← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

381)

လွန်ခဲ့သော နှစ်ရက်အတွင်း ဦးလေးချန်နှင့် သူ၏မိသားစုဝင်များ၏ ကူညီစောင့်ရှောက်မှုကြောင့်သာ လီရှို့လီနှင့် စုန့်ဝေ့တို့မှာ အသက်ဆက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ဦးလေးချန်မှာ မနက်ဖြန်မနက်တွင် ဆေးရုံမှ ဆင်းတော့မည်ဖြစ်ကြောင်းကို သူတို့ ကြားလိုက်ရလေသည်။

အကယ်၍ သူသာ ထွက်ခွာသွားခဲ့လျှင် သူမနှင့် စုန့်ဝေ့တို့ မည်သို့ ဆက်လက်လုပ်ဆောင်ကြမည်နည်း။

“ဆွေမျိုးတွေလား...”

ဤစကားလုံးကို ကြားလိုက်ရချိန်တွင် စုန့်ဝေ့တစ်ယောက် စိတ်ထဲတွင် လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိပြီးနောက် လီရှို့လီအားစိတ်ပျက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ဤမိန်းမ၏ အသိဉာဏ်နှင့် အကဲခတ်နိုင်စွမ်းမှာ သူ့ကို တစ်ခါမျှ စိတ်မပျက်စေခဲ့ပါချေ။

ဘေးခုတင်မှ ဦးလေးချန်ကို လာရောက်တွေ့ဆုံကြသူများမှာ သူ၏ ဆွေမျိုးမိတ်ဆွေများ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ထိုသူများမှာ သေချာပေါက် သူ၏ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများနှင့် သူ့အား တစ်စုံတစ်ရာ အကူအညီတောင်းခံလိုသူများသာ ဖြစ်ပေလိမ့်မည်။

ဆိုရလျှင် ထိုသူများ ဝင်လာပြီးနောက်တွင် လူတိုင်းက ထိုအဘိုးအိုအပေါ် အလွန်အမင်း ရိုသေကိုင်းရှိုင်းကြပေ၏။

ထိုကဲ့သို့သော ရိုသေမှုမျိုးမှာ ဆွေမျိုးမိတ်ဆွေများအကြား ပြသတတ်သည့် အမူအရာမျိုး လုံးဝမဟုတ်ပါချေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုခေါင်းဆောင်ချန်၏ အဆင့်အတန်းနှင့် ရာထူးမှာ လုံးဝ နိမ့်ကျမည်မဟုတ်ကြောင်း သိသာပေသည်။

စုန့်ဝေ့အနေဖြင့် ယခင်က စက်မှုလက်မှုစက်ရုံတွင်သာ အလုပ်လုပ်ခဲ့ဖူးသောကြောင့် ဤအဘိုးချန်ကို မည်သည့်ဌာနမှ ခေါင်းဆောင်ဖြစ်ကြောင်းကို မသိရှိခဲ့ခြင်းသာ ဖြစ်ပေသည်။

အကယ်၍သာ သူ၏ ထိုလှေကြီးပေါ်သို့ တွယ်ကပ်လိုက်ပါခွင့် ရရှိမည်ဆိုပါက သူ၏ အလုပ်အကိုင်ပြဿနာမှာ ပြေလည်သွားနိုင်ပေ၏။

ကံကောင်းစွာဖြင့် လွန်ခဲ့သော နှစ်ရက်အတွင်း သူနှင့် ခေါင်းဆောင် ချန်တို့၏ ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့နေခဲ့ပေသည်။

သို့သော် မနက်ဖြန်တွင် ထိုသူက ဆေးရုံမှ ဆင်းတော့မည်ပင်။

သို့မဟုတ်လျှင် စုန့်ဝေ့အနေဖြင့် နောက်ထပ်ရက်အနည်းငယ်အတွင်း ခေါင်းဆောင်ချန်နှင့် ဆက်ဆံရေး ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဟု လုံးဝ ယုံကြည်ချက် ရှိနေခဲ့ခဲ့သည်။

တစ်ဖက်လူမှာ သူ့အား စက်မှုလက်မှုစက်ရုံသို့ ပြန်လည် အလုပ်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ရုံသာမက တခြားသော ဌာနဆိုင်ရာများတွင်ပင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြေရှိနေသည် မဟုတ်ပါလား။

ဤအကြောင်းကို တွေးမိချိန်တွင် စုန့်ဝေ့က လီရှို့လီအား မေးမြန်းလိုက်လေသည်။

“ခေါင်းဆောင်ချန် ဘယ်သွားလဲ”

“သူ့ဇနီးနဲ့အတူ နေဆာလှုံဖို့ အောက်ထပ်ကိုဆင်းသွားတယ်လေ၊ ဒီနေ့ နေရောင်ခြည်က အရမ်းကောင်းတယ်လို့ ပြောသွားကြတယ်”

ထိုသို့ ပြောဆိုရင်းဖြင့် လီရှို့လီက ပြတင်းပေါက် အပြင်ဘက်သို့ မနာလိုစွာဖြင့် လှမ်းကြည့်နေမိတော့သည်။

နေဆာလှုံရသည်မှာ အလွန်ပင် ကောင်းမွန်ပေလိမ့်မည်။ သူမလည်း ထိုကဲ့သို့ လွတ်လပ်ပေါ့ပါးစွာဖြင့် နေဆာလှုံချင်ပေပြီ။

စုန့်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် မည်သည်ကိုမျှ ဆက်မပြောတော့ဘဲ သူ၏ လူနာခုတင်ပေါ်သို့ ပြန်သွားကာ လှဲလျောင်းနေလိုက်လေသည်။

သို့သော်လည်း သူ လှဲလျောင်းနေသည်က အနားယူနေခြင်း မဟုတ်ပါချေ။ ထိုအစား မနက်ဖြန် ဆေးရုံမှမဆင်းမီ ခေါင်းဆောင်ချန်နှင့် ဆက်ဆံရေး ပိုမိုတိုးတက်အောင် မည်သို့ လုပ်ဆောင်ရမည်ကို အလေးအနက် စဉ်းစားနေခဲ့ခြင်း ဖြစ်၏။

အနည်းဆုံးတော့ ခေါင်းဆောင်ချန်၏ ဆက်သွယ်ရန် လိပ်စာနှင့် အိမ်လိပ်စာတို့ကို ရရှိအောင် ကြိုးပမ်းရပေလိမ့်မည်။

ထိုသို့ဆိုလျှင် နောင်တစ်ချိန်တွင် အကူအညီ တောင်းခံနိုင်ပါက သူ၏ဘဝမှာ များစွာ ပိုမိုတည်ငြိမ်သွားမည် မဟုတ်ပါလား။

စုန့်ဝေ့က ခေါင်းဆောင်ချန်၏ အကြောင်းကို စဉ်းစားနေချိန်တွင် အဘိုးအိုနှင့် သူ၏ဇနီးဖြစ်သူတို့က ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။

သူတို့ ပြန်လာသည်နှင့် တစ်ပြိုင်နက် စင်္ကြံလမ်းတွင် စောင့်ဆိုင်းနေသော လင်းကျန်းအန်းသည်လည်း မြင်တွေ့သွားခဲ့ပေ၏။

လင်းကျန်းအန်းက ခေါင်းဆောင်ချန်ရှိရာသို့ အမြန်သွားကာ လှမ်းခေါ်လိုက်လေသည်။

“ညွှန်ကြားရေးမှူး ချန်”

ခေါင်းဆောင်ချန်မှာ သူ့အား မြင်တွေ့လိုက်ရချိန်တွင် ခေတ္တမျှကြောင်အသွားပြီးနောက်မှ အားရပါးရ ရယ်မောလိုက်လေတော့သည်။

“ရှောင်လင်း... မင်း ဘယ်တုန်းက ရောက်နေတာလဲ၊ အိုး... ငါက နေမကောင်း နည်းနည်းပဲ ဖြစ်တာပါ၊ နောက် နှစ်ရက် သုံးရက်ဆိုရင် ဆေးရုံက ဆင်းတော့မှာလို့ ငါ ပြောထားတာကို၊ သူတို့က မင်းကို ဘာလို့ သွားပြောလိုက်ကြတာလဲမသိဘူး”

ခေါင်းဆောင်ချန်သည်ကား လင်းကျန်းအန်းအပေါ် အမှန်တကယ်ပင် အထင်ကြီးသဘောကျနေခဲ့ခြင်း ဖြစ်ပေသည်။

လင်းကျန်းအန်း လက်ရှိ လုပ်ကိုင်နေသော ဆေးဖက်ဝင်ပစ္စည်းလုပ်ငန်းနှင့် သူ ဖွင့်လှစ်ထားသော ဆေးဝါးစက်ရုံမှာ သူတို့မြို့၏ ဆေးဖက်ဝင် ပစ္စည်းအဖြစ် စီးပွားရေးကို လှုံ့ဆော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် ထိုအတွက်ကြောင့်သာ မဟုတ်ပါချေ။

လင်းကျန်းအန်း၏ ကြိုးစားအားထုတ်လိုစိတ်နှင့် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်လိုသည့် စိတ်ဓာတ်တို့ကို သူ အတော်လေး တန်ဖိုးထားမိသည်။

သို့သော်လည်း စုန့်ဝေ့ လုံးဝ မျှော်လင့်မထားသော အချက်မှာ သူ့ဘက်မှ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လင်းကျန်းအန်းအား ရန်စသော အကြည့်များဖြင့် ကြည့်လိုက်ချိန်တွင် လင်းကျန်းအန်းထံမှ ဝမ်းနည်းကြေကွဲနေသော အမူအရာကို မမြင်တွေ့ရဘဲ အေးစက်စက် အကြည့်တစ်ချက်ကိုသာ ပြန်လည်ရရှိလိုက်ခြင်းကိုပင် ဖြစ်ပေသည်။

သူက ဘာလို့ နည်းနည်းလေးတောင် ဝမ်းမနည်းရတာလဲ။

လီရှို့လီရဲ့ လက်ရှိခင်ပွန်းဖြစ်တဲ့ ငါ ရှိနေတာတောင် သူက အေးအေးဆေးဆေး ရင်ဆိုင်နိုင်လောက်အောင် အရှက်မရှိတဲ့သူမျိုးလား။

“ရှောင်စုန့်၊ မင်း အခု အနားယူတော့မလို့လား၊ ဒါမှမဟုတ် တခြားကိစ္စ ရှိသေးလား”

စုန့်ဝေ့ တစ်ယောက် သံသယများ ပြည့်နှက်နေချိန်မှာပင် ခေါင်းဆောင်ချန်၏ အသံက သူ့ကို သတိပြန်ဝင်လာစေခဲ့သည်။

စုန့်ဝေ့က ထိုစကားကို ကြားချိန်တွင် အလျှင်အမြန်ပင် ခေါင်းခါပြလိုက်၏။

“မအိပ်သေးပါဘူး၊ ဘာဖြစ်လို့လဲ ဦးလေးချန်”

“အိုး.. မအိပ်သေးဘူးဆိုရင်တော့ အတော်ပဲ၊ ငါ့ဆီကို မျိုးဆက်သစ် လူငယ်တစ်ယောက် လူမမာလာမေးလို့လေ၊ ငါ သူနဲ့ ခဏလောက် စကားပြောဖို့ အစီအစဉ်ရှိတယ်၊

မဟုတ်ရင် မင်းတို့ အနားယူနေတာကို နှောင့်ယှက်မိသလို ဖြစ်မှာစိုးလို့ပါ”

ခေါင်းဆောင်ချန်၏ အပြုံးဖြင့် ပြောလိုက်သော ထိုစကားများက စုန့်ဝေ့နှင့် လီရှို့လီတို့အား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အေးခဲသွားစေခဲ့လေ၏။

382)

“မျိုးဆက်သစ် လူငယ်...”

ထိုစကားကြောင့် လီရှို့လီနဲ့ စုန့်ဝေ့တို့နှစ်ဦးလုံးမှာ လင်းကျန်းအန်းအား မကြည့်ဘဲ မနေနိုင်တော့ပါချေ။

ဤအခန်းထဲတွင် မျိုးဆက်သစ်လူငယ်ဟု ခေါ်ဆိုနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိသည် မဟုတ်ပါလား။

သို့သော်လည်း လင်းကျန်းအန်းက ခေါင်းဆောင်ချန်နှင့် မည်သည့်အချိန်က ဆုံတွေ့ခဲ့ပါသနည်း။

ခေါင်းဆောင်ချန်မှာ မြို့ပေါ်ရှိ အလွန်ဩဇာညောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်းကို စုန့်ဝေ့ ရိပ်မိသိထားကြပေသည်။

လင်းကျန်းအန်းမှာ လယ်သမားကြီးတစ်ဦးမျှသာဖြစ်၍ မည်သည့်နေရာမှနေ၍ ယခုကဲ့သို့ အခွင့်အရေးမျိုး ရရှိခဲ့သည်လဲ။

သို့သော် စုန့်ဝေ့နှင့် လီရှို့လီတို့၏ သံသယများကို မည်သူကမျှ အဖြေမပေးခဲ့ပါချေ။

နောက်ဆုံးတွင် လင်းကျန်းအန်းက အရှေ့သို့သာ တည့်တည့်ကြည့်လျက် လူနာဆောင်ထဲသို့ ဝင်လာကာ သူတို့အား လျစ်လျူရှုပြီး ခေါင်းဆောင်ချန်၏ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်ကိုသာ သူတို့ ငေးကြည့်နေခဲ့ရလေတော့သည်။

ဒါတွေက ဘယ်လိုဖြစ်ရတာလဲ!

လင်းကျန်းအန်းက သူမဆီကို လာတာမဟုတ်ဘူးလား။ ဘာလို့ ခေါင်းဆောင်ချန်ဆီကိုပဲ တိုက်ရိုက်သွားရတာလဲ။

လီရှို့လီမှာလည်း အံ့ဩတုန်လှုပ်ရုံသာမက မတိုင်မီက သူမဘာသာ စိတ်ကူးယဉ်မိခဲ့သည့်အတွက်လည်း ရှက်ရွံ့သွားရပြီး မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ရသည်။

သူမအနေဖြင့် ဤအကြောင်းကို တခြားလူတစ်ဦးအား ဖွင့်ဟမပြောခဲ့မိခြင်းက ကံကောင်းလွန်းသည်ဟု တွေးမိလိုက်၏။ သို့မဟုတ်ပါက သူမက ဟာသကြီးတစ်ခုသာ ဖြစ်သွားရပေလိမ့်မည်။

လင်းကျန်းအန်းက ဝင်ထိုင်ပြီးနောက်တွင် ခေါင်းဆောင်ချန်နှင့် အလျှင်အမြန်ပင် စကားပြောဆိုခဲ့ကြသည်။

သူတို့နှစ်ဦးက အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနေကြခြင်း ဖြစ်ပေသည်။ စုန့်ဝေ့တစ်ယောက် စိတ်ထဲရှိ တုန်လှုပ်မှုများကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး သူတို့ပြောဆိုနေသော အကြောင်းအရာများကို သိရှိရန် နားစွင့်နေခဲ့၏။

သူ နားထောင်နေရင်းဖြင့် တုန်လှုပ်မှုများက ပိုမိုနက်ရှိုင်းလာခဲ့ရသည်။

လင်းကျန်းအန်းက ခေါင်းဆောင်ချန်နှင့် စီးပွားရေးကိစ္စများကို လာရောက်ဆွေးနွေးနေခြင်း ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ဝက်အတွင်း သူ့ထံတွင် မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်ကိုမသိသော်လည်း လက်ရှိတွင် သူက ခေါင်းဆောင်ချန်နှင့်ပင် အဆင့်တူစွာ စကားပြောနိုင်နေခဲ့ပေပြီ။

စက်ရုံအကြောင်းများ၊ တခြားပြည်နယ်များသို့ တိုးချဲ့မည့်အကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ဤစကားလုံးများက စုန့်ဝေ့အား တစ်ခုခုကို ရှင်းလင်းစွာ သတိပြုမိစေခဲ့သည်။

သူ့အနေဖြင့် ဒါရိုက်တာရှုနှင့် သူ၏သမီးကိစ္စတို့ဖြင့်သာ အလုပ်ရှုပ်နေချိန်တွင် လင်းကျန်းအန်း၏ ကြီးထွားလာမှုမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်ပေသည်။

သူ့ကိုယ်သူ ပြန်လည်သုံးသပ်ကြည့်လျှင် လွန်ခဲ့သော နှစ်ဝက်အတွင်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ရုံသာမက အင်ဂျင်နီယာရာထူးမှ သာမန်ဝန်ထမ်းတစ်ဦးအဖြစ်သို့ လျှောကျခဲ့ရသည်။

ယခုဆိုလျှင် ထိုဝန်ထမ်းအဖြစ်မှလည်း ထုတ်ပယ်ခံရကာ အိမ်ရာကိုလည်း ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။

အခု သူ့မှာ လူတစ်ကိုယ်နှင့် ဘဏ်စာအုပ်တစ်အုပ်ကလွဲလို့ ဘာမှမရှိတော့ဘူး!

လင်းကျန်းအန်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာခဲ့ပြီး ယခုဆိုလျှင် သူ့၏ အိပ်မက်ထဲအထိ မျက်နှာချိုသွေးချင်နေသော ပုဂ္ဂိုလ်မျိုးနှင့်ပင် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

စုန့်ဝေ့က ပြတင်းပေါက်နားတွင် ထိုင်ကာ ခေါင်းဆောင်ချန်နှင့် စကားပြောနေသော လင်းကျန်းအန်းကို ငေးကြည့်နေမိသည်။

လူကတော့ ထိုလူအတိုင်းပင် ဖြစ်သော်လည်း သူ၏ စိတ်ဓာတ်နှင့် အရှိန်အဝါက များစွာ ကွာခြားသွားပြီဟု ခံစားနေရပေသည်။

နောက်ဆုံးတွင် ခေါင်းဆောင်ချန်နှင့် လင်းကျန်းအန်းတို့၏ စကားပြောဆိုမှု ပြီးဆုံးသွားကာ လင်းကျန်းအန်းက ထိုင်နေရာမှ ထ၍ ပြန်ရန် ပြင်လိုက်လေသည်။

လင်းကျန်းအန်းနှင့် စကားပြောရန် အခွင့်အရေးကို အောင့်သက်သက်ဖြင့် စောင့်ဆိုင်းနေသော လီရှို့လီသည်ကား သူ ပြန်တော့မည်ကို မြင်ချိန်တွင် မထိန်းချုပ်နိုင်တော့ဘဲ လှမ်း၍ ခေါ်လိုက်လေတော့သည်။

“လင်းကျန်းအန်း!”

လီရှို့လီ၏ အသံထွက်လာသည်နှင့် လင်းကျန်းအန်းမှလွဲ၍ အခန်းထဲရှိ လူတိုင်းက သူမအား လှည့်ကြည့်လိုက်ကြသည်။

အထူးသဖြင့် စုန့်ဝေ့က လူကိုပင် ဝါးစားချင်လုနီးပါး အေးစက်သော အကြည့်များဖြင့် လီရှို့လီအား စိုက်ကြည့်လိုက်၏။

လီရှို့လီနှင့် လင်းကျန်းအန်းတို့၏ ပတ်သက်မှုကို သူ ရှိပြီးသား ဖြစ်ပေသည်။ သူမက စုန့်ဝေ့နှင့် လက်ထပ်ခဲ့သည်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ဇနီးဟောင်းဖြစ်သူအနေဖြင့် သူမ၏ ခင်ပွန်းဟောင်းနှင့် တွေ့ဆုံလျှင် ရှောင်ရှားသင့်သည် မဟုတ်ပါလား။

လီရှို့လီအနေဖြင့် စုန့်ဝေ့၏ အေးစက်သော အကြည့်များကို မကြောက်ပါဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။

သို့သော် သူမအနေဖြင့် မတတ်နိုင်ပါချေ။

အကယ်၍သာ စုန့်ဝေ့က အရင်ကကဲ့သို့ အင်ဂျင်နီယာကြီးတစ်ဦး ဖြစ်နေဦးမည်ဆိုလျှင် သူမက လင်းကျန်းအန်းအား လှည့်ပင်ကြည့်မည် မဟုတ်ပေ။

ဒါပေမဲ့ အခုတော့...

စုန့်ဝေ့က အင်ဂျင်နီယာ မဟုတ်တော့ရုံသာမက ယခုဆိုလျှင် အလုပ်သမားတောင် မဟုတ်တော့ပါချေ။

ဆေးရုံမှ ဆင်းလိုက်သည်နှင့် ရက်အနည်းငယ်အတွင်း စက်ရုံက ဝန်ထမ်းအိမ်ရာကို ပြန်လည်သိမ်းယူမည်မှာ သေချာပေသည်။ ထိုအချိန်ကျလျှင် သူတို့တွင် နေစရာနေရာ ရှိတော့မည် မဟုတ်ပေ။

သူမအနေဖြင့် စုန့်ဝေ့နှင့်အတူ လမ်းပေါ်တွင် လှည့်ပတ်သွားလာနေရန် လုံးဝ မဖြစ်နိုင်ပါချေ။

စုန့်ဝေ့က စက်ရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောကြောင့် စုဆောင်းငွေများ ရှိလိမ့်မည်က သေချာသော်လည်း ထိုငွေများက မည်မျှအထိ ခံနိုင်ပါမည်နည်း။

သူ၏ အသက်အရွယ်အပြင် ဒါရိုက်တာရှု၏ မိသားစုထံမှ အငြိုးအထားတေးခြင်းကို ခံထားရသောကြောင့် အလုပ်သစ်ပြန်ရှာရန်မှာ လုံးဝ လွယ်ကူမည်မဟုတ်ပေ။

သူ၏ စုဆောင်းငွေအနည်းငယ်မှာလည်း ရေရှည်အတွက် လုံလောက်မည် မဟုတ်ပယ။

အကယ်၍ ထိုသို့သာဆိုလျှင် သူမအနေဖြင့် ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ရှာဖွေထားသင့်သည် မဟုတ်ပါလား။

မူလက ဤအတွေးမှာ ပြင်းပြခြင်းမရှိသေးသော်လည်း လင်းကျန်းအန်းနှင့် ခေါင်းဆောင်ချန်တို့ ထိုအကြောင်းအရာများကို ဆွေးနွေးနေကြသည်ကို မြင်တွေ့လိုက်ရချိန်တွင် လီရှို့လီတစ်ယောက် သဘောပေါက်သွားခဲ့လေသည်။

လင်းကျန်းအန်း၏ စီးပွားရေးမှာ ယခုအချိန်၌ အလွန်ပင် ကြီးမားနေပေပြီ။ ထိုမျှသာမကဘဲ တခြားပြည်နယ်များသို့ပင် သွားရောက်ကာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေပြီ မဟုတ်ပါလား။

သို့ဆိုလျှင် သူ၏စက်ရုံမှာ အတိုင်းအတာတစ်ခုအထိ ကြီးမားနေမည်မှာ သေချာသည်ပင်။

ထိုစက်ရုံမှာ သူတစ်ဦးတည်း ပိုင်ဆိုင်သည်မဟုတ်လျှင်ပင် သူ့အား စက်ရုံမှူးတစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။

အကယ်၍သာ သူနှင့် ပြန်လည်ပေါင်းထုပ်ခွင့်ရမည်ဆိုပါက သူမသည်လည်း စက်ရုံမှူးကတော် ဖြစ်လာမည် မဟုတ်ပါလား။

ဤဘွဲ့နာမည်မှာ လီရှို့လီ အိပ်မက်ထဲတွင်ပင် ကြားချင်နေခဲ့သည့် နာမည်သာ ဖြစ်ပေ၏။

သို့ဖြစ်၍ ရင်ထဲရှိ လောဘရမ္မက်များ၏ တွန်းအားပေးမှုကြောင့် လီရှို့လီမှာ မဆင်မခြင်ပင် စကားဆိုလိုက်တော့သည်။

“ရှောင်လီ... မင်း ရှောင်လင်းနဲ့ သိတာလား”

ဘေးနားရှိ ခေါင်းဆောင်ချန်သည်လည်း လီရှို့လီက လင်းကျန်းအန်း၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်ကို မြင်တွေ့ရပြီး လေသံအရလည်း စိမ်းသက်မှုမရှိသောကြောင့် သူတို့က အကျွမ်းတဝင်ရှိသူများ ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ မေးမြန်းလိုက်သည်။

လီရှို့လီကတော့ ခေါင်းဆောင်ချန်အား ရှင်းပြရန် စိတ်မဝင်စားတော့ဘဲ ဝတ်ကျေတန်းကျေသာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းကျန်းအန်းအား ဆက်လက်၍ ခေါ်ဆိုလိုက်လေသည်။

“ရှင်... ဒီနှစ်တွေထဲမှာ ဘယ်လိုနေထိုင်ခဲ့လဲ ၊ ကျွန်မ ငယ်ငယ်တုန်းက ဆိုးရွားတဲ့စကားတွေ အများကြီး ပြောခဲ့မိပြီး ရှင့်ကို နာကျင်အောင် လုပ်ခဲ့မိတယ်...”

“လီရှို့လီ!”

“မင်းနဲ့ ငါနဲ့ ဘာတွေများပတ်သက်မှု ရှိနေလို့လဲ”

သူမပ လင်းကျန်းအန်းအား တောင်းပန်လိုသည့်အမူအယာကို ဟန်ဆောင်လိုခဲ့သော်လည်း အသံနှစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

အရှေ့မှအသံမှာ စုန့်ဝေ့၏ အသံဖြစ်ပေသည်။

လီရှို့လီက လင်းကျန်းအန်းကို လှမ်းခေါ်လိုက်ကတည်းက စုန့်ဝေ့တစ်ယောက် ဒေါသကို အောင့်ထားခဲ့ရခြင်း ဖြစ်၏။

သို့သော် လီရှို့လီက သူ့၏ရှေ့တွင်ပင် လင်းကျန်းအန်းအား ရဲတင်းစွာ စကားပြောဆိုနေသည်ကို မြင်တွေ့ရချိန်တွင်တော့ သည်းမခံနိုင်တော့ဘဲ ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။

နောက်မှစကားကတော့ လင်းကျန်းအန်း ပြောလိုက်ခြင်းပင် ဖြစ်ပေသည်။

“သူတစ်ပါးရှေ့တွင် မျက်နှာကို ဖြတ်ရိုက်ခံရသကဲ့သို့” ဒေါသထွက်နေသော စုန့်ဝေ့၏ မျက်နှာအမူအရာနှင့်မတူဘဲ လင်းကျန်းအန်းကတော့ အလွန်ပင် တည်ငြိမ်နေခဲ့ပေသည်။

သူက ပြန်လှည့်ကြည့်လိုက်ကာ လီရှို့လီအား မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ကြည့်ရင်း ဆိုလိုက်လေသည်။

“လီရှို့လီ... ငါတို့ ကွာရှင်းခဲ့တာ အနှစ်နှစ်ဆယ်နီးပါး ရှိနေပြီ ၊ မင်းက အခုမှ ရုတ်တရက်ကြီး ဒီမေးခွန်းကို ငါ့ကို လာမေးနေတာက အဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား”

“မင်း ရန်ရန်ကို ခေါ်ပြီး ထွက်သွားတုန်းက အပြင်ဘက်မှာ ငတ်သေရင်တောင် ဘယ်တော့မှ ပြန်မလာဘူး၊ ငါ့ကိုလည်း လှည့်မကြည့်ဘူးလို့ ပြောခဲ့တယ်လေ

မင်းရဲ့ မှတ်ဉာဏ်မကောင်းတာကို ငါသိလို့ မင်း ပြောခဲ့တဲ့စကားတွေကို အခု ပြန်ပြောပြပြီး သတိပေးလိုက်မယ်...

မင်း တစ်ချိန်က ပြောခဲ့တဲ့စကားတွေကို မေ့မပစ်လိုက်တာ အကောင်းဆုံးပဲ”

သူမ၏ ထိုစကားများ၊ ထိုလုပ်ရပ်များကြောင့် သူ ရရှိခဲ့သည့် နာကျင်မှုများအတွက်ကတော့..

အစောပိုင်းနှစ်များက သူသည်လည်း လူငယ်တစ်ဦးဖြစ်သောကြောင့် သူမအကြောင်းကို တွေးမိတိုင်း နာကျင်ဒေါသထွက်ခဲ့ရသည်။

သို့သော်လည်း အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ ယခုအချိန် သူသည်လည်း ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီး အရာအားလုံးအပေါ် ကျေနပ်နေပြီ ဖြစ်သောကြောင့် လီရှို့လီကဲ့သို့သော လူစားမျိုးကို တွေးတောကာ အလုပ်ရှုပ်ခံတော့မည် မဟုတ်ပါချေ။

လင်းကျန်းအန်း၏ စကားများမှာ လီရှို့လီ၏ ခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်စေကာ လင်းကျန်းအန်း၏ ရင်ထဲတွင် သူမအပေါ် မည်သည့် သံယောဇဉ်မျှ မရှိတော့ကြောင်းကို ကောင်းစွာ သိရှိသွားစေခဲ့သည်။

လီရှို့လီမှာ မျက်နှာဖြူလျော့ကာ ဆွံ့အသွားသည်ကို မြင်ချိန်တွင် လင်းကျန်းအန်းက ခေါင်းဆောင်ချန်အား ကြည့်ပြီး ပြောလိုက်လေသည်။

“ခေါင်းဆောင်ချန်... ကျွန်တော် ရှက်စရာကောင်းတဲ့ကိစ္စတွေကို ပြလိုက်မိပြီ၊ အခုတော့ ကိစ္စတွေက ရှင်းသွားပြီဆိုတော့ ကျွန်တော် အရင်သွားပါရစေ.. လိုက်ပို့ဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး”

ထိုသို့ပြောပြီးနောက် လင်းကျန်းအန်းက ယခုတစ်ကြိမ်တွင် တွန့်ဆုတ်မှုမျှမရှိဘဲ လူနာဆောင်ထဲမှ ထွက်ခွာသွားခဲ့တော့သည်။

သူ ထွက်သွားသည်နှင့် ခေါင်းဆောင်ချန်နှင့် ဇနီးဖြစ်သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး လူနာဆောင်အတွင်းရှိ အနေခက်သော အခြေအနေကို သတိပြုမိလိုက်ကြ၏။

All Chapters