← Chapters

လှတယ်မလား

Vol. 28 Ch. 277

လှတယ်မလား

Vol. 28 Ch. 277

“ဒါက ဘာမှထူးခြားဆန်းပြားနေတာမဟုတ်ဘူး၊ ထောင်ချောက်တစ်ခုပဲ”

အင်မော်တယ်ဘုရင်ရဲ့ယန်က တည်ငြိမ်သောအမူအရာဖြင့် ကောက်ချက်ချလိုက်သည်။

“ကျန်းမျိုးရိုးနဲ့ အဲဒီလူကတော့ သွားပြီပဲ”

တင်ရွေ့ အနည်းငယ်အံ့အားသင့်သွား၏။ အမှန်စင်စစ် ယွီရွှန်သည် ကျန်းချန်ယုံကြည်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လိမ်ညာနေခြင်းဖြစ်နိုင်သော်လည်း ၎င်းမှာဖြစ်နိုင်ခြေတစ်ခုသာ ရှိသေးသည်။ သူ၏ဖဲချပ်များကိုမလှန်မချင်း မည်သူမျှ ကောက်ချက်မချနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းက သူ၏သရုပ်ဆောင်မှုမှာ အလွန်သဘာဝကျလှပြီး ဟန်ဆောင်နေသည့်အရိပ်အယောင် လုံးဝမရှိသောကြောင့်ဖြစ်၏။ ထို့အပြင် သူသည် လူပေါင်းများစွာကို ကိုယ်တိုင်ကွပ်မျက်ပြခဲ့သေးသည်။ အမှန်အတိုင်းပြောရလျှင် တင်ရွေ့၏စိတ်ထဲတွင် မြို့စားမင်းသည် အမှန်တကယ်ကျေးဇူးတင်နေခြင်းဖြစ်နိုင်သည်ဟု ပို၍ယူဆမိသည်။

“ဒါက အင်မော်တယ်ရတနာတွေက လူတွေရဲ့စိတ်နှလုံးကို လှုပ်ခတ်စေနိုင်လို့ပဲ”

မြောင်ယွီမှာ အဆင့် ၇ အင်မော်တယ်ရတနာအပေါ် များစွာ စိတ်ဝင်စားပုံမရဘဲ သူမ၏စကားလုံးများတွင် လှောင်ပြောင်မှုအရိပ်အယောင်များ ပါဝင်နေသည်။

“မြင့်မြတ်တဲ့ လက်နက်တွေနဲ့ အင်မော်တယ်ရတနာတွေအတွက်ဆိုရင် အချို့လူတွေက ဘာမဆိုလုပ်ဝံ့ကြတယ်၊ ကိုယ့်လူကိုတောင် ကိုယ်ပြန်သတ်ရဲကြတယ်”

တင်ရွေ့က ဇဝေဇဝါ ဖြစ်နေဆဲပင်။

“ဒါပေမဲ့ သူက တကယ်ပဲဟန်ဆောင်နေပြီး အဲဒီအင်မော်တယ်ရတနာကို လုယူချင်တယ်ဆိုရင်တောင် အောင်မြင်ဖို့က အလွန်ခက်ခဲဦးမှာမဟုတ်လား”

ယွီရွှန်၏လက်အောက်တွင် အင်မော်တယ်အရှင်မြတ်နှစ်ဦး၊ ရွှေအင်မော်တယ်တစ်ရာကျော်နှင့် အစောင့်တပ်ဖွဲ့နှစ်ထောင် ရှိနေသေးသည်။ ဤအင်အားသည် အားနည်းသည်ဟုမဆိုနိုင်ပေ။ သို့သော် တင်ရွေ့က သူ့ကိုအထင်သေး၍မဟုတ်ဘဲ အစောပိုင်းကမြင်တွေ့ခဲ့ရသော အင်မော်တယ်ရတနာ၏ စွမ်းအားရှေ့တွင် ဤအင်အားသည်မလုံလောက်ဟု ယူဆသောကြောင့်ပင်။

ကျန်းချန်၏ သတ်ဖြတ်နှုန်းနှင့်ဆိုလျှင် ဤလူများဝိုင်းရံတိုက်ခိုက်ပါကလည်း ပန်းနှင့်ပေါက်သလိုသာဖြစ်ပေလိမ့်မည်။ ထို့အပြင် ကျန်းချန်၏ ဘေးတွင်လည်း အင်မော်တယ်အရှင်မြတ်သုံးဦး ရှိနေသေးသည်။ မည်သို့ကြည့်ကြည့် အောင်မြင်ရန်မဖြစ်နိုင်သလောက်ပင်။

အင်မော်တယ်ဘုရင်ရဲ့ယန်က အေးဆေးစွာဆိုလိုက်သည်။

“အဲဒါက ယွီရွှန်ရဲ့နောက်ခံအကြောင်းကို မသိလို့ပဲ”

“သူ့ရဲ့နောက်ခံ ဟုတ်လား”

ဤနေရာ၏ဌာနခွဲဥက္ကဋ္ဌဖြစ်သော တင်ရွေ့သည် မြို့စားမင်းယွီရွှန်အကြောင်းကို အတန်အသင့်သိရှိထားသည်။

“သူ မြို့စားမင်းမဖြစ်ခင်က ဟုန်ရန်ဂိုဏ်းရဲ့ အတွင်းစည်းအကြီးအကဲတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာ ကျွန်တော်သိပါတယ်”

ဟုန်ရန်ဂိုဏ်းသည် ချမ်လန်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲမှတစ်ခုဖြစ်ပြီး အင်မော်တယ်အရှင်မြတ် ရာနှင့်ချီ၍ရှိသော အလွန်အစွမ်းထက်သည့်ဂိုဏ်းကြီးဖြစ်သည်။ ပြင်ပလူအများစုမှာမူ ယွီရွှန်သည် လွန်ခဲ့သောနှစ်ပေါင်းသောင်းနှင့်ချီသောအချိန်မှစ၍ တဖြည်းဖြည်းမြင့်တက်လာပြီး တန်ဟွားမြို့၏မြို့စားမင်း ဖြစ်လာသည်ဟုသာသိကြ၏။ သူသည် ဟုန်ရန်ဂိုဏ်းနှင့် အလွန်နက်နဲသောဆက်ဆံရေးရှိခဲ့ကြောင်းသိသူမှာ အလွန်နည်းပါးလှသည်။

“သူက ဟုန်ရန်ဂိုဏ်းကို အကြောင်းကြားပြီး အဲဒီကပညာရှင်တွေကိုခေါ်ပြီး ကျန်းမျိုးရိုးနဲ့ လူကိုသတ်၊ ရတနာကိုလုယူဖို့ စီစဉ်နေတာလား”

အင်မော်တယ်ဘုရင်ရဲ့ယန်က ခေါင်းယမ်းပြလိုက်သည်။

“ဟုန်ရန်ဂိုဏ်းရဲ့ အကြီးအကဲဖြစ်ခဲ့တယ်ဆိုတာက သူရဲ့အပေါ်ယံဂုဏ်ပုဒ်တစ်ခုပဲ”

“အပေါ်ယံဂုဏ်ပုဒ်တစ်ခုတည်း ဟုတ်လား”

တင်ရွေ့မှင်တက်သွားပြီး နက်နဲသောလျှို့ဝှက်ချက်တစ်ခုကိုထိမိနေပြီဟု ခံစားလိုက်ရသည်။

“ဒါဆိုရင် သူ့ရဲ့အစစ်အမှန်နောက်ခံက…”

“သူက ယူမဟာမိတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ”

“ဘာ”

တင်ရွေ့တစ်ယောက် ထခုန်မတတ်အံ့အားသင့်သွားသည်။ ယူမဟာမိတ်ဟူသောအမည်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းသည် နယ်မြေပေါင်း ၃၀ ကျော်ကို လွှမ်းခြုံထားသော ကြီးမားလှသည့်အဖွဲ့အစည်းကြီးဖြစ်သည်။

ဤနယ်မြေတစ်ဝိုက်ရှိ လူတိုင်းနီးပါး ထိုအမည်ကိုကြားဖူးကြသော်လည်း မည်သူသည် ထိုအဖွဲ့၏အဖွဲ့ဝင်ဖြစ်ကြောင်းကိုမူ တိတိကျတိမသိနိုင်ကြ။ ၎င်းတို့တွင် ဂိုဏ်းဌာနချုပ်အတည်တကျမရှိဘဲ ပျံ့နှံ့နေသောမဟာမိတ်အဖွဲ့နှင့် ပိုတူသည်။

သို့သော် ထိုအဖွဲ့၏နောက်ကွယ်တွင် အင်မော်တယ်ဘုရင်အဆင့် ပညာရှင်အများအပြားရှိနေသဖြင့် မည်သူမျှအထင်မသေးရဲကြပေ။ ထို့အပြင် ၎င်းတို့၏လုပ်ဆောင်ချက်များသည် လျှို့ဝှက်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။

“ယွီရွှန် မြို့စားမင်းဖြစ်လာနိုင်တာက ယူမဟာမိတ်က နောက်ကွယ်ကနေ ကူညီပေးခဲ့လို့ပဲ”

မြောင်ယွီသည်လည်း ဤသတင်းအချက်အလက်ကို သိရှိထားပုံရသည်။ သူမသည် မြို့စားမင်း အိမ်တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး...

“ဒါကြောင့် ကျန်းမျိုးရိုးနဲ့လူက အခု ယူမဟာမိတ်ရဲ့ပစ်မှတ်ဖြစ်နေပြီ”

တင်ရွေ့သည် စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။

“ဒါဆိုရင်တော့ သူက တကယ်ပဲ သေလူဖြစ်သွားပြီ”

ယူမဟာမိတ်၏ပစ်မှတ်အဖြစ် သတ်မှတ်ခံရသူ မည်သူမျှအသက်မရှင်ခဲ့။ သူတို့သည် အင်မော်တယ်ဘုရင်များကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။

တစ်ဖက်တွင်မူ လင်ဟန်ဟန်၊ ယွမ်ဝူနှင့် အခြားသူများသည် အစ်ကိုကြီးချန်နှင့်အတူ မြို့စားမင်းအိမ်တော်သို့ ရောက်ရှိနေကြလေပြီ။ ဤနေရာတွင် ခမ်းနားလှသောစားသောက်ပွဲကြီးကို ပြင်ဆင်ထား၏။ ကပွဲများ၊ သီချင်းများဖြင့် စည်ကားနေပြီး ဂီတသံများ ပျံ့လွင့်နေသည်။ မြို့တော်၏ အခြားသော အင်မော်တယ်အရှင်မြတ်နှစ်ဦးနှင့် ရွှေအင်မော်တယ် အုပ်စုမှာလည်း ကြိုတင်စောင့်ဆိုင်းနေကြသည်။

လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာမူ ပို၍စိုးရိမ်လာ၏။ တစ်ဖက်လူတွင်လည်း အင်မော်တယ်အရှင်မြတ်သုံးဦး ရှိနေသည်မဟုတ်ပါလော။ အကယ်၍ ၎င်းမှာ ထောင်ချောက်တစ်ခုဖြစ်ပါက သူတို့မှာ ကျားတွင်းထဲရောက်နေခြင်းပင်။

“ဟားဟားဟား... အရှင် ကြွပါဗျာ”

မြို့စားမင်းယွီရွှန်သည် အလွန်အမင်းဖော်ရွေ၏။ သူသည် ကျန်းချန်၏လက်ကိုဆွဲကိုင်ကာ အဓိကထိုင်ခုံနေရာသို့ ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် စားသောက်ပွဲကို စတင်လိုက်၏။ ခန်းမအတွင်းရှိ နတ်မိမယ်လေးများ၏ကခုန်မှုများမှာ ဝေဝေဆာဆာရှိလှသော်လည်း လင်ဟန်ဟန်မှာမူ ခံစားနိုင်စွမ်းမရှိပေ။ သူသည် ဘိုးဘေးကြီးကျန်းချန်ကိုသာ မကြာခဏလှမ်းကြည့်နေမိသည်။

ရလဒ်မှာမူ ဤဘိုးဘေးကြီးသည် မည်သည့်သတိထားမှုမျှမရှိဘဲ တိုက်ကျွေးသမျှအရက်များကိုသောက်ကာ ပျော်ရွှင်နေသည်ကိုတွေ့လိုက်ရ၏။ ၎င်းမှာ သူ့ကို ပို၍စိုးရိမ်စေသည်။ ယွီရွှန်သည် အလွန်စိတ်ကြည်လင်နေပုံရပြီး ဂိုဏ်းချုပ်ကျန်း၏ပုခုံးကိုပင် ဖက်လာတော့သည်။

“ဟားဟားဟား... ကျွန်တော်နဲ့ ကျန်းညီအစ်ကိုက တွေ့တွေ့ချင်းပဲ ခင်မင်သွားပြီ။ ဒါကြောင့် ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုရှိတယ်”

“ပြောလေ”

“ကျွန်တော်တို့နှစ်ယောက် ဒီအခွင့်အရေးမှာ သွေးသောက်ညီအစ်ကိုတွေလုပ်ကြရင် မကောင်းဘူးလား…”

“မကောင်းဘူး”

ခန်းမတစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားပြီး ကပွဲသီချင်းသံများလည်း ရပ်တန့်သွားသည်။ လူတိုင်းက အစ်ကိုကြီးချန်ကို မှင်တက်စွာကြည့်နေကြ၏။ သွေးသောက်ညီအစ်ကိုတော်စပ်ရန်ကမ်းလှမ်းချက်ကို ငြင်းပယ်သူမှာ အလွန်ရှားပါးလှသည်။

ထို့အပြင် မြို့စားမင်းသည် အဆင့် ၆ အင်မော်တယ်အရှင်မြတ်ဖြစ်ပြီး ကျန်းချန်မှာမူ အဆင့် ၁ ရွှေအင်မော်တယ်မျှသာ။ အဆင့် ၇ အင်မော်တယ်ရတနာသာမရှိပါက သူသည် မြို့စားမင်းနှင့်စကားပြောရန်ပင် အရည်အချင်းမပြည့်မီပေ။

ယွီရွှန် မျက်နှာပျက်သွားသည်။ သူ တဲ့တိုးငြင်းပယ်ခံရလိမ့်မည်ဟု မျှော်လင့်မထား။

“ညီအစ်ကို... ဒါက... ဒါက...”

အစ်ကိုကြီးချန်က လက်ယမ်းလိုက်သည်။

“ငါ့ကို ညီအစ်ကိုလို့မခေါ်နဲ့။ ငါ့ရဲ့ဝါစဉ်က မင်းထက်အများကြီးပိုမြင့်တယ်။ မင်းတကယ်ခေါ်ချင်ရင် ငါ့ကို ဘိုးဘေးကြီးကျန်းလို့ ခေါ်လို့ရတယ်”

လင်ဟန်ဟန်မှာ မျက်ရည်ပင် ကျချင်လာတော့သည်။

ခင်ဗျားရူးနေတာလား...

သူက ညီအစ်ကိုတော်ချင်တာကို ခင်ဗျားက သူ့ရဲ့ဘိုးဘေးလုပ်ချင်နေတယ် ဟုတ်လား...

ဤသို့ လူပုံအလယ်တွင် စော်ကားလိုက်ခြင်းမှာ တစ်ဖက်လူကို ရန်ငြိုးအသစ် ဖန်တီးပေးလိုက်သကဲ့သို့ပင်။

သို့သော် ယွီရွှန်သည် အတော်စိတ်ထိန်းနိုင်သူဖြစ်သည်။ သူက အောင့်သက်သက်ဖြင့် ပြန်ပြုံးပြလိုက်၏။

“ဟားဟား... အရှင်ကတော့ နောက်နေပြန်ပြီ…”

ထိုအချိန်တွင် သူ၏နားများလှုပ်ခတ်သွားပြီး ခန်းမအတွင်းသို့ အင်မော်တယ်ခုနစ်ဦး ဝင်ရောက်လာ၏။ ယွမ်ကျဲနှင့် အခြားသူများ မျက်နှာချက်ချင်းပျက်သွားသည်။ ထိုခုနစ်ဦးစလုံးမှာ အင်မော်တယ်အရှင်မြတ်များဖြစ်သည့်အပြင် သူတို့၏ကျင့်စဉ်အဆင့်များမှာလည်း အကြီးအကဲများထက်မြင့်မား၏။

ရှေ့ဆုံးမှ မုတ်ဆိတ်ဖြူအဖိုးအိုကဆိုလိုက်သည်။

“အဆင်ပြေသွားပြီ”

ယွီရွှန်မတ်တတ်ရပ်လိုက်ပြီး ကျန်းချန်ကို ပြုံးလျက်ကြည့်လိုက်ပြန်သည်။

“အရှင်... ဘယ်လိုမျိုးသေချင်သလဲဆိုတာ ရွေးချယ်လိုက်တော့”

All Chapters