← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 337-338

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 337-338

အခန်း(377)

ယင်းဖန်၏စကားများက “ဤနေရာ၌ ငွေ မဝှက်ထားပါ” ဟူသော စကားပုံကဲ့သို့ အလွန်ပင် ထင်ရှားလွန်းသောကြောင့် လင်းရန်တစ်ယောက် စိတ်ရှုပ်နေရသည်။

သို့သော်လည်း ပြဇာတ်ကို ဆက်လက်ကပြနိုင်ရန်အတွက် သူမက မျက်စိကန်းနေသကဲ့သို့သာဟန်ဆောင်ကာ ယင်းဖန်အား အဖြေကို ပြောပြလိုက်လေသည်။

“ဆေးရုံလေ... မြို့ပေါ်ကဆေးရုံပေါ့.. ဒီကနေ လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက်ပဲ ကြာတာ၊ အဲဒီမှာ လူတွေ အများကြီး ရှိတယ်”

“မြို့ပေါ်ဆေးရုံကြီး ဟုတ်လား “

ယင်းဖန် ထိုအဖြေကြောင့် အမှန်တကယ်ပင် ထိတ်လန့်သွားရပြီး မသိစိတ်ဖြင့် ပြောဆိုလိုက်မိလေသည်။

“ဘယ်သူက မြို့ပေါ်ကဆေးရုံကြီးကို သွားချင်မှာလဲ “

သူမ နားလည်ထားသော လူစည်ကားသည့် နေရာဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ သို့မဟုတ် ဟင်းသီးဟင်းရွက် အရောင်းဆိုင်၊ သမဝါယမကုန်ဆိုင် စသည်တို့ပင် ဖြစ်ပေသည်။

သို့သော်လည်း လင်းရန်ကို သူမကို ဆေးရုံသို့ ညွှန်ပြလာခဲ့သည်။

ဘယ်လောက်တောင် ကံဆိုးလွန်းနေတာလဲ!

“ဒါပေမဲ့ တတိယအဒေါ်ပဲ စည်ကားတဲ့နေရာက ဘယ်မှာလဲလို့ ကျွန်မကို မေးတာလေ.. ဆေးရုံထက်ပိုပြီး စည်ကားတဲ့နေရာ ရှိဦးမလား

ဆေးရုံကို နေ့တိုင်း လူတွေဘယ်လောက်တောင် သွားကြလဲဆိုတာ အဒေါ် မသိဘူးလား၊ လူပေါင်းစုံလည်း ရှိတယ် ဟင်းသီးဟင်းရွက် ဈေးတန်းထက်တောင် ပိုပြီး စည်ကားသေးတယ်”

ယင်းဖန်က ပြန်လည်ချေပရန် ပြင်လိုက်သည်။ ထိုနေရာမျိုးကို နာမကျန်းသူများက ကုသရန်သာ သွားကြခြင်းဖြစ်၍ သူမအတွက် အလုပ်အကိုင် အခွင့်အရေးရှိရန် မဖြစ်နိုင်ပါချေ။

သို့သော် သူမ စကားမပြောမီ လင်းရန်က ဆက်လက်ပြီး ဖြည့်စွက်ပြောလာခဲ့လေသည်။

“ဆေးခန်းပြတဲ့သူတွေအပြင် အဲဒီမှာ လူနာပြုစုသူတွေလည်း အများကြီး ရှိတယ် အဲဒါကြောင့်လည်း လူတွေ အများကြီး ရှိနေတာ”

“လူနာပြုစုသူဆိုတာ ဘာလဲ “

ဘေးဘက်မှ အဘွားလင်းသည်လည်း ဤဆန်းသစ်သော အသုံးအနှုန်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၍ မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။

ယင်းဖန်ကလည်း လင်းရန်အား စူးစမ်းစွာ ကြည့်နေခဲ့၏။

“ဒီလူနာပြုစုသူဆိုတာက ဆေးရုံက လူနာတချို့မှာ သူတို့ကို ပြုစုပေးမဲ့ မိသားစုဝင် မရှိရင် ငွေပေးပြီးတော့ တခြားလူကို ငှားပြီးပြုစုခိုင်းတာမျိုးကို ခေါ်တာလေ”

မူလက လင်းရန်တစ်ယောက် လူနာစောင့်အလုပ်က နောက်ပိုင်းခေတ်များတွင်မှသာ ပေါ်ပေါက်လာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤအလုပ်အကိုင်မှာ ၁၉၈၀ ပြည့်နှစ်များကတည်းက ဆေးရုံများတွင် ရှိနှင့်နေပြီးဖြစ်ကြောင်းကို သိခဲ့ရသည်။

“ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီလိုမျိုးကို ပေါ်တင်မလုပ်ရဲကြသေးဘူးလေ၊ ဒါကြောင့် လူနာပြုစုသူတွေက ဆေးရုံထဲကို လူနာရဲ့ အဝေးကဆွေမျိုးဆိုတဲ့ နာမည်နဲ့ ဝင်ပြီး လူနာရဲ့အနားမှာ နေပေးတာ၊ ပြုစုစောင့်ရှောက်တာတွေ လုပ်ကြရတာပါ

ပြီးတော့ ဒီလိုလူမျိုးတွေထဲမှာ မြို့ပေါ်က အငြိမ်းစားယူထားတဲ့ အလုပ်သမားတွေဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျေးလက်ဒေသကနေ အထူးတလည် ဖိတ်ခေါ်ထားတဲ့သူတွေဖြစ်ဖြစ် ရှိတတ်တယ်

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အလုပ်ရှင်တွေရဲ့ သဘောကျမှုကို ခံရပြီဆိုရင် အားသာချက်တွေ ရှိနေတာပဲလေ”

ထိုလူများမှာ အလုပ်အကိုင် စေ့စပ်သေချာပြီး စိတ်ရှည်သည်ဖြစ်စေ၊ သို့မဟုတ် လူနာပြုစုနည်း ဗဟုသုတတချို့ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် ဟင်းချက်ကောင်းပြီး လူနာအတွက် သင့်တော်မည့် အားရှိသောအစာများကို ချက်ပြုတ်ပေးနိုင်သည်ဖြစ်စေ၊ အားသာချက်များပင် ရှိနေရပေလိမ့်မည်။

“ပြီးတော့ကျွန်မကြားတာတော့ ဒီအလုပ်ကိုလုပ်ရင် ရတဲ့လုပ်ခက မနည်းဘူးတဲ့၊ အနည်းဆုံးတော့ တစ်နေ့ကို တစ်ယွမ်၊ နှစ်ယွမ်လောက် ရတယ်ပြောတယ်၊

လူကို ပြုစုရတယ်ဆိုပေမဲ့ ပင်ပင်ပန်းပန်း အလုပ်ကြမ်းတွေ လုပ်ရတာမျိုးလည်း မဟုတ်ဘူးလေ၊ လူနာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံပါပဲ”

ယင်းဖန်အနေဖြင့် မူလက ဤကိစ္စကို အနည်းငယ်လောက်ပင် စိတ်ဝင်စားခြင်း မရှိပါသော်လည်း၊ တစ်နေ့လျှင် လုပ်အားခ တစ်ယွမ်၊ နှစ်ယွမ် ရရှိသည်ဟု ကြားလိုက်ရသည်နှင့် သူမ၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် မြင့်တက်လာခဲ့လေတော့သည်။

“နှစ်ယွမ်ဟုတ်လား ဆေးရုံကိုသွားပြီး လူနာကို ကြည့်ပေးရုံတင်ကို တစ်နေ့ကို နှစ်ယွမ်တောင် ရတာလား “

တစ်နေ့ကို နှစ်ယွမ်ဆိုလျှင် တစ်လလျှင် ယွမ်ငါးဆယ်၊ ခြောက်ဆယ်လောက်ရပေလိမ့်မည်။

အဓိကအချက်မှာ တပ်မဟာတွင် အလုပ်လုပ်သကဲ့သို့ လယ်ကွင်းထဲသို့ဆင်းပြီး ပင်ပင်ပန်းပန်း အားစိုက်စရာ မလိုခြင်းပင် ဖြစ်ပေသည်။

ဆေးရုံမှာ ထိုင်နေရင်းဖြင့် လူနာ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရုံနဲ့ ငွေရှာရသည်ဆိုလျှင် အတော်လေးကို လွယ်ကူလွန်းသည် မဟုတ်ပါလား။

ယင်းဖန်တစ်ယောက် တွေးလေလေ ဤအလုပ်က ကောင်းမွန်သည်ဟု ခံစားရလေလေပင်။ ငွေများများရရုံသာမကဘဲ အလုပ်ကလည်း သက်သာပေသည် ။ အချိန်အနည်းငယ် ပေးရန်သာ လိုအပ်လိမ့်မည်။

ယခုအချိန်တွင် သူမ အလိုချင်ဆုံးအရာမှာလည်း အချိန်ပင် ဖြစ်ပေသည်။

မြို့ပေါ်မှာ နေစရာမရှိသည်က ပြဿနာ မဟုတ်ပါချေ။ လင်းရန် ရှိနေသည် မဟုတ်ပါလား။

အဒေါ်ဖြစ်သူက လာနေမည်ဆိုလျှင် သူမက မည်သည့်စကားကို ပြောနိုင်ပါဦးမည်နည်း။ အဆိုးဆုံးဖြစ်လာလျှင် ငွေရှာပြီးမှ သူမကို အိမ်လခ ပြန်ပေးလိုက်ရုံသာ ဖြစ်နိုင်သည်။

မဖြစ်သေးဘူး။

ဆေးရုံကို သွားကြည့်ဖို့ အခွင့်အရေး တစ်ခုခု ရှာရမယ်။ လူနာကိုပြုစုပေးမဲ့လူ ရှာနေတဲ့သူနဲ့ ဆုံမိနိုင်တာပဲလဆ။

လင်းရန်တစ်ယောက် သူမ ထိုစကားကို ပြောပြီးနောက်တွင် ယင်းဖန်၏ မျက်ဝန်းများမှ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာများကို ထင်ရှားစွာ မြင်တွေ့နေရသည်။

အကယ်၍သာ အချိန်က ညဥ့်မနက်သေးလျှင် ယင်းဖန်သည်က ထိုင်မနေနိုင်ဘဲ ဆေးရုံသို့ အပြေးအလွှား သွားရောက်၍ အခြေအနေကို စုံစမ်းနေလောက်သည်ပင်။

လင်းရန်လည်း သူမ၏အမူအရာကြောင့် ကျေနပ်သော အရိပ်အယောင်တစ်ခုက မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ စိတ်မကောင်းဖြစ်နေသကဲ့သို့ ဟန်ဆောင်လိုက်ကာ နောက်ဆုံးသော “မက်လုံး” ကို ချပြလိုက်လေတော့သည်။

“အဘွား.. တကယ်တော့ ကျွန်မရဲ့ စိတ်ထဲမှာ နှစ်ရက်လောက်ရှိနေတဲ့ စိတ်ညစ်စရာ ကိစ္စတစ်ခု ရှိနေတယ်၊

အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာတောင် ကျွန်မ မသိတော့ဘူး”

အဘွားလင်း ထိုစကားကို ကြားလျှင် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေသည်။

“ဘာကိစ္စလဲ ရန်ရန်၊ အဘွားကို ပြောပြပါဦး၊ အဘွား ကူပြီး စဉ်းစားပေးမယ်”

“အဲဒါက ကျွန်မရဲ့ အမေ... မဟုတ်သေးဘူး၊ လီရှို့လီလေ.. သူမနဲ့ စုန့်ဝေ့တို့ နှစ်ယောက်လုံး ဆေးရုံတက်နေရတယ်

မနေ့က သူတို့က လူလွှတ်ပြီး ကျွန်မဆီကို သတင်းလာပါးခိုင်းတယ်၊ ကျွန်မကို ဆေးရုံမှာ ရက်နည်းနည်းလောက် လာပြီး ကူညီပြုစုပေးဦးတဲ့”

“သေစမ်း! လီရှို့လီဆိုတဲ့ ဟာမက တကယ်ကိုအရှက်မရှိတာပဲ ၊ သူမက ဘယ်လိုမျက်နှာနဲ့ ဒါမျိုးကို ပြောထွက်တာလဲ၊ ပြီးတော့ မင်းကိုတောင် ပြုစုခိုင်းရသေးတယ်၊ သူမမှာ အဲဒီလို အဆင့်အတန်းမျိုး မရှိပါဘူး!”

အဘွားလင်းမှာ လီရှို့လီအား အလွန်ပင် မုန်းတီးလွန်းပေသည်။

လင်းရန် အိမ်သို့ မပြန်လာမီ သူမက လင်းရန်အပေါ် ငဲ့ကွက်ကာ လီရှို့လီအပေါ် ရန်ငြိုးများ ရှိနေလျှင်ပင် သူမအား ဆဲဆိုခြင်းမျိုး မပြုခဲ့ပါချေ။

သို့သော်လည်း သူမ၏ မြေးမလေး လင်းရန် ပြန်ရောက်လာပြီးနောက် လီရှို့လီနှင့် သူမ၏ လက်ရှိခင်ပွန်း စုန့်ဝေ့တို့ကြောင့် မြေးမလေးက အိမ်သို့ ပြေးလွှားခိုလှုံခဲ့ရကြောင်းကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ အဘွားလင်းသည်က လီရှို့လီအား လုံးဝ မုန်းတီးသွားခဲ့ကာ သူမ၏ မျက်စိစူးလာခဲ့လေတော့သည်။

ယခုအချိန်တွင် လီရှို့လီနှင့် စုန့်ဝေ့တို့ နေမကောင်းဖြစ်ကာ ဆေးရုံတက်နေရသည်ကိုကြားခဲ့ရသည်။ အကယ်၍သာ နေရာဌာနကသာ သင့်တော်မည်ဆိုပါက အဘွားလင်းအနေဖြင့် ဗျောက်အိုးနှစ်လုံးလောက် ဝယ်ပြီး အောင်ပွဲခံကာ ပစ်ဖောက်ချင်စိတ်ပင်ဖြစ်နေခဲ့သည်။

“မသွားနဲ့၊ ငါတို့ သူမအပေါ် ဘာကြွေးမှ မတင်နေဘူး!”

အတိုချုပ်ပြောရလျှင် အဘွားလင်းက လင်းရန်အား လုံးဝမသွားခိုင်းပါချေ။

လင်းရန်ကိုယ်တိုင်လည်း သွားရန် အစီအစဉ်မရှိခဲ့ပေ။ သူမအနေဖြင့်ည မနေ့က သတင်းကြားပြီးကတည်းက ဤကိစ္စကို လျစ်လျူရှုထားရန်သာ ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ဦးလေးချန်ဝမ်၏စကားအရ တတိယအဒေါ် ယင်းဖန်၏ အခြေအနေကို သိရှိခဲ့ရသောကြောင့် ယခုကဲ့သို့ စကားလမ်းကြောင်း ခင်းလိုက်ခြင်းပင်။

“သူမမှာ သမီးမရှိဘူးလား ၊ သမီးအရင်းထက်တောင် ပိုပြီး ချစ်ပါတယ်ဆိုတဲ့ စုန့်စစ်ယွီလေ၊ ဘာလို့ အဲဒီ စုန့်စစ်ယွီကို မပြုစုခိုင်းဘဲနဲ့ မင်းကို လာပြီး ခိုင်းစေနေရတာလဲ”

အဘွားလင်းက ဤအတောအတွင်း စုန့်စစ်ယွီ၏ အကြောင်းကို မသိသေးပေ။

စုန့်စစ်ယွီအနေဖြင့် စုန့်ဝေ့အား အကြီးအကျယ် လှည့်ဖျားခဲ့သောကြောင့် အဖေဖြစ်သူက အင်ဂျင်နီယာအလုပ်မှ ထွက်ခဲ့ရသည်။ ထို့အပြင် ဒေါသထွက်လွန်းသောကြောင့် ဆေးရုံတက်ခဲ့ရကာ သူမကိုလည်း လုံးဝရှာမရဖြစ်နေသည့် အခြေအနေကို လင်းရန်က အကျဉ်းချုပ် ရှင်းပြလိုက်သည့်အခိုက်တွင် အဘွားလင်းမှာ ပေါင်ကိုပုတ်လျက် အားပါးတရရယ်မောလာလေတော့သည်။

ဒီနေ့က ဘယ်လိုရက်မျိုးလဲ။

ဘာလို့ သူမရဲ့ ရန်သူတွေအားလုံး ဒီလောက်ထိ ဒုက္ခရောက်နေကြရတာလဲ။

အဘွားလင်းက မျက်လုံးများပင် ပျောက်လုမတတ် သဘောတကျ ရယ်မောနေချိန်တွင် လင်းရန်က စိုးရိမ်ပူပန်သည့်အမူအရာဖြင့် ဆက်လက်ပြောဆိုလိုက်လေသည်။

“ဒါပေမဲ့ အဘွား ... အခု ကျွန်မက နိုင်ငံပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်နေတာလေ

စုန့်ဝေ့နဲ့ လီရှို့လီတို့က ကျွန်မရဲ့ လုပ်ငန်းခွင်နဲ့ လိပ်စာကို အခုထိ မသိကြသေးပေမဲ့၊ တကယ်လို့ သူတို့ သိသွားပြီးရင် သူတို့ကု မပြုစုပေးလို့ဆိုပြီး ရန်ငြိုးထားပြီး ကျွန်မရဲ့အလုပ်ခွင်အထိ လိုက်ပြီး ပြဿနာရှာလာမှာကို စိုးရိမ်မိတယ်”

ထိုစကားကြောင့် အဘွားလင်း၏ ရယ်သံများက ချက်ချင်းပင် ရပ်တန့်သွားခဲ့လေသည်။

“ဟုတ်သားပဲ၊ အဲဒီမိန်းမက အကျင့်ဆိုးရွားလွန်းတယ် တကယ်လို့ သူမက မင်းရဲ့ အလုပ်ခွင်အထိ လိုက်ပြီး တကယ်ပြဿနာရှာလာရင် ပြသနာများကုန်တော့မှာပဲ”

ဘေးဘက်မှ ယင်းဖန်သည်လည်း မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိပေသည်။ ထိုသည်က သူမ၏ ကိုယ်ပိုင်အလုပ် မဟုတ်သော်လည်း နိုင်ငံပိုင်စားသောက်ဆိုင်တွင် စားဖိုမှူးအဖြစ် လုပ်ကိုင်နေသော တူမတစ်ဦး ရှိနေခြင်းမှာ ဂုဏ်ယူစရာဖြစ်ပြီး မျက်နှာပွင့်စရာလည်း ကောင်းလွန်းသည် မဟုတ်ပါလား။

“ဒါကြောင့် ကျွန်မ ဒီလိုလုပ်ဖို့ တွေးထားတယ်၊ ဆေးရုံကို အချိန်လုပြီး တစ်ခေါက်လောက်တော့ သွားကြည့်သင့်တယ်ထင်တယ် ၊

အနည်းဆုံးတော့ မျက်နှာသွားပြရုံပေါ့ ၊ ဒါဆိုရင် သူတို့ဘက်က ပြဿနာရှာချင်ရင်တောင် ကျွန်မဘက်က ပျက်ကွက်တာမျိုး မရှိဘူးဆိုတော့ သူတို့လည်း သိပ်ပြီး ပြသနာရှာရဲတော့မှာ မဟုတ်ဘူးလေ”

မျက်နှာသွားပြခြင်းဆိုသည်က မျက်နှာပြရုံ သက်သက်သာ ဖြစ်ပေသည်။ သူတို့က လူနာဆောင် တံခါးဝသို့သွားကာ တစ်ချက် ကြည့်ရုံသာ ဖြစ်သည်။

နောက်ထပ် အပိုပြုစုမှုတွေကိုတော့ စိတ်ကူးတောင် မယဉ်လိုက်နဲ့။

*

*

အခန်း(378)

အဘွားလင်းအနေဖြင့် လင်းရန်ကို လီရှို့လီနှင့် မတွေ့စေချင်သော်လည်း၊ သူမ၏ မြေးမလေး ပြောသည့်စကားကလည်း မှန်ကန်ပေ၏။

လီရှို့လီက အမည်အားဖြင့် သူမ၏ မိခင်ဖြစ်နေသေးသည်။ သို့ဖြစ်၍ မိခင်ဖြစ်သူ နေမကောင်းဖြစ်ကာ ဆေးရုံတက်နေချိန်တွင်သမီးဖြစ်သူကသာ လာမကြည့်ပါက သေချာပေါက် ကဲ့ရဲ့စရာဖြစ်လာပေလိမ့်မည်။

“ဒါဆိုရင်တော့.. မနက်ဖန် မင်း အလုပ်ဆင်းရင် အဘွားပါ လိုက်ခဲ့ပေးမယ်”

အဘွားလင်းအနေဖြင့် လင်းရန်အား တစ်ယောက်တည်း မလွှတ်လိုပါချေ။

မည်သို့ပင်ဖြစ်စေ သူမက မိန်းကလေးတစ်ဦးသာ ဖြစ်သောကြောင့် လီရှို့လီနှင့် စုန့်ဝေ့တို့ဘက်မှ အနိုင်ကျင့်နှိပ်စက်လာမည်ကို စိုးရိမ်နေရသည်။

ထိုအကြောင်းကို ကြားလျှင် လင်းရန်က ရုတ်တရက် ပြောလာခဲ့လေသည်။

“ဒါပေမဲ့ အဘွား..မနက်ဖြန် မွန်းလွဲပိုင်းမှာ ဒေါ်လေးရဲ့ အိပ်ဆောင်ကို သွားကြည့်မယ်လို့ ဒေါ်လေးကို ကတိပေးထားတယ် မဟုတ်ဘူးလား “

“ဟုတ်သားပဲ!”

ဤအချိန်မှသာ အဘွားလင်းတစ်ယောက် ထမင်းစားချိန်က လင်းကျန်းဖူနှင့် သဘောတူထားခဲ့ကြောင်းကို သတိရလေတော့သည်။

ယခုအချန်တွင် မြို့ပေါ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူမက သမီးအငယ်ဆုံး၏ အလုပ်ခွင်နှင့် နေထိုင်ရာ တည်နေရာကို သူမ၏မျက်စိဖြင့် အတည်ပြုပြီးမှသာ စိတ်အေးနိုင်လိမ့်မည်။

အဘွားလင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောဆိုလိုက်သည်။

“ဒါဆိုရင် နောက်မှပဲ သွားတော့မလား “

“အဆင်ပြေပါတယ် အဘွား... မနက်ဖြန်ကျရင် ဒေါ်လေးနဲ့အတူ လိုက်သွားပြီး လမ်းလျှောက်ကြည့်လိုက်ပါဦး၊ ဒေါ်လေးကလည်း ဒီနှစ်ရက်ကျော်ပြီးရင် အချိန်သိပ်ရမှာ မဟုတ်တော့ဘူးလေ”

လင်းရန်က ဘေးဘက်မှ ယင်းဖန်ကို လှည့်ကြည့်လိုက်ကာ အနည်းငယ် အားနာသည့်အမူအရာဖြင့် ပြုံးပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျွန်မက ဆေးရုံကို အဖော်လိုက်ပေးမဲ့လူ တစ်ယောက်လောက်ပဲ လိုချင်တာဆိုတော့ တတိယအဒေါ်ကိုပဲ အဖော်ခေါ်လိုက်ရင် ပိုကောင်းမယ်ထင်တယ် ၊ တတိယအဒေါ်ကလည်း ဘာမှလုပ်စရာ မရှိသေးဘူးမလား”

အဘွားလင်းတစ်ယောက် ထိုစကားကို ကြားသည့်အခိုက်တွင် သူမ၏ တတိယချွေးမ ယင်းဖန်အား လှည့်ကြည့်လိုက်မိလေသည်။

ယင်းဖန်၏ တွန့်တိုတတ်သော စရိုက်အရဆိုလျှင် သူမက သေချာပေါက် တိုက်ရိုက် ငြင်းပယ်လိမ့်မည်ဟု အဘွားလင်း ထင်မှတ်ထားခဲ့သည်။ သို့သော် ယင်းဖန်သည်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်မည်ကိုတော့ မမျှော်လင့်မိခဲ့ပါချေ။

“ကောင်းပြီ၊ ကောင်းပြီ ... ငါလည်း ဘာမှလုပ်စရာ မရှိတာနဲ့ အတော်ပဲ၊ မနက်ဖြန်ကျရင် ရန်ရန်နဲ့အတူ ဆေးရုံကို လိုက်ခဲ့မယ်၊ အမေ စိတ်မပူပါနဲ့၊ ကျွန်မ ရှိနေသရွေ့ ရန်ရန်ကို ဘယ်သူမှ အနိုင်ကျင့်လို့ မရစေရဘူး”

နေက အနောက်ဘက်က ထွက်လာတာလား။

ယင်းဖန်တစ်ယောက် တခြားလူတစ်ဦးကို ကူညီရန်အတွက် ဤမျှအထိ တက်ကြွနေကြောင်းကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်ပေ၏။

အဘွားလင်းက သူမအား သံသယဖြင့် စိုက်ကြည့်နေမိလေသည်။

သို့သော် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက်တွင်ပင် ယင်းဖန်က မည်သည့်အရာများကို ကြံစည်နေကြောင်း သူမ မသိနိုင်ပါချေ။

ဤသည်က ဆေးရုံကို သွားရုံသာဖြစ်ပြီး လင်းရန်လည်း ဘေးတွင်ပါမည်ဖြစ်၍ ကိစ္စတစ်စုံတစ်ရာတော့ ဖြစ်လိမ့်မည် မဟုတ်ဟုသာ တွေးမိလိုက်သည်။

ထို့ကြောင့် အဘွားလင်းလည်း ယင်းဖန်အား လင်းရန်နှင့်အတူ လိုက်သွားရန် သဘောတူလိုက်သည်။ သို့သော်လည်း သတိပေးစကားများ ပြောဖို့အတွက် မမေ့လျော့ခဲ့ပါချေ။

ယင်းဖန်ကလည်း ရိုးသားစွာဖြင့် သဘောတူခဲ့ကာ ဆေးရုံတွင် ပြဿနာမရှာကြောင်း အထပ်ထပ်အခါခါ ကတိပေးလေတော့သည်။

ဟားဟား .. သူမက ငွေရှာဖို့ သွားမှာလေ။ ဘာလို့ပြဿနာရှာမှာလဲ!

လင်းရန်က ယင်းဖန်၏ မျက်နှာကို မသိမသာလှမ်းကြည့်လိုက်လျှင် မျှော်လင့်ထားသည့်အတိုင်း သူမ၏ မျက်နှာပေါ်မှ ခိုးကြောင်ခိုးဝှက်ဖြင့် ပျော်ရွှင်နေသော အမူအရာကို မြင်တွေ့လိုက်ရလေသည်။

သူမ ခေါင်းကို အသာခါရမ်းလိုက်မိသည်။

ဤတတိယအဒေါ်က ငယ်ရွယ်လွန်းသေးသည်ဟု ဆိုရပေမည်။

သူမအနေဖြင့် ထိုအကြောင်းကို တွေးပင်မတွေးခဲ့ပါချေ။ အကယ်၍သာ လူနာပြုစုရသည့် အလုပ်မျိုးက ရှာဖွေရ လွယ်ကူနေမည်ဆိုပါက လူတိုင်း ထိုအလုပ်ကို လုပ်ကိုင်ကြလိမ့်မည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် မြို့ပေါ်၌ အလုပ်အကိုင် ရှာမရသောကြောင့် ကျေးလက်ဒေသများသို့ မဖြစ်မနေ သွားရောက်နေကြရသည့် လူအများအပြား ရှိလာမည် မဟုတ်ပေ။

သို့သော်လည်း လင်းရန်အနေဖြင့် ဤအကြောင်းများကို ယင်းဖန်အား ပြောပြရန် မလိုအပ်ပါချေ။

ဆိုရလျှင် တခြားသူများအတွက် လူနာစောင့်အလုပ် ရှာဖွေရန် ခက်ခဲနိုင်သော်လည်း ယင်းဖန်အတွက်တော့ သူမ၏ ရှေ့တွင်အဆင်သင့်ရှိနေသော အခွင့်အရေးတစ်ခု ရှိနေခဲ့သည်မဟုတ်ပါလား။

လင်းရန်က မနက်ဖြန်တွင် အလုပ်တက်ရမည် ဖြစ်သောကြောင့် အလုပ်ဆင်းချိန်ကျမှသာ ဆေးရုံသို့သွားရန် အချိန်သတ်မှတ်လိုက်လေသည်။ ထိုအချိန်တွင် ယင်းဖန်ကို စားသောက်ဆိုင်တံခါးဝသို့ တိုက်ရိုက်လာစောင့်နေရန် ပြောကြားခဲ့သည်။

အလုပ်ပြီးချိန်တွင် သူတို့နှစ်ဦး ဆေးရုံသို့ အတူသွားကြလိမ့်မည်။

…

နောက်တစ်နေ့တွင် လင်းရန်က အဘွားလင်းနှင့် ယင်းဖန်တို့အား အိမ်၏အနီးတဝိုက်တွင် လျှောက်လည်ကြရန် ပြောခဲ့သည်။

မွန်းတည့်ချိန်သို့ ရောက်လာချိန်တွင် သူမ၏ ဖခင်ဖြစ်သူက သူတို့ကို လာရောက်ခေါ်ဆောင်မည်ဖြစ်ပြီး လင်းရန် အလုပ်လုပ်ကိုင်သည့် စားသောက်ဆိုင်သို့ လိုက်ပါပို့ဆောင်ပေးလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ထမင်းစားရင်း လင်းရန်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်၍ ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်နိုင်သောအခြေအနေမျိုးပင် ဖြစ်ပေ၏။

ထို့အပြင် ဖခင်ဖြစ်သူ လင်းကျန်းအန်းအနေဖြင့် အသစ်ဖွင့်လှစ်ထားသော နိုင်ငံပိုင်စားသောက်ဆိုင်ကို ရှာမတွေ့မည်ကိုလည်း လင်းရန်က အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပါချေ။

လင်းကျန်းအန်းက မြို့၏ တခြားနေရာများနှင့် မရင်းနှီးလျှင်ပင် မြို့တော်ခန်းမနှင့် မြို့တော်ဆေးရုံကို အလွန်ပင် ရင်းနှီးကျွမ်းဝင်ပေသည်။

အသစ်ဖွင့်လှစ်ထားသော နိုင်ငံပိုင်စားသောက်ဆိုင်မှာလည်း မြို့တော်ခန်းမ၏ အရှေ့တည့်တည့်တွင် တည်ရှိနေသောကြောင့် သူ ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါချေ။

လင်းရန် အလုပ်သွားပြီးနောက်တွင် ယင်းဖန်အနေဖြင့် အိမ်၌သာ အေးအေးလူလူ လှဲလျောင်းနေပြီး လင်းကျန်းအန်း အလုပ်ပြီး၍ လာခေါ်မည့်အချိန်ကို စောင့်ဆိုင်းကာ လင်းရန် အလုပ်လုပ်သည့် ဆိုင်တွင် သွားရောက်စားသောက်ရန် စိတ်ကူးထားခဲ့သည်။

သို့သော်လည်း အဘွားလင်းက သူမကို ချက်ချင်းပင် ထခိုင်းခဲ့လေသည်။

“ဘာတွေ လုပ်နေတာလဲ၊ မြန်မြန်ထပြီး ရန်ရန်ရဲ့ အိမ်ကို သန့်ရှင်းရေး လုပ်ဦး၊ အဒေါ်တစ်ယောက် ဖြစ်ပြီးတော့ ဒါလေးတောင် မတွေးမိဘူးလား!”

အဘွားလင်းသည်က ကိုယ်တိုင်လည်း အလုပ်ရှုပ်နေရင်းဖြင့် ယင်းဖန်ကို ဆူပူပြောဆိုနေခဲ့သည်။

တကယ်တမ်းတွင် လင်းရန်ကိုယ်တိုင်က သန့်ရှင်းမှုကို မြတ်နိုးသူဖြစ်သောကြောင့် အိမ်ကို အမြဲတစေ သပ်သပ်ရပ်ရပ် ထားရှိတတ်ပေသည်။

သို့သော်လည်း လူကြီးများသည်ကလုပ်စရာ အလုပ်မရှိလျှင်ပင် အလုပ်ကို အတင်းရှာ၍ လုပ်တတ်ကြသည်ပင်။

သို့ဖြစ်၍ တစ်မနက်ခင်းလုံးတွင် ယင်းဖန်တစ်ယောက် အဘွားလင်း၏ ခိုင်းစေမှုကြောင့် အလုပ်များကို မနားတမ်း လုပ်ကိုင်နေခဲ့ရရှာသည်။

နောက်ဆုံး မွန်းတည့်ချိန်သို့ ရောက်ရှိသည်နှင့် လင်းကျန်းအန်းက သူတို့ကို လာရောက်ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်မှသာ ယင်းဖန်တစ်ယောက် သက်ပြင်းချနိုင်ပြီး သူတို့ သုံးဦး မြို့တော်ခန်းမအနီးရှိ နိုင်ငံပိုင်စားသောက်ဆိုင်သို့ ထွက်ခွာခဲ့ကြလေ၏။

လမ်းတွင် အဘွားလင်းက လင်းကျန်းအန်းအား မနက်ခင်းမှ အလုပ်ကိစ္စများ၏အခြေအနေကို စိတ်ပူပန်စွာဖြင့် မေးမြန်းခဲ့ပေသည်။

လင်းကျန်းအန်း မည်သည့်ကိစ္စကို လုပ်ဆောင်နေသည်ကို သူမ အတိအကျ မသိရှိသော်လည်း ရလဒ်ကောင်းမကောင်း သိရှိရမှသာ သူမ စိတ်အေးသွားရလိမ့်မည်။

အမေဖြစ်သူ၏စကားကို ကြားချိန်တွင် လင်းကျန်းအန်းက မရယ်မောဘဲ မနေနိုင်တော့ဘဲ အဘွားလင်းကို ပြောပြလိုက်၏။

“အမေ၊ ကျွန်တော် လုပ်တဲ့ကိစ္စကို စိတ်မပူပါနဲ့၊ အရာအားလုံး အဆင်ပြေသွားပါပြီ၊ ဒါပေမဲ့ ညနေပိုင်းမှာ ခေါင်းဆောင်တစ်ယောက်ဆီကို တစ်ခေါက်လောက် ထပ်သွားစရာ ရှိသေးတယ်၊ အဲဒါပြီးရင်တော့ တခြားကိစ္စ မရှိတော့ပါဘူး”

“ကျွန်တော်တို့ နောက်ထပ် နှစ်ရက်လောက် ကြာမှ ပြန်ကြတာပေါ့၊ အမေတို့ကို မြို့ထဲကို လိုက်ပြပေးပါ့မယ်”

လွန်ခဲ့သော နှစ်ဝက်အတွင်း လင်းကျန်းအန်းက မြို့၏ နေရာအနှံ့အပြားကို ရင်းနှီးနေပြီဖြစ်၍ ဤမြို့တွင် မွေးဖွားကြီးပြင်းလာသူကဲ့သို့ပင် အကျွမ်းတဝင် ရှိနေခဲ့ပေပြီ။

ထို့ကြောင့် အဘွားလင်းတို့ကဲ့သို့ မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသူများကို လိုက်လံပို့ဆောင်ပေးရန်အတွက် အခက်အခဲ မရှိပါချေ။

အဘွားလင်းသည်လည်း သူ၏ အလုပ်ကိစ္စများ ပြီးမြောက်လုနီးပါး ဖြစ်နေပြီဟု ကြားရမှသာ စိတ်သက်သာရာ ရသွားတော့သည်။

“ကောင်းပြီ၊ တကယ်လို့ မင်း အားတယ်ဆိုရင်လည်း လျှောက်ကြည့်ကြတာပေါ့၊ ငါလည်း ဒီလို မြို့ကြီးကို သေသေချာချာ မရောက်ဖူးသေးဘူး”

ဘေးနားတွင်ရှိနေသော ယင်းဖန်သည်လည်း သားအမိနှစ်ဦး၏ စကားကို ကြားချိန်တွင် အတူလိုက်ပြီးလည်ပတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

မည်သူကများ ဤကဲ့သို့မြို့ကြီးကို လိုက်ပါလည်ပတ်ပြီး အမြင်ကျယ်အောင် မလုပ်ချင်ဘဲ နေပါမည်နည်း။

သူမ အမှန်တကယ်ပင် လည်ပတ်ချင်ပေပြီ။

သို့သော်လည်း သူမတွင် အလုပ်ရနိုင်သည့် အခွင့်အရေး ရှိနေသောကြောင့် အချိန်မပေးနိုင်မည်ကို တွေးမိကာ တုံ့ဆိုင်းစွာဖြင့်သာ နှုတ်ပိတ်နေခဲ့ရသည်။

သူတို့သုံးဦး စကားပြောဆိုရင်းဖြင့် လင်းရန် အလုပ်လုပ်ရာ စားသောက်ဆိုင်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြလေသည်။

လင်းရန်က လီမေ့တို့အား ကြိုတင် မှာထားပုံရသည်။ ထို့ကြောင့် လီမေ့က စိမ်းသက်သော မျက်နှာများကို မြင်တွေ့ရသော်လည်း အံ့ဩသွားခြင်းမရှိဘဲ သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့လေ၏။

“မင်္ဂလာပါ.. ဒါက စားဖိုမှူးရှောင်လင်းရဲ့ မိသားစုဝင်တွေပဲ ဖြစ်ရမယ်၊ လာကြပါ.. ဒီမှာ ထိုင်ကြပါဦး”

လီမေ့က သူတို့သုံးဦးကို နေရာချပေးပြီးနောက် မီးဖိုချောင်ဘက်သို့ လှမ်းအော်ပြောလိုက်လေသည်။

“စားဖိုမှူးရှောင်လင်း... မင်းရဲ့ မိသားစုဝင်တွေ ရောက်နေပြီ”

ကံကောင်းစွာဖြင့် လင်းကျန်းအန်းတို့ ရောက်ရှိလာချိန်က အနည်းငယ် နောက်ကျနေပြီဖြစ်သောကြောင့် ထမင်းစားချိန်ကို ကျော်လွန်နေခဲ့ကာ လူများရှင်းလင်းနေပေသည်။

ထို့ကြောင့် စားဖိုမှူးတစ်ခုလုံးတွင် လက်ရှိ၌ သူတို့သုံးဦးသာ ဧည့်သည်အဖြစ် ရှိနေကြလေ၏။

လင်းရန်လည်း အသံကြားသည်နှင့် ကာထားသော လိုက်ကာကို ဆွဲဖွင့်ကာ အမြန်ထွက်လာခဲ့ပြီးနောက် သူတို့ကို မေးမြန်းလိုက်သည်။

“အဘွား၊ အဖေနဲ့ တတိယအဒေါ်... ဘာစားချင်ကြလဲ ၊ ကျွန်မ ချက်ပေးမယ်လေ”

လင်းကျန်းအန်းမှလွဲ၍ ကျန်ရှိသည့် လူနှစ်ဦးမှာ စားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း လင်းရန်ကိုယ်တိုင် အလုပ်လုပ်သည့်ဆိုင် ဖြစ်နေသည့်အပြင် ချက်ပြုတ်သူမှာလည်း လင်းရန်သာ ဖြစ်နေသောကြောင့် သူတို့အနေဖြင့် အနေရမခက်ဘဲ လွတ်လပ်ပေါ့ပါးနေခဲ့ကြပေသည်။

သူတို့သုံးဦးက ဟင်းလျာများကို အလျှင်အမြန်ပင်မှာလိုက်ကြလေ၏။

လင်းရန်ကလည်း မီးဖိုချောင်ထဲသို့ အလျှင်အမြန် ပြန်ဝင်ပြီးချက်ပြုတ်ပေးခဲ့သည်။

All Chapters