အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း(379)
လင်းရန် ချက်ပြုတ်နေသည့် အချိန်တွင် အဘွားလင်းက ဆိုင်ထဲသို့ လှည့်ပတ်ကြည့်ရှုနေပြီးနောက် လီမေ့ဘက်သို့ လှမ်းကြည့်ကာ လင်းရန်၏ အလုပ်အကိုင် အခြေအနေများကို အပြုံးတစ်ခုဖြင့် မေးမြန်းနေခဲ့လေသည်။
လီမေ့သည်လည်း စကားပြောကောင်းသူ ဖြစ်သည့်အပြင် ယခုအချိန်တွင် တခြားဧည့်သည်များလည်း မရှိသောကြောင့် လင်းရန်၏ မိသားစုဝင်များနှင့် စကားလက်ဆုံ ကျသွားခဲ့တော့သည်။
လင်းကျန်းအန်းအနေဖြင့် သူတို့နှစ်ဦး စကားပြောနေကြသည်ကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
ယင်းဖန်သည်ကား လင်းရန်၏ အလုပ်အကိုင်ထက် လီမေ့အပေါ်တွင်သာ ပို၍ စိတ်ဝင်တစားရှိနေလေသည်။
လီမေ့၏ အသက်အရွယ်ကို ကြည့်ရလျှင် သူမနှင့် ရွယ်တူခန့်သာ ရှိပုံရပြီး မည်သည့်အရာမှ ထူးထူးခြားခြား ရှိမနေပါချေ။
သို့သော်လည်း ယခုကဲ့သို့ အမျိုးသမီးတစ်ဦးက နိုင်ငံပိုင်ဟိုတယ်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နိုင်နေခဲ့သည်။ သူမက အမှန်တကယ်ပင် ကံကောင်းလွန်းပုံရသည်။
ယင်းဖန်၏ စိတ်ထဲတွင် မနာလိုသည့် ခံစားချက်များ ခဏလောက်ပေါ်လာခဲ့လေ၏။ သို့သော်လည်း ညနေပိုင်းတွင် ဆေးရုံသို့ သွားရမည်ကို ပြန်လည်တွေးမိလိုက်ပြန်သည်။
ထိုအချိန်တွင် သူမလည်း လူနာစောင့်အလုပ်ရရှိနိုင်ခြေ ရှိသည်ဟု တွေးမိသောကြောင့် စိတ်ကြည်လင်သွားရပြန်သည်။
လင်းရန်က ဟင်းပွဲများကို လာရောက်ချပေးပြီးနောက် သူတို့နှင့်အတူ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်လေသည်။
လင်းရန်သည်လည်း အဘွားလင်းကဲ့သို့ ထမင်းစားပြီးချိန်တွင် လင်းကျန်းအန်း၏ အလုပ်ကိစ္စများ အကြောင်းကို မေးမြန်းပြန်သည်။
လင်းကျန်းအန်း၏ အဖြေက အဘွားလင်းကို ဖြေခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သော်လည်း လင်းရန်က နောက်ထပ်မေးခွန်းတစ်ခု ပို၍ မေးမြန်းလိုက်၏။
“အဖေ.. ညနေပိုင်း သွားမယ့်နေရာက ဝေးလား ၊ ဝေးမယ်ဆိုရင် ကျွန်မ စက်ဘီးတစ်စီး ငှားပေးမယ်လေ”
လင်းကျန်းအန်းက အပြုံးတစ်ခုနှင့် ခေါင်းကိုခါရမ်းပြကာ ရှင်းပြလိုက်သည်။
“မဝေးပါဘူး၊ မင်းတို့ရဲ့ အိမ်နားလောက်မှာပဲ”
“ဒါဆို အတော်လေး အဆင်ပြေတာပဲ”
လင်းရန်က ခေါင်းညိတ်လိုက်ပြီး တိုက်ဆိုင်လွန်းသည်ဟု ပြောရန် ပြင်လိုက်ချိန်မှာပင် လင်းကျန်းအန်းက ဆက်လက် ပြောဆိုလိုက်သည်။
“ဒါပေမဲ့ သစ်သီးလိုမျိုး တစ်ခုခု ဝယ်ဖို့အတွက် လမ်းကြုံ ဝင်ရဦးမယ် ထင်တယ်၊ အဲဒီခေါင်းဆောင်က လွန်ခဲ့တဲ့ ရက်ပိုင်းက နေမကောင်းလို့ ဆေးရုံတက်နေရတာလေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းရန်တစ်ယောက် ကြောင်အသွားရလေတော့သည်။
သို့ဆိုလျှင် သူမ၏အဖေ ညနေပိုင်း သွားရောက်တွေ့ဆုံမည့် ခေါင်းဆောင်မှာ ဆေးရုံတွင် ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်၍ သူမတို့နှင့်အတူ ဆေးရုံသို့ သွားရမည်ဟု ပြောလာခြင်းပင် မဟုတ်ပါလား။
“ဒုတိယအစ်ကို၊ တိုက်ဆိုင်လိုက်တာ.. ရန်ရန်နဲ့ ကျွန်မလည်း ညနေကျရင် ဆေးရုံကို သွားကြမလို့လေ၊ ဒါဆို အတူတူ သွားကြတာပေါ့!”
ယင်းဖန်၏ ပါးစပ်က ဦးနှောက်ထက် အမြဲတစေ မြန်ဆန်ပေသည်။
သူမက ထိုစကားပြောပြီးမှသာ သူမနှင့် လင်းရန်တို့သည်က လီရှို့လီနှင့် စုန့်ဝေ့တို့အား သွားရောက်တွေ့ဆုံရမည်ကို ရုတ်တရက် သတိရသွားတော့၏။
ထို့အပြင် လင်းကျန်းအန်းနှင့် ထိုသူနှစ်ဦးကြားရှိ ပတ်သက်မှုကိုလည်း သတိပြုမိသွားကာ ထိတ်လန့်သွားရသည်။
“အာ ... ဟို... ကျွန်မ... ကျွန်မ ဒီအကြောင်းကို ရည်ရွယ်ပြီး ပြောလိုက်တာ မဟုတ်ပါဘူး...”
ယင်းဖန်က သူမ၏ ပါးစပ်ကို လက်ဖြင့်အမြန်ပင် ပိတ်လိုက်ပြီးနောက် အဘွားလင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။
သူမ ထင်ထားသည့်အတိုင်း အဘွားလင်းမှာ သူမ၏ ပါးစပ်ကို အပ်ဖြင့်ချုပ်ပစ်ချင်နေသည့်အလား ဒေါသထွက်စွာစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေ၏။
လင်းကျန်းအန်းအနေဖြင့် သူတို့ မည်သည့်အတွက်ကြောင့် ဤမျှအထိ ထိတ်လန့်နေကြသည်ကို မသိရှိပါချေ။
သူက အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“အတော်ပဲ.. တိုက်ဆိုင်သွားတာပဲ၊ ငါတို့ အတူတူ သွားကြတာပေါ့”
ယင်းဖန်က မသိစိတ်ဖြင့် ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။
“မရဘူး! ဒုတိယအစ်ကို ကျွန်မတို့နဲ့ အတူတူ လိုက်လာလို့ မဖြစ်ဘူး!”
ယင်းဖန်၏ တုံ့ပြန်မှုမှာ ဆေးရုံတွင် လင်းကျန်းအန်း မမြင်သက့်သည့်အရာ တစ်ခုခု ရှိနေသကဲ့သို့ အလွန်ပင် ကျယ်လောင်လွန်းသည်။
မူလက လင်းကျန်းအန်းအနေဖြကာ့ သူတို့နှင့်အတူလိုက်သွားရန် အမှန်တကယ် ဆန္ဒရှိခဲ့သည်မဟုတ်ပါချေ။သို့သော်လည်း ယင်းဖန်၏ တုံ့ပြန်မှုကြောင့် သူ၏ သိချင်စိတ်တို့က နိုးကြားလာခဲ့ရသည်။
လင်းကျန်းအန်းက လင်းရန်အား ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်လေသည်။
“ရန်ရန်... တစ်ခုခု ဖြစ်နေလို့လား”
အခြေအနေက ဖုံးကွယ်ထား၍ မရနိုင်တော့သည်ကို မြင်လျှင် လင်းရန်လည်း သက်ပြင်းချလိုက်ပြီးနောက် လီရှို့လီနှင့် စုန့်ဝေ့တို့၏ အကြောင်းကို လင်းကျန်းအန်းအား အနည်းငယ် ဖွင့်ဟပြောပြလိုက်ရလေတော့သည်။
ဘေးနားရှိ ယင်းဖန်ကလည်း လင်းရန်ကိုယ်တိုင် ပြောပြနေသည်ကို မြင်ချိန်တွင် အလျှင်အမြန်ပင် ဝင်၍ ဖြည့်စွက်ပြောဆိုပြန်သည်။
“ဒုတိယအစ်ကို... ကျွန်မက အစ်ကို့အတွက် တွေးပေးလို့ အတူမလိုက်ခိုင်းတာပါ၊ မဟုတ်ရင် အစ်ကိုက သူတို့နှစ်ယောက်ကို တွေ့ရတာ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်၊ ဘယ်လောက်တောင် မျက်နှာပူစရာ ကောင်းလိုက်မလဲ!”
ထိုစကားကို ကြားချိန်တွင် လင်းရန်တစ်ယောက် ယင်းဖန်အား မျက်လုံးလှန်ပြချင်စိတ်ပင် ဖြစ်သွားရပေသည်။
အကယ်၍သာ ယင်းဖန်အနေဖြင့် မတိုင်မီ ထိုမျှအထိ ပြာပြာသလဲ တုံ့ပြန်ခဲ့ခြင်း မရှိပါက ဖခင်ဖြစ်သူက ဤအကြောင်းကို သိရှိသွားပါမည်လား။
လင်းကျန်းအန်းသည်ကား လီရှို့လီနှင့် စုန့်ဝေ့တို့၏ သတင်းကို ယခုကဲ့သို့ အချိန်မျိုး၌ ရုတ်တရက် ကြားလိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
သူ ခေတ္တမျှ ကြောင်အသွားပြီးနောက်မှ တည်ငြိမ်စွာပင် ပြောဆိုလိုက်လေသည်။
“သူတို့က ဆေးရုံမှာ သူတို့ဘာသာနေကြတာပဲ၊ ငါ့အနေနဲ့ သူတို့ကြောင့်နဲ့ တကူးတက ရှောင်နေဖို့ မလိုပါဘူး၊ အခု ငါတို့ကြားမှာ ဘယ်လိုပတ်သက်မှုမှ မရှိတော့ဘူး၊ သူစိမ်းတွေပဲလေ”
ဖခင်ဖြစ်သူ၏ စကားကို ကြားရချိန်တွင်မှ လင်းရန်လည်း စိတ်သက်သာရာရသွားခဲ့သည်။
ဆိုရလျှင် သူမအနေဖြင့် ဤလူနှစ်ဦးအကြောင်းကို ပြောလိုက်ခြင်းက ဖခင်ဖြစ်သူအား စိတ်မသက်မသာ ဖြစ်စေမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
သို့သော် ကံကောင်းစွာဖြင့် ကြည့်ရသည်မှာ သူမ၏ ဖခင် လင်းကျန်းအန်း၏ စိတ်ထားက သူမ ထင်မှတ်ထားသည်ထက် ပို၍ ကျယ်ပြောပေသည်။
သို့သော်လည်း သူတို့က လီရှို့လီနှင့် စုန့်ဝေ့တို့ဆီသို့ သွားကြမည် ဖြစ်သောကြောင့် လင်းကျန်းအန်းကလည်း သူတို့ကို စောင့်ဆိုင်းနေရန် ရည်ရွယ်ချက် မရှိပါချေ။
ထို့ကြောင့် နေ့လယ်စာ စားသောက်ပြီးနောက် မကြာမီမှာပင် ထိုင်နေရာမှ ထ၍ အရင်ဦးစွာ ထွက်ခွာသွားခဲ့တော့သည်။
သူက လိုအပ်သည်များကို ဝယ်ယူပြီးနောက် ဆေးရုံသို့သွားကာ ခေါင်းဆောင်အား လူမမာမေးရန်ပြင်ဆင်လိုခဲ့သည်။
ယင်းဖန်နှင့် အဘွားလင်းတို့ကိုတော့ လင်းရန်က အိမ်ပြန်လမ်းကို မှတ်မိခြင်း ရှိ၊ မရှိ မေးမြန်းလိုက်သည်။
သူတို့က ခေါင်းညိတ်ပြချိန်တွင်မှသည သူမက သူတို့ကို လိုက်မပို့တော့ဘဲ ယင်းဖန်အား ညနေ ခြောက်နာရီဝန်းကျင်တွင် ဤနေရာသို့ လာပြီး စောင့်ဆိုင်းနေရန် မှာလွုက်လေ၏။
…
ညနေ သုံးနာရီဝန်းကျင်တွင် လင်းကျန်းအန်းက သစ်သီးများနှင့် မုန့်အ
တချို့ကို ကိုင်ဆောင်ကာ မြို့တော်ဆေးရုံ၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
သူ လာရောက်တွေ့ဆုံသည့် ခေါင်းဆောင်မှာ သူ၏ လုပ်ငန်းအတွက် အလွန်ပင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေ၏။
သူသည်က ယခင်က စက်ရုံ တည်ထောင်ပြီးနောက်တွင် သူ၏ လုပ်ငန်းကို တခြားပြည်နယ်များသို့ တိုးချဲ့ရန်နှင့် တခြားပြည်နယ်ရှိ ဆေးဆိုင်များ၊ ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခဲ့ဖူးသည်။
သို့သော်လည်း တခြားပြည်နယ်များတွင် လုပ်ငန်းလုပ်ကိုင်ရာ၌ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းများစွာ ရှိနေခဲ့သောကြောင့် လင်းကျန်းအန်းအနေဖြင့် ဤအကြောင်းအရာများကို တစ်ခါမျှ မထိတွေ့ဖူးသည့်အတွက် လုံးဝ နားမလည်ခဲ့ပါချေ။
သို့သော်လည်း မနက်ခင်းတွင် သက်ဆိုင်ရာ ခေါင်းဆောင်များအား ဤကိစ္စကို တင်ပြခဲ့ချိန်၌ တစ်ဖက်လူမှ တစ်စုံတစ်ဦးသည်က သူ့အတွက် ဤအကြောင်းအရာများကို ကြိုတင် စဉ်းစားပေးထားပြီးဖြစ်ကြောင်းနှင့် သတင်းစကားပင် ပါးထားပြီးဖြစ်ကြောင်း ပြောလာခဲ့သည်။
အကယ်၍ လင်းကျန်းအန်းသာ ကိုယ်တိုင် လာရောက် လုပ်ဆောင်မည်ဆိုပါက မည်သည့် ကြန့်ကြာမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။
ယနေ့ သူ သွားရောက်တွေ့ဆုံမည့်သူမှာ သူ၏ လုပ်ငန်းအပေါ်တွင် များစွာ အားပေးကူညီခဲ့သော ထိုခေါင်းဆောင်ပင် ဖြစ်ပေသည်။
ဤခေါင်းဆောင်က သူ့အား များစွာ ကူညီခဲ့ပေသည်။ ထိုကိစ္စများကို ခေါင်းဆောင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်သော်လည်း အကယ်၍ သူသာ ထိုအကြောင်းကို မပြောဆိုခဲ့ပါက လင်းကျန်းအန်းအနေဖြင့် အချိန်မည်မျှ ကုန်ဆုံးသွားမည်ကို မသိနိုင်ပါချေ။
ထို့ကြောင့် ခေါင်းဆောင် နေမကောင်းဖြစ်၍ ဆေးရုံတက်နေရသည်ဟု ကြားရချိန်တွင် မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင် လာရောက်ပြီး လူမမာမေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
လင်းကျန်းအန်း ဆေးရုံသို့ ဝင်လာပြီးနောက် သူနာပြုတစ်ဦးအား လူနာဆောင်သို့ မည်သို့သွားရမည်ကို မေးမြန်းနေချိန်မှာပင် မမျှော်လင့်ဘဲ ရင်းနှီးသောလူတစ်ဦးကို တွေ့လိုက်ရလေသည်။
“ဦးလေးလင်းလား”
“ရဲဘော်ကျိုး”
ရောက်လာသူမှာ မြို့တော်ဆေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် စုန့်ရှီးယန်၏ ငယ်သူငယ်ချင်း ဒေါက်တာ ကျိုးကျယ်ပင်းသာ ဖြစ်ပေသည်။
စုန့်ရှီးယန်က လင်းကျန်းအန်းနှင့်အတူ လုပ်ငန်းပါတနာရှာရန် မြို့ပေါ်သို့ လိုက်ပါလာချိန်က ကျိုးကျယ်ပင်းနှင့် ဆုံတွေ့ခဲ့ဖူးသည်။
မြို့တော်ဆေးရုံနှင့် အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းမှာလည်း ကျိုးကျယ်ပင်း၏ အကူအညီတို့ အနည်းငယ် ပါဝင်နေခဲ့ပေသည်။
“ဦးလေးလင်း... ဆေးရုံကို ဆေးပင်တွေလာပို့တာလား”
ကျိုးကျယ်ပင်းက အပြုံးတစ်ခုနှင့် မေးမြန်းလိုက်သော်လည်း လင်းကျန်းအန်း ကိုင်ဆောင်ထားသည်မှာ ဆေးပင်များ မဟုတ်ဘဲ သစ်သီးများနှင့် မုန့်များ ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
ဤပစ္စည်းများမှာ ပုံမှန်အားဖြင့် လူနာမေးသည့်အချိန်မှသာ ယူဆောင်လာတတ်သည့် အရာများ ဖြစ်ပေ၏။
ကျိုးကျယ်ပင်း၏ သိချင်နေသော အမူအရာကို မြင်ချိန်တွင် လင်းကျန်းအန်းက အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လေသည်။
“မဟုတ်ပါဘူး၊ ဆေးရုံတက်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဆီကို လူမမာလာမေးတာ”
ထိုစကားကို ကြားလျှင် ကျိုးကျယ်ပင်းလည်း ချက်ချင်းပင် သဘောပေါက်သွားတော့၏။
သူ့အနေဖြင့် ဤလူက စုန့်ရှီးယန်၏ ယောက္ခမဖြစ်သူဖြစ်ကြောင်းကို တွေးမိပြီးနောက် ကူညီပေးရန်တွေးလိုက်သည်။
“ဦးလေး တွေ့ချင်တဲ့ ခေါင်းဆောင်ရဲ့ နာမည်က ဘယ်သူလဲ ၊ ကျွန်တော် သူတို့ ဘယ်လူနာဆောင်မှာ ရီုနေလဲဆိုတာသိနိုင်လောက်တယ်၊ ကျွန်တော် တစ်ခါတည်း လိုက်ပို့ပေးပါ့မယ်”
ကျိုးကျယ်ပင်းသည်က လူနာဆောင်များဘက်သို့ လူနာစစ်ဆေးရန် သွားခါနီး ဖြစ်သောကြောင့် လင်းကျန်းအန်းကိုမြင်ချိန်တွင် တစ်ခါတည်းလမ်းညွှန်ပေးရန် တွေးတောခဲ့ခြင်း ဖြစ်ပေသည်။
လင်းကျန်းအန်းသည်လည်း လူကိုရှာမတွေ့မည်ကို စိုးရိမ်နေခဲ့ချိန်တွင် ကျိုးကျယ်ပင်း၏ စကားကို ကြားခဲ့ရသောကြောင့် ဝမ်းသာအားရဖြင့်ဖြင့် ခေါင်းဆောင်၏ အမည်ကို ပြောပြလိုက်လေသည်။
ကျိုးကျယ်ပင်းက ထိုခေါင်းဆောင် မည်သည့်နေရာတွင် ရှိနေကြောင်းကို သိနေသောကြောင့် လင်းကျန်းအန်းအား ထိုနေရာသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့လေ၏။
“ဦးလေးလင်း... ဒီအခန်းပဲ၊ တံခါးခေါက်ပြီး လူရှိမရှိ မေးကြည့်လိုက်ပါဦး”
ကျိုးကျယ်ပင်းအနေဖြင့် လူနာက နေပူစာလှုံရန် အပြင်သို့ ထွက်သွားမည်ကို စိုးရိမ်နေသောကြောင့် ပြောလိုက်လေ၏။
လင်းကျန်းအန်းလည်း ခေါင်းညိတ်ပြပြီးနောက် တံခါးကို ခေါက်လိုက်သည်။
မမျှော်လင့်ဘဲ သူ တံခါးခေါက်လိုက်သည်နှင့် အထဲမှ အနည်းငယ်ရင်းနှီးသကဲ့သို့ထင်။သော်လည်း စိမ်းသက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“ဘယ်သူလဲ... ဝင်သာဝင်လာခဲ့ပါ၊ ဘာလို့ တံခါးခေါက်နေသေးတာလဲ၊ ငါ့ခြေထောက်က ဒဏ်ရာရထားလို့ ခုတင်ပေါ်က ဆင်းမရတာကို မသိဘူးလား”
*
အခန်း(380)
လီရှို့လီမှာ ဆရာဝန် သို့မဟုတ် သူနာပြုတစ်ဦးရောက်လာသည်ဟု ထင်မှတ်ပြီး မကျေမနပ် ရေရွတ်နေခြင်း ဖြစ်ပေ၏။
သူမ ဆေးရုံသို့ ရောက်နေသည်မှာ နှစ်ရက်ခန့် ရှိနေခဲ့ပြီပင်။ ဤသည်ကို ထိုလူများက သူမ လမ်းမလျှောက်နိုင်ကြောင်းကိုပင် မသိကြသေးဘဲ တံခါးလာခေါက်ကာ သူမ လာဖွင့်ပေးမည်ကို စောင့်နေကြသည်လား။
သို့သော်လည်း သူမမကျေမနပ် ပြောဆိုနေချိန်တွင်ပင် တံခါးဝ၌ ရပ်နေသော လင်းကျန်းအန်းကို မြင်တွေ့လိုက်ရလေသည်။
လီရှိုသူမမှာ အမြင်မှားသည်ဟု ထင်မှတ်ကာ ခေတ္တမျှ ကြောင်အသွားပြီးနောက်မှ မှင်တက်စွာ မေးမြန်းလိုက်မိသည်။
“ရှင်... ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ!”
လင်းကျန်းအန်းက သူမ နေမကောင်းဖြစ်၍ ခုတင်ပေါ်မှ မဆင်းနိုင်သည်ကို သိရှိသောကြောင့် ဇာတိမြေမှနေ၍ ခရီးဝေးနှင်ကာ သူမအား လာရောက်ပြုစုခြင်း ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်သွားခြင်းဖြစ်နိုင်ပေ၏။
သူမ ထိုသို့ တွေးမိသည်မှာလည်း အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါချေ။ လင်းကျန်းအန်း၏ လက်ထဲတွင် ကိုင်ဆောင်ထားသော သစ်သီးများနှင့် မုန့်များကို မြင်တွေ့လိုက်ရသည် မဟုတ်ပါလား။
ဤပစ္စည်းများမှာ လူနာမေးသည့်အချိန်မှသာ ယူဆောင်လာတတ်သည့် အရာများဖြစ်လေ၏။
ဤသည်ကို တွေးမိချိန်တွင် လီရှို့လီ၏ စိတ်ခံစားချက်တို့မှာ တစ်စုံတစ်ရာသောအကြောင်းပြချက်ကြောင့် ရုတ်တရက် ရှုပ်ထွေးသွားရသည်။
အံ့ဩတုန်လှုပ်မှု၊ ထိတ်လန့်မှုများနှင့်အတူ အနည်းငယ်သော ပျော်ရွှင်မှုတို့ ရောယှက်နေခဲ့ပေ၏။
သူမနှင့် လင်းကျန်းအန်းတို့ ကွာရှင်းပြတ်စဲခဲ့သည်မှာ ဤမျှ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် သူမ ထွက်ခွာသွားချိန်ကလည်း လင်းကျန်းအန်းအား နှိမ့်ချသော စကားများကိုပင် ပြောဆိုခဲ့သေးသည်။ သို့ဖြစ်သော်လည်း သူက သူမအပေါ်တွင် သံယောဇဉ်များ ကျန်ရှိနေသေးပုံရသည်ပင်။
ဤသို့ တွေးမိချိန်တွင် လီရှို့လီ၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားရကာ လင်းကျန်းအန်းအား ရှက်ရွံ့စွာဖြင့် မကြည့်ဘဲ မနေနိုင်တော့ပါချေ။
တစ်ဖက်လူအား အနီးကပ် သေသေချာချာကြည့်လိုက်ချိန်တွင် သူမ အနည်းငယ်လောကာ နောင်တရသကဲ့သို့ ခံစားလိုက်ရပေသည်။
လင်းကျန်းအန်းမှာ သန့်ရှင်းသပ်ရပ်သော တရုတ်ရိုးရာဂျာကတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားနေခဲ့ကာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖီးသင်ထားခဲ့သည်။
သူ၏ခြေထောက်တွင်လည်း သားရေဖိနပ်ကိုပင် စီးထားသည်ကို သူမ မြင်တွေ့လိုက်ရလေ၏။
ဤအသွင်အပြင်ကို ကြည့်ရုံဖြင့် ထိုအမျိုးသားမှာ အသက်လေးဆယ်နီးပါး ရှိနေပြီဟု မထင်ရဘဲ အသက် သုံးဆယ်ကျော် လူငယ်တစ်ဦးကဲ့သို့သာ ထင်မှတ်ရပေသည်။
ထို့အပြင် ဤအတောအတွင်း ထိုသူမှာ တစ်စုံတစ်ရာသော အခွင့်အလမ်းသစ်များ ရရှိထားသည်လား မသိရသော်လည်း သူ၏ အကြည့်များနှင့် အရှိန်အဝါများမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
သူက တံခါးဝတွင် စကားတစ်လုံးမျှ မဆိုဘဲ ရပ်နေရုံမျှဖြင့် ခေါင်းဆောင်တစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့ကာ လူအများကိုပင်ငေးမောသွားစေနိုင်သည်။
သို့သော်လည်း လင်းကျန်းအန်းက ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်နေသည်ဟူသော မိဘများထံမှ ကြားသိထားသည့် သတင်းကို သူမ ပြန်လည်သတိရမိလိုက်သည်။
သူ၏ အလုပ်အကိုင်များက အတော်လေး အဆင်ပြေနေခြင်းဖြစ်နိုင်ပေ၏။
ဤအချိန်အတွင်း လီရှို့လီက လင်းကျန်းအန်း၏ အကြောင်းကို ပိုမိုစုံစမ်းရန်အတွက် သူမ၏ မိဘများကို မမေးခဲ့မိသည်ကို နောင်တရမိသွားသည်။
သို့မဟုတ်ပါက လင်းကျန်းအန်း၏ လက်ရှိ အခြေအနေကို သူမ သိရှိနိုင်မည် မဟုတ်ပါလား။
“လင်းကျန်းအန်း... ကျွန်မ ဆေးရုံတက်နေတာကို ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ၊ ရန်ရန်က ပြောပြလိုက်တာလား”
လီရှို့လီက စိတ်ထဲရှိ နောင်တရသည့် အတွေးများကို ဘေးဖယ်ထားပြီးနောက် တံခါးဝတွင် ရပ်နေသော လင်းကျန်းအန်းအား မတိုင်ခင်ကထက် များစွာနူးညံ့ပျော့ပျောင်းသော လေသံဖြင့် မေးမြန်းလိုက်လေသည်။
သို့သော်လည်း သူမ၏ မေးခွန်းကို ကြားချိန်တွင် လင်းကျန်းအန်းက သူမကို အေးစက်စွာဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် လူနာဆောင်အတွင်းသို့ လှည့်ပတ်ကြည့်ရှုလိုက်၏။
သူ ရှာဖွေနေသော ခေါင်းဆောင်က အထဲဘက်တွင် ရှိမနေသည်ကို အတည်ပြုပြီးနောက် လူနာဆောင် တံခါးဝမှနေ၍ ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။
လင်းကျန်းအန်း ဝင်လာပြီး သူမ၏ အခြေအနေကို ဂရုတစိုက် မေးမြန်းမည်ကို စောင့်ဆိုင်းနေသော လီရှို့လီ : “???”
မဟုတ်သေးပါဘူး။ သူ ဘာလို့ ထွက်သွားတာလဲ။
သူက သူမကို လူမမာမေးဖို့ လာတာ မဟုတ်ဘူးလား။ လက်ထဲက ပစ္စည်းတွေကိုတောင် မချရသေးဘူးလေ။
သူက စုန့်ဝေ့ မြင်သွားမှာကို ကြောက်နေရင်တောင် သူမကို စကားတစ်ခွန်းတောင် မပြောဘဲ ထွက်သွားတာကတော့ မဟုတ်သေးဘူးမလား။
လီရှို့လီ၏ စိတ်ထဲတွင် အံ့သြသင့်ပြီးရှုပ်ထွေးနေခဲ့သည်။
ကံမကောင်းစွာဖြင့် လင်းကျန်းအန်းက အလွန်ပင် လျင်မြန်စွာလျှောက်သွားခဲ့သည့်အပြင် သူမ၏ ခြေထောက်များမှာလည်း လှုပ်ရှား၍ မရနိုင်သေးသောကြောင့် နောက်ဆုံးတွင် လင်းကျန်းအန်းတစ်ယောက် သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေခဲ့ရလေတော့သည်။
တကယ်တမ်းတွင် လင်းကျန်းအန်းက လူနာဆောင်မှ ထွက်လာပြီးနောက် အဝေးသို့ ရောက်မသွားသေးပါချေ။
သူသည်က အနားတွင်ရှိနေသော စင်္ကြံတွင် ရပ်တန့်လိုက်ပြီး လီရှို့လီတို့၏ လူနာဆောင်ကို လှမ်းမြင်နိုင်သည့် နေရာတစ်ခုကို ရှာဖွေလိုက်လေသည်။
သူ့အနေဖြင့် ခေါင်းဆောင် ပြန်လာသည့်အချိန် တွေ့ဆုံနိုင်ရန်အတွက် ထိုနေရာမှ စောင့်ဆိုင်းနေရန် ရည်ရွယ်ထားခြင်းဖြစ်ပေသည်။
သို့သော်လည်း ခေါင်းဆောင် ပြန်မလာသေးခင် လူနာဝတ်စုံကို ဝတ်ဆင်ထားသည့် စုန့်ဝေ့ကိုသာ မြင်တွေ့လိုက်ရ၏။
စုန့်ဝေ့၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့နေပြီး အလွန်ပင် အားနည်းနေပုံရပေသည်။
သူသည်က နံရံကို အားပြုကိုင်ဆောင်လျက် စင်္ကြံလမ်းအတိုင်း လီရှို့လီရှိရာ လူနာဆောင်သို့ ဖြည်းညင်းစွာ ပြန်လာနေခဲ့လေသည်။
သူ့အနေဖြင့် ယခုအချိန်၌ အလွန်ပင် နေထိုင်ရခက်ခဲနေသောကြောင့် ဖြစ်နိုင်ပေသည်။ စင်္ကြံလမ်းရှိ တခြားသူများကို ကြည့်ရှုရန်မလုပ်နိုင်ခဲ့သောကြောင့် လင်းကျန်းအန်းကိုလည်း တွေ့မြင်ခဲ့ခြင်း မရှိပါချေ။
လင်းကျန်းအန်းက စုန့်ဝေ့ လူနာဆောင်ထဲသို့ ဝင်သွားသည်အထိ ကြည့်နေခဲ့ပြီးမှ အကြည့်လွှဲလိုက်ကာ သူ စောင့်ဆိုင်းနေသောသူကိုသာ ဆက်လက်စောင့်ဆိုင်းနေခဲ့တော့သည်။
လူနာဆောင်ထဲမှ လီရှို့လီမှာ လင်းကျန်းအန်း၏ အကြောင်းကိုသာ စဉ်းစားနေဆဲဖြစ်၍ စုန့်ဝေ့ ဝင်လာသည်ကိုပင် သတိမထားမိလိုက်ပါချေ။
စုန့်ဝေ့က သူမ၏ ကြောင်အမ်းအမ်းဖြစ်နေမှုကို သတိပြုမိပြီး လှမ်းခေါ်လိုက်မှသာ လီရှို့လီ သတိပြန်ဝင်လာခဲ့တော့သည်။
“အာ .. ဘာလဲ... ရှင် ပြန်လာပြီလား၊ ဆရာဝန်က ဘာပြောလိုကာလဲ ”
သူမ လင်းကျန်းအန်း၏ အကြောင်းကို တွေးနေမိသည်ကို စုန့်ဝေ့ ရိပ်မိသွားမည် စိုးသောကြောင့် လီရှို့လီသည် စကားကို အလောတကြီး ပြောဆိုလိုက်ပြီး မေးခွန်းများကို ဆက်တိုက်မေးကာ စုန့်ဝေ့၏ အာရုံကို အောင်မြင်စွာ လွှဲပြောင်းလိုက်လေသည်။
စုန့်ဝေ့က ယခုလေးတင် တာဝန်ခံဆရာဝန်ထံသို့ သွားရောက်၍ သူ၏ လက်ရှိအခြေအနေကို မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။
ဆရာဝန်၏ ပြောစကားများအရ သူသည်က အသက်ရှူမဝဘဲ နှလုံးကို ထိခိုက်သွားခြင်း ဖြစ်သည်ဟု ဆို၏။
သူ၏ ခန္ဓာကိုယ်တွင် အပြင်ပန်း ဒဏ်ရာ တစ်စုံတစ်ရာ မရရှိထားသော်လည်း ဤကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးက သူ၏ ကျန်းမာရေးအပေါ် များစွာ သက်ရောက်မှု ရှိနေပေသည်။
ထို့အပြင် စုန့်ဝေ့မှာ ယနေ့အထိ အားအင်ကုန်ခမ်းနေဆဲဖြစ်သောကြောင့် ဆေးရုံတွင် နောက်ထပ် နှစ်ရက်ခန့် ဆက်လက် စောင့်ကြည့်ပြီးမှ အိမ်ပြန်ရန် အကြံပြုခြင်း ခံထားရသည်။
လီရှို့လီ၏ အခြေအနေကတော့ ပြောစရာပင် မလိုပါချေ။
သူမအနေဖြင့် ခုတင်ပေါ်မှ ဆင်းကာ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်ရန်အတွက် တစ်လ သို့မဟုတ် နှစ်လခန့် အချိန်ယူရဦးမည် ဖြစ်ပေသည်။
ဒဏ်ရာတစ်ခု ရလာလျှင် ရက်ပေါင်း တစ်ရာခန့် ကုသရသည် မဟုတ်ပါလား။
လှေကားထစ်ကို နင်းမိရာမှ လွဲချော်သွားသည့် သူမ၏ ကံဆိုးမှုကိုသာ အပြစ်တင်ရပေလိမ့်မည်။
ပုံမှန်အားဖြင့် ခြေဆစ်လွဲရုံဆိုလျှင် ရက်အနည်းငယ် နားရုံဖြင့် ရသော်လည်း သူမ၏ အခြေအနေမှာ အရိုးပင် တိုက်ရိုက်ကျိုးသွားခဲ့ခြင်း ဖြစ်ပေသည်။
စုန့်ဝေ့က ဆရာဝန် ပြောစကားများကို လီရှို့လီအား ပြန်လည် ပြောပြလိုက်သောကြောင့် လီရှို့လီတစ်ယောက် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် မျက်နှာပျက်သွားရတော့၏။
“ဒါဆို ကျွန်မတို့က ဆေးရုံမှာ ဆက်နေရဦးမှာပေါ့၊ အဲဒီအချိန်ကျရင် ဘယ်သူက ကျွန်မတို့ကို ပြုစုမှာလဲ”
အကယ်၍ ဝန်ထမ်းအိမ်ရာသို့ ပြန်သွားမည်ဆိုပါက အိမ်နီးနားချင်းများက ကူညီပေးနိုင်သော်လည်း ယခု ဆေးရုံတွင်တော့ လူတိုင်းမှာ လူနာများသာ ဖြစ်ကြပေသည်။
လူတိုင်းတွင် အခက်အခဲများကိုယ်စီ ရှိနေကြသည့်အတွက် မည်သူက သူတို့ကို နေ့တိုင်း လာရောက် ပြုစုပေးနိုင်ပါမည်နည်း။
လွန်ခဲ့သော နှစ်ရက်အတွင်း ဆေးရုံ၌ သူမ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကို တွေးမိချိန်တွင် လီရှို့လီမှာ စိတ်မရှည် ဖြစ်လာရပြန်သည်။
စားရေးသောက်ရေး အခက်အခဲကို မဆိုထားနှင့်၊ လူ့သဘာဝ၏ အရေးတကြီးလိုအပ်ချက်များကိုပင် မလုပ်နိုင်ခြင်းဖြစ်ပေသည်။
သူမ၏ အခြေအနေအရ စုန့်ဝေ့က သူမကို အမျိုးသမီး အိမ်သာသို့ လိုက်ပို့ရန်မှာ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် အိမ်သာသို့ မကြာခဏ မသွားရစေရန်အတွက် သူမအနေဖြင့် ရေကိုပင် များများမသောက်ရဲဘဲ အောင့်ထားခဲ့ရရှာသည်။
“ဒါတွေအားလုံး စုန့်စစ်ယွီကြောင့်ပဲ၊ ကြည့်ပါဦး... အရင်က ကျွန်မတို့ သူမအပေါ်မှာ ဘယ်လောက်တောင် ကောင်းခဲ့လဲ၊ အခု လူနာပြုစုဖို့ လိုတဲ့အချိန်ကျတော့ သူမရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး!”
လီရှို့လီတစ်ယောက် သူတို့အပေါ်တွင် အသိတတ်ဆုံး ဖြစ်နေသင့်သည့် စုန့်စစ်ယွီ၏ ဆိုးသွမ်းမှုများကို မကျေမနပ်နှင့် အပြစ်တင် ညည်းညူနေခဲ့သည်။
ဘေးနားရှိ စုန့်ဝေ့မှာ နားထောင်နေရုံသာ ရှိနေခဲ့ပြီး တစ်ခွန်းမျှ ပြန်လည် မချေပခဲ့ပါချေ။
ဆိုရလျှင် ယခုတစ်ကြိမ်တွင် သူကိုယ်တိုင်ပင် လီရှို့လီကဲ့သို့ပင် စုန့်စစ်ယွီမှာ အမှန်တကယ် အားကိုးမရသူ ဖြစ်ကြောင်း ခံစားနေရသောကြောင့် ဖြစ်ပေသည်။
စုန့်စစ်ယွီအပေါ်တွင် သူ အမှန်တကယ်ပင် စိတ်ပျက်မိသွားခဲ့ပေပြီ ။
“တော်တော့... အခုချိန်မှာ သူမရဲ့အကြောင်း ပြောနေလို့လည်း ဘာထူးမှာလဲ!”
စုန့်ဝေ့က တွေးမိလေ ပို၍ စိတ်ပျက်လေ ဖြစ်လာသောကြောင့် မျက်မှောင်ကြုတ်လျက် လီရှို့လီအား စုန့်စစ်ယွီအကြောင်းကို ဆက်မပြောရန်သာ တားမြစ်လိုက်လေသည်။
လီရှို့လီက နှစ်ချက်ခန့် နှာခေါင်းရှုံ့လိုက်သော်လည်း ထိုအကြောင်းကို ဆက်မပြောတော့ပါချေ။
ထိုအစား သူမက ပြတင်းပေါက်နားရှိ ခုတင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“ဦးလေးချန်တို့ကတော့ ကံကောင်းလိုက်တာ၊ သူ့ရဲ့ ကလေးတွေက လာပြုစုပေးကြတဲ့အပြင် နေ့တိုင်းလည်း သူ့ကို လာတွေ့တဲ့ ဆွေမျိုးမိတ်ဆွေတွေ အများကြီး ရှိနေတာပဲ”