အခန်း (၃၈၃-၃၈၄)
Vol. 39 Ch. 383-384
383)
ဤအခန်းထဲမှ အနေရခက်မှု မည်သူ့ထံမှ ရောက်လာသည်လဲ။
တစ်ဖက်တွင် ရှိနေသော စုန့်ဝေ့နှင့် လီရှို့လီတို့ထံမှသာ ဖြစ်ပေသည်။
လီရှို့လီအနေဖြင့် မတိုင်ခင်က မေးခွန်းကို ပြန်မဖြေခဲ့သော်လည်း လင်းကျန်းအန်း၏ စကားများအရ သူတို့က ပြတ်ဆဲခဲ့သည်မှာ ကြာပြီဖြစ်သော ဇနီးမောင်နှံဟောင်းများ ဖြစ်ကြကြောင်းကို ခေါင်းဆောင်ချန် သိရှိသွားခဲ့ပေပြီ။
ခင်ပွန်းဟောင်းနှင့် လက်ရှိခင်ပွန်းတို့ အတူတူရှိနေချိန်တွင် လီရှို့လီက လက်ရှိခင်ပွန်းရှေ့၌ ခင်ပွန်းဟောင်းအား တကူးတက လှမ်းတားခဲ့ခြင်းမှာ သူမ၏ နှလုံးသားထဲ၌ သံယောဇဉ်များ ကျန်ရှိနေသေးသကဲ့သို့ပင် ဖြစ်နေပေသည်။
ဤသည်မှာ...
ခေါင်းဆောင်ချန်နှင့် ဇနီးဖြစ်သူတို့သည်က လောကအတွေ့အကြုံ များလွန်းသော်လည်း ယခုအခြေအနေတွင် မည်သည့်စကားဖြင့် စတင်၍ တိတ်ဆိတ်မှုကို ဖြိုခွဲရမည်ကို မသိတော့ပါချေ။
သို့ဖြစ်၍ အဘိုးအိုနှင့် ဇနီးဖြစ်သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စုန့်ဝေ့နှင့် လီရှို့လီတို့အား အချိန်ပေးရန် ဆုံးဖြတ်လိုက်ကာ နေပူစာလှုံရန်အတွက် လူနာဆောင်အပြင်ဘက်သို့သာ ပြတ်ပြတ်သားသား ပြန်လည် ထွက်ခွာသွားခဲ့ကြလေတော့သည်။
ခေါင်းဆောင်ချန်နှင့် ဇနီးဖြစ်သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် စုန့်ဝေ့ကလုံးဝ ပေါက်ကွဲသွားလေတော့သည်။
“လီရှို့လီ.. မင်းကတော့ အတောင်စုံလာလို့ ရူးချင်နေပြီထင်တယ်၊ ဟုတ်လား!”
“ခုနက မင်း ဘာတွေလုပ်နေတာလဲ၊ လင်းကျန်းအန်းကသာ မင်းစကားကို ပြန်ပြီးတုံ့ပြန်လိုက်ရင် မင်း သူ့နောက်ကို တန်းလိုက်သွားတော့မှာ မဟုတ်လား!”
“ဟားဟား... မင်းက ဖောက်ပြန်တတ်တဲ့ မိန်းမစားမျိုးဆိုတာ ငါသိထားပြီးသားပဲ၊ ဒါပေမဲ့ ငါ့ရှေ့တင် အရှက်မရှိ ဒီလိုမျိုး လုပ်ရဲလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး
ငါ့ကွယ်ရာမှာဆိုရင်တော့ မင်း ငါ့ကို ဘယ်နှစ်ကြိမ်တောင် ဦးထုပ်စိမ်းဆောင်းအောင် လုပ်ခဲ့ပြီးပြီလဲ မသိဘူး!”
“ကောင်းပြီလေ၊ မင်း သူ့နောက်က လိုက်ချင်တယ်ဆိုရင်လည်း အခုပဲ ထွက်သွားလိုက်တော့၊ နောက်ကို ငါ့ဆီ ပြန်မလာနဲ့!”
စုန့်ဝေ့၏ ဆဲဆိုအပြစ်တင်မှုများနှင့် စွပ်စွဲချက်များက အဆင်မပြတ် ကျရောက်လာချိန်တွင် လီရှို့လီတစ်ယောက်ပုခုံးများပင် ကျုံ့ဝင်သွားရသည်
သူမက မည်သို့မျှ ပြန်လည်မခုခံရဲဘဲ အလေးအနက်ပင် ရှင်းပြနေရတော့၏။
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး၊ ရှင်က ဘယ်လိုတွေ တွေးနေတာလဲ ၊ ကျွန်မက သူ့ကို ဒီအတိုင်း စကားစပ်မိရုံတင်ပါ”
“ကျွန်မ သူ့အပေါ်မှာ သံယောဇဉ် မရှိတော့တာ ကြာပြီ၊ ဘယ်လိုလုပ် သူ့နောက် လိုက်သွားမှာလဲ ၊ လောင်စုန့်ကြီ.. အများကြီး လျှောက်မတွေးပါနဲ့ ၊ ရှင် အရမ်းဒေါသထွက်ရင် ပြန်ပြီး နေမကောင်း ဖြစ်နေပါဦးမယ်”
လင်းကျန်းအန်းထံမှ မျှော်လင့်ချက် လုံးဝမရှိတော့သည်ကို မြင်ချိန်တွင် လီရှို့လီအနေဖြင့် စုန့်ဝေ့အား ရိုးသားစွာဖြင့် ပြန်လည် ချော့မော့ ပြုစုရလေတော့သည်။
သို့မဟုတ်ပါက သူမအနေဖြင့် မည်သူ့ကို အားကိုးရမည်နည်း။
သို့ဖြစ်၍ နောက်ဆုံးတွင် စုန့်ဝေ့က မည်မျှပင် ဆဲဆိုနေပါစေဦးတော့၊ သူမက ခေါင်းငုံ့ကာ တောင်းပန်၍သာ ရှင်းပြနေရပြီး ဒေါသထွက်ရန်ပင် မရဲရှာပါချေ။
…
ညနေဘက် ခြောက်နာရီခွဲတွင် လင်းရန်က နောက်ဆုံးကျန်ရှိသော ဧည့်သည်ကို ပို့ဆောင်ပြီးနောက် အလုပ်သိမ်းလိုက်လေသည်။
လီမေ့က လင်းရန်ထံတွင် ညနေပိုင်း၌ ကိစ္စရှိသည်ကို သိထားသောကြောင့် သူမအား အရင်ဆုံးပြန်ရန် တိုက်တွန်းလေ၏။ ကျန်ရှိသည်များကို သူမနှင့် အားဟွားတို့က ကိုင်တွယ်ဖြေရှင်းပေးမည်ဟု ပြောလာခဲ့သည်။
“ကောင်းပါပြီ၊ ဒါဆို ကျွန်မ အရင်သွားနှင့်မယ်နော်၊ အားလုံးကို ကျေးဇူးတင်ပါတယ်”
လင်းရန်က လီမေ့နှင့် အားဟွားတို့အား အပြုံးတစ်ခုနှင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် တံခါးဝတွင် စောင့်နေသော ယင်းဖန်နှင့် တွေ့ဆုံရန် အပြင်သို့ ထွက်လာခဲ့လေသည်။
“သွားရအောင်၊ တတိယအဒေါ်”
နောက်ဆုံးတွင် ဆေးရုံသို့ သွားနိုင်ပြီဖြစ်ကြောင်း မြင်ရချိန်တွင်မှ ယင်းဖန်လည်း သက်ပြင်းချနိုင်တော့သည်။
သူမအနေဖြင့် လင်းရန်ထံမှ “ဒီနေ့ နောက်ကျသွားပြီဆိုတော့ ဆေးရုံကိုမသွားတော့ဘူး” ဟု ရုတ်တရက် ပြောလာမည်ကို အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် လင်းရန်က ကတိမပျက်ခဲ့ပါချေ။
ဆေးရုံသို့သွားရာ လမ်းတစ်လျှောက်တွင် လင်းရန်က မည်သည့်နေရာတွင်မျှ ရပ်တန့်ခြင်း မရှိသကဲ့သို့ လီရှို့လီတို့အတွက် တစ်စုံတစ်ရာ ဝယ်ယူသွားရန်လည်း စိတ်ကူးမရှိပါချေ။
လက်ဆောင်ပေးရမယ်ဟုတ်လား။
သူမက သူတို့ အဆင်ပြေ၊ မပြေ သွားကြည့်ပေးရင်တောင် သူတို့ဘက်က ဝမ်းသာသင့်နေပြီ။
နောက်ဆုံးတွင် သူတို့နှစ်ဦး ဆေးရုံသို့ ရောက်ရှိချိန်၌ မိုးက လုံးဝ ချုပ်နေပြီ ဖြစ်၏။ ထိုသည်ကို မြင်လျှင် ယင်းဖန်က စိတ်ထဲမှနေ၍ လင်းရန်အား မကျေမနပ် ညည်းညူမိသည်။
ဘာလို့ စောစောမလာရတာလဲ။ အခုတော့ မိုးတောင် ချုပ်နေပြီ။ လူနာတွေကို ပြုစုဖို့ လိုတယ်ဆိုရင်တောင် သူတို့ အိပ်နေလောက်ပြီလေ။
သူမ မကျေမနပ် ဖြစ်နေသော်လည်း လင်းရန်၏ ရှေ့တွင် တိုက်ရိုက်မပြောရဲပါချေ။ သို့သော် သူမ၏ မျက်နှာအမူအရာကတော့ မတိုင်မီကလောက် ကြည်လင်မနေတော့ပေ။
လင်းရန်ကလည်း ထိုသည်ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူနာပြုတစ်ဦးအား လီရှို့လီနှင့် စုန့်ဝေ့တို့ရှိသည့် လူနာဆောင်ကို မေးမြန်းကာ ထိုနေရာသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
ထိုအချိန်မှသာ ယင်းဖန်က စကားစလိုက်၏။
သူမက လင်းရန်အား အမြန်တားလိုက်ပြီးလိမ်ညာပြောဆိုလိုက်သည်။
“အာ.. ရန်ရန်၊ ငါ ဗိုက်ထဲက ရုတ်တရက် နေမကောင်းသလို ခံစားနေရလို့.. နင် အရင်ဝင်နှင့်ပါလား၊ ငါ အိမ်သာသွားပြီးမှ နင့်ဆီ လိုက်လာခဲ့မယ်လေ”
လင်းရန်ကလည်း ယုံကြည်သကဲ့သို့ဟန်ဆောင်လိုက်လေ၏။
“ကောင်းပါပြီ၊ ဒါဆိုရင် အဒေါ် အရင်သွားနှင့်လိုက်လေ၊ ခဏနေလို့ အခန်းရှာမတွေ့မှာ စိုးရင် သူနာပြုကို မေးဖို့ မမေ့နဲ့ဦးနော်”
“ကောင်းပြီ.. ငါသိပါတယ်၊ မြန်မြန်ဝင်သွားတော့!”
လင်းရန်သည်လည်း သူမသာ အထဲသို့မဝင်ဘဲ စောင့်နေလျှင် ယင်းဖန်က တခြားသူများအား အခြေအနေကို မေးမြန်းရန် မဝံ့ရဲမည်ကို သိထားသောကြောင့် လှည့်ထွက်ကာ စုန့်ဝေ့နှင့် လီရှို့လီတို့၏ လူနာဆောင်ထဲသို့ ဝင်သွားခဲ့လေတော့သည်။
ယင်းဖန် မည်သည့်နေရာသို့ သွားရောက် စုံစမ်းမည်ကိုတော့ည ဆံပင်တစ်ပင်စာလောက်ပင် စဉ်းစားစရာ မလိုပါချေ။ သူမက လူနာများကို ပြုစုရန် လိုအပ်ခြင်း ရှိ၊ မရှိကိုသာ သွားရောက် စုံစမ်းလိမ့်မည်။
ယင်းဖန်၏ ဦးနှောက်နှင့် အကျင့်စရိုက်အရ သူမအား အတည်တကျ အလုပ်တစ်ခု ရှာပေးရန်အတွက် လင်းရန် စိတ်မကူးခဲ့ပါချေ။
သို့မဟုတ်ဘဲ ယင်းဖန်၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် အလုပ်လုပ်ပြီး နှစ်ရက်အတွင်း ကိစ္စများကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမ၏ ထိုစိတ်နေစိတ်ထားကို အသုံးချ၍ အခြေအနေများကို ရှုပ်ထွေးအောင် လုပ်ဆောင်ပြီးမှ သူမအား ကောင်းစွာ ပြုပြင်ပေးရန်သာ လိုအပ်ပေသည်။
ထိုသို့ တွေးတောရင်း လင်းရန်က အရှေ့မှ လူနာဆောင်တံခါးကို တွန်းဖွင့်လိုက်လေသည်။
သူမ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ခုတင်ပေါ်တွင် မျက်စိမှိတ်ကာ လှဲလျောင်းနေသော စုန့်ဝေ့ကို မြင်လိုက်ရ၏။ အလယ်ဘက်ခုတင်ပေါ်တွင်တော့ လီရှို့လီက ဘေးစောင်းလှဲလျောင်းနေပြီး စုန့်ဝေ့အား အပြစ်ရှိသကဲ့သို့သော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။
ဤသည်ကို မြင်လျှင် လင်းရန်တစ်ယောက် မျက်ခုံးပင့်လိုက်မိ၏။ ဤလူနှစ်ဦးကြားတွင် တစ်ခုခု မှားယွင်းနေပေသည်။ သူတို့ ရန်ဖြစ်ထားကြခြင်းများလား။
လီရှို့လီမှာ တံခါးဘက်သို့ မျက်နှာ ထားခြင်း ဖြစ်သောကြောင့် လင်းရန် ပေါ်လာသည်နှင့် မြင်တွေ့သွားပြီးနောက် မျက်လုံးများ တောက်ပလာကာ အံ့ဩတကြီး ဟစ်အော်လိုက်လေတော့သည်။
“ရန်ရန်! နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့!”
“ဘာလို့ အခုမှ ရောက်လာတာလဲ၊ အမေ မင်းကို အရမ်းလွမ်းနေတာ၊ ဒီရက်ပိုင်း အမေ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ မင်း မသိလောက်ဘူး
မနေ့ကတည်းက လူကြုံနဲ့ သတင်းပါးထားတာကို ဘာလို့ အခုမှ လာရတာလဲ...”
ပထမဆုံး ရရှိလိုက်သော ဝမ်းသာပီတိများ ကုန်ဆုံးသွားပြီးနောက်တွင် လီရှို့လီက လင်းရန်အပေါ် စတင်၍ မကျေမနပ် ညည်းညူတော့၏။
လင်းရန်က သူမအား မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ကြည့်လိုက်ပြီး လီရှို့လီ၏ မကျေမနပ်ပြောဆိုမှုများကို တိုက်ရိုက်ဖြတ်တောက်၍ပြောလိုက်လေသည်။
“အမေ့ရဲ့ပုံစံ ကြည့်ရတာ အတော်လေးစိတ်ဓာတ် တက်ကြွနေတာပဲ၊ ရောဂါက သိပ်မပြင်းထန်တဲ့ပုံပဲနော်၊ ဒါနဲ့... စုန့်စစ်ယွီရော ဘယ်မှာလဲ၊
သူမက အမေ့ကို ပြုစုဖို့ ဒီမှာ ရှိနေသင့်တာ မဟုတ်ဘူးလား၊ ဘာလို့ အခု သူမကို မတွေ့ရတာလဲ”
လင်းရန်က ရှုပ်ထွေးနေသော အမူအရာဖြင့် ရည်ရွယ်ချက်ရှိရှိ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
စုန့်စစ်ယွီ၏ နာမည်ကို ကြားသည်နှင့် လီရှို့လီ၏ မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သို့သော်လည်း ယနေ့တွင် စုန့်ဝေ့က ဒေါသထွက်နေသောကြောင့် သူမအနေဖြင့် စုန့်စစ်ယွီ၏ အကြောင်းကို မကောင်းမပြောရဲဘဲ ဝေဝေဝါးဝါးသာ ဖြေကြားလိုက်ရလေသည်။
“သူမ ဘယ်သွားလဲဆိုတာ ငါလည်း မသိပါဘူး”
“ကောင်းပြီ ရန်ရန်.. အဲဒါတွေကို ဆက်မပြောနဲ့တော့ .. အရင်ဦးဆုံး အမေ့ကို အိမ်သာသွားဖို့ လာကူပေးပါဦး ၊ အမေ မအောင့်နိုင်တော့ဘူး!”
“ဒါနဲ့... ခဏနေလို့ အိမ်သာသွားပြီးရင် အမေ့အတွက် တစ်ခုခု လုပ်ပေးဖို့ နည်းလမ်းရှာပါဦး ၊ အသားလတ်လတ်ဆတ်ဆတ်နဲ့ ထမင်းလေး စားချင်တယ်၊
မင်းရဲ့ဦးလေးစုန့်နဲ့ ငါနဲ့က ဒီနှစ်ရက်လုံး မုန့်အခြောက်တွေပဲ စားနေရတာ အန်တောင် ထွက်ချင်နေပြီ”
လီရှို့လီက အားနာခြင်းလုံးဝမရှိပါချေ။ လင်းရန် ရောက်လာသည်နှင့် သူမအား ခိုင်းစရာ ရှိသည်များကို ဆက်တိုက် ခိုင်းစေတော့သည်။
လင်းရန်မှ သူမကို ပြုစုရန်အတွက် တကူးတက ရောက်လာသကဲ့သို့ပင်။
လင်းရန်တစ်ယောက် နှလုံးသားထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လီရှို့လီအား လှောင်ပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
“ခဏလေး.. အမေ တစ်ခုခု မှားနေပြီထင်တယ်.. ကျွန်မက အမေ့ကို ပြုစုမယ်လို့ မကတိပေးခဲ့ဖူးဘူးနော်”
“ဘာ? မင်းက ငါ့ကို ပြုစုဖို့ လာတာမဟုတ်ရင် ဘာလာလုပ်တာလဲ!”
“လာကြည့်တာလေ၊ အမေ့ရဲ့ သမီးဟောင်း တစ်ယောက်အနေနဲ့ အမေ နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေတာကို လာမကြည့်ရင် မသိတတ်သလို ဖြစ်နေမှာစိုးလို့”
384)
လင်းရန်က သူမ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး ရိုးသားဖြူစင်သော မျက်နှာအမူအရာဖြင့် ပြောလိုက်လေသည်။
သို့သော် လီရှို့လီတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားရသည်။
လင်းရန်က သူမကို လာကြည့်ရုံသက်သက်သာ ဖြစ်ကြောင်းကို လုံးဝ မယုံကြည်နိုင် ဖြစ်နေပုံရပေသည်။
“ဒါပေမဲ့.. မင်းသာ ငါ့ကို မပြုစုရင် ဘယ်သူက ငါ့ကို ပြုစုမှာလဲ!”
လင်းရန်က အလွန်ပင် ရက်စက်စွာ ပြန်ပြောလိုက်၏။
“အဲဒါတော့ ကျွန်မလည်း မသိဘူးလေ”
လင်းရန်က သူမအပေါ် ရန်ငြိုးထားဆဲဖြစ်ကြောင်းကို မြင်လိုက်ရချိန်တွင် လီရှို့လီမှာ လေသံကို နူးညံ့လိုက်ရတော့သည်။
“ရန်ရန်... အမေ့အပေါ် ဒီလို မလုပ်ပါနဲ့၊ ငါက မင်းရဲ့အမေပဲလေ!”
“အရင်က ငါ မင်းအပေါ် မှားခဲ့တာတွေကို သိပါတယ်၊ ဒါပေမဲ့ အဲဒါတွေ ဖြစ်ခဲ့တာလည်း ကြာလှပြီပဲ မင်းလည်း ရှုကျစ်ဝမ်နဲ့ တကယ် လက်ထပ်ခဲ့ရတာမှ မဟုတ်တာ၊ အမေ့ကို ခွင့်လွှတ်ပေးပါ ဟုတ်ပြီလား”
လီရှို့လီ ကိုယ်တိုင်ပင် ထိုစကားကို ပြောရသည့်အတွက် အားမရှိသောကြောင့် သူမ၏ လေသံမှာ အလွန်ပင် တိုးညင်းနေခဲ့ရသည်။
လင်းရန် ရယ်မောလိုက်ပြီးပြန်လည် မေးခွန်းထုတ်လိုက်သည်။
“ကျွန်မသာ မြန်မြန် မထွက်ပြေးခဲ့ရင် အမေက ကျွန်မကို ရှုကျစ်ဝမ်ဆီကို အရောက်ပို့ပေးမှာ မဟုတ်ဘူးလို့ အမေအာမခံနိုင်လား”
လီရှို့လီမှာ လင်းရန်၏ စကားကြောင့် ချက်ချင်းပင် ဆွံ့အသွားရတော့၏။
ထိုအချိန်တွင် လင်းရန်၏ အသံကြောင့် နိုးလာသော စုန့်ဝေ့က နောက်ဆုံးတွင် စကားစလာခဲ့ပေသည်။
သူသည်က လီရှို့လီကို မုန်းတီးသော်လည်း လင်းရန်ကို ပို၍ပင် မုန်းတီးပေသည်။
အကယ်၍သာ သူမ မရှိခဲ့လျှင်၊ သူမသာ မူလအစီအစဉ်အတိုင်း ရှုကျစ်ဝမ်နှင့် လက်ထပ်ခဲ့လျှင် သူသည်လည်း ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိပါမည်မဟုတ်ပေ။
ဒါရိုက်တာရှုကို အပြစ်ပြုမိသောကြောင့် စက်ရုံတွင် ပစ်မှတ်ထားခံရခြင်းနှင့် သမီးဖြစ်သူ စုန့်စစ်ယွီနှင့် စိမ်းသက်သွားခြင်းတို့သည် ဤယုတ်မာသော လင်းရန်ကြောင့်သာ မဟုတ်ပါလား။
မူလက သူ့အနေဖြင့် သူမနှင့် စာရင်းဟောင်းများ ရှင်းရန်ပင် စိတ်မကူးခဲ့သော်လည်း ယခုကဲ့သို့ သူမက ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် သူမ၏ဖခင် လင်းကျန်းအန်းကလည်း သူ့အား တစ်ကြိမ် ဒေါသထွက်စေခဲ့သည်ကို ပြန်လည် တွေးမိလိုက်ချိန်တွင် စုန့်ဝေ့၏ လင်းရန်အပေါ် ကြည့်သော အကြည့်များမှာ ပို၍ပင် အေးစက်လာခဲ့တော့သည်။
“ဒါဆိုရင် မင်း ဘာလာလုပ်တာလဲ၊ ကိုယ့်အမေအရင်းကိုတောင် မပြုစုနိုင်ဘူးဆိုရင်လည်း အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်တော့!”
စုန့်ဝေ့၏ အသံကို ကြားချိန်တွင် လင်းရန်က ပထမဆုံးအဖြစ် သူ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အနည်းငယ် အံ့သြထိတ်လန့်သွားရ၏။ ဆိုရလျှင် စုန့်ဝေ့၏ လက်ရှိ အသွင်အပြင်မှာ လွန်ခဲ့သော နှစ်ဝက်က တက်ကြွမူလန်းဆန်းနေသော အင်ဂျင်နီယာစုန့်နှင့် လုံးဝ ကွာခြားနေသောကြောင့် ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ဝက်အတွင်း အလုပ်သမားအဖြစ် အလုပ်များစွာ လုပ်ကိုင်ခဲ့ရသောကြောင့်လား ၊ သို့မဟုတ် စုန့်စစ်ယွီကို အမှန်တကယ် စိတ်ဆိုးနေသောကြောင့်လား မသိရသော်လည်း သူ၏ အသားအရောင်နှင့် ခန္ဓာကိုယ်မှာ အရင်ကထက် များစွာ ဆိုးရွားနေခဲ့ပေသည်။
သို့သော်လည်း ထိုသူက သနားစရာ ကောင်းလျှင်ပင် စုန့်ဝေ့၏ ရိုးတွင်းခြင်ဆီထဲတွင်စွဲမြဲနေသော ရွံရှာဖွယ်ကောင်းသော အရှိန်အဝါများမှာ ကျန်ရှိနေဆဲ ဖြစ်ပေသည်။
လင်းရန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုကြည့်မိလျှင် အန်ထွက်လာမည်ကို စိုးသောကြောင့် အမြန်ပင် အကြည့်လွှဲလိုက်လေသည်။
“ကျွန်မမှာ အမေ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုဖို့ အချိန်မရှိပေမဲ့ အမေတစ်ယောက်အနေနဲ့ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေကို နားလည်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်
တကယ်လို့ အမေ အရင်က လုပ်ခဲ့တဲ့ ကိစ္စတွေကို တခြားသူတစ်ယောက်ယောက်အပေါ်မှာသာ လုပ်ခဲ့မယ်ဆိုရင် သူတို့က အမေ့ကို လှည့်တောင် ကြည့်ကြမှာ မဟုတ်ဘူး”
ဆိုရလျှင် လင်းရန်တွင် အစီအစဉ် ရှိပြီးသား ဖြစ်ပေသည်။ ယခု သူမအနေဖြင့် တတိယအဒေါ်ယင်းဖန်အား ပြုပြင်ပြောင်းလဲရန်အတွက် လီရှို့လီ၏ အကူအညီကို လိုအပ်နေခြင်းသာ ဖြစ်၏။
လီရှို့လီအနေဖြင့် လင်းရန်က ယခင်ကိစ္စများကို ပြန်လည်ပြောဆိုနေသည်ကို ကြားချိန်တွင် နှုတ်ခမ်းကလေး လှုပ်ရမ်းသွားသော်လည်း ပြန်လည် ချေပရန် စကားလုံး ရှာမတွေ့သောကြောင့် မကျေမနပ်နှင့်သာ ရေရွတ်နေတော့သည်။
“ဒါဆိုရင်လည်း မင်း ငါ့ကို လာမတွေ့တာကမှ ပိုကောင်းဦးမယ်”
လာကြည့်ပြီးမှ မပြုစုဘူးဆိုရင် ဘာတွေများထူးရှားသွားမှာလဲ။
အခြေအနေများကို ပြင်ဆင်ပြီးပြီဟု ယူဆလိုက်ချိန်တွင် လင်းရန်က သူမ လာရသည့် ရည်ရွယ်ချက်ကို စတင် ပြောဆိုလိုက်လေသည်။
“ကျွန်မ မလာနိုင်ရင် တခြားလူ တစ်ယောက်ယောက်ကို မရှာတတ်ဘူးလား ၊ လာပြုစုပေးမယ့်သူ မရှိရင်တောင် ပိုက်ဆံပေးပြီး ငှားလို့ရတာပဲ မဟုတ်လား”
ပိုက်ဆံပေးပြီး လူငှားရမယ် ဟုတ်လား။
ဟုတ်သားပဲ။ သူမ ဘာလို့ ဒါကို အရင်က မတွေးမိခဲ့ပါလိမ့်။
လီရှို့လီ၏ မျက်လုံးများက တောက်ပသွားသော်လည်း နောက်တစ်စက္ကန့်တွင် သူမ၌ ရှိသော ပိုက်ဆံအနည်းငယ်ကို တွေးမိကာ ပြန်လည် ညှိုးငယ်သွားရပြန်သည်။
လူငှားလို့ ရသော်လည်း ပိုက်ဆံမရှိလျှင် မဖြစ်နိုင်ပါချေ။
ထို့အပြင် ယနေ့တွင် သူမက စုန့်ဝေ့အား ဒေါသထွက်စေခဲ့သောကြောင့် သူက သူမအတွက် ပိုက်ဆံထုတ်ပေးကာ လူငှားပေးရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ဤသည်ကို တွေးမိချိန်တွင် လီရှို့လီမှာ ပို၍ စိတ်မသက်မသာ ဖြစ်လာရရှာသည်။
လင်းရန်အနေဖြင့် စုန့်ဝေ့နှင့် လီရှို့လီတို့ကြားတွင် မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း သူတို့ကြားတွင် ပြသနာ တစ်စုံတစ်ရာ ရှိနေသည်ကို သူမ ခံစားမိပေသည်။
ဤသည်က ပို၍ပင် ကောင်းသည် မဟုတ်ပါလား။
သို့ဖြစ်၍ သူမက လီရှို့လီ၏ ခုတင်ဘေးသို့ တိုးကပ်သွားကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်လေသည်။
“တကယ်တော့ ကျွန်မ လူငှားခအကြောင်းကို စုံစမ်းပြီးပြီ၊ စျေးက သိပ်မကြီးပါဘူး၊ တချို့ဆိုရင် တစ်ရက်ကို တစ်ယွမ်ပဲ ပေးရတာ
အမေ့ရဲ့ အခြေအနေအရဆိုရင်... ဆေးရုံမှာ အကြာကြီး နေဖို့ မလိုပါဘူး၊ ရက်နည်းနည်းလောက် နေပြီးရင် အိမ်ကိုပြန်ပြီး နားလို့ရမှာပဲ
ဒါကြောင့် တစ်ပတ်လောက်ပဲ ပြုစုဖို့ လူငှားမယ်ဆိုရင် အားလုံးပေါင်း ခုနစ်ယွမ်ပဲ ကျသင့်လိမ့်မယ်၊ ဒါက ဘာမှ မများပါဘူး”
လီရှို့လီက အလုပ်မလုပ်သော်လည်း စုန့်ဝေ့နှင့် အနှစ်နှစ်ဆယ်နီးပါး နေထိုင်လာခဲ့သည့်အတွက်သူမထံတွင် တစ်ပြားတစ်ချပ်မျှ မရှိဟု ဆိုလျှင် မဖြစ်နိုင်ပါချေ။
ပိုက်ဆံရှိသော်လည်း များများစားစား မရှိခြင်းသာ ဖြစ်မည်။ သို့သော် ခုနစ်ယွမ်ကိုတော့ သူမ သေချာပေါက် ထုတ်ပေးနိုင်ပေလိမ့်မည်။
လီရှို့လီက သူမ၏ စကားကို စတင် စဉ်းစားနေပြီ ဖြစ်ကြောင်း မြင်ချိန်တွင် လင်းရန်က ဆက်လက်၍ ဆွဲဆောင်လိုက်လေသည်။
“အဲဒီအချိန်ကျရင် သူမက အမေ့ကို အိမ်သာလိုက်ပို့ပေးမယ်၊ ထမင်းဟင်းတွေ ချက်ပေးမယ်၊ အမေ မလုပ်နိုင်တာမှန်သမျှ သူမကို ခိုင်းလို့ရတယ်
ဒီရက်ပိုင်းမှာ သက်သောင့်သက်သာနဲ့ နားနားနေနေ နေနိုင်ဖို့အတွက် ခုနစ်ယွမ် သုံးရတာက ဘာမှ မရှုံးပါဘူး”
သူမ၏ ဒဏ်ရာများ ပြန်လည် သက်သာလာစေရန်အတွက် ခုနစ်ယွမ်သာ သုံးစွဲရမည်ဆိုသည်မှာ အမှန်တကယ်ပင် မဆိုးလှသော အရောင်းအဝယ်တစ်ခုပင် ဖြစ်ပေသည်။
အကယ်၍ လင်းရန်သာ ဤအကြောင်းအရာကို တစ်ရက်စော၍ ပြောခဲ့မည်ဆိုပါက လီရှို့လီက သဘောတူလိမ့်မည် မဟုတ်ပါချေ။
သို့သော် လွန်ခဲ့သော နှစ်ရက်အတွင်း ကြုံတွေ့ခဲ့ရသော အဆင်မပြေမှုပေါင်းစုံ၏ နှိပ်စက်မှုကြောင့် သူမအနေဖြငရ့ တစ်စုံတစ်ဦးက သူမအား ပြုစုပေးရန်အတွက် အလွန်အမင်း တောင့်တနေခဲ့ပေသည်။
ထိုသူက မည်သူဖြစ်ကြောင်းကိုတော့ သူမအတွက် အရေးမကြီးတော့ပါချေ။
ယခုကြည့်ရသည်မှာ လင်းရန်က သူမအား ပြုစုရန် လုံးဝ မဖြစ်နိုင်တော့သကဲ့သို့ စုန့်စစ်ယွီမှာလည်း အိမ်တွင် ရှိနေလျှင်ပင် အမှန်တကယ် လာရောက်ကူညီရန် မဖြစ်နိုင်ပါချေ။
သူမ၏ အရိပ်အယောင် ပျောက်ကွယ်နေသည်မှာလည်း ကြာလှပြီ မဟုတ်ပါလား။
ကျန်ရှိသောသူများထဲတွင်တော့ မည်သူရှိဦးမည်နည်း။ တစ်ဦးတစ်ယောက်မျှ မရှိပါချေ။
သို့ဖြစ်၍ ပြန်လည်စဉ်းစားကြည့်လျှင် လူငှားခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရပေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လီရှို့လီက စိတ်ကိုတင်း၍ လင်းရန်အား ပြောလိုက်လေသည်။
“ဒါဆိုရင်လည်း ငါ့အတွက် လူတစ်ယောက်လောက် ရှာပေးစမ်းပါ၊ ငါက ခုတင်ပေါ်ကတောင် မဆင်းနိုင်တာဆိုတော့ နင် ငါ့ကို ပစ်ထားလို့မရဘူး
ရန်ရန်... ဒီအကူအညီအသေးအမွှားလေးကိုတော့ နင် ကူညီပေးနိုင်ပါတယ်မလား”
လင်းရန်က နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်ပြီး ပြောခဲ့သည်။
“ပြဿနာမရှိပါဘူး၊ ကျွန်မ အခုချက်ချင်း လူသွားရှာပေးမယ်၊ ဒါပေမဲ့ ကျွန်မရှာလာတဲ့သူကို အမေက သဘောမကျရင်ကရော ဘယ်လိုလုပ်မလဲ”
လီရှို့လီက တုံ့ဆိုင်းခြင်းမရှု ခေါင်းခါပြလိုက်လေသည်။
“မဖြစ်စေရပါဘူး! ငါ မင်းကို ယုံတယ်!”
အကယ်၍ ထိုသူကသာ မကျေနပ်စရာ လုပ်လာခဲ့လျှင် သူမက ပိုက်ဆံမပေးဘဲ နေလိုက်ရုံသာ ရှိသည် မဟုတ်ပါလား။
ဆိုရလျှင် သူမက အလုပ်ရှင်ဖြစ်ပြီး ပိုက်ဆံပေးရသူမှာလည်း သူမပင် ဖြစ်သည်။ ထိုသူက ပိုက်ဆံ မလိုချင်မှသာ သူမ၏ စကားကို မနားထောင်ဘဲ နေလိမ့်မည်။
ဤသည်ကို တွေးမိချိန်တွင် လီရှို့လီတစ်ယောက် ဤအစီအစဉ်မှာ အတော်လေး ကောင်းမွန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ပိုက်ဆံက သူမ၏လက်ထဲတွင် ရှိနေသရွေ့ ထိုသူက အလုပ်ကို သေသေချာချာ မလုပ်မည်ကို စိုးရိမ်စရာ မလိုပါချေ။
“သေချာပြီလား ၊ ကျွန်မက ဒီတစ်ယောက်ပဲ ရှာပေးမှာနော် ၊ အမေက သဘောမကျဘူးဆိုရင် ကျွန်မ နောက်ထပ် အလုပ်ရှုပ်ခံပြီး ဂရုစိုက်တော့မှာ မဟုတ်ဘူး”
လင်းရန်က စိတ်မရှည်သော အမူအရာဖြင့် လီရှို့လီအား တစ်ချက်ကြည့်လိုက်လျှင် လီရှို့လီထံမှ ထပ်မံ၍ အတည်ပြုချက် ရရှိခဲ့ပေသည်။
“ဘာမှ မပြောတော့ပါဘူး၊ စိတ်ချလက်ချသာ သွားရှာလိုက်”
“ကောင်းပြီ၊ ဒါဆိုလည်း ခဏစောင့်လိုက်”
လင်းရန်သည် လှည့်ထွက်လာပြီး လူနာဆောင်အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
လင်းရန်က ဤမျှ လျင်မြန်စွာ ထွက်သွားသည်ကို မြင်ချိန်တွင် လီရှို့လီမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ရင်ထဲတွင် နွေးထွေးမှုများ ပေါ်ပေါက်လာရသည်။
ကိုယ်တိုင်မွေးထားသည့် သမီးကသာ အားကိုးရပေသည်။
သူတို့ကြားတွင် စိမ်းသက်မှုများ ရှိနေသောကြောင့် ကိုယ်တိုင်လာမပြုစုနိုင်သော်လည်း သူမအတွက် ကူညီမည့်သူ ရှာဖွေပေးရာတွင်တော့ တခြားသူများထက် ပို၍ လျင်မြန်ပေသည်။
ရန်ရန်က တကယ့်ကို ဂရုစိုက်တတ်တဲ့ ကလေးမလေးပဲ။