အခန်း (၃၈၉-၃၉၀)
Vol. 39 Ch. 389-390
389)
ယနေ့ခေတ်ကာလမှ စက်ရုံများမှာ နိုင်ငံပိုင်များသာ ဖြစ်ကြပြီး ရှိနေသင့်သော စက်ရုံများမှာလည်း အခြေတကျ ရှိနေကြပြီ ဖြစ်၍ ယေဘုယျအားဖြင့် စက်ရုံသစ်များ ထပ်မံဖွင့်လှစ်လေ့ မရှိပေ။
အကယ်၍ တစ်စုံတစ်ဦးက စက်ရုံသစ်တစ်ခုကို ဖွင့်လှစ်ရန် ဇွတ်အတင်း ကြိုးပမ်းမည်ဆိုပါက ထိုသည်မှာ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ တစ်ဦးချင်း စီးပွားရေးဖြစ်စေ ဥပဒေနှင့် မညီညွတ်တော့ပေ။
ထိုပြစ်မှုကို “ဈေးကစားမှု” ဟု သတ်မှတ်ကာ အဖမ်းခံရပြီး ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရနိုင်ပေသည်။
သို့ဖြစ်၍ စုန့်ဝေ့က ဤအကြောင်းကို စုံစမ်းမေးမြန်းလိုက်ချိန်တွင် ဝန်ထမ်းဖြစ်သူက စုန့်ဝေ့အား သံသယဖြင့် ချက်ချင်း စိုက်ကြည့်လိုက်လေသည်။
အကယ်၍ သူသာ ထိုကဲ့သို့သော အတွေးမျိုး ရှိနေဦးမည်ဆိုပါက သက်ဆိုင်ရာကိုခေါ်၍ ဖမ်းခိုင်းတော့မည်ဟုထင်ရသည်။
ကံကောင်းစွာဖြင့် ထိုကဲ့သို့သော အကြည့်များအောက်တွင် စုန့်ဝေ့က အခြေအနေကို အမြန်ရိပ်မိသွားကာ ပြုံးလျက် ရှင်းပြလိုက်၏။
“အာ... မဟုတ်ပါဘူး၊ ကျွန်တော်က ဒီအတိုင်း မေးကြည့်တာပါ”
ဝန်ထမ်းဖြစ်သူက သံသယ မပြေသေးသည်ကို မြင်ချိန်တွင် စုန့်ဝေ့မှာ စိတ်ကူးတစ်ခု ရသွားပြီး စိတ်မကောင်းဖြစ်သည့်အမူအရာဖြင့် ပြောလိုက်လေသည်။
“တကယ်တော့ ဒီလိုပါ... ကျွန်တော် သိတဲ့လူတစ်ယောက် ရှိတယ်၊ သူက ဒီရက်ပိုင်းအတွင်းမှာ စက်ရုံတစ်ရုံ ဖွင့်ထားသလိုပဲ...”
စုန့်ဝေ့ ပြောနေသောသူမှာ တခြားလူမဟုတ်ဘဲ လင်းကျန်းအန်းပင် ဖြစ်ပေသည်။
မနေ့က လင်းကျန်းအန်းနှင့် လူကြီးမင်းချန်တို့၏ စကားဝိုင်းအရ လင်းကျန်းအန်း၏ စက်ရုံမှာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း စုန့်ဝေ့ ကောင်းစွာ သိရှိခဲ့သည်။
သို့သော် ယခုအချိန်တွင် လင်းကျန်းအန်းအား ဒုက္ခပေးရန်အတွက် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပေသည်။
ဝန်ထမ်းဖြစ်သူက ထိုစကားကို ကြားချိန်တွင် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ချက်ချင်း ပြောလာခဲ့လေ၏။
“ရဲဘော်... ခင်ဗျားပြောတဲ့ကိစ္စကို ကျွန်တော်တို့ သေချာပေါက် စုံစမ်းစစ်ဆေးပါ့မယ် ၊ သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!”
စုန့်ဝေ့က ပြုံးလိုက်ပြီးဆက်လက် ပြောဆိုလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါပဲ”
ထို့နောက် သူက လှည့်ထွက်လာခဲ့သော်လည်း အပြင်ဘက်သို့ရောက်ချိန်တွင် သူ၏ မျက်နှာတို့က မည်းမှောင်သွားရလေ၏။
သူ့အနေဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း စက်ရုံတစ်ရုံကို မည်သို့ တည်ထောင်နိုင်မည်နည်း။
….
ညနေ ခုနစ်နာရီတွင် လင်းရန် အလုပ်မှ အိမ်သို့ ပြန်ရောက်လာချိန်တွင် အိမ်တွင် အဘွားအိုနှင့် အဒေါ်ဖြစ်သူ လင်းကျန်းဖူတို့သာ ရှိနေသည်ကို တွေ့ရပေသည်။
တတိယအဒေါ် ယင်းဖန်သည်ကား ဆေးရုံတွင် ရှိနေသေးသောကြောင့် ပြန်မရောက်သေးပုံရသည်။
“ရန်ရန်.. ပြန်လာပြီလား”
လင်းကျန်းဖူက သူမအား အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သော်လည်း လက်ထဲမှ အလုပ်ကိုတော့ မရပ်နားခဲ့ပါချေ။
သူမက ငါးနာရီခွဲတွင် အလုပ်ဆင်းခဲ့ပြီး အလုပ်ဆင်းသည်နှင့် ချက်ချင်းပင် ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။
အဘွားလင်းက ပေါက်စီ စားချင်သည်ဟု ဆိုသောကြောင့် သူမက အဘွားလင်းနှင့်အတူ မုန့်နှစ်ကို နယ်နေခဲ့လေ၏။
“ ဒေါ်လေး.. တတိယအဒေါ် ပြန်မလာသေးဘူးလား”
လင်းကျန်းဖူက ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်မှ ကောင်းကင်ကို တစ်ချက် လှမ်းကြည့်ကာ အနည်းငယ် စိုးရိမ်လာခဲ့သည်။
“အပြင်မှာအတော်လေးမှောင်နေပြီ ၊ သူ အခုထိပြန်မလာသေးဘူး.. ကိစ္စ တစ်ခုခုများ ဖြစ်နေလို့လား မသိဘူး”
ဆိုရလျှင် ဆေးရုံရှိ လူနာများအားလုံးမှာ စောစောအနားယူကြသည်။
ယင်းဖန်အနေဖြင့် လီရှို့လီအား အိပ်ရာဝင်ရန် ကူညီပေးပြီးပါက လုပ်စရာကိစ္စ ရှိတော့မည် မဟုတ်ပါချေ။
သို့သော် ယခုအချိန်ထိ ပြန်မလာသေးသည်က အမှန်တကယ်ပင် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်လားဟု တွေးတောစရာ ဖြစ်နေရသည်။
တစ်ခုခု ဖြစ်ပျက်နေသည်ထက် ယင်းဖန်နှင့် လီရှို့လီတို့ ရန်ဖြစ်နေကြသောကြောင့် ပြန်မလာနိုင်ခြင်းများ ဖြစ်နေမည်လား။
လင်းရန် တွေးတောရင်း ဆေးရုံသို့ သွားကြည့်ရန် ပြင်လိုက်ချိန်မှာပင် လင်းကျန်းဖူက ခါးစည်းကို ချွတ်၍ လင်းရန်အား ကမ်းပေးလာသည်ကို တွေ့လိုက်ရ၏။
“ရန်ရန်... ပေါက်စီကို မင်းပဲ လုပ်လိုက်တော့နော်၊ ငါ ဆေးရုံကို သွားကြည့်လိုက်ဦးမယ်”
သူမက ဟင်းချက်သည့်နေရာတွင် ကျွမ်းကျင်သူ မဟုတ်ခဲ့ပါချေ။ လင်းရန် ပြန်မလာသေးသည်ကို မြင်သောကြောင့်သာ အားတင်း၍ ဝင်လုပ်နေခြင်း ဖြစ်ပေသည်။
ယခု စားဖိုမှူးအစစ် ပြန်ရောက်လာပြီဖြစ်၍ သူမက ပျော်ရွှင်စွာဖြင့်ပင် နေရာဖယ်ပေးလိုက်တော့သည်။
သူမအနေဖြင့် တန်ဖိုးကြီးလွန်းသော ဂျုံဖြူများကို ဖျက်ဆီးမိမည်ကို အလွန်ပင် စိုးရိမ်နေခဲ့လေ၏။
လင်းရန်သည်ကား ဟင်းချက်ရမည်ကို ရှောင်လွှဲနေသော ဒေါ်လေး၏ ပုံစံကို ကြည့်ကာ ရုတ်တရက် ရယ်မောမိသွားတော့သည်။
သူမက ဒေါ်လေးဖြစ်သူကို ဆေးရုံသို့ သွားကြည့်ရန် ပြောတော့မည့်အချိန်မှာပင် ဘေးနားရှိ အဘွားလင်းက အလျှင်အမြန် ဝင်ပြောလိုက်လေသည်။
“ငါ့အမြင်တော့ မင်းတို့နှစ်ယောက်လုံး အတူသွားကြတာ ပိုကောင်းမယ်၊ ဒါမှ လမ်းမှာ ကိစ္စတစ်ခုခုကြုံရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရမှာ.. ပေါက်စီကိုတော့ ငါပဲ လုပ်လိုက်မယ်၊ မင်းတို့ မြန်မြန်သွားလိုက်ကြ!”
အဘွားလင်းက ပြောနေရင်းဖြင့် သူတို့နှစ်ဦးကို အပြင်သို့ တွန်းထုတ်လိုက်လေတော့သည်။
လင်းရန်နှင့် လင်းကျန်းဖူတို့မှာလည်း အဘွားလင်း၏ မောင်းထုတ်မှုကြောင့် ကူကယ်ရာမဲ့စွာ ထွက်လာခဲ့ကြရသည်။
ဆိုရလျှင် ယခုကဲ့သို့ ညဉ့်နက်ချိန်တွင် လင်းကျန်းအန်းသာ ရှိနေပါက ပို၍ စိတ်ချရမည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူသည်လည်း မွန်းလွဲပိုင်းကတည်းက ကိစ္စတစ်ခုဖြင့် အခေါ်ခံရပြီး ယခုထိ ပြန်မလာသေးပါချေ။
ထိုကိစ္စ၏အခြေအနေကိုလည်း မည်သူမျှ မသိရှိကြသေးပေ။
လင်းရန်နှင့် လင်းကျန်းဖူတို့က ဆေးရုံသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။
သူတို့နှစ်ဦး လူနာဆောင်များဘက်သို့ လျှောက်လာချိန်မှာပင် စင်္ကြံလမ်း၌ တစ်စုံတစ်ဦး ရန်ဖြစ်နေသကဲ့သို့ ဆူညံသံများကို ကြားလိုက်ရလေ၏။
သူနာပြုများနှင့် ဖျောင်းဖျနေသူများ၏ အသံများလည်း ရောနှောနေခဲ့ပေသည်။
အရေးကြီးဆုံးအချက်မှာ ထိုရန်ဖြစ်သံများထဲတွင် ယင်းဖန်၏ အသံ ပါဝင်နေပုံရသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး ကိစ္စမှာ ပြင်းထန်နေပြီဖြစ်ကြောင်းကို ရိပ်မိကာ လူအုပ်စုဝိုင်းနေသော နေရာသို့ အမြန်လျှောက်သွားလိုက်ကြလေသည်။
ကံကောင်းစွာဖြင့် ထိုအချိန်တွင် ဆရာဝန်တစ်ဦးလည်း ရောက်ရှိလာခဲ့ပေသည်။
ထိုသူက လူငယ်ဆရာဝန်တစ်ဦး ဖြစ်လေ၏။
“ကောင်းပြီ... အားလုံးပဲ တိတ်တိတ်နေကြ.. ခင်ဗျားတို့နှစ်ယောက်သာ ဆက်ပြီး ရန်ဖြစ်နေဦးမယ်ဆိုရင် ဆေးရုံကနေ ထွက်သွားခိုင်းရလိမ့်မယ်!”
ဆရာဝန်မှာ အသက်မကြီးသေးသော်လည်း အလွန်အာဏာရှိပုံရသည်။
သူက ရန်ဖြစ်နေသူ နှစ်ဦးအား တည်ငြိမ်သောမျက်နှာဖြင့် စိုက်ကြည့်လိုက်လျှင် သူတို့နှစ်ဦးက ချက်ချင်းပင် စကားမဆိုရဲတော့ပါချေ။
“တကယ်ပဲ ဆေးရုံကနေ နှင်ထုတ်ခံချင်ကြတာလား”
ယင်းဖန်က ခေါင်းငုံ့ထားရင်း တီးတိုး ရေရွတ်လိုက်သည်။
“ဘယ်သူက အဲဒီလို ဖြစ်ချင်မှာလဲ၊ ဒါ့အပြင် ကျွန်မက တမင် ပြဿနာရှာတာ မဟုတ်ပါဘူး၊ သူမက အရင် စတာလေ...”
ယင်းဖန်၏ ဆန့်ကျင်ဘက်တွင် ရပ်နေသူမှာ သူမနှင့် ရွယ်တူခန့်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမက ဆရာဝန် ရောက်လာသည်ကို မြင်ချိန်တွင် အလျှင်အမြန်ပင် တိုင်တန်းလေတော့သည်။
“ဒေါက်တာ... ကျွန်မဘက်ကနေ ဆုံးဖြတ်ပေးပါဦး.. ကျွန်မက ရေယူဖို့တန်းစီနေတာကို ဒီတစ်ယောက်က ရုတ်တရက် ထွက်လာပြီး ကျွန်မနေရာကို လုတယ်လေ
သူမက အလျင်လိုနေလို့ အရင်ပေးဖို့ ပြောတယ်၊ သူမသာ အလျင်လိုနေရင် ကျွန်မရော အလျင်မလိုဘူးလား၊ ဒီတစ်ယောက်က တကယ့်ကို အဆင့်အတန်း မရှိတာပဲ၊ ဘယ်လူနာရဲ့ မိသားစုဝင်လဲ မသိပါဘူး၊ စိတ်တိုစရာကောင်းလိုက်တာ!”
ယင်းဖန်သည်ကား မူလက အိမ်သို့ပြန်ရန် ပြင်ဆင်နေခြင်းဖြစ်လေ၏။ သို့သော်လည်း လီရှို့လီက မျက်နှာသစ်ပြီးမှ အိပ်ချင်သည်ဟု ပြောလာသောကြောင့် သူမ ရေသွားခပ်ပေးခဲ့ရသည်။
ထိုအချိန်တွင် ရေလာခပ်သူများစွာရှိနေပြီး နေရာတွင် တန်းစီနေသည်ကို မြင်တွေ့လိုက်ရ၏။
သူမသာ ဆက်လက် တန်းစီနေမည်ဆိုပါက မည်သည့်အချိန်မှ ပြီးဆုံးမည်ကို မသိသောကြောင့် ရေခပ်နေသော အမျိုးသမီးအား သူမ အရင်ခပ်ခွင့်ရရန် တောင်းပန်လိုက်မိလေသည်။
သူမအနေဖြင့် ထိုသို့ပြောလိုက်လျှင် တစ်ဖက်လူက ခွင့်ပြုပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဆိုရလျှင် ကျေးလက်တွင်ရှိစဉ်က လူတိုင်းက ဤကဲ့သို့ပင် တစ်ဦးကိုတစ်ဦး ကူညီတတ်ကြသည် မဟုတ်ပါလား။
သို့သော် သူမက ရေခပ်ရန် ဇလုံကို လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူက သူမအား တွန်းထုတ်လိုက်ပြီး တန်းစီခြင်းမရှိဘဲ ရိုင်းစိုင်းသည်ဟု အော်ဟစ်ကျိန်းမောင်းလာတော့သည်။
ယင်းဖန်တစ်ယောက် တွန်းထုတ်ခံရသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရလေ၏။ သူမက အလွန်အမင်း ဒေါသထွက်သွားရသောကြောင့်ဤကဲ့သို့ ရန်ဖြစ်ကြခြင်းဖြစ်လေသည်။
သူမက ဤဆေးရုံတွင် မည်သူ့ကိုမျှ မသိပါချေ။
လီရှို့လီက သူမ၏ အလုပ်ရှင်ဖြစ်သောကြောင့် သူမဘက်မှ ရပ်တည်၍စကားပြောပေးသင့်သော်လည်း လီရှို့လီကလည်း ဤနေရာသို့ လာနိုင်သည့် အခြေအနေ မရှိပါချေ။
ထို့အပြင် ယင်းဖန်က သူမကို သွားရောက်ပြောပြသည့်အချိန်တွင်တွင်လည်း လီရှို့လီက သူမနှင့် မသက်ဆိုင်သကဲ့သို့ နေသည့်အပြင် ယင်းဖန်ဘက်မှ သူမကိုအရှက်ခွဲသည်ဟူ၍ပင် ပြောဆိုလာသေးသည်။
သူမက တန်းစီခြင်း မရှိသောကြောင့် အဆင့်အတန်းမရှိသူဟူ၍ အပြစ်တင်ခဲ့သည်။
ယင်းဖန်တစ်ယောက် ရုတ်တရက် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း သူမကို အထင်သေးသော အကြည့်များဖြင့်သာ ကြည့်နေခဲ့ကြလေ၏။
သူမသည်က အရှက်ရစရာလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည့် အဆင့်အတန်း နိမ့်ကျသူတစ်ဦးကဲ့သို့ အကြည့်မျိုးသာ ဖြစ်လေ၏။
သူမက ဘာတွေများ မှားသွားလို့လဲ။ တန်းစီနေတဲ့ကြားထဲကို ဝင်တိုးမိရုံလောက်ပဲ မဟုတ်ဘူးလား။
အဲဒါတောင် မအောင်မြင်ခဲ့ဘူးလေ။
တကယ်လို့ အဲဒီအမျိုးသမီးက သဘောမတူရင်လည်း ပါးစပ်ပြောပြလိုက်ရင်မရဘူးလား။
ဘာလို့ သူမကို တိုက်ရိုက်တွန်းထုတ်ရတာလဲ။
ယင်းဖန်၏ စိတ်ဓာတ်မှာ အားနည်းသည့်စိတ်နှင့် ဒေါသကြီးသည့်စိတ်တို့က ရောနှောနေခဲ့သည်။
ဆိုရလျှင် တစ်ဖက်လူများက အားကြီးနေလျှင် သူမက အားနည်းသွားတတ်ပြီး တစ်ဖက်လူများ အားနည်းလျှင်တော့ သူမက ဒေါသအပြည့်ရှိနေတတ်သည်။
သို့ဖြစ်၍ ယခုကဲ့သို့ လူအများ၏ လက်ညှိုးထိုးဝေဖန်မှုကို ခံနေရချိန်တွင် သူမအား အလွန်အမင်းစိတ်မသက်မသာ ဖြစ်စေသကဲ့သို့ အလွန်လည်း နာကျင်စေခဲ့သည်။
အထူးသဖြင့် ထိုသူများ အားလုံးက သူမအား ကျေးလက်တောရွာမှလာသူ၊ အဆင့်အတန်းမရှိသူဟု ခေါ်နေကြခြင်းက သူမအား ပို၍ ဒေါသထွက်ပြီးဝမ်းနည်းစေခဲ့ရသည်။
ဤမြို့သားတွေက ဘာလို့ ဒီလောက် ပါးစပ်ဆိုးနေကြတာလဲ။
သူမ ကျေးလက်ကလာတယ်ဆိုတဲ့အချက်က သူတို့ကို ဘာတွေများထိခိုက်စေလို့လဲ!
အခန်း(390)
ဘေးနားတွင်ရှိနေသော ဆရာဝန်လေးမှာ ထိုအမျိုးသမီး၏ ပြောစကားများကို နားထောင်ပြီးနောက် ယင်းဖန်ဘက်သို့ မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။
“ဒါက ခင်ဗျားရဲ့ အမှားပဲ၊ ဒီဘက်ကအစ်မ... ဒီနေရာက ဆေးရုံပါ.. ဘာကိုပဲလုပ်လုပ် စနစ်တကျ ရှိရမယ်၊ နောက်ပိုင်းကျရင် ပိုပြီး သတိထားဖို့ မျှော်လင့်ပါတယ်”
ဆရာဝန်တောင်မှ သူမဘက်က မကူညီဘူးလား!
ယင်းဖန်တစ်ယောက် အလွန်ပင် ဒေါသထွက်လွန်းသောကြောင့် အော်ဟစ်၍ငိုချင်လာရသည်။
“ဒါပေမဲ့ သူမက ကျွန်မကို တွန်းထုတ်လိုက်လေ၊ လက်မောင်းမှာလည်း အညိုအမည်းတောင်စွဲကုန်ပြီ!”
ထိုအချိန်မှာပင် ယင်းဖန်တစ်ယောက် လင်းရန်နှင့် လင်းကျန်းဖူတို့ လူအုပ်ထဲသို့ တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရပြီး ကူညီမည့်သူကို တွေ့လိုက်ရသည့်အတွက် မျက်ရည်များ ဝဲတက်လာတော့သည်။
“ရန်ရန်... စတုတ္ထယောက်မ၊ နောက်ဆုံးတော့ ရောက်လာကြပြီလား၊ ငါ ဒီမှာ အရမ်းအနိုင်ကျင့်ခံနေရတာ .. လာပြီး ကူညီကြပါဦး”
လင်းရန်နှင့် လင်းကျန်းဖူတို့မှာ ယင်းဖန်တစ်ယောက် ငိုကြွေးရင်းဖင့် သူတို့ဆီသို့ ပြေးလာသည်ကို ကြည့်ရင်း မတိုင်မီက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ကြားလိုက်ရချိန်တွင် အနည်းငယ် စိတ်ပျက်သွားကြရသည်။
ယင်းဖန်၏ ထိခိုက်မှုက ပိုကြီးမားပုံရသော်လည်း တရားမျှတစွာ ပြောရလျှင် သူမဘက်က အရင်မှားခဲ့သည် မဟုတ်ပါလား။
သို့ဖြစ်၍ နောက်ဆုံးတွင် လင်းရန်နှင့် လင်းကျန်းဖူတို့မှာ ထိုအမျိုးသမီးအား အရင်ဦးဆုံး တောင်းပန်လိုက်ရတော့သည်။
ထိုအမျိုးသမီးသည်လည်း ယင်းဖန်၏ လက်မောင်းမှ ဒဏ်ရာကို မြင်တွေ့လိုက်ရသောကြောင့် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရကာ ဒေါသများ လျော့နည်းသွားခဲ့လေသည်။ သူမက လင်းရန်တို့ကို ပြောလာခဲ့သည်။
“ကောင်းပြီ.. ကောင်းပြီ၊ ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ဒီအမျိုးသမီးက နင်တို့ရဲ့ ဆွေမျိုးဆိုတော့ နည်းနည်းတော့သင်ပြထားသင့်တယ်
ပွင့်ပွင့်လင်းလင်း ပြောရရင် မြို့ပေါ်မှာက ကျေးလက်မှာထက် စည်းကမ်းတွေ ပိုများတယ်လေ.. သူမကို သေသေချာချာ ပြောပြထားကြဦး၊
မဟုတ်ရင် နေက်ပိုင်းမှာလည်း ဒီလိုမျိုး ထပ်ဖြစ်ရင် အတော်လေးစိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ထိုအမျိုးသမီးက ရေဇလုံကို ကိုင်ဆောင်ကာ ထွက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည်လည်း လူစုခွဲသွားကြလေတော့သည်။
လူတိုင်း ထွက်သွားပြီးမှသာ ယင်းဖန်တစ်ယောက် ခေါင်းကို ပြန်မော့ရဲခဲ့ပြီး ထိုအမျိုးသမီး၏ နောက်ကျောကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
သို့သော် ယခင်ကဲ့သို့ ဆူညံစွာဖြင့် ရန်ဖြစ်ရဲခြင်း မရှိတော့ပါချေ။
“ကောင်းပြီ တတိယအဒေါ်... တခြားလူတွေလည်း ပြန်သွားကြပြီ၊ လီရှို့လီကို သွားပြောလိုက်ဦး၊ ပြီးရင်ကျွန်မတို့ ပြန်ကြမယ်”
လင်းရန်က ယင်းဖန်၏ ပုခုံးကို အသာပုတ်ကာ သူမ၏ လုပ်လက်စ အလုပ်ကို အမြန်အဆုံးသတ်ရန် ပြောလိုက်လေသည်။ သို့မှသာ သူတို့လည်း အိမ်ကိုပြန်နိုင်ကြမည် မဟုတ်ပါလား။
သို့သော် ယင်းဖန်သည်ကား မတိုင်မီက အဖြစ်အပျက်ကြောင့် စိတ်အခြေအနေ မကောင်းတော့သည့်အတွက်ကြောင့် လီရှို့လီအကြောင်းကို ထပ်မံ၍ မကျေမနပ် ပြောဆိုနေမိသည်။
သူမ လင်းရန်အား ပြောလိုက်လေသည်။
“ရန်ရန်၊ ငါက နင့်အမေကို မကောင်းပြောချင်လို့ မဟုတ်ပါဘူး.. အဲဒီ လီရှို့လီကတော့ တကယ်ကြီး လူကို နှိပ်စက်လွန်းတာပဲ၊ သူမက ဘယ်လိုများ...”
ယင်းဖန်က လင်းရန်ထံတွင် မကျေမနပ် ညည်းညူနေချိန်၌ လင်းကျန်းဖူမှာ မတိုင်မီက ဆရာဝန်အမျိုးသားက ထွက်မသွားသေးဘဲ လင်းရန်အား စူးစမ်းလိုသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။
လင်းကျန်းဖူ မျက်မှောင်ကြုတ်လိုက်ပြီး မသိစိတ်ဖြင့် လင်းရန်၏ အရှေ့သို့ တိုးသွားကာ သူမ၏ ခန္ဓာကိုယ်လေးကို လုံအောင် ကာကွယ်လိုက်ပြီးနောက် ထိုဆရာဝန်ဘက်သို့ သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ကျိုးကျယ်ပင်းတစ်ယောက် လင်းကျန်းဖူ၏ အကြည့်နှင့် ဆုံမိချိန်မှသာ အလျှင်အမြန် သတိဝင်လာပြီး နှာခေါင်းကို ပွတ်သပ်မိကာ အားနာသည့်အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ရှင်းပြလာခဲ့လေ၏။
“ဒီက ရဲဘော်.. ကျွန်တော့်ကို အထင်မမှားပါနဲ့၊ ကျွန်တော်က ရန်ရန်ဆိုတဲ့ နာမည်ကို ကြားဖူးသလို ရှိနေလို့ပါ.. အဲဒီနာမည်က ကျွန်တော့် သူငယ်ချင်းရဲ့ ဇနီးရဲ့နာမည်နဲ့ တူနေလို့..”
သူ စကားမဆုံးသေးမီမှာပင် လင်းကျန်းဖူ၏မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး ရွံရှာသော အမူအရာဖြင့် ကြားဖြတ်၍ပြောလိုက်လေသည်။
“ဒီဘက်ကရဲဘော်... အခုခေတ်မှာ ဒီလိုနည်းနဲ့ စကားလာပြောတာမျိုးက ခေတ်မစားတော့ပါဘူး
ရှင်က ဆရာဝန်တစ်ယောက်လည်း ဖြစ်နေတာဆိုတော့ ကိုယ့်ရဲ့ ပုံရိပ်နဲ့ သိက္ခာကို ပိုပြီး သတိထားသင့်တယ်နေည်၊
ကျွန်မရဲ့တူမက အိမ်ထောင်ရှိပြီးသားပါ.. ရှင့်ရဲ့ အကြည့်တွေကို ထိန်းသိမ်းပါဦး”
ကျိုးကျယ်ပင်းတစ်ယောက် ခေတ္တမျှ ကြောင်အသွားရသော်လည်း ဒေါသထွက်ရမည့်အစား ရယ်မောလိုက်မိလေသည်။
ယင်းဖန်က “ရန်ရန်” ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် သူ အမှန်တကယ် အံ့သြသွားရလေ၏။ ဤနာမည်က စုန့်ရှီးယန်၏ ဇနီး၏နာမည်နှင့် တူနေသည်ပင်။
သို့သော်လည်း လောကကြီးတွင် အမည်တူသူများစွာ ရှိနိုင်သောကြောင့် သူမက စုန့်ရှီးယန်၏ ဇနီး ဖြစ်နေလောက်အောင်အထိ တိုက်ဆိုင်နေလိမ့်မည်ဟုတော့ မထင်မိခဲ့ပါချေ။
သို့သော်လည်း နောက်ပိုင်းတွင် ယင်းဖန်မှ လီရှို့လီမှာ ရန်ရန်၏ အမေဖြစ်ကြောင်း ပြောလိုက်သည်ကို ကြားရချိန်တွင်တော့ အရှေ့မှ မိန်းကလေးမှာ အမှန်တကယ်ပင် စုန့်ရှီးယန်၏ ဇနီးဖြစ်ကြောင်းကို သူ အတည်ပြုနိုင်ခဲ့သည်။
စုန့်ရှီးယန်ကဲ့သို့ “သစ်တုံးကြီး” ကိုတောင် ပြောင်းလဲသွားစေနိုင်သည့် မိန်းကလေးက မည်သို့သောလူမျိုးဖြစ်နေလောက်မည်ကို သူ အမြဲတစေသိချင်နေခဲ့သည်။
ထို့ကြောင့် သူ့ဘက်မှ ထူးခြားသည့် အမျိုးသမီးတစ်ဦးဟူ၍ သတ်မှတ်ထားသော လင်းရန်ကို မြင်လိုက်ရချိန်တွင် သတိလက်လွတ်ဖြင့် သေသေချာချာ စိုက်ကြည့်မိသွားခဲ့ရသည်။
သို့သော်လည်း လင်းကျန်းဖူက လင်းရန်အပေါ်တွင် စိုးရိမ်စိတ်သောကြောင့်သာ ထိုသို့ပြောဆိုခြင်းဖြစ်သောကြောင့် သူ စိတ်မဆိုးပါချေ။
သူက နားလည်မှု လွဲနေသည်ကို ရှင်းလင်းရန်အတွက် စုန့်ရှီးယန်၏ နာမည်ကိုသာ ထုတ်ဖော်ပြောဆိုလိုက်ရလေတော့သည်။
“ရဲဘော်... ခင်ဗျား တကယ်ကို နားလည်မှု လွဲနေတာပါ.. စုန့်ရှီးယန်နဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေလေ၊
သူ လက်ထပ်တော့မယ်ဆိုတာကို ကျွန်တော် သိထားပေမဲ့ အလုပ်တာဝန်တွေကြောင့် သူနဲ့ ရဲဘော်လင်းရန်တို့ရဲ့ လက်ထပ်ပွဲကို မတက်နိုင်ခဲ့ဘူး၊ ဒါကြောင့်...”
လင်းရန်အနေဖြင့် ထိုစကားကို ကြားချိန်တွင် စုန့်ရှီးယန်နှင့် သူမ၏ဖခင်တို့ ယခင်က ပြောပြဖူးသော လူတစ်ယောက်ကို ရုတ်တရက် သတိရသွားပြီး ကျိုးကျယ်ပင်းအား အံ့ဩတကြီး လှည့်ကြည့်လိုက်လေသည်။
“ဒါဆို.. ရှင်က ဒေါက်တာကျိုး... ကျိုးကျယ်ပင်းလား”
လင်းရန်က သူ၏နာမည်ကို သိနေသေးကြောင်း သိလိုက်ရမှသာ ကျိုးကျယ်ပင်းလည်း စိတ်သက်သာရာ ရသွားတော့သည်။
ကံကောင်းစွာဖြင့် စုန့်ရှီးယန်က အသိစိတ်ရှိနေသေးပြီး လင်းရန်ထံတွင် သူ့အကြောင်း ပြောပြထားခဲ့သည်။ သို့မဟုတ်ပါက သူ့ဘက်မှ ရှင်းပြရန် လွယ်ကူတော့မည် မဟုတ်ပါချေ။
ဤသည်ကို တွေးမိပြီးနောက် ကျိုးကျယ်ပင်းက ခေါင်းညိတ်၍ ပြုံးပြလိုက်၏။
“ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ.. တွေ့ရတာ ဝမ်းသာပါတယ် ရဲဘော်လင်းရန်၊ ခင်ဗျားရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပြီ”
လင်းရန်သည်ကား သူ၏ လေးနက်လွန်းသော စကားများကြောင့် အနေခက်သွားရသည်။
စုန့်ရှီးယန်က ဒေါက်တာကျိုးရဲ့ ရှေ့မှာ သူမရဲ့အကြောင်းတွေကို ဘာတွေများပြောထားတာလဲ ။
ဒေါက်တာကျိုးက သူမကို ကြည့်တဲ့ အကြည့်တွေက အတော်လေး အဓိပ္ပာယ်တွေ ပါနေသလိုပဲ။
ဆိုရလျှင် သူမက အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေသကဲ့သို့ပင်။
အခွင့်အရေးရလျှင် စုန့်ရှီးယန်ကို သေသေချာချာ ပြန်မေးရပေလိမ့်မည်။
ဘေးနားတွင်ရှိနေသော လင်းကျန်းဖူသည်ကား ကျိုးကျယ်ပင်းက လင်းရန်နှင့် အမှန်တကယ် သိရှိသူဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ရှက်ရွံ့သွားခဲ့ရသည်။
မတိုင်မီက သူမအနေဖြင့် ဒေါက်တာကျိုးအား လူရှုပ်လူပွေတစ်ယောက်ဟု ထင်မှတ်ကာ နှာခေါင်းကို လက်ညှိုးထိုးပြီး ကျိန်းမောင်းပြောဆိုတော့မည့်ဆဲဆဲ ဖြစ်ခဲ့သည် မဟုတ်ပါလား။
သူမ၏ ကျိုးကြောင်းမဆီလျော်သော လုပ်ရပ်ကို တွေးမိချိန်တွင် လင်းကျန်းဖူတစ်ယောက် အလွန်ပင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သူမက အနေရခက်မှုနှင့် ရှက်ရွံ့မှုတို့ကို ထိန်းချုပ်လိုက်ပြီး ကျိုးကျယ်ပင်းအား ပြောလိုက်လေသည်။
“တောင်းပန်ပါတယ် ဒေါက်တာကျိုး... ကျွန်မ ခုနတုန်းက...”
သူမအနေဖြင့် အလွန်ရှက်နေသော်လည်း တောင်းပန်သင့်သည်ဟု ထင်မိသည့်အတွက် စိတ်ရင်းဖြင့် တောင်းပန်လိုက်လေ၏။
သို့သော် ကျိုးကျယ်ပင်းကတော့ သူမ ထင်ထားသည်ထက် များစွာ စိတ်သဘောထားကောင်းမွန်နေခဲ့သည်။
သူက လင်းကျန်းဖူ၏ စကားကို အမြန်ပင် ကြားဖြတ်၍ပြောလိုက်လေ၏။
“ရပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ခုနတုန်းက ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့လို့ပါ.. အစကတည်းက ရှင်းပြလိုက်ရင် ဒီလိုမဖြစ်လောက်ဘူးလေ”
ကျိုးကျယ်ပင်း၏ စကားကို ကြားလျှင် လင်းကျန်းဖူတစ်ယောက် ပို၍ပင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြန်သည်။
တကယ်တမ်းတွင် သူ့ဘက်မှ စကားကို အဆုံးသတ်အောင်မပြောရသေးမီ သူမက ကြားဖြတ်၍ပြောဆိုခဲ့ခြင်းဖြစ်ပေ၏။
ကျိုးကျယ်ပင်းက ဤကိစ္စကို စိတ်ထဲတွင် မထားလေလေ၊ လင်းကျန်းဖူက ပို၍ အပြစ်ရှိသကဲ့သို့ ခံစားရလေလေပင်။
သူမအနေဖြင့် နောက်ထပ် အချိန်နှင့် အခွင့်အရေးတစ်ခုခုရရှိပါက ကျိုးကျယ်ပင်းအား အလေးအနက်ဖြင့် ထပ်မံတောင်းပန်ရန် စိတ်ကူးထားလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ယောက်မှာ ရှောင်စုန့်၏ ငယ်သူငယ်ချင်းဖြစ်၍ သူမ၏ လုပ်ရပ်ကြောင့် သူတို့၏ကြားတွင် အဖုအထစ်များ မဖြစ်စေလိုပါချေ။
လင်းရန်နှင့် ကျိုးကျယ်ပင်းတို့ ခေတ္တမျှ စကားပြောပြီးနောက် ကျိုးကျယ်ပင်းထံတွင် လူနာဆောင်များသို့ လှည့်လည်စစ်ဆေးရန် ရှိနေသောကြောင့် လင်းရန်တို့အား နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
သို့သော် မထွက်ခွာမီ စုန့်ရှီးယန် ပြန်ရောက်လာသည့်အချိန်တွင် နောက်တစ်ကြိမ် ထမင်းအတူစားကာ စကားပြောဆိုကြရန်လည်း ချိန်းဆိုခဲ့ကြလေသည်။
ယခုအချိန်တွင် လင်းရန်က မြို့ပေါ်တွင် အလုပ်လုပ်ကိုင်နေပြီဖြစ်၍ အသိအကျွမ်းတစ်ဦး တိုးလာခြင်းက အထောက်အပံ့တစ်ခု ရရှိခြင်းသာ ဖြစ်သည်။
*