လက်ဆောင်ပေးခြင်းနှင့် ဖီးနစ်ပြာများ ပေါ်ထွက်လာခြင်း
Vol. 12 Ch. 119
ယန်ချင်းသည် ထိုအကြောင်းအရာကို မည်သို့စတင်ပြောဆိုရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ဌာနမှူးကျူးလောင်က သူ၏လက်ထဲရှိ ရွှံ့စေးကျောက်စာချပ်ကို စေ့စေ့စပ်စပ် အကဲခတ်နေသည်ကို သတိပြုမိလိုက်သည်။
“မင်းဆီမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းလေးတစ်ခု ရှိနေပါလား ချင်းလေး။”
ဌာနမှူးကျူးလောင်က လက်ထဲရှိ ကျောက်စာချပ်ပေါ်မှ အကြည့်မခွာဘဲ တောက်ပသောမျက်လုံးများဖြင့် ပြောလိုက်သည်။
ယန်ချင်း သတိမထားမိခဲ့သောအချက်မှာ ဤနေရာရှိ မုန့်ချောင်၊ ဆေးဝါးတောင်ကြား၏ ဒုတိယခန်းမသခင် ရန်ရှု၊ ယွီဟွေ့ဖန်၏ မိဘများ၊ ချူကျန်း၊ အစီအရင်ခန်းမ၏ ခန်းမသခင် လင်းမေ့မေ့နှင့် နောက်ဆုံး ဌာနမှူးကျူးလောင်တို့ အားလုံးသည် ထိုကျောက်စာချပ်ကို ယန်ချင်း၏လက်ထဲ၌ စတင်မြင်တွေ့လိုက်ရကတည်းက အကဲခတ်စစ်ဆေးနေခဲ့ကြခြင်း ဖြစ်သည်။
၎င်းမှာ သူတို့ လာရောက်မနှုတ်ဆက်မီကတည်းက ဖြစ်သည်။
“တောင်းပန်ပါတယ် ဌာနမှူးကျူးလောင်... ကျွန်တော်တောင် မေ့နေတာ။ ဒါကို ဌာနမှူးအတွက် လက်ဆောင်အနေနဲ့ ယူလာခဲ့တာပါ။”
“ကျွန်တော့်ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါ... ဒါလေးပဲ ကျွန်တော် တတ်နိုင်လို့ပါ။”
ယန်ချင်းက ရိုသေကျိုးနွံသော အမူအရာဖြင့် လက်နှစ်ဖက်စလုံးကို အသုံးပြုကာ ရွှံ့စေးကျောက်စာချပ်ကို ကမ်းပေးရင်း နှိမ့်ချစွာ ပြောလိုက်သည်။
ထိုအရာက အချက်ပြလိုက်သကဲ့သို့ ကျန်သူများကလည်း သူတို့၏ လက်ဆောင်များကို စတင် ပေးအပ်လာကြသည်။
မုန့်ချောင်သည် ဘဲဥပုံစံ အနက်ရောင်ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုကျောက်မျက်ရတနာအတွင်းတွင် မီးခိုးရောင် အခိုးအငွေ့တစ်ခုရှိပြီး ၎င်းမှာ ငွေရောင်အတောင်ပံများပါရှိသော မျက်ကန်းမီးခိုးရောင် ဝေလငါးတစ်ကောင်အဖြစ် တစ်ခါတစ်ရံ ပြောင်းလဲသွားတတ်သည်။
“ဒီကျောက်မျက်ရတနာကို မုန်တိုင်းပင်လယ်ထဲကနေ ကျွန်တော် ရှာတွေ့ခဲ့တာပါ။ ကြည့်ရတာ ငွေရောင်အစင်းကျားဝေလငါးရဲ့ အရှိန်အဝါနဲ့ အနှစ် ၅၀,၀၀၀ နီးပါးလောက် အားဖြည့်ပေးထားပုံရတယ်။”
“ငွေရောင်အစင်းကျားဝေလငါးက ဝိညာဉ်သားရဲ မဟုတ်နိုင်ပေမဲ့ သူ့ရဲ့အရှိန်အဝါကို ကြည့်ရတာတော့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ခါနီး အနေအထားမှာ ရှိနေခဲ့တဲ့ကောင် ဖြစ်ရမယ်။”
“အစ်ကိုကျူးလောင်သာဆိုရင်တော့ ဒီအထဲကနေ အကျိုးအမြတ်တွေ အများကြီး ထုတ်ယူနိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်။”
မုန့်ချောင်က အနက်ရောင်ကျောက်မျက်ရတနာကို ကမ်းပေးရင်း ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ညီလေးမုန့်ချောင်။ ကျုပ်လည်း မင်းကို တစ်ခုခု ပြန်ပေးသင့်တယ်။”
“ကြည့်ရတာ ကျုပ် တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ မင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထဲကို ခြေတစ်လှမ်းဝက်လောက် လှမ်းနိုင်ခဲ့ပြီ ထင်တယ်။”
“ကျုပ်လည်း နည်းနည်းလောက် အားထုတ်မှရတော့မယ်... မဟုတ်ရင် မကြာခင် ကျော်တက်ခံရတော့မယ်။”
ဌာနမှူးကျူးလောင်က သူ၏ သိုလှောင်လက်စွပ်ထဲမှ သစ်သားအမိန့်စာလိပ်ငယ်တစ်ခုကို ထုတ်ယူရင်း ပြောလိုက်သည်။
“အစ်ကို ကျူးလောင်ကလည်း နောက်နေပြန်ပါပြီ။” မုန့်ချောင်က ညင်သာစွာ ပြုံးရင်း ပြောလိုက်သည်။
ဌာနမှူးကျူးလောင်သည် သူ ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ကြောင်းကို သူတို့၏အသိုင်းအဝိုင်းကြားတွင် အားလုံး သိထားကြသည်။
သူသည် လွန်ခဲ့သော နှစ် ၁၀၀ ကျော်ကတည်းက ထိုသို့ ပြုလုပ်နိုင်ရန် အရည်အချင်း ပြည့်မီနေခဲ့ပြီ ဖြစ်သော်လည်း သူက ထိုသို့မလုပ်ရန် ရွေးချယ်ခဲ့ပြီး သူ၏နယ်မြေကို အမြင့်ဆုံးကန့်သတ်ချက်အထိ ထပ်မံသန့်စင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နယ်မြေအဆင့်မှ ပေးစွမ်းနိုင်သော အဆုံးအစမရှိသည့် လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရန်ဖြစ်သည်။
“ရော့... မင်း ဒါကို ယူထားလိုက်ပါ။ ဒါလေးနဲ့အတူ ကျင့်ကြံလေလေ မင်းရဲ့ဝိညာဉ်ကို ပိုပြီး ခိုင်မာလာစေဖို့ ကူညီပေးလိမ့်မယ်။”
ဌာနမှူး ကျူးလောင်က ‘ပင်လယ်က ခြောက်ခြားနေပေမဲ့ ကုန်းမြေကတော့ မတုန်မလှုပ် ရှိနေဆဲပဲ’ ဟု စာသားများ ရေးထိုးထားသော အနက်ရောင်သစ်သားအမိန့်စာလိပ်လေးကို ပေါ့ပေါ့ပါးပါး ကမ်းပေးရင်း ပြောလိုက်သည်။
ထိုအမိန့်စာလိပ်မှာ ၎င်း၏အစွန်းတစ်ဖက်တွင် ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ကျိုးပဲ့သွားသကဲ့သို့ ဖြစ်နေသည်။
ထိုသစ်သားအမိန့်စာလိပ်၏ လုပ်ဆောင်ချက်ကို သိရှိရန် ယန်ချင်းအတွက် အချိန်ကြာကြာ မယူခဲ့ရပေ။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ဝိညာဉ်မှာ လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ဝိညာဥ်ပင်လယ်မှာ စိတ်လှုပ်ရှားစွာဖြင့် လှုပ်ခတ်လာကာ စိတ်ဝိညာဉ်မှာလည်း အနည်းငယ်သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအရာများမှာ သစ်သားအမိန့်စာလိပ်ကို အပေါ်ယံမျှသာ ကြည့်လိုက်ရုံဖြင့် ရရှိသော အကျိုးသက်ရောက်မှုများသာ ဖြစ်သည်။
၎င်းကို မြင်သောအခါ မုန့်ချောင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
ယွီဟွေ့ဖန်၊ မော့ယွင်ရုနှင့် ယန်ချင်းတို့မှလွဲ၍ ကျန်သူများအားလုံးမှာ ထိုအမိန့်စာလိပ်ကို မြင်သောအခါ ရှုပ်ထွေးသော အမူအရာများ ပေါ်ထွက်လာခဲ့ကြသည်။
“ဒါကိုပေးချင်တာ သေချာရဲ့လား အစ်ကိုကျူးလောင်။” မုန့်ချောင်က မျက်နှာပေါ်တွင် စိုးရိမ်သောအမူအရာများ ပေါ်လာရင်း မေးလိုက်သည်။
“သေချာပါတယ်။ ဒါက ကိရိယာတစ်ခုသက်သက်ပါပဲ... ပြီးတော့ တစ်ယောက်ယောက်ကို အကူအညီ ဖြစ်စေနိုင်တယ်ဆိုရင် ကျုပ် ဝမ်းသာအားရ ပေးမှာပါ။”
“သူသာဆိုရင်လည်း ဒီလိုမျိုး ဖြစ်စေချင်မှာပဲ... ပြီးတော့ ကျုပ်ဆီမှာ သူ့ကို အမှတ်ရစရာ တခြားပစ္စည်းတွေ အများကြီး ရှိပါသေးတယ်။”
“ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက သူပြန်ပေါ်လာတော့မယ်ဆိုတာကို ကျုပ် ဘာလို့ ခံစားနေရမှန်းတော့ မသိဘူး။”
“သူ ပြန်လာတဲ့အခါ... ငါတို့ တခြား လျှို့ဝှက်ဆန်းကြယ်နယ်မြေတွေ၊ အဆုံးမဲ့ရတနာပင်လယ်ဆီကို သွားပြီး ပစ္စည်းတွေ သွားရှာကြတာပေါ့... ဒါမှမဟုတ် မြင့်မြတ်နယ်မြေတွေထဲကို ခိုးဝင်ချင်လည်း ဝင်ကြတာပေါ့။”
ဌာနမှူးကျူးလောင်က သူ၏မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ... ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျူးလောင်။” မုန့်ချောင်က အမိန့်စာလိပ်ကို ယူရင်း လေးနက်စွာ ပြောလိုက်သည်။
အခြားသော နယ်မြေကျွမ်းကျင်သူများမှာ ဌာနမှူးကျူးလောင်၏ စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားသော အမူအရာများ ရှိနေကြပြီး အများစုမှာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အယောင်များပင် ရှိနေကြရာ အထူးသဖြင့် ဒုတိယဌာနမှူးယွီလုံပင် ဖြစ်သည်။
ယန်ချင်း၊ မော့ယွင်ရုနှင့် ယွီဟွေ့ဖန်တို့ သုံးဦးမှာမူ ယခုလေးတင် ဘာတွေ ဖြစ်သွားသနည်းဆိုသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သို့သော် ထိုခဏတာ အချိန်လေးအတွင်း ပေါ်ထွက်လာသော လေးနက်သည့်လေထုကို သူတို့ အာရုံခံမိလိုက်ကြသဖြင့် မည်သူကမျှ ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်ထပ် လက်ဆောင်ပေးသူမှာ ဒုတိယခန်းမသခင်ရန်ရှု ဖြစ်သည်။ သူသည် ဝါးစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
စာလိပ်ထဲတွင် မပြည့်စုံသော ကျင့်စဉ်တစ်ခုကို မှတ်တမ်းတင်ထားပြီး ငှက်ပျောဖက်များဖြင့် ပြုလုပ်ထားသော တံဆိပ်ခတ်နှိပ်မှုတစ်ခုလည်း ပါရှိသည်။
၎င်းကို မြင်သောအခါ အရုပ်အသစ်ရလိုက်သော ကလေးငယ်တစ်ဦးကဲ့သို့ ဌာနမှူးကျူးလောင်၏ မျက်လုံးများ တောက်ပသွားသည်။
သို့သော် သူသည် ၎င်းကို သိမ်းဆည်းလိုက်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားလိုက်သည်။
ကျန်ဧည့်သည်များကလည်း လက်ဆောင်များ ပေးနေသည်ကို သတိပြုမိသွားပုံရသဖြင့် သူတို့လည်း အနားသို့ ရောက်လာကြပြီး မကြာမီမှာပင် ယန်ချင်း ရှိနေသောနေရာမှာ ပါတီပွဲ၏ ဗဟိုချက်မ ဖြစ်လာလေသည်။
သူတို့၏ အပြန်အလှန် စကားပြောဆိုမှုများမှတစ်ဆင့် ပါတီပွဲသို့ ရောက်ရှိနေသော နန်းတော်အဆင့်အဖွဲ့ဝင်အချို့မှာ ဌာနမှူးကျူးလောင်၏ တပည့်ဟောင်းများ ဖြစ်ကြောင်း ယန်ချင်း သိရှိလိုက်ရသည်။
သူတို့အများစုမှာ နန်းတော်အဆင့်၏ နောက်ဆုံးအဆင့်များတွင် ရှိနေကြသည်။
ဒုတိယထောင်မှူးမှာလည်း မယောင်မလည်ဖြင့် အနားသို့ ရောက်လာခဲ့သည်။
သူ၏ အေးစက်သော အသွင်အပြင် ရှိနေသော်ငြားလည်း သူ၏လေသံမှာ ညင်သာနေသည်ကို တွေ့ရသဖြင့် ယန်ချင်းမှာ အံ့အားသင့်သွားခဲ့ရသည်။
သူ၏အမည်မှာ ရှောင်အန်း ဖြစ်သည်။ သူသည် ဌာနမှူးကျူးလောင်၊ မုန့်ချောင်တို့နှင့် အလွန် ရင်းနှီးလေသည်။
အံ့ဩစရာကောင်းသည်မှာ သူသည် အဖွဲ့အစည်းတစ်ခုလုံး၌ အသက်အငယ်ဆုံး ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့်တဝက် ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်ကြောင်းကိုလည်း သိရှိလိုက်ရသည်။ သူသည် နှစ် ၃၀၀ အတွင်းတွင် ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ငြိမ်းချမ်းရာမဲ့အကျဉ်းထောင်တွင် သူ၏ဝန်ဆောင်မှုများကို မလိုအပ်ခဲ့ပါက ဝိညာဉ်ကောင်စီသို့ ဝင်ရောက်ရန် ရွေးချယ်ခံရမည် ဖြစ်သည်။
သူ၏လက်ဆောင်ကို ထုတ်ပြလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ရှိနေသော မက်မွန်ပန်းပွင့်လေးပင် တုန်ခါသွားသည်။
သူ့ထံတွင် အနီရောင် သစ်သားသေတ္တာငယ်တစ်လုံး ရှိပြီး ၎င်း၏အတွင်းတွင် မီးခိုးရောင်ပြာများဖြင့် တစ်ဝက်ခန့် ပြည့်နေသည်။
ထိုပြာများထံမှ အနည်းငယ်ပူနွေးသော အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း ထင်ရှားသောအရာမှာ သေတ္တာကို ဖွင့်လိုက်သောအခါ ထွက်ပေါ်လာသည့် မြူခိုးများကဲ့သို့ ကျက်သရေရှိသော ချီများပင် ဖြစ်သည်။
ကျက်သရေရှိသော ချီများနှင့်အတူ တော်ဝင်ဆန်သော ငှက်၏အော်သံ သဲ့သဲ့လေးလည်း ထွက်ပေါ်လာသည်။ ၎င်းတွင် အလွန်များပြားလှသော အသက်စွမ်းအင်များလည်း ပါဝင်နေသည်။
၎င်းမှာ ဖီးနစ်ပြာဖြစ်ကြောင်း ယန်ချင်း သိရှိသွားသည်။
ထိုပြာများမှာ ဖီးနစ်ငှက်တစ်ကောင်က ၎င်း၏မီးတောက်များထဲမှ တစ်ဖန် ပြန်လည်မွေးဖွားလာချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒုတိယထောင်မှူးရှောင်အန်းအနေဖြင့် ဤမျှ တန်ဖိုးမဖြတ်နိုင်သောအရာကို မည်သို့ ရရှိခဲ့သနည်းဆိုသည်ကို သူ စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေသည်။
တစ်ချက်မှာ သူသည် ငြိမ်းချမ်းရာမဲ့ အကျဉ်းထောင်တွင် အမြဲတမ်း တာဝန်ကျနေသူဖြစ်ပြီး အခြားတစ်ချက်မှာ ဖီးနစ်ပြာအကြောင်း သိရှိခြင်းနှင့် ၎င်းကို အမှန်တကယ်ရရှိခြင်းမှာ လုံးဝကွာခြားသော ကိစ္စရပ်နှစ်ခု ဖြစ်သောကြောင့်ပင်။
ဖီးနစ်ငှက်တစ်ကောင်သည် ဥမှပေါက်ကတည်းက နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အခြေခံစွမ်းအားရှိပြီး ၎င်းမှာ ဝိညာဉ်ကိုပါ လောင်ကျွမ်းစေနိုင်သော သူ၏မီးတောက်များ၊ မည်သည့် ဧကရာဇ်အဆင့် မှော်လက်နက်ထက်မဆို ပိုမိုမာကျောသော သူ၏အမွေးအတောင်များနှင့် လက်သည်းများ၊ မတူညီသော တာအိုများအပေါ် သူ၏ သဘာဝရင်းနှီးကျွမ်းဝင်မှု အစရှိသော အခြားစွမ်းဆောင်ရည်အားလုံးကို ထည့်မတွက်ရသေးပေ။
ထို့ကြောင့် ၎င်း၏ပြာကို ရယူရန်ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
အဘယ်ကြောင့်ဆိုသော် အရွယ်ရောက်ပြီးသော ဖီးနစ်ငှက်များသာ မီးတောက်များဖြင့် တစ်ဖန် ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်နိုင်သောကြောင့်ဖြစ်ပြီး သူတို့ ထိုသို့ပြုလုပ်သည့် အချိန်တိုင်းမှာလည်း ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်နေချိန်နှင့် ပြင်းထန်သောဒဏ်ရာများမှ ပြန်လည်သက်သာလာရန် ကြိုးစားနေချိန်တို့တွင်သာ ဖြစ်သည်။
ထိုအခြေအနေ နှစ်ခုစလုံးတွင် ဖီးနစ်ငှက်များမှာ အလွန် သတိထားနေလေ့ရှိပြီး အမြဲတမ်း တင်းမာနေလေ့ရှိရာ ထိုသို့သော အခြေအနေမျိုးတွင် ပြာတစ်မီလီဂရမ်ခန့်ကို ရယူရန် ကြိုးစားခြင်းကပင် သေဆုံးနိုင်ခြေ အလွန်များသော မဖြစ်နိုင်သည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
ကျွမ်းကျင်သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းကို ရရှိရန် အလွန်ခက်ခဲမည်ဖြစ်ရာ ဒုတိယထောင်မှူး ရှောင်အန်းက ၎င်းကို မည်သို့ရရှိခဲ့သနည်းဆိုသည်ကို ယန်ချင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
သို့သော် ဖီးနစ်ပြာကို ရရှိရန် အခက်အခဲများနှင့် အန္တရာယ်များစွာ ရှိနေသည့်တိုင် ကျင့်ကြံသူအများအပြားမှာ ၎င်းကို ရရှိရန် သူတို့၏ အသက်များကိုပင် စတေးရဲကြသည်။
အကြောင်းရင်းများအနက်မှတစ်ခုမှာ ၎င်း၏ မြင့်မားသော အသက်စွမ်းအင်ကြောင့် သေလုမျောပါး ဖြစ်နေသူတစ်ဦးကိုပင် အသက်ပြန်ရှင်လာစေနိုင်သော ၎င်း၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။
အသက်ရှူနေသေးသရွေ့ မည်မျှပင်ပြင်းထန်သောဒဏ်ရာ ရရှိထားစေကာမူ ဖီးနစ်ပြာဖြင့် အသက်ကိုကယ်တင်နိုင်ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည်မှာ သေချာပေသည်။
ထိုအရာမှာ လူအများစု သိထားကြသော အသုံးဝင်မှုများထဲမှ တစ်ခုသာဖြစ်ပြီး ထိုပြာများမှတစ်ဆင့် တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဖီးနစ်မီးတောက်များကို ဆွဲထုတ်ကာ ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို သန့်စင်ရာတွင် အသုံးပြုခြင်းကဲ့သို့သော ရွေးချယ်ခံရသူ အနည်းငယ်သာ သိရှိသော အခြားလျှို့ဝှက် အသုံးဝင်မှုများလည်း များစွာ ရှိသေးသည်။
“ဒါက... ညီလေး ရှောင်...”
ဒုတိယထောင်မှူး ရှောင်အန်းက မတားဆီးမီတွင် ဌာနမှူးကျူးလောင်မှာ ဘာပြောရမှန်း မသိဖြစ်သွားပြီး လက်ဆောင်ကိုပင် ပြန်ပေးလိုစိတ် ပေါ်လာခဲ့သည်။
“အဲဒီလို လုပ်စရာ မလိုပါဘူး။ ကျွန်တော့်အတွက် ဒါက အသုံးမဝင်ပါဘူး... ပြီးတော့ တခြားလူတွေနဲ့ မတူဘဲ ကျွန်တော့်အတွက်ဆိုရင် ဒါကို ရဖို့က သိပ်မခက်ခဲဘူးလေ။”
“အစ်ကို ပြောသလိုပဲ တခြားတစ်ယောက်ယောက်အတွက် အကူအညီ ဖြစ်စေနိုင်တယ်ဆိုရင် ဘာလို့ မသုံးရမှာလဲ...”
“အခု သူ့အခြေအနေမှာ အသုံးဝင်မဝင် ကျွန်တော် မသေချာပေမဲ့ စမ်းကြည့်လို့တော့ ရတာပဲလေ... ပြီးတော့ သူ့ကို မြန်မြန် ပြန်ပေါ်လာအောင် ကူညီပေးနိုင်မယ်ဆိုရင် ခင်ဗျား ဒါကို ပိုပြီး ယူထားသင့်တာပေါ့။”
“ဒါပေမဲ့ အစ်ကိုက ပြန်ပေးဖို့ပဲ အတင်းပြောနေဦးမယ်ဆိုရင်တော့... ကျွန်တော် ဒါကို အစ်ကို ရန်ရှုဆီ လှူလိုက်မှာနော်။”
“ဆေးဝါးတောင်ကြားက အဲဒါကို မြေဩဇာအဖြစ် သုံးပြီး တန်ဖိုးကြီးတဲ့ အထွတ်အမြတ်အဆင့် ဆေးပင်တွေ စိုက်ပျိုးဖို့ပဲ ပေးလိုက်တော့မယ်။”
ဒုတိယထောင်မှူး ရှောင်အန်းက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
ဌာနမှူးကျူးလောင်မှာ ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယထောင်မှူး ရှောင်အန်းသည် နောက်နေခြင်းမဟုတ်ဘဲ တကယ် လုပ်ပစ်နိုင်မှန်း သူ သိထားသောကြောင့် ဖြစ်သည်။
“ဒါဆိုရင်တော့ ကျုပ်က မျက်နှာပြောင်တိုက်ပြီး လက်ခံရတော့မှာပေါ့။ ကျေးဇူးအများကြီးတင်ပါတယ် ညီလေးရှောင်အန်း။”
ဌာနမှူးကျူးလောင်က လေးနက်စွာ ပြောလိုက်သည်။
ထိုနေရာတွင် ရှိနေသူအားလုံးက သူတို့၏ လက်ဆောင်များကို ပေးအပ်ပြီးသည်အထိ လက်ဆောင်ပေးခြင်း အစီအစဉ်မှာ အချိန်အတော်ကြာ ဆက်လက် ဖြစ်ပွားခဲ့သည်။
အဆုံးတွင် ဌာနမှူးကျူးလောင်မှာ မျက်နှာတစ်ခုလုံး ပြုံးဖြီးနေပြီး ယန်ချင်းမှာမူ မနာလိုစိတ်ဖြင့် မျက်နှာတစ်ခုလုံး စိမ်းဖန့်နေသည်။
ထို့နောက် သူ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သော်လည်း အစားအသောက် လုံးဝ မတွေ့ရသေးသဖြင့် သူ၏ စိတ်အခြေအနေမှာ ပိုမိုဆိုးရွားသွားပြန်လေသည်။
“ကဲ... ဒါဆိုရင်... လူငယ်လေးယန်ချင်း... မင်းဆီမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းလေး ရှိနေတာပဲ။”
ဌာနမှူး ကျူးလောင်သည် ရွှံ့စေးကျောက်စာချပ်ပေါ်ရှိ အက္ခရာအမှတ်တံဆိပ် မှော်စာလုံးများကို အသေအချာ အကဲခတ်ရင်း ပြောလိုက်သည်။
သူ လက်ခံရရှိခဲ့သော အခြားလက်ဆောင်များကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားပြီးဖြစ်ရာ ၎င်းမှာ သူ၏လက်ထဲတွင် ကျန်ရှိနေသော တစ်ခုတည်းသော လက်ဆောင်ဖြစ်သည်။
၎င်းကို သိုလှောင်လက်စွပ်များထဲတွင် သိမ်းဆည်း၍မရအောင် တားဆီးထားသည့် ယန္တရားအချို့ကြောင့်အပြင် ဌာနမှူး ကျူးလောင်ကိုယ်တိုင်ကလည်း ၎င်းကို တော်တော်လေး စိတ်ဝင်စားနေသောကြောင့် ကိုင်ထားဆဲ ဖြစ်သည်။
“ဒါလေးကို မင်း ဘယ်က ရှာတွေ့ခဲ့တာလဲ ချင်းလေး။” ဌာနမှူး ကျူးလောင်က မေးလိုက်သည်။
“ အလွတ်ဈေးတန်းက ကျင့်ကြံသူတစ်ယောက်ရဲ့ ဆိုင်ခန်းကနေ ရှာတွေ့ခဲ့တာပါ။”
ဌာနမှူးကျူးလောင်က သူ့ကို ‘ချင်းလေး’ ဟု အဘယ်ကြောင့် ခေါ်နေသနည်းဟူသောအချက်ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ရင်း ယန်ချင်းက ပြန်ဖြေလိုက်သည်။
“တကယ်ကြီးလား...” ကျူးလောင်က မျက်လုံးများ ပြူးကျယ်သွားရင်း မေးလိုက်သည်။
“ဟုတ်... တကယ်ပါ။” ကျူးလောင်၏ ဆွံ့အသွားသော တုံ့ပြန်မှုကြောင့် ယန်ချင်းက ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်သည်။
“တောက်စ်... တချို့လူတွေက တကယ် ကံကောင်းတာပဲ။” ကျူးလောင်က လေသံထဲတွင် မကျေနပ်မှု အနည်းငယ် ပါဝင်နေရင်း မနာလိုစွာဖြင့် ပြောလိုက်သည်။
“ကဲ... ချင်းလေး... ကြည့်ရတာ မင်းက ရှေးဟောင်းခေတ်က အကြွင်းအကျန်တစ်ခုကို ရှာတွေ့ခဲ့တာပဲ။”
ကျူးလောင်၏ မျက်လုံးများထဲတွင် ထူးဆန်းသော မှော်စာလုံးများ တောက်ပလာပြီး ရွှံ့စေးကျောက်စာချပ်ကို စစ်ဆေးနေရင်း ပြောလိုက်သည်။