← Chapters

စံပြနယ်မြေများလား

Vol. 12 Ch. 112

စံပြနယ်မြေများလား

Vol. 12 Ch. 112

မဟူရာတောင်ကြားသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ အဖွဲ့အစည်းဝန်ထမ်းများ နေထိုင်ရာ အပြာရောင်တောင်ကြားနှင့်ဖြစ်စေ နန်းတော်အဆင့်ဝန်ထမ်းများ နေထိုင်ရာ ရွှေရောင်တောင်ကြားနှင့်ဖြစ်စေ လုံးဝ ကွာခြားလေသည်။

အဓိက ကွာခြားချက်တစ်ခုမှာ ထိုတောင်ကြားတွင် နေထိုင်သူ မဟုတ်ပါက ထိုနေရာသို့ ဝင်ရောက်နိုင်ရန်အတွက် နယ်မြေအဆင့်ကျွမ်းကျင်သူ တစ်ဦး၏ လမ်းပြစောင့်ရှောက်မှုကို လိုအပ်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ယန်ချင်းနှင့် မော့ယွင်ရုတို့ နှစ်ဦးစလုံးအတွက် လဲ့ဝေ့ယွမ်၏ လမ်းပြမှု လိုအပ်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

အကယ်၍ သူတို့နှစ်ဦးသာ ကိုယ့်ဘာသာကိုယ် သွားရန် ကြိုးစားခဲ့ပါက၊ အကောင်းဆုံး အခြေအနေမှာ ထိုနေရာတွင် ထာဝရလမ်းပျောက်သွားမည် ဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေမှာ သေဆုံးသွားမည် ဖြစ်သည်။

အခြားသော တောင်ကြားနှစ်ခုတွင် တစ်ဦးတစ်ယောက်၏ တိုကင်ပြားရှိရုံဖြင့် သူတို့၏ နေအိမ်သို့ ဝင်ရောက်နိုင်ပြီး ပင်မလမ်းမကြီးကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုခွင့် ရှိသော်လည်း၊ မဟူရာတောင်ကြား၏ အခြေအနေမှာမူ အလွန် ကွဲပြားခြားနားလေသည်။

အသုံးပြုရန် ပင်မလမ်းမကြီး ဟူ၍ မရှိသလို မျက်တောင်တစ်ခတ်စာ အချိန်တိုလေး အတွင်းမှာပင် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားတတ်သေးသည်။

ရာသီဥတု၊ နေ့အချိန်၊ မြေပြင် အနေအထားများ အပါအဝင် အရာအားလုံးမှာ စက္ကန့်နှင့်အမျှ ပြောင်းလဲနေတတ်သည်။

ဤထူးခြားသော လက္ခဏာရပ်ကြောင့်ပင် မဟူရာတောင်ကြားကို ‘အဆုံးမဲ့ နယ်မြေ’ ဟူ၍လည်း တင်စားခေါ်ဝေါ်ကြလေသည်။

လျင်မြန်စွာ ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် အနေအထားများမှာ မဟူရာတောင်ကြား အတွင်းတွင် ရောင်ပြန်ဟပ်နေသော တစ်စုံတစ်ဦး၏ နယ်မြေဖြစ်နေသောကြောင့်ပင်။

ကောလာဟလများအရ မဟူရာတောင်ကြား၏ ​ဗဟိုချက်အဖြစ်အဖြစ် အသုံးပြုထားသော ထိပ်တန်းသူတော်စင်အဆင့်ရတနာ တစ်ခု ရှိသည်ဟု ဆိုကြသည်။

ထိုနေရာ၏ ချီသိပ်သည်းဆကို တိုးပွားစေခြင်း အပြင် တောင်ကြားအတွင်းရှိ နယ်မြေအဆင့်ကျွမ်းကျင်သူများ၏ နယ်မြေများကို ရောင်ပြန်ဟပ်စေသော အခြားလုပ်ဆောင်ချက် တစ်ခုလည်း ရှိသည်။

၎င်းမှာ ရောင်ပြန်ဟပ်မှု သက်သက်သာ ဖြစ်ပြီး ဖန်တီးလိုက်သော နယ်မြေမှာ အစစ်အမှန်လောက် သေစေနိုင်စွမ်း မရှိသော်လည်း ၎င်း၏ သေစေနိုင်သော အရှိန်အဝါမှာ ရှိနေဆဲပင်ဖြစ်သည်။

အထူးသဖြင့် နယ်မြေအဆင့် အောက်တွင် ရှိသူများအတွက် ပို၍ အန္တရာယ် များလေသည်။

သူတို့သည် ရောင်ပြန်ဟပ်နေသော နယ်မြေများ အတွင်းတွင် ပိတ်မိသွားနိုင်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုများကို ခံစားရနိုင်ချေ ရှိလေသည်။

ထိုရတနာသည် အန္တရာယ် ရှိနေသော်ငြားလည်း မဟူရာတောင်ကြားတွင် ဆက်လက် ရှိနေရခြင်း၏ အကြောင်းရင်းမှာ နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဦးမှလွဲ၍ အခြားသူများအတွက် သေစေနိုင်သော်လည်း နယ်မြေအဆင့်ကျွမ်းကျင်သူများ အတွက်မူ ၎င်းမှာ ကောင်းချီးတစ်ခု ဖြစ်နေသောကြောင့်ပင်။

အဆိုပါရတနာသည် ရောက်ရှိလာသော နယ်မြေအဆင့်ကျွမ်းကျင်သူတိုင်းကို မတူညီသော နယ်မြေအမျိုးအစားများကို ခံစားသိရှိနိုင်စေရန် ကူညီပေးပြီး သူတို့၏ ကိုယ်ပိုင်နယ်မြေများကို ခိုင်မာစေရန်အတွက် ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

….

လဲ့ဝေ့ယွမ်၏ နယ်မြေဖြင့် ဖုံးလွှမ်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ယန်ချင်းနှင့် မော့ယွင်ရုတို့မှာ ဓားတစ်လက် ပုံစံရှိသော ငွေရောင်ကုန်းပြင်မြင့် တစ်ခုပေါ်သို့ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

အေးမြပြီး လေတိုက်ခတ်မှု မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေကာ နယ်မြေအတွင်းရှိ ကောင်းကင်ယံမှာမူ နယ်မြေအတွင်းမှ အစစ်အမှန်လောကကြီးဆီသို့ အပေါက်ဖောက်ထားသော ပြတင်းပေါက် တစ်ခုနှင့် တူနေလေသည်။

လဲ့ဝေ့ယွမ်၏ ကိုယ်ပိုင်နယ်မြေမှ အကာအကွယ်ပေးထားမှုကြောင့် ယန်ချင်းနှင့် မော့ယွင်ရုတို့သည် မဟူရာတောင်ကြား၏ မတူညီသော နယ်မြေများထဲသို့ စုပ်ယူခံရခြင်း မရှိဘဲ ကြည့်ရှုခွင့် ရခဲ့ကြလေသည်။

သူတို့ ရှေ့ဆက်သွားစဉ် လမ်းတစ်လျှောက်တွင် တောင်များ၊ မြစ်များ၊ ကောင်းကင်သို့ ထိုးထွက်နေသော သစ်ပင်မြင့်ကြီးများ၊ ငှက်များ၊ နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငါးများမှအစ ကုန်းနေရေနေသတ္တဝါများ အထိ မတူညီသော အရာများကို မြင်တွေ့ခဲ့ရလေသည်။

သို့သော် သာမန်တိရစ္ဆာန်များနှင့် မတူဘဲ၊ ဤနေရာရှိ တိရစ္ဆာန် တစ်ကောင်ချင်းစီမှာ မြို့တစ်မြို့စာခန့် အရွယ်အစား ရှိကြပြီး လျှပ်စီးများ၊ အပြာရောင်မီးတောက်များဖြင့် ရေချိုးနေသော ဒေါင်းတစ်ကောင် သို့မဟုတ် လေထုကိုပင် လောင်ကျွမ်းစေမတတ် နေမင်းကြီးကဲ့သို့ တောက်ပနေသော ငန်းတစ်ကောင်၊ ထူးဆန်းသည့်မှော်စာလုံးများက သူတို့ကို ဝန်းရံထားလေသည်။

သို့သော် တကယ်ကို ထင်ရှားပေါ်လွင်နေသော နယ်မြေရောင်ပြန်ဟပ်မှု အနည်းငယ် ရှိပြီး ၎င်းတို့က လဲ့ဝေ့ယွမ်၏ အကာအကွယ်အောက်တွင် ရှိနေသည့်တိုင် ယန်ချင်းနှင့် မော့ယွင်ရုတို့ကို ၎င်းတို့၏ စွမ်းအားများအောက်သို့ လွှမ်းမိုးခံရလုနီးပါး ဖြစ်စေခဲ့လေသည်။

၎င်းတို့အနက်မှ တစ်ခုမှာ တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းနေသော ဧရာမမျက်လုံးကြီးတစ်လုံး ဖြစ်သည်။

ထိုမျက်လုံး အတွင်းတွင် ခရမ်းရောင်သူငယ်အိမ်ကို လှည့်ပတ်နေသော ကြယ်အစုအဝေး တစ်ခုရှိပြီး ၎င်းမှာ ဝဲကတော့ တစ်ခုနှင့် တူလေသည်။

ထိုမျက်လုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယန်ချင်းနှင့် မော့ယွင်ရုတို့ နှစ်ဦးစလုံးမှာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ဝဲကတော့ထဲသို့ စုပ်ယူခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။

သူတို့၏ စိတ်ထဲသို့ အေးမြသော ခံစားချက်တစ်ခု စီးဆင်းဝင်ရောက်လာမှသာ သူတို့၏ ကျောပြင်များတွင် ချွေးများ ရွှဲနစ်စွာဖြင့် သတိပြန်လည် လာခဲ့ကြလေသည်။

ထိုမျက်လုံးနှင့် ကြုံတွေ့ပြီးနောက်၊ သူတို့ နှစ်ဦးသည် နယ်မြေများကို ကြည့်ရှုရာတွင် သတိထားရန် ကြိုးစားခဲ့ကြသော်လည်း၊ မိနစ် ၂၀ နီးပါးခန့် မည်သည့်အရာမျှ မဖြစ်လာသောအခါ၊ စာအုပ်နယ်မြေတစ်ခု ပေါ်လာချိန်အထိ သူတို့ကိုယ်သူတို့ မေ့လျော့ကာ မတူညီသော နယ်မြေများကို လိုက်လံကြည့်ရှုနေခဲ့ကြသည်။

အစပိုင်းတွင် စာအုပ်မှာ အထူးအဆန်း မဟုတ်သကဲ့သို့ ထင်ရသော်လည်း မကြာမီမှာပင် ၎င်းသည် ကမ္ဘာကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းထားနိုင်လောက်အောင် ကြီးမားလာပြီး ၎င်း၏ စာမျက်နှာများမှာ ရှေးဟောင်းခေတ်မှ ဗဟုသုတမျိုးစုံကို သိုလှောင်ထားသကဲ့သို့ ထင်ရလေသည်။

စာမျက်နှာများကို စတင် လှန်လိုက်သောအခါ ပညာရှိ တစ်ဦး၏အသံက သရသံ တစ်ခုတည်းကိုသာ ရွတ်ဆိုလိုက်ရာ ယန်ချင်းနှင့် မော့ယွင်ရုတို့၏ စိတ်များ အူဝေသွားစေပြီး သမုဒ္ဒရာ တစ်စင်းစာခန့်ရှိသော ဗဟုသုတများက သူတို့၏ စိတ်ထဲသို့ ချက်ချင်းဆိုသလို စီးဝင်လာလေသည်။

လဲ့ဝေ့ယွမ်၏ အချိန်မီ ဝင်ရောက် စွက်ဖက်မှုသာမရှိပါက သူတို့၏ ဝိညာဥ်များပြိုကွဲသွားနိုင်သည်။

“တစ်နေ့တည်းမှာ စံပြနယ်မြေနှစ်ခုနဲ့ ဆုံတွေ့ရတာ မင်းတို့ ကံကောင်းတယ်လို့ သတ်မှတ်ရမလားကံဆိုးတယ်လို့ သတ်မှတ်ရမလား ငါ မသိတော့ဘူး”

ယန်ချင်းနှင့် မော့ယွင်ရုတို့ သူတို့၏ ခေါင်းထဲမှ အူဝေနေသော အသံများကို ခါထုတ်ပစ်နေစဉ် လဲ့ဝေ့ယွမ်၏ အသံက ထွက်ပေါ်လာလေသည်။

ထိုခဏတာ ထိတွေ့မှုလေးကြောင့်ပင် သူတို့မှာ အလွန်အမင်း မူးဝေပြီး အော့အန်ချင်သကဲ့သို့ ခံစားနေကြရလေသည်။

“စံပြနယ်မြေ ဟုတ်လား...”

သူမရင်းနှီးသော အရာတစ်ခုကို ကြားလိုက်ရသဖြင့် ယန်ချင်းက မူးဝေစွာဖြင့် မေးလိုက်မိလေသည်။

“မင်းက အခုမှ အတောင်အလက် စုံခါစ နန်းတော်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ရှိသေးတယ်။ တချို့ကိစ္စတွေကို မမေးခင် အရင်ဆုံး လမ်းလျှောက်တတ်အောင် သင်ပါ။”

“အမာခံ နန်းတော်အဆင့်ကို မင်း ခြေအစုံချနိုင်တဲ့ အချိန်အထိ စောင့်ပါ။ အဲဒီအခါကျရင် မင်း မေးစရာတောင် မလိုတော့ဘူး...”

“ဘာလို့လဲဆိုတော့ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးနဲ့ ဝိညာဉ်ကောင်စီက မင်းဆီကို ရောက်လာလိမ့်မယ်။”

“ပြီးရင် မင်း သိချင်တာတွေကိုရော အဲဒီထက် ပိုတာတွေကိုပါ မင်း သိရလိမ့်မယ်။”

“ဒါပေမဲ့ အဲဒီအချိန် မရောက်ခင်အထိ မင်းရဲ့ ကျင့်ကြံခြင်းနဲ့ အမှုတွဲတွေကိုပဲ အာရုံစိုက်ပါ။”

“တစ်ခါတလေကျရင် တချို့ကိစ္စတွေကို စောစောစီးစီး သိထားတာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။”

“ ကျင့်ကြံခြင်းဆိုတာ အဆုံးမရှိတဲ့ ခရီးစဉ် တစ်ခုမို့လို့ မင်းကိုယ်မင်း ဖြည်းဖြည်းချင်းပဲ အရှိန်ညှိသွားပါ” ဟု လဲ့ဝေ့ယွမ်က ပြောလိုက်သည်။

လဲ့ဝေ့ယွမ်၏ စကားများက ယန်ချင်းနှင့် မော့ယွင်ရုတို့၏ စိတ်ထဲရှိ သိချင်စိတ်များကို ပြေပျောက်သွားစေရန် အနည်းငယ်မျှသာ ကူညီနိုင်ခဲ့ပြီး မော့ယွင်ရုထက်စာလျှင် ယန်ချင်းက ပို၍ သိချင်နေလေသည်။

အဘယ်ကြောင့်ဆိုသော် မော့ယွင်ရုမှာ အမြူတေဖွဲ့စည်းခြင်းအဆင့်၏ ၇ ဆင့်မြောက် တွင်သာ ရှိသေးသဖြင့် ထိုကိစ္စများမှာ သူမနှင့် အလွန် ဝေးကွာနေသေးသော်လည်း ယန်ချင်း၏ အခြေအနေတွင်မူ နီးကပ်နေပြီ ဖြစ်သည်။

သူသည် ပြင်ပနန်းတော်အဆင့်၏ အစောပိုင်း အဆင့်များတွင်သာ ရှိနေသေးသော်လည်း နန်းတော်အဆင့် အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အခြေခံအားဖြင့် နန်းတော်အဆင့်ကို ပြင်ပနန်းတော် ၊ အတွင်းနန်းတော်နှင့် အမာခံနန်းတော်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။

ဤအဆင့်သုံးဆင့် အသီးသီးကို နောက်ထပ် အဆင့် ၄ ဆင့်စီ ထပ်မံ ခွဲခြားထားသဖြင့်၊ စုစုပေါင်း အဆင့် ၁၂ ဆင့် ရှိလေသည်။

ယန်ချင်းမှာ ပြင်ပနန်းတော်အဆင့်၏ ပထမ အဆင့်တွင် ရှိနေလေသည်။

“ကျောင်းအုပ်ကြီးနဲ့ ဝိညာဉ်ကောင်စီ...” ယန်ချင်းက သူ၏ မျက်နှာပေါ်တွင် ရိုသေလေးစားသော အမူအရာတစ်ခု ပေါ်လာစဉ် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

ထိုအမည် နှစ်ခုကို အဖွဲ့အစည်း တစ်ခုလုံးတွင် အမြင့်ဆုံးသော ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်နိုင်သည်။

ကျောင်းအုပ်ကြီးမှာ အကယ်ဒမီ၏ အကြီးအကဲ ဖြစ်သည်။

သူမကို မြင်တွေ့ရခဲပြီး ဒုတိယကျောင်းအုပ်ကြီးကသာ အကယ်ဒမီနှင့် ပတ်သက်သမျှ အရာအားလုံးကို တာဝန်ယူကိုင်တွယ်သော အမည်ခံအကြီးအကဲ အဖြစ် ရှိနေလေသည်။

ဘွဲ့နှင်းသဘင် ကဲ့သို့သော အကယ်ဒမီ၏ အရေးကြီးသော အခမ်းအနားများတွင်ပင် သူမ မည်သည့်အခါမျှ ပေါ်ထွက်လာခြင်း မရှိပေ။

သူမနှင့် ပတ်သက်၍ ယန်ချင်း သိထားသော တစ်ခုတည်းသော အရာမှာ သူမ၏ အမည်ဖြစ်သော ဆုလီချိုးပင် ဖြစ်သည်။

သို့သော် သူမကို မည်သည့်အခါမျှ မမြင်တွေ့ရသော်ငြားလည်း၊ လူတိုင်းက သူမကို အလွန် ရိုသေလေးစားကြလေသည်။

အကြောင်းရင်းတစ်ခုမှာ အဖွဲ့အစည်း စတင်တည်ထောင်စဉ်က ဌာနမှူးအချို့မှာ သူမ၏တပည့်များ ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်ပြီး၊ အခြား အကြောင်းရင်းတစ်ခုမှာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ဖြစ်သည်။

ဒုတိယကျောင်းအုပ်ကြီး ပင်လျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်ရာ၊ ယန်ချင်း အနေဖြင့် မည်သည့်အဆင့် ဖြစ်သည်ကို မသိသော်လည်း၊ ကျောင်းအုပ်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေမည်မှာ သေချာသည်။

ဒုတိယကျောင်းအုပ်ကြီး ထက်သာ မြင့်မည်ဖြစ်ကာ နိမ့်နေမည် မဟုတ်ကြောင်း ယုံကြည်စိတ်ချစွာ ယူဆနိုင်လေသည်။

ဝိညာဉ်ကောင်စီနှင့် ပတ်သက်၍မူ... ၎င်းမှာ အဖွဲ့အစည်းတစ်ခုလုံး၏ အစစ်အမှန်အုပ်ချုပ်ရေး အာဏာပိုင် ဖြစ်ပြီး အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကို မည်သူမျှ မသိရှိကြပေ။

၎င်း၏ အဖွဲ့ဝင်များနှင့် ပတ်သက်၍ သိထားသော တစ်ခုတည်းသော အရာမှာ အဖွဲ့ဝင်တိုင်းသည် အနည်းဆုံးဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည် ဆိုသောအချက်ပင် ဖြစ်သည်။

သူတို့၏ အာဏာမှာ အဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးထက် သာလွန်ပြီး၊ ကျောင်းအုပ်ကြီး ထက်ပင် လျှို့ဝှက်ချက်များ ပိုမို ဖုံးလွှမ်းနေသော အဖွဲ့အစည်း၏ ဥက္ကဋ္ဌနှင့် တန်းတူ ဖြစ်လေသည်။

ယန်ချင်းမှာ အဆိုပါ ဩဇာကြီးမားသူ နှစ်ဦး ကိုယ်တိုင် ကိုယ်ကျ လာရောက် ပေးပို့ရလောက်အောင် မည်သည့် သတင်းအချက်အလက်မျိုး ဖြစ်မည်ကိုနှင့် ၎င်းက စံပြနယ်မြေ နှင့် မည်သို့ပတ်သက်ဆက်နွယ်နေသနည်း ဆိုသည်ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

မိနစ်အနည်းငယ်ကြာအောင် ခန့်မှန်းချက်မျိုးစုံကို စဉ်းစားခန်း ဝင်ပြီးနောက်၊ သူသည် ထိုကိစ္စကို စိတ်ထဲမှ ဖယ်ထုတ်လိုက်သည်။

အချိန်ကျလာသောအခါ သိရမည်ဖြစ်ပြီး၊ လောလောဆယ်တွင်မူ သူသည် အမာခံနန်းတော်အဆင့်နှင့် အလွန် ဝေးကွာနေသေးလေသည်။

သူတို့ ခရီးပန်းတိုင်သို့ နောက်ဆုံးတွင် ရောက်ရှိရန် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး၊ ထိုအချိန်အတွင်း နောက်ထပ် စံပြနယ်မြေ တစ်ခု ပေါ်ထွက်လာခဲ့သေးသည်။

၎င်းမှာ ဓားများဖြင့် ပြည့်နှက်နေသော တောင်တစ်တောင် ဖြစ်ပြီး၊ ထိပ်ဆုံးတွင် တောင်ကြီးကို ဓားအိမ်အဖြစ် အသုံးပြုထားသကဲ့သို့ ဓားလက်ကိုင်ကိုသာ မြင်ရသော ဓားရှည် တစ်လက် ရှိလေသည်။

ဓားလက်ကိုင်ကို အဖြူရောင် ဖဲကြိုး တစ်ခုဖြင့် ရစ်ပတ်ထားပြီး ‘သာတူညီမျှ’ဟူသော စာလုံးများကို ရိုက်နှိပ်ထားလေသည်။

၎င်းပေါ်လာသည်နှင့် တစ်ပြိုင်နက် လဲ့ဝေ့ယွမ်၏ တုံ့ပြန်မှုမှာ ယခင်ကထက် ပိုမို ပြင်းထန်ခဲ့ပြီး၊ ထိုထက်ပို၍ မမြင်နိုင်မီ သူ၏ နယ်မြေအတွင်းမှ အမြင်အာရုံကို ပိတ်ချပစ်လိုက်လေသည်။

သို့သော် ထိုခဏတာ အကြည့်လေးကပင် မော့ယွင်ရုကို သတိလစ်သွားစေခဲ့ပြီး စက္ကန့်အနည်းငယ် အကြာတွင် သူမပြန်လည် နိုးထလာလေသည်​။

သူမ၏ ဘဝတွင် အကြောက်စရာအကောင်းဆုံး အရာကို မြင်လိုက်ရသကဲ့သို့ ဖြူရော်သော မျက်နှာဖြင့် ရှိနေလေသည်။

ယန်ချင်းမှာမူ ချောင်ပိတ်ဖမ်းခံထားရသော တိရစ္ဆာန် တစ်ကောင်ကဲ့သို့ အသက်ရှူမဝ ဖြစ်နေပြီး သူ၏ အစိမ်းရောင်ဆံပင်များမှာ တစ်ဝက်ကအဖြူရောင် တစ်ဝက်ကလိမ္မော်ရောင် အဖြစ် ပြောင်းလဲသွားကာ၊ မျက်လုံးတစ်ဖက်က လမင်းကြီးနှင့် တူနေပြီး ကျန်တစ်ဖက်က နေမင်းကြီးနှင့် တူနေလေသည်။

လဲ့ဝေ့ယွမ်က သူ၏ နယ်မြေကို ရုပ်သိမ်းလိုက်ပြီး သူတို့ ရောက်ရှိပြီဟု ပြောလိုက်သည့်တိုင်အောင် သူတို့ နှစ်ဦးမှာ ဓားတောင်ကြီး ပေါ်လာမည်ကို ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာ လိုက်လံကြည့်ရှုနေဆဲပင် ဖြစ်သည်။

All Chapters