ဒီလောက်ကြီးတော့ မြှောက်ပင့်မနေပါနဲ့
Vol. 28 Ch. 274
အစ်ကိုကြီးချန်သည် ထိုအရာကို တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤအစ်ကိုကြီးတွင် စနစ်တစ်ခုရှိနေသည်ဖြစ်ရာ မည်သူ့ကိုမျှကြောက်ရွံ့စရာမရှိ။
"မသင့်တော်ဘူး ဟုတ်လား"
သူသည် စိုးရိမ်တကြီးဖြင့် မကျေမနပ်ဖြစ်နေကြသော အကြီးအကဲသုံးဦးနှင့် လင်ဟန်ဟန်ကို လှည့်ကြည့်လိုက်သော်လည်း မည်သည့်အဖြေမျှမပေးခဲ့ပေ။ သူ၏အကြည့်တို့သည် နောက်ဆုံးတွင် အပြင်ဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးထံ၌ ရပ်တန့်သွားသည်။
"မင်းတို့ ကြောက်နေကြသလား"
ထိုမိန်းကလေးနှစ်ဦးမှာမူ မယုံနိုင်လောက်အောင်ပင် ထိတ်လန့်တုန်လှုပ်နေ၏။ သို့သော် ဤမျှကြီးမားသော ကိစ္စရပ်မျိုးသည် သူတို့ကဲ့သို့တပည့်ငယ်များ အကျိုးဆက်ကိုတွေးတောနေရန် မလိုအပ်ပေ။ ဘိုးဘေးကြီးက မေးမြန်းလာသည့်အခါ သူတို့သည် သဘာဝအတိုင်းပင် အသံကျယ်ကျယ်ဖြင့် ပြန်လည် ဖြေကြားလိုက်ကြသည်။
"မကြောက်ပါဘူး"
"ဘာကြောင့် မကြောက်တာလဲ"
"ဘိုးဘေးကြီးက အလွန်အစွမ်းထက်တာပဲ၊ ကျွန်မတို့ကို သေချာပေါက်ကာကွယ်ပေးမှာပါ"
တပည့်မလေးများ၏ နှုတ်ထွက်စကားတို့မှာ ချိုသာလွန်းလှသဖြင့် အစ်ကိုကြီးချန် အလွန်သဘောကျသွား၏။
"ကောင်းပြီ"
သူသည် ပြုံးရယ်လျက် သူတို့ကို လက်မထောင်ပြလိုက်ပြီးနောက် ကျန်ရှိသော လူကြီးလေးဦးကို လက်နှစ်ဖက်ဖြန့်ပြလိုက်သည်။ အဓိပ္ပာယ်မှာ ရှင်းလင်း၏။
မင်းတို့လို အဆင့်မြင့်ဂိုဏ်းခေါင်းဆောင်တွေက အပြင်ဂိုဏ်းတပည့်မလေးတွေလောက်တောင် သတ္တိမရှိဘဲ သူရဲဘောကြောင်နေကြတာလား...
လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် အခြားသူများမှာမူ ဒေါသကြောင့် သွေးအန်မတတ်ဖြစ်သွားကြရသည်။ ၎င်းမှာ ကြောက်ရွံ့ခြင်း၊ မကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သော မေးခွန်းမဟုတ်။
သို့သော် ယခုအချိန်တွင်မူ သူတို့ မည်သည့်စကားမျှမဆိုနိုင်တော့ပေ။ ထျန်းရှူးဂိုဏ်းမှ မထွက်ခွာနိုင်မီမှာပင် အပြင်ဘက်၌ အင်မော်တယ်အစောင့်တပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ဝိုင်းရံပိတ်ဆို့ထားလေပြီ။ သူတို့ကို ဦးဆောင်လာသူမှာ အင်မော်တယ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။
"ထွက်ခဲ့ကြစမ်း"
ထိုလူသည် လှံကိုရှေ့သို့ညွှန်လိုက်ရာ သူ့နောက်ရှိစစ်သည်တစ်ထောင်မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။
"သတ်"
"သတ်"
"သတ်"
ထူးဆန်းသောမှော်ရတနာများမှာ ကောင်းကင်ယံတွင်ပျံဝဲနေကြပြီး ဖျက်ဆီးလိုသောအရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ အင်မော်တယ်ရတနာများအားလုံး တစ်ပြိုင်နက်တည်း လင်းထိန်လာပြီး တိုက်ခိုက်ရန်အသင့်ဖြစ်နေလေပြီ။
သတ်ဖြတ်လိုသော အငွေ့အသက်တို့မှာ သူတို့ထံသို့တိုးဝင်လာရာ ကုန်သည်အသင်းခန်းမအတွင်းရှိလူများပင် အသက်ရှူကျပ်မတတ်ဖိအားကို ခံစားလိုက်ရသည်။ သို့သော် သူတို့မှာ စိုးရိမ်စိတ်သိပ်မရှိကြ။ အကြောင်းမှာ အလယ်အင်မော်တယ်လောကတွင် ထျန်းရှူးဂိုဏ်းကို စစ်တပ်နှင့် လာရောက်စီးနင်းရဲသူ တစ်ဦးမျှမရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။
"အဲဒါ အင်မော်တယ်အစောင့်တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ချူယွဲ့ပဲ။ အဆင့် ၂ အင်မော်တယ်အရှင်မြတ် တစ်ဦးပေါ့"
"သူ့အစ်မက မြို့စားမင်းရဲ့ဇနီးလေ၊ အခုသတ်ခံလိုက်ရတဲ့ ချူကျောက်က သူ့ရဲ့သားပဲ။ အခြေအနေကတော့ ကြီးကျယ်သွားပြီ..."
"ဒီအစောင့်တပ်ဖွဲ့ဝင်တွေအားလုံးက အဆင့် ၃ မြင့်မြတ်အင်မော်တယ်အထက်က ပညာရှင်တွေချည်းပဲ"
"ဒေသခံမြွေကို သူစိမ်းနဂါးက မနိုင်ဘူးဆိုတာ ဒါကိုပြောတာပဲ"
လူတိုင်းက ကျန်းချန်ကို သနားစဖွယ်အကြည့်များဖြင့် ကြည့်နေကြ၏။ ဤကိစ္စမှာ ဖြေရှင်းရန်အလွန်ခက်ခဲပေမည်။ ကျန်းချန်၏နောက်ကွယ်တွင် အင်မော်တယ်အရှင်မြတ်သုံးပါး ရှိနေသည်ဆိုသော်လည်း မြို့စားမင်းကိုယ်တိုင် ရှေ့ထွက်မလာသေးပေ။ ထို့အပြင် အင်အားချင်းမှာလည်း ကွာခြားလွန်းသည်။
ထျန်းရှူးဂိုဏ်းအတွင်း၌မူ အင်မော်တယ်ဘုရင်ရဲ့ယန်နှင့် မြောင်ယွီတို့သည် ထိုမြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေ၏။ အင်မော်တယ်ဘုရင်တစ်ပါးအတွက်တန်ဟွားမြို့၏အင်အားဆိုသည်မှာ အရေးမပါလှပေ။ တင်ရွေ့က ရိုသေစွာမေးမြန်းလိုက်သည်။
"သူတို့ကို မောင်းထုတ်လိုက်ရမလားခင်ဗျာ။ ဒီလောက်အများကြီး တံခါးဝမှာပိတ်ဆို့နေရင် ကျွန်တော်တို့ အရောင်းအဝယ်လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ"
မြောင်ယွီက ခေါင်းယမ်းပြလိုက်သည်။
"မလိုအပ်ပါဘူး။ သူဘာကိုအားကိုးနေသလဲဆိုတာကို ငါမြင်ချင်သေးတယ်"
အစောပိုင်းက စကားပြောဆိုခဲ့စဉ်က ကျန်းချန်၏ပုံစံကြောင့် သူမ အလွန်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ ဤမျှအထိ မဆင်မခြင်နိုင်ဘဲ မလေးမစားပြုမူတတ်သူမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
သို့သော် သူမသည် အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အတွက် ကိစ္စငယ်တစ်ခုကြောင့် စိတ်လိုက်မာန်ပါ မလုပ်ဆောင်ပေ။ အင်မော်တယ်ဘုရင်ရဲ့ယန်က တည်ငြိမ်စွာ ဖြည့်စွက်ပြောကြားလိုက်သည်။
"သူတို့ အခု ဒီလူတွေကိုတားဆီးနိုင်ရင်တောင် နောက်ကွယ်မှာ တန်ဟွားမြို့စားနဲ့ ကျန်တဲ့အစောင့်တပ်ဖွဲ့နှစ်ထောင် ရှိနေသေးတယ်။ အခုတော့ ပဋိပက္ခက နှစ်ဖွဲ့ကြားကတိုက်ပွဲဖြစ်သွားပြီ။ သူ နောင်တရပြီး အကူအညီတောင်းခံလာရင်တောင် ငါတို့ဝင်ရောက်စွက်ဖက်လို့ မရတော့ဘူး။ သူအသက်ရှင်နိုင်မယ့် တစ်ခုတည်းသောအခွင့်အရေးကို လက်လွှတ်လိုက်ပြီ။ သူ့ဘာသာသူပဲ သေဆုံးပါစေတော့"
တင်ရွေ့သည်လည်း ထိုစကားကို အပြည့်အဝထောက်ခံသည်။ အကယ်၍ ကျန်းချန်သည် အစောပိုင်းက မြောင်ယွီ၏ကမ်းလှမ်းချက်ကိုလက်ခံခဲ့လျှင် မည်သူမျှမသိရှိဘဲ လွတ်မြောက်သွားနိုင်မည်။ ယခုတော့ နောက်ကျသွားလေပြီ။ ထျန်းရှူးဂိုဏ်းသည် သူတစ်ဦးတည်းအတွက်နှင့် ၎င်းတို့၏ကြားနေဝါဒစည်းမျဉ်းကို ပြောင်းလဲမည်မဟုတ်။
"ဘိုးဘေးကြီး... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"
စုယဲ့နှင့် စုမန်တို့မှာ ထိုမြင်ကွင်းကိုကြည့်ရှုရင်း မကြောက်ဘူးဟုဆိုလျှင် လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အင်မော်တယ်အရှင်မြတ်သုံးပါးဖြစ်သည့် ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟီတို့မှာမူ မည်သည့်စကားမျှမဆိုဘဲ ကျန်းချန်ကိုသာစောင့်ကြည့်နေကြ၏။ ပြဿနာရှာခဲ့သည်ဖြစ်ရာ မည်သို့အဆုံးသတ်မည်ကို ကြည့်ရှုရမည်။
အစ်ကိုကြီးချန်မှာမူ စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ တစ်ဖက်လူက အင်အားသုံးပုံတစ်ပုံခန့်သာလာရောက်ခြင်းမှာ သူ့ကိုအလွန်အမင်းအထင်သေးရာရောက်နေသည်။
"ကောင်းမွန်တဲ့နေရာတစ်ခုမှာပဲရပ်ပြီး ပွဲကြည့်နေကြစမ်း"
ထိုသို့ပြောဆိုပြီးနောက် သူတစ်ဦးတည်း စစ်တပ်ကြီးရှေ့သို့ လျှောက်လှမ်းသွားသည်။ လင်ဟန်ဟန်သည် သူ့နောက်သို့ အပြေးလိုက်လာပြီး တောင်းပန်လေ၏။
"ဘိုးဘေးကြီး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ကြီးတဲ့အမှုငယ်အောင်လုပ်တာက ပိုမိုကောင်းမွန်ပါတယ်..."
သူသည် ဤဘိုးဘေးကြီးကို လုံးဝစိတ်မချတော့ပေ။ စကားတစ်ခွန်းဆိုလိုက်တိုင်း ပြဿနာပိုကြီးလာသည်။
"ပရိသတ်ကောင်းတစ်ယောက်အဖြစ်ပဲ နေစမ်းပါ"
အစ်ကိုကြီးချန်က သူ့ကိုလုံးဝဥပေက္ခာပြုလျက် တစ်ဖက်လူကို ဆက်လက်ရန်စနေတော့သည်။
"မင်းတို့ဆီမှာရှိတဲ့အင်အားက ဒါပဲလား"
"အခုတော့ တက်လှမ်းခြင်းစစ်ပွဲပြီးဆုံးသွားလို့ အင်မော်တယ်မြို့တော်တွေက တကယ့်ကိုကျဆင်းနေတာပဲ။ မြင့်မြတ်အင်မော်တယ်တွေကတောင် အစောင့်တပ်ဖွဲ့ဝင် ဖြစ်နေရတယ်လား"
ယခင်တက်လှမ်းခြင်းစစ်ပွဲအချိန်ကဆိုလျှင် အောက်အင်မော်တယ်လောက၏မြို့ကြီးများတွင်ပင် မြင့်မြတ်အင်မော်တယ် ခုနစ်ရာ၊ ရှစ်ရာခန့် ရှိတတ်သည်။ အလယ်အင်မော်တယ်လောက၏ မြို့ကြီးဖြစ်ပြီး ဤမျှသာရှိသလော။ ၎င်းမှာ ချမ်လန်နယ်မြေ၏မျက်နှာစာဆိုလျှင် အလွန်သနားစဖွယ်ကောင်း၏။
ထိုစကားတို့မှာ မီးလောင်ရာလေပင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ လူအုပ်ကြီးမှာ ဆူညံသွားပြီး လင်ဟန်ဟန်မှာမူ မူးလဲမတတ်ဖြစ်သွား၏။ ချူယွဲ့သည် အသက်ကိုဝဝရှူလိုက်ပြီး စိတ်ပြန်ထိန်းလိုက်သည်။
"ငါ့သားကိုသတ်လိုက်တဲ့လူက မင်းလား"
သူ့ထံချိန်ရွယ်ထားသောလှံကိုကြည့်ကာ အစ်ကိုကြီးချန်က ရိုးသားစွာခေါင်းညိတ်ပြလိုက်သည်။
"မှန်တယ်၊ ငါပဲ"
ယွမ်ကျဲတို့ အုပ်စုရော၊ အပေါ်ထပ်မှ မြောင်ယွီတို့ရော အားလုံးက ခေါင်းယမ်းလိုက်ကြသည်။ ဗြောင်ကျကျဝန်ခံလိုက်ခြင်းမှာ လုံးဝပြဆင်၍မရသောခေါင်းမာမှုပင်။ တိုက်ခိုက်မည်ဆိုလျှင်တောင် မိမိဘက်ကမှန်ကန်ကြောင်း အကြောင်းပြချက်တစ်ခုခုကို အရင်ရှာဖွေသင့်သည်မဟုတ်လော။ ချူယွဲ့၏မျက်လုံးများနီမြန်းလာပြီး ခါးသီးစွာရယ်မောလိုက်သည်။
"ဒါဆိုရင် မင်းလုပ်လိုက်တာပေါ့"
"ဒီလောက်ကြီးတော့ ဗြောင်ကျကျ မြှောက်ပင့်မနေပါနဲ့"
အစ်ကိုကြီးချန်သည် တစ်ဖက်လူ၏ချီးမွမ်းစကားကို ဝမ်းသာအားရလက်ခံလိုက်သည်။
"တကယ်တော့ ငါက သူတစ်ပါးကိုကူညီရတာ ဝါသနာပါတယ်။ ခင်ဗျားသားကို ဆုံးမဖို့အချိန်မရှိဘူးဆိုတော့ ခင်ဗျားအစား ဆုံးမပေးလိုက်တာပါ။ ဒီအတွက် ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါတို့က ကျေးဇူးမမျှော်ဘဲ ကောင်းမှုပြုတတ်တဲ့လူတွေပါ"
လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွား၏။ အပေါ်ထပ်မှမြောင်ယွီပင် ကြောင်အသွားသည်။ ဤလူ၏ပုံစံမှာ သူမတစ်ဦးတည်းကိုသာ ဤသို့ပြုမူခြင်းမဟုတ်ဘဲ လူတိုင်းအပေါ်တွင် ဤကဲ့သို့ဖြစ်နေလေသည်။ လင်ဟန်ဟန်မှာမူ မျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားလေပြီ။ ဆက်ဆံရေးမှာ လုံးဝကိုပျက်ပြားသွားပြီဖြစ်သည်။ ချူယွဲ့သည် ယခုအခါ အလွန်အမင်းဒေါသထွက်နေပြီဖြစ်ရာ သူမတိုက်ခိုက်လိုလျှင်ပင် တိုက်ခိုက်ရတော့မည့်အခြေအနေပင်။
"သေပေတော့"
လှံမှ သက်တံရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျန်းချန်ကိုဝါးမြိုသွား၏။
"သတ်"
"သူ့ကို အမှုန့်ချေပစ်ကြ"
စစ်သည်တစ်ထောင်လုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
"မကောင်းတော့ဘူး"
လင်ဟန်ဟန် မျက်နှာပျက်သွားသည်။ ထိုစစ်သည်တို့မှာ မြင့်မြတ်အင်မော်တယ်များသာဖြစ်သော်လည်း သူတို့၏ပေါင်းစပ်တိုက်ကွက်မှာ သာမန်အင်မော်တယ်အရှင်မြတ်များပင် မခံနိုင်သောစွမ်းအားဖြစ်၏။ ထို့အပြင် ကျန်းချန်မှာ တတိယအဆင့် ရွှေအင်မော်တယ်မျှသာရှိလေသည်။
"ဦးလေး"
သူသည် နောက်ကွယ်မှ အကြီးအကဲများကို အလျင်အမြန် အကူအညီတောင်းခံလိုက်၏။ ယွမ်ကျဲတို့ အကြီးအကဲသုံးဦးလည်း ဘာမှမလုပ်ဘဲကြည့်မနေနိုင်တော့ဘဲ လှုပ်ရှားရန်ပြင်ဆင်လိုက်ကြသည်။ ဘိုးဘေးကြီးကို သေဆုံးခွင့်ပေး၍မဖြစ်ပေ။ သို့သော် သူတို့သည် အင်မော်တယ်ရတနာများကို ထုတ်ယူလိုက်ရုံရှိသေးသော်လည်း ချက်ချင်းပင် ပြန်လည်ရပ်တန့်လိုက်ကြရသည်။
သူတို့ ကူညီရန်မလိုအပ်တော့ကြောင်း သိရှိလိုက်ရ၏။ လှံမှထွက်ပေါ်လာသော သက်တံရောင်အလင်းတန်းသည် နီရဲသောတိမ်တိုက်များကြားတွင် ရုတ်တရက်ပျောက်ကွယ်သွားပြီး ပြာအဖြစ်သို့ပြောင်းလဲသွားလေတော့သည်။