ဟင်းသီးဟင်းရွက်ဝယ်နေတယ် မှတ်နေတာလား
Vol. 28 Ch. 271
အင်မော်တယ်ကံကြမ္မာတိုကင်ဆိုသည်မှာ အလယ်အင်မော်တယ်လောကတစ်ခုလုံးတွင် အထိခိုက်လွယ်ဆုံးပစ္စည်းဖြစ်သည်။ ဤအရာကို တိုက်ရိုက်ဝယ်ယူနိုင်သည်ဆိုသော်လည်း ထျန်းရှူးဂိုဏ်းနှင့် အချို့သော ရှေးဦးအင်မော်တယ်ဂိုဏ်းကြီးများမှအပ မည်သူမျှ မိမိတို့တွင်တိုကင်ရှိကြောင်း လူသိရှင်ကြားမထုတ်ဖော်ရဲကြ။ အဆုံးတွင်မူ တိုကင်ကိုလက်ဝယ်ထားရှိခြင်းသည် လူပေါင်းများစွာ၏ပစ်မှတ်ဖြစ်လာစေရန် ဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေသောကြောင့်ပင်။
လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် အခြားသူများ၏အတွေးတွင်မူ ဤဝယ်ယူမှုကို တတ်နိုင်သမျှ လူမသိအောင်လုပ်ဆောင်ရမည်ဟု ယူဆထား၏။ ဆယ်နှစ်တစ်ကြိမ် တည်နေရာပေါ်မည်ဆိုသော်လည်း တတ်နိုင်သမျှဖုံးကွယ်ထားနိုင်ခြင်းက ပို၍ကောင်းသည် မဟုတ်ပါလား။ အမှန်တကယ်တွင် ထျန်းရှူးဂိုဏ်းသည်လည်း ဝယ်ယူသူများ၏စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားပေးထား၏။ တိုကင်ဝယ်ယူသည့်အခါ သီးသန့်ခန်းအတွင်း၌ လျှို့ဝှက်ဆွေးနွေးနိုင်ရန် စီစဉ်ပေးထားလေ့ရှိသည်။
သို့ပါလျက်နှင့် မည်သူကများ အားလုံးသိအောင် အော်ဟစ်ပြောဆိုပြီးမှ ဝင်လာပါမည်နည်း။ ကြိုဆိုရေးအင်မော်တယ်ပင် ကြောင်သွားရပြီး ချက်ချင်းတုံ့ပြန်ရန် မေ့လျော့သွားတော့သည်။
"ဧည့်သည်တော်... အင်မော်တယ်ကံကြမ္မာတိုကင်ဝယ်ချင်တယ်လို့ ပြောလိုက်တာလားခင်ဗျာ"
သေချာအောင် ထပ်မံမေးမြန်းလိုက်၏။
အစ်ကိုကြီးချန်မှာ မိမိကိုယ်မိမိဖော်ထုတ်လိုက်မိပြီဟူသောအသိစိတ် လုံးဝမရှိပေ။ သူ၏ပုံစံမှာ ဈေးထဲတွင် ဟင်းသီးဟင်းရွက်ဝယ်နေသကဲ့သို့ပင် ပေါ့ပေါ့ပါးပါးရှိလှသည်။
"ဟုတ်တယ်လေ၊ မင်းတို့ဆီမှာ တိုကင်တွေရှိတယ်မဟုတ်လား"
"ရှိပါတယ်ခင်ဗျာ"
"ဈေးနှုန်းက တစ်ခုကိုအင်မော်တယ်ကျောက်တုံး တစ်သိန်းပဲနော်၊ တက်မသွားဘူးမဟုတ်လား"
"ဧည့်သည်တော်က နောက်နေပြန်ပြီ။ ကျွန်တော်တို့ထျန်းရှူးဂိုဏ်းက နှစ်ပေါင်းများစွာ ရပ်တည်လာတာပါ။ ပစ္စည်းသိုလှောင်ပြီး ဈေးတင်ရောင်းတာမျိုး လုံးဝမလုပ်ပါဘူး..."
ကြိုဆိုရေးအင်မော်တယ်က ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ လူတိုင်းက စိုက်ကြည့်နေကြသည်ကိုတွေ့၏။ သူသည် ထျန်းရှူးဂိုဏ်းသားဖြစ်၍ မကြောက်သော်လည်း အစ်ကိုကြီးချန်အတွက်မူ တိတ်တဆိတ်ချွေးပြန်နေမိသည်။
အစ်ကိုကြီးရာ... ခင်ဗျားအသက်ကို မနှမြောဘူးလား...
လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့လည်း အခြေအနေကိုထိန်းသိမ်းရန် အလျင်အမြန်ရှေ့တိုးလာ၏။
"ကျွန်တော်တို့ရဲ့ ဘိုးဘေးကြီးက စနောက်တတ်တဲ့ဝါသနာရှိလို့ပါ။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြပါ"
"ဟုတ်တယ်... အင်မော်တယ်ကံကြမ္မာတိုကင်လို ရတနာမျိုးကို ဘယ်သူက ဒီလောက်စောစောဝယ်ပါ့မလဲ..."
ခန်းမအတွင်းရှိ အခြားသူများကလည်း ထိုသို့ထင်မြင်ကြသည်။ ဤမျှအထိ မဆင်မခြင်လုပ်မည့်သူ မည်သို့ရှိနိုင်မည်နည်း။ တစ်ဖက်က စနောက်လိုက်ခြင်းသာဖြစ်မည်ဟုတွေးကာ စိတ်အေးသွားကြသော်လည်း လူတိုင်းက ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ရန် ပြင်နေစဉ်မှာပင်...
အစ်ကိုကြီးချန်က ဘေးရှိလူများကို နောက်သို့တွန်းပို့လိုက်သည်။
"နားမလည်လိုက်တာ... မင်းတို့ကတော့ နောက်လိုက်ကောင်းတွေတောင်မဖြစ်နိုင်ကြဘူး"
ဂိုဏ်းတည်ဘိုးဘေးကြီးမှာ အလွန်မကျေမနပ်ဖြစ်သွားပြီး ကိုယ်တိုင်ဈေးစကားပြောရန် ဆုံးဖြတ်လိုက်သည်။ သူက ကြိုဆိုရေးအင်မော်တယ်ကိုကြည့်ကာ...
"ဈေးမတက်ဘူးဆိုရင် မင်းတို့ဆီမှာ လက်ကျန်ဘယ်လောက်ရှိလဲ။ အကုန်ယူမယ်"
ဗျာ...
ခန်းမတစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ အကုန်ယူမည်ဆိုပါလား။ ထျန်းရှူးဂိုဏ်းတွင် ဌာနခွဲများစွာရှိသော်လည်း စုစုပေါင်းတိုကင်အရေအတွက်မှာ သိန်းဂဏန်းခန့်သာရှိတတ်သည်။ နောက်ဆုံးဆယ်နှစ်မတိုင်ခင်အထိ တိုကင်အများစုမှာ ထျန်းရှူးဂိုဏ်းတွင်သာရှိနေတတ်ပြီး မည်သူမျှ ကြိုတင်ကိုင်ဆောင်ထားရန် မဝံ့ရဲကြ။ ထို့ကြောင့် ဤဌာနခွဲတွင် အနည်းဆုံး တိုကင် ၁၀၀ ကျော် ရှိနေနိုင်ပေသည်။
ဤလူက အားလုံးကိုဝယ်ယူလိုသည်ဟုဆိုလာသည်။ အင်မော်တယ်ဘုရင်များစွာရှိနေသည့် ရှေးဦးဂိုဏ်းကြီးအချို့မှအပ မည်သူကများ တိုကင်အမြောက်အမြားကို တစ်ပြိုင်နက်ကိုင်ဆောင်ရဲမည်နည်း။
ကြိုဆိုရေးအင်မော်တယ်မှာ မိမိနားကြားမှားသလောဟုပင် သံသယဝင်မိ၏။ သူသည် တိုကင်ရောင်းချဖူးသော်လည်း ဤမျှကြွယ်ဝသောဝယ်ယူသူမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဤလူက သေတွင်းတူးချင်နေ၏။
"ဘိုးဘေးကြီး... မလုပ်ပါနဲ့"
"ဒီလိုမျိုးမလုပ်သင့်ပါဘူး..."
လင်ဟန်ဟန်မှာ စိုးရိမ်တကြီးဖြစ်လာပြီး ယွမ်ကျဲ၊ ယွမ်ဝူ၊ ယွမ်ဟီတို့နှင့်အတူ ဝိုင်းဝန်းတားဆီးကြတော့သည်။ ၎င်းတို့ တကယ့်ကို စိတ်ပျက်အားလျော့နေကြလေပြီ။ ဘိုးဘေးကြီး၏ အထောက်အထားနှင့်ပတ်သက်၍ မသေချာသော်လည်း တစ်ခုတော့သေချာနေသည်... သူသည် ပြင်ပလောကနှင့်ပတ်သက်၍ အတွေ့အကြုံလုံးဝမရှိ။ အင်မော်တယ်လောကသို့ အခုမှစရောက်လာသည့် လူသစ်တစ်ယောက်ပင်လျှင် ဤမျှအထိ မဆင်မခြင်လုပ်မည်မဟုတ်ပေ။
"ဖယ်ကြစမ်း။ မင်းတို့က ဆုံးဖြတ်မှာလား၊ ငါက ဆုံးဖြတ်မှာလား"
ကျန်းချန် စိတ်မရှည်တော့။ ငါမင်းတို့ကို အားပေးဖို့ခေါ်လာတာ၊ ငါ့ခြေထောက်ကိုဆွဲထားဖို့ ခေါ်လာတာမဟုတ်ဘူး။
"ဘာလဲ... မင်းတို့က မရောင်းချင်ဘူးလား"
ကြိုဆိုရေးအင်မော်တယ်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူးခင်ဗျာ။ ဒီလောက်အများကြီးဆိုရင်တော့ ခွင့်ပြုချက်တောင်းရပါမယ်"
၎င်းတို့သည် ဈေးနှုန်းသတ်မှတ်ထားပြီးသားဖြစ်၍ ဝယ်ယူသူရှိလျှင် ဝမ်းသာရမည်သာ။ မည်သို့ဆိုစေ တစ်သောင်းနှင့်ဝယ်၍ တစ်သိန်းနှင့်ရောင်းရခြင်းမှာ အမြတ်ကြီးလှသည်မဟုတ်ပါလား။ သို့သော် တိုကင် ၁၀၀ ကျော်ဆိုသည်မှာ အလွန်ကြီးမားသောအမှာစာ ဖြစ်နေသည့်အပြင် ပစ္စည်းကိုယ်တိုင်ကလည်း အထိခိုက်လွယ်လွန်းလှရာ သူကိုယ်တိုင်မဆုံးဖြတ်ရဲပေ။
ထိုအချိန်တွင် ဤဌာနခွဲ၏ဥက္ကဋ္ဌတင်ရွေ့သည် အထက်မှရောက်ရှိလာသော အရေးပါသည့်ပုဂ္ဂိုလ်နှစ်ဦးကို ရိုသေစွာဧည့်ခံနေ၏။ ထိုပုဂ္ဂိုလ်မှာ အလယ်အင်မော်တယ်လောကရှိ ထျန်းရှူးဂိုဏ်း၏ အင်မော်တယ်ဘုရင် ၁၂ ပါးထဲမှ တစ်ပါးဖြစ်သည့် အင်မော်တယ်ဘုရင်ရဲ့ယန်ဖြစ်ပြီး တင်ရွေ့မှာ အင်မော်တယ်ဘုရင်၏ရှေ့မှောက်တွင် အမှားအယွင်းမရှိစေရန် အလွန်သတိထားနေရသည်။
သို့သော် ယခုအချိန်တွင် သူ၏အာရုံအများစုမှာ အင်မော်တယ်ဘုရင်ရဲ့ယန်ထံ၌မဟုတ်ဘဲ ဘေးရှိအမျိုးသမီးငယ်တစ်ဦးထံတွင် ရောက်ရှိနေသည်။ ထိုအမျိုးသမီးမှာ အဖြူရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားပြီး အနားသတ်များတွင် အနက်ရောင်ပန်းပွင့်များ ထိုးထား၏။ သူမ၏ပုံစံမှာ ထူးခြားလှပပြီး သူမ၏ဘေးတွင် အင်မော်တယ်ဘုရင်ရဲ့ယန် မတ်တတ်ရပ်၍ခစားနေရသည်ကိုကြည့်ခြင်းဖြင့် သူမ၏အဆင့်အတန်းမှာ မည်မျှမြင့်မားကြောင်းသိနိုင်သည်။ သူမ၏အမည်မှာ မြောင်ယွီဟုခေါ်သည်။
ထိုအချိန်တွင် ကြိုဆိုရေးအင်မော်တယ်ထံမှ သတင်းရောက်ရှိလာသည်။ တင်ရွေ့က ထိုသတင်းကို ဖတ်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွား၏။
"တစ်စုံတစ်ယောက်က ဒီမှာရှိတဲ့တိုကင်အားလုံးကို ဝယ်ချင်တယ်ဟုတ်လား"
သူသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး ဤအရာ၏နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုတစ်ခုရှိနေမလားဟု သံသယဝင်မိသည်။ အင်မော်တယ်ဘုရင်ရဲ့ယန်ကလည်း သူ၏ထူးခြားမှုကို သတိပြုမိသွား၏။
"ဘာဖြစ်လို့လဲ"
"ဒါက..."
တင်ရွေ့မှာ အကြပ်ရိုက်သွားသည်။ ဌာနခွဲ၏ကိစ္စများကို အထက်ကလူများကို အကူအညီတောင်းရလျှင် သူ၏စွမ်းဆောင်ရည်ညံ့ဖျင်းသည်ဟု ထင်မြင်ခံရနိုင်သည်။ သို့သော် ဤကိစ္စကိုမူ သူကိုယ်တိုင်မဆုံးဖြတ်ရဲပေ။
အင်မော်တယ်ဘုရင်ရဲ့ယန်၏မျက်နှာမှာ တင်းမာသွားပြီး အမိန့်ပေးလိုက်သည်။
"တွေဝေမနေနဲ့၊ ပြောစမ်း"
"ဒီလိုပါ... အခုလေးတင် လူတစ်စုက တိုကင်တွေဝယ်ဖို့ ရောက်လာပါတယ်..."
တင်ရွေ့က အခြေအနေကိုရှင်းပြလိုက်သည့်အခါ အင်မော်တယ်ဘုရင်ရဲ့ယန်ပင် မျက်မှောင်ကြုတ်သွားရသည်။ တိုကင်များကို ကြိုတင်၍ အမြောက်အမြားဝယ်ယူမည့်သူမှာ အမှန်တကယ်ပင်ထူးဆန်း၏။
"လက်ရှိမှာ တိုကင်ဘယ်နှခုရှိလဲ"
"၁၁၅ ခု ပါ"
"တစ်ခါတည်းနဲ့ ဒီလောက်အများကြီးဝယ်နိုင်တဲ့သူက လူမိုက်တော့မဟုတ်တန်ရာဘူး။ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ"
တင်ရွေ့က အခန်းအတွင်းရှိ အင်မော်တယ်ကိရိယာတစ်ခုကို ပွတ်သပ်လိုက်ရာ အောက်ထပ်ရှိ ခန်းမဆောင်၏မြင်ကွင်းမှာ ၎င်းတို့ရှေ့တွင် ထင်ထင်ရှားရှားပေါ်လာတော့သည်။ ကျန်းချန်၊ လင်ဟန်ဟန်နှင့် ကြိုဆိုရေးအင်မော်တယ်တို့ကို ရှင်းလင်းစွာမြင်တွေ့ရသည့်အပြင် ၎င်းတို့၏အသံများကိုပါ ကြားနေရသည်။
"သူတို့ပဲ..."
"သူတို့က ဖေးရှန်ဂိုဏ်းက လူတွေပဲ။ အဲဒီဂိုဏ်းက ဒီနယ်မြေထဲက အင်အားအသင့်အတင့်ရှိတဲ့ ဂိုဏ်းတစ်ခုပါ"
တင်ရွေ့သည် ဌာနခွဲဥက္ကဋ္ဌဖြစ်သည့်အတိုင်း လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
"အဲဒီဂိုဏ်းမှာ အင်မော်တယ်အရှင်မြတ် ၁၉ ပါး ရှိပြီး ဂိုဏ်းချုပ်ယွမ်ကျိက အဆင့် ၇ အင်မော်တယ်အရှင်မြတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကိုဦးဆောင်လာတဲ့ လူငယ်ကတော့ သူစိမ်းပဲ"
"ဖေးရှန်ဂိုဏ်း ဟုတ်လား"
ထိုအမည်ကိုကြားလိုက်ရသောအခါ မြောင်ယွီဟုခေါ်သော အမျိုးသမီးငယ်မှာ စိတ်ဝင်တစားဖြင့် မော့ကြည့်လာတော့သည်။ မြင်ကွင်းအတွင်း၌ ကျန်းချန်မှာလည်း တစ်စုံတစ်ယောက်၏ နှောင့်ယှက်မှုကို ခံလိုက်ရပုံပေါ်ပြီး လူအချို့က သူ့ထံသို့လျှောက်လှမ်းလာကြသည်ကို တွေ့ရလေ၏။