← Chapters

အဆင့် ၈ အင်မော်တယ်ဓား

Vol. 28 Ch. 279

အဆင့် ၈ အင်မော်တယ်ဓား

Vol. 28 Ch. 279

မြို့စားမင်းအိမ်တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်လျှင် လူအများအပြားမှာ မှင်တက်နေကြသည်။ ထိုအရပ်မှ ကောင်းကင်ယံမှာ လုံးဝမှောင်အတိကျနေပြီး ထိုမှောင်မိုက်မှုအတွင်း၌ သွေးပင်လယ်ကြီးမှာ အဆက်မပြတ်လှိုင်းထနေ၏။ သွေးပင်လယ်အတွင်း၌ မမြင်နိုင်သောလက်တံများစွာရှိနေပြီး အရာအားလုံးကိုဆွဲယူကာ အနက်ရှိုင်းဆုံးချောက်ထဲသို့ဆွဲချရန် ကြိုးစားနေသကဲ့သို့ပင်။

ကြည့်မိရုံမျှဖြင့် အလွန်စိတ်မသက်မသာဖြစ်စေသည်။ အင်မော်တယ်အများအပြားမှာ အာရုံငါးပါးကိုပိတ်ထားပြီး တရားထိုင်ကာ အသက်ရှူနှုန်းကိုထိန်းညှိနေရ၏။ ဘာတွေဖြစ်နေသလဲမသိသော်လည်း ကြီးမားသောဖြစ်ရပ်တစ်ခုဖြစ်ပွားနေကြောင်း သူတို့သိကြသည်။

ထျန်းရှူးဂိုဏ်းအထက်တွင် အင်မော်တယ်ဘုရင်ရဲ့ယန်၏ အမူအရာမှာ တည်ငြိမ်နေဆဲ။

"ဒါက ခုနစ်စဉ်ကြယ်သွေးအလံပဲ"

"သွေးမဟာမိတ်က တကယ်ပဲလှုပ်ရှားလာပြီ။ ဒီမှော်ရတနာကိုအသက်သွင်းဖို့ အနည်းဆုံး မိစ္ဆာအရှင်မြတ်ခုနစ်ပါး စုပေါင်းလုပ်ဆောင်ဖို့လိုတယ်"

အင်မော်တယ်အရှင်မြတ်အဆင့်တွင် ဤမှော်ရတနာသည် နတ်ဘုရားကိုပင်သတ်နိုင်သော လက်နက်တစ်ခုဖြစ်သည်။ သို့သော် အင်မော်တယ်ဘုရင်တစ်ဦးဖြစ်သောသူ့ကို မခြိမ်းခြောက်နိုင်ပေ။

"ဒီလိုညစ်ညမ်းတဲ့မှော်ရတနာရှိနေရင် အဆင့် ၇ အင်မော်တယ်ဓားတောင်မှ စွမ်းအားသိပ်ပြနိုင်မှာမဟုတ်ဘူး"

တင်ရွေ့က အံ့အားသင့်စွာ မေးလိုက်သည်။

"ဒီလောက် အစွမ်းထက်တာတောင်မှ ဒါက အဆင့်မြင့်မှော်ရတနာပဲရှိသေးပြီး အင်မော်တယ်ရတနာ မဟုတ်သေးဘူးလား"

မြောင်ယွီကလည်း ထိုအရပ်သို့ကြည့်ကာ အေးဆေးစွာဆိုလိုက်သည်။

"ခုနစ်စဉ်ကြယ်သွေးအလံရဲ့စွမ်းအားကကြီးမားပေမဲ့ အင်မော်တယ်ရတနာဖြစ်ဖို့တော့ မလုံလောက်သေးဘူး"

"ဒီရတနာကို ရွှေ့လို့မရဘူး၊ တစ်နေရာမှာ သေသေချာချာတပ်ဆင်ပြီးမှ အသက်သွင်းလို့ရတာ။ ကြိုတင်ပြင်ဆင်ထားရုံတင်မကဘူး သွေးစတေးမှုလည်းလိုအပ်တယ်။ ဒါကြောင့် သတိနည်းနည်းရှိမယ်ဆိုရင် ရှောင်ဖို့မခက်ဘူး"

၎င်းကိုကြားသည့်အခါ တင်ရွေ့ခေါင်းယမ်းလိုက်မိသည်။

"ဒီကျန်းဆိုတဲ့လူက အရမ်းပေါ့ဆတာပဲ။ ဒါကိုသိသိကြီးနဲ့ ဝင်သွားတယ်ဆိုတော့ သေချင်နေတာပဲ"

သူ့စကားမဆုံးသေးမီမှာပင် မြို့စားမင်းအိမ်တော်ရှိရာဘက်မှ ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်လာသည်။ မှောင်မိုက်သောကောင်းကင်အောက်ရှိ သွေးပင်လယ်မှာ ရုတ်တရက် အထက်သို့လိပ်တက်သွားပြီး မြေပြင်နှင့် ကောင်းကင်ကို သွေးနီရောင်ကုလားကာကြီးတစ်ခုကဲ့သို့ ဆက်သွယ်လိုက်၏။ ထို့နောက် ထိုကုလားကာကြီးမှာ ဒိုင်းကနဲမြည်ကာ ကွဲအက်သွားတော့သည်။

ခရမ်းရောင်မီးတောက်များစွာသည် သွေးပင်လယ်ကိုထိုးဖောက်သွားပြီး အပေါက်များစွာ ဖြစ်ပေါ်စေကာ လောင်ကျွမ်းသွားသည်။ မီးတောက်မှာ လျင်မြန်စွာပြန့်နှံ့သွားပြီး သွေးပင်လယ်အတွင်း၌ လူရိပ်ဆယ်ဂဏန်းခန့် ပျာပျာသလဲဖြစ်နေသည်ကို မသဲမကွဲမြင်နေရ၏။

တင်ရွေ့က အော်ဟစ်လိုက်သည်။

"ဒါဘာကြီးလဲ…"

သူမတုံ့ပြန်နိုင်ခင်မှာပင် သွေးနီရောင်ပင်လယ်ကြီးမှာ မျက်စိရှေ့တင်ဖြူဆုတ်သွားတော့သည်။ ၎င်းမှာ စည်းမျဉ်းများတိုက်မိခြင်းပင်။ ခုနစ်စဉ်ကြယ်သွေးအလံကိုကိုယ်စားပြုသော သွေးစည်းမျဉ်းမှာ မီးတောက်စည်းမျဉ်းများ၏ချေမှုန်းခြင်းကို အပြည့်အဝခံလိုက်ရ၏။

ဝူး...

သွေးပင်လယ်ကြီးမှာ လုံးဝပြိုလဲသွားပြီး ကောင်းကင်ယံရှိ လူရိပ် ၁၀ ဦးမှာ မီးလောင်ကျွမ်းကုန်ကြသည်။

"အား"

"မလုပ်ပါနဲ့..."

စူးရှသောအော်ဟစ်သံများမှာ လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေသည်။

ရှဲ...

ပြာမှုန့်များကျဆင်းလာပြီး မီးအလင်းရောင်မှာ ဖြည်းဖြည်းချင်းကွယ်ပျောက်ကာ ကမ္ဘာကြီးမှာ မူလအတိုင်း ပြန်လည်ကြည်လင်သွား၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အရာအားလုံးငြိမ်သက်သွားလေပြီ။ အစောပိုင်းက ထိတ်လန့်စရာအဖြစ်အပျက်မှာ အိပ်မက်တစ်ခုကဲ့သို့ပင်။

အင်မော်တယ်ဘုရင်ရဲ့ယန်နှင့် မြောင်ယွီတို့သည် ထိုအရပ်သို့စိုက်ကြည့်ရင်း တိတ်ဆိတ်နေကြသည်။ တင်ရွေ့မှာမူ အသက်ရှူသံများပြင်းထန်နေပြီး ကျောပြင်တွင် ချွေးအေးများထွက်နေ၏။

အင်မော်တယ်အရှင်မြတ်တစ်ဦးအနေဖြင့် သူသည် အလွန်ပြင်းထန်သောခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ့ကိုချက်ချင်းသတ်နိုင်လောက်သော အန္တရာယ်ဖြစ်ပြီး စည်းမျဉ်းများ၏ ကြောက်မက်ဖွယ်စွမ်းအားက သူ့ကိုတုန်လှုပ်စေ၏။

ကြာမြင့်စွာတိတ်ဆိတ်နေပြီးမှ သူက မသေချာသလိုမေးလိုက်သည်။

"ပြီးသွားပြီလား"

"ပြီးသွားပြီ"

အင်မော်တယ်ဘုရင်ရဲ့ယန်က သက်ပြင်းချကာ ဖြည်းဖြည်းချင်းဆိုလိုက်သည်။

"သူ နိုင်သွားပြီ"

သူဆိုလိုသည်မှာ ကျန်းချန်ဖြစ်ကြောင်းထင်ရှား၏။

"ဒါပေမဲ့ ခုနစ်စဉ်ကြယ်သွေးအလံက အရမ်းအစွမ်းထက်တယ်မဟုတ်လား။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်..."

မြောင်ယွီက ကြားဖြတ်ပြောလိုက်သည်။

"ဒီလူရဲ့ အစစ်အမှန်ခွန်အားက အနည်းဆုံး အဆင့် ၈ အင်မော်တယ်အရှင်မြတ် ဒါမှမဟုတ် အဲဒီထက်မြင့်လိမ့်မယ်။ ဒါ့အပြင် အဲဒီဓားက အဆင့် ၇ မဟုတ်ဘူး၊ အဆင့် ၈ ဖြစ်ဖို့များတယ်"

သူမ၏ လှပသောမျက်လုံးများတွင် တုန်လှုပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ တိုက်ပွဲရလဒ်ထက် ပြီးဆုံးသွားသည့်အရှိန်နှုန်းက သူမကို ပို၍မငြိမ်မသက်ဖြစ်စေသည်။

"ဘာ"

တင်ရွေ့မှာ ဤစကားကြောင့် အကြီးအကျယ်ထိတ်လန့်သွားသည်။

"အဆင့် ၈ အင်မော်တယ်ဓား ဟုတ်လား... အလယ်အင်မော်တယ်လောကမှာ အဆင့် ၈ အင်မော်တယ်ဓား ဘယ်လိုရှိနိုင်မှာလဲ"

သူသည် အင်မော်တယ်ဘုရင်ရဲ့ယန်ကို မသိမသာလှမ်းကြည့်လိုက်မိ၏။ ထျန်းရှူးဂိုဏ်း၏ ဤအကြီးအကဲပင်လျှင် အဆင့် ၇ အင်မော်တယ်ဓားကိုသာ သုံးနေရသည်မဟုတ်လော။ ရွှေအင်မော်တယ်လေးတစ်ယောက်က အဆင့် ၈ အင်မော်တယ်ရတနာကို မည်သို့ရရှိထားသနည်း။

"ဒါဆိုရင်"

သူက ခက်ခက်ခဲခဲတွံတွေးမျိုချကာ ဆိုလိုက်သည်။

"အခွင့်အရေးရတုန်း အဲဒီဓားကိုဝင်လုသင့်လား..."

၎င်းမှာ အင်မော်တယ်ဘုရင်တစ်ပါးပင် ပိုင်ဆိုင်ချင်သောရတနာဖြစ်သည်။ မိစ္ဆာအရှင်မြတ် ၁၀ ပါး မတတ်နိုင်သော်လည်း အင်မော်တယ်ဘုရင်ရဲ့ယန်ဆိုလျှင် ဖြစ်နိုင်သည်မဟုတ်လော။

"မင်းရဲ့အတွေးတွေကို ရပ်လိုက်တော့"

မြောင်ယွီက ခပ်အေးအေးလေသံဖြင့် တားလိုက်သည်။

"ငါတို့ထျန်းရှူးဂိုဏ်းက ကြားနေဝါဒဆိုတာမမေ့နဲ့"

တစ်ဖက်တွင်မူ လင်ဟန်ဟန်၊ ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟီတို့မှာ မှင်တက်နေကြသည်။ သူတို့ရှေ့တွင် ရှိသမျှအရာအားလုံး ပြာအတိဖြစ်သွားလေပြီ။ မြို့စားမင်းအိမ်တော်မှာလည်း အစအနပင်ရှာမရတော့ပေ။ ယူမဟာမိတ်မှ မိစ္ဆာအရှင်မြတ် ၁၀ ပါးနှင့် အခြားသော အစောင့်တပ်ဖွဲ့ ၂၀၀၀ မှာလည်း ပြာဖြစ်သွား၏။

ဇာတ်လိုက်ကျော်ကြီးကျန်းချန်ကတော့ ထုံးစံအတိုင်း အလုပ်ကြိုးစားသော ပျားလေးတစ်ကောင်ကဲ့သို့ ပျက်စီးနေသောနေရာတွင် ကျန်ရှိသောပစ္စည်းများကို ရှာဖွေနေတော့သည်။

"နိုင်သွားတာလား"

အကြီးအကဲယွမ်ကျဲက အစစ်အမှန်ဟုတ်မဟုတ်သိရန် မိမိကိုယ်ကို ဆိတ်ကြည့်နေမိသည်။ အစက သူတို့အားလုံးသေရတော့မည်ဟု ထင်ထားသော်လည်း ယခုမူ ခက်ခက်ခဲခဲတိုက်ခိုက်စရာပင်မလိုဘဲ တစ်ဖက်လူမှာ ချက်ချင်းအသတ်ခံလိုက်ရ၏။

ယွမ်ဝူနှင့် ယွမ်ဟီတို့၏ စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေသည်။ စိတ်လှုပ်ရှားသလို၊ ထိတ်လန့်သလိုနှင့် အလွန်ရှက်ကိုးရှက်ကန်း ဖြစ်နေကြသည်။ မကြာသေးမီကပင် သူတို့သည် ကျန်းချန်ကို စိတ်ထဲမှကျိန်ဆဲနေခဲ့၏။ ပြဿနာရှာလွန်းသည်ဟု အပြစ်တင်ခဲ့ကြသည်။

သို့သော် ယခုမူ... ဤဘိုးဘေးကြီးမှာ ကြွားဝါနေခြင်းမဟုတ်ဘဲ တကယ်အစွမ်းထက်သူဖြစ်ကြောင်း သိလိုက်ရလေပြီ။ ဤတိုက်ခိုက်ရေးစွမ်းရည်မှာ အင်မော်တယ်ဘုရင်အဆင့်ကိုပင် လိုက်မီနေပြီဖြစ်သည်။ ဖေးရှန်ဂိုဏ်း၏ အကြီးအကဲအားလုံးစုပေါင်းတိုက်လျှင်ပင် သူ့ကိုယှဉ်နိုင်မည်မဟုတ်။ သူသည် သူတို့၏ ဘိုးဘေးအစစ်အမှန်ဖြစ်ရန် အရည်အချင်း အပြည့်အဝရှိပေသည်။

လင်ဟန်ဟန်က စိတ်ကိုတည်ငြိမ်အောင်ထိန်းကာ အစ်ကိုကြီးချန်ထံသို့လာပြီး ရိုရိုသေသေ မေးလိုက်သည်။

"ဘိုးဘေးကြီး... ဒီဓားက အဆင့် ၈ အင်မော်တယ်ရတနာလားခင်ဗျာ"

သူ့စကားကိုကြားပြီး အခြားအကြီးအကဲ ၃ ဦးကပါ ဓားကိုစိုက်ကြည့်နေကြသည်ကို မြင်သောအခါ အစ်ကိုကြီးချန်၏စိတ်ကြည်လင်မှုမှာ နေလာနှင်းပျောက်၊ သူတောင်းစား ခွေးကိုက်သွားသည်။

All Chapters