← Chapters

Moonlit Petal under Astral Chains

Vol. 1 Ch. 10

Moonlit Petal under Astral Chains

Vol. 1 Ch. 10

ယခုအခါ လီယိုနာ့ဒ်တို့သည် သံသယဖြစ်ဖွယ်ကောင်းသူများကို စစ်ဆေး မေးမြန်းရန် အစီအစဉ်ကို စလိုက်လေ၏။

နေရာကိုမူ လေဒီဆယ်ဖီးနီး၏ အခန်းရှေ့က စက်ဝိုင်းသဏ္ဌာန်ခန်းမကြီးတွင်း၌ပင် အထိုင်ချထားလေပြီး ၊ ဤနေရာကြီးမှာ သမုဒယရတီနန်းဆောင်၏ ဒုတိယအကောင်းဆုံး အထပ်ဖြစ်သည့်အားလျော်စွာ ခန်းမကြီးတစ်ခုလုံးဝယ် အလင်းထုတ်သော သလင်းတုံးပျံများဖြင့် ထိန်ထိန်သာလျက်ရှိနေသည့်ပြင် ၊ ယခုမှ အသစ်လဲထားသော အန်သရယ် ပန်းနံ့များကြောင့် ခန်းမတစ်ခုလုံးမှာ လတ်ဆတ်နေသော ရေနံ့ ၊ ပန်းနံ့လေးများဖြင့် ထုံသင်းနေသည်သာမက ၊ ရောက်ခါစကရခဲ့သော နက်နက်နဲနဲ နွေးနွေးထွေးထွေး မီးခိုးနံ့မျှင်မျှင်လေးသင်းနေသော မီးပုံနံ့လေးမှာလည်း ပန်းရနံ့တို့နှင့်အတူ သူ၏ဂန္ဓာရုံကို ပူးတွဲအသုံးတော်ခံ နေသည့်လျောက် ၊ ဗိုက်ပွင့်ထားသည့် လူသေအလောင်းနား၌ အချိန်အတန်ကြာအောင်နေခဲ့ရသော သူ့စိတ်အစဉ်ပင် ပြန်လည်ကြည်လင်လန်းဆန်း လာရလေသည်။

ကော်ဇောနီများ ၊ အနီရောင်ပိုးသားခန်းဆီးတို့ဖြင့် တန်ဆာဆင်ထားသော အနှီပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီးနောက် ဖဲသားဆိုဖာကြီးဖြင့် ဣိန္ဒြေရလျက်ရှိသော သစ်သားထိုင်ခုံကြီးပေါ်သို့ ထိုင်ချလိုက်ရာ ၊ သူ့တစ်ကိုယ်လုံး အိစက်နစ်ဝင်သွားသကဲ့သို့ ကျောတပြင်လုံးပါ ပူနွေး ၊ ချောကျိလာရလေသည်။ ၎င်းနောက် ရှေ့တည့်တည့်က ကျောက်သားကြောင်လိမ်လှေကားကြီးကို ငေး၍

“ဒီအပေါ်မှာ ကမ္ဘာ့အဆင့်တစ် ပြည့်ကြီးတန်ဆာရှိတာပေါ့”

ဟုမေးလျှင် ဘေး၌ထိုင်နေသော ဇိုက်(ခ်)မှာ သံဘူးထဲကရေကို တစ်ကျိုက်မော့၍ ခေါင်းညိတ်လေ၏။

“လေဒီ လီလီယာနာ။ သူ့ရဲ့တစ်ညစျေးက ပုံသေတောင်မဟုတ်ဘူး။ သူနှင့်တစ်ညရဖို့ အပြိုင်အဆိုင်လေလံဆွဲရတယ်။ လေလံအောင်တဲ့သူတွေက နိုင်ငံရပ်ခြားက မင်းညီမင်းသားတွေနှင့် ပိုက်ဆံကိုရေလိုသုံးနိုင်တဲ့ သူဌေးတွေပေါ့”

“ဒါဆို အခု လေဒီ ဆယ်ဖီးနီးက ဘယ်လောက်တဲ့လဲ”

“ဖရီယာငါးသောင်း ခေါင်းဆောင်။ အင်ပါယာက လူလတ်တန်းစား တစ်ယောက်ရဲ့ တစ်နှစ်စာဝင်ငွေလောက်ရှိတယ်”

( ဖရီယာ ၅၀၀၀၀ = မြန်မာငွေ သိန်း ၁၁၀၀ ဝန်းကျင် )

“ဟ ငါထင်ထားတာထက် အများကြီးပိုများနေတာပဲ”

“တစ်ဘဝလုံးမှာ တသသဖြစ်နေရမဲ့ ညအတွေ့အကြုံလေဗျာ ( A Night to Remember Experience )။ ပြီးတော ဒီနှစ်ယောက်က ရာစုနှစ်တစ်ခုမှာ တစ်ခါတောင်မပေါ်ဖူးတဲ့ ပါရမီရှင်နှစ်ယောက် ပြိုင်တူပေါ်တာ … အဲဒါပြင် သူတို့နှစ်ယောက်လုံးရဲ့ အနုပညာအားလုံးကလည်း ဒီနေရာမှာပဲ ရှိတာလေ။ မီယော့ထဲမှာ မရှိဘူး”

( သတိပေးချက် ။ ။ အောက်၌ ဝါကျအရှည်ကြီးရှိသည်။ အသင့်ပြင်ထားပါ )

ဇိုက်(ခ်)၏စကားကြောင့် သူ့အတွေးများတစ်ချက်လွင့်သွား၏။ လေဒီ လီလီယာနာနှင့် လေဒီ ဆယ်ဖီးနီး တို့နှစ်ယောက်မှာ ပိုးပဝါကျောင်း၏ သမိုင်းတစ်လျှောက် အထက်မြက်ဆုံးနှစ်ယောက် ဖြစ်ကြသည့်အလျောက် ၊ ကမ္ဘာတစ်ဝန်းလုံးက တိုင်းကြီးပြည်ကြီးများ၏ ဘာသာစကားပေါင်းစုံကိုလည်း အထူးကျွမ်းကျင်ကြ၍ ထိုတိုင်းပြည်များက မတူညီသော သီချင်းဆိုဟန် ဆိုကွက် ၊ ကဟန် ကကွက် ၊ မေယုတံတျာတီးဟန် တီးကွက်များကိုပါ ဆည်းပူးထားကြလေရာ ၊ ပမာဖွဲ့ရသရော် မယ်ရီဂရက် နန်းတွင်းအနုပညာရှင်များမှာ မယ်ရီဂရက်တိုင်းပြည်၏ ယဉ်ကျေးမှုနှင့်ဆိုင်သော အနုပညာကိုသာ ပိုင်နိုင်နေချိန်၌ ၊ သူ(မ)တို့နှစ်ယောက်မှာ မယ်ရီဂရက်အနုပညာအရာတွင် ဤနန်းတွင်းပညာရှင်များနှင့် တန်းတူအဆင့်ရှိသည့်ပြင် တခြားသော တိုင်းပြည်များ၏ သုခုမပညာများကိုလည်း နှံ့နှံ့စပ်စပ် တစ်ဖက်ကမ်းခပ် ကြသည်သာမက ၊ ဆွေကြီးမျိုးကြီးများကြားဝယ် ဝင်ဆံ့နိုင်သော စကားဆိုဟန်ပညာနှင့် အမူအရာပညာကို နိုင်နင်းသည်က တစ်ကြောင်း ၊ နတ်ဘုရားမ ပေးသနားထားသော ပင်ကိုရူပကာအား အခြေခံလျက် ကျောင်းတော်အောက်၌ ဆယ်စုနှစ်တိုင်တိုင် လေ့ကျင့်တည်ဆောက်ယူထားသော ခန္ဓာအလှနှင့် ရုပ်အလှ နှစ်သွယ်လုံးကို ပိုင်ဆိုင်ထားကြသည်က တစ်ကြောင်း ၊ အိပ်ရာပေါ်က အပြုအစုပညာတွင်လည်း လိမ္မာပါးနပ်သည်က တစ်ကြောင်း စသည်တို့ဖြင့် ကုံလုံလေရကား ၊ အနှီမြေမဟီဝယ် နန်းတွင်းအနုပညာရှင်ထက် သာလွန်သော ပထမဦးဆုံး ပြည့်တန်ဆာ (ဝါ) သုခုမပညာရှင် ပြည့်ကြီးတန်ဆာ ဟူသည့်ဘွဲ့ကို ထိုက်ထိုက်တန်တန် ခံယူထားကြပြီး ၊ ထိုနှစ်ယောက်ကို ပြန်ယှဉ်ပါက တေးဂီတကို အရူးအမူးမဖြစ်လင့်ကစား အမြဲတစေနားထောင်လေ့ရှိသော လီယိုနာ့ဒ်၏အမြင်အရ လေဒီ ဆယ်ဖီးနီး၏ မေယုတံတျာပညာမှာ ပိုမိုနာပျော်ဖွယ်ဟု ထင်မှတ်မိသည့်ပြင် သူ(မ)၏တီးကွက်များမှာ မှော်ဝင်နေသည်ဟု ဆိုလျှင်လည်း သူ့အတွက်မူ အတိသယဝုတ္တိ မြောက်မည် မထင်လှချေ ။

ထို့ပြင် ဇိုက်(ခ်)ပြောသကဲ့သို့ပင် မီယော့ယန္တရားအတွင်း အသံသွင်းထားသော သူ(မ)တို့နှစ်ယောက်၏ သီချင်းများနှင့် တံတျာတေးသွားများမှာ သူ(မ)တို့တတ်သော ပညာ၏ဆယ်ပုံတစ်ပုံမျှသာဖြစ်၍ ကျန်သောကိုးပုံကို စံစားလိုသည်ဖြစ်စေ ၊ အကပညာများ ၊ စကားပြောပညာများ ၊ ကာမဂုဏ်ရေးရာ နှလုံးကြည်ဖွယ်ရာများနှင့် နဖူးတွေ့ဒူးတွေ့ တွေ့လိုသည်ဖြစ်စေ သမုဒယရတီ နန်းတော်သို့လာရောက်ရပြီး ၊ ထို့ကြောင့်ပင်လျှင် သူ(မ)တို့၏ တစ်ညစျေးများက ဤကဲ့သို့ပျံလန်နေကြခြင်း ဖြစ်ပေသည်။

သို့စေကာမူ ထိုကဲ့သို့ သီချင်းကို ဆယ်ပုံတစ်ပုံသာ ဖြန့်ချိသော အလေ့အထမှာ သူ(မ)တို့သာမက သမုဒယရတီနန်းတော်က ပြည့်တန်ဆာများအားလုံးလည်း ဆောင်ရွက်ရသောကြောင့် ၊ အချုပ်အားဖြင့်ဆိုရပေသော် ဤလုပ်ရပ်မှာ လူထုကို အမြည်းကျွေးပြီး ဆောင်ကြာမြိုင်ကို ကြော်ငြာသော မြိုင်ချုပ်အဘွားကြီး၏ စီးပွါးရေးနင်းကွက်တစ်ခုပေတည်း။

ထိုသို့တွေးနေကြိုက် ဇိုက်(ခ်)က ရေဘူးလာပေးသည့်အတွက် ဘူးထိပ်ဝကို နှုတ်ခမ်းဖြင့်မထိစေဘဲ မော့နေစဉ် ၊ သူတို့နားသို့ အသက်လေးဆယ်အရွယ် ပိန်ပိန်ပါးပါး ယောက်ျားတစ်ယောက်ရောက်လာလေသည်။ ချင်းမှာ အနက်ရောင် အင်္ကျီရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ အနီရောင်စလွယ်ကိုလည်း သိုင်းထား၏။ အဖြူရောင်အရေးအကြောင်းများ ယှက်သိုင်းနေသော သားရေဖိနပ်နှင့်လည်း ပနံရနေလေပြီး ၊ အနားရောက်သည့်အခါ သူတို့ကို ပခုံးပေါ်လက်တင် အရိုအသေပေးလေ၏ ။

“သလင်းတုံး ထိန်းသိမ်းရေး ဦးစီးဌာနက စာရေးပါဗျ ။ သူရဲကောင်းတို့ခေါ်တယ်ဆိုလို့ပါ”

သလင်းတုံး ထိန်းသိမ်းရေးဌာနဆိုသည်မှာ မြို့ပေါ်၌ပျံလျက် အလင်းထုတ်နေသော သလင်းတုံးကြီးများကို ထိန်းချုပ်ရသည့်ဌာနဖြစ်ပြီး ၊ ဤဌာန၌ အလုပ်လုပ်ကြသော ဝန်ထမ်းများ၏လစာမှာ အခြေခံသာဖြစ်ကာ အော်စလန်ကဲ့သို့သော ဌာနမှူးပင် လူလတ်တန်းစားမျှသာဖြစ်သည့်အတွက် လေဒီ ဆယ်ဖီးနီးနှင့် ပျော်ပါးနိုင်သည်မှာ သံသယဝင်ဖွယ် ကောင်းလှလေသည်။

ဖရီယာငါးသောင်းမျှသော ပိုက်ဆံများမှာ မည်သည့်နေရာက ရောက်လာသနည်း။ ထို့ကြောင့်ပင် အကြင်သူကို ဆင့်ခေါ်လိုက်ရခြင်းဖြစ်ပြီး ၊ ယခုအချိန်အတွင်းမှာပင် ဇိုက်(ခ်)၏မန်းဒရိတ်(ခ်)များက အော်စလန်၏နေအိမ်ကို ဝင်ရောက်မွှေနှောက်နေကြပြီဖြစ်၏။ လီယိုနာဒ့်ကပင် အနှီစာရေးကို မေးခွန်းစထုတ်သည်။

“အေးဟုတ်ပါပြီ။ မင်းတို့ဌာနမှူး ဒီမှာအသတ်ခံလိုက်ရတာကို သိတယ်မလား။ မသွားခင်ကကော မင်းတို့ဆရာက ဒီလိုပြည့်ကြီးတန်ဆာနှင့် ပျော်မယ်ဆိုတာ သိထားလား”

“အောင်မလေး … သိတာပေါ့ သူရဲကောင်းတို့ရယ်။ သိဆို ကျွန်တော်တို့ ပို့ပေးလိုက်တာလေဗျာ”

သူ့မျက်ခုံးများ အနည်းငယ်တွန့်သွား၏။

“မင်းတို့ပို့တယ် …”

“ဆရာက လူပျိုကြီးဗျ။ ဌာနမှာ အရမ်းသဘောကောင်းတာ။ ဝန်ထမ်းတွေရဲ့ မီးဖွားစရိတ်ကိုတောင် သူကအမြဲတစ်ဝက် စိုက်ပေးနေကျ။ အခုသူက ယူဆီယာတိုင်းပြည်ကို ရာထူးတိုးနှင့် ပြောင်းရတော့မှာလေ။ မနေ့ကလည်း သူ့မွေးနေ့ဆိုတော့ ကျွန်တော်တို့လည်း ဆရာ့ကို ကျေးဇူးဆပ်ချင်တာနှင့် ၊ တစ်ဌာနလုံး ပိုက်ဆံစုပေးပြီး လေဒီ လီလီယာနာကို လေလံတက်ဆွဲခိုင်းလိုက်တာဗျ။ ဒါပေမဲ့ နောက်ဆုံးအဆင့်မှာ ရှုံးသွားတယ်လေ”

ထိုစာရေး၏စကားကြောင့် လီယိုနာ့ဒ်မှာ အပေါ်က ကျောက်နက်သား မျက်နှာကြက်ကြီးကို ယောင်ပြီးတစ်ချက် မော့ကြည့်မိသည်။ အော်စလန်မှာ မှောင်ခို သို့မဟုတ် လာဘ်စားမှုတစ်ခုခုနှင့် ပတ်သက်နေရလတ္တံ့ဟူသည့် သူ့အတွေးမှာ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲနေလေပြီ။ ထိုအခိုက်၌ အာကြောရှည်လှသော စာရေးကပင်

“အဲတော့ လေဒီ ဆယ်ဖီးနီးဆီမှာ လျှောက်လွှာတင်ရတာပေါ့။ သူလည်းမလွယ်ပါဘူး ဆရာရယ်။ သတ်မှတ်ထားတဲ့စျေးက အသေဆိုပေမဲ့ အဲသည်စျေးကို ပေးနိုင်တဲ့သူတွေက ဒုနှင့်ဒေးဗျ။ မနေ့ညက အဲမိန်းမရဲ့ ဧည့်သည်ဖြစ်ဖို့ လျှောက်လွှာတင်ထားတဲ့ သူပေါင်းအယောက် သုံးရာနီးပါးရှိတယ်။ အဲသည်ထဲကမှ အဲမိန်းမက သူသဘောကျတဲ့တစ်ယောက်ကိုပဲ ရွေးပြီးဧည့်ခံတာဗျာ။

သူသာ ဆရာ့ကိုမရွေးရင် တတိယအဆင့်ကိုရောက်သွားမယ်။ တတိယအဆင့်ကလည်း မရွေး ၊ အောက်ဆင့်တွေမှာလည်း ဘယ်ပြည့်တန်ဆာကမျှ မရွေးရင် ကျုပ်ဆရာတော့ ငွေထုပ်ကြီးပိုက်ပြီး ဥယျာဉ်ပျိုဆီ ရောက်ရချေရဲ့ဆိုပြီး ကျုပ်တို့မှာ တွေးပူနေရသေးတယ်”

“ဟ … ဒီလောက်တောင်လား”

“ဒီလောက်တောင်ပေါ့ ခေါင်းဆောင်ရ။ ဒီနန်းတော်ထဲမှာ စုစုပေါင်းပြည့်တန်ဆာ တစ်ရာ့ကိုး ( ၁၀၉ ) ယောက်ပဲရှိတယ်။ သူတို့နှင့်ပျော်ချင်တာက တစ်ကမ္ဘာလုံးက ပိုက်ဆံသုံးနိုင်တဲ့သူတွေ။ အဲတော့ ပြည့်တန်ဆာတိုင်းကို သူတို့ကြိုက်တဲ့သူကို ရွေးခွင့်အာဏာပေးထားတယ်။ လေဒီ လီလီယာနာတောင် လေလံအောင်တဲ့သူကို မကြိုက်ရင် ငြင်းလိုက်လို့ရတယ်။

အခု လေဒီ ဆယ်ဖီးနီး လျှောက်လွှာသုံးရာဆိုတာလည်း မဟာစစ်ကြီးဖြစ်တော့မှာမို့ တန်နားဘရက်(စ်) အင်ပါယာဘက်ကသူတွေ မလာနိုင်လို့နည်းသွားတာ။ မဟုတ်ရင်သူ့ဆီ တစ်ရက်လျှောက်လွှာတင်တဲ့သူ ငါးရာလောက်ရှိတယ်။ သီချင်းတွေကနေ ပရိသတ်တွေ ရထားကြတယ်လေ”

ဟုဇိုက်(ခ်)က ကြားဖောက်ဝင်ပြော၍ ၊ နဂါးခေါင်းခမောက်ပေါ်၌တင်နေသော ရေစက်များကို လက်ဖြင့်သပ်ချနေလေရာ ထိုရေစက်များက သူ့ခြေထောက်ကို လာစင်နေလေ၏။ ထိုအခါ သူပြုံးမိသည်။ သူလည်း သူ(မ)၏ ပရိသတ်တစ်ယောက်ပင်။ ယင်းနောက် ၎င်းကပင်

“ပြီးတော့ ကျုပ်တို့ကသာ သူတို့ကို မှတ်ချက်ပေးလို့ရတာ မဟုတ်ဘူး။ သူတို့ အချင်းချင်းကြားမှာလည်း ဘယ်ဧည့်သည်က ဘာအထာဆိုတဲ့ မှတ်ချက်တွေကို လက်တို့ပေးကြသေးတယ်။ အဲသည်တော့ သူတို့တွေလုံးဝမကြိုက်တဲ့သူတွေ … ဥပမာအရက်မူးပြီး သွေးဆိုးတဲ့သူတွေ … အိပ်ရာပေါ်မှာ ဗရုတ်ကျတဲ့သူတွေဆို သူတို့အချင်းချင်းညှိပြီး ဝိုင်းပယ် ( Shadow Ban ) ကြတာတွေတောင်ရှိတယ်။ အဲလိုသာ ဝိုင်းပယ်ခံရရင် ပိုက်ဆံဘယ်လောက်ရှိရှိ မြသလွန်သွားပေတော့ပဲ”

ဇိုက်(ခ်)၏စကားပြီးလျှင် သလင်းတုံးစာရေးက ဟူးခနဲ သက်ပြင်းတစ်ချက်ချလိုက်၍

“အစကတော့ ပြည့်ကြီးတန်ဆာက ရွေးပြီဆိုတော့ ကျုပ်တို့ဆရာ ထီပေါက်ပြီပေါ့။ အဲမိန်းမမှာ မှတ်ချက်ဆိုးတွေ ရှိထားပေမဲ့ ကမ္ဘာ့အဆင့်နှစ်ဆိုတာကြီးက နည်းလားဗျာ။ ဒါပေမဲ့ အဲသည် မှတ်ချက်တွေက မှန်မှန်း အခုမှသိတော့တယ်။ အဲမိန်းမက တကယ့်ဂြိုဟ်ဆိုးဗျ။ အခုကြည့်ဦး သူ့ဆီသွားတာနှင့် ကျုပ်ဆရာသေရပြီ။ သူ့ကြောင့်လား ၊ အခုမြို့ထဲမှာ အုံးအောထနေတဲ့ ဆက်ဖီဘီယမ်တွေကြောင့်ပဲလား မသိတော့ပါဘူးဗျာ”

ဟုဆိုသဖြင့် ဖဲဆိုဖာကြီးပေါ်၌ မှီထိုင်နေသော သူ့ခါးမှာကိုင်းသွား၍

“နေပါဦး ဖဲလေဒီက ဘာဖြစ်ထားတာတုံး”

“သူရဲကောင်းကြည့်ရတာ အဲမိန်းမရဲ့ မှတ်ချက်တွေကို မဖတ်ဖူးဘူးနှင့်တူတယ်။ ကိုယ်တိုင်သာ ဖတ်ကြည့်လိုက်။ အဲသည် မိန်းမဘယ်လောက်ထိ ငကြောင်ကျသလဲ သိသွားလိမ့်မယ်။ ဒီလိုအူကြောင်ကြောင်တွေ အနားနေမိရင် ကံညံ့တယ်လေဗျာ”

ဤသည်ကား ၎င်း၏တစ်ကိုယ်ရေ အယူအဆသာဖြစ်သည်။

ထို့နောက် သူလည်းယင်းပေးလာသော ခေါက်ထားသည့် အနီရောင် ကတ်ထူစက္ကူပြားကြီးကို လှမ်းယူ၍ ဖြန့်ချလိုက်သည့်အခါ ၊ လေဒီ ဆယ်ဖိီးနီး၏ ဝန်ဆောင်မှုကို ရရှိဖူးသူများက သူ(မ)အကြောင်းရေးထားသော မှတ်ချက်များကို တွေ့လိုက်ရလေသည်။ စုစုပေါင်း အခုခြောက်ဆယ်ကျော်။

အကယ်၍များ လေဒီ ဆယ်ဖီးနီးသာ အဆိပ်ခတ်ခံရပါက အဆိပ်ခတ်သူမှာ အော်စလန်ကိုသတ်သော လူသတ်သမားကသာ ခတ်နိုင်သည်မဟုတ်ဘဲ ၊ ပြည့်တန်ဆာ အချင်းချင်းရန်ငြိုးဖွဲ့၍ လုပ်ကြံသော ဖြစ်နိုင်ခြေကိုလည်း မေ့ထား၍မရ။ အရှင်းဆုံးပြောရလျှင် လေဒီ ဆယ်ဖီးနီး ကိုမာဝင်သောကိစ္စနှင့် အော်စလန် အသတ်ခံရသောကိစ္စတို့မှာ တစ်ယောက်တည်းက လုပ်ကြံခြင်းဖြစ်နိုင်သကဲ့သို့ ၊ လုပ်ကြံသူနှစ်ယောက်ကြောင့် ခံရသူနှစ်ယောက်မှာ တစ်နေရာတည်း၌ စုနေခြင်းလည်း ဖြစ်နိုင်သည်ဟု သူစဉ်းစားထားသေးသည်။

သို့ဖြစ်ရကား ဤမှတ်ချက်များ အတွင်းက လေဒီ ဆယ်ဖီးနီးအကြောင်းကိုသာ သိရပါက သူ(မ)ကိုမာဝင်ရသောအကြောင်းနှင့် စပ်လျဉ်းနေနိုင်ပေအံ့ ဟုတွေးမိကာ မှတ်ချက်များကို ဇိုက်(ခ်)နှင့်အတူ ဖတ်ရှုကြည့်လေလျှင် ၊ ထင်ထားသည့်အတိုင်းပင် မှတ်ချက်ပေါင်းခြောက်ဆယ်အနက် လေးခုမှာ ထူးဆန်းနေလေသည်။

ထိုကြိုက် ဇိုက်(ခ်)က သမ်းဝေ လိုက်လေ၏။

“ခေါင်းဆောင် ဒီမှာခဏနေဦးမယ်ဆို ကျုပ်တစ်မှေးမှေးဦးမယ်ဗျာ။ ညတုန်းက တစ်ညလုံးမအိပ်လိုက်ရဘူး”

ဟုဆို၍ ထိုင်ခုံလက်ရန်းပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ၌ ၊ အပေါ်တွင်ပျံဝဲနေသော သလင်းတုံးများအနက် သူတို့နှင့်အနီးဆုံးသုံးတုံးထံမှ အဝါရောင်အလင်းတန်းသုံးခု ထွက်လာကြပြီးနောက် ဇိုက်(ခ်)၏ ယန္တရားချပ်ဝတ် ၊ ရင်ဘတ်ပိုင်း နဂါးတံဆိပ်ကို သွားထိုးလေသည်။

ဤသည်ကား ချပ်ဝတ်ကို အားပြန်သွင်းနေခြင်းဖြစ်ပြီး ၊ လူအိပ်နေစဉ် ချပ်ဝတ်ကိုပါ စွမ်းအင်ပြန်လည် ဖြည့်တင်းထားခြင်းပင်။ ထို့နောက်ယင်းက သုံးမြှောင့်တုံး မီယော့ယန္တရားလေးကိုလည်း သူ့ဘေးတွင်ပျံသန်းစေပြီး

“ခေါင်းဆောင် နားထောင်ဦးမလား။ ကျုပ်ဆီမှာ ဒီနန်းတော်က ပြည့်တန်ဆာတွေရဲ့ အထူးသီချင်းနည်းနည်း ရှိတယ်။ အပြင်ကို မဖြန့်တဲ့ဟာတွေ … အိပ်ကောင်းအောင် ၊ စိတ်ငြိမ်အောင် အထူးတီးထားတာ။ ပြီးတော့ နောက်လမှဖြန့်ချိမဲ့ လေးယောက်တွဲ အဖွဲ့လိုက်ဆိုထားတဲ့ သီချင်းတွေကော”

ဟုဆိုသောကြောင့် လီယိုနာ့ဒ်၏မျက်လုံးများ ခေတ္တမျှအရောင်လက် သွားလင့်ကစား ခေါင်းကိုသာ ခါပြလိုက်သည်။ ဤအခါ၎င်းက မီယော့ကို သူမကြားနိုင်အောင် ဆက်တင် ( Setting ) ချိန်၍ ဆိုဖာကြီးပေါ်၌ ပက်လက်လှန်မှီလျက် မျက်လုံးအစုံမှိတ်သွားရကား လီယိုနာ့ဒ်သည်လည်း ထူးခြားသည်ဟု ယူဆထားသော မှတ်ချက်များကို ဒုတိယအကြိမ် ပြန်လည်ဖတ်ရှုလိုက်မိသည်။ ပထမဆုံး မှတ်ချက်မှာ ဤကဲ့သို့ဖြစ်သည်။

“လေဒီ ဆယ်ဖီးနီးက လေဒီ လီလီယာနာနှင့် လက်ရည်တူဆိုတာ အလကားပြောနေကြတာ မဟုတ်ဘူးနော်။ အခုတကယ်တွေ့ဖူးမှ သိတော့တယ်။ မေယုတူရိယာကို တံတျာခြောက်ကြိုးလုံးပိုင်အောင် တီးနိုင်တယ်။

ပြီးတော့ သူဖန်တီးထားတဲ့ သာမဂ္ဂီအက။ ထင်ထားတာက ကျုပ်က ငုတ်တုတ်ထိုင်နေရပြီး သူကပြတာကို ကြည့်ရမယ်ထင်နေတာ။ ဘယ်ဟုတ်ပါ့မလဲ။ ကျုပ်ကို မြသလွန်ဥယျာဉ်ကြီးရဲ့ ဟိုးအနက်ဆုံးတစ်နေရာ ၊ အန်သရယ်ပန်းပင်တွေ ဝေဆာနေတဲ့ကွင်းပြင်ကြီးဆီ ခေါ်သွားတယ်။ အဲရောက်တော့ ကျုပ်လက်ကိုဆွဲပြီး အတူတူကတာဗျ။

ကျုပ်ဆိုတဲ့ကောင်က လောကမှာ အကနှင့်တူတာဆိုလို့ သူငယ်ချင်းမင်္ဂလာဆောင်မှာ ခုန်ခဲ့ ပေါက်ခဲ့ဖူးတာလောက်ရှိတာ။ ဒါပေမဲ့ ဖဲလေဒီနှင့်တွဲကတော့ အတိုက်အဖောက်က ဘယ်လိုလုပ်ပြီး ညီနေတာလဲကိုး မသိတာဗျာ။ အဲအခိုက်အတန့်မှာ ဘာဖြစ်သွားတယ်ဆိုတာကို ရေးတောင်မပြတတ်ဘူး။

ထားပါ … ဒီမှာအရေးအကြီးဆုံး တစ်ချက်ပြောမယ်။ လေဒီ ဆယ်ဖီးနီးက သုခုမဖျော်ဖြေတာတွေ ပြီးသွားလို့ ကိုးနာရီလည်းထိုးကော သူနှင့်ခုတင်ပေါ်ကကိစ္စကို မလုပ်ဘူး ၊ အခုဒီအချိန်မှာ လှည့်ပြန်မယ်ဆိုရင် ဖရီယာသုံးသောင်း ပြန်အမ်းမယ်ဆိုပြီး ညှိလာတယ်ဗျ။ ကျုပ်အခုပြောသလိုကြီး တည့်တိုးပြောတာမဟုတ်ဘူးနော်။ စကားကို လှည့်ပြောသွားတာ … ပြန်မပြောတတ်တော့လို့ရယ် … ထားပါ။ အဲမှာ ကျုပ်လည်း အံ့ဩသွားတာပေါ့။ ဒါက ဆောင်ကြာမြိုင်ရဲ့ တရားဝင်စည်းမျဉ်းမှ မဟုတ်တာ။

လေဒီ ဆယ်ဖီးနီး အိပ်ရာပေါ်မှာ ပညာစုံတယ်ဆိုတဲ့ မှတ်ချက်တွေ ဖတ်ထားရပေမဲ့လည်း ကျုပ်ကပိုက်ဆံပေါလွန်းလို့လာတာ မဟုတ်ဘူးလေ။ သုံးနှစ်စာဝင်ငွေကိုစုပြီး တစ်ခေါက်လာတာဆိုတော့ ဖရီယာသုံးသောင်းဆိုတာ မက်ချင်စရာကြီးဗျ။ အဲသည်တော့ ကျုပ်လည်းပိုက်ဆံပဲယူပြီး ပြန်ဆင်းလာခဲ့တယ်။

ဘာပဲပြောပြောတန်တယ်လေ။ အောက်ရောက်တော့ မြသလွန်ဆီပြန်ဝင် ၊ ငွေလေးရာ့ငါးဆယ်ပေးပြီး ဥယျာဉ်ပျိုတစ်ယောက်ဆီ ဝင်တိုးလိုက်တယ်။ ချွေတာရေးပေါ့ဗျာ”

“အတူတူမအိပ်လျှင် ပိုက်ဆံပြန်အမ်းသည် ဟုတ်စ” ဟုလီယိုနာ့ဒ်တွေးလိုက်ပြီးနောက် အလုပ်သင်ပြည့်တန်ဆာလေးများကို မေးမြန်းခဲ့စဉ်က တစ်ယောက်ထံမှ အော်စလန်နှင့်ညှိမရ ဟူသောစကားကျွံလာခဲ့သည်ကို အမှတ်ပြန်ရသွားသဖြင့် ၊ ယင်းသည်ကား လူသတ်မှုနှင့် ဆက်စပ်နေနိုင်ပါသလောဟု ထောက်ရှုပါလင့်ကစား ယခုအချိန်၌ နှီးနွှယ်၍မရသည့်အလျောက် ဒုတိယမှတ်ချက်ကိုသာ ဆက်ဖတ်ကြည့်လိုက်လေ၏။

“မောင်ကြီးတဲ့ … ဒီတေးသံသာတွေ ဝေစည်နေတဲ့ ပန်းဝင်္ကပါကြီးထဲကို နှမနှင့်အတူတူ တိုးဝင်လာကြတာ လမ်းဆုံတစ်ခုဆီ ရောက်နေပါပြီတဲ့။ ဒီနေရာမှာ လမ်းနှစ်ခွကွဲနေတယ်တဲ့။ ပထမလမ်းကတော့ သကာရည်တွေလွှမ်းနေတဲ့ ဒီပန်းဝင်္ကပါကြီးရဲ့ ဗဟိုချက်ဆီသွားတဲ့ လမ်းဖြစ်ပြီး ၊ နောက်တစ်လမ်းကတော့ ဒီကထွက်တဲ့လမ်းပါတဲ့။ ဘယ်လမ်းကိုသွားပါမလဲတဲ့။

အဲမှာထွက်တဲ့ လမ်းကိုရွေးခဲ့ရင် ဘာဖြစ်မလဲလို့ မေးကြည့်တော့ … အခုအချိန်သာ ပန်းဝင်္ကပါထဲက ထွက်ခဲ့မယ်ဆိုရင် သောင်းချီတဲ့ ငွေလွှာတွေနှင့် ရက်လုပ်ထားတဲ့ သစ်ပင်လေး ၃ ပင်ကို နှမဘက်က လက်ဆောင်ပေးပါ့မယ်တဲ့။

သုခုမပညာရှင် ၊ ဂီတစာဆိုကျော်ဆိုတော့ စကားကိုလှအောင် တန်ဆာဆင်ပြောတာ။ အမှန်က ခုတင်ပေါ်က ကိစ္စတွေမပါရင် ပိုက်ဆံပြန်လျော်မယ်လို့ပြောနေတာ … ရိပ်မိပါတယ်။ ရာဗလွန်စကားကို ဆိုက်ရူရီယာ လေယူလေသိမ်းလေးနှင့်ပြောတာကိုက ချစ်စရာကောင်းတာကွာ။ ပြီးတော့ အရပ်ကလည်း အရှည်ကြီး ၊ ခန္ဓာကိုယ်ကလည်း နုနုထွားထွားကြီး ၊ ရူးနေလို့လက်ခံရမှာလား။ ပိုက်ဆံက ပြန်ရှာရတယ် ၊ တစ်ဘဝလုံး တသသဖြစ်နေမဲ့ည အတွေ့အကြုံ ( A Night to Remember Experience ) ဆိုတာက ပြန်ရှာမရဘူး။ အဲတော့ကျုပ်လည်း ပန်းဝင်္ကပါရဲ့ ဗဟိုချက်ကိုပဲသွားမယ်လို့ ရွေးလိုက်တော့ ခုတင်ပေါ်ရောက်တာပေါ့။

ခုတင်ပေါ်ရောက်တော့လည်း ဒီပြည့်ကြီးတန်ဆာက ပညာစုံချက်ဗျာ။ လူတစ်ကာဖတ်မဲ့ စာရွက်ပေါ်မှာ ဒါတွေအသေးစိတ်ရေးပြရတာ မကောင်းလို့။ ဒါပေမဲ့ သူကခုတင်ပေါ်မှာ ဆရာမကြီးဆိုရင် ၊ ကျုပ်ကလည်း ခုတင်ပေါ်မှာ ဆရာကြီးပဲ။ အဲတော့ ကျုပ်လည်း သူထင်မထားတဲ့အကွက်တွေ ထုတ်သုံးလိုက်တာ ၊ သူ့ခမျာ ဘယ်လောက်တောင် ထိသွားလဲမသိဘူး။

ပြီးလည်းပြီးကော ကျုပ်တို့မျက်နှာချင်းဆိုင် လှဲနေကြရင်း ၊ သူကကျုပ်ပါးပြင်ပေါ် မှာ လက်ဖဝါးနုနုလေးကို ဖွဖွလေးတင်ပြီး မျက်ဝန်းရွဲကြီးတွေနှင့် ရွှန်းရွှန်းစားစားကြည့်နေတာ ၊ အဲတုန်းက သူပြုံးတဲ့အပြုံးနွမ်းနွမ်းလေးကို ကျုပ်မျက်လုံးထဲက အခုထိမထွက်သေးဘူး။ အဲကတည်းက သိလိုက်ပါပြီ။ ကမ္ဘာ့အဆင့်နှစ် ပြည့်ကြီးတန်ဆာတော့ ကျုပ်ကို တမ်းတမ်းစွဲသွားပြီလို့။

ကျုပ်ဘက်ကလည်း ကြိုက်တယ်လေ။ အဲသည်တော့ နောက်တစ်ခါထပ်သွားဖို့ လျှောက်လွှာတင်လိုက်တဲ့အခါမှာ သူက တစ်ပတ်မှာ တစ်ရက်ပဲ အလုပ်လုပ်တာတဲ့ဗျ။ ပြီးတော့ ပွဲတက်လည်း ငှါးလို့မရဘူး … မလိုက်တော့ဘူးတဲ့။ အဆင့်တစ် လေဒီ လီလီယာနာတောင် တစ်ပတ်မှာ နှစ်ရက်အလုပ်လုပ်ပြီး ပွဲပါတက်တယ်။ သူကဘာမို့လို့ ပွဲတက်မလိုက်တော့တာလဲ … ပြီးတော့ နောက်တစ်ခေါက် လျှောက်လွှာတင်တော့ ကျုပ်ကိုမရွေးဘူးဗျ။ ဘယ်သူ့ကို ရွေးသွားတယ်ထင်တုံး။ အသက်ခုနစ်ဆယ့်ငါးနှစ် ( ၇၅ ) အဘိုးကြီးဗျ။ ကျုပ်ထပ်ပြောမယ်။ သူ့ကိုထိအောင် လုပ်ပေးခဲ့တဲ့ ကျုပ်အစား အဘိုးကြီးကိုရွေးတာ …. အ … ဘိုး … ကြီး … ကို … ရွေး … တာ ။

နောက်ဆုံးမှာ ကျုပ်သိလိုက်ရပါပြီ။ ဒီပြည့်ကြီးတန်ဆာက ဦးနှောက်မကောင်းပါဘူး”

ထိုမှတ်ချက်ကို ဖတ်ပြီးနောက် သူ့မျက်နှာ၌ ပြုံးယောင်သန်းသွားသည်။ အနှီလုလင်ပျိုကား ပြည့်ကြီးတန်ဆာ၏ ပညာအောက်၌ ကျရှုံးရှာပြီ ဟူသည့်အပြုံး။

တစ်ပတ်မှာတစ်ညသာ အလုပ်လုပ်၍ ၊ ကျန်သောရက်များ၌လည်း ပွဲတက်မလိုက်တော့ပါက အကြင်ပြည့်ကြီးတန်ဆာမှာ မည်သည့်အရာများ လုပ်နေပါသနည်း။ ထို့ပြင် လေဒီ ဆယ်ဖီးနီးမှာ မည်မျှပင် ရွေးချယ်ခွင့်အာဏာများ ရှိနေစေကာမူ ၊ သူ(မ)သည် ဆောင်ကြာမြိုင်ကြီး၏ စီးပွါးရေးယန္တရားစနစ်အတွင်းက ခွေးသွားစိပ်တစ်ခုသာ ဖြစ်သည့်အားလျော်စွာ ဤကဲ့သို့ ဗြောင်ကျကျ စည်းမျဉ်းချိုးဖောက်နေမှုများကို မြိုင်ချုပ်အဘွားကြီး မသိဘဲမဖြစ်တန်ရာ ၊ သို့ဆိုပါက အဘယ်ကြောင့် ခွင့်ပြုပေးထားရသနည်းဟု စဉ်းစားနေကြိုက်မှာပင် ဖဲသားဆိုဖာကြီးက အိသော်လည်း ကျောများနှင့်ဖင်များပူလာသောကြောင့် ထိုင်သည့်နေရာပြောင်းလိုက်ရပြီး ၊ အပြင်၌လေများ တဝေါဝေါတိုက်နေသည့်အတွက် ပိတ်ထားသည့် ပြတင်းပေါက်များထံမှ မှန်သားနှင့်သစ်သား ထိသံများလည်း ဆူညံနေလေသည်။ ဤသို့ဖြင့် သူလည်း တတိယ မှတ်ချက်ကို ဆက်ဖတ်ကြည့်ပြန်သည်။

“ကျုပ်က မယ်ရီဂရက်နိုင်ငံတော်နှင့် ဧကရီမှိုပွင့် ( Empress-shroom ) ကို အစိုးရသော ပြည့်ရှင်မင်းတရားကို ဖျော်ဖြေရတဲ့ နန်းတွင်း မေယုဂီတပညာရှင်။ ကျုပ်အသက် ခုနစ်ဆယ့်ငါး ( ၇၅ ) နှစ်ရှိပြီ။ အိုပြီ။ ဇရာထောင်းတော့ ကိုယ်တွေလက်တွေ ကောင်းကောင်းမလှုပ်နိုင်တာတင်မကဘူး ၊ အတွေးတွေလည်းပိတ်လာတယ်။ အခုဆိုရင် ကျုပ်ဟာ မင်းကြီးအတွက် တေးသီချင်းအသစ်တွေ မသီကုံးနိုင်တော့ဘဲ ၊ အနုပညာရှင်တွေမှာဖြစ်လေ့ရှိတဲ့ ပိတ်ဆို့မှု ( Artist Block ) ရနေတယ်။ ဒါနှင့်ပဲ ပိုးပဝါ ၊ မြသလွန်နှင့် ၊ သမုဒယရတီ နန်းတော်က ထိပ်တန်းသုခုမပညာရှင်တွေနှင့် တွေ့ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျုပ်မမှားပါဘူး။ ဒီသာမဂ္ဂီပြည့်ကြီးတန်ဆာရဲ့ နာမည်ကြီး သာမဂ္ဂီအကကို ကြည့်ကြည့်တယ်။ သူ့ရဲ့မေယုတီးဟန်နှင့် သူဖွဲ့ထားတဲ့ သီချင်းတွေကို နားထောင်ကြည့်တယ်။ ဝေဖန်ပိုင်းခြားကြည့်တယ်။

ပြီးတော့ စကားပြောရင်း ရင်းနှီးလာတဲ့အခါမှာ ကျုပ်ရဲ့အခက်အခဲကိုလည်း ထုတ်ပြောပြလိုက်ကော ၊ သူက လေညင်းကဗျာ ပြိုင်စပ်ကြည့်မလားဆိုပြီး အကြံပေးလာတယ်။

ဘာမျှ မသိသူတွေ အတွက်ပြောပြလိုက်မယ်။ လေညင်းကဗျာဆိုတာ တစ်ယောက်က ကဗျာတစ်ကြောင်းစပ်ရင် နောက်တစ်ယောက်က ပထမအကြောင်းနှင့် ကာရန်ညီပြီး အဓိပ္ပာယ်ပါလိုက်တူတဲ့ တစ်ကြောင်းကို မိနစ်ပိုင်းအတွင်း လိုက်စပ်ရတာ။ ကျုပ်တို့ပညာရှင်တွေကြား ဉာဏ်ပြိုင်တဲ့ ကစားနည်းတစ်ခုပဲ။ ဒီလိုနှင့် ကျုပ်တို့ လေညင်းကဗျာကို အကြောင်းနှစ်ဆယ် တိတိပြိုင်စပ်ကြတယ်။

ပြီးတော့ကျုပ်ကို မေယုတီးခိုင်းပြီး သူကပြန်ဝေဖန်တယ်။ ကျုပ်လက်ကွက်တွေကို မယ်ရီဂရက် တီးဟန်လက်ကွက်တွေမှာပဲ အသေမထားဘဲ ၊ တန်နားဘရက်(စ်) အင်ပါယာရဲ့ ဟိုးနက်(စ်)အီသရယ် ( Honus-Eithral ) တိုင်းပြည်က လက်ကွက်တွေနှင့် စမ်းတီးကြည့်ပါ့လားတွေအထိ အကြံပေးတယ်။

ပိုခင်မင်လာတော့ ကျုပ်တို့ မယ်ရီဂရက်နိုင်ငံ ဘုရင်ငါးဆက်ရဲ့ စီးပွါးရေးပေါ်လစီ ပြောင်းလဲမှုတွေထိ ဆွေးနွေးလိုက်ကြသေးတယ်။ မယ်ရီဂရက် ဘာသာစကားလည်း မွတ်နေတာပဲ။

မျိုးဆက်သစ်လူငယ်တွေ တယ်ပြီးတော်ပေတယ်။ စစ်ကြီးသာမဖြစ်ရင် ဒီသာမဂ္ဂီပြည့်ကြီးတန်ဆာဟာ ယခုထက်ကိုပိုပြီး တောက်ပနိုင်တယ်။

ကျုပ်က အဘိုးကြီး။ အိပ်ရာပေါ်မှာ မစွမ်းတော့သလို ကိုယ်နှင့်အနုပညာအကြောင်း လက်ရည်တင်ဆွေးနွေးနိုင်တဲ့ မြေးအရွယ်ပညာရှင်တစ်ယောက်ကိုလည်း လိင်ကိစ္စအမြင်နှင့် ကြည့်လို့မရဘူး။ ဒီတော့ ဒီကိစ္စမပါဘဲ ပြန်လာတဲ့အခါမှာ သူကပိုက်ဆံတွေပြန်အမ်းနေလို့ ကျုပ်မှာငြင်းခဲ့ရသေးတယ်။

ပိုက်ဆံမယူတော့ သူစပ်ထားတဲ့ တံတျာတေးသီချင်းသုံးပုဒ်ပါ လက်ဆောင်ပေးလိုက်တယ်။ ကျုပ်ရဲ့အနုပညာ ပိတ်ဆို့မှုကိုသာ ဖျောက်ပေးနိုင်ရင် ဖရီယာငါးသောင်းက ပေးပျော်ပါတယ်။ ကျုပ်ဘဝမှာ သေသည်အထိ မင်းတရားကို ဖျော်ဖြေပေးနိုင်ဖို့က အဓိကပဲမလား”

အကြင်မှတ်ချက်ကို ဖတ်ပြီးသော် လီယိုနာ့ဒ်မှာ ငိုင်ကျသွား၍ နှုတ်ကလည်း “မယ်ရီဂရက် ဘုရင်ငါးဆက်ရဲ့ စီးပွါးရေးပေါ်လစီများ” ဟူသောစကားကို တီတိုးရေရွတ်လျက်ရှိလေသည်။ တစ်ချိန်တည်းမှာပင် မျက်လုံးတွင်းဝယ် အတိတ်ပုံရိပ်မျာက အနှေးပြကွက်များသဖွယ် ပြန်ပေါ်လာသဖြင့် သူ့မျက်စိကို မှိတ်ကာ ခေါင်းကို ဆတ်ခနဲယမ်းပစ်လိုက်လေသည်။ မမြင်လို ၊ မကြားလို ၊ မတွေးလိုသော အတိတ်များ။ ယင်းတို့ကို အာရုံလွှဲရန် နောက်ဆုံးမှတ်ချက်တစ်ခုကိုသာ အာရုံစိုက်လိုက်လေသည်။

“လေဒီ ဆယ်ဖီးနီး နောက်ဆုံး ပွဲတက်ခဲ့တာ ကျုပ်နှင့်ဗျ။ ကျုပ်က မိ(ဇ်) ( Slumbering Miz ) က နှင်းတောင်ရားဘိ ( Glacial Rhabi ) တွေကို အင်ပါယာဆီ သယ်ပို့နေတဲ့ ကုန်သယ်ဒိုင်။ ဒါပေမဲ့ ကျုပ်က ဒီနှင်းတောင်ရားဘိတွေကို ဒီအတိုင်း ရောင်းတာထက် ဒင်ရိုက် ပြီးပြန်ရောင်းမဲ့ လုပ်ငန်းသစ်ပါ တိုးချဲ့ချင်နေတယ်။ ဒင်ရိုက်တယ် ဆိုတာက အသားထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အရသာသွင်းတာကို ပြောတာဗျာ။ ဒါပေမဲ့ ဒီလိုဒင်ရိုက်ဖို့ ဟင်းခတ်အမွှေးအကြိုင်ကို ပေါပေါများများ ၊ သက်သက်သာသာ နှင့်ဝယ်ရဖို့လိုတယ်လေ။

အဲတော့လက်ကူနာ ( Laguna ) တိုင်းပြည် ၊ ရီဟန်အိမ်တော် ( House of Rehan ) က သူဌေးကြီးပေးတဲ့ ပါတီပွဲကို တက်ဖို့လိုလာတယ်။ သိတယ်မလား ၊ လက်ကူနာတိုင်းနှင့် ဟင်းခတ်အမွှေးအကြိုင်ဆိုတာက ခွဲပြောလို့မရဘူးလေ။ ဒါပေမဲ့ ပြဿနာက ကျုပ်ရဲ့ ဓနအားနှင့် ထင်ပေါ်မှုဗျ။ ကျုပ်က အတော်အသင့် ချမ်းသာတယ်ဆိုပေမဲ့ ထိပ်ထိပ်ကြဲ သူဌေးစာရင်းဝင်မဟုတ်တော့ ပါတီပွဲမှာ ရီဟန်အိမ်တော်နှင့် တိုက်ရိုက်စကားပြောဖို့က ပုံမှန်ဆို လုံးဝမဖြစ်နိုင်ဘူး။ အဲသည်မှာပဲ လေဒီ ဆယ်ဖီးနီးကို ငှါးရတော့တယ်။

ဖဲလေဒီက အလုပ်လုပ်တာ သိပ်ညက်ညောတယ်။ ပွဲမတက်မီ တစ်ပတ်အလိုမှာ သူနှင့်သွားတွေ့ရပြီးတော့ ဒီပွဲမှာ ဘာဖြစ်ချင်တာလဲဆိုတာကို ပွင့်ပွင့်လင်းလင်းမေးတယ်။ ပွဲလည်းရောက်ကော ဖဲလေဒီ ဝတ်စားထားတာက အနက်ရောင်နှင့် အနီရောင်ရောထားတဲ့ ဝတ်စုံနှင့် အမြင်ကို တင့်နေတာပဲကွာ။ ကျုပ်မှာ သူ့ဝတ်စုံကိုကြည့်ပြီး ပါးစပ်ကို အဟောင်းသားပဲ။ အဲတုန်းက ဖဲလေဒီရဲ့ အလှဟာ လုံးဝစာဖွဲ့နိုင်မယ်တောင်မထင်ဘူး။

ထားပါ … အဲမှာ ကျုပ်နှင့်ဖဲလေဒီလည်း အတူတူပွဲတက်လာကော ၊ အင်ပါယာရဲ့ ထိပ်တန်း အဆင်တန်ဆာ သုခုမပညာရှင် ရောက်လာတာကြောင့် ပွဲရဲ့အဆင့်ပါ ပိုမြင့်သွားတဲ့သဘော ဆောင်သွားပြီး ၊ ဒါမျိုးဖြစ်အောင် လုပ်ပေးတဲ့ ကျုပ်ပါ မျက်နှာပွင့်တယ်လေ။

အဲကသူတွေ တောင်းဆိုကြလို့ ဖဲလေဒီက သီချင်းနှစ်ပုဒ် တက်ဆိုရတယ်။ ဆိုပြီးတာနှင့် ရီဟန်အိမ်တော်က သူဌေးကြီးနှင့် တစ်ဝိုင်းတည်းထိုင်ခွင့်ရပြီး သူကပဲ စကားဝင်ပြောတယ်။ ပြီးတော့ သူဌေးကြီး သစ်ပင်ပျိုးပုံတွေအကြောင်း စိတ်ဝင်စားတာကိုလည်း ဖဲလေဒီက ဘယ်လိုများ ကြိုသိနေလဲ မသိ။ အဲသည် အကြောင်းတွေပြော … ရင်းနှီးမှုရအောင်ယူပြီး ကျုပ်နှင့်စကားချိတ်ပေးတယ်။ နောက်ဆုံးမှာ ဒင်ရိုက်ဖို့ ၊ ဟင်းခတ်အမွှေးကြိုင်တွေကို ဖောက်သည်စျေးနှင့်ရဖို့ အဲပါတီပွဲမှာပဲ သဘောတူညီချက်ရခဲ့တယ်။

ဖဲလေဒီရဲ့ ပွဲတက်ခက ဖရီယာ နှစ်သောင်း။ ဒါပေမဲ့ နှင်းတောင်ရားဘိ တွေကို ဒင်ရိုက်ပြီး ဖြန့်ဖြူးရာကနေ ဖရီယာ လေးသိန်းနီးပါး ပြန်ဝင်ခဲ့တယ်။ မြတ်ချက်ပဲ။ ဒါနှင့်ကျုပ်လည်း သူ့ရဲ့ သုခုမပညာပါ ခံစားကြည့်ချင်လို့ ဖရီယာ ငါးသောင်းထပ်ပေးပြီး လျှောက်လွှာတင်တာ ကျုပ်ကိုရွေးတယ်ဗျ။ အဲမှာပဲ စတော့တာပဲ။

ညရောက်တော့ ကျုပ်လည်းအရက်လေး ထွေလာတာကြောင့် သူ့အလုပ်သင်မလေးရဲ့ ဆံပင်ကို သွားပွတ်လိုက်မိတယ်။ ပွတ်ရုံလေးပဲ ပွတ်တာပါဗျာ … ဒါကိုဖဲလေဒီက ပြုံးချိုနေရာကနေ ချက်ချင်းကြီး မျက်နှာထားတွေ မာထန်သွားပြီးတော့ သူ့တပည့်မကို ဆံပင်ဆွဲရကောင်းလား ၊ ရိုင်းလှချည်းလားတွေ ကြိမ်းမောင်း ၊ အစောင့်ပါခေါ်ပြီး ကျုပ်ကို ဆွဲထုတ်တယ်။ ပိုက်ဆံတွေလည်း ပြန်လျော်ပြီး အတွေ့မခံတော့ဘူး။ ပွဲတက်တုန်းကရုပ်နှင့် လားလားမျှ မဆိုင်တာဗျာ ၊ တအားကိုး မာနခေါင်ခိုက်ပြီး ဂုဏ်မောက်နေတဲ့ မိန်းမ။

ပြီးတော့ သူတို့ပြည့်တန်ဆာလောကတွင်း ကောလာဟလတွေအရ ဒီမိန်းမဟာ အာပေါဓာတ်များတဲ့ နာတာရှည်ရောဂါတစ်ခုကို ခံစားနေရတယ် ပြောတယ်။

သူနှင့်တစ်ညတွေ့ရင် အဲညကအတွေ့အကြုံကို ဘဝတစ်လျှောက်လုံး တသသပြန်တွေးနေရတဲ့အထိ ဆိုပဲ။ ဟုတ်ပါတယ် … အခုကိုး ဒီမှတ်ချက်ရေးနေရင်းနှင့် ရင်ထဲတနုံ့နုံ့ဖြစ်နေပြီ။ အဲသည်တော့ ခင်ဗျားတို့လည်း သူနှင့်တွေ့မယ်ဆိုရင် ကြည့်ကြပ်ပြီးတော့လုပ်ကြ။ ကျုပ်ကတော့ သူ့ကြောင့် စံလိုက်ရသလို ခံလည်းခံလိုက်ရတယ်”

အာပေါဓာတ်များသည့် နာတာရှည်ရောဂါ။ သာမန်ချိန်၌ ဤမှတ်ချက်ကို တွေ့မိပါက သူ့အတွက်ခေါင်းကျိန်းသွားနိုင်သည့်တိုင် ၊ ယခုအခါ မာတိုရိုရှိနေသည့်အတွက် စိတ်အေးသွားရပြီးနောက် ၊ ၎င်းနှင့်ပြန်တွေ့သောအခါမှ သူ(မ)တွင် နာတာရှည်ရောဂါစွဲကပ်နေသလော ဟူသည့်မေးခွန်းကို မေးရမည်ဟုတွေဆလျက် ကတ်ထူစာရွက်ကို ပြန်ခေါက်လိုက်လေသည်။ ဤသည်တွင် ဘေးနားထိုင်ခုံ၌ ယို့ယို့လေးထိုင်နေသော စာရေးက

“မြင်ပြီလား သူရဲကောင်း။ အဲမိန်းမရဲ့ အကြောင်းတွေကို”

“ထားပါ။ သာမဂ္ဂီအက ဆိုတာဘာကိုပြောတာလဲ”

“ဟာ … ဒီလောက်နာမည်ကြီးနေတာကို သူရဲကောင်းကလည်း။ သူကိုယ်တိုင် တီထွင်ထားတဲ့ အကပညာရပ်လေ။ ရိုဒီးနီးယားမှာ ရှိတဲ့တိုင်းပြည်အသီးသီးက ရိုးရာအကတွေကို ပေါင်းစည်းတယ်ဆိုလား ဘာလားပဲဗျာ … အတိအကျတော့မသိဘူး။

အဲအကက သူ့ဆီလာတဲ့ ဧည့်သည်တွေဆီကနေ သတင်းပြန့်သွားပြီးတော့ တော်တော်ဟိုးလေးကျော်သွားခဲ့တယ်လေ။ ကမ္ဘာအရပ်ရပ်က ပညာရှင်တွေပါ သမုဒယရတီနန်းတော်ကို ရောက်လာကြပြီး တကယ်ပဲ ပေါင်းကနိုင်တာလား ၊ အနုပညာရေချိန်မပြည့်တဲ့ ယောက်ျားတွေကပဲ ချဲ့ကားပြောတာလားဆိုပြီး ၊ အဲမိန်းမရဲ့အကကို ကြည့်ဖို့ထိပါဖြစ်ကုန်တာ။

အဲသည်မှာ အဲမိန်းမက သူ့ကိုဝိုင်းသမဖို့ ရောက်လာတဲ့ပညာရှင်တွေကို တကယ်ကြီးထွက်တွေ့ပြီး သူ့သုခုမပညာကိုပြတယ်ဆိုပဲ။ အဲမှာပဲ ပညာရှင်ကြားမှာ ဆန်းသစ်လွန်းလို့ ချီးကျူးတဲ့တစ်ဖွဲ့နှင့် ယဉ်ကျေးမှုဖျက်ဆီးလို့ ကဲ့ရဲ့တဲ့တစ်ဖွဲ့ ကွဲပါလေရောလား။ ချီးကျူးတဲ့ အဖွဲ့ထဲမှာ ကာဒိုနီယမ်တိုင်းပြည်က သက်တော်ရှည် ဧကရီပိုးမယ် ကိုယ်တိုင်ပါပြီး အဲမိန်းမရဲ့အကကို သာမဂ္ဂီအကလို့ နာမည်ပေးသွားတာ။ ဂုဏ်ပြုလွှာတွေပါ ချီးမြှင့်ခံလိုက်ရသေးတယ်”

သူ့မျက်ခုံးများပင့်သွား၏။

“ကာဒိုနီယမ်က … ဝါယောနတိုင်း မဟုတ်ဘူးလား”

“အဲဒါပြောတာလေ။ ပိုးကောင်မတွေ ခြေ ၆ ချောင်းနှင့်ကတဲ့အကကို လူတစ်ယောက်က ဘယ်လိုကလိုက်တာလဲ။ အဲဒါတင်မကဘူး။ ရေသူမတွေရဲ့ ငါးအကတွေပါ ပေါင်းထားသေးတာ”

ဟုဆိုပြီးနောက် စာရေးမှာ ခေါင်းကိုတဗျင်းဗျင်း မြည်အောင်ကုတ်လေသည်။

“ဒါတွေက အရေးမကြီးတော့ပါဘူး သူရဲကောင်းရယ် ၊ ဒီမိန်းမက တကယ့်ဂြိုဟ်ကောင်ကြီးပါ။ သူ့တပည့်မရဲ့ဆံပင်ကို လက်လေးနှင့်ပွတ်တဲ့သူကိုတောင် ဆွဲထုတ်သေးတာ ၊ သူကိုယ်တိုင် ဆရာ့ကို သတ်လိုက်တာတောင် ဖြစ်ချင်ဖြစ်နေဦးမယ်။ သူရဲကောင်းတို့ တရားခံကိုမိအောင်သာဖမ်းပေးပါ။ ဒီမှာဆရာ့အတွက် ခံပြင်းလွန်းလို့ပါ”

ဟုဆိုလေရာ အသက်လေးဆယ် ဝန်းကျင်အရွယ်ဖြစ်နေပါလျက်နှင့် ရေးထားသမျှ ယုံနေသော ချင်းကိုကြည့်ကာ ခေါင်းသာယမ်းမိတော့သည်။ မည်သူကကော ကိုယ်အရက်မူး၍ မိန်းမတစ်ယောက်ကို အကြမ်းဖက်ခြင်းအား ထည့်ရေးမည်နည်း။

ဤမျှထိဉာဏ်တိမ်လှသူနှင့် စကားဆက်မပြောချင်တော့ ၊ အနှီစာရေးကို ထွက်သွားခိုင်း၍ ၊ ဇိုက်(ခ်)ကို လှည့်ကြည့်လိုက်သည့်အခါ၌ ယင်းကခူးခူးခေါခေါ ဟောက်သံများထွက်လျက် ထိုင်ခုံနောက်မှီပေါ်တွင် ပက်လက်လန်ကာ အိပ်မောကျနေပြီ ဖြစ်သောကြောင့် သူတစ်ယောက်တည်းသာ အစောင့်များရှိရာသို့ ထွက်လာလေသည်။

လေဒီ ဆယ်ဖီးနီးကား သံသယဝင်ဖွယ် ကောင်းလွန်းလှသောကြောင့် သူ(မ)၏ တစ်ကိုယ်ရေသုံး အခန်းကို ဝင်ရောက်စစ်ဆေးကြည့်ရအံ့ဟု တွေးဆကာ အခန်းရှိသည့်နေရာအား နန်းတော်တွင်းက အစောင့်များကို မေးမြန်းသရော် ၊ ဤနေရာတွင် တံခါးသုံးချပ်ရှိသည့်အနက် သူ(မ)၏အခန်းသို့ သွားသည့်တံခါးမှာ အန်သရယ်ပန်းပွင့်သဏ္ဌာန် ဆွဲထားသော ကျောက်တံခါးချပ်ကြီးဖြစ်နေသည်ကို သိရလေလျှင် ၊ လီယိုနာ့ဒ်မှာ ၎င်းတံခါးကြီးကို ဖွင့်ပြီးနောက် အဆင့်နှစ် ပြည့်ကြီးတန်ဆာ၏ တစ်သီးပုဂ္ဂလ အသိုက်အမြုံလေးအတွင်းသို့ တစ်ကိုယ်တော် ချင်းနင်းဝင်ရောက်လာလေတော့သည်။ ဇိုက်(ခ်)၏ ဟောက်သံများကား ပျံ့လွင့်နေဆဲ။ ။

*************

သမုဒယရတီ ရဲတိုက်ကြီး၏ နံရံ၌ဖြာထွက်နေကြသော ဧရာမမိန်းမရုပ်ကြီးများမှာ အမှန်စင်စစ် ခေါင်းပွကျောက်ရုပ်ကြီးများဖြစ်ကြ၏။ ထို့ဖြစ်သည့်အလျောက် လေဒီ ဆယ်ဖီးနီး၏ အခန်းမှာလည်း သူ(မ)ကို ကိုယ်စားပြုထုလုပ်ထားသော ကျောက်ရုပ်ကြီး၏ ဝမ်းခေါင်းအတွင်း၌ တည်ရှိနေလေသည်။

ခေါင်းပွကျောက်ရုပ်တွင်းသို့ ဝင်လိုက်သည်နှင့် မိုယာအနှစ်သားဖြင့် ပါကေးခင်းထား၍ ၊ အတော်အသင့်ကျယ်ဝန်းသော အခန်းလေးတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး ကျောက်ရုပ်ကြီး၏ မျက်လုံးနှင့်နှာခေါင်းပေါက်တို့က ဖြာကျနေသည့် အလင်းများကြောင့် တစ်ခန်းလုံး လင်းလင်းရှင်းရှင်း ရှိနေသည့်ပြင် ၊ ဤအခန်း၏ ဘေးပတ်ပတ်လည်က နံရံများမှာ သာမန်ကျောက်သားနံရံများ မဟုတ်ဘဲ ၊ စာအုပ်စင်ကြီးများသာ ဖြစ်နေသောကြောင့် လူနေအခန်းဟုဆိုသည်ထက် စာကြည့်တိုက်ငယ်လေး အသွင်သို့ ပိုဆောင်နေသည်သာမက ၊ အခန်းတွင်းသို့ ချင်းနင်းလာသည်နှင့်အမျှ စာအုပ်ဟောင်းများက ထွက်သည့်အနံ့မှာလည်း ပိုမိုပီပြင်လာရကား တစ်ပိုင်တစ်နိုင်လေးနှင့် တင့်တင့်တယ်တယ်ရှိသော အသိုက်အမြုံလေးဟုပင် စိတ်တွင်းမှတ်ချက်ပေးမိလေသည်။

၎င်းနောက် အမှုအတွက် ထိုစာအုပ်များကို မွှေကြည့်ရလတ္တံ့ဟု တွေးဆလိုက်၍ စာအုပ်စင်တစ်ခုအတွင်းက အနီရောင်ပိတ်သားဖြင့် ချုပ်ထားသည့်စာအုပ်ထူကြီးတစ်အုပ်ကို ဆွဲထုတ်ကြည့်လျှင် ၊ စာအုပ်ဖုံး၌ ဤကဲ့သို့ရေးထားလေသည်။

“ကာမပန်းတိုင်သို့ အရောက်လှမ်းခြင်း အတတ်ပညာကျမ်း Complete Edition with illustrations”

ယင်းကားလူသတ်မှုနှင့် မဆိုင်သောကြောင့် နေရာတကျပြန်ထား၍ စာအုပ်စင်တစ်စင်လုံး ပတ်မွှေလေရာ ဘာသာရပ်စကားအမျိုးမျိုးဖြင့် ရေးထားသော အကကျမ်းများကိုတွေ့ရပြီး ၊ တခြားစာအုပ်စင်ကို ထပ်မံလှန်လှောလတ်သော် သီချင်းစာအုပ်များ ၊ မေယုတံတျာတေး လက်ကွက်များကို ရေးမှတ်ထားသည့် စာအုပ်မျာသာရှိနေလေသည်။ သံသယဖြစ်ဖွယ်အရာကိုကား ယခုထိ ရှာမရနိုင်သေး။

နောက်စာအုပ်စင်သို့သွားပြီး ရှာဖွေပြန်သည်တွင် “ယောက်ျားများနှင့် စကားပြောဆိုသော မာယာနှုတ်မှုပညာ” ဟူသောစာအုပ်ဆန်း အတွဲလိုက်ကြီးကိုလည်းကောင်း ၊ “ပွဲတက်ခြင်း အနုပညာ” ဟူသည့်စာအုပ်တစ်အုပ်ကိုလည်းကောင်း တူးဖော်မိပြန်ပြီး ၎င်းစာအုပ်အတွင်း၌လည်း လက်ရှိဖြစ်ပေါ်နေသော စီးပွါးရေး ၊ နိုင်ငံရေးသတင်းစာ အပိုင်းအစများကို ဖြတ်ညှပ်ကပ်ထားသေးသည်။

“ဒီလောက်ပြင်ဆင်ထားပြီး ဘယ်သူနှင့်မျှ ပွဲမတက်တော့ဘူး။ ဘာတွေလဲ”

ဟုတစ်ယောက်တည်း ရေရွတ်လျက်ရှိစဉ် ၊ ရဲတိုက်အပြင်ဘက်က လေများဝေါခနဲ တိုက်သွားရကား ကျောက်ရုပ်ကြီး၏ မျက်လုံးနှင့် နှာခေါင်းပေါက်များမှ မိုးနံ့ပါသော လေနုအေးလေးများ အခန်းတွင်းဝင်လာ၍ ၊ လန်းဆန်းသွားသော ခံစားချက်နှင့်အတူ သူ၏မွေးညင်းများလည်း ထောင်ထသွားရလေသည် ။

ယင်းနောက် မျက်နှာချင်းဆိုင်က စာအုပ်စင်တန်းကြီးကို ထပ်လောင်း ဖွေနှည်ရာ၌ ၊ ပြည့်ကြီးတန်ဆာတစ်ယောက်နှင့် လားလားမျှမသက်ဆိုင်သော အပ်ချုပ်ပညာစာအုပ်များထွက်လာလေသဖြင့် သူ့မျက်လုံးများ စကျယ်လာရလေပြီ။

စက်ချုပ်ပညာ စာအုပ်များသာမက အဝတ်နှင့်ပတ်သက်သော ဒီဇိုင်းစာအုပ်များ ၊ ရိုဒီးနီးယား ကမ္ဘာတစ်ဝန်းက ဝတ်စားဆင်ယင်ပုံ မဂ္ဂဇင်းများပြင် စာရွက်ဖြူများပေါ်တွင် ကိုယ်တိုင်ရေးဆွဲထားသည်ဟု ယူဆရသော အင်္ကျီဒီဇိုင်းပုံများကား ထုလိုက် ၊ ထည်လိုက် ၊ အထပ်လိုက် ဖြစ်နေသည့်အတွက် ၎င်းတို့အား ဆက်လက်လေ့လာကြည့်သည့်အခါ ၊ စာအုပ်စင်များအားလုံး၏ သုံးပုံတစ်ပုံမှာ အင်္ကျီဒီဇိုင်းနှင့် ပတ်သက်သောစာအုပ်စာတမ်းများ ဖြစ်နေသည်ကိုသွားတွေ့လေ၏ ။ ဤသို့ဖြင့် နာရီဝက်ခန့် ကြာသွားလေပြီ။ အမှုနှင့်သက်ဆိုင်သော သဲလွန်စကား ကောက်ရိုးပုံထဲကအပ်အလား စုံးစုံးမြုပ်နေဆဲ။

သူ(မ)၏ အကြောင်းတို့မှာ ရှာဖွေလေလေ တွေ့ရှိလေလေဖြစ်ပြီး ၊ ကိုယ့်ရှေ့ဝယ် မူမမှန်သော အရာများအားလုံးကို ကွင်းကွင်းကွက်ကွက်​ တွေ့နေရပါလျက်နှင့် ထိုအရာများအား လူသတ်မှုနှင့် မဆက်စပ်နိုင်ဘဲ ရှိနေလေရာ ၊ လီယိုနာ့ဒ်မှာ အံကြိတ်လျက် ကျစ်ခနဲသာ စုတ်တစ်ချက် ပြင်းပြင်းသပ်မိလေတော့သည်။

“အရေးကြီးတဲ့ ကွင်းဆက်တစ်ခု ပြတ်နေတယ်။ ဒါမှမဟုတ် … ငါအမှုကို လမ်းမှားလိုက်နေမိပြီလား”

ဟူသည့် ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်သော အတွေးများလည်း စဝင်လာ၏။ နောက်ဆုံး၌ ဆက်လက်ရှာဖွေစရာ မရှိတော့သဖြင့် သူသည်အခန်းတွင်းမှ ထွက်ခွါရန် တံခါးပေါက်ရှိရာသို့ လှမ်းလာကြိုက် ၊ စာအုပ်စင်နံရံနားရှိ စားပွဲခုံဘေး၌ ချထားသော အရာတစ်ခုကို မြင်မိသောကြောင့် ယင်းအနားသို့သွားပြီးနောက် ဒူးတစ်ဖက်ထောက်လျက် စူးစမ်းမိလေသည်။

https://mmxianxia.com/wp-content/uploads/2026/03/IMG_5011.webp

အနှီအရာသည်ကား ပန်ကန်ပြားကြီး နှစ်ချပ်စာမျှရှိသော ပန်းပွင့်ကြီးတစ်ပွင့်။ ပန်းပွင့်အစစ်မဟုတ်ဘဲ သစ်သားဖြင့် ပြုလုပ်ထားသော ပန်းပွင့်တုကြီးဖြစ်ပြီး ၊ အလယ်က အဖူးကြီးကို ဘေးပတ်ပတ်လည်က ပွင့်ဖတ်သုံးချပ်ဖြင့် ဝန်းရံထားလေသည်။

၎င်းအဖူးကြီးနှင့် ပွင့်ချပ်များဆုံရာ အောက်ခြေအဆစ်နေရာများ၌ ယန္တရား ပတ္တာများဖြင့်ဆက်ထားသောကြောင့် ၊ ပန်းပွင့်မှာ အသေမဟုတ်ဘဲ ပွင့်ချပ်များကို ပိုမိုပွင့်အာနိုင်သကဲ့သို့ အလယ်ကအဖူးကို ပိတ်ငုံပစ်နိုင်သည်အထိ ကျုံ့ပစ်နိုင်သေးသည်။ အဖူး၏ထိပ်နှင့် ပွင့်ချပ်တို့၏ ဘေးအနားသားများကိုမူ ကြိုးများဖြင့် တွယ်ဆက်ထားလေသည်။

ဤအရာကို မေယုတံတျာတူရိယာ ဟုခေါ်သည်။ ဘေးကပွင့်ချပ်နှင့် အလယ်ကပန်းဖူးကို ဆက်ထားသည့်ကြိုးများမှာ တူရိယာကြိုးများဖြစ်၍ ယင်းတို့ကို လက်ဖြင့်သော်လည်းကောင်း ၊ ဘိုတံဖြင့်သော်လည်းကောင်း တီးခတ်နိုင်ပြီး ၊ ပွင့်ချပ်သုံးချပ်က ကြိုးတို့မှာ မတူညီသော အသံသုံးမျိုးထွက်သောကြောင့် ပွင့်ချပ်တစ်ချပ်ကို တံတျာတစ်ကြိုးဟုခေါ်သည်။

ပွင့်ချပ်များကို ဖြန့်ဟလိုက်ပါက ကြိုးများ တင်းသွားမည်ဖြစ်သကဲ့သို့ အသံများလည်းပြောင်းသွာမည်ဖြစ်ရကား တူရိယာတစ်ခုတည်းဖြင့် မတူညီသော အသံခြောက်မျိုးထွက်အောင် တီးခတ်နိုင်ပြီး ၊ သီချင်းတစ်ပုဒ်ကို တီးခတ်ရာ၌ မေယုပန်းပွင့်ကြီးကို ပုံသေထားလျက်တီးခတ်ပါက နှစ်ကြိုးရ ၊ သုံးကြိုးရ ဖျော်ဖြေသူဟု ခေါ်ဝေါ်၍ တီးခတ်နေစဉ် တူရိယာကို ဖြန့်တစ်ဖုံ ၊ ကျုံ့တစ်မျိုးပြောင်းလဲလျက် ခြောက်ကြိုးလုံးကို ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်ပါက တံတျာခြောက်ကြိုးရ ပညာရှင်ဟု သမုတ်ကြလေသည်။

နောက်ဆုံးအနေဖြင့် အကြင်တူရိယာကြီးကို သယ်ဆောင်သွားလိုပါက ပွင့်ချပ်များကို အလယ်ကအဖူးနှင့်ကပ်သွားသည်အထိ ဆွဲငုံပစ်လိုက်ပြီးနောက် ၊ ပန်းပွင့်၏ဖင်ကို ဘိုတံနှစ်ခုဖြင့် ပူးဆက်ပစ်လိုက်လျှင် ရိုးတံပါသောပန်းဖူးကြီးသဏ္ဌာန်ဖြစ်သွား၍ ဤအရာကို နောက်ကျောတွင် လွယ်ထားနိုင်လေသည်။ ပွဲတက်သွားသော ပြည့်တန်ဆာများ နောက်ကျောတွင် မေယုတံတျာတူရိယာကို ၎င်းတို့၏ဂုဏ်အနေနှင့် အမြဲတစေ လွယ်ထားလေ့ရှိသည်။

သို့သော် ရိုဒီနီးယားက ကလေး ၊ မိန်းမ ၊ သက်ကြီးရွယ်အိုမရွေး သိကြသော ၎င်းတူရိယာကို သူစိတ်မဝင်စား ၊ သူ၏အာရုံကို ဖမ်းစားထားသည်မှာကား မေယုပွင့်ချပ်များပေါ်၌ ဓားနှင့်ထွင်းထားသည်ဟု ယူဆရသော စာများဖြစ်၍ ၊ သူသည် ဒူးတစ်ဖက်ကို ထောက်လျက် ပွင့်ချပ်တစ်ချပ်က စာများကို ဖတ်ကြည့်လိုက်လေ၏။

“ထာဝရပုစ္ဆာ … ဒီအရာ … ငါ့ရတနာ”

ဤသည်မှာ ကာရန်မိသော သီချင်းစာသားတစ်ကြောင်းသာ ဖြစ်သောကြောင့်စိတ်တွင်း အထူးတလည် ဂရုမပြုမိသော်လည်း အောက်၌ရေးထားသော စာကိုဖတ်ကြည့်ပြီးနောက် သူ့မျက်လုံးများပြူးသွားလေသည်။

“ငါ … ဘာသာမဲ့ပဲလုပ်မယ် … ရုက္ခပါလ နတ်ဘုရားမကို ဆက်ကိုးကွယ်နေရင် … ငါသေတဲ့အခါမှာ သူကငါ့ဝိညာဉ်ကိုဖမ်း ၊ လူအဖြစ်ပြန်ဝင်စားစေပြီး ပြည့်တန်ဆာပြန်လုပ်ခိုင်းလိမ့်မယ်”

ဤသည်ကား လေဒီ ဆယ်ဖီးနီးရေးထားသည့် စာများလော။ ယင်းသည်ကား သူ(မ)၏ အနက်ရှိုင်းဆုံး ခံစားချက်များပေလော။ တူရိယာကို လှည့်၍ ၊ နောက်ပွင့်ချပ်ပေါ်က စာသားကို ဆက်ဖတ်ကြည့်ပြန်၏။

“ရဲတိုက်ကြီးကအမြင့်ကြီး … တံတိုင်းတွေက အထူကြီး … ကျုံးကြီးကအနက်ကြီး … အပြင်မှာ ရွှေမျက်နှာဖုံးစွပ်တွေ အများကြီး”

ရဲတိုက်မှာ သမုဒယရတီ နန်းတော်ကို ရည်ညွှန်းထားဟန်တူပြီး ၊ တံတိုင်းနှင့်ကျုံးဆိုသည်မှာ ဆောင်ကြာမြိုင်တစ်ခုလုံးကို ပတ်လည်ဝိုင်းထားသော ကာကွယ်ရေးစနစ်များကို ဆိုလိုဟန်တူသည်။ ရွှေမျက်နှာဖုံးစွပ်ကိုမူ သူမသိ။

မည်သို့ပင်ဆိုစေကာမူ အကြင်စာသားများကို ဖတ်ရှုပြီးနောက် သူ့ရင်တွင်းစတင် ကျပ်တည်းလာရ၍ ယင်းခံစားချက်များမှာ ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော်တွင်းသို့ ပျော်ပါးရန်ဝင်လာသော ယောက်ျားများ၏နေရာက ဟုတ်တော့ဘဲ နန်းတော်တွင်းက ဖျော်ဖြေရန်စောင့်ဆိုင်းနေရသော မိန်းကလေးများ၏ ရင်တွင်းရောက်သွားသည့်အလား။

လက်များစတင်တုန်ယင်လာပြီး နောက်ဆုံးပွင့်ချပ်ကို လှည့်ကြည့်လိုက်သည့်အခါ ၎င်း၌စာမရှိ။ သို့သော် ပွင့်ချပ်အပြည့် ဓားနှင့်ထွင်းထားသော တာလီများ။ ယင်းတို့ကိုကြည့်နေလျက် ထောင်သားများ၏ ထောင်ခန်းနံရံများ အတွင်းရေးခြစ်ထားသော တာလီများကို မြင်ယောင်လာကာ သူ့တစ်ကိုယ်လုံးက ကြက်သီးမွေးညင်းများ ဖြန်းဖြန်းထလာရလေသည်။ လေဒီ ဆယ်ဖီးနီးမှာ မည်သည့်အချိန်ကို တာလီချိုးလျက် စောင့်နေပါသနည်း။

ဒူးထောက်လျက် ဘေးဘီကို မော့ကြည့်လိုက်လေလျှင် ၊ အောက်ကမော်ကြည့်နေရသဖြင့် ပုံမှန်ထက်ပိုမြင့်သယောင်ဖြစ်နေသော စာအုပ်စင်များက စာအုပ်စင်များနှင့် မတူတော့ဘဲ သူ့ကိုပတ်ပတ်လည်ဝိုင်းထားသည့် တံတိုင်းကြီးများနှင့် ပိုတူလာသည်။

စာအုပ်တံတိုင်းကြီးပေလော။ မဟုတ် ၊ ပညာတံတိုင်းကြီး။ ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဖမ်းခေါ် ၊ ပညာမျိုးစုံသင်ကြားပေးပြီးနောက် ၊ ထိုပညာများဖြင့် သူ(မ)ကို မလှုပ်နိုင်အောင်ပြန်ချုပ်ထားသော ပညာတံတိုင်းကြီး။ ဤသည်ကား သံတိုင်များထက် မာကျော၏။ ကျောက်နံရံများထက် ခိုင်ခံ့၏။ ထို့ပြင်စာအုပ်ဟောင်းနံ့များကိုလည်း သူ့အား အထပ်ထပ်ရစ်တော့မည့် ကြိုးများသဖွယ်မြင်လာ၏။

ထိုအခိုက် ကျောက်ရုပ်တုကြီး၏ အပြင်က လေတစ်ချက်တိုက်သွား သည့်အခါ လတ်ဆတ်သော လေများကို ရှူရှိုက်မိပါလျက်နှင့် စိတ်များလန်းဆန်းမလာတော့ ၊ အကြင်လေများကား ထောင်သားတစ်ယောက်၏ ရှေ့တည့်တည့် ၊ လက်လှမ်းမမီသည့်နေရာ၌ ချထားသော ထိပ်တန်းဟင်းလျာများအလား သွားရည်ကျဖွယ် မွှေးကြိုင်လွန်းလှသော်ငြား စားမရ။ ထိုနည်းတူစွာ အပြင်က လေများက လတ်ဆတ်လွန်းလှလင့်ကစား ပြင်ပက လွတ်လပ်ခွင့်ကိုမူ လှမ်းယူခွင့်မရှိ။

ဤသည်ကား သူ(မ)နှင့်တူသော ကျောက်ရုပ်ကြီး၏ ဗိုက်ခေါင်းအတွင်းဝယ် အကျဉ်းစံနေရလျက် ယောက်ျားများကို ဖျော်ဖြေပေးနေရသော ဤလေဒီ၏ အမြင်များပေလော။ သူ(မ)၏ မေယုတံတျာတူရိယာကို ထိမိရာမှ သူ(မ)၏ ခံစားချက်များ သူ့ထံသို့ကူးစက်လာပြီလော။ စိတ်လှုပ်ရှားလွန်းသောကြောင့် ကိုယ့်နှလုံးခုန်သံများကို ပြန်ကြားလာရ၏။ အတွေးများ လွင့်လာသည့်အတိုင်း ခြေမနှင့်ခြေညှိုးကိုလည်း အကြောင်းမဲ့ပွတ်မိလာ၏။ နောက်ဆုံးအသက်ရှူရခက်လာသည်အထိ ပူလောင်မွန်းကျပ်လာလွန်းရကား လီယိုနာ့ဒ်မှာ သူ(မ)၏အခန်းတွင်း၌ ဆက်၍နေနိုင်ခြင်းငြာ မစွမ်းသာတော့ဘဲ ပြေးထွက်ရလေတော့သတည်း။ ။

*************

https://mmxianxia.com/wp-content/uploads/2026/03/9EA9858A-FB68-41C4-8287-B135C6338813.webp

ပုံ ။ ။ သာမဂ္ဂီ ပြည့်ကြီတန်ဆာ လေဒီ ဆယ်ဖီးနီး ၊ ရီဟန်အိမ်တော်က ပေးသော ပါတီပွဲသို့ တက်ရောက်၍ ၊ အိမ်တော်ကြီးအတွင်းရှိ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်ခဲ့စဉ်က။

All Chapters