← Chapters

ခေတ်တစ်ခေတ်ကို မရည်ရွယ်ဘဲ အစပျိုးပေးခဲ့သော မီးပွားလေး

Vol. 12 Ch. 111

ခေတ်တစ်ခေတ်ကို မရည်ရွယ်ဘဲ အစပျိုးပေးခဲ့သော မီးပွားလေး

Vol. 12 Ch. 111

ယန်ချင်းသည် သူ၏နေအိမ်မှ ထွက်လာသောအခါ အပြာရောင်တောင်ကြား၏ ပင်မလမ်းမကြီးဘေးတွင် သူ့ကို စောင့်ဆိုင်းနေသော မော့ယွင်ရုနှင့် ဆုံမိလေသည်။

ကျောက်စာချပ်ဖြင့် ဌာနမှူးကျူးလောင်၏ စိတ်ဝင်စားမှုကို ရယူနိုင်သည်နှင့် တစ်ပြိုင်နက်၊ သူ့ထံမှ မည်သို့သော အခမဲ့ ဝန်ဆောင်မှုမျိုးစုံကို ရယူရမည်ကို စဉ်းစားခန်း ဝင်နေသော ယန်ချင်းမှာ၊ မော့ယွင်ရုကို မြင်လိုက်ရသောအခါ အံ့ဩမှင်တက်စွာဖြင့် ရပ်တန့်သွားလေသည်။

ကျောဘက်တွင် ဖြေလျော့ချထားလေ့ရှိသော သူမ၏ ဆံပင်များကို ယခုအခါ အရှေ့ဘက်သို့ ချထားလိုက်သဖြင့်၊ တစ်စုံတစ်ခုကြောင့် သူမ၏ ခရမ်းရောင်မျက်ဝန်းတစ်စုံကို ပိုမို ပေါ်လွင်သွားစေပြီး၊ မူလကတည်းက ပြီးပြည့်စုံနေသော သူမ၏အလှတရားကို ပိုမိုဆွဲဆောင်မှု ရှိသွားစေသည်။

ယန်ချင်းကဲ့သို့ပင် သူမသည်လည်း အခမ်းအနားနှင့် ဆီလျော်သောအဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ထားလေသည်။

သူမသည် အဖြူရောင်အတွင်းဝတ်ရုံနှင့်၊ ခရမ်းရောင်နွယ်ပန်းပွင့် ပုံစံများ ရေးဆွဲထားသော အပေါ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ထားလေသည်။

မုန့်ချောင်က ဖိတ်ကြားစာပေးပို့စဉ်က မော့ယွင်ရုပါ ထိုနေရာတွင် ရှိနေခဲ့သဖြင့်၊ ယန်ချင်းက သူမနှင့်အတူ ဌာနမှူးကျူးလောင်၏ ကြိုဆိုပွဲပါတီသို့ အတူတူသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယီကျဲနှင့် ဆုကျင့်ကျင်းတို့မှာလည်း ထိုအချိန်က အတူတူရှိနေခဲ့သဖြင့် သူတို့လည်း လိုက်လာ၍ ရနိုင်သော်လည်း ယီကျဲမှာ တံခါးပိတ်ကျင့်ကြံရန်နှင့် နန်းတော်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်တော့မည် ဖြစ်သဖြင့် သူ၏အလုပ်ကိစ္စများကို ပြီးပြတ်အောင် လုပ်ဆောင်နေရလေသည်။

ဆုကျင့်ကျင်းကမူ သူမ၏ လှံကို မွေးနေ့အထိမ်းအမှတ် ကျင်းပရန် ရှိသည်ဟု အကြောင်းပြချက်ဖြင့် မလိုက်လာနိုင်ခဲ့ပေ။

ထို့ကြောင့် မော့ယွင်ရု တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

သူမနှင့် ယန်ချင်းတို့ အတူတူသွားရန် ဆုံးဖြတ်ထားသဖြင့်၊ သူမ ပြင်ဆင်ပြီးသွားသောအခါ ယန်ချင်းကို သူ၏အိမ်သို့ လာရောက်ခေါ်ဆောင်ခြင်း ဖြစ်သည်။

ယန်ချင်း၏ ငေးမောနေသော အကြည့်ကို မြင်သောအခါ သူမ၏ ပါးပြင်များမှာ ရဲတက်သွားလေသည်။

သို့သော် သူမသည် အခြားသို့ အကြည့်လွှဲမသွားဘဲ၊ ယန်ချင်း၏ မျက်လုံးများထဲသို့ တိုက်ရိုက် စိုက်ကြည့်ရန် ရဲဝံ့စွာ ဆုံးဖြတ်လိုက်လေသည်။

အချိန်တိုအတွင်း စွန့်စားခန်းများစွာ ကြုံတွေ့ခဲ့ရသော ယန်ချင်းသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် စွမ်းရည်အမျိုးမျိုးကို ရရှိခဲ့ပြီး နှုတ်မှုလက်မှုပညာ အမြောက်အများကိုလည်း ပြီးပြည့်စုံအောင် တတ်မြောက်ခဲ့သည်။

၎င်းတို့အနက်မှ တစ်ခုမှာ သူ၏ နှာခေါင်း၊ ပါးစပ်နှင့် နားများမှတစ်ဆင့် ဆွဲဆောင်စည်းရုံး ပြောဆိုနိုင်စွမ်းပင် ဖြစ်သည်။

သူသည် လိုအပ်ချိန်တွင် ပြောဆိုနိုင်စွမ်း ရှိပြီး မည်သည့်အဓိပ္ပာယ်မရှိသော စကားကိုမဆို ဖြောင့်မတ်မှန်ကန်နေသကဲ့သို့ ထင်ရအောင် ပြောဆိုနိုင်စွမ်း ရှိလေသည်။

အဖွဲ့အစည်းအနေဖြင့် အကျိုးခံစားခွင့်များ ထပ်တိုးပေးရန်အတွက်၊ သူ ပြင်ပတရားရုံး တရားသူကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အသံတိတ်ဆန္ဒပြပွဲ အနည်းငယ်ကို ဦးဆောင်ခဲ့ခြင်းက ထိုအချက်ကို သက်သေပြနေလေသည်။

ထိုကဲ့သို့ကြိုးပမ်းအားထုတ်မှုများတွင် သူသည် အရှက်တကွဲ အကျိုးနည်း ကျရှုံးခဲ့ကောင်း ကျရှုံးခဲ့နိုင်သော်လည်း လေကန် စကားပြောရာတွင် သူ့ထံ၌ အံ့မခန်းစွမ်းရည်များ ရှိသည်ကိုမူ မည်သူကမျှ မငြင်းဆိုနိုင်ပေ။

၎င်းမှာ ယခုအချိန်မှလွဲ၍ သူ့ကို ဘယ်သောအခါမှ စိတ်ပျက်စေမည် မဟုတ်ဟု သူ ထင်ထားခဲ့သော စွမ်းရည် တစ်ခုပင် ဖြစ်သည်။

မော့ယွင်ရုက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူ ပြောချင်သော စကားများမှာ လျှာပေါ်ရှိ တံတွေးများနှင့်အတူ အငွေ့ပျံသွားခဲ့လေသည်။

သူ့ထံတွင် ခြောက်ကပ်နေသော လျှာ၊ ချွေးပြန်နေသော လက်ဝါးများနှင့် ကျောပြင်တို့သာ ကျန်ရစ်ခဲ့လေတော့သည်။

“ယန်ချင်း... တစ်ခုခု ပြောလိုက်စမ်းပါ။ သူက မော့ယွင်ရုလေ။ အတင်းအဖျင်း သတင်းတွေ စုဆောင်းတတ်တဲ့ မော့မော့ ပါကွ။”.

“မင်း သူမနဲ့အတူ အလုပ်တွဲလုပ်လာတာ လနဲ့ချီနေပြီ။”.

“ အခုမှ မင်း ကြောက်ပြီး နောက်ဆုတ်သွားရင် သူမက မင်းကို လှောင်ပြောင်နေလိမ့်မယ်... တစ်ခုခု ပြောလိုက်... တစ်ခုခု ပြော... ဘာပြောပြော အဆင်ပြေတယ်”

ယန်ချင်းက သူ့ကိုယ်သူ စိတ်ဓာတ်ခွန်အား ပေးနေသော်လည်း၊ ထိုကြီးမားသော ခရမ်းရောင်မျက်လုံးဝိုင်းဝိုင်းကြီးများကို သူ ပို၍ စိုက်ကြည့်မိလေလေ၊ သူ၏ အတွင်းစိတ်မှ အသံများက သူ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ပို၍ နည်းပါးလာလေလေ ဖြစ်သည်။

နောက်ဆုံးတွင် စက္ကန့်အနည်းငယ်ခန့် သူ၏ စိတ်ထဲတွင် လုံးဝ ဗလာကျင်းသွားလေသည်။

သူ သတိပြန်ဝင်လာသောအခါ၊ မော့ယွင်ရုက သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီး၊ သူ၏ ပါးစပ်ထဲတွင် ကျောက်စာချပ်ကြီး ရောက်နေကာ သူက ၎င်းကို ဝါးစားနေသကဲ့သို့ ဖြစ်နေလေသည်။

ထိုကျောက်စာချပ်မှာ သူ၏ဟောင်းနွမ်းနေသော အသွင်အပြင်ကြောင့် လေပြည်လေး တစ်ချက် တိုက်လိုက်ရုံဖြင့် အမှုန့်ဖြစ်သွားနိုင်ပုံ ရသော်လည်း ယန်ချင်း၏ သွားများကိုပင် ကျိုးလုနီးပါး ဖြစ်စေခဲ့သည်။

ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို မီးကင်ပြီး သံမဏိရည်စိမ်ထားသော လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

သူတို့၏ လက်နှင့် ခြေထောက်များမှစ၍ မျက်လုံး၊ နား၊ သွားများ အပါအဝင် လက်သည်း ခြေသည်းများအထိ ဖြစ်သည်။

ယန်ချင်း၏ အခြေအနေတွင်၊ သူသာ ဆန္ဒရှိပါက ကောင်းကင်အဆင့်လက်နက်များကို ဘီစကွတ်မုန့်များ ကဲ့သို့ ဝါးစားပစ်နိုင်စွမ်း ရှိသော်လည်း ကျောက်စာချပ်နှင့် ပတ်သက်လာလျှင်မူ၊ သူက ရည်ရွယ်ချက်ရှိရှိ မဟုတ်ဘဲ မသိစိတ်ဖြင့် ကိုက်မိသွားခြင်း ဖြစ်သော်ငြားလည်း ၎င်းမှာ တစ်လက်မမျှပင် ပွန်းပဲ့သွားခြင်း မရှိပေ။

သူ သေချာ မသိသော်လည်း ကျောက်စာချပ်ထဲမှ ရွံရှာဖွယ် အသံတိုးတိုးလေး တစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသလိုပင်။

သို့သော် သူသည် ထိုအတွေးကို အလျင်အမြန် ဖယ်ရှားပစ်လိုက်ပြီး၊ မော့ယွင်ရု၏ အရှေ့တွင် အဘယ်ကြောင့် ကျောက်စာချပ်တစ်ခုကို ဝါးစားနေရသနည်း ဆိုသည့် ဖြေရှင်းရမည့် အခြားကိစ္စများ ရှိနေသေးသည်။

အခြေအနေများက ဤအထိ ရောက်လာပြီဖြစ်ရာ၊ ကောင်းကင်ဘုံရက်ကန်းငှက်၏ အရှက်မဲ့ခြင်းမဟာနည်းဗျူဟာ စာအုပ်ထဲမှ စာမျက်နှာတစ်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်လေသည်။

“အင်း... စားဖိုမှူးတွေ လိမ်တာ မဟုတ်ဘူးပဲ။ ဒီရွှံ့စေး ကျောက်စာချပ် ကိတ်မုန့်က ကောင်းကင်အဆင့် လက်နက်တစ်ခုကိုတောင် ခုခံနိုင်စွမ်း ရှိလောက်အောင် တကယ်ကို ခိုင်မာတာပဲ။”

“ဒါကို လက်ဆောင်ပေးလိုက်ရမှာတောင် နှမြောလာပြီ။ အို... ထားပါတော့လေ... ဂျူနီယာတစ်ယောက်အနေနဲ့ စီနီယာတွေအတွက် လုပ်ပေးသင့်တာကို လုပ်ပေးရမှာပေါ့”

ယန်ချင်းက ကျောက်စာချပ်ကို နှမြောတသစွာ ကြည့်ရင်း ပြောလိုက်သည်။

သူသည် သူ၏ လှည့်ကွက်ကို ယုံကြည်စေရန်အတွက် သူ၏ ဗိုက်ကိုပင် ဆာလောင်သကဲ့သို့ မြည်အောင်လုပ်လိုက်ပြီး အလွန် ရိုးသားသည့် မျက်နှာထားကိုပင် ဖန်တီးလိုက်သေးသည်။

၎င်းက အလုပ်ဖြစ်သွားပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် မော့ယွင်ရု၏ နားမလည်နိုင်အကြည့်နှင့် အနည်းငယ် အံ့ဩသွားသော မျက်နှာထားအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

“အဲဒီကိတ်မုန့်က အရမ်း တကယ်ကြီး ​ကျောက်ပြားအစစ်နဲ့တူတာပဲ... သူတို့ ဘာပါဝင်ပစ္စည်းတွေ သုံးထားလဲ မသိဘူး။”

“ငါ ဟင်းချက်တဲ့ မှတ်တမ်းတွေကိုရော စပြီး မှတ်တမ်းတင်သင့်ပြီလား... အင်း... အဲဒါက ဆိုးတဲ့ အကြံဉာဏ်တော့ မဟုတ်ဘူး။”

“ယန်ချင်းနဲ့ ဖုန့်ရှင်းတို့ဆီကို ဈေးတင်ပြီး ရောင်းလို့ရသလို၊ တချို့ကိုလည်း ငါ့အတွက် သိမ်းထားလို့ ရတာပဲ။”

“ငါ့ရဲ့ အတင်းအဖျင်း... အဲလေ... သုတေသနလုပ်ငန်းတွေအတွက် အပိုရန်ပုံငွေလည်း ရသလို၊ ငါ့ရဲ့ စုဆောင်းမှုထဲကိုလည်း စွယ်စုံသုံးနိုင်တဲ့ အရာလေး တစ်ခု ထပ်ပေါင်းထည့်လိုက်နိုင်တာပေါ့”

မော့ယွင်ရု၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပလာရင်း တွေးလိုက်ရာ၊ သူမ၏ တုံ့ပြန်မှုအပေါ် မည်သို့ နားလည်ရမှန်းမသိ ဖြစ်နေသော ယန်ချင်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားလေသည်။

“အခု တစ်ခုတည်းသော ပြဿနာက... သူတို့ ဟင်းချက်နေတာကို မှတ်တမ်းတင်ခွင့်ပြုဖို့ စားသောက်ဆိုင်တွေကို ငါ ဘယ်လို သဘောတူအောင် လုပ်ရမလဲ ဆိုတာပဲ”

မော့ယွင်ရုအနေဖြင့် မှတ်တမ်းတင်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များစွာ ရှိလေသည်။ ပထမအချက်မှာ အရည်အသွေး ဖြစ်သည်။

မှတ်တမ်းတင်ခံရသော စားဖိုမှူးမှာ သူတို့၏ပညာရပ်တွင် ကျွမ်းကျင်မှသာ ယန်ချင်းနှင့် ဖုန့်ရှင်းတို့၏ ဝိညာဉ်ကျောက်တုံးများ အားလုံးကို ခေါင်းပုံဖြတ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် အခြား​​ပြသနာတစ်ခု ရှိနေသေးသည်။

ထိုအဆင့်ရှိ စားဖိုမှူးများသည် ဟင်းချက်ခြင်းကို သူတို့၏ တာအိုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ရာ၊ သူတို့အတွက် ချက်ပြုတ်ခြင်းမှာ ကျင့်ကြံခြင်းနှင့် ကွာခြားမှုမရှိပေ။

သူတို့ ဟင်းချက်နေသည်ကို မှတ်တမ်းတင်ခြင်းမှာလည်း ကျင့်ကြံသူတစ်ဦး သူ၏ အဖိုးတန်ကျင့်စဉ်ကို လေ့ကျင့်နေသည်ကို မှတ်တမ်းတင်ခြင်းနှင့် မည်သို့မျှ ကွာခြားခြင်း မရှိပေ။

ဤအကြောင်းပြချက်ကြောင့်ပင် စားဖိုမှူး အများစုက၊ အထူးသဖြင့် သူတို့၏ ကိုယ်ပိုင်တာအိုကို ထိတွေ့သိရှိထားပြီးဖြစ်သော ကျွမ်းကျင်စားဖိုမှူးများသည် ဟင်းချက်ရန်အတွက် သီးသန့် အခန်းတစ်ခန်း ထားရှိလေ့ရှိပြီး ထိုအခန်းများသို့ ဝင်ခွင့်ရှိသူများမှာ သူတို့၏ တပည့်များ သို့မဟုတ် စားဖိုမှူးက ဝင်ခွင့်ပြုရန် ထိုက်တန်သည်ဟု ယူဆသော သူတို့နှင့် အဆင့်တူ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

စားသောက်ဆိုင်ပိုင်ရှင်များ သို့မဟုတ် မန်နေဂျာများတွင်ပင် ထိုအခန်းထဲသို့ မည်သူ ဝင်ခွင့်ရှိသည်ကို ဆုံးဖြတ်ပိုင်ခွင့် မရှိကြပေ။

၎င်းမှာ မော့ယွင်ရု ထည့်သွင်း စဉ်းစားရမည့် ပြဿနာများအနက်မှ တစ်ခုသာ ဖြစ်သည်။

နောက်ထပ် ပြဿနာတစ်ခုမှာ ဟင်းချက်နည်းများ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် စားသောက်ဆိုင်များက ငြင်းပယ်နိုင်ခြင်း ဖြစ်သည်။

မော့ယွင်ရု ပိုတွေးလေလေ ပြဿနာ စာရင်းများက ပိုမို ရှည်လျားလာလေလေ ဖြစ်သော်လည်း သူမသည် အဆုံးတွင် လက်မြှောက် အရှုံးပေးမည့်အစား လက်သီးများကို ဆုပ်ထားပြီး နောက်မဆုတ်လိုသောအရှိန်အဝါ တစ်ခုက သူမကို ရစ်ပတ်ထားကာ ပို၍ပင် စိတ်ဓာတ်တက်ကြွနေပုံ ရလေသည်။

“သူမ ဘာဖြစ်နေတာလဲ” ယန်ချင်းက စိုးရိမ်တကြီး တွေးလိုက်သည်။

သူနှင့် မော့ယွင်ရုတို့ မသိလိုက်သောအရာမှာ ဤဖြစ်ရပ်လေးက တီထွင်ဆန်းသစ်သော ဟင်းချက်နည်းများ ပြိုင်ပွဲများနှင့် တိုက်ကြီးတစ်ခုလုံး အတိုင်းအတာဖြင့် ချီးကျူးဂုဏ်ပြုမှုများမှတစ်ဆင့် စားဖိုမှူးများ လုပ်ဆောင်နိုင်သည့် အရာများကို ပြောင်းလဲသွားစေခဲ့သော ‘စာဖိုမှူးတို့၏ခေတ်’တစ်ခုကို အစပျိုးပေးခဲ့သည့် မီးပွားလေး ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။

တောင်များကို ကြော်လှော်ခြင်း၊ မြစ်များကို စွပ်ပြုတ်လုပ်ခြင်းနှင့် ကြယ်များကို ဟင်းခတ်အမွှေးအကြိုင်များအဖြစ် ခူးဆွတ်ခြင်း စသည်တို့ ဖြစ်သည်။

စားဖိုမှူးများ လုပ်ဆောင်နိုင်သည့် အရာများမှာ အဆုံးအစမရှိ ဖြစ်လာခဲ့ပြီး ထိုခေတ်ကာလမှစ၍ ချက်ပြုတ်ခြင်းမှတစ်ဆင့် သူတို့၏ တာအိုကို သက်သေပြနိုင်ခဲ့သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ ပေါ်ထွက်လာသည်အထိ ဖြစ်လာခဲ့သည်။

၎င်းမှာ ယခင်က လုံးဝမကြားဖူးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပင်မတာအိုများကသာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် ကူညီပေးနိုင်သောကြောင့် ဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများထဲတွင် စားဖိုမှူးများ ရှိခဲ့ဖူးသော်လည်း သူတို့သည် ဟင်းချက်ခြင်းကို ဝါသနာတစ်ခု သို့မဟုတ် ဒုတိယအလုပ်အကိုင်တစ်ခု အဖြစ်သာ လုပ်ဆောင်ခဲ့ကြပြီး သူတို့၏ အစစ်အမှန်တာအိုမှာ အခြားတစ်ခုခုသာ ဖြစ်သည်။

ပင်မတာအိို မဟုတ်သော တာအိုများ အနေဖြင့် အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ များသောအားဖြင့် အလွန်ခက်ခဲလှသည်။

အဘယ်ကြောင့်ဆိုသော် မည်သူမျှ မလျှောက်ဖူးသေးသော လမ်းကြောင်း တစ်ခုဖြစ်ပြီး ကျင့်ကြံသူများ ကိုယ်တိုင်ဖောက်လုပ်ရမည် ဖြစ်သောကြောင့် လူအများစုအတွက်မူ အဆုံးအစမရှိသော အမှောင်ထုထဲသို့သာ ဦးတည်သွားလေ့ရှိသည်။

မော့ယွင်ရုက ဖျော်ဖြေရေးအတွက် သူမ၏ ဆာလောင်မွတ်သိပ်မှုများဖြင့် သူမကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့သော ကြီးမားသည့် မုန်တိုင်းကြီး တစ်ခုကို ဖန်တီးမပေးမီ အချိန်အထိ ချက်ပြုတ်ခြင်းတာအို မှာလည်း ထိုနည်းတူပင် ဖြစ်ခဲ့သည်။

….

“မော့မော့... ဟေး... မော့မော့... နားထောင်နေရဲ့လား”

“…ငါတို့ ပါတီပွဲ နောက်ကျတော့မယ်။ ကြီးကြပ်ရေးမှူး လဲ့ဝေ့ယွမ်ကို အကြာကြီး စောင့်ခိုင်းထားလို့ မကောင်းဘူး... တကယ်လို့များ သူက ငါတို့ကို မစောင့်ဘဲ ထွက်သွားရင် ငါတို့ ပါတီပွဲနဲ့ လွဲသွားလိမ့်မယ်”

ယန်ချင်းက မော့ယွင်ရု၏ မျက်လုံးရှေ့တွင် သူ၏ လက်များကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“အို... တောင်းပန်ပါတယ်”

မော့ယွင်ရုက ရုတ်တရက် သတိပြန်ဝင်လာပြီး ရှက်ရွံ့စွာပြုံးရင်း ပြောလိုက်သည်။

“ဒါနဲ့... အဲဒီ ကိတ်မုန့်ကို ဘယ်မှာ လုပ်ခိုင်းထားတာလဲ။ တကယ်ကို အသက်ဝင်တာပဲ”

မော့ယွင်ရုက ရှက်ရွံ့မှုများကို ဖုံးကွယ်ရန် စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။

ဆက်လျှောက်ရန် လှည့်လိုက်သော ယန်ချင်းမှာ မော့ယွင်ရု၏ မေးခွန်းကြောင့် လှည့်နေရင်းမှာပင် ရပ်တန့်သွားလေသည်။

“သူမ ရိပ်မိသွားတာလား”

ယန်ချင်းက မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး၊ မော့ယွင်ရု ဘက်သို့ စိုးရိမ်တကြီး လှည့်ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာပေါ်ရှိ ရိုးသားသော အမူအရာကို မြင်လိုက်ရသောအခါ ထိုအတွေးကို အလျင်အမြန် ဖယ်ရှားပစ်လိုက်လေသည်။

“အာ... အဲဒါက ခရီးလှည့်လည်နေတဲ့ စားဖိုမှူး တစ်ယောက်ကို ငါလုပ်ခိုင်းထားတာပါ။ ‘ဝိညာဉ်စွပ်ပြုတ်စားသောက်ဆိုင်’က စားဖိုမှူးတစ်ယောက်က ငါ့ကို သူနဲ့ မိတ်ဆက်ပေးခဲ့တာလေ”

ယန်ချင်းက ရယ်မောရင်း ပြောလိုက်သည်။

“ငါတို့ နောက်ကျတော့မယ် မော့မော့... သေချာ ကိုင်ထားနော်”

ယန်ချင်းက အလျင်အမြန် ပြောလိုက်ပြီး၊ သူ၏လန်ကြုပ်ဇတ်လမ်းထဲမှ ဟာကွက်များကို ရှာမတွေ့မီ သူမကိုအလျင်အမြန်ပင် ဆွဲခေါ်သွားတော့သည်။

နောက်ထပ်မေးခွန်းများ မေးရန် ပြင်နေသော မော့ယွင်ရုမှာ၊ ယန်ချင်းက သူမ၏ လက်ကို ဆွဲကိုင်လိုက်သောအခါ အလျင်အမြန် အေးခဲသွားပြီး နောက်တစ်မိနစ်တွင် သူတို့သည် ကောင်းကင်ယံသို့ ရောက်ရှိသွားကာ မတူညီသော တောင်ကြားလေးခုသို့သွားရာ လမ်းဆုံဆီသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းသွားနေကြောင်းကို သူမ သိလိုက်ရလေသည်။

မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့သည် လမ်းဆုံသို့ ရောက်ရှိသွားကြပြီး ထိုနေရာတွင် လဲ့ဝေ့ယွမ်မှာ သူ၏ လက်များကို နောက်ပစ်ကာ သူတို့ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေလေသည်။

သူသည် မိုင်ပေါင်းများစွာ အကွာကတည်းက သူတို့ကို အာရုံခံမိပုံရပြီး သူတို့ မပေါ်လာမီကတည်းက သူ၏ မျက်လုံးများက သူတို့ လာမည့် အရပ်ဆီသို့ ကြည့်နေလေသည်။

“စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်... ကြီးကြပ်ရေးမှူးလဲ့ဝေ့ယွမ်”

ယန်ချင်းက မော့ယွင်ရုကို ဆွဲခေါ်လာရင်း မြေပြင်ပေါ်သို့ ဆင်းသက်ကာ ပြောလိုက်သည်။

“မင်းတို့ကို ငါ မစောင့်ရပါဘူး။ ငါလည်း ခုလေးတင် ရောက်တာပါ။ ကဲ... သွားကြစို့”

လဲ့ဝေ့ယွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး၊ သူ၏အကြည့်မှာ ဆုပ်ကိုင်ထားဆဲ ဖြစ်သော ယန်ချင်းနှင့် မော့ယွင်ရုတို့၏ လက်များအပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားလေသည်။

လဲ့ဝေ့ယွမ်၏ အကြည့်ကို သတိပြုမိသွားသောအခါမှသာ၊ သူတို့ လက်တွဲထားဆဲ ဖြစ်ကြောင်းကို သတိပြုမိသွားကြပြီး အလျင်အမြန် လွှတ်လိုက်ကြလေသည်။

မော့ယွင်ရု အတွက်ကမူ သူမ၏ စိတ်ထဲတွင် ဘာတွေ ဖြစ်နေသနည်း ဆိုသည်ကို စဉ်းစားရန် အချိန်သိပ်မရလိုက်ပေ။

အဘယ်ကြောင့်ဆိုသော် လဲ့ဝေ့ယွမ်က သူတို့ကို သူ၏ ပိုင်နက်ဖြင့် ဖုံးလွှမ်းလိုက်ပြီးနောက် နယ်မြေအဆင့်များ၏ အိမ်ရာဖြစ်သော မဟူရာတောင်ကြား ရှိရာ အရပ်ဆီသို့ ငွေရောင် အလင်းတန်းတစ်ခုအဖြစ် ပျံသန်းသွားခဲ့သောကြောင့် ဖြစ်သည်။

All Chapters