆင်နှိမ်နင်းခြင်း၊ ကစဉ်ကလျား နတ်ဘုရားကြိတ်ဆုံ ကျင့်စဉ်၊ ခန္ဓာကျမ်း၊ တာ့ဂ်ျလက်သီး၊ ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားသိုင်း၊ လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး တို့က မဟာရှေးဟောင်းကျမ်းထက် သေချာပေါက် သာလွန်နေပေသည်။ ဒါတောင် ‘ချယ်’ အက္ခရာလျှို့ဝှက်ချက် နှင့် ‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်တို့ မပါသေးပေ။

“ဒါဆိုရင်လည်း စီနီယာမြင်အောင် သိုင်းပညာရပ်နှစ်ခုလောက် ထုတ်ပြရတာပေါ့၊ ကျွန်တော်သေချာ မလေ့ကျင့်ရသေးပေမဲ့ စွမ်းအားအနည်းငယ်တော့ ထုတ်သုံးနိုင်နေပါပြီ...”

ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီး မျက်လုံးပြူးသွားအောင် လုပ်ရန် ပြင်ဆင်လိုက်သည်။ ကျင့်စဉ်ကို လိုချင်ရုံသာမက ကျောက်တိုင်ကြီးကို အံ့အားသင့်စေပြီး သူသည် အမှန်တကယ် စွမ်းအားကြီးမားသူဖြစ်ကြောင်း ယုံကြည်သွားစေရန် သူရည်ရွယ်ထားခဲ့သည်။

ထိုအချိန်တွင် ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းပိုင်း၌ ရှိနေပြီး အမြင့်ပေတစ်ရာခန့်ရှိသော အဝါရောင် ကျောက်တိုင်ကြီး၏ မူလပုံစံအစစ်ကို ရင်ဆိုင်နေရသည်။

ကျောက်တိုင်၏ အောက်ခြေတွင် အနက်ရောင် အင်းကွက်မျဉ်းကြောင်းများက ပိုးကောင်များ တွားသွားနေသကဲ့သို့ ထွက်ပေါ်နေသည်။ ထိုအနက်ရောင် မျဉ်းကြောင်းများသည် မိစ္ဆာတစ်ကောင်၏ လက်တံများကဲ့သို့ အေးစက်မှုန်မှိုင်းပြီး ဗိုင်းရပ်စ်ပိုးကဲ့သို့ ကျောက်တိုင်အပေါ်သို့ တဖြည်းဖြည်း တိုက်စားတက်လာနေသည်။

ထိုအနက်ရောင် မျဉ်းကြောင်းများသည် ဉာဏ်ရည်ဉာဏ်သွေး တစ်စုံတစ်ခု ရှိနေသည့်အလား လှုပ်ရှားနေကြလေသည်။ ကြည့်ရသည်မှာ ကျောက်တိုင်ကြီးက ဖိနှိပ်ထားသော ကမ္ဘာခြားနတ်ဆိုးဘုရင်က မဟာရှေးဟောင်းကျောက်တိုင်ကို ပြန်လည်တိုက်စားရန် ကြိုးစားနေပုံရသည်။

“မင်းက ဘယ်လို သရုပ်ပြချင်တာလဲ...”

မဟာရှေးဟောင်းကျောက်တိုင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ကျောက်တိုင်အောက်မှာ စီနီယာဖိနှိပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုး နန်းတော်ကိုပဲ ကျွန်တော့် စမ်းသပ်ခံ သားကောင်အဖြစ် အသုံးပြုကြတာပေါ့၊ ကျွန်တော့် ကိုယ်ခန္ဓာအစစ်ကို ဝင်ခွင့်ပေးနိုင်မလား...”

ဝူယွမ်သည် အပြင်ဘက်သို့ အဆက်မပြတ် ရုန်းကန်ထွက်ရန် ကြိုးစားနေသော အနက်ရောင် မျဉ်းကြောင်းများကို ကြည့်လိုက်ပြီး ရုတ်တရက် အကြံတစ်ခု ရသွားသည်။ ကမ္ဘာခြားနတ်ဆိုးကို တိုက်ရိုက်ရင်ဆိုင်ပြခြင်းထက် ပိုပြီး ယုံကြည်လောက်စရာကောင်းသော သက်သေပြချက် မရှိနိုင်တော့ပေ။

၂၂၈) - လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး၊ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အား တုန်လှုပ်စေခြင်း(၂)

“ဘာပြောလိုက်တာလဲ၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က နိဗ္ဗာန်အဆင့်ခုနှစ် ပဲ ရှိသေးတာလေ၊ မင်းရဲ့ သိုင်းပညာရပ်က ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ၊ ဒီ ကမ္ဘာခြားနတ်ဆိုးဘုရင် ဒဏ်ရာရအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မတော်တဆ သူ့ရဲ့ နတ်ဆိုးစွမ်းအင်တွေ ကူးစက်ခံရရင် မင်းရဲ့ စိတ်ဝိညာဉ်ပါ တိုက်စားခံရလိမ့်မယ်...”

မဟာရှေးဟောင်းကျောက်တိုင်ကြီးမှာ ဝူယွမ် ရူးသွားပြီဟု ထင်မှတ်ကာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ဤ ကမ္ဘာခြားနတ်ဆိုးဘုရင်သည် သံသရာအဆင့်နှစ် စွမ်းအားရှင်တစ်ဦးနှင့် ညီမျှသည်။ ဖိနှိပ်ခံထားရသည့်တိုင် ဝူယွမ်လို လူတစ်ယောက်က တိုက်ခိုက်မည်ဆိုလျှင် ခြိမ်းခြောက်မှု အနည်းငယ်မျှပင် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာခြားနတ်ဆိုးဘုရင်ထံမှ လျှံကျလာမည့် နတ်ဆိုးစွမ်းအင်များကတော့ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ မရောက်သေးဘဲ ခန္ဓာကိုယ်အတွင်း အဆုံးမဲ့ သက်စောင့်စွမ်းအင် မရှိသည့် ကျင့်ကြံသူများအနေဖြင့် ယင်းကို ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်။

“စီနီယာ ဖိနှိပ်ထားတယ် မဟုတ်ဘူးလား၊ စီနီယာက သူ့ကို ဖိနှိပ်ထားပေးရုံပဲလေ၊ ကျွန်‌ေတာ့်အတွက်တော့ စိတ်ပူစရာမလိုဘူး၊ သူ့ရဲ့ နတ်ဆိုးစွမ်းအင်က ကျွန်တော့်ကို ဘာမှမလုပ်နိုင်ဘူး၊ တကယ်တော့ ဒီလို နတ်ဆိုးစွမ်းအင်မျိုးနဲ့ ကြုံဖူးတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ...”

ဝူယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ နတ်ဆင်နှိမ်နင်းခြင်းကို ကျင့်ကြံထားပြီး ကောင်းကင်ပြာဧကရာဇ်သွေးနှင့် မဟာခမ်းနားသော တောင်တန်းခန္ဓာကိုယ်၏ မူလပုံစံဖြစ်သော ငရဲအကျဉ်းထောင် မူလခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ဤထူးဆန်းသော နတ်ဆိုးစွမ်းအင်များကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်းရှိနေခဲ့သည်။

မဟာရှေးဟောင်းကျောက်တိုင် အတွင်းရှိ နတ်ဆိုး၏ နတ်ဆိုးစွမ်းအင်ကိုပငိ ဖိနှိပ်ရန် သူကြိုးစားခဲ့ဖူးသည်။

စွမ်းအားကြီးမားသော အာဏာရှင်သွေးအောက်တွင် နတ်ဆိုးစွမ်းအင်များက ကျုံ့ဝင်သွားရစမြဲပင်။

ထိုအခါမှ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးက ကန္တာရတိမ် ဖိနှိပ်ထားသော အခြားနတ်ဆိုးနန်းတော်တစ်ခုအကြောင်းကို သတိရသွားသည်။ ထိုကိစ္စက ဝူယွမ်၏ လက်ချက်ပင် ဖြစ်သည်။

သူသည် ဤကမ္ဘာခြားနတ်ဆိုးများနှင့် အစောပိုင်းကနည်းက ရင်ဆိုင်ခဲ့ဖူးပြီး အတွေ့အကြုံမရှိသော လူသစ်တစ်ယောက် မဟုတ်ခဲ့ပေ။

“ကောင်းပြီလေ... ဒါပေမဲ့ မင်းပြင်ဆင်ထားမှဖြစ်မယ်၊ ငါမင်းကို တိုက်ခိုက်ခွင့်ပေးလိုက်တာနဲ့ သူက သေချာပေါက် နတ်ဆိုးစွမ်းအင်တွေ ထုတ်လွှတ်ပြီး ပြန်တိုက်ခိုက်လိမ့်မယ်၊ အဲဒီ နတ်ဆိုးစွမ်းအင်တွေက ငါ့ကို သိပ်ပြီး ထိခိုက်မှုမရှိစေဘူး၊ ဒါကြောင့် သူ့စွမ်းအားတွေအကုန်လုံး မင်းခန္ဓာကိုယ်ထဲ ဝင်ရောက်လာလိမ့်မယ်၊ တစ်ကယ်လို့ မင်းက နတ်ဆိုးစွမ်းအင်ကို မောင်းထုတ်နိုင်စွမ်း မရှိရင်၊ ဒါမှမဟုတ် ဖိနှိပ်ထားနိုင်စွမ်း မရှိရင် မင်းအတော်လေး ဒုက္ခရောက်သွားလိမ့်မယ်...”

မဟာရှေးဟောင်းကျောက်တိုင်က ထပ်မံ သတိပေးလိုက်သည်။ သူသည် ကမ္ဘာခြားနတ်ဆိုးဘုရင်နှင့် ပတ်သက်၍ အလွန်သတိထားသူ ဖြစ်သည်။

ဝူယွမ်ကတော့ ယုံကြည်မှု ရှိနေဆဲပင်။ ကမ္ဘာခြားနတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူသည် အလေးအနက်ထားသူဖြစ်သည်။

“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစစ်ကို ဝင်ခွင့်ပေး၊ ကန္တာရတိမ် ရှိနေသရွေ့ ကျွန်တော်မဖိနှိပ်နိုင်ရင်တောင် သူက ကျွန်တော့်ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်တွေကို စုပ်ယူပေးနိုင်တယ်၊ စီနီယာက ကမ္ဘာခြားနတ်ဆိုးဘုရင်ကို သေချာဖိနှိပ်ထားပြီး ကျွန်တော့်ကို လက်သီးနဲ့ ထိုးခွင့်ပေးလိုက်ရင် ရပြီ...”

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးသည် ကမ္ဘာသစ်ပင်၏ ကြောက်မက်ဖွယ် စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးသားဖြစ်သည်။

ကန္တာရတိမ် ရှိသည့်နေရာ၌ ကမ္ဘာခြားနတ်ဆိုးဘုရင်က ကမ္ဘာ့သစ်ပင်အတွက် အာဟာရသက်သက်သာ ဖြစ်သွားသည်။

ထို့ကြောင့် သူဆက်ပြီး တွန့်ဆုတ်မနေတော့ဘဲ ဝူယွမ်၏ ခန္ဓာကိုယ်အစစ်ကို သူ၏ အတွင်းပိုင်းနယ်မြေသို့ ချက်ချင်း ဆင့်ခေါ်လိုက်သည်။

အပြင်ဘက်တွင်!

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီး၏ အလင်းတိုင်အောက်တွင် ရှိနေသော ဝူယွမ်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

“ဘာဖြစ်တာလဲ... ဝူယွမ် ဘယ်ရောက်သွားတာလဲ...”

ဝူတောင် အကြီးအကျယ် အံ့သြသွားပြီး မဟာရှေးဟောင်းကျောက်တိုင်ဆီသို့ ချက်ချင်း ပြေးသွားလိုက်သော်လည်း ဝူယွမ်၏ အရိပ်အယောင်ကို ရှာမတွေ့တော့ပေ။

ချန်ကျန်း၊ ကူမို၊ ယင်းဟွမ်ဟွမ် နှင့် လင်းတုန်တို့အားလုံး မျက်နှာပျက်သွားကြပြီး ဘာဖြစ်သွားမှန်း နားမလည်နိုင် ဖြစ်နေကြသည်။

ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပျက်ဖူးခြင်းဖြစ်သည်။ အတိတ်ကာလက တစ်စုံတစ်ယောက် မဟာရှေးဟောင်းကျမ်းကို အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့လျှင်တောင်မှ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်သွားခြင်းမျိုး မရှိခဲ့ဖူးပေ။

“မထိတ်လန့်ကြပါနဲ့၊ သူ ကျောက်တိုင်ထဲကို ဝင်သွားတာဖြစ်လောက်တယ်... ငါတို့ဂိုဏ်းက ကျောက်တိုင်ကြီးကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တာပဲ၊ ဝူယွမ်ကို အန္တရာယ်ဖြစ်စေမယ့် ကိစ္စမျိုး လုပ်လိမ့်မယ်မထင်ဘူး...”

ယင်းရွှမ်းဇီ၏ အသံက တောင်ထိပ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သဖြင့် စိုးရိမ်ပူပန်နေသော လူအုပ်ကြီးကို အနည်းငယ် တည်ငြိမ်သွားစေသည်။

သို့သော် ယင်းရွှမ်းဇီ ကိုယ်တိုင်လည်း မသေချာနေပေ။ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကဲ့သို့သော အဆင့်မြင့် ဝိညာဉ်ရတနာတစ်ခုကို သူထိုးဖောက်မမြင်နိုင်ပေ။

တကယ်တော့ ဝူယွမ် ဆိုသူကလည်း ခန့်မှန်းရခက်လွန်းလှသည်။

သူတို့အားလုံး စိုးရိမ်တကြီး တွေးတောနေကြစဉ်မှာပင် လေပြင်းခန်းမရှိ ဆေးမြစ်သည် ရုတ်တရက် ဆူပွက်လာပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ရှိရာ တောင်ကုန်းဆီသို့ ပြန်လှည့်စီးဆင်းကာ တောင်ကုန်းထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။

“မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က စွမ်းအားတွေကို စုပ်ယူနေတာလား...”

ချန်ကျန်းမှာ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ယခုနှစ်ထဲတွင် အပြောင်းအလဲများ များလွန်းနေခဲ့သည်။

ပုံမှန်အားဖြင့် မဟာရှေးဟောင်းကျောက်တိုင်က ဆေးမြစ်၏ စွမ်းအားကို စုပ်ယူသည်ဆိုသည်မှာ ကျင့်စဉ်များကို လွှဲပြောင်းပေးရန်အတွက်သာ ဖြစ်သည်။ သို့သော် ခုနလေးတင် တစ်ကြိမ် စုပ်ယူပြီးသွားပြီဖြစ်ပေမဲ့ ယခုတစ်ကြိမ်မှာ ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ဆေးမြစ်တစ်ခုလုံးကိုပါ ဆွဲယူစုပ်ငင်လုနီးပါး ဖြစ်နေခြင်းက အမှန်တကယ်ပင် ပုံမှန်မဟုတ်သော အခြေအနေဖြစ်လေသည်။

ကျောက်တိုင်အတွင်း၌ ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ မူလပုံစံအစစ်ကို ရင်ဆိုင်နေပြီး သူ၏ ကျင့်စဉ်ကို လည်ပတ်ကာ စွမ်းအားအားလုံးကို စုစည်းနေခဲ့သည်။

ရှေးဟောင်းဆန်သည့် အဝါရောင် မဟာရှေးဟောင်းကျောက်တိုင်ကြီး၏ ကိုယ်ထည်ပေါ်တွင် အနက်ရောင် မျဉ်းကြောင်းများမှာလည်း ပိုမိုထူထပ်လာခဲ့သည်။

“ဂျီး... ဂျီး... ဂျီး...”

“မင်းက ဒီကောင်စကားကို ယုံရဲတယ်ပေါ့လေ... ဟားဟားဟား... ကောင်းပြီလေ၊ ဒီဘုရင်ကို နည်းနည်းလောက် လွှတ်ပေးလိုက်စမ်းပါ၊ ဒီကောင်လေးကို ငါဝါးမျိုပစ်ချင်တယ်...”

ကျောက်တိုင်အောက်ခြေမှ အနက်ရောင် နတ်ဆိုးစွမ်းအင်များ ပိုမိုလှိမ့်တက်လာသည်နှင့်အမျှ ကျောက်တိုင်ပေါ်တွင် အနက်ရောင် အရိပ်တစ်ခု ဖျပ်ကနဲ ပေါ်လာခဲ့သည်။

အနက်ရောင် အရိပ် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် လေထုတစ်ခုလုံး အေးစက်သွားပြီး ဆိုးညစ်သော အမှောင်စွမ်းအားတစ်ခုက ဝူယွမ်ကို ဝင်ရောက်တိုက်ခိုက်လာသည်။

ထိုအချိန်တွင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ရှေးဟောင်းအဝါရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်လိုက်သည်။

“မင်း စလို့ရပြီ...”

မဟာရှေးဟောင်းကျောက်တိုင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဝူယွမ် ခေါင်းညိတ်လိုက်ပြီး သူ၏ သိုင်းပညာကို ချက်ချင်း စတင်ထုတ်ဖော်လိုက်လေသည်။ သူ့ ခန္ဓာကိုယ်မှ အာဏာရှင်သွေးများ လျင်မြန်စွာ လည်ပတ်လာပြီး လည်ပတ်မှုအရှိန်ကြောင့် မီးလောင်လုနီးပါး ဖြစ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်တစ်ခု မြင့်တက်လာခဲ့သည်။ ခန္ဓာကိုယ်တွင်းရှိ နှလုံးကြွေမီးတောက် သည်လည်း ရူးသွပ်စွာ လောင်ကျွမ်းလာပြီး သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အရောင်မဲ့ ကြည်လင်သော ပြင်းထန်သည့် မီးတောက်များ ဖြစ်ပေါ်လာစေခဲ့သည်။

ကြိုတင်ပြင်ဆင်ထားသော စွမ်းအားများနှင့်အတူ ဝူယွမ်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်လည်း အပြည့်အဝ နိုးကြားလာလေသည်။

သူ၏ ဒန်တျန် အတွင်း၌ သိမ်းဆည်းထားသည့် အသုံးမပြုရသေးသော ပါ့ကျိလက်သီးဆန္ဒက ယခုအခါ လှုပ်ရှားလာပြီဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူပထမဆုံး ထုတ်ဖော်ပြသတော့မည့် သိုင်းပညာရပ်မှာ ‘လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး’ ပင်ဖြစ်သည်။

ဤစွမ်းအားကြီးမားသော လက်သီးသိုင်းသည် သူ၏ အာဏာရှင်လက်သီး နှင့် ယှဉ်နိုင်ရုံသာမက အတော်လေးကောင်းမွန်ပြီး သံသရာလည်ပတ်ခြင်း အဓိပ္ပာယ်များ ပါဝင်နေသဖြင့် ယခုကဲ့သို့ သံသရာအဆင့် ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံး ကျင့်စဉ်တစ်ခုပဲဖြစ်သည်။

အာဏာရှင်လက်သီးသည်လည်း စွမ်းအားကြီးမားသော်လည်း ၎င်း၏ အဓိက ဦးတည်ချက်မှာ စွမ်းအားအပေါ်တွင်သာ မူတည်ပြီး အလွန်အကျွံ ဖိနှိပ်ခြင်းကို အလေးပေးလေသည်။

သို့သော် လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး ကမူ ‘တာအို’ တရားအပေါ် အခြေခံထားခြင်းဖြစ်သည်။

မဟာရှေးဟောင်းကျောက်တိုင်ကြီးမှာ ဝူယွမ်ကို ကြည့်နေပြီး သူ၏ စွမ်းအားများကို ဖြန့်ကျက်ကာ ဝူယွမ်၏ သိုင်းပညာရပ် ပြသမှုကို အသေးစိတ် စစ်ဆေးနေခဲ့သည်။ ဝူယွမ် စွမ်းအားစုစည်းလိုက်သောအခါ မဟာရှေးဟောင်းကျောက်တိုင်ကြီးသည် သူ၏ လက်သီးသိုင်းကွက်ပေါ်တွင် သံသရာ၏ ဆန်းကြယ်မှု အရိပ်အယောင်တစ်ခု ရှိနေသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။

“မဖြစ်နိုင်တာ... သူက နိဗ္ဗာန်အဆင့်ခုနှစ် မှာရှိတဲ့ ပိုးကောင်လေးတစ်ကောင်ပဲ ရှိသေးတာ၊ သံသရာလည်ပတ်ခြင်းရဲ့ အဓိပ္ပာယ်ကို သူဘယ်လိုလုပ် ထိတွေ့နိုင်မှာလဲ...”

နတ်ဆိုးအရိပ်သည်လည်း ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ အသံတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ စွန်းထင်းနေခဲ့သည်။

ကံဆိုးစွာဖြင့် သူ၏ အရိပ်က ပတ်ဝန်းကျင်ရှိ ညှိုးနွမ်းနေသော အဝါရောင် အလင်းတန်းများ၏ တင်းကျပ်စွာ ချုပ်နှောင်ခြင်းကို ခံထားရသည်။

ထိုအချိန်တွင် ဝူယွမ်၏ စွမ်းအားက အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး မဟာရှေးဟောင်းကျောက်တိုင်၏ အတွင်းပိုင်း တစ်ခုလုံးတွင် တုန်ခါမှုများ ပေါ်လာခဲ့သည်။

အာဏာရှင်သွေးများ ဆူပွက်လာသည်၊ လက်သီးအလိုဆန္ဒများ ပေါင်းဆုံလာသည်၊ ‘ချယ်’ အက္ခရာလျှို့ဝှက်ချက်ကိုပါ အသက်သွင်းလိုက်လေသည်။

“လမ်း... ခြောက်... သွယ်... ဝင်... စား... ခြင်း... လက်... သီး...”

ဝူယွမ်က စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ရွတ်ဆိုလိုက်ပြီး ဟိန်းဟောက်သံနှင့်အတူ စွမ်းအားမျိုးစုံ ပေါင်းစပ်ထားသော ဤ လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး ဖြင့် ကျောက်တိုင်ကိုယ်ထည်အတွင်းရှိ အနက်ရောင် နတ်ဆိုးအရိပ်ကို အစွမ်းကုန် ထိုးနှက်လိုက်‌တော့သည်။

ဘုန်း!

မဟာရှေးဟောင်းကျောက်တိုင် တစ်ခုလုံး တုန်ခါသွားကာ ကျောက်တိုင်ပေါ်ရှိ နတ်ဆိုးအရိပ်တွင် အက်ကွဲကြောင်းများ အမှန်တကယ် ပေါ်လာပြီး ထူထပ်သော နတ်ဆိုးစွမ်းအင် အများအပြားလည်း ထိုအခိုက်အတန့်တွင် လွင့်စင်သွားခဲ့လေသည်။ လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး ၏ အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးဘုရင်မှာလည်း အတော်လေး ခံစားသွားရလေသည်။

သို့သော် ဝူယွမ်၏ လက်ရှိတိုက်ခိုက်မှုသည် သူ့ကို ဒဏ်ရာအနည်းငယ်သာ ရစေခဲ့ပြီး ပြင်းထန်သော ပျက်စီးဆုံးရှုံးမှု ဖြစ်စေရန်မှာမူ ဝေးကွာနေသေးသည်။

သူတို့ကြားမှ အဆင့်ကွာဟချက်က ကြီးမားနေဆဲပင်။

သို့သော် ကမ္ဘာခြားနတ်ဆိုးဘုရင်အတွက်မူ ထိခိုက်ပျက်စီးမှု မကြီးမားသော်လည်း စော်ကားခံရမှုကမူကတော့ အလွန်ပြင်းထန်လှသည်။

နိဗ္ဗာန်အဆင့်ခုနှစ်သာရှိသေးသော ဝူယွမ်ကို မဆိုထားနှင့်၊ သံသရာအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ့အတွက် တစ်ချက်တည်းနှင့် ကိစ္စပြတ်မည့်သူမျိုးဖြစ်သည်။ သို့သော် ယခုအခါတွင် ပိုးကောင်လေးတစ်ကောင်ဟု သူသတ်မှတ်ထားသူ၏ လက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့ရလေပြီ။

မဟာရှေးဟောင်းကျောက်တိုင်ကြီးမှာလည်း တုန်လှုပ်သွားခဲ့သည်။ မူလက ဝူယွမ်အနေဖြင့် နတ်ဆိုးစွမ်းအင် အနည်းငယ်လောက်ကိုသာ လှုပ်ခတ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤတိုက်ခိုက်မှုက ကမ္ဘာခြားနတ်ဆိုးဘုရင်၏ မူလခန္ဓာကိုယ်ကို အမှန်တကယ် ထိခိုက်စေနိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“ဒီလက်သီးသိုင်းက အရမ်းစွမ်းအားကြီးလွန်းတယ်၊ ငါ့ရဲ့ မဟာရှေးဟောင်းကျမ်းက တကယ်ကို မယှဉ်နိုင်ပါလား...”

All Chapters