အမွေအနှစ်များ
Vol. 12 Ch. 120
“ရှေးဟောင်းမျိုးနွယ်တွေ ဟုတ်လား။”
ယန်ချင်းက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
ထိုစကားလုံးနှင့်ပတ်သက်၍ သူ သိထားသည်မှာ အလွန်နည်းပါးပြီး ရှေးဟောင်းသုတေသနနှင့် သမိုင်းသုတေသန ပြုလုပ်စဉ်ကသာ ကြုံဖူးခဲ့ခြင်း ဖြစ်သည်။
မတူညီသော ကျင့်ကြံခြင်းနည်းစနစ် အမျိုးမျိုးမှာ သူတို့ဆီမှ ဆင်းသက်လာပုံရပြီး ယန်ချင်း ဖတ်ရှုခဲ့ရသော မှတ်စုတိုလေးများမှတစ်ဆင့် ခန့်မှန်းရသလောက် မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူတို့၏မျိုးနွယ်စုမှာ အမည်မသိ ဖြစ်နေခဲ့သည်။
ထိုအရာများမှလွဲ၍ သူ သိပ်မသိသောကြောင့် ကျူးလောင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ခြင်းဖြစ်သည်။
“သူက လျှို့ဝှက်ဆန်းကြယ်ဖြစ်အောင် ရည်ရွယ်ချက်သက်သက်နဲ့ စကားတစ်ခွန်းကို ပြောပြီး အဆုံးမသတ်ဘဲ ဒီတိုင်းထားခဲ့တာမျိုးတော့ မလုပ်လောက်ပါဘူးနော်။”
ယန်ချင်းက တွေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူ့ကို နားထောင်နေသူများ၏ ဒေါသနှင့် မုန်းတီးမှုကို ရရှိစေခဲ့သော ထိုလှည့်ကွက်မျိုးကို သူကိုယ်တိုင် အကြိမ်အနည်းငယ် အသုံးပြုခဲ့ဖူးသောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျူးလောင်က ထိုသို့မလုပ်ခဲ့ပေ။
သူသည် ရွှံ့စေးကျောက်စာချပ်ကို စိတ်ဝင်တစား အနီးကပ် ဆက်လက် စစ်ဆေးနေရင်း စကားဆက်ပြောခဲ့သည်။
“ရှေးဟောင်းမျိုးနွယ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက စာကြည့်တိုက်က စာအုပ်တွေထဲမှာဖြစ်စေ၊ အကယ်ဒမီက သင်ရိုးညွှန်းတမ်းတွေထဲမှာဖြစ်စေ အရမ်းနည်းပါးနေတာကို မင်းတို့ သတိထားမိကြမှာပါ။”
“အဲဒါက တိုက်ဆိုင်မှု မဟုတ်ဘဲ တမင်သက်သက်လုပ်ထားတာ။ ပြီးတော့ အဲဒါက ငါတို့ဆီမှာတင် မဟုတ်ဘဲ တခြား အဖွဲ့အစည်းတွေမှာလည်း အဲဒီလိုပဲ စောင့်ကြည့်ထိန်းချုပ်ထားတာပဲ။”
ကျူးလောင်က သူ၏အကြည့်များ စူးရှသွားကာ ပြောလိုက်သည်။
ထို့နောက် သူသည် နေရာတွင်ရှိနေသော မုန့်ချောင်၊ ရန်ရှု၊ ဒုတိယထောင်မှူးရှောင်အန်း၊ ယွီဟွေ့ဖန်၏ မိဘများ၊ ချူကျန်းနှင့် အခြားသောနယ်မြေအဆင့် နောက်ဆုံးအဆင့် ကျွမ်းကျင်သူအနည်းငယ် အပါအဝင် နယ်မြေအဆင့် ကျွမ်းကျင်သူအချို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
သူတို့အားလုံး အပြန်အလှန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့၏ လက်ဝါးများကို ကောင်းကင်သို့ မြှောက်လိုက်ကြသည်။
ယန်ချင်း၊ မော့ယွင်ရုနှင့် ယွီဟွေ့ဖန်တို့ အုပ်စုမှာ သူတို့၏ စီနီယာများ ဘာလုပ်ရန် စီစဉ်နေကြသနည်းဆိုသည်ကို နားမလည်နိုင်အောင် ဆွံ့အသွားသော အကြည့်များဖြင့် ကြည့်နေကြသည်။
နယ်မြေကျွမ်းကျင်သူ တစ်ဦးစီ၏ လက်များမှ ရှုပ်ထွေးသော မှော်တံဆိပ်များ ထွက်ပေါ်လာပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ နောက်ဆုံးတွင် ခေါင်မိုးအထိ မြင့်တက်သွားသော ကြယ်ရောင်ရေလှိုင်းကန့်လန့်ကာတစ်ခု ဖြစ်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံးကို အမိုးခုံးတစ်ခုကဲ့သို့ ဖုံးလွှမ်းသွားလေသည်။
အမိုးခုံး အပြည့်အဝ ဖြစ်ပေါ်သွားပြီးမှသာ ကျူးလောင်က သူ၏ ရှင်းလင်းချက်ကို ပြန်လည်စတင်လိုက်သည်။
“ဒီလောက်ဆိုရင်တော့ ငါတို့ လုံလုံခြုံခြုံ စကားပြောလို့ ရပါပြီ။”
လွန်ခဲ့သော စက္ကန့်အနည်းငယ်က ရှိနေခဲ့သော လေးနက်သည့် အရှိန်အဝါများ လုံးဝ ပျောက်ကွယ်သွားပြီး ပေါ့ပေါ့ပါးပါးအမူအရာဖြင့် ကျူးလောင်က ပြောလိုက်သည်။
“ကဲ... ငါတို့ ဘယ်ရောက်သွားပြီလဲ... ရှေးဟောင်းမျိုးနွယ်တွေ... အင်း...ရိုးရှင်းအောင် ရှင်းပြရမယ်ဆိုရင် သူတို့ကို သက်တမ်းရှည်တဲ့ မျိုးနွယ်စုတွေလို့ သတ်မှတ်လို့ရတယ်။” ကျူးလောင်က စတင်ပြောကြားလိုက်သည်။
“အခု ကျွန်တော်တို့ ခေါင်းပေါ်က အမိုးခုံးကြီးအကြောင်းကို အရင် မရှင်းပြတော့ဘူးလား။”
ယန်ချင်းက တွေးလိုက်ပြီး အမိုးခုံးအကြောင်း အရင်စရန် ကျူးလောင်ကို သူ၏မျက်လုံးများဖြင့် တစ်ခါတစ်ရံ အရိပ်အမြွက်ပြရန် ကြိုးစားနေမိသည်။
သို့သော် ကျူးလောင်သည် စာသင်ခန်းထဲတွင် စာသင်နေသကဲ့သို့ သူ၏ရှင်းလင်းချက်ကို အေးအေးလူလူ ဆက်လက်ပြောဆိုနေသဖြင့် သူ၏ အချက်ပြမှုများမှာ လျစ်လျူရှုခံလိုက်ရပြီး ယန်ချင်းနှင့်အဖွဲ့မှာ ဘာမှမေးခွင့်မရဘဲ အဆုံးထိ ထိုင်နားထောင်ရမည့် သူ၏ကျောင်းသားများ ဖြစ်လာကြသည်။
“ကျင့်ကြံသူမဟုတ်တဲ့ သာမန်လူသားတစ်ယောက်အနေနဲ့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သူတို့ရဲ့ အခြေခံသက်တမ်းက အနှစ် ၉၀ ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်မယ်ဆိုရင် အနှစ် ၁၂၀ အထိ ရောက်နိုင်တယ်။”
“အခု ကျင့်ကြံခြင်းကိုပါ ထည့်တွက်လိုက်မယ်ဆိုရင်တော့ ကျင့်ကြံခြင်းအဆင့်တွေ မြင့်တက်လာလေလေ အဲဒီသက်တမ်းကလည်း တိုးလာလေလေပဲ။”
“မင်းကိုပဲ ဥပမာပေးရအောင် ချင်းလေး။ မင်း နန်းတော်အဆင့်ကို ချိုးဖောက်ဝင်ရောက်သွားတဲ့အခါ မင်းမှာ အနည်းဆုံး သက်တမ်း အနှစ် ၁၀,၀၀၀ ရရှိခဲ့တယ်။”
“ဒါပေမဲ့ ခရမ်းရောင်အမြူတေရှိတဲ့ မင်းလိုလူမျိုးအတွက်ကတော့ ခရမ်းရောင်အမြူတေရဲ့ ထူးခြားချက်တွေကြောင့် မင်း ချိုးဖောက်ဝင်ရောက်ချိန်မှာ ရရှိခဲ့တဲ့ သက်တမ်းက ပိုများပြီး အနှစ် ၁၅,၀၀၀ အထိ ရှိတယ်။”
“ဒီက သူငယ်မလေး မော့ယွင်ရုနဲ့ မင်းအတွက်လည်း အတူတူပဲ ယွီဟွေ့ဖန်။ အနှစ် ၁၅,၀၀၀ မရနိုင်ဘူးဆိုရင်တောင် ရွှေရောင်အဆင့် အမြူတေတွေကလည်း သူတို့ရဲ့ သက်တမ်းမှာ အပိုနှစ်တွေ ရရှိကြတာပဲ။”
“ဌာနမှူးချူကျန်း... ခင်ဗျား နန်းတော်အဆင့်ကို ချိုးဖောက်ဝင်ရောက်တုန်းက သက်တမ်း အနှစ် ၁၁,၁၈၆ ရခဲ့တယ် မဟုတ်လား။”
ကျူးလောင်က မုတ်ဆိတ်မွေး ပြောင်စင်အောင် ရိတ်ထားပြီး သန့်ရှင်းသပ်ရပ်လွန်းသူ ဌာနမှူးချူကျန်းကို ရုတ်တရက် မေးလိုက်သည်။
“ဟုတ်ပါတယ်... အဲဒီဝန်းကျင်လောက်ပါ။” ချူကျန်းက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ရွှေရောင်အဆင့် အမြုတေတွေအတွက်ကတော့ ခရမ်းရောင်အဆင့် အမြုတေတွေလို သက်တမ်း အရေအတွက်က ပုံသေ မဟုတ်ဘူးဆိုတာ မင်းအဖေ မင်းကို ပြောပြထားမယ်ထင်တယ်။”
“ရွှေရောင်အမြုတေတွေကြားမှာလည်း ကွဲပြားမှုတွေ ရှိတယ်။ မင်းဟာက ခြောက်ရောင်ခြယ်ရွှေရောင်အမြုတေဆိုတာ ငါ မြင်နိုင်တယ်။”
“ရွှေရောင်အမြုတေတွေထဲမှာ အကောင်းဆုံးပဲ။ အင်း... အဲဒီအထဲမှာ ဖုံးကွယ်နေတဲ့ မှိန်ဖျော့ဖျော့ ခရမ်းရောင် အလွှာလေးတစ်ခု ရှိနေတာလား။”
ကျူးလောင်က သူ၏ နယ်မြေအာရုံဖြင့် ယွီဟွေ့ဖန်၏ အမြုတေအတွင်းရှိ တစ်စုံတစ်ခုကို အာရုံခံမိသွားသဖြင့် စကားကို ခေတ္တရပ်လိုက်သည်။
“ကြည့်ရတာ မင်းက ခြေလှမ်းလေးတစ်လှမ်း လွဲချော်သွားပုံရတယ်။ မဟုတ်ရင် မင်းလည်း ခရမ်းရောင်အမြုတေ ရမှာပဲ။”
“ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ခရမ်းရောင်အမြုတေတွေက အားသာချက် အနည်းငယ် ပေးစွမ်းနိုင်ပေမဲ့ မင်းရဲ့ တာအိုနဲ့ မင်းရဲ့နည်းစနစ်တွေအပေါ် နားလည်သဘောပေါက်မှုက ခိုင်မာပြီး ပြောင်မြောက်နေသရွေ့ ခရမ်းရောင်အမြုတေရှိတဲ့သူကိုတောင် မင်း အနိုင်ယူနိုင်တယ်။”
“ ပြီးတော့ နယ်မြေအဆင့်ကို ချိုးဖောက်ဝင်ရောက်တဲ့အခါကျရင်လည်း တူညီတဲ့ သက်တမ်း အားသာချက်တွေကို ရရှိမှာပါ။”
“နန်းတော်အဆင့်ကစပြီး အရေးကြီးဆုံးကတော့ မင်းရဲ့ ကျင့်စဉ်တွေနဲ့ တာအိုအပေါ် မင်းရဲ့ ကျွမ်းကျင်ရင်းနှီးမှုပါပဲ။ အဲဒီအတွက် သက်သေကတော့ အကယ်ဒမီက ဆရာတွေပဲ။”
“အကယ်ဒမီက ဆရာအများစုမှာ အပြာရောင်အဆင့် အမြုတေတွေပဲ ရှိကြပေမဲ့ သူတို့ရဲ့ စွမ်းအားတွေကို မင်းတို့အားလုံး ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးကြမှာပါ။”
“ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေနဲ့ အောင်မြင်မှုတွေအရဆိုရင် သူတို့က ရွှေရောင်အမြုတေရှိတဲ့သူတွေကို အနိုင်ယူနိုင်သလို ခရမ်းရောင်အမြုတေရှိတဲ့သူတွေနဲ့တောင် ရင်ပေါင်တန်းနိုင်ကြတယ်။”
“အဆုံးသတ်မှာတော့ ကိုယ့်ဆီမှာ ရှိနေတာကို ဘယ်လို အသုံးချလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။” ဟု ကျူးလောင်က ပြောလိုက်သည်။
ယန်ချင်း၊ မော့ယွင်ရုနှင့် ယွီဟွေ့ဖန်တို့ သုံးဦးစလုံး ဆရာများအကြောင်း ကြားလိုက်ရချိန်တွင် တုန်လှုပ်သွားကြပြီး အထူးသဖြင့် ယန်ချင်းပင်ဖြစ်သည်။
သူသည် ဆရာများ၏ ရိုက်နှက်ဆုံးမမှုများကို အကြိမ်အနည်းငယ်ထက်မက ခံခဲ့ရဖူးပြီး သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ပြင်းထန်မှုကလည်း တိုးလာခဲ့သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ပင်လျှင် ပို၍ ဝါရင့်သော ဆရာအချို့ကို သူ အပြတ်အသတ် အနိုင်ယူနိုင်မည်လားဆိုသည်ကို သေချာမသိပေ။
ကျူးလောင်၏ စကားများကြောင့် ယွီဟွေ့ဖန်၏ ရင်ထဲတွင် မီးတောက်အသစ်တစ်ခု လောင်ကျွမ်းသွားပုံရသည်။
သူမသည် အပြင်ပန်းတွင် မပြသသော်လည်း သူမ၏ အတွင်းစိတ်တွင် ယှဉ်ပြိုင်လိုစိတ်တစ်ခု ရှိနေသည်။
အထူးသဖြင့် သူမ၏အပေါ်တွင် လွှမ်းမိုးနေသော ‘အမွေဆက်ခံသူ’ဟူသော ကိုယ်ပိုင်အမှတ်အသားကြောင့် ၎င်းမှာ သူမ မလွတ်မြောက်နိုင်သော သံကြိုးတစ်ချောင်း ဖြစ်နေခဲ့သည်။
အမွေဆက်ခံသူများ ဆိုသည်မှာ အဖွဲ့အစည်း၏ ဝန်ထမ်းများဖြစ်ကြသော မိဘများမှ မွေးဖွားလာသည့် ကလေးများကို ပေးထားသော နာမည်ပြောင်ဖြစ်သည်။
သူတို့သည် ဂိုဏ်းများ၏ သန့်ရှင်းသောသားတော်များနှင့် သမီးတော်များ သို့မဟုတ် မျိုးနွယ်စုများနှင့် တော်ဝင်မျိုးနွယ်များဟု ဆိုလာလျှင် တိုက်ရိုက် သွေးသားမျိုးဆက်များ သို့မဟုတ် ပင်မ အမွေဆက်ခံသူများနှင့် တန်းတူဖြစ်သည်။
အထူးသဖြင့် အမွေဆက်ခံသူတစ်ဦး ဖြစ်နေခြင်းနှင့် အထွတ်အထိပ် နယ်မြေကျွမ်းကျင်သူ မိဘများ ရှိနေခြင်းစသည့် သူမရရှိထားသော အားသာချက်များ အားလုံးနှင့်အတူ ခရမ်းရောင်အဆင့် အမြူတေကို မရရှိခဲ့သဖြင့် သူမ၏မိဘများကို စိတ်ပျက်စေခဲ့သလို ခံစားရကာ သူမကိုယ်သူမ ရှက်ရွံ့နေခဲ့သည်။
ထို့အပြင် သူတို့အုပ်စုထဲတွင် ယန်ချင်း၊ ခန်ဟွေ့လန်နှင့် ကျန်းချင်းကဲတို့ကဲ့သို့ ခရမ်းရောင်အမြုတေရှိသူများ ပါဝင်နေသဖြင့် သူမကိုယ်သူမ သိမ်ငယ်စိတ်ဝင်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။
အဖွဲ့အစည်းက ရှာဖွေစုဆောင်းထားသော ဧရာမ ပါရမီရှင် အစုအဝေးကြီးထဲတွင်ပင် ၎င်းကို ဖွဲ့စည်းရန်အတွက် လိုအပ်သော တင်းကျပ်သည့် သတ်မှတ်ချက်များကြောင့် နောက်ဆုံးတွင် ခရမ်းရောင်အဆင့် အမြူတေကို ရရှိသွားသူများမှာ အလွန်နည်းပါးပြီး ရှားပါးလှသည်ဆိုသောအချက် ရှိနေသည့်တိုင်အောင် ဖြစ်သည်။
ရွှေရောင်အမြုတေကို ဖွဲ့စည်းရာတွင် ခရမ်းရောင်အဆင့် အမြုတေလောက် မခက်ခဲသော်လည်း ၎င်းမှာ လွယ်ကူလှသည်ဟု မဆိုလိုပေ။
အဆင့် ၂ သို့မဟုတ် အဆင့် ၁ အဖွဲ့အစည်းများတွင်ပင် သူတို့၏ အဖွဲ့ဝင်များထဲ၌ အယောက် ၅၀ ထက်ပို၍ ရှိလာစေရန် အတော်လေး ခက်ခဲလှသည်။
၎င်းမှာ သူတို့ စတင်တည်ထောင်ကတည်းက ရှိခဲ့သော အရေအတွက်ကို ရေတွက်ထားခြင်းဖြစ်သည်။
အဖွဲ့အစည်း စတင်တည်ထောင်ချိန်မှစ၍ ရွှေရောင်အဆင့်နှင့် ခရမ်းရောင်အဆင့် အမြုတေ ရှိသူများ၏ စုစုပေါင်းအရေအတွက်ကို ခန့်မှန်းကြည့်လျှင်ပင် အများဆုံး အယောက် ၂၀၀ ဝန်းကျင်ခန့်သာ ရှိပေမည်။