မင်းကဘယ်လိုလုပ်ပြီး အစေခံခွေးဖြစ်သွားတာလဲ
Vol. 28 Ch. 272
"ဟားဟား... ငါ ဒီလောက်နှစ်အကြာကြီး နေလာခဲ့တာ၊ ဒီလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့မြင်ကွင်းကိုမြင်ဖူးတာ ဒါပထမဆုံးပဲ"
ဆန့်ကျင်ဘက်ရှိအင်မော်တယ်တစ်စုထံမှ ရယ်မောသံများပွင့်အံထွက်လာတော့သည်။ ထို့နောက် ခရမ်းရောင်သရဖူဆောင်းထားသည့်လူငယ်တစ်ဦးသည် ဟန်ပါပါဖြင့်လျှောက်လှမ်းလာ၏။ သူသည် အစ်ကိုကြီးချန်ကိုလက်ညှိုးညွှန်ကာ ပြောင်စပ်စပ်အပြုံးဖြင့် ဆိုလိုက်သည်။
"ဟေ့... မင်းတို့ဆီမှာ အင်မော်တယ်ကျောက်တုံးတွေက သုံးလို့မကုန်နိုင်အောင်များနေတာလား"
"တကယ်လို့ အများကြီးပိုနေရင် ငါ့ကိုပေးလိုက်လေ၊ ငါသုံးပေးမယ်"
သူ လျှောက်လာသည်နှင့် နောက်ကွယ်ရှိအဘိုးအိုတစ်ဦးက သူ့ကိုအလျင်အမြန်ဆွဲတားလိုက်သည်။ ထိုအဘိုးအိုသည် လေးနက်သော အမူအရာဖြင့် ခေါင်းယမ်းပြကာ သတိပေးသည်။
"သခင်လေး... ဒီလူတွေက ဘယ်ကလာမှန်း မသိရသေးဘူး။ ဒါပေမဲ့ အင်မော်တယ်ကံကြမ္မာတိုကင်တွေကို ဒီလောက်အများကြီးဝယ်ရဲတယ်ဆိုတော့ သူတို့ရဲ့နောက်ခံက သေးမှာမဟုတ်ဘူး..."
သို့သော် လူငယ်ကမူ ထိုသို့မထင်ပေ။
"ဒါက တန်ဟွားမြို့ကွ"
ဤရိုးရှင်းသော စကားတစ်ခွန်းကပင် သူ၏ယုံကြည်ချက်ဖြစ်ပုံရသည်။
ယခုအခါ သူသည် အစ်ကိုကြီးချန်၏ရှေ့တည့်တည့်တွင် ရပ်နေပြီဖြစ်သည်။ သူက နှစ်ကြိမ်မျှရယ်မောလိုက်ပြီး ဆိုလာသည်။
"ငါ အခုတလော ငွေနည်းနည်းပြတ်နေလို့... အင်မော်တယ်ကျောက်တုံးတချို့လောက် ချေးပါဦး..."
၎င်းကို ကြားလိုက်ရသောအခါ လင်ဟန်ဟန်၏ဒေါသများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။ သူကဓားဆွဲထုတ်ရန်ပြင်လိုက်သော်လည်း ယွမ်ကျဲက လျှို့ဝှက်အသံလွှင့်ကာ ဆွဲတားလိုက်၏။
"နေဦး... စောင့်ကြည့်ရအောင်"
"ဒါပေမဲ့ ဟိုဘက်က လူယုတ်မာက သိသိသာသာကြီး ပြဿနာရှာနေတာလေ..."
"ဒါက အခုနက ဘိုးဘေးကြီးကျန်းဆိုတဲ့လူမှာ ဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာကြည့်ဖို့ အခွင့်အရေးကောင်းပဲ"
ထိုစကားကိုကြားသောအခါ လင်ဟန်ဟန်ရပ်တန့်သွားသည်။ သေချာစဉ်းစားကြည့်လျှင် ရှေ့ကလူမှာ အလေအလွင့်လူမိုက်လေးတစ်ဦးသာဖြစ်ရာ ဤကဲ့သို့သော ပြဿနာအသေးအဖွဲကိုပင် မဖြေရှင်းနိုင်ပါက သူသည် ဂိုဏ်း၏ဘိုးဘေးဖြစ်နေလျှင်ပင် အရာရောက်မည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် ကြိုဆိုရေးအင်မော်တယ်၏မျက်နှာမှာ မည်းမှောင်သွားပြီး
"ချူကျောက်... မင်းသိထားသင့်တာက ငါတို့ထျန်းရှူးဂိုဏ်းထဲမှာ ဘယ်သူ့ကိုမှ..."
၎င်းတို့သည် စီးပွားရေးလုပ်ကိုင်နေခြင်းဖြစ်ရာ အတွင်းရှိဧည့်သည်များ၏လုံခြုံမှုကို မကာကွယ်နိုင်ပါက မည်သို့လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ ထျန်းရှူးဂိုဏ်းတွင် စည်းမျဉ်းများရှိသည်။ ဤနေရာ၌ ပဋိပက္ခဖြစ်ပွားခြင်းကို ခွင့်မပြုပေ။ တိုက်ခိုက်လိုပါက အပြင်ထွက်ကြရမည်။ သို့သော် သူ့စကားမဆုံးသေးမီမှာပင် ဌာနခွဲဥက္ကဋ္ဌတင်ရွေ့၏အသံက နားထဲရောက်လာသည်။
"ဝင်မပါနဲ့၊ သူတို့ဘာသာသူတို့ ဖြေရှင်းပါစေ"
တင်ရွေ့သည် မူလက ဤကဲ့သို့အမိန့်ပေးမည့်သူမဟုတ်သော်လည်း ၎င်းမှာ မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ယန်တို့၏ ဆန္ဒဖြစ်ပေသည်။ ယခုအချိန်တွင် သူတို့နှစ်ဦးသည် ဖန်သားပြင်ပေါ်ရှိ ကျန်းချန်ကို တည်ငြိမ်စွာကြည့်ရှုနေကြပြီး သူဘာဆက်လုပ်မည်ကို စောင့်ကြည့်နေကြ၏။
အင်မော်တယ်ကံကြမ္မာတိုကင် ရာနှင့်ချီ၍ဝယ်လိုသူမှာ သံသယဖြစ်ဖွယ် အကောင်းဆုံးပင်။ သူတို့၏အမြင်တွင် ဤအလေအလွင့်လူမိုက်လေးချူကျောက်သည် အချိန်ကိုက်ပေါ်လာခြင်းဖြစ်ရာ သူ့နောက်ခံကိုစုံစမ်းရန်အတွက် အသုံးတည့်ပေလိမ့်မည်။
မူလက ချူကျောက်သည် ကြိုဆိုရေးအင်မော်တယ်၏ဟန့်တားမှုကြောင့် အနည်းငယ်တွေဝေသွားသော်လည်း စကားမဆုံးမီမှာပင် ကြိုဆိုရေးအင်မော်တယ်က နောက်ဆုတ်သွားသည်ကိုမြင်သောအခါ ပိုရဲတင်းလာ၏။ ထျန်းရှူးဂိုဏ်းပင်လျှင် သူ့ကို အနည်းငယ် ကြောက်ရွံ့နေခြင်းလောဟု တွေးတောမိသည်။ သူလက်ဝှေ့ယမ်းလိုက်ရာ နောက်ကွယ်မှ အင်မော်တယ်နောက်လိုက်များက ဝိုင်းရံလိုက်၏။
"မင်း နားလေးနေလား၊ ငါ မင်းကိုပြောနေတာ"
အစ်ကိုကြီးချန်မှာမူ အုပ်စုများစွာက သူ့ကို တိတ်တဆိတ်စုံစမ်းနေသည်ကို မသိရှိပေ။ ရှေ့ကကောင်လေးမှာ အတော်ချစ်စရာကောင်းသည်ဟုသာ တွေးနေ၏။ ချက်ချင်းသတ်လိုက်ရန်ပင် နှမြောစရာကောင်းလှသည်။ တုန်လှုပ်မှုအမှတ်များရရှိရန်အခွင့်အရေးကို သူရှာဖွေနေသည်မဟုတ်ပါလား။ သူက ချက်ချင်းပြန်ဖြေလိုက်သည်။
"မင်းက ငါ့သားလား"
ထိုနေရာရှိ လူအားလုံးသည် ကျန်းချန်က ချူကျောက်ကိုခြောက်လှန့်ရန် သူ့အထောက်အထားကို ထုတ်ဖော်ခြင်း သို့မဟုတ် ဖိအားပေးရန် ပညာရှင်တစ်ဦး၏စွမ်းအားကိုပြသခြင်း သို့မဟုတ် အခြေအနေကိုပြေလည်စေရန် စကားကောင်းပြောဆိုခြင်း စသည်တို့ကိုလုပ်ဆောင်မည်ဟု ထင်မှတ်ထားကြသည်။ ဤကဲ့သို့ပြောလာမည်ဟု မည်သူမျှမမျှော်လင့်ထားကြ။ ချူကျောက်သည် ခဏမျှ ကြောင်သွားပြီး မေးမိသည်။
"မင်း ဘာကိုဆိုလိုတာလဲ"
အစ်ကိုကြီးချန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"မင်းက ငါ့သားမဟုတ်ရင် ဘာလို့ငါ့ဆီကငွေတောင်းနေတာလဲ"
ဘေးနားရှိလူများ၏မျက်နှာများမှာ တင်းမာသွား၏။ ၎င်းမှာ သွယ်ဝိုက်၍ စော်ကားလိုက်ခြင်းပင်။ လူအုပ်ကြီး၏ ထူးခြားသောအမူအရာများကို မြင်လိုက်ရသောအခါ ချူကျောက်မှာ အရှက်ရသွားတော့သည်။
"မင်း သေချင်နေတာပဲ"
"ငါက တန်ဟွားမြို့ကဆိုတာ မင်းသိလား..."
သူ၏စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဓားအလင်းတစ်ခု ဖြတ်ခနဲလက်သွားပြီး ပြန်လည်ကွယ်ပျောက်သွား၏။ ထို့နောက်တွင် ခန်းမအတွင်း၌ သွေးစိမ်းရှင်ရှင်များ ရုတ်တရက် ပန်းထွက်လာတော့သည်။
ချူကျောက်သည် စကားတစ်ခွန်းမျှမဆိုနိုင်ဘဲ လဲကျသွား၏။ သူသာမက သူ့နောက်ကွယ်မှ နောက်လိုက်ခြောက်ဦးစလုံး တစ်ပြိုင်နက်လဲကျသွားလေသည်။
အစ်ကိုကြီးချန်က ဓားကို အေးအေးဆေးဆေးပင် ပြန်သိမ်းလိုက်သည်။ ဤလူအချို့မှာ မြင့်မြတ်အင်မော်တယ်အဆင့်မျှသာ ရှိကြသော်လည်း ပြဿနာရှာရန်ရဲတင်းနေကြသည်မှာ သေခြင်းတရားဟူသောစကားလုံးကို မည်သို့ရေးရမှန်းမသိကြ၍ဖြစ်ပေလိမ့်မည်။
သူသည် ဤလူများကိုသတ်လိုပါက ယခုထက်ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်သော်လည်း မြင်ကွင်းကို ပိုမိုကြီးကျယ်စေရန်နှင့် တုန်လှုပ်မှုအမှတ်ပိုမိုရရှိရန်အတွက်သာ သူဓားဆွဲထုတ်လိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူ၏အထောက်အထားနှင့် နောက်ခံကိုမူ သူနားထောင်ရန်ပင် စိတ်မပါပေ။
လူများကိုသတ်ပြီးနောက် သူချက်ချင်းပင် သိမ်းပစ္စည်းများကိုစတင်ရှာဖွေတော့သည်။ သူသည် အချိန်အတော်ကြာအောင် ဝင်ငွေမရှိဘဲ အောင့်အည်းနေခဲ့ရသည်မဟုတ်ပါလား။ အခြားသူများ သေသေချာချာမမြင်လိုက်ရမီမှာပင် သိုလှောင်လက်စွပ်အားလုံး သူ့လက်ထဲရောက်ရှိသွားပြီး လက်နက်များမှာလည်း လျှပ်စီးကဲ့သို့မြန်ဆန်သောအရှိန်ဖြင့် သိုလှောင်လက်စွပ်အတွင်းဝင်သွားလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်၌ လဲကျနေသူများ၏ ကိုယ်ပေါ်ရှိ အင်မော်တယ်ချပ်ဝတ်တန်ဆာများပါ ချွတ်ယူလိုက်သည်။ သူ၏အမြန်နှုန်းမှာ အဝတ်ချွတ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်လောက်၏။
"ဒင်... လက်ခံသူသည် တုန်လှုပ်မှုအမှတ် ၅၀,၃၄၈ ရရှိသည့်အတွက် ဂုဏ်ယူပါသည့်။ ကံတရားအမှတ် ၅ မှတ်အဖြစ် အလိုအလျောက်ပြောင်းလဲလိုက်ပါပြီ"
ဟာ... ၅ မှတ်ပဲလား။
အရမ်းနည်းလွန်းသည်ဟုယူဆကာ အစ်ကိုကြီးချန် မိမိကိုယ်မိမိပြန်လည်သုံးသပ်မိသည်။ ခုနကသတ်လိုက်သည်မှာ မြန်လွန်းသွား၍လော။ လုပ်ငန်းစဉ်မှာ ရှင်းလင်းမှုမရှိခဲ့သဖြင့် လူတိုင်းမှာ လုံလောက်စွာ မကျေနပ်ကြဘဲ တုန်လှုပ်မှုအမှတ်များစွာ မပေးခြင်းဖြစ်ပေလိမ့်မည်။ သို့သော် ဤခန်းမအတွင်း၌ လူတစ်ထောင်မျှသာရှိနေသည်ကို သူမေ့လျော့နေ၏။ တုန်လှုပ်မှုအမှတ် ၅၀,၀၀၀ ကျော် ရရှိခြင်းမှာ အလွန်ကြီးမားသောတုန်လှုပ်မှုအဆင့်ဟု သတ်မှတ်နိုင်သည်။
ပရိသတ်အားလုံးမှာ ကြောင်အမ်းအမ်းဖြစ်နေကြပြီး ဤကဲ့သို့ဖြစ်လာမည်ဟု အိပ်မက်ပင်မမက်ဖူးကြပေ။ လူမိုက်လေးတစ်ဦး၏ ရန်စမှုကိုခံရသောအခါ ဓားဆွဲထုတ်၍ ပြန်လည်တိုက်ခိုက်ခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ၎င်းမှာ ရုတ်တရက်ဆန်လွန်းပြီး ပြင်းထန်လွန်းသည်။ သူသည် တစ်ဖက်လူ၏နာမည်ကိုပင် မမေးခဲ့။ ညှိနှိုင်းဆွေးနွေးခြင်းလည်းမရှိ။ ထို့အပြင် ဤမျှအစွမ်းထက်သောခွန်အားဖြင့် ၎င်းတို့ကိုမသတ်ဘဲ နှိမ်နင်းထားရုံသာ လုပ်ဆောင်နိုင်သည် မဟုတ်ပါလား။
ချူကျောက်ကို တားဆီးခဲ့သောအဘိုးအိုမှာ ပထမဆုံးသတိပြန်ဝင်လာသူဖြစ်သည်။
"မင်း"
သူသည် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကျန်းချန်ကိုလက်ညှိုးညွှန်လိုက်ရာ လက်ချောင်းများမှာ တုန်ရီနေတော့သည်။
"မင်း ရူးနေတာလား"
"မင်း တကယ်ပဲ မြို့စားမင်းယုရဲ့ တူတော်မောင်ကို သတ်ရဲတယ်ပေါ့၊ မင်းတော့ သွားပြီ..."
အစ်ကိုကြီးချန်က စိတ်မရှည်သလို လက်ဝှေ့ယမ်းလိုက်သည်။
"မင်းတို့က မြို့စားမင်းရဲ့ လူတွေဆိုတာ ငါသိတယ်၊ အဲဒါက ဒီလောက်အထိ ကြီးကျယ်နေလို့လား"
"မင်းဒီမှာ ဘာလုပ်နေသေးတာလဲ။ လူမိုက်လို ရပ်မနေနဲ့လေ၊ မြန်မြန်သွားပြီး အကူအညီ သွားခေါ်တော့"
"မင်းက စကားအနည်းငယ်နဲ့ ငါ့ကိုကြောက်လန့်သွားစေပြီး အသနားခံခိုင်းမယ်လို့ မျှော်လင့်နေတာလား"
"စဉ်းစားကြည့်စမ်း၊ အဲဒါက မဖြစ်နိုင်ဘူးမဟုတ်လား။ အဲဒီလို လုပ်နေတာကရော အဓိပ္ပာယ်ရှိလို့လား"
"မင်းက ဘယ်လိုလုပ်ပြီး အစေခံခွေးဖြစ်သွားတာလဲ၊ ကျွမ်းကျင်မှု လုံးဝမရှိဘူးပဲ"
ဤကဲ့သို့ အပြောခံလိုက်ရသောအခါ ဆန့်ကျင်ဘက်မှအဘိုးအိုမှာ အလွန်အမင်း ဒေါသထွက်သွားသော်လည်း စကားပြန်မဆိုနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အစ်ကိုကြီးချန် ပြောသည့်စကားမှာ အဓိပ္ပာယ်ရှိနေသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင်သူသည် လိမ္မာပါးနပ်စွာဖြင့် ဤနေရာမှထွက်ခွာသွားပြီး စစ်ကူသွားခေါ်လေ၏။
ဤနေရာရှိလူတိုင်းမှာ မိမိတို့နားကြားမှားသလော သို့မဟုတ် ဤကမ္ဘာကြီးမှာပင် ရူးသွပ်သွားပြီလောဟု သံသယဝင်နေကြသည်။
အစ်ကိုကြီးရာ... ခင်ဗျားက ဘယ်ဘက်ကလဲ...
တစ်ဖက်လူကိုတောင် အကြံပေးနေရသလား၊ အဲဒါက လိုအပ်လို့လား...
မြင်ကွင်းကို စောင့်ကြည့်နေသော မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ယန်တို့ပင် ဆွံ့အသွားကြရသည်။ ဤလုပ်ရပ်မှာ အလွန်ထူးဆန်းလှရာ ဤသို့ကိစ္စမျိုးတစ်ခါမျှမမြင်ဖူးခဲ့ပေ။
လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာ မှင်တက်နေကြသည်ထက်ပို၍ ထိတ်လန့်ကြောက်ရွံ့နေကြသည်။ ဤဘိုးဘေးကြီး ရူးနေသလော။ သူသည် ရှေ့နောက်မကြည့်ဘဲ လူသတ်လိုက်သည့်အပြင် သူသတ်လိုက်သောသူများမှာ သာမန်လူများလည်းမဟုတ်ကြပေ။ ထိုမျှမကသေးဘဲ လူသတ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာ၌ပင် ဆက်လက်နေထိုင်နေသေးသည်။
ဒေသခံမြွေကို သူစိမ်းနဂါးကမနိုင်ဘူး ဆိုတဲ့စကားကို မကြားဖူးဘူးလား...
"ဘိုးဘေးကြီး... ဒီနေရာကနေ မြန်မြန်ထွက်သွားကြရအောင်"
"ဒီမှာ အကြာကြီးနေဖို့မသင့်တော်ဘူး..."
အစ်ကိုကြီးချန်ကမူ ၎င်းတို့ကို အာရုံစိုက်ရန် စိတ်မပါပေ။
"ထွက်သွားမယ်... ဟုတ်လား... မင်းတို့လို လူငယ်မျိုးဆက်တွေထဲမှာ ဒီလောက်ကြောက်တတ်တဲ့သူတွေ ဘယ်လိုလုပ်ပြီးရှိနေတာလဲ"
"ငါဝယ်စရာရှိတာတွေ မဝယ်ရသေးဘူးလေ"
သူသည် ကြိုဆိုရေးအင်မော်တယ်ထံသို့ ပြန်လည်ရောက်ရှိလာပြီး ပြုံးရယ်လျက် လက်နှစ်ဖက်ကိုဖြန့်ပြကာ ဆိုလိုက်သည်။
"ဒီမှာ လူသတ်တာက အဆင်ပြေပါတယ်နော်... ငါတို့ရဲ့အရောင်းအဝယ်ကိုတော့ မထိခိုက်ဘူးမဟုတ်လား"