← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

385)

လီရှို့လီ စိတ်လှုပ်ရှားနေချိန်မှာပင် စုန့်ဝေ့က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

“လင်းရန်က မင်းကို ဘာတွေ အသံတိုးတိုးနဲ့ ပြောသွားတာလဲ”

လီရှို့လီက ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် စုန့်ဝေ့အား အဖြစ်မှန်ကို ပြောပြလိုက်ရလေတော့သည်။

စုန့်ဝေ့က လင်းရန်အား အပြစ်တင်မည်ကို စိုးရိမ်သည့်အတွက် သူမက ထပ်ပေါင်း၍ ပြောဆိုလိုက်၏။

“ရန်ရန် ပြောတာ မှန်တယ်လို့ ကျွန်မ ထင်တယ်၊ သူမက အလုပ်ရှိလို့ မလာနိုင်တာဆိုတော့ ကျွန်မတို့ကို ပြုစုဖို့ လူတစ်ယောက် ရှာပေးတာကလည်း အတူတူပါပဲ

ဒါ့အပြင် ရန်ရန်က ကျွန်မတို့အတွက် လူရှာပေးတယ်ဆိုကတည်းက သူမ အတတ်နိုင်ဆုံး လုပ်ပေးတာပဲလေ. တကယ့်ကို အသိတရားရှိတဲ့ ကလေးမလေးပဲ၊

အနည်းဆုံးတော့ ဘယ်လိုကြည့်ကြည့်... အရိပ်အယောင်တောင် မတွေ့ရတဲ့ စုန့်စစ်ယွီဆိုတဲ့ ကျေးဇူးကန်းတဲ့ ကလေးမထက်တော့ အများကြီးသာပါတယ်!”

စုန့်ဝေ့က လင်းရန်၏ အကြံဉာဏ်ကို အမှန်တကယ် ကောင်းသည်ဟု ထင်ခြင်းကြောင့်လား သို့မဟုတ် လီရှို့လီ၏ ဖျောင်းဖျမှုကို လက်ခံလိုက်ခြင်းကြောင့်လား မသိရသော်လည်း လီရှို့လီ ပြောပြီးချိန်တွင် သူက ကန့်ကွက်ခြင်း မပြုခဲ့ပါချေ။

သူတို့ကို ပြုစုပေးရန်အတွက် ပိုက်ဆံအနည်းငယ် သုံးစွဲခြင်းမှာ ပြဿနာမရှိပေ။ ဆိုရလျှင် သူကိုယ်တိုင်လည်း ယခုအချိန်တွင် တခြားသော လူနာပြုစုရမည့်အလုပ်ကို လုပ်ကိုင်ရန် အားအင် မရှိတော့သောကြောင့် ဖြစ်၏။

လူနာဆောင်၏အပြင်ဘက်သို့ ရောက်ချိန်တွင် လင်းရန်က သူမ၏ တတိယအဒေါ် ယင်းဖန်အား စတင်ရှာဖွေလေတော့သည်။

အချိန်က မိုးချုပ်နေပြီပင်။ ယင်းဖန်က လူနာဆောင် တစ်ခုလုံးကို ပတ်ရှာလျှင်ပင် သူမ ငှားရမ်းလိုသည့် သူနာပြုတစ်ဦးကို တွေ့နိုင်ရန်မှာ မလွယ်ကူပါချေ။

ညစောင့်နေသည့် သူနာပြုများ၏ ငြိုငြင်မှုကိုပင် ခံရနိုင်ချေ ရှိသေးသည်။

လင်းရန်အနေဖြင့် ယင်းဖန်တစ်ယောက် အဆင်မပြေဘဲ ပြန်လာမည့်အချိန်ကိုသာ ဤအတိုင်း စောင့်နေရန် လိုအပ်ပေသည်။

ယင်းဖန်၏ အခြေအနေမှာလည်း လင်းရန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပေသည်။

အစောပိုင်းက လင်းရန်နှင့် လမ်းခွဲခဲ့ပြီးနောက် သူမသည်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေလေ၏။ သူမက လူနာဆောင်တစ်ခုချင်းစီသို့ ဝင်ရောက်ကာ မည်သူကများ ပြုစုစောင့်ရှောက်သူ လိုအပ်နေသနည်းဟု တစ်ဦးချင်း လိုက်လံ မေးမြန်းခဲ့သည်။

ရလဒ်မှာတော့ မေးမြန်းသည့်အချိန်တိုင်း “မလိုအပ်ပါဘူး” ဟု ယဉ်ကျေးစွာ ငြင်းဆိုခံရခြင်း သို့မဟုတ် ပြုစုစောင့်ရှောက်သူ ရှိပြီးသားဖြစ်နေသောကြောင့် ထိုပြုစုသူက သူမအား ရန်သူကဲ့သို့ ကြည့်ကာ မောင်းထုတ်ခြင်းများကိုသာ ကြုံတွေ့ခဲ့ရသည်။

သူမက ရန်သူမဟုတ်ပါချေ။

သူမက ပြုစုစောင့်ရှောက်သူ အလုပ်ကို ကောင်းကောင်းလုပ်လိုခြင်းသာ ဖြစ်သော်လည်း တခြားသူများ၏ အမြင်တွင် သူမက အလုပ်လာလုနေသူဟုသာ ထင်မြင်ခဲ့ကြသည်။

မည်သူကများ စိတ်မဆိုးဘဲ နေမည်နည်း။

နောက်ဆုံးတွင် ယင်းဖန်က တစ်ပတ်ပတ်ခဲ့သော်လည်း ပိုက်ဆံရှာရန် အခွင့်အရေး တစ်ခုမျှ မတွေ့ရှိခဲ့ပါချေ။

သူမအနေဖြင့် အိမ်သာသို့ သွားသည်မှာ ကြာနေပြီဖြစ်၍ ပြန်မသွားလျှင် လင်းရန်က သံသယဝင်တော့မည်ဖြစ်သောကြောင့် လီရှို့လီတို့၏ လူနာဆောင်ဘက်သို့ အမြန်ပြေးလာခဲ့ရလေသည်။

မနက်ဖြန်ကျမှသာ ကံစမ်းရန်အတွက် တခြားအခွင့်အရေးတစ်ခုကို ရှာဖွေတော့မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

သို့သော် သူမ လမ်းလျှောက်လာချိန်မှာပင် လင်းရန်က လူနာဆောင်အပြင်ဘက်၌ ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် ယင်းဖန်မှာ အံ့သြသွားရကာ အနားသို့ ပြေးသွားလိုက်သည်။

“ဟေး... ရန်ရန်၊ စကားပြောလို့ ပြီးပြီလား ၊ လီရှို့လီက နင့်ကို နှိပ်စက်နေသေးလား”

လင်းရန်က ခေါင်းခါပြလိုက်ပြီး ယင်းဖန်အား ဝတ်ကျေတန်းကျေ မေးလိုက်သည်။

“တတိယအဒေါ်... ဝမ်းလျှောနေတာလား”

“အမ် .. အင်း ”

ယင်းဖန်အနေဖြင့် သူမ အလုပ်လိုက်ရှာနေကြောင်းကို လင်းရန်အား မသိစေချင်သောကြောင့် အဘွားလင်းအား ပြောသကဲ့သို့ပင် လက်ကို အမြန်ဝေ့ရမ်းကာပြောလိုက်သည်။

“ဒါပေမဲ့ အခုတော့ သက်သာသွားပါပြီ!”

လင်းရန်က ခေါင်းညိတ်လိုက်ပြီးနောက် စိတ်မကောင်းဖြစ်နေသော မျက်နှာအမူအရာဖြင့် သက်ပြင်းချလိုက်လေသည်။

“တတိယအဒေါ်... ကျွန်မမှာ အခု ဘာလုပ်ရမှန်း မသိတော့တဲ့ ကိစ္စတစ်ခု ရှိနေတယ် ၊ အဒေါ် ကျွန်မကို ကူပြီး စဉ်းစားပေးပါဦးလား”

ယင်းဖန်က တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်၏။

“ဘာကိစ္စလဲ”

လင်းရန်၏ ဦးနှောက်က အမြဲတစေ ဉာဏ်ကောင်းလွန်းသည် မဟုတ်ပါလား။ သူမကိုတောင် အခက်တွေ့စေသည့် ကိစ္စမျိုး ရှိနေသေးသည်လား။

ယင်းဖန်က စိတ်ထဲတွင် ရေရွတ်နေချိန်၌ လင်းရန်က သူမစိတ်ပူနေရသည့် အကြောင်းအရင်းကို ဖွင့်ဟပြောဆိုလာခဲ့သည်။

လင်းရန်၏ စကားများကို ကြားပြီးနောက်တွင် မူလက စိတ်ပျက်နေသော ယင်းဖန်တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားရတော့သည်။

ဆိုရလျှင် လင်းရန် ပြောနေသည့်အရာမှာ ယခုလေးတင် သူမ လိုက်လံစုံစမ်းနေသည့် “လူနာပြုစုခြင်း” အလုပ်ပင် ဖြစ်နေခဲ့သည်မဟုတ်ပါလား။

ဒါပေမဲ့ နေပါဦး။

လင်းရန်က ဘယ်သူ့အတွက် ပြုစုပေးမယ့်သူ ရှာနေတာလဲ။

လီရှို့လီအတွက်ပဲ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မလား။

လီရှို့လီအတွက် ပြုစုပေးရမည့် သူနာပြုအလုပ်ဟု တွေးမိချိန်တွင် ယင်းဖန်မှာ သိပ်ပြီး မပျော်နိုင်တော့ပါချေ။

သူမသည်က ပိုက်ဆံရှာချင်သော်လည်း အဘွားလင်းက သူမ၏နားထဲတွင် လီရှို့လီ၏ မကောင်းသတင်းများကို အမြဲတစေ ရိုက်သွင်းပေးနေခဲ့သည်။

ထို့အပြင် လွန်ခဲ့သောတစ်ခေါက်က လီရှို့လီနှင့် စုန့်ဝေ့တို့ အိမ်တံခါးဝသို့ ရောက်လာချိန်ကလည်း သူမကိုယ်တိုင် တံမြက်စည်းဖြင့် မောင်းထုတ်ခဲ့ဖူးသည် မဟုတ်ပါလား။

သူတို့နှင့် ရန်သူများ ဖြစ်ခဲ့ပြီးပြီ ဖြစ်၍ သူတို့ကို ပြုစုပေးရန်အတွက်က မည်သို့ပင် စဉ်းစားကြည့်ပါစေ စိတ်ထဲတွင် အဆင်မပြေတော့ပေ။

“ဟင်း .. သူတို့က ဆေးရုံမှာ နောက်ထပ် တစ်ပတ်လောက်ပဲ နေရမှာဆိုတော့ အဲဒီလို အချိန်တိုလေးအတွက် ဘယ်သူ့ကို သွားရှာရမလဲ”

လင်းရန်က ဆက်လက်၍ သက်ပြင်းချပြန်သည်။

“တစ်ရက်ကို တစ်ယွမ်တောင် ပေးမယ်လို့ ပြောထားတာဆိုတော့ နည်းတာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ အချိန်က တိုလွန်းနေတော့ ဒီအလုပ်ကို အတည်တကျ လုပ်နေတဲ့ အတွေ့အကြုံရှိသူတွေက လက်ခံကြမှာ မဟုတ်ဘူး”

တစ်ရက်ကို တစ်ယွမ်တောင် ပေးမှာ ဟုတ်လား!

ဒါဆို ခုနစ်ရက်ဆို ခုနစ်ယွမ်တောင် ရမှာပေါ့!

ယင်းဖန်က ပိုက်ဆံအကြောင်းကို ကြားသည်နှင့် တစ်ပြိုင်နက် စိတ်ဝင်စားသွားကာ လှုပ်ရှားချင်လာတော့သည်။

သို့သော် သူမတွင် မေးစရာ မေးခွန်းတစ်ခု ရှိနေသေးသည်။

“ရန်ရန်... ပုံမှန် လူနာစောင့်တွေက ဘာလို့ ဒီလိုအချိန်တိုအလုပ်မျိုးကို မလုပ်ချင်ကြတာလဲ”

“ဘာလို့လဲဆိုတော့ ဆေးရုံမှာ အလုပ်လုပ်နိုင်တဲ့ လူနာစောင့်တွေက တစ်ဆင့်စကားနဲ့ မိတ်ဆက်ပေးကြတာလေ၊ သူတို့နှင့်ဆက်သွယ်ဖို့လူတွေလိုသေးတယ်၊ အများစုက ဒီအလုပ်ကို အချိန်အကြာကြီး လုပ်လာကြတာ

အလုပ်ရှင်ကလည်း သူတို့ရဲ့ နာမည်ကောင်းကို ယုံကြည်လို့ ငှားကြတာ၊ မဟုတ်ရင်... ဘယ်သူကများ ပြုစုပေးမယ်လို့ ပြောရုံနဲ့ သူစိမ်းတစ်ယောက်ကို ငှားရဲပါ့မလဲ”

သူတတို့က အရူးတွေမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး သူစိမ်းတစ်ယောက်ကို အကူအညီ တောင်းမှာလဲ။

လင်းရန်၏ စကားကို ကြားပြီးနောက် ယင်းဖန် ရုတ်တရက် သဘောပေါက်သွားရသည်။

မတိုင်မီက သူမအနေဖြင့် လူနာဆောင်များစွာသို့ သွားရောက်ခဲ့သော်လည်း မည်သူကမျှ သူမအား အလုပ်မခန့်ခဲ့ကြပေ။ ဤသည်က သူမတွင် အသိအကျွမ်း မရှိခြင်းနှင့် လူများက သူမကို မယုံကြည်ခြင်းကြောင့် ဖြစ်ရမည်။

သူမက ဆေးရုံတွင် ရှိနေသော်လည်း အသိအကျွမ်း မရှိသောကြောင့် မည်သည့် ဖောက်သည်ကမျှ သူမအား လိုချင်မည် မဟုတ်ပါချေ။

ဤသည်ကို သိရှိသွားချိန်တွင် ယင်းဖန်မှာ စိတ်ပျက်သွားရသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် လင်းရန် ပြောခဲ့သော လီရှို့လီအား ပြုစုမည့်သူ ရှာပေးရမည့် ကိစ္စအပေါ်တွင် ပို၍ စိတ်ဝင်စားလာခဲ့သည်။

သူမသည်က လီရှို့လီကို မုန်းသော်လည်း လီရှို့လီ၏ ပိုက်ဆံကိုတော့ မလိုချင်ဘဲမနေပါချေ။

သူမက လီရှို့လီကို မုန်းတီးသောကြောင့်ပင် သူမထံမှ ပိုက်ဆံကို ပို၍ပင် ယူချင်နေသေးသည်။

ဤသို့ တွေးမိပြီးနောက် သူမက ဤအလုပ်ကို လုပ်ရန် အလွန်ပင် သင့်လျော်သည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။ ထို့အပြင် သူမနှင့် လင်းရန်တို့မှာ ဆွေမျိုးများ ဖြစ်ကြသောကြောင့် လီရှို့လီအနေဖြင့် သူမအပေါ်တွင် တကူးတက ခက်ခဲအောင် လုပ်လိမ့်မည် မဟုတ်ပါချေ။

ယင်းဖန်သည် တွေးကြည့်လေလေ ဤအကြံမှာ ပို၍သင့်တော်လေလေဟု ခံစားလာရပြီး နောက်ဆုံးတွင် လင်းရန်၏ ညှိုးငယ်နေသော မျက်နှာအမူအရာကို ကြည့်ကာ မနေနိုင်တော့ဘဲ စကားစလိုက်တော့သည်။

“ဒါဆိုရင် ဒီလိုလုပ်ပါလား ရန်ရန်၊ နင် တကယ်လို့ သင့်တော်တဲ့သူ ရှာမတွေ့ဘူးဆိုရင် ငါပဲ မင်းအမေ့ကို ရက်နည်းနည်းလောက် ကူပြီး ပြုစုပေးမယ်လေ

ငါလည်း အခုလောလောဆယ် ဘာမှလုပ်စရာ မရှိတာနဲ့ အတော်ပဲ၊ ဒါပေမဲ့ အဘွားကိုတော့ နင်ပဲ သေသေချာချာ ပြောပြပေးရမယ်နော်၊ မဟုတ်ရင် ငါက ဒီမှာ တမင်တကာ ကျန်နေခဲ့တာလို့ မင်းအဘွားက ထင်နေဦးမယ်”

ယင်းဖန် ချက်ချင်းပင် သဘောတူလိမ့်မည်ဟု လင်းရန် တွေးထားခဲ့သော်လည်း ယခုကဲ့သို့ သူမ ထင်ထားသည်ထက်ပင် ပို၍ မြန်မြန်ဆန်ဆန် သဘောတူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။

သို့သော်လည်း ဤသည်ကလည်း ကောင်းမွန်ပေသည်။ ပြဿနာကို စောစောစီးစီး ဖြေရှင်းနိုင်လေလေ စိတ်အနှောင့်အယှက် ဖြစ်စရာများကို စောစော ဖယ်ရှားနိုင်လေလေ မဟုတ်ပါလား။

ထို့ကြောင့် လင်းရန်က အံ့ဩသွားဟန်ဆောင်ကာ ယင်းဖန်အား ကြည့်လိုက်လေသည်။

“တတိယအဒေါ်... အဒေါ်က တကယ်ပဲ ကျွန်မအတွက် ဒါကို လုပ်ပေးချင်တာလား၊ အဒေါ်က တကယ့်ကို စိတ်ထားကောင်းတဲ့သူပဲနော်၊ ကျွန်မ အဘွားကို သေသေချာချာ ရှင်းပြပေးပါ့မယ်!”

ယင်းဖန်ကလည်း လင်းရန် သဘောတူသည်ကို မြင်ချိန်တွင် ပျော်ရွှင်သွားရလေ၏။

အခုတော့ ပိုက်ဆံရှာလို့ ရပြီပဲ!

ဒါ့အပြင် လီရှို့လီကို ပြုစုပေးနေတဲ့ ရက်ပိုင်းအတွင်း ဆေးရုံမှာ လိုက်ပြီး စပ်စုကြည့်လို့ ရသေးတယ်။

ကံကောင်းရင် သူမကို အလုပ်ခန့်မယ့်သူ တစ်ယောက်ယောက်များ ထပ်တွေ့နိုင်မှာပဲလေ။

“ဒါဆို တတိယအဒေါ်... ကျွန်မ အဒေါ်ကို အထဲကို ခေါ်သွားမယ် ”

“အင်း... သွားရအောင်!”

ပိုက်ဆံရှာဖို့နဲ့ မြို့ပေါ်တွင် နေထိုင်ခွင့်ရရန်အတွက် ယင်းဖန်တစ်ယောက် သည်းခံဖို့ ဆုံးဖြတ်လိုက်ပေပြီ။

မကြာမီမှာပင် လင်းရန်က ယင်းဖန်အား အထဲသို့ ခေါ်လာခဲ့တော့သည်။

386)

အခန်းထဲရှိ စုန့်ဝေ့နှင့် လီရှို့လီတို့နှစ်ယောက်က သူတို့အား ချက်ချင်းပင် လှမ်းကြည့်လိုက်ကြ၏။

သူတို့နှစ်ဦးလုံးမှာ ယင်းဖန်ကို မြင်ဖူးထားကြပြီး သူမက လင်းရန်၏ တတိယအဒေါ် ဖြစ်ကြောင်းလည်း သိထားကြသည်။

ထို့ကြောင့် လင်းရန်က ယင်းဖန်နှင့်အတူ ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူမအား ပြုစုပေးမည့်သူဟု မတွေးမိကြပါချေ။

သို့သော် နောက်တစ်စက္ကန့်တွင် လင်းရန်က လီရှို့လီ၏ အနားသို့ သွားကာ ပြောလိုက်လေသည်။

“ကျွန်မ အမေ့အတွက် လူရှာပေးခဲ့ပြီ၊ ဒါက ကျွန်မရဲ့ တတိယအဒေါ်ပဲ၊ သူမက ဒီရက်ပိုင်းမှာ အားနေတာနဲ့ ကျွန်မကို ကူညီတဲ့အနေနဲ့ အမေ့ကို ပြုစုပေးဖို့ သဘောတူလိုက်တာ”

“ဘာ.. မင်းက သူမကိုခိုင်းမလို့လား”

လီရှို့လီ မယုံကြည်နိုင်စွာဖြင့် လင်းရန်အား ကြည့်လိုက်ပြီးနောက် ယင်းဖန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။

သူမနှင့် ယင်းဖန်တို့က ရန်သူများ ဖြစ်နေတာကို လင်းရန် မသိဘူးလား။ အရင်တုန်းက သူမကို တံမြက်စည်းနှင့်တောင် မောင်းထုတ်ခဲ့ဖူးတာ မဟုတ်ဘူးလား။

လီရှို့လီ၏ အံ့ဩင့်မှုကို လင်းရန်ကဘက်မှ လီရှို့လီကိုယ်တိုင် ပေးခဲ့သော ကတိဖြင့် အလွယ်တကူပင် တုံ့ပြန်လိုက်လေသည်။

“အမေ ကျွန်မကို ခုနကပဲ ကတိပေးခဲ့တာလေ၊ မဟုတ်ဘူးလား”

“ဒါပေမဲ့... ဒါပေမဲ့...”

လီရှို့လီမှာ နောက်ဆုံးတွင်တော့ မည်သည့်အကြောင်းပြချက်ကိုမှ ရှာမတွေ့တော့ပါချေ။

“ကျွန်မ အမေ့အတွက် လူရှာပေးပြီးပြီ၊ အမေက သဘောမကျဘူးဆိုရင်တော့ ကျွန်မလည်း ဘာမှ မတတ်နိုင်တော့ဘူး၊ တခြားသူကို ထပ်ရှာပေးဖို့လည်း ကျွန်မမှာ အချိန်မရှိဘူး

အမေ့ဘာသာပဲ စဉ်းစားပါတော့.. ဒါက ရက်အနည်းငယ်ပဲ မဟုတ်လား၊ သည်းခံလိုက်ရင် အဆင်ပြေသွားမှာပဲလေ”

လင်းရန်၏ စကားကို ကြားပြီးနောက်တွင် လီရှို့လီတစ်ယောက် စဉ်းစားကြည့်လိုက်ပြီး ဤအဖြစ်မှန်ကို လက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်။

ယင်းဖန်က လီရှို့လီ မကျေမနပ် ဖြစ်နေသည်ကို မြင်ရသော်လည်း သူမကိုယ်တိုင်လည်း သဘောမကျကြောင်းတွေးနေခဲ့သည်။

ပိုက်ဆံကြောင့်သာ မဟုတ်ရင် ... ဟမ့်!

နောက်ဆုံးတွင် အလိုမတူကြသော ထိုနှစ်ဦးမှာ လင်းရန်၏ ရှေ့တွင်ပင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ကြလေတော့သည်။

“ဒါဆို ဒီအတိုင်းသတ်မှတ်လိုက်ပြီနော်၊ ဘယ်တော့ စလုပ်မလဲ”

လင်းရန် လီရှို့လီအား မေးလိုက်သည်။

လီရှို့လီက ချက်ချင်းပင် မေးမြန်းလိုက်၏။

“တကယ်လို့ ဒီညကစပြီး လုပ်မယ်ဆိုရင် တစ်ယွမ် ထပ်ပေးရမှာလား”

ဘေးနားရှိ ယင်းဖန်က ပိုက်ဆံကိစ္စကို ကြားသည်နှင့် လင်းရန် စကားမပြောရသေးမီမှာပင် ချက်ချင်း ပြန်ဖြေလိုက်လေသည်။

“ဒါပေါ့၊ မဟုတ်ရင် ကျွန်မက တစ်ညလုံး အလကားသက်သက် ပြုစုပေးရမှာလား!”

တစ်ရက်လုံး ပြုစုလျှင် တစ်ယွမ်၊ တစ်ညလုံး ပြုစုလျှင်လည်း တစ်ယွမ် ဖြစ်၍ လီရှို့လီအနေဖြင့် ပို၍ တွက်ချေကိုက်ရန် မနက်ဖြန် မနက်မှသာ စတင်ရန် ရွေးချယ်လိုက်သည်။

သို့ဖြစ်၍ သူတို့နှစ်ဦးမှာ မနက်ဖြန် မနက်မှသာ တရားဝင် စတင်ရန် သဘောတူလိုက်ကြပြီး ယင်းဖန်အနေဖြင့် ယနေ့ညတွင် လင်းရန်၏ အိမ်၌ ကောင်းမွန်စွာ အိပ်စက်နိုင်ဦးမည် ဖြစ်ပေသည်။

ကိစ္စများ ပြီးမြောက်သွားပြီးနောက် လင်းရန်နှင့် ယင်းဖန်တို့က အိမ်သို့ပြန်လာခဲ့ကြသည်။

သူမ၏ အိတ်ကပ်ထဲသို့ ပိုက်ဆံများ ရောက်တော့မည်ဖြစ်ကာ အလုပ်လည်း ရသွားပြီ ဖြစ်သောကြောင့် အပြန်လမ်းတစ်လျှောက်တွင် ယင်းဖန်တစ်ယောက် ပျော်ရွှင်စွာဖြင့် သီချင်းများကိုပင် ညည်းဆိုနေခဲ့ပေသည်။

ဘေးနားမှ လင်းရန်အနေဖြင့် သူမ၏အမူအရာကို မြင်သော်လည်း မည်သည်ကိုမျှ မပြောဘဲ စိတ်ထဲမှသာ ရေရွတ်နေမိ၏။

မနက်ဖြန် တစ်နေကုန် အလုပ်လုပ်ပြီးရင်လည်း တတိယအဒေါ် အခုလို ပျော်နိုင်ပါစေဦးလို့ ဆုတောင်းရမှာပဲ ။

အိမ်သို့ ရောက်ချိန်တွင် လင်းရန်က အဘွားလင်းအား ဤအကြောင်းကို ပြောပြရန် မမေ့လျော့ခဲ့ပါချေ။

အဘွားလင်းတစ်ယောက် ထိုသတင်းကို ကြားချိန်တွင် မင်တက်သွားရသည်။

ဤကိစ္စမှာ အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် သူမက ယင်းဖန်အား ချက်ချင်းပင် စိုက်ကြည့်လိုက်လေတော့၏။

“မင်းကတော့ ပိုက်ဆံရဖို့ဆိုရင် အရူးဖြစ်နေပြီ ထင်တယ်၊ လီရှို့လီကို သွားပြုစုဖို့ဆိုတော့ သူမဆီက နှိပ်စက်ခံရမှာ မကြောက်ဘူးလား!”

အဘွားလင်းအနေဖြင့် မျက်စိမှိတ်ထားလျှင်ပင် ယင်းဖန်၏ စိတ်ထဲတွင် ရှိနေသည်ကို ခန့်မှန်းနိုင်ပေသည်။

သူမ အဘယ်ကြောင့် လီရှို့လီကို ပြုစုချင်ရသည်ကို အဘွားလင်း မသိဘဲ မနေပါချေ။

တကယ်တမ်းတွင် ယင်းဖန်က ဆေးရုံတွင် နေပါက အလုပ်ရှာရန် ပို၍ လွယ်ကူသောကြောင့်သာ လီရှို့လီကို ပြုစုခြင်းဖြစ်ကြောင်း ဝန်ခံရန် ဝန်လေးနေခဲ့သည်။

သူမက လည်ပင်းကို ဆန့်ကာ ရှင်းပြလိုက်၏။

“အဲဒါက ရန်ရန် လူရှာမတွေ့တာကို မြင်လို့ ကျွန်မက ကူညီပေးဖို့ သဘောတူလိုက်တာပါ၊ ကျွန်မက စေတနာနဲ့ လုပ်ပေးတာကို အမေက ဘာလို့ ပိုက်ဆံမက်တယ်လို့ ထင်ရတာလဲ ၊ ကျွန်မကို သိပ်ပြီး အထင်သေးလွန်းရာ ကျမနေဘူးလား”

သူမကို အထင်သေးတယ် ဟုတ်လား။

အဘွားလင်းအနေဖြင့် ယင်းဖန်အား ယခုထက် ပို၍ပင် အထင်မသေးခဲ့မိသည်ကိုသာ နောင်တရမိတော့သည်။

ဒါပေမဲ့ ရန်ရန်က တကယ်ပဲ ဒီကိစ္စကို ပြောခဲ့တာလား။

အဘွားလင်းသည် လင်းရန်အား ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။

ဆိုရလျှင် ရန်ရန်က လီရှို့လီက ပေါင်းသင်းရ ခက်ခဲသူဖြစ်ကြောင်း သိရှိထားပေလိမ့်မည်။ သို့ဖြစ်၍ ပုံမှန်အတိုင်းဆိုလျှင် ယင်းဖန်အား ဤအလုပ်ကို လုပ်ခိုင်းစရာ အကြောင်းမရှိပါချေ။

အဘွားလင်း၏ နားမလည်နိုင်သော အကြည့်များကို ရင်ဆိုင်လိုက်ရချိန်တွင် လင်းရန်က သူမအား မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး ဤသို့လုပ်ဆောင်ရခြင်းတွင် အကြောင်းရင်း ရှိကြောင်း အရိပ်အယောင် ပြလိုက်လေသည်။

အဘွားလင်းသည်လည်း နောက်ဆုံးတွင် သူမကို ယုံကြည်လိုက်လေ၏။

သူမ၏ အချက်ပြမှုကို မြင်ချိန်တွင် အဘွားလင်းက မည်သည်ကိုမျှ ထပ်မပြောတော့ဘဲ ယင်းဖန် မရှိသည့်အချိန်မှသာ အသေးစိတ် ထပ်မံ မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုညတွင် ယင်းဖန်က အလွန်ပင် ပျော်ရွှင်စွာ အိပ်ပျော်သွားခဲ့သည်။ သူမက မြို့ပေါ်တွင် အခြေချနေထိုင်ပြီး လူတိုင်းမှ ဝိုင်းဝန်းငှားရမ်းလိုကြသည့် ထူးချွန်သော လူနာစောင့်တစ်ဦး ဖြစ်လာကာ ပိုက်ဆံများလည်း ရရှိခဲ့သည်။

ထို့အပြင် အဆက်အသွယ်များလည်း ရှိလာခဲ့ကာ မြို့ပေါ်၌ အခြေချနိုင်သည့်အထိ အိပ်မက်မက်နေခဲ့လေသည်။

ထိုနေ့ရက်များမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသောကြောင့် ယင်းဖန်တစ်ယောက် အိပ်ပျော်နေရင်းနှင့်ပင် တဟားဟား ရယ်မောမိလိုက်သေးသည်။

နောက်တစ်နေ့ မနက်စောစောတွင် ယင်းဖန်က စောစောထ၍ မနက်စာ ကူပြင်ပေးပြီးနောက် ဆေးရုံသို့ အလောတကြီး ထွက်ခွာသွားခဲ့လေသည်။

လင်းရန်တစ်ယောက် အချိန်ကို ကြည့်လိုက်ချိန်တွင် ခုနစ်နာရီခွဲသာ ရှိသေးသည်ကို တွေ့လိုက်ရ၏။

သူမ ခေါင်းကို ခါရမ်းရင်း အသာရေရွတ်လိုက်မိသည်။

အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာတော့ လူတိုင်းက စိတ်အားထက်သန်နေကြတာပဲ။

တကယ့် လက်တွေ့ အလုပ်ခွင်ထဲ ရောက်သွားမှ ဘယ်လောက်အထိ နာကျင်စရာကောင်းလဲဆိုတာကို သိရှိကြရလိမ့်မယ်။

ယင်းဖန် ထွက်သွားသည်ကို မြင်ချိန်တွင် အဘွားလင်းက တစ်ညလုံး အောင့်ထားခဲ့ရသော မေးခွန်းကို မေးမြန်းခွင့်ရလာတော့သည်။

သူမက လင်းရန်အား မေးလိုက်၏။

“ရန်ရန်... မင်းဆီမှာ ဘယ်လိုအစီအစဉ် ရှိလို့လဲ၊ ဘာလို့ အသိဉာဏ်မရှိတဲ့ ယင်းဖန်ကို လီရှို့လီကို ပြုစုခိုင်းလိုက်တာလဲ”

လင်းရန်က ပြုံးလိုက်ပြီးနောက် ရှင်းပြလိုက်လေသည်။

“အဘွား... တကယ်တော့ တတိယအဒေါ် ဒီတစ်ခေါက် မြို့ပေါ်ကို လာတာက ဘာလုပ်ချင်လို့လဲဆိုတာ အဘွားလည်းသိတယ်မလား”

အဘွားလင်းက နှာခေါင်းရှုံ့လိုက်သော်လည်း ခေါင်းကိုညိတ်ပြလိုက်လေသည်။

“ဘယ်လိုလုပ် မသိဘဲ နေမလဲ၊ သူမရဲ့ အတွေးတွေက သူမမျက်နှာပေါ်မှာ အတိုင်းသား ပေါ်နေတာပဲလေ!”

ယင်းဖန် မြို့ပေါ်လာရခြင်း၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ အလုပ်ကောင်းကောင်း ရရှိရန်နှင့် မြို့ပေါ်၌ အခြေချနေထိုင်ရန်သာ မဟုတ်ပါလား။

သူမက အလုပ်ကိစ္စနှင့် ပတ်သက်၍ အိမ်တွင် အမြဲတစေ ပြဿနာရှာနေခဲ့သည်။ ပထမဦးစွာ လင်းကျန်းအန်းကို သွားရောက် ပြဿနာရှာခဲ့ပြီး ယခုအချိန် လင်းရန်ကို ထပ်မံ ပြဿနာရှာနေသည်လား။

“ရန်ရန်... သူ မင်းကို တစ်ခုခု ပြောလိုက်သေးလား .. အိုး..သူမ ပြောတာတွေကို ဂရုမစိုက်နဲ့. သူမက ဒီလိုပဲ၊ အရည်အချင်းတော့ မရှိဘူပေမဲ့ စိတ်ကတော့ ကောင်းကင်ထက် မြင့်နေတာလေ

မင်း သူမကို ဂရုစိုက်လေလေ သူမက ပိုပြီး မကျေမနပ် ဖြစ်လေလေပဲ”

လင်းရန်က ထိုစကားကို ကြားချိန်တွင် ချက်ချင်းပင် ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“မဟုတ်ပါဘူး အဘွား၊ တတိယအဒေါ်က ကျွန်မကို ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခွန်းမှ မပြောပါဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက အဒေါ်က ဒီကိစ္စကြောင့် တတိယဦးလေးနဲ့ ရန်ဖြစ်ခဲ့တာကို ကျွန်မသိထားတယ်၊ သူမက အဘွားကိုလည်း ဒေါသထွက်အောင်လုပ်ပြီး နေမကောင်း ဖြစ်စေခဲ့တယ်မလား”

“ဒါ... ဒါကို မင်းဘယ်လို သိနေတာလဲ၊ ငါတို့ မင်းကို မပြောပြရသေးဘူးလေ!”

အဘွားလင်းက အံ့ဩသွားပုံရပေသည်။

လင်းရန်အနေဖြင့် လွန်ခဲ့သောတစ်ခေါက်က ချန်ဝမ်နှင့် ဖုန်းပြောခဲ့ချိန်တွင် ချန်ဝမ်မှ သူမကို အခြေအနေများအားပြောဆိုခဲ့ကြောင်း ပြန်လည် ရှင်းပြလိုက်လေသည်။

“အဘွား.. ကျွန်မရဲ့ အကြံက ဒီလိုပဲ၊ အဘွားက တတိယအဒေါ်ကို ကျွန်မထက် ပိုသိမှာပါ..အခု သူမရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု ရှိနေတယ်

တကယ်လို့ သူမ အဲဒီအတွေးကို လက်တွေ့ မလုပ်ကြည့်ရဘူးဆိုရင် နေ့ရောညပါ အိပ်မက်မက်ပြီး ဒါကိုပဲ တွေးနေမှာ သေချာတယ်”

“အင်း၊ အဲဒါ သူမကို လက်လျှော့သွားအောင် လုပ်နိုင်ရင် ကျန်တဲ့ကိစ္စတွေက အလိုလို ပြေလည်သွားမှာပဲ”

အဘွားလင်းသည်လည်း ချွေးမဖြစ်သူ ယင်းဖန်က မည်မျှအထိ ခေါင်းမာပြီး ဇွဲကောင်းသည်ကို သိရှိထားပေသည်။

အဆိုးဆုံးအချက်မှာ သူမသည်က အကြောင်းပြချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းပင် ဖြစ်၏။ သူမအား မည်သူကများ ဤမျှအထိ ယုံကြည်မှုတွေ ပေးထားသည်ကိုပင် အဘွားလင်း မသိပါချေ။

“ဒါကြောင့် သူမကို ဒီအတိုင်း စိတ်ကူးယဉ်ခွင့် ပေးထားမယ့်အစား ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ခိုင်းလိုက်တာက ပိုကောင်းလိမ့်မယ်။

အဲဒီလိုဆိုရင် နောက်ပိုင်းကျရင် သူမ ဒါကိုပဲ ထပ်ခါတလဲလဲ တွေးမနေတော့ဘူးပေါ့”

အဘွားလင်းက ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်းကို မြင်လျှင် လင်းရန်က သူမ၏ ရှင်းပြချက်ကို ပြောင်းလဲကာ အဓိပ္ပာယ်အပြည့်ဖြင့် ဆက်ပြောလိုက်သည်။

“တစ်နည်းအားဖြင့်ပြောရရင်တော့ သူမကို ဒုက္ခတစ်ခုထဲကို ပစ်ထည့်လိုက်တာပါပဲ ဒါမှလည်း သူမက သင်ခန်းစာရပြီး နေ့တိုင်း လက်တွေ့မကျတဲ့ အိပ်မက်တွေ မက်မနေတော့မှာလေ”

အဘွားလင်းသည် ခေတ္တမျှ မင်တက်သွားပြီးနောက်မှ နောက်ဆုံးတွင် သဘောပေါက်သွားတော့၏။

သူမက ရုတ်တရက် နားလည်သွားဟန်ဖြင့် မေးလာလေ၏။

“ဆိုလိုတာက သူမကို လီရှို့လီနဲ့ ပေးတွေ့ပြီး ဒုက္ခရောက်အောင် လုပ်မလို့ပေါ့ ဟုတ်လား”

လင်းရန်က မျက်လုံးလေးများကို မှိတ်သွားသည်အထိ မြေခွေးလေးတစ်ကောင်ကဲ့သို့ ပြုံးလိုက်လေသည်။

“ဟုတ်တယ်၊ အဘွားစဉ်းစားကြည့်လေ... သူမနဲ့ လီရှို့လီနဲ့ ပေါင်းမိရင် ပြဿနာမတက်ဘဲ နေပါ့မလား”

All Chapters