ဘိုးဘေးကြီးပျော်နေသရွေ့ အဆင်ပြေပါတယ်
Vol. 28 Ch. 280
လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် ကျန်လူများမှာ အမှန်တကယ်ပင် စူးစမ်းလိုစိတ်ပြင်းပြနေကြသည်။ သူတို့သည် အဆင့် ၇ အင်မော်တယ်ရတနာကိုပင် တစ်ခါမျှမမြင်ဖူးကြရာ အဆင့် ၈ ဆိုလျှင် ပိုဝေးလေသည်။ ထိုကဲ့သို့သောလက်နက်တစ်ခုက တိုက်ခိုက်ရေးစွမ်းရည်ကို မည်မျှအထိမြှင့်တင်ပေးနိုင်သနည်းဆိုသည်ကို သူတို့လုံးဝမသိ။
မည်သို့ပင်ဖြစ်စေ အဆင့် ၇ အင်မော်တယ်ရတနာ တစ်ခုတည်းနှင့်တော့ မိစ္ဆာအရှင်မြတ် ၁၀ ပါးကို တစ်ချက်တည်းနှင့် အမှုန့်လုပ်ပစ်နိုင်ရန်မလွယ်ကူဟု တွေးမိကြသည်။ ထို့ကြောင့် သူတို့၏အတွေးများမှာ အဆင့် ၈ အင်မော်တယ်ရတနာထံသို့သာ အလိုအလျောက်ရောက်သွား၏။
ဗဟုသုတငတ်မွတ်နေသော သူတို့၏မျက်လုံးများကိုမြင်လိုက်ရသည့်အခါ အစ်ကိုကြီးချန်မှာ ဒေါသထွက်သွားသည်။
ငါက ငါ့ရဲ့ခွန်အားကိုသက်သေပြဖို့ ဆယ်ဆတိုက်ခိုက်မှုကို သုံးလိုက်တာလေ...
မင်းတို့က အဲဒီဓားကိုပဲအာရုံစိုက်နေကြတာလား...
မင်းတို့ ဦးနှောက်တွေများပျက်နေကြတာလား...
ငါ့ကို တမင်သက်သက် ဆန့်ကျင်နေကြတာလား...
"သွားစမ်း"
သူ့စိတ်အခြေအနေမကောင်းသဖြင့် လေသံမှာလည်း ကြမ်းတမ်းနေတော့သည်။ လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့ဆွံ့အသွား၏။ နိုင်တာတောင်မှ ဘာလို့ဆဲနေရတာလဲဆိုသည်ကို နားမလည်နိုင်ကြ။
ဂိုဏ်းချုပ်ကိုယ်တိုင်ပင် သူတို့ကို ဤသို့မပြောဖူးချေ။ သို့သော် သူ၏ ဘိုးဘေးကြီးဟူသောဂုဏ်ပုဒ်နှင့် စွမ်းအားကို ထောက်ထား၍ သူတို့ ဘာမှပြန်မပြောရဲကြပေ။ ထိုလူသည် သူတို့ကို မြေးများသဖွယ် ဆူပူကြိမ်းမောင်းပိုင်ခွင့်အပြည့်ရှိလေသည်။
ကံကောင်းထောက်မစွာဖြင့် အပြင်စည်းတပည့်မလေးနှစ်ဦးမှာ နောက်ဆုံးတွင် သတိဝင်လာကြသည်။
"ဝိုး... ဘိုးဘေးကြီးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
သူမတို့နှစ်ဦးသည် လက်ကလေးများကို ရင်ဘတ်ပေါ်တင်ကာ မျက်လုံးများမှာ ကြယ်ပွင့်ကလေးများ ထွက်လာမတတ် အရောင်တောက်နေကြသည်။
"အစောတုန်းက ရန်သူတွေက ကျွန်မတို့ကို သေမတတ်ကြောက်လန့်စေခဲ့တာ။ ငါတို့တော့သွားပြီလို့တောင် ထင်နေခဲ့တာ"
"ဒါပေမဲ့ ဘိုးဘေးကြီးက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တယ်..."
"ဘိုးဘေးကြီးက ဘယ်လောက်တောင် အစွမ်းထက်တာလဲဟင်။ အဲဒီလူတွေက မိစ္ဆာအရှင်မြတ်တွေ မဟုတ်လား"
"ဘိုးဘေးကြီးရဲ့စွမ်းပကားက ကောင်းကင်အထိရောက်နေတာပဲ။ ကျွန်မတို့ ခန့်မှန်းလို့တောင် မရပါဘူး။ မြေပြင်အထက်နဲ့ ကောင်းကင်အောက်မှာ ဘိုးဘေးကြီးကအနှိုင်းမဲ့ပဲလို့ ကျွန်မလောင်းရဲတယ်"
ယခုအခါ မိန်းကလေးနှစ်ဦးမှာ အစ်ကိုကြီးချန်၏ ဝါသနာကို ကောင်းကောင်း သိသွားကြလေပြီ။ သူတို့၏မြှောက်ပင့်စကားများ အထိန်းအကွပ်မရှိပျံ့လွင့်လာ၏။ လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာမူ စကားပင်မပြောနိုင်တော့ပေ။
မင်းတို့နှစ်ယောက်ကတော့ ပေါ်တင်ကိုမြှောက်ပင့်နေကြတာပဲလား...
ရှက်လည်းမရှက်ကြဘူး...
အနှိုင်းမဲ့ ဟုတ်လား...
အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ်ဧကရာဇ်တွေ ရှိသေးတယ်ဆိုတာ မမေ့ကြနဲ့ဦး...
သို့သော် အစ်ကိုကြီးချန်မှာမူ ဤအရာကိုပင် အလွန်နှစ်သက်၏။ သူ၏ဒေါသများပျောက်ကွယ်သွားပြီး စိတ်အခြေအနေမှာ ချက်ချင်းပြန်လည်ကြည်လင်သွားတော့သည်။
"ဟားဟား... မင်းတို့ကတော့ မျက်စိရှိသားပဲ"
"မဆိုးဘူး... မဆိုးဘူး... ငါတို့ဖေးရှန်ဂိုဏ်းမှာ မျိုးဆက်သစ်တွေရှိသေးတာပဲ"
"ဒီဘိုးဘေးကြီးက မင်းတို့နှစ်ယောက်ရဲ့ အလားအလာကိုမြင်တယ်။ ရော့... ဒါလေးတွေယူထားကြ"
အစောပိုင်းကတိုက်ခိုက်မှုမှာ ပြင်းထန်လွန်းသဖြင့် ပစ္စည်းအများစုပြာဖြစ်သွားသော်လည်း သူသည် အင်မော်တယ်ဓားနှစ်လက်ကို ရှာဖွေတွေ့ရှိကာ လက်ဆောင်ပေးလိုက်သည်။
စုယဲ့နှင့် စုမန်တို့မှာ မှင်တက်သွားကြသည်။ ထိုဓားနှစ်လက်မှာ ယွီရွှန်နှင့် အခြားမိစ္ဆာအရှင်မြတ်တစ်ဦး ကိုင်ဆောင်ခဲ့သောဓားများဖြစ်ကြောင်း သူတို့သိ၏။
"ဘိုးဘေးကြီး... ဒါက..."
သူတို့မှာ စကားပင်မပြောနိုင်တော့ဘဲ လက်ခံရန် မဝံ့မရဲဖြစ်နေကြသည်။
အစ်ကိုကြီးချန်က ဓားများကို သူတို့လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။
"ဒါတွေက အဆင့် ၆ အင်မော်တယ်ရတနာတွေပဲ။ ဘိုးဘေးကြီးပေးတဲ့ လက်ဆောင်ပဲ... ယူထားလိုက်စမ်း"
အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ အနည်းငယ်နှမြောနေမိသည်။ အဆင့် ၆ ရတနာတစ်ခုလျှင် ကုသိုလ်အမှတ် ၁၀ မှတ်နှင့်လဲလှယ်နိုင်၏။ သို့သော် သူတို့၏ အရှက်မရှိမြှောက်ပင့်နိုင်စွမ်းကို ထောက်ထား၍ ဆုချလိုက်ခြင်းဖြစ်သည်။ အကယ်၍သာ သူတို့သည် ရှန်ထိုက် သို့မဟုတ် ဝေမြောင်တို့ကဲ့သို့ မြှောက်ပင့်ခြင်းဘုရင်များဖြစ်လာခဲ့ပါက ဤလက်နက်များကို ပေးရကျိုးနပ်ပေလိမ့်မည်။
"အဆင့် ၆ အင်မော်တယ်ရတနာ ဟုတ်လား"
စုယဲ့နှင့် စုမန်တို့မှာ ရင်ခုန်လွန်း၍ မေ့လဲမတတ်ဖြစ်သွားကြသည်။ သူတို့မှာ အစစ်အမှန်အင်မော်တယ်အဆင့်သာရှိပြီး ယခုအချိန်အထိ အဆင့် ၁ ရတနာများကိုသာသုံးခဲ့ရ၏။ အဆင့် ၂ လက်နက်တစ်ခုရလျှင်ပင် ဝမ်းသာလွန်း၍ငိုမိကြပေလိမ့်မည်။ ဂိုဏ်းမှအကြီးများဖြစ်သော လင်ဟန်ဟန်တို့ပင်လျှင် အဆင့် ၅ ရတနာများကိုသာ သုံးနေကြရသည်။
"ဒါတွေက တကယ်ပဲကျွန်မတို့အတွက်လား"
သူတို့ မျက်ရည်များဝဲလာကြပြီး စိတ်လှုပ်ရှားလွန်းသဖြင့် မူးဝေလာ၏။ သူတို့သည် ဘိုးဘေးကြီးစိတ်ဆိုးပြီး သူတို့ကိုအပြစ်မပေးစေရန်သာ ဗီဇအရ မြှောက်ပင့်ခဲ့ကြခြင်းဖြစ်သည်။ ဘိုးဘေးကြီးက ဤမျှရက်ရောလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။
"ဘိုးဘေးကြီး... ကျွန်မတို့... ကျွန်မတို့ မယူရဲပါဘူး"
မျက်လုံးအပြူးသားဖြင့်ကြည့်နေကြသော လင်ဟန်ဟန်နှင့် အကြီးအကဲများကိုကြည့်ကာ မိန်းကလေးနှစ်ဦးမှာ စိုးရိမ်စိတ်ဝင်လာ၏။ သူတို့၏ပါးစပ်ကငြင်းနေသော်လည်း လက်များမှာမူ ဓားများကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြဆဲ။
လင်ဟန်ဟန်နှင့် ကျန်လူများက ဝင်ပြောရတော့သည်။
"ဘိုးဘေးကြီး... ဒီဆုလာဘ်က နည်းနည်းများလွန်းမနေဘူးလား"
"ဟုတ်ပါတယ်... အဆင့် ၃ လောက်ဆိုရင်တောင် အံ့ဩစရာကောင်းနေပါပြီ။ အဆင့် ၆ ဆိုတာကတော့..."
"သူတို့ရဲ့ကျင့်စဉ်အဆင့်က အရမ်းနိမ့်နေသေးတော့ ဒီလိုလက်ဆောင်မျိုးကို ခံနိုင်ရည်မရှိပါဘူး"
အမှန်စင်စစ် သူတို့သည် ဤမိန်းကလေးနှစ်ဦးက အဘယ်ကြောင့် ဤမျှဆုချခံရသနည်းဟု နားမလည်နိုင်ကြ။
သူတို့ ဘာတွေထူးထူးခြားခြားလုပ်ခဲ့လို့လဲ...
အနောက်ကနေပဲကြည့်နေခဲ့တာ မဟုတ်ဘူးလား...
ကံဆိုးစွာဖြင့် ဤနေရာတွင် အစ်ကိုကြီးချန်၏စကားကသာ အတည်ဖြစ်သည်။
"စကားများတာ ရပ်စမ်း"
"ဒါတွေက ငါရခဲ့တဲ့ပစ္စည်းတွေ။ ငါပေးချင်တဲ့လူကို ပေးမှာပဲ။ မင်းတို့က ဘာလို့ကန့်ကွက်နေရတာလဲ"
"ဒါကို ယူထားကြစမ်း။ ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ဘယ်သူကမဆို ဒါကိုလုယူဖို့ကြိုးစားရင် ငါ့ကိုလာပြော... ငါ မင်းတို့ဘက်ကနေ ရပ်တည်ပေးမယ်"
သူတို့သည် ရတနာများရရှိရုံတင်မကဘဲ အစွမ်းထက်သော ကျောထောက်နောက်ခံတစ်ဦးကိုပါ ရရှိလိုက်ခြင်းဖြစ်သည်။ ထိုအခါမှသာ မိန်းကလေးနှစ်ဦးမှာ ကျေးဇူးတင်စကား အထပ်ထပ်ပြောရင်း လက်ခံလိုက်ကြ၏။ လင်ဟန်ဟန်တို့မှာမူ မနာလိုစိတ်နှင့်အတူ စကားပင် မပြောနိုင်တော့ပေ။ အဆင့် ၆ ရတနာမှာ သူတို့အတွက်လည်း အလွန်လိုချင်စရာကောင်း၏။ သို့သော် အစ်ကိုကြီးချန်မှာမူ သူတို့ကို လုံးဝမေ့နေပုံရသည်။
"အင်း... ဘိုးဘေးကြီး... ကျွန်တော်တို့ ဂိုဏ်းကိုပြန်သင့်ပြီမဟုတ်လား"
"ဘယ်ကို ပြန်မှာလဲ"
ယွမ်ကျဲက ပြန်ဖြေသည်။
"ဖေးရှန်ဂိုဏ်းကိုပေါ့။ ယူမဟာမိတ်က ဒါကို ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဂိုဏ်းမှာ ပြင်ဆင်ထားသင့်တယ်"
အစ်ကိုကြီးချန်က ငြင်းလိုက်သည်။
"ငါတို့ အင်မော်တယ်ကံကြမ္မာတိုကင် ၃,၃၀၀ ဝယ်ဖို့လိုသေးတယ်။ အခုမှ ၁၁၅ ခုပဲရှိသေးတာ... အဝေးကြီးလိုသေးတယ်"
"ဒါပေမဲ့..."
"ဒါပေမဲ့တွေလုပ်မနေနဲ့။ မင်းတို့ကြောက်ရင် မင်းတို့ဘာသာမင်းတို့ပြန်ကြလေ"
လင်ဟန်ဟန်နှင့် အကြီးအကဲသုံးဦးမှာမူ ဤဘိုးဘေးကြီး၏ဘုန်းတန်ခိုးကိုသာ ဆက်လက်ယုံကြည်အားကိုးရန် ဆုံးဖြတ်လိုက်ကြ၏။ မကြာမီ သူတို့ ၇ ဦးမှာ လှေပျံပေါ်တက်ကာ တန်ဟွားမြို့မှထွက်ခွာပြီး အခြားနယ်မြေများရှိ ထျန်းရှူးဂိုဏ်းခွဲများဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
အစ်ကိုကြီးချန်မှာ လှေပေါ်တွင် မိန်းကလေးနှစ်ဦး၏ မြှောက်ပင့်မှုကိုခံယူရင်း စနစ်ကိုဖွင့်ကြည့်လိုက်သည်။ အစောပိုင်းကတိုက်ပွဲကြောင့် သူသည် ထိတ်လန့်တုန်လှုပ်မှုတန်ဖိုး ၇.၄၇ သန်းရရှိခဲ့ပြီး ကုသိုလ်အမှတ် ၇၄၇ မှတ်ရရှိခဲ့သည်။ ၎င်းမှာ မဆိုးလှသောရလဒ်ပင်။ မြို့နေလူထုအားလုံးသာ မိစ္ဆာအရှင်မြတ် ၁၀ ပါးကို သူမည်သို့သတ်ခဲ့သည်ကိုသိမည်ဆိုပါက ဤထက်ပိုရရှိနိုင်ပေလိမ့်မည်။