ထျန်းစန်းတောင်တန်းအတွင်းမှ ထူးဆန်းသော ပေါက်ကွဲသံနှင့် ဝိညာဉ်နယ်မြေ ထွက်ပေါ်လာခြင်း (၁)
Vol. 12 Ch. 117
နှင်းပွင့်များကို သယ်ဆောင်လာသော အရိုးခိုက်မတတ် အေးစက်သည့် လေပြင်းများမှာ တောင်ကြောများနှင့် ကျောက်ကမ်းပါးများ တစ်လျှောက် တိုက်ခတ်နေပြီး၊ လေတိုက်သံများမှာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေသည့်အလား မြည်ဟီးနေခဲ့လေသည်။
ရန့်မြဲ့သည် တောင်တစ်လုံးကဲ့သို့ မတ်မတ်ရပ်နေပြီး၊ သူ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အလွန်အမင်း အေးစက်သော လေထုမှာ သေးငယ်သော ရေခဲပွင့်လေးများအဖြစ် စုစည်းသွားကာ သူ၏ ခြေထောက်ရှေ့တွင် လွင့်မျောနေလေသည်။
ဗီဇပြောင်းလဲသွားသော သူ၏ ဝံပုလွေအမြီးပေါ်တွင် ပြင်းထန်စွာ လောင်ကျွမ်းနေသည့် ဖြူဖျော့ဖျော့ ရေခဲမီးတောက်များမှာလည်း တိတ်တဆိတ် ကခုန်နေကြလေသည်။
ထျန်းပင်းသည် ရေပြာရောင် ပုံရိပ်ကြီးခြောက်ခုကို စိတ်လှုပ်ရှားစွာကြည့်ရင်း ပတ်ပြေးနေသည်။
သူတို့၏ အေးစက်ပြီး မာကျောသော ကြေးခွံများကို သူ၏ခေါင်းဖြင့် ချစ်ခင်စွာ ပွတ်သပ်ရင်း ကျေနပ်အားရနေသည့် ညည်းတွားသံများကို ထုတ်လွှတ်နေလေသည်။
ရေပြာကြေးခွံအစောင့်အရှောက် ခြောက်ကောင်မှာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြကာ၊ သူတို့၏ တစ်ကိုယ်လုံးတွင် အေးစက်ပြီး မာကျောသော သတ္တုအလင်းတန်းများ ရောင်ပြန်ဟပ်နေသည့် ရေပြာအကြေးခွံများ ဖုံးလွှမ်းနေကာ၊ စူးရှပြီး တည်ငြိမ်သော အကြည့်များရှိသည့် လူသားချပ်ဝတ်တန်ဆာ စစ်သည်တော် ခြောက်ဦးနှင့်ပင် သွားတူနေလေသည်။
ကလေးငယ်နှစ်ဦးမှာ ထူထဲသော နှင်းယုန်သားရေ ကုတ်အင်္ကျီများကို ဝတ်ဆင်ထားသော်ငြား အေးစက်သော လေပြင်းများကြောင့် မျက်နှာလေးများ အနည်းငယ် နီရဲနေကြလေသည်။
ထိုကြောင့် ဧရာမအပူပေးစက်ကြီး တစ်ခုနှင့်တူသော လင်းထျန်းလုံ၏ ခန္ဓာကိုယ်ဆီသို့ ပြေးသွားကြပြီး၊ ရှေ့ခြေထောက်များပေါ်ရှိ နွေးထွေးပြီး နူးညံ့သော ငွေဖြူရောင် အမွေးအမျှင်များကို ဖက်တွယ်ရန် သူတို့၏ လက်သေးသေးလေးများကို ဆန့်ထုတ်လိုက်ကြလေသည်။
“ဖေဖေ...” ရှောင်ယင်းသည် ခေါင်းမော့ကြည့်ကာ အပြာရောင်ရင့်ရင့် ချီစွမ်းအင်အကာအကွယ်ကြီးကို လက်ညှိုးထိုးပြရင်း ကြည်လင်ပြတ်သားသော လေသံလေးဖြင့် ပြောလိုက်သည်။ “အဲ့ဝံပုလွေကြီးတွေက ပြောင်းလဲသွားပြီနော်... သူတို့ပုံစံက အရမ်းကြမ်းတမ်းပြီး သူတို့ရဲ့ အကြေးခွံတွေကလည်း တောက်ပနေတာပဲ...”
သူမ၏ ဘေးတွင် ရပ်နေသော ရှောင်လန်ကလည်း ခေါင်းကို အပြင်းအထန် ညိတ်ပုလိုက်ပြီး သူမ၏ ရေခဲပြာရောင် မျက်လုံးများအား ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည် - “ဟုတ်တယ်... သူတို့နဲ့ ဝံပုလွေဦးလေး ထျန်းပင်းတို့က တကယ့်ကို ပြီးပြည့်စုံတဲ့ အဖွဲ့ပဲ...”
လင်းထျန်းလုံ ခေါင်းငုံ့လိုက်ရာ၊ နူးညံ့သော အတွေးတစ်ခုက ကလေးငယ်နှစ်ဦး၏ စိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည် “သူတို့က ဝံပုလွေအုပ်စုရဲ့ ဒိုင်းကာအသစ်တွေပဲ၊ ပြီးတော့ အသန်မာဆုံး အစွယ်တွေဆိုလည်း မမှားဘူး... သူတို့ ရှိနေရင် သမီးလေးတို့ ပိုပြီးလုံခြုံသွားမှာပါ...”
ထိုအချိန်မှာပင်
ဝုန်း...
ကမ္ဘာမြေကြီး၏ အနက်ထဲမှ ထွက်ပေါ်လာပုံရသော တုံးအိအိ ပေါက်ကွဲသံကြီးတစ်ခုမှာ၊ အဝေးက ထျန်းစန်းတောင်တန်းများဆီမ ကြိုတင်သတိပေးခြင်းမရှိ ထွက်ပေါ်လာခဲ့သည်။
၎င်း၏ ကြီးမားလွန်းသော စွမ်းအားကြောင့် လူတိုင်း၏ ခြေထောက်အောက်ရှိ ကမ္ဘာမြေကြီးပင် အနည်းငယ် တုန်ခါသွားခဲ့ရပြီး၊ တောအုပ်ထဲရှိ နှင်းခဲအချို့လညါး ပြိုကျလာခဲ့လေသည်။
ဟူးးး ဟူး...
အသံထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင်၊ ဝံပုလွေအုပ်စု တစ်ခုလုံးမှာ ရှုပ်ထွေးသော စက်ယန္တရားကြီး တစ်ခုကဲ့သို့ ချက်ချင်းလှုပ်ရှားလိုက်ကြလေသည်။
ရန့်မြဲ့သည် တိုတောင်းပြီး စူးရှသော ဝံပုလွေဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်ရာ၊ ကင်းစောင့်အဖွဲ့မှာ လျင်မြန်စွာ ပြန်ဆုတ်လာခဲ့ကြသည်။
အမြန်ဆုံး တုံ့ပြန်နိုင်ခဲ့သည်မှာ ရေပြာကြေးခွံအစောင့်အရှောက် ခြောက်ကောင်ပင် ဖြစ်လေသည်။
သူတို့၏ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဧရာမခန္ဓာကိုယ်ကြီးများမှာ ချက်ချင်း လှုပ်ရှားသွားကြပြီး၊ သူတို့၏ အကြေးခွံများ အချင်းချင်း ပွတ်တိုက်မိရာမှ ‘တချွင်ချွင်’ မြည်သံများ ထွက်ပေါ်လာကာ၊ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ထျန်းပင်းနှင့်အတူ ပြီးပြည့်စုံသော တြိဂံပုံစံ ကာကွယ်ရေးဖွဲ့စည်းပုံကို နောက်တစ်ကြိမ် ဖွဲ့စည်းလိုက်ကြလေသည်။
ရေပြာရောင်အတားအဆီးကြီးမှာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာရာ ဦးတည်ရာနှင့် ဝံပုလွေဘုရင်ကြားတွင် ခိုင်မာစွာ ပိတ်ဆို့ထားလိုက်ချေပြီ။
သူတို့၏ လှုပ်ရှားမှုများမှာ ပြီးပြည့်စုံကာ ထပ်တူကျနေပြီး၊ သာမန် ထူးချွန်အဆင့် နှင်းဝံပုလွေများ၏ အကန့်အသတ်ထက် များစွာ သာလွန်နေလေသည်။
လင်းထျန်းလုံ၏ ဧရာမခေါင်းကြီးမှာ ပေါက်ကွဲသံထွက်ပေါ်လာရာ ဦးတည်ရာဆီသို့ ရုတ်တရက် လှည့်သွားပြီး၊ သူ၏ ရေခဲပြာရောင် မျက်ဝန်းများမှာ ထျန်းဆန်းတောင်တန်း၏ အနက်ထဲသို့ ကြည့်ရင်း အနည်းငယ် တဖျတ်ဖျတ် လင်းလက်နေလေသည်။
အသံထွက်ပေါ်လာရာ အရင်းအမြစ်မှာ ထိုဧရိယာတစ်၀ိုက်တွင် ရှိနေပုံ ရလေသည်။
သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထိုတောင်တန်းကြီး၏ အနက်ထဲရှိ မြေမျက်နှာသွင်ပြင်မှာ ရှုပ်ထွေးပြီး နှင်းဝံပုလွေမျိုးနွယ်စု၏ ပုံမှန် အမဲလိုက်ဧရိယာများအတွင်း မရှိပေ။
သို့သော် ပေါက်ကွဲသံကြီးနောက်တွင် လိုက်ပါလာခဲ့သည်မှာ ပြင်းထန်လွန်းသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုပင် ဖြစ်လေသည်။
အလွန်တရာ သန့်စင်လှသည့် ဝိညာဉ်စွမ်းအင်များမှာ ကမ်းပါးကျိုးကျလာသည့်အလား၊ သို့မဟုတ် ရေကာတာကျိုးပေါက်သွားသည့်အလား တရဟော ဝင်ရောက်လာသဖြင့် ထိုဧရိယာအတွင်းရှိ ဝိညာဉ်စွမ်းအင်သိပ်သည်းဆမှာ တစ်ခဏအတွင်းမှာပင် အဆပေါင်းများစွာ မြင့်တက်သွားခဲ့လေသည်။
လေကို ရှူရှိုက်လိုက်ရုံဖြင့်ပင် လန်းဆန်းတက်ကြွသော ခံစားချက်ကို ခံစားလိုက်ရလေသည်။ ဝိညာဉ်စွမ်းအင်များမှာ ကြွယ်၀လွန်းသဖြင့် ရုပ်၀တ္တုပင် ဖြစ်တော့မတတ် ဖြစ်နေလေသည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အလိုအလျောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး၊ သူတို့၏ မျက်လုံးကြီးများ အချင်းချင်း ဆုံတွေ့သွားကြရာ၊ နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် ဖုံးကွယ်၍မရနိုင်သော အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်ကြရလေသည်။
“ဝိညာဉ်နယ်မြေ...”
ထိုအတွေးမှာ သူတို့၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း လျှပ်တစ်ပြက် ပေါ်လာခဲ့သော်လည်း၊ သူတို့သည် နားလည်မှုရှိစွာဖြင့် တိတ်တဆိတ်သာ နေလိုက်ကြပြီး၊ လင်းထျန်းလုံ၏ ခြေထောက်ပေါ်ရှိ အမွေးများကိုသာ ပိုမိုတင်းကျပ်စွာ ဖက်တွယ်ထားလိုက်ကြလေသည်။
လင်းထျန်းလုံသည် ဤဝိညာဉ်စွမ်းအင်များ၏ သန့်စင်မှုနှင့် ကြွယ်၀စမှုတို့ကို ရှင်းလင်းစွာ အာရုံခံနိုင်လေသည်။
“အခုအခြေအနေက ငအတစ်ယောက်တောင်မှ တစ်ချက်ကြည့်လိုက်တာနဲ့ ထျန်းစန်းတောင်တန်းရဲ့ အနက်ထဲမှာ အံ့သြစရာကောင်းပြီး ထူးဆန်းတဲ့ အရာတစ်ခုခု ဖြစ်ပျက်နေပြီဆိုတာကို သိနိုင်တယ်...”
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်...
ပိုမိုအစွမ်းထက်လာပြီး ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားသော ရန့်မြဲ့၊ လျင်မြန်သော တုံ့ပြန်မှုများနှင့် အံ့သြစရာကောင်းသော ကာကွယ်ရေးစွမ်းအားများ ရှိသည့် အဖွဲ့၀င်အသစ်များဖြစ်သော ရေပြာကြေးခွံအစောင့်အရှောက်များ၊
တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော ထျန်းပင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဝံပုလွေအုပ်စုတစ်ခုလုံး....
အားကောင်သော ယုံကြည်မှု ခံစားချက်တစ်ခု သူ၏ စိတ်ထဲတွင် တဖြည်းဖြည်း ဆူပွက်လာခဲ့သည်။
“ဘာကို ကြောက်နေရဦးမှာလဲ...”
“ဆက်သွားရမယ်...”
ဤအကြောင်းကို တွေးမိသောအခါ လင်းထျန်းလုံသည် သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားသော ကလေးငယ်နှစ်ဦးကို ချက်ချင်း ကြည့်လိုက်မိသည်။ မည်သည့်အရာမှန်း မသိရှိရသေးကာ အန္တရာယ်များနိုင်သဖြင့် သူတို့ကို အရင်ပြန်လွှတ်ရန် သူ ဆုံးဖြတ်လိုက်လေသည်။
“ရှောင်လန်၊ ရှောင်ယင်း...” သူ၏ အသံမှာ နူးညံ့သော်လည်း ငြင်းဆန်၍မရသော အာဏာစက် ပါဝင်နေလေသည်။ “ရှေ့မှာ အန္တရာယ်တွေ ရှိနေနိုင်တယ်... ဖေဖေကတော့ သွားကြည့်ရလိမ့်မယ်... ယင်းဖုန်းကို သမီးတို့ကို ဝံပုလွေအသိုက်ဆီ အရင်ပြန်ပို့ခိုင်းလိုက်ရမလား... အဲဒီနေရာက အလုံခြုံဆုံးပဲ...”
သူ့အား တုံ့ပြန်လာခဲ့သည်မှာ ချက်ချင်းပင် မျက်ရည်များ ပြည့်တက်လာပြီး ပုတ်ခတ်ပုတ်ခတ် လုပ်နေသော မျက်လုံးကြီး နှစ်စုံပင် ဖြစ်လေသည်။
သူတို့၏ နှုတ်ခမ်းသေးသေးလေးများမှာ အနည်းငယ် ထော်နေပြီး၊ သူတို့၏ မျက်တောင်ရှည်ကြီးများမှာလည်း တုန်ရီနေကာ၊ မျက်ရည်ပေါက်လေးများမှာ အချိန်မရွေး ကျဆင်းလာတော့မည့်အလား ဖြစ်နေလေသည်။
“ဖေဖေ... သမီးတို့ကို ဝန်ထုပ်ဝန်ပိုးလို့ ထင်နေတာလား...” နှာသံများ ပါဝင်နေပြီး အလွန်အမင်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေဟန်ရသော အသံနှစ်ခုမှာ သူ၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံထဲတွင် ကြီးမားသော အဖျက်စွမ်းအားများ ပါဝင်နေသည့်အလား လင်းထျန်းလုံသည် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး ချက်ချင်း ရှင်းပြလိုက်လေသည် “လုံးဝ မဟုတ်ရပါဘူး သမီးတို့ရယ်... အစွမ်းထက်တဲ့ အရာတစ်ခုခုနဲ့ တွေ့ရင် ဖေဖေ သမီးတို့ကို မကာကွယ်နိုင်မှာ စိုးလို့ပါ...”
“အစီအစဉ် အလုပ်ဖြစ်တယ်...” ရှောင်ယင်း၏ စိတ်ထဲတွင် ဂုဏ်ယူမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
“အရင်က သရုပ်ဆောင်စွမ်းရည်တွေ လေ့ကျင့်ထားခဲ့ရတာ အလကားမဖြစ်တော့ဘူး...” ရှောင်လန်သည်လည်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြန်ထိန်းလိုက်လေသည်။
“ဝိညာဉ်နယ်မြေ” တစ်ခုကို ကြုံတွေ့နေရပြီး အတွင်းပိုင်းသို့ စူးစမ်းလေ့လာနိုင်မည့် ဤအခွင့်အရေးကို သူတို့ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
သူတို့၏ အတိတ်ဘဝများမှ ထျန်းစန်းတောင်တန်းနှင့် ပတ်သက်သော ကစဉ့်ကလျား မှတ်ဉာဏ်များနှင့်၊ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ‘ဝိညာဉ်နယ်မြေ’ မှတ်တမ်းများကြောင့် ထိုဝိညာဉ်နယ်မြေအား သူတို့ကိုယ်တိုင် မြင်တွေ့လိုစိတ်များ ပြင်းပြနေလေသည်။
နောက်ဆုံးတွင် လင်းထျန်းလုံမှာ ထိုမျက်လုံးနှစ်စုံ၏ မျက်ရည်ဝဲနေသော အကြည့်များအောက်တွင် သံသယဖြစ်ဖွယ်မရှိ... အရှုံးပေးလိုက်ရလေတော့သည်။
“ကောင်းပါပြီ... ကောင်းပါပြီ...” သူက မလိုလားစွာဖြင့် လက်ခံလိုက်ကရပြီး သူ၏ ဧရာမလက်ဝါးကြီးများနှင့် ကလေးငယ်နှစ်ဦးကို ညင်သာစွာ ဖက်ထားလိုက်လေသည်။
“ဒါပေမဲ့ ဖေဖေ့ဘေးမှာပဲ နေရမယ်နော်၊ လုံးဝ လျှောက်မပြေးရဘူး၊ ကြားလား...”
“အင်း...” ကလေးငယ်နှစ်ဦးမှာ ငိုနေရာမှ ချက်ချင်းပင် ရယ်မောသွားကြပြီး သူတို့၏ ခေါင်းသေးသေးလေးများကို အပြင်းအထန် ညိတ်လိုက်ကြလေသည်။
သူတို့၏ အမူအရာ ပြောင်းလဲခြင်းမှာ မြန်ဆန်လွန်းလှသဖြင့် လင်းထျန်းလုံတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။
ထိုဖြစ်ရပ်ကြောင့် လင်းထျန်းလုံသည် သူ၏ ဝံပုလွေအုပ်စုကို ဦးဆောင်ကာ၊ အမဲလိုက်လမ်းကြောင်းကို ပြောင်းလဲလိုက်ရပြီး ဆူညံသံများ ထွက်ပေါ်လာရာ ထျန်းစန်းတောင်တန်း၏ နက်ရှိုင်းရာဆီသို့ ဦးတည်သွားကြလေတော့သည်။
ရန့်မြဲ့သည် ရှေ့မှလမ်းပြနေပြီး၊ သူ၏ ရေခဲမီးတောက်များက လမ်းကြောင်းပေါ်ရှိ နှင်းမှုန်များနှင့် အတားအဆီးများကို ချက်ချင်း အမှုန့်ဖြစ်သွားစေလေသည်။
ထျန်းပင်းသည် ရေပြာရကြေးခွံအစောင့်အရှောက် ခြောက်ကောင်ကို ဦးဆောင်ကာ လင်းထျန်းလုံနှင့် သူ၏ သမီးငယ်များကို ဘေးတစ်ဖက်တစ်ချက်စီမှ ကာကွယ်ပေးထားသည်.။
သူတို့၏ ရေပြာရောင် အကြေးခွံများက ပြိုင်ဘက်ကင်း လုံခြုံမှုခံစားချက်ကို ပေးစွမ်းနေလေသည်။
ယင်းဖုန်းမှာမူ ဖမ်းဆုပ်၍မရနိုင်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး၊ အခြေအနေများကို ထောက်လှမ်းရန်အတွက် သူ့ရှေ့ရှိ ရှုပ်ထွေးလှသော မြေမျက်နှာသွင်ပြင်အတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားခဲ့လေပြီ။
နှင်း၀ံပုလွေအဖွဲ့သည် ရှေးယခင်အချိန်ကတည်း အသုံးမပြုတော့ဟန်ရသော ကျောက်စရစ်လမ်းတစ်ခုအတိုင်း ကွေ့ကောက် တက်သွားကြလေသည်။
ဆောင်းဦးရာသီ၏ အအေးဓာဝ်မှာ တောင်ကုန်း၊ တောင်တန်းများကို လွှမ်းခြုံထားပြီးဖြစ်ကာ၊ တောင်ထိပ်များမှာ နှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။
ပို၍ စိတ်၀င်စားဖို့ ကောင်းသည်မှာ အဝေးရှိ စုဝေးနေသော တိမ်ပင်လယ်ကြီးနှင့် လေထုထဲတွင် ပိုမိုသိပ်သည်းလာပြီး မြေပြင်သို့ ကျဆင်းလာတော့မည့်အလား ဖြစ်နေသော သန့်စင်သည့် ဝိညာဉ်စွမ်းအင်များပင် ဖြစ်လေသည်။
အသုံးမပြုတော့သည်မှာ ကြာပြီဖြစ်သော ကျောက်စရစ်လမ်းမှာ တောင်ထိပ်တွင် ရစ်ခွေနေသော ဧရာမမီးခိုးရောင်စပါးအုံးမြွေကြီး တစ်ကောင်ကဲ့သို့ ကွေ့ကောက်နေလေသည်။
လမ်းပေါ်တွင် အရောင်မတူညီသော နှင်းများ ဖုံးလွှမ်းနေပြီး၊ ဘေးတစ်ဖက်တစ်ချက်တွင် မတ်စောက်သော ဆင်ခြေလျှောများနှင့် အပင်များသိပ်သည်းပြီး ခြောက်သွေ့နေသည့် တောအုပ်များ ရှိနေလေသည်။
ချွန်ထက်သော ကျောက်ဆောင်များမှာ နှင်းများထဲမှနေ၍ ထိုးထိုးထောင်ထောင် ထွက်ပေါ်နေပြီး ဝံပုလွေအုပ်စုမှာ ဖြည်းညှင်းစွာ ရွေ့လျားနေခဲ့ကြသည်။
လင်းထျန်းလုံသည် တည်ငြိမ်သော အရှိန်တစ်ခုကို တမင်တကာ ထိန်းသိမ်းထားပြီး၊ သူ၏[ငွေပြာရောင် မျက်ဝန်းများက ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေကာ၊ စွမ်းအင်လှိုင်းဂယက်တစ်ခု သို့မဟုတ် ပုန်းအောင်းနေသော အန္တရာယ်တစ်ခုကိုမျှ အလွတ်မပေးခဲ့ပေ။
အနက်ထဲထိ ဝင်ရောက်သွားလေလေ၊ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များမှာ ပိုမိုသိပ်သည်းပြီး စိုစွတ်လာလေလေဖြစ်ကာ၊ ၎င်းကို ရှူရှိုက်လိုက်လျှင် အနည်းငယ် ချိုမြိန်သော ခံစားချက်ကို ခံစားရလေသည်။
ပတ်ဝန်းကျင်မှာ ကြက်သီးထဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေသည်... လေတိုက်သံနှင့် နှင်းများကို နင်းမိရာမှ ထွက်ပေါ်လာသော ဝံပုလွေခြေသံများမှလွဲ၍၊ မည်သည့်ငှက် သို့မဟုတ် သားရဲတို့၏ အသံကိုမျှ မကြားရသလောက်ပင် ဖြစ်နေခဲ့လေသည်။