← Chapters

အများပြည်သူအတွက် ဘေးရန်ရှင်းလင်းခြင်း

Vol. 28 Ch. 276

အများပြည်သူအတွက် ဘေးရန်ရှင်းလင်းခြင်း

Vol. 28 Ch. 276

တန်ဟွားမြို့၏ မြို့စားမင်းယွီရွှန်သည် ထုံးစံအတိုင်းပင် ကမူးရှူးထိုးဖြင့် ရောက်ရှိလာခဲ့သည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသည့် အရာများမှာမူ လူတိုင်း၏မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွား၏။

မြို့စားမင်းယွီသည် ပညာရှင်အုပ်စုကြီးကိုဦးဆောင်ကာ ပျံသန်းဆင်းသက်လာပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ကျန်းချန်ထံသို့ အပြေးအလွှားရောက်ရှိလာသည်။

"မင်းက ချူကျောက်ကို သတ်လိုက်တဲ့လူလား"

အစ်ကိုကြီးချန်ကတော့ တဲ့တိုးဆန်သူပီပီ ခေါင်းညိတ်ပြလိုက်သည်။

"မှန်တယ်၊ ငါပဲ"

"လာလေ... တိုက်ကြမယ်။ စကားအပိုတွေ ပြောမနေနဲ့၊ ငါ့ရဲ့လက်နက်ကလုယူသွားတဲ့ အာရုံစိုက်မှုတွေကို ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ ပြန်သိမ်းပိုက်ဖို့ စောင့်နေတာ"

"ကျေးဇူးတင်ပါတယ်ဗျာ"

သူဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယွီရွှန်က သူ၏လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်သည်။

"တန်ဟွားမြို့ရဲ့ ဘေးရန်ဆိုးကြီးကို ဖယ်ရှားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်"

မြို့စားမင်းသည် အသက်သခင်ကျေးဇူးရှင်နှင့် တွေ့ရသကဲ့သို့ အလွန်အမင်းကျေးဇူးတင်ကာ စိတ်လှုပ်ရှားနေပုံရသည်။

"အမ်..."

ဘေးတွင်ရှိနေသူများအားလုံးမှာလည်း ဆွံ့အသွား၏။ ဘာတွေဖြစ်နေတာလဲ။ ကိုယ့်ဘက်ကလူ အသတ်ခံရတာကိုကလဲ့စားမချေဘဲ ရန်သူကိုကျေးဇူးတင်နေတယ် ဟုတ်လား။ ဒါက အတော်လေးကို ထူးဆန်းလွန်းမနေဘူးလား။

အစ်ကိုကြီးချန်ကိုယ်တိုင်လည်း အကြီးအကျယ် တိုက်ပွဲဖြစ်မည်ဟု မျှော်လင့်ထားသော်လည်း ယခုကဲ့သို့ အခြေအနေပြောင်းလဲသွားသဖြင့် တုန်လှုပ်မှုအမှတ်ရရှိရန်အခွင့်အရေး ဆုံးရှုံးသွားလေပြီဟု တွေးမိလိုက်သည်။

"ဟို... အဲဒီကောင်လေးက ခင်ဗျားရဲ့တူလို့ကြားထားတယ်နော်"

သူက တစ်ဖက်လူနှင့် ရန်ငြိုးရှိနေဆဲဖြစ်ကြောင်း သတိပေးရန် ကြိုးစားလိုက်သေးသည်။

သူ့စကားဆုံးသည်နှင့် ယွီရွှန်က ပြတ်သားစွာတုံ့ပြန်လိုက်၏။

"ကျွန်တော့်မှာ အဲဒီလိုတူမျိုး မရှိပါဘူး"

"ချူကျောက်ဆိုတာ နာမည်ကြီးလူမိုက်၊ သူတပါးကိုနှိပ်စက်ပြီး ဈေးကွက်ကို ကစားနေတဲ့သူ၊ ပြည်သူတွေက သူ့ကိုအလွန်မုန်းတီးနေကြတာ။ ကျွန်တော်ကိုယ်တိုင်လည်း သည်းမခံနိုင်တာကြာပါပြီ"

"ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို နှိမ်နင်းချင်နေတာ၊ ဒါပေမဲ့ စိတ်မပြတ်နိုင်လို့ မလုပ်ဖြစ်ခဲ့တာ။ ဒီနေ့တော့ အရှင်က ကျွန်တော့်ကိုယ်စား ဒီလူယုတ်မာကို ရှင်းလင်းပေးလိုက်တာဆိုတော့ ဝမ်းသာစရာပါပဲ"

"အရှင်ရဲ့ဖြောင့်မတ်တဲ့လုပ်ရပ်အတွက် မြို့တော်တစ်ခုလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။ အရှင်ရဲ့အမည်ကို သိခွင့်ရှိမလားခင်ဗျာ"

စကားပြောကောင်းလှသော ဂိုဏ်းချုပ်ကျန်းပင်လျှင် တစ်ဖက်လူ၏စည်းချက်ကို မလိုက်နိုင်တော့ပေ။

ဒါက ဇာတ်ညွှန်းထဲကအတိုင်းမဟုတ်ဘူးလေ...

ခင်ဗျား ဟန်ဆောင်နေတာလား...

အယုံသွင်းပြီးမှ အလစ်အငိုက်တိုက်ခိုက်မလို့လား...

"ဒါပေမဲ့... ခင်ဗျားရဲ့ လက်အောက်ငယ်သားတစ်ထောင်နဲ့ အင်မော်တယ်အရှင်မြတ်တစ်ယောက်ကိုပါ သတ်လိုက်တာနော်"

၎င်းကိုကြားလိုက်ရသည့် လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာ ကျန်းချန်၏ပါးစပ်ကို ပိတ်ထားချင်စိတ်ပေါက်နေကြလေပြီ။

ဘိုးဘေးကြီးရယ်... လေနည်းနည်းလျှော့ပါဦး။ ဒီမြို့စားက ဟန်ဆောင်နေတာပဲဖြစ်ဖြစ်၊ မဟုတ်ဘူးပဲဖြစ်ဖြစ် သွားပြီးမဆွပါနဲ့ဦး။ တစ်ဖက်လူကို ငြိမ်နေအောင်ထားနိုင်မှ လွတ်အောင်ပြေးဖို့ အခွင့်အရေးရမှာလေ...

"ကောင်းလိုက်လေဗျာ"

လက်အောက်ငယ်သားတစ်ထောင် သေဆုံးသွားကြောင်း ကြားရသော်လည်း မြို့စားမင်းယွီ အမျက်မထွက်သည့်အပြင် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။

"အရမ်းကောင်းတာပဲ"

"ဒါက ကျွန်တော် အရှင့်ကို ဒုတိယအကြိမ် ကျေးဇူးတင်ရမယ့်အချက်ပဲ"

အစ်ကိုကြီးချန်နှင့် ပရိသတ်အားလုံး မှင်တက်သွားကြသည်။

ညီအစ်ကို... ခင်ဗျား စိတ်ဖောက်နေတာလား...

အင်မော်တယ်အရှင်မြတ် ချူယွဲ့ဆိုတာ ခင်ဗျားမိန်းမရဲ့ မောင်၊ ခင်ဗျားရဲ့ ယောက်ဖ မဟုတ်လား...

ပြီးတော့ အင်မော်တယ်အစောင့်တပ်ဖွဲ့တစ်ထောင်ဆိုတာ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေလေ...

ဘယ်လောက်ပဲ သဘောထားကြီးတဲ့လူဖြစ်ပါစေ ဒါကို ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့မဖြစ်နိုင်ဘူး...

ခင်ဗျားရဲ့သရုပ်ဆောင်ချက်က နည်းနည်းတော့လွန်မနေဘူးလား...

သို့သော် အင်မော်တယ ဖြစ်လာသူတိုင်းမှာ ရိုးအသူများမဟုတ်ကြရာ လူအများအပြားက ချက်ချင်းနားလည်လိုက်ကြသည်။ ကျန်းချန်သည် အစောင့်တပ်ဖွဲ့တစ်ထောင်နှင့် အင်မော်တယ်အရှင်မြတ်တစ်ဦးကို အလွယ်တကူသတ်နိုင်သည်ဖြစ်ရာ မြို့စားမင်းအနေဖြင့် ကျန်သည့်နှစ်ထောင်ကိုဦးဆောင်ကာ တိုက်ခိုက်လျှင်လည်း အလကားသာဖြစ်ပေလိမ့်မည်။ အင်မော်တယ်ဓားက အလွန်အစွမ်းထက်လှသည် မဟုတ်ပါလော။

"အရှင်က ကျွန်တော့်ကိုမယုံဘူးထင်တယ်"

ယွီရွှန်သည် လူတိုင်း၏အတွေးကိုသိမြင်ပုံရပြီး သက်ပြင်းချလိုက်၏။

"အင်း... ဒီမြို့စားမင်းဆိုတဲ့ရာထူးက အပေါ်ယံဂုဏ်ဒြပ်ပဲရှိတာပါ။ ကျွန်တော့်ရဲ့ခါးသီးမှုကို ကျွန်တော်ကိုယ်တိုင်ပဲသိပါတယ်။ ချူယွဲ့နဲ့သူ့အပေါင်းအပါတွေ တန်ဟွားမြို့ကို ရောက်လာကတည်းက ကျွန်တော့်ရဲ့အာဏာကို တဖြည်းဖြည်းချုပ်ကိုင်လာခဲ့တာ..."

"ချုပ်ကိုင်လာတာ ဟုတ်လား"

ယွီရွှန်က လေးနက်စွာ ခေါင်းညိတ်ပြသည်။

"နှစ်တွေကြာလာတာနဲ့အမျှ သူကကိုယ်ကျိုးအတွက် လူစုလူဝေးတွေဖွဲ့ခဲ့တယ်၊ ပြင်ပကပညာရှင်တွေနဲ့ ပူးပေါင်းခဲ့တယ်။ အင်မော်တယ်အစောင့်တပ်ဖွဲ့အများစုက သူ့ရဲ့လက်အောက်ငယ်သားတွေ ဖြစ်ကုန်ကြပြီ။ ကျွန်တော့်ရဲ့အမိန့်ထက် သူ့စကားကပိုအရာရောက်နေတာ။ အဲဒါကြောင့်ပဲ ချူကျောက်ကို ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့တာ။ ဒီအတိုင်းသာဆက်သွားရင် သူက ကျွန်တော့်နေရာကိုလုယူမှာက အနှေးနဲ့အမြန်ပဲ"

သူသည် ဂိုဏ်းချုပ်ကျန်း၏လက်ကို ထပ်မံဆွဲကိုင်၍ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

"အရှင်ကသာ ဒီနေ့ သူတို့ကိုမရှင်းလင်းပေးခဲ့ရင် ကျွန်တော့်မှာ ဒီအခြေအနေကိုပြောင်းလဲဖို့ အခွင့်အရေးဘယ်မှာရှိတော့မလဲ။ ပြောပါဦး... ကျွန်တော်အရှင့်ကို ကျေးဇူးမတင်သင့်ဘူးလား"

"ဒါကတော့..."

အစ်ကိုကြီးချန် နှုတ်ခမ်းတွန့်သွားသည်။ ဒါက တိုက်ဆိုင်လွန်းနေသည်မဟုတ်လော။

"အရှင်က ကျွန်တော့်စကားကို မယုံသေးပုံရတယ်"

မြို့စားမင်းယွီသည် လက်ခုပ်တီးလိုက်ရာ နောက်ကွယ်မှအစောင့်တပ်ဖွဲ့ဝင်များက အဝတ်အစားမတူညီသော အင်မော်တယ်ရာဂဏန်းခန့်ကို ရှေ့သို့ခေါ်ဆောင်လာကြသည်။

"ဒီလူတွေအားလုံးက ချူယွဲ့ရဲ့ဆွေမျိုးတွေနဲ့ အပေါင်းအပါတွေပဲ... အရှင်ကသာ ဒီနေ့ ဒီတရားခံကိုမနှိမ်နင်းခဲ့ရင် ကျွန်တော်သူတို့ကို အလွယ်တကူမထိရဲဘူး။ ဒါပေမဲ့ အခုတော့..."

ထိုလူရာဂဏန်းခန့်မှာ ထိတ်လန့်တုန်လှုပ်နေကြပြီး အသည်းအသန်ရုန်းကန်နေကြသော်လည်း မလွတ်မြောက်နိုင်ကြဘဲ အသက်ချမ်းသာပေးရန်သာ အသနားခံနေကြသည်။

"မလုပ်ပါနဲ့"

"မြို့စားမင်း... ကျွန်တော်တို့ ဘာမှမသိပါဘူး"

"ဦးလေး... ကျွန်တော်က ဦးလေးရဲ့တူလေ... ကျွန်တော် ငယ်ငယ်က ဦးလေးချီခဲ့တာလေ..."

ယွီရွှန်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး ညာလက်ကို အောက်သို့နှိမ့်ချလိုက်သည်။ ထိုခဏမှာပင် ထိုလူရာဂဏန်းခန့်ကို တစ်ယောက်မကျန် ချက်ချင်းကွပ်မျက်လိုက်၏။ သေဆုံးသူအရေအတွက်မှာ ယခင်ကထက်နည်းသော်လည်း ဤမြင်ကွင်းမှာ ပိုမိုရက်စက်ကြမ်းကြုတ်လှသဖြင့် အချို့သောအင်မော်တယ်များမှာ မျက်နှာလွှဲလိုက်ကြရသည်။

"အခုကစပြီး တန်ဟွားမြို့ရဲ့ ကောင်းကင်ယံက ပြန်လည်ကြည်လင်သွားပြီ"

သူ စကားဆုံးသည်နှင့် နောက်ကွယ်ရှိ သောင်းနှင့်ချီသော မြို့သူမြို့သားများက လက်သီးလက်မောင်းတန်းကာ အော်ဟစ် အားပေးကြတော့သည်။

"သတ်တာ ကောင်းတယ်"

"ပြည်သူ့အတွက် ဘေးရန်ရှင်းလင်းပေးတာ"

"မြို့စားမင်းက ပညာရှိတယ်"

သူတို့မှာ အမှန်တကယ်ပင် ဖိနှိပ်မှုများစွာကို ခံစားခဲ့ရပုံပေါ်သည်။

"အခုတော့ အရှင် ကျွန်တော့်ကိုယုံကြည်ပြီမဟုတ်လား"

အစ်ကိုကြီးချန်မှာတော့ ဘာမှမတတ်နိုင်ဘဲ နှုတ်ခမ်းတွန့်လိုက်မိသည်။ ဤသို့သော ကိစ္စမျိုးနှင့် ကြုံရလိမ့်မည်ဟု မျှော်လင့်မထားပေ။

ထိုလူတစ်ထောင်ကိုသတ်လိုက်ခြင်းက မြို့စားမင်းအတွက် အကျိုးရှိသွားစေသည်။ သို့သော် ဤမြို့စားမင်းကိုယ်တိုင်ကလည်း လွယ်ကူသောသူမဟုတ်၊ သူ၏စိတ်နှလုံးမှာ အတော်ပင် ရက်စက်လှသည်။

"ဒါက ကိစ္စအသေးအမွှားလေးပါ၊ ပြောနေစရာမလိုပါဘူး"

"မဟုတ်တာ... မဟုတ်တာ... ကျွန်တော့်အတွက်တော့ ဒါက ကြီးမားတဲ့ ကျေးဇူးတရားပါ... အရှင်နဲ့ ကျွန်တော်နဲ့က တွေ့တွေ့ချင်းကံပါလာတယ်လို့ ခံစားရတယ်၊ အခု စားသောက်ပွဲပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။ ကျွန်တော့်အိမ်တော်မှာ စကားစမြည်ပြောဖို့ ကြွရောက်ပေးပါဦးလား"

ယွီရွှန်၏ ဖိတ်ကြားချက်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုပင်။ သို့သော် လင်ဟန်ဟန်က ထပ်မံ၍ သံသယဝင်လာပြန်သည်။ အလွန်အမင်း တိုက်ဆိုက်လွန်းနေသည်။ ထို့အပြင် မြို့စားမင်း၏ ပြတ်သားသောသတ်ဖြတ်မှုကိုကြည့်ခြင်းအားဖြင့် သူသည် အာဏာအလုခံရမည့် အားနည်းသောမြို့စားတစ်ဦးနှင့်မတူပေ။

သူက ကျန်းချန်ထံသို့ လျှို့ဝှက်သတင်း ပေးပို့လိုက်သည်။

"ဘိုးဘေးကြီး... ဒီစားသောက်ပွဲကိုမသွားတာ အကောင်းဆုံးပါ၊ ဒါက ထောင်ချောက်ဖြစ်နိုင်ပါတယ်"

အစ်ကိုကြီးချန် စကားမပြောနိုင်ဘဲဖြစ်သွား၏။

မင်းပဲအတော်ဆုံးပါ ဟုတ်ပြီလား...

၎င်းသည် ထောင်ချောက်တစ်ခုဖြစ်နေရန် သူမျှော်လင့်နေ၏။ ထိုမှသာ သူဆက်လက်ဟန်ထုတ်နိုင်မည်မဟုတ်လော...

အကယ်၍ မြို့စားမင်းယွီ ပြောသမျှအားလုံးသာအမှန်ဖြစ်နေလျှင် သူကတော့ ပိုပြီးစိတ်ပျက်ရမည်။

"လမ်းပြစမ်း"

အစ်ကိုကြီးချန်က လက်ယှက်လိုက်ရာ ယွီရွှန်မှာ ခဏမျှမှင်တက်သွားသည်။ သူက ပြုံးလျက်...

"ကြွပါ... ကြွပါ... ကြွပါ"

ထိုသို့ဖြင့် အဖွဲ့သည် မြို့စားမင်း အိမ်တော်ဆီသို့ ဦးတည်သွားကြတော့သည်။

နောက်တွင်ကျန်ရစ်ခဲ့သော လင်ဟန်ဟန်မှာ ဒေါသလည်းထွက် စိုးလည်းစိုးရိမ်နေရ၏။ သူနှင့် အကြီးအကဲသုံးဦးတို့သည် ဘာဆက်လုပ်ကြမလဲဟူသောအဓိပ္ပာယ်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ဘာလုပ်ရမှာလဲ... သူ့နောက်ကလိုက်ရမှာပေါ့"

"သူ့ကို ဒီမှာအသေမခံနိုင်ဘူးလေ"

"သတိထားကြ"

သူတို့အားလုံး ထွက်ခွာသွားပြီးနောက် ထျန်းရှူးဂိုဏ်းမှ အင်မော်တယ်များကပြန်လည်၍ ဆွေးနွေးငြင်းခုံလာကြသည်။ အပေါ်ထပ်ရှိ တင်ရွေ့က သက်ပြင်းချလိုက်၏။

"ဒီယွီရွှန်က လူသတ်တဲ့နေရာမှာ တကယ့်ကိုရက်စက်တာပဲ၊ ဒီကိစ္စကတော့ နည်းနည်းတော့ ရှုပ်ထွေးနေပြီ"

All Chapters